Friday, November 11, 2022

ပညတ်


 

❝  ပညတ် ❞

အသက် လေးဆယ် ကျော် ကာ မှ ကျွန်တော် သည် သုဘရာဇာ မျိုးနွယ် ဝင် တစ်ယောက် ဖြစ်ကြောင်း သိ လိုက်ရ ၏ ။ ယင်းသို့ သိ လိုက်ရသည် နှင့် တစ်ပြိုင်နက် ကျွန်တော့် တွင် အနှစ် လေးဆယ်ကျော် ကာလ ကို လွန်မင်း စွာ နှမြော တသစိတ်များ တဖွားဖွား ဖိတ်စင် လာ တော့၏ ။ အသိ နောက်ကျ လေ ခြင်း ဟု လည်း ယူကျုံး မရ ဖြစ်မိ၏ ။

မြင့်မြတ်၍ စိတ် အလွန် လှသော မျိုးနွယ်ဝင် ဖြစ် နေပါ လျက် ဖြစ်မှန်း မသိခဲ့သည့် ထို အနှစ် လေးဆယ် ကျော် ကာလ ကို ပြန် ရဦးမည် ဆိုပါလျှင် အမိ ဝမ်း တွင်း သို့ ပြန် ဝင် ကာ အသစ်တစ်ဖန် မွေးဖွား လိုက် ချင်ပါ၏ ။

      •••   •••   •••   ••• 

တရားရှင် အစစ်အမှန် တို့ သည် သေခြင်း အကြောင်း ကို တွေး၍ တစ်ရွေးသား မျှ စိုးထိတ် ရွံ့ကြောက်ခြင်း ၊ တုန်လှုပ် ချောက်ချားခြင်း မဖြစ်တတ်ကြ ။ အမှန် အား ဖြင့် တရား ရှင် တို့ သည် မသေခင် က ပင် သေ ထားကြပြီး ဖြစ် နေပြီ မဟုတ်ပါလား ။

အရီး ( အဖေ့ ညီမ ) သည် တရားရှင် အစစ် ဖြစ်လေ မလား ဟု ကျွန်တော် တွေး မိသည် ။ တရားသမား တို့ ၏ တည်ငြိမ်မှု ၊ အေးငြိမ်းမှု ၊ လောဘ နှင့် ဒေါသ ကင်းမှု စသော လက္ခဏာများ အရီး တွင် ကျွန်တော် မြင် သလို ထင် နေပါသည် ။

သည် အရီး နား မှာ ယခု ကျွန်တော် ရှိ နေရပါပြီ ။ အရီး ကို ပြုစုရင်း အရီး ၏ နောက်ဆုံး နေ့ ကို စောင့်ဆိုင်း နေ ရ၏ ။ အရီး ကိုယ်တိုင် ကလည်း သူ့ နောက်ဆုံး နေ့ မဝေးတော့ ကြောင်း သိ နေမည် ဧကန် ဖြစ် ပါလိမ့်မည်  ။ သို့သော် .. အရီး ရော ၊ ကျွန်တော် ပါ ပစ္စက္ခ အခြေအနေ ကို မျက်ကွယ် ပြု လျက် မသိဟန် ဆောင် ထားကြပါသည် ။

“ အရီး ဘယ်လို နေသေးသလဲ ”

“ အေးကွဲ့ ၊ နေသာသလို ရှိ ပါတယ် ” 

အရီး က လေသံပျော့ကလေး ဖြင့် ပြန် ပြော သည် ။

အမှန် အား ဖြင့် အရီး မနေသာ မှန်း ၊ ရင် အတော် ကျပ် နေမှန်း ၊ အလွန် မောဟိုက် နေ မှန်း သိ နေ၏ ။ အခြေအနေ ဆိုး ကို မသိ စေ လို သဖြင့် အရီး က ကြိုးစား ဖုံးကွယ် ကာ ကျွန်တော် စိတ် ချမ်းသာ အောင် ဖြေ လိုက် မှန်း ကို လည်း သိ ပါ ၏ ။ ထို့ကြောင့် အရီး အဖြေ ကို အဟုတ် မှတ်ထင် ဟန် ပြပြီး ဝမ်းသာသွား ပုံ ဆောင် လိုက် ရ၏ ။

