Thursday, November 10, 2022

ဆယ့်သုံးကောင် ကျား


 ❝ ဆယ့်သုံးကောင် ကျား ❞


“ မောင့်ရင့် အမေ က ရုပ်ရှင်မင်းသားကြီး ကိုဝင်းဦး ရဲ့ အမာခံ ပရိသတ် ဖြစ်ရမယ် ”


ဗေဒင်ဆရာ ၊ အင်္ဂဝိဇ္ဇာဆရာ တစ်ဦး မဟုတ် ပေမယ့် သူ့ အသက်အရွယ် နဲ့ အကယ်ဒမီ ကိုဝင်းဦး အထွတ်အထိပ် ရောက်ချိ န် နဲ့ မှန်းဆ ပြီး ပြော လိုက်တဲ့ စကား တစ်ခွန်း လေ ။ ဒီ စကားလုံး က ကျွန်တော် နဲ့ ဝင်းဦး ကို ရဲဘော်ရဲဘက် သာ မက ညီအစ်ကို တမျှ ရင်းနှီးသွားစေ တဲ့ စကား တစ်ခွန်း ဖြစ်တယ် ။


ပြီးတော့ ပြော လိုက်တဲ့ နေရာ က လည်း သရက်ထောင် တစ်ဆောင် ဘာယာတန်း ပေါ် လမ်းလျှောက် ရင်း ပြော လိုက်တာ ။ ကျွန်တော့် ထက် နောက်ကျ မှ ရောက် လာတဲ့ ဝင်းဦး က အသက် နှစ်ဆယ် ကျော် အစိတ် တောင် ပြည့်သေး ဟန် မတူဘူး ။ ဒီ နေရာ ၊ ဒီ အချိန် ဒီ အရွယ် လူငယ်လေး ရင် ထဲမှာ “ အမေ ” လို့ ကျွန်တော် ပြော မိ တာ က သူ့ နှလုံးသား ကို တည့် ( ဒဲ့ ) ထိ သွားတ ယ် ထင်ပါရဲ့  ။


ဝင်းဦး ဟာ ဆေးမှု နဲ့ ဒီ ကို အလည် ရောက် လာ တာ မဟုတ်ဘူး ။ ရယက ဥက္ကဋ္ဌ အိမ် က ကြက် ခိုးမှု လည်း မဟုတ်ဘူး ။ ထန်းရည် မူး ပြီး ရပ်ကွက် လူကြီး ဆဲဆို စိန်ခေါ်ခဲ့မှု လည်း မဟု တ်ဘူး ။ သူ သိပ် ချစ်တဲ့ အမေ မုဆိုးမ နဲ့ သူတို့ မိ သားစု ရဲ့ ထမင်းအိုး ဖြစ်တဲ့ သူတို့ လယ်မြေ ကို အဓမ္မ သိမ်း ယူ ခံ ခဲ့ရာက မြစ်ဖျား ခံပြီး သူတို့ မိ သားစု ကို ဒုက္ခတွေ ခဏ ခဏ ပေး နေတဲ့ ရယက ဥက္ကဋ္ဌ ကို ဓား နဲ့ အသေ ခုတ်ခဲ့တဲ့ အမှု ။ ခိုးဆိုးနှိုက် ၊ တေလေကြမ်းပိုး ၊ ကြွေးတင် ၊ လမ်းနံဘေး အိပ် ၊ အခြေအနေမဲ့ ကလေကဝ အမှု ၊ ၁၀၉ ၊ ၁၁၀ အမှုမျိုး မဟုတ်ဘဲ ထောင် ထဲ မှာ လူ ရိုသေ ရှင် ရိုသေ ပုဒ်မ နဲ့ ရောက် လာတာ ။ 