“ တစ်ခုခု စား ချင် စိတ် ပေါ် ရင် ပြောနော် အရီး ”

“ အေးပါကွယ် ၊ အရီး ပြော ပါ့မယ် ။ ခုတော့ စား ချင် စိတ် မရှိလှသေးဘူးကွဲ့ ”

အရီး ကို ကျွန်တော် တွေ ကြည့် နေမိသည် ။ ရောဂါ က သက်သာ ပုံ မရ ။ အသက် ရှူသံ ပြင်းထန် နေသည် ။ အလွန်အမင်း မောဟိုက် နေ ကြောင်း သိ သာ လှ၏ ။ သို့သော် အရီး က သတိ ဖြင့် ထိန်း ကာ ဝေဒနာ ကို ဖျောက်ထား နိုင် စွမ်း၏ ။ ထို့ကြောင့် လည်း နောက်ဆုံး နေ့ နီးကပ် နေ သော အရီး နား ၌ နေထိုင် ပြုစုရငြား ချောက်ချား စိတ် မဝင် ။ ခြေ မကိုင်မိ ၊ လက် မကိုင်မိ မဖြစ် ။ စိတ် ငြိမ် ရချိန် များ လေသည် ။

“ ဒီ တောင် ကို ငါ့ အရီး တစ်ယောက် ကျော်လွန်နိုင်ပါစေ ”

ဆုတောင်းသံ အဆုံး ၌ ကျွန်တော် သက်ပြင်း တစ် ချက် ကို လေးလေးတွဲ့တွဲ့ ချ လိုက် မိသည် ။ တစ်ချိန်တည်း မှာ ကျန်းမာစဉ် က အရီး ပုံရိပ်များ သည် မျက်စိ ရှေ့မှောက်၌ သက်ဝင် လှုပ်ရှားလာကြသည် ။

အရီး တရားဘက် လိုက်ခဲ့ ပုံ တွေ .. ။

သံဃာ့ ဝေယျာဝစ္စများ ကို ဆောင်ရွက် နေ ပုံ တွေ .. ။

ဘုရား အဆုံးအမ ၌ အလေးအနက် သက်ဝင်ယုံ ကြည် ပုံ တွေ ... ။

အဘိဓမ္မာစာမေးပွဲ နှင့် ၊ ဝိသုဒ္ဓိမဂ် စာမေးပွဲ ဖြေ ဖို့ အား ထုတ် ခဲ့ ပုံ တွေ ... ။ 

နောက်ဆုံး လောကုတ္တရာစာပေ ၌ “ လူစာမေးပွဲ ” ကုန်သည် အထိ အောင်ပန်း ဆွတ်လှမ်း ခဲ့ ပုံ တွေ ... ။

ထေရ်ရင့်ဝါရင့် ဆရာတော်ကြီးများ နှင့် တရင်းတနှီး ဆွေးနွေး လျှောက်ထား နေ ပုံ တွေ ... ။

ဝိသာခါ အမျိုးသမီးအသင်းကြီး ၏ အတွင်းရေးမှူး အဖြစ် ရွေးကောက် တင်မြှောက် ခံ ရ ပုံ တွေ စသည် .. စသည် ။

ကျွန်တော် မှေးခနဲ ငိုက် ကျ သွား၏ ။ ဖျတ်ခနဲ ပြန် နိုး လာ၏ ။ မည်သို့ ငိုက်ကျ သွားပြီး မည်သို့ ဖျတ်ခနဲ ပြန် နိုး လာ ပါလိမ့် ။ နား မလည် ၊ တွေး မရခြင်း ဖြင့် မျက်လုံး အစုံ ကို ပွတ်သပ် ရန် လက် မြှောက် ဖို့ လုပ်လိုက်လေ မှ -

“ အစ်ကိုလေး အစ်ကိုလေး အရီး ကို ကြည့်ပါဦး ”

ညီမငယ် က ကျွန်တော့် လက် ကို ကိုင် လှုပ်ရင်း ငိုသံ ဖြင့် ပြော နေလေသည် ။ 

စောင်းစောင်း ကွေးကွေးကလေး အိပ် နေ ရှာသော အရီး ကို ကျွန်တော် ဆတ်ခနဲ လှည့် ကြည့် မိလိုက်သည် ။ ပြီး အရီး လက် တစ်ဖက် ကို မြန်မြန်ဆန်ဆန် တယုတယ လေး ကိုင်လျက် သွေး စမ်း ကြည့်လိုက်၏ ။ သွေး မတိုး တော့ ။

အိမ်ဦးခန်း ၌ အိပ် နေသော ဦးလေး လည်း ကျွန်တော် တို့ မောင်နှမ စကား သံ ကြောင့် ပျာယိပျာယာ ထ လာ သည် ။ ဦးလေး က လည်း အရီး လက်ကလေး ကို ကိုင်ကာ သွေးတိုး စမ်း ကြည့်၏ ။

ဦးလေး မျက်နှာ ညှိုး ကျ သွားသည် ။ ခေါင်း ငိုက်စိုက် ကျ သွားသည် ။ 

“ ဪ .. မမ မမ ”

ဦးလေး ၏ ဆို့နင့်နင့် ရေရွတ် သံ ကြောင့် ကျွန်တော် တို့ မောင်နှမ သည် အရီး ဆုံး ပြီ ဆိုသည့် အသိ ဖြင့် ရှိုက် ငို မိကြ လေ တော့သည် ။

“ ဝမ်း မနည်းကြပါနဲ့ ကွယ် ။ မင်း တို့ အရီး မှာ အကုသိုလ် မရှိပါဘူး ။ ကောင်းရာမွန်ရာ ရောက် မှာပါ ၊ ကဲ ... လုပ်စရာ ရှိတာ လုပ် ကြရအောင် ။ ငါ့ တူ မောင်ညို က “ အစည်းခေါင်း ” အိမ် မှာ မောင်း သွား ယူ ၊ အစည်းခေါင်း ကို လည်း အကျိုးအကြောင်း ပြော ပြခဲ့ ”

မောင်ညို ထွက် သွားသည် နှင့် အိမ် မှာ ကျန်ရစ်သော ကျွန်တော်တို့ တစ်တွေ က အရီး ရုပ်ကလာပ် အတွက် ပြင် ဆင်ကြသည် ။

ဆယ်မိနစ် လောက် အကြာ မှာ မောင်ညို သည် မောင်းကြီး တစ်လုံး ယူ ၍ ပြန် ရောက် လာ၏ ။ သူ သည် ခြံဝင်ပေါက် တည့်တည့် မှာ ရပ်လျက် မောင်းကြီး ကို တဒူဒူ ထု လေ တော့ သည် ။

အရုဏ်ကျင်းချိန် ၌ မောင်ညို့ မောင်းသံ သည် ကျွန်တော့် အပိုင်း တစ်ခု လုံး သို့ ပြန့်လွင့် သွားတော့မည် ။ မောင်း သံ ကြား သည်နှင့် နီးစပ်ရာများ ရောက် လာကြတော့မည် ။

နံနက် မိုး သောက်သည် နှင့် အရီး ဆုံး သည့် သတင်း ကို တစ်မြို့ လုံး ကြား ကြပေရော့မည် ။

    •••   •••   •••   •••

အိမ် မှာ လူတွေ ရှုပ်ယှက်ခတ် နေ ပြီ ။ မီးဖိုဆောင် ထဲ မှာ မိန်းမကြီး တစ်သိုက် ။ ငိုရှိုက် သူ ရှိုက် ၊ စကား ကျယ်လောင် ပြော သူ ပြော ၊ ချက် သူ ချက် ၊ ပြုတ် သူ ပြုတ် ၊ လှော် သူ လှော် ၊ ကြော် သူ ကြော် ။