ဝင်းဦး က ထောင်ပုံစံ အင်္ကျီ ကို ဖွေး နေအောင် လျှော် ဝတ်တယ် ။ ပုဆိုး က လည်း ပင်းမင်း ပေး ထား သလား ထင် ရအောင် ဖြူတယ် ။ ဆေးလိပ် လျှော့ သောက် ပြီး သူ့ အဝတ်အစား သန့်ရှင်း ဖို့ ဆေးလိပ် နဲ့ ပုံစံ ဆပ်ပြာ နဲ့ လဲ တယ် ။ သူ ဟာ တောင်ယာဘုတ်ကိုင် တစ်ယောက် ဖြစ်လို့ သူ့ ပုဆိုးအင်္ကျီ တွေ ကို သူ့ ဘုတ်သား တစ်ယောက် ယောက်  အလျှော် ခိုင်း ၊ မဖြူရကောင်းလား ဆိုပြီး ကန်ကျောက် လို့ ရ ပေမယ့် ဝင်းဦး သူ့ အဝတ် သူ လျှော်တယ် ။ နောင်တော့ ကျွန်တော့် အဝတ် ပါ လျှော် ပါမယ် လုပ် လို့ မနည်း တောင်းပန် ထားရသူ ။ ကျွန်တော် က သူ အနုပညာ ငတ်မွတ် ဆာလောင်နေမှန်း သိ လို့ ကျွန်တော့် ဘဝ အတွေ့အကြုံတွေ ဝတ္ထုတိုတွေ လို ပြောပြ ထား တော့ အလွန် ရိုးသားတဲ့ တောသားလေး က ကျွန်တော့် ကို ဒီ အထဲ မှာ အချိန် တွေ လာ ကုန် နေတာ နှမြော နေတဲ့ သူ တွေ ထဲ က တစ်ယောက် ။ 


ဝင်းဦး ရဲ့ လက်ရေး တော့ မတွေ့ ဖူး ဘူး ၊ ထောင် ထဲ မှာ ဘောလ်ပင် တို့ ခဲတံ တို့ စာရွက် တို့ မှ မရှိဘဲ ကိုး ။ ဒါပေမဲ့ ဒီ ချာတိတ် မျဉ်းသား သိပ် ဖြောင့်တယ် ။ အလွန် ကျွမ်းကျင်တဲ့ ဒီဇိုင်း ဆရာ တစ်ယောက် စိတ်ရှည် လက်ရှည် ဆွဲသား ထား တဲ့ မျဉ်း လို ။ ဘာယာတန်း မှာ အဆောင်မှူး အလစ် အုတ်နီခဲကျိုး ၊ ရရာ မီးသွေးခဲ နဲ့ ကျားကွက် ဆွဲတာ ။ တကယ်တော့ ၁၂ ကောင် ကျားရော ၊ စစ်တုရင်ရော ထိုး ခွင့် မရှိဘူးလေ ။ ဒါပေမဲ့ ဒီလို မှ ကြံဖန် ပျော်အောင် မနေ ရင် ထောင်အာဏာပိုင် အလို အတို င်း ထောင် ဆိုတာ စိတ် ဆင်းရဲစရာ ငရဲတွင်းကြီး ဖြစ်နေတော့မှာ  ။


တစ်ထောင် လုံး မှာ ရှိတဲ့ မာဘယ်ကျောက်ခဲ ဖြူဖြူလေးတွေ ရယ် အုတ်နီခဲ အပဲ့အရွဲ့ လေးတွေ ရယ် သူ စုဆောင်းပြီး ကျွန်တော် နဲ့ ကျား ထိုးတယ် ။ နှစ်ယောက်စလုံး လက်ရည် က ပိန်မသာ လိန်မသာ ဆိုပေမယ့် သူ က အနိုင် များ တယ် ။ ဝင်းဦး ဆွဲ တဲ့ ကျားကွက် ဟာ သပ်သပ်ရပ်ရပ် ရှိ လွန်း လို့ ကစား ပြီး ရင် ရေစိုဝတ် နဲ့ ပွတ်တိုက် ဖျက် ပစ်ရ မှာ တောင် နှမြောစရာ ကောင်းတယ် ။ ဒါပေမဲ့ ကျောပေါ် ခါးပေါ် တုတ် ကျ မယ့် အရေး မို့ သေသပ် လှပတဲ့ ကျားကွက် တွေ ကို မဖျက်ချင် ဘဲ ဖျက် ပစ်ပြီး ကျားတွေ ကို လည်း ဝှက် ပစ်ခဲ့ရတယ် ။ ဒီလို လက်စ လက်န ဖျောက် တာတော့ သူ ရော ကျွန်တော် ပါ ကျွမ်း တယ် ။ မကျွမ်းရင် ကျောကော့ ၊ ခါးကော့ သွားမယ်လေ ။