အိမ် အောက် မှာ လည်း လူတိုင်း အလုပ် ကိုယ်စီ နှင့် ။

ဝါးတွေ ၊ သက်ကယ်တွေ ၊ တိုင်တွေ ၊ ဖျာတွေ ကို လှည်း ဖြင့် တိုက် လာကြ၏ ။ ယင်းတို့ကား ကနားဖျင်း ထိုး ရန် ဖြစ်၏ ။

“ အစည်းဝင် ” များ ရော ၊ ဆွေမျိုး တစ်သိုက် ပါ ဝိုင်း ဆောင်ရွက်ကြ သ ဖြင့် သုံးခန်း ခုနစ်ခန်း အကျယ် ရှိ ကနား ဖျင်းတဲကြီး သည် နာရီပိုင်း အတွင်း အကောင်အထည် ပေါ် လာတော့၏ ။

“ အပျိုခေါင်း ” က လုပ်စရာ ကိစ္စများ ကို သူ့ မိန်းမပျိုက လေးများ အား ညွှန်ကြား နေသည် ။ “ လူပျိုခေါင်း ” က လည်း ကာလသား တစ်အုပ် နှင့် အလုပ် ရှုပ်လျက် ၊ တာဝန် ခွဲဝေ လျက် ။ မီးဖိုကြ ၊ ရေနွေးအိုး တည်ကြ ၊ လက်ဖက်ရည် ဗန်း တွေ ပြင်ကြ ။

အသုဘရှင် ကျွန်တော်တို့ ၌ မည်မည်ရရ လုပ်စရာ ဘာမျှ မရှိ ။ “ အစည်း ” က တာဝန် ယူ သွား၏ ။ ညအိပ် စောင့် ရမည့် သူ တွေ ကို ပင် ရွေး ထားပြီ ဖြစ်၏ ။

ဦးလေးဆွဲ က ကျွန်တော့် နား ကပ် မေးလာသည် ။

“ ယာယီ လုပ်ဖို့ ပျဉ် ရှာ ပြီးပြီလား ကွ ”

ကျွန်တော် ကြောင် သွား၏ ။ “ ယာယီ ” ဆိုတာ ဘာ များပါလိမ့် ။ မတွေးတတ်သဖြင့် ဦးလေးဆွဲ ကို ပင် ပြန် မေး လိုက်ရ၏ ။

“ ဟ ... ခေါင်း ပေါ့ ကွ ၊ မင်း က လည်း ကွာ ၊ အဆန်း လုပ်လို့ ”

ကျွန်တော် နှုတ်တုံ့ မပြန်တော့ ။ တကယ်တော့ ကျွန်တော်သည် ဇာတိမြို့ သာရေးနာရေး ထုံးတမ်းစဉ်လာများ နှင့် အလှမ်း ကွာ ခဲ့ သည် က ကြာ ချေပြီ မဟုတ်လား ။

“ ပျဉ် သွား ယူနေပြီလေ ။ ဘိုးထွန်းမြတ် က သူ သေရင် သုံး ဖို့ ဝယ် ထားတဲ့ ပေပျဉ် နှစ်ချပ် ကို ယူ သုံးပါ ဆိုလို့ ခု သွား ယူပြီ ”

အံ့အား သင့် ရ ပြန်ချေပြီ ။ မသေခင် ကတည်း က ခေါင်း အဲလေ ... “ ယာယီ ” လုပ်ဖို့ ပျဉ် ကြိုတင် ဝယ် ထားသည် ဆိုပါ ကလား ။

ဘိုးထွန်းမြတ် အား များစွာ ကျေးဇူး တင်မိလိုက် သည် ။

“ ပျဉ် ရောက်ရင် ငါ့ ကို လာ ခေါ် ။ ငါ ကိုယ်တိုင် လာ လုပ် ပေး မယ် ။ ခု အိမ် ခဏ ပြန် လိုက် ဦးမယ် ”

လက်သမား အလုပ် ဖြင့် အသက်မွေး နေ ဆဲ ဖြစ်သော ဦးလေးဆွဲ က တာဝန်ယူ စကား ပြောပြီး ပြန် သွားလေသည် ။

နေ့ခင်း ၁၂ နာရီ လောက် မှာ အခေါ် မလွှတ် ရ ခင် ဦးလေးဆွဲ သည် လက်သမား ကိရိယာ အစုံအလင် ဖြင့် ပြန် ရောက် လာ၏ ။ သူ့ တပည့် တစ်ယောက် ကို ပါ ခေါ် လာ၏ ။

အရိပ် ကောင်း သည့် သစ်ပင် အောက် တွင် ဆရာ တပည့် နှစ်ယောက် ယာယီ စ လုပ် ကြသည် ။ ပထမ အတိုင်း ယူ ၊ နောက် ပေပျဉ်ကြီး ကို ဖြတ် ၊ ရွှေဘော် ထိုး ၊ ကော်ပတ် တိုက် ၊ ယာယီ ရိုက် ။ ပြီးသည့် အခါ အရောင် တင် ၊ ကော်ပတ် ပြန် တိုက် ၊ ပြန် အရောင် တင် ။ စိတ်တိုင်းကျ အရောင် ထွက် ကာ မှ ယာယီ ကို ရွှေစက္ကူ ၊ ငွေစက္ကူ တို့ ဖြင့် အလှ ဆင် ၊ အလွန် လက် ဝင်လှပါ၏ ။ အသုဘ ချ မည့် နေ့ မနက် ၁၀ နာရီ လောက် မှ လုံးဝ ပြီး သွား တော့၏ ။

“ ယာယီ က ချော ပြီး အရောင် ကို တဖိတ်ဖိတ် တောက် နေတာပဲဗျာ ။ သိပ် လှတာပဲ ဦးလေးဆွဲ ရာ ကျွန်တော် ဓာတ်ပုံ ရိုက် ယူထားဦးမယ် ”

“ ကောင်းတာပေါ့ ကွာ ၊ အမှတ်တရ ပေါ့  ”

“ ဒါ့ထက် ဦးလေးဆွဲ လက်ခ ပြောဦးလေ ”

“ ငါ့ အတွက် မလိုပါဘူးကွာ ၊ မင်း အရီး ကိစ္စ မှာ ငါ့ လုပ်အား နဲ့ ကူ တာပါ ။ ငါ့ တပည့် အတွက် နှစ်ဆယ် အစိတ် လောက် သာ ပေးလိုက် ”

“ ဟာ မနည်းလွန်းဘူးလား ဦးလေးဆွဲ ရ ”

“ မနည်းပါဘူး သူ လည်း ကုသိုလ် ပါ ချင်တာပေါ့ ကွာ ”

ကျွန်တော် က ချက်ချင်းပင် ငွေ အစိတ် ကို အိတ်ကပ် တွင်း မှ ထုတ် ယူ လိုက်သည် ။

“ ဟေ့ ဟေ့ ခု မပေးရသေးဘူး ကွ ၊ နေဦး နေဦး ”

ဦးလေးဆွဲ က ပျာပျာသလဲ တား ၏ ။ ကျွန်တော် နားမလည် ၊ ခပ်ကြောင်ကြောင် ဖြစ် နေဆဲမှာ ဦးလေးဆွဲ က ဝန်းကျင် သို့ မျက်လုံး ကစား လိုက်ပြီး ...

“ ဟေ့ မောင်ထွန်းရှင် ၊ အားလုံး ပြီးပြီ ။ ရွေးချင် ရွေး တော့ ” ဟု လှမ်း ပြောလိုက်၏ ။

လှမ်း အပြောခံ ဦးလေးရှင် ကမူ မည်သို့မျှ ထူးခြား ဟန် မပြဘဲ “ ဟုတ်ကဲ့ ကိုဆွဲ ” ဟု တုံ့ပြန်ပြီး အိမ်ပေါ် တက်သွား၏ ။

ခဏ အကြာမှာ ဦးလေးရှင် သည် ဆေးပေါ့လိပ် သုံး လိပ် ယူ ၍ ပြန် ရောက် လာသည် ။ သူ သည် ဦးလေးဆွဲ ၏ တပည့် ရှေ့ မှာ သွား ရပ်ပြီး “ ကဲ ကျွန်တော်တို့ လုပ်ခိုင်းထား တဲ့ ယာယီ ကို ဟောဒီ ဆေးလိပ် သုံးလိပ် နဲ့ ရွေး ပါတယ် ။ ကျွန်တော် တို့ နောင် ဘယ်တော့ မှ မလုပ် ခိုင်းတော့ဘူး ” ဟု ပြောသည် ။