ကျားပွဲ မှာ နှစ်ယောက် စလုံး အာရုံ စွဲမြဲ ရင် ဒီ ပွဲ သရေပွဲ ။ ဒါပေမဲ့ တက္ကသိုလ် က ဘွဲ့ ရခဲ့တဲ့ သူ ၊ တက္ကသိုလ် လက်ရွေးစင် ဘောလုံးသမား ၊ စာတွေလည်း ဖတ်ထားတဲ့ သူ ဟုတ်လား ။ အသက် လည်း ဝင်းဦး ထက် ကြီးတော့ သုံးပွဲ လောက် ဆက်တိုက် ရှုံး လာ ရင် သရေ ကျ ရင် ကျား ရွှေ့ရင်း ...


“ အင်း ... ဒီလို နေပူပူ ထန်းရည်လေးများ သောက် ရရင် ဝင်းဦး ရေ ဘယ့်နှယ်လဲ ”


“ အရှေ့တော က ဦးကြီးရှမ်း ထန်းရည် က တကယ် ကောင်းတာ နိုင်ငံတော် လာ ရင် ရွာ သွားကြမယ် အစ်ကို ”


နိုင်ငံတော် အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့် လာရင် သူ့ ရွာ ကို လိုက်ပြီး ထန်းရည် သောက် လှည့် လို့ ခေါ်ရင်း အမေ ရော ၊ သူ တို့ ရွာလေး ရော ၊ အမျိုး မကင်းတဲ့ ဦးကြီးရှမ်း တို့ ကို ရော သတိရ သွား ထင်ပါရဲ့  ။ ကျားကွက် ကျွန်တော် အသာ စီး ရပြီ ။ ပို သေချာအောင် နောက်တစ်ကွက် ထပ် ရွှေ့ရတယ် ။ 


“ ဦးကြီးရှမ်း က မောင်ရင့် အမေ ဘက် က လား ၊ မောင်ရင့် ရည်စား ဘက် က ဦးကြီး များ လား ကွာ ”


ဒီ တစ်ခွန်း ဟာ ပွဲသိမ်း စေတော့တာပဲ ။


ကျွန်တော် သူ့ ကို ကစား ခွင့် ရတဲ့ နေ့ တိုင်း ဒီ တိုက်ကွက် ပရိယာယ်ချည်း သုံးတာ မဟုတ်ဘူး  ၊ သူ ရိပ်မိ သွားလိမ့်မယ် ။ တစ်ခါတလေ သူ့ သူငယ်ချင်း တောင်သူတွေ သူ့ ပဲ တွေ ၊ နှမ်းတွေ အကြောင်း ပြောတဲ့ အခါ ပြောပြီး သူ့ အာရုံ ကို ကျားကွက်တွေ ဆီ က ရွာ နဲ့ အမျိုးတွေ ဆီ လွှဲ ပေးလိုက်တယ် ။


တစ်နေ့ ကျား ထိုးရင်း ပွဲ အခြေအနေ က သရေ ကျ ဖို့ များ နေချိန် တိုက် ထဲ က ရဲဘော်ညိုထွန်း က ဆေးလိပ်တွေ သိပ် သောက်လွန်း လို့ ချောင်းဆိုး တွေ သိပ် ဆိုးနေတာ ၊ သံလျင် ကိုသန်းဇော် က သိပ် မသောက် ဖို့ အစ်ကို လှမ်း တားပေး ပါဦး လို့ မှာ လိုက်တယ် တဲ့  ။