ဦးလေးရှင် စကား အဆုံး ၌ ဦးလေးဆွဲ တပည့် သည် ထိုင် နေရာ မှ ရပ် လိုက်ပြီး “ ဟုတ်ကဲ့ ကျွန်တော်တို့ လည်း နောင် ဘယ်တော့ မှ လုပ် မပေးတော့ ပါ ဘူး ” ဟု ပြန် ပြောကာ ဆေးလိပ် သုံးလိပ် ကို လှမ်း ယူ လိုက် လေသည် ။ 

ခုမှပင် ကျွန်တော် သဘော ပေါက် ပါတော့သည် ။

ဪ ကိုယ့်မြို့ ၊ ကိုယ့်ဒေသ ၏ ဓလေ့ထုံး ကို ပင် ကျွန်တော် နား မလည်နိုင်တော့ပါ ကလား ။

ကျွန်တော် စိတ် မကောင်းခြင်း ကြီးစွာ တွေ ၍ ငေး နေ မိသည် ။ 

သည်အခိုက် ...

ဘဒွေး ၊ တူ နှစ်ယောက် နှင့် ညီငယ် တို့ သည် ပေါက် ပြား ၊ တူရွင်း ၊ ဂေါ်ပြား ကိုယ်စီ ထမ်းလျက် ကျွန်တော်တို့ နား ရောက်လာကြ၏ ။

သူတို့ အတော် ပင်ပန်း လာ ကြ ပုံ ရ ပါ၏ ။ ပုဆိုးများ ကို ဒူးဆစ် ၊ ပေါင်လယ် အထိ တိုတို ဝတ် ထားကြ သ ဖြင့် ခြေသလုံးများ တွင် ပေကျံနေသော မြေမှုန့် မြေစ တို့ ကို မြင် နေရ၏ ။

“ မြေ က မာ လိုက်တာကွာ ”

ဘဒွေး သည် နဖူး ထက် က ချွေးစက်များ ကို သပ် ချ ရင်း ပြော၏ ။

“ ဟုတ်တယ် ဘဒွေး ၊ လက် တောင် ပေါက် ယူတယ် ”

ညီငယ် က လက်ဖဝါး ဖြန့် ပြ လိုက်ပြီး ဝင် ထောက်၏ ။

“ မင်းတို့ မြို့သားတွေ အဲဒါ ခက် တာပေါ့ ။ ငါတို့ က ဒီလောက် မာ တာတော့ မမှုဘူး ကွ ၊ ဘာမှ မဖြစ်ဘူး ”

တောရွာ နေ တဲ့ တူ နှစ်ယောက် အနက် တစ်ယောက် က မဲ့ရွဲ့ပြီး ခပ်ငေါ့ငေါ့ ဆို လေသည် ။

“ ထမင်းပွဲ ပြင် ပြီးပြီနော် ၊ အဲဟို လူသိုက် ဆာ ကြရော ပေါ့ ၊ လာ စားကြတော့လေ ”

ထမင်းစား ခေါ် လိုက်သည် နှင့် ယာယီ လုပ် ပေးသူ ဦးလေးဆွဲ က အလျင် ထ သွားသည် ။ နောက် ကျင်း တူး ခဲ့ကြ သည့် ကျွန်တော့် ဘဒွေး ၊ ကျွန်တော့် တူ နှစ်ယောက် ၊ ကျွန် တော့် ညီငယ် လိုက် ကြ၏ ။

“ ကဲ အစ်ကိုလေး ပါ တစ်ခါတည်း ဝင် လိုက် ”

ညီငယ် က ဆွဲ ခေါ်သဖြင့် တစ်ခါတည်း ထ လိုက် သွား ရသည် ။

ထမင်းဝိုင်း မှာ ကျွန်တော် ထိုင် မိပြီ ။ ထိုင် နှင့် သူတွေ က မောမောဆာဆာ ဖြင့် ခေါင်း မဖော်တမ်း ပလုတ်ပလောင်း စား နေကြသည် ။ ဟင်းခွက် နှိုက်သော လက်တွေ ဟို မှ သည် မှ အဆက်မပြတ် ထိုး ထွက် လာကြသည် ။ မကြာခဏ လည်း လက် ဆုံ မိကြ၏ ။

ကျွန်တော် မဆာလှသဖြင့် မစားချင် စားချင် စား နေ ရာမှ သည် လက်တွေ ကို အမှတ်မထင် အာရုံစိုက် ရာ မှ တစ်ဆင့် အသိ တစ်ခု က ဖျတ်ခနဲ ဝင် လာတော့၏ ။ ဦးလေးဆွဲ လက် ကို မြင် လိုက်သည့် အခါ ခေါင်း ( သို့ ) ယာယီ လုပ်သည့် လက် ပါလား ၊ ဘဒွေး လက် ကို မြင် ရပြန်တော့ အလောင်း မြှုပ် ဖို့ ကျင်း တူး သည့် လက် ပါလား ၊ တူ နှစ်ယောက် လက် ကို မြင် လိုက်ပြန်တော့ လည်း ကျင်း တူး ခဲ့ တဲ့ လက်တွေ ပါလား ၊ ညီငယ့် လက် မြင်ပြန်တော့ ထို့ အတူ ။ 

သည် လက်တွေ ကို ကြည့်လျက် အတွေး ဆက် နေမိ ပြန်သည် ။

အင်း ... ငါတို့ မြို့ကြီးတွေ မှာ တော့ ဒီ လက်မျိုး ပိုင်သူ တွေ ဟာ သုဘရာဇာ တွေ ပဲ ။ ခု ဒီမှာ တော့ ငါ့ ဦးလေး ၊ ငါ့ ဘဒွေး ၊ ငါ့ တူ ၊ ငါ့ ညီတွေ ကိုယ်တိုင် ဒီ လက်မျိုး ပိုင် နေကြ ပါကလား ။ ဒါပေမဲ့ ကြည့်စမ်း သူတို့ ဟာ သုဘရာဇာ အ လုပ် ကို လုပ် ခဲ့ကြသူတွေ လို့ ဘယ်သူ က မှ မမြင်ကြဘူး ။ သူတို့ ကိုယ်တိုင် ကလည်း ငါတို့ ဟာ သုဘရာဇာ အလုပ် ကို လုပ် ခဲ့ ကြတာ ပါ က လား လို့ တစ်စက်ကလေး မှ မတွေး မိကြ ပုံပဲ ။ အမြင် ရှင်း လိုက်ကြတာ ။ စေတနာ သန့် လိုက်ကြတာ ။

အေးလေ ဒါ ဟာ ငါ့ ဇာတိမြို့ ရဲ့ ချစ်မြတ်နိုးစရာ တစ် ခု ပဲပေါ့ ။ သေ ရင် သေသူ့ ဆွေမျိုးတွေ မရှိရင် နီးစပ်ရာများ က “ မြေချ ကိစ္စအားလုံး ” ကို ဆောင်ရွက် ပေး မြဲ ပဲ ။ နီးစပ်ရာ မရှိ ရင် လည်း “ အစည်း ” က အစ အဆုံး တာဝန်ယူ လုပ် ပေးသွား တာပဲ ။ ဟိုတုန်း က လည်း ဒီ အတိုင်း ၊ ခု လည်း ဒီ အတိုင်း ၊ နောင်လည်း ဒီ အတိုင်း လုပ် သွားကြဦးမှာပဲ ။ ဒါပေမဲ့ ကြည့် စမ်း အမြင် ရှင်း လိုက်ကြတာ ၊ စေတနာ သန့် လိုက်ကြတာ ။