ကျွန်တော့် အားနည်းချက် က တိုက် ထဲ နေကြ ရတဲ့ ကိုခွန်ဆိုင်း တို့ ကိုဆက်အောင်နိုင် တို့ မင်းဇေယျ တို့ စကား ကြုံ ပါး တာတွေ ပြောရင် ကျွန်တော် ရှုံး လေ့ ရှိတယ် ။ နှစ်ကောင် စား ကင်း ပေါက် ၊ စင်တာ လိုင်း ချုပ် မိ တာ တွေ ဖြစ် ကုန် ရော ။ 


ပုဒ်မ ၁၇ ( ၁ ) ကို စစ်ခုံရုံး အမှတ် ၄ က ထောင် ဆယ်နှစ် ကို အလုပ်ကြမ်း နဲ့ ချ ထားတ ယ် ။ ပေပါပြတ် ရေပုံး နှစ်လုံး ထမ်းပိုး လျှို ထမ်း နေတဲ့ ကျွန်တော် တောင်ယာ တွေ ရေလောင်း နေ ရတာ မလှမပ ကြီး ပါ ။ စည်းချက် မကျ တဲ့ ကကွက် တွေ နဲ့ တောင်ယာ ထဲ က မုန်လာဘောင် ၊ မုန်ညင်းဘောင် တွေ အကြား ၊ နေပူပူ မှာ ကိုးရိုး ကားရား နဲ့ အများ အမြင် မှာ အတော် အကြည့်ရ ဆိုး ပါလိမ့်မယ် ။


အဲဒီအခါ ရင်အုပ်ထွားထွား ခြေသလုံး တုတ်တုတ် လူညိုထွားလေး သူ့ တောင်ယာ ကို ဘုတ် သားတွေ နဲ့ ထား ခဲ့ပြီး ကျွန်တော် ထမ်းပိုး ကို သူ လု ယူ တယ် ။ ငြိမ်းချမ်း ၂၉၉၂ နှစ် ( ဘ ) ဦးညိုမောင် ရဲ့ တောင်ယာ မဟုတ်တော့ဘူး ။ ဝင်းဦး ၃၈၃၅ စီ ( ဘ ) ဦးညိုမောင် ရဲ့ တောင်ယာ ဖြစ် သွားပြီ ။ တစ်ခါတလေ သူ့ ဘုတ်သားတွေ က သူ တို့ ဘုတ်ကိုင် ရဲ့ မိတ်ဆွေ တောင်ယာ ကို လာ ကူ ညီ လောင်း ပေးကြသေးတယ် ။


ထောင် ဆိုတာ အပြင် လောက နဲ့ တယ် မထူး လှပါဘူး ။ ချွန်သူ တတ်သူ ၊ အထက် ဖော်လံဖား ၊ အောက် ကို ပြားနေအောင် ဖိ ၊ ပေးနိုင် ကျွေးနိုင် မှ နေရာကောင်း ရ ၊ အချင်းချင်း ကုပ်သွေး စုပ်ကြ ၊ အမြတ် ထုတ်ကြတဲ့ အရပ် ဟုတ်လား ။


နိုင်ငံရေးပုဒ်မ နဲ့ ကျတဲ့ အကျဉ်းသား တစ်ယောက် ရဲ့ တောင်ယာ ကို ဒီပြင် ဘုတ်သားတွေ ဝိုင်း ကူညီ ရေလောင်းပေါင်းသင် ၊ နွေဘောင် မိုးဘောင် ဖို့ တာ ဟာ ဇာလီ ၊ သင်ပုန်း ၊ ကဝေ ၊ ထုံး ၊ တောင် လေးလုံး ပတ်ရံ ထားတဲ့ မြို့ကလေး ရဲ့ ထောင် မှာ တော့ ဧရာမ ပြဿနာကြီး လေ ။ အကျဉ်းသား တွေ ကို နိုင်ငံရေးသမား က စည်းရုံး နိုင်ပြီ ။ ထောင် ဆူနိုင်တယ် ။ ထောင် တစ်ထောင် ရဲ့ အုပ်ချုပ်ရေး ယန္တရား ပျက်ပြား လိမ့်မယ် ။ အကျဉ်းသား အုပ်ချုပ်ရေးသင်တန်း တွေ အကြိမ်ကြိမ် တက်ခဲ့ သူတွေ ၊ ရဲဘက်စခန်း နဲ့ ဗမာပြည် က ထောင်တကာ နှံ့ ခဲ့ သူတွေ နဲ့ မိုးကျရွှေကို ယ် ထောင်ပိုင်ကြီး တို့ ခမျာ ဧရာမ ပြဿနာကြီး အဖြစ် ကြိုတင် ရှုမြင် သုံးသပ်လိုက်ကြပြီး


“ ဟာ ဟ ငြိမ်းချမ်း ရာ ၊ ဒါမျိုး ဘယ်ရမလဲ ။ ဟမ်း ဟမ်း အံ ခွနေပြ ”


 လို့ ပါးစပ် က ထုတ် မပြောပေမယ့် ထုတ် ပြောလိုက်တဲ့ အ လား ။ ညနေ တန်း ပိတ်ချိန် ထောင် မှာ ရှိတဲ့ အကျဉ်းသား ဦးရေ စစ် နေတုန်း မှာ နေ့ ဂျူတီ က ထွက် ကြမယ့် ဝါဒါတွေ ရော ည တာဝန် ယူကြမယ့် ဝါဒါတွေ ရော တစ်ထောင်လုံး ၊ ညို့ညို့ဆိုင်း နေ ချိန်မှာ ဝါဒါ တစ်သိုက် တစ်ဆောင် နှစ်ခန်း ရှေ့ ရောက် ခွာသံ ပြင်း ပြင်း နဲ့ ရောက် လာ ကြပြီး


“ ငြိမ်းချမ်း ”


“ ရှိ ၊ ၂၉၉၂ စီ ( ဘ ) ဦးလှ ”


“ အိပ်ရာလိပ် ယူ ၊ ထွက် ”


ဆိုတဲ့ ငှက်ဆိုး ထိုး သလို ငေါက်ငမ်းသံ ဆက်တိုက် ပါလာတယ် ။


တိုက်အမှတ် ၄ လေးတိုက် အရှည် အစွန်ဆုံး အခန်း တံခါး ဖွင့် သံ ဟာ ၄ တိုက် ထဲ မှာ ရှိကြတဲ့ ရဲဘော်တွေ အတွက် အကျဉ်းသား တစ်ယောက် ... ငါ တို့ တိုက် ရောက် လာပြီ လို့ ... သိ လိုက်ကြတယ် ။ အကျဉ်းသား တစ်ယောက် ကို ဝန်ထမ်း ဆယ့်ငါးယောက် လောက် လိုက်ပို့  တာ ဟာ ဒီ ဝါဒါတွေ အရပ် ဝတ် သာ ဝတ် ထားကြရင် ကာလသား တစ်ယောက် အတွ က် မိန်းမ တောင်း လာကြတာ ၊ ရပ်ထဲ ရွာထဲ က အလှူအတန်း လှည့် လာ သလိုလို ထင်ချင်စရာ ။


တိုက် ထဲ ရောက်တဲ့ အခါ ရောက် နှင့် နေကြ တဲ့ ရဲဘော်တွေ က သူတို့ တိုက်ခန်း အသီးသီး က နေ လှမ်းပြီး နှုတ်ဆက်ကြတယ် ။ အဆောင် က ရကသ ၊ ဗကသ ၊ ဗကပ ၊ အလုပ်သမားသမဂ္ဂ နဲ့ ကျောင်းသားတပ်မတော် က ရဲဘော် များ အပါအဝင် ၅ ( ည ) တွေ ၁၇ ( ၁ ) တွေ ၁၇ ( ၂ ) ရဲ ဘော်တွေ အကြောင်း လှမ်း မေးကြတယ် ။


အားလပ်တဲ့ အချိန်တွေ .. တိုက်ခန်းကျဉ်းလေး ထဲမှာ လမ်း လျှောက်ရင်း အဆောင် မှာ ကျန်ခဲ့တဲ့ ရဲဘော်တွေ ကို သတိ ရ မိတယ် ။ ကိုယ် စိုက်တဲ့ တောင်ယာ က မုန်လာဥ ကို ကိုယ့် ဘာသာ ပြန် ခိုးပြီး မုန်လာချဉ် တည် စား ခဲ့တာကို လွမ်း မိတယ် ။ ဝင်းဦး ဆွဲ ပေးတဲ့ ကျားကွက် နဲ့ ဝှက် ထားခဲ့ရတဲ့ ကျောက်ခဲလေးတွေ အုတ်နီခဲ လေး လည်း သတိ ရမိတယ် ။


ဝင်းဦး အထူးသဖြင့် တောင်ယာ ကို ကူညီ လုပ်ကိုင်ပေး တဲ့ သူ့ ဘုတ်သားတွေ ကို ခဏခဏ သတိရ မိတယ် ။ သူ က တော့ သတိ မှ ရပါလေစ ။ သူ့ တောင်ယာ က ကျွန်တော် တို့ လေးတိုက် ရဲ့ ရှေ့မှာ တင် ။ တစ်ခါတလေ သူ့ ဘုတ်သားတွေ ကို အော်နေဟစ်နေသံ တွေ ကြား ရတယ် ။ ကျွန်တော် အထဲ မှာ ရှိ နေတာ သိလို့ သူ့ အသံ ပေး သလားလို့ တောင် ထင် မိတယ် ။


တစ်နေ့ တော့ ထမင်းဘုတ် နဲ့ အတူ ဝင်းဦး တိုက် ထဲ ကို မမျှော်လင့်ဘဲ ရောက် လာတယ် ။ ထမင်း ကျွေး တာဝန် ကျတဲ့ ဝါဒါ က လည်း အားလုံး နဲ့ အဆင်ပြေ တဲ့ ကိုသောင်းဖေ ဖြစ် နေတာ လည်း တစ်ကြောင်း ပေါ့ ။ ဝင်းဦး က လက်ချည်း မလာဘူး ။ သူ့ တောင်ယာ ထဲ က မုန်လာဥ သုံးဥ ခါး မှာ ထိုး ထားပြီး ကိုသောင်းဖေ အလစ် မှာ ပေး သွားသေးတယ် ။ 


“ အစ်ကို့ ကို သိပ် သတိရတာပဲ ”


“ ငါ လည်း သတိ ရနေတာ ၊ ကျား ထိုးချင် စိတ် လည်း ခဏခဏ ပေါ်တယ် ”


“ နောက်တော့ ကျား ကစားကြသေးတာပေါ့ ”


ဝင်းဦး နဲ့ တွေ့ကြ ချိန် ဟာ ခိုးကြောင်ခိုးဝှက် တွေ့ ကြတာမို့ အိပ်မက် လို ပဲ ။ တိုက် ထဲ က သူ တို့ ပြန် ထွက်ခါနီးမှာ 


“ အစ်ကို့ ကို ပြောစရာတွေ ရှိသေးတယ် ” တဲ့


အဲဒီ စကား လေး ငါးခွန်း ကပဲ ကျွန်တော့် ကို အတွေး ပင်လယ် လက်ပစ် ကူး စေတာပါလား ။ ဘာတွေများ ပြောစရာ ရှိနေတာလဲ ဝင်းဦး ရယ်  ။ အဆောင် မှာ ရော ၊ တောင်ယာ ထဲ မှာ ရော တစ်ယောက် အကြောင်း တစ်ယောက် ချေးခါး အူမ မကျန် ပြော ခဲ့ကြ ပြီး ပြီ မဟုတ်လား ။


ဝင်းဦး ပေးခဲ့တဲ့ မုန်လာဥ ကို ချိုးဖဲ့ ပြီး တိုက်ထဲ က ရဲဘော်တွေ နဲ့ နည်းနည်းစီ ဝေမျှ စားလိုက်ကြတယ် ။


အချိန်ပို အချိန်အား တွေ နဲ့ ပြည့်နှက် နေတဲ့ ကျွန်တော့် အဖို့ ဝင်းဦး မျက်နှာ မြင်ယောင် လိုက်  ၊ သူ့ စကား ကြားယောင်လိုက် နဲ့  ။ သူ နဲ့ ကျွန်တော် ဘယ်တော့ မှ ပြန် ဆုံနိုင်ကြမယ် မှန်းဆ မရနိုင်ဘူး ။ 


ရဲဘက် ကို သူ ပါချင် ပါ သွားနိုင်တယ် ။ နာမည်ဆိုး နဲ့ ကျော်ကြား တဲ့ ရဲဘက်စခန်း ပါ မသွား ပါစေ နဲ့ ဆုတောင်း ရတာပဲ ။ ဒါမှ မဟုတ် အနေ အထိုင် ချောင် တဲ့ ကာလ မှာ တစ်နေ့ က လို မမျှော်လင့်ဘဲ ပေါက် ချ လာလေ မလား ။ ခိုးစား တဲ့ မုန်လာဥ ဟာ ပို ချိုနေပါလား ။


တောင်ယာ ထဲ က ဝင်းဦး ရဲ့ အသံ ကြား ရတဲ့ အခါ သူ ပြောသွားတဲ့ “ အစ်ကို့ ကို ပြောစရာ တွေ ရှိသေးတယ် ” က ရင် ထဲ အလည် ခဏခဏ လာတယ် ။


အသား ကျွေး တဲ့ ဗုဒ္ဓဟူး တစ်နေ့ တော့ ဝင်းဦး ရောက် လာတယ် ။ သူ့ အပိုင်သား ဝါဒါ ဇော်တူး တိုက် ကို အသား ဝေ ဖို့ တာဝန် ကျ တဲ့ နေ့ ပေါ့  ။ ကျွန်တော့် တိုက်ခန်း ဝ မှာ သူ ဖင် ချ ထိုင်ရင်း ပြုံးစေ့စေ့ လုပ်နေတယ် ။


“ ဘာတွေ သဘော ကျ နေတာလဲ ”


“ ဟို .. ဟို ဥစ္စာ အစ်ကို ရာ ၊ ကျွန်တော် တို့ ကျား ထိုးကြတယ် မဟုတ်လား ”


“ အေးလေ ၊ အဲဒါ ဘာဖြစ်လဲ ”


“ ကျား ထိုးရင်း ကျွန်တော် က တိုက်ထဲ က အစ်ကို့ ရဲဘော်တွေ အကြောင်း ပြောတယ်လေ ”


“ မှတ်မိတယ် နှစ်တိုက် တို့ သုံးတိုက် တို့ က ကိုညိုထွန်း တို့ ကိုခွန်းဆိုင်း တို့ ကိုသန်းဇော် တို့ မှာ လိုက်တာတွေ မှတ်မိတယ် ၊ အဲဒါ ဘာဖြစ်လဲ ”


“ အဲဒါ တကယ် မဟုတ်ဘူး ဗျာ ၊ အစ်ကို အာရုံ နောက်အောင် အစ်ကို့ ကို ကျွန်တော် ရွှီး နေတာ ”


ဟား ဟား ဟား ... က ကျွန်တော် တို့ နှစ် ယောက် ပြိုင်တူ ရယ်လိုက် တဲ့ အသံလေ ။


ဝင်းဦး ရဲ့ မချိုမချဉ် မျက်နှာလေး မြင် လိုက်ရ တယ် ။  


◾ ညီပုလေး 


📖 ခေတ်သစ်အလင်္ကာ ဝတ္