သုဘရာဇာ လို့ အခေါ် ခံ ရ သူ လည်း တစ်ယောက် မှ မရှိ ၊ ထင် သူ လည်း တစ်ယောက် မှ မရှိ ။ သူ့ နာရေး မှာ ငါ ဝိုင်း တယ် ၊ ငါ့ နာရေး မှာ သူ ကူ တယ် ။ သည် အသိ ၊ သည် အတွေး ၊ သည် အမြင် ပဲ ရှိ ကြတယ် ။ အင်း ..... ချစ်စရာ ၊ မြတ်နိုး စရာ ၊ ဂုဏ်ယူစရာ ပါ ပဲ ကလား ။

ငါ့ ဦးလေး ၊ ငါ့ ဘဒွေး ၊ ငါ့ တူ ၊ ငါ့ ညီ တွေ ကို ကြည့် စမ်း ။ မြိန်ရည်ယှက်ရည် ရှိ လိုက် ကြတာ ။ မြတ် တဲ့ အလုပ် တစ်ခု ကို ငါတို့ လုပ်ခဲ့ကြပြီ ဆိုတဲ့ အတွေး ကြောင့် များ ဒီ လောက် ထိ စား လို့ မြိန် နေကြသလား မသိ ။

တွေးရင်း ပင် ရင် မှာ ကြည်နူးမှု စမ်းကလေးတွေ ပေါက် လာ လေတော့သည် ။ စမ်းပေါက် မှ ရေအလျဉ် သည် ကျွန်တော့် လက်များ ကို လှုပ် နမ်း သွားတော့ ထင့် ။ ခပ် နှေးနှေး စား စရာနေရာ မှ သူတို့ လို မြိန်ရည်ရှက်ရည် စား မိ လိုက်သည် ။

သည်အခိုက် ...

ဦးလေးဆွဲ က “ ရော့ မင်း ကြိုက် တတ် တဲ့ သုံးထပ် သား အတုံးကြီး ” ဟု ပြောကာ သူ့ လက်ကြီး ဖြင့် ထည့် ပေး၏ ။

ဘဒွေး က “ ထမင်း လည်း ထပ် ထည့်ဦးကွ ” ဟု ဆိုလျက် လိုက်ပွဲ ထဲ က ထမင်း ကို သူ့ လက်ကြီး ဖြင့် ဆုပ် ထည့် ပေး၏ ။

တူ တစ်ယောက် က မူ “ အဆီတွေ စား တော့ အီ တယ် ။ အချဉ်သုတ်ကလေး နဲ့ မှ ” ဟု ရေရွတ်ရင်း သူ့ လက်ကြီး ဖြင့် လှမ်း ထည့်ပြန်သည် ။

ညီငယ် က “ အစ်ကိုလေး က အစပ် သိပ် ကြိုက်တာ ၊ ရော့ ငရုတ်သီးကြော် ” ဟု စေတနာ စကား သုံးပြီး သူ့ လက် ကြီး ဖြင့် ထည့် ပေးပြန်၏ ။

သူတို့ ထည့် ပေးတိုင်း ထည့် ပေးတိုင်း ကျွန်တော် ပြုံး ပြုံးကြီး လုပ် နေ မိသည် ။ ပျော် နေ ၊ ကြည်နူး နေ ၊ ကျေနပ်အားရ ဖြစ် နေမိသည် ။ သူတို့ အထည့် ရပ် သွား ကာ မှ ကျွန်တော် သည် သုံးထပ်သားအိအိကြီး ကို နည်းနည်း ဖဲ့ ၊ ထမင်း ထဲ မြှုပ်ပြီး ကြီးကြီး တစ်လုတ် သွင်း လိုက် ၏ ။ ပြီးမှ အချဉ်သုတ် ပေါ် ငရုတ်သီးကြော် ဖြူး ကာ အအီပြေ ဖြည့် လိုက်၏ ။

သည် ထမင်း တစ်လုတ် ကား စားခဲ့ ဖူး ပြီးသော ထမင်းလုတ် ပေါင်း များ စွာ အနက် အရသာ အရှိဆုံး ထမင်းလုတ် ပင် ဖြစ်ပါတော့သည် ။

◾ ခင်မောင်တိုး ( မိုးမိတ် )

📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
      ၁၉၈၉ ၊ ဒီဇင်ဘာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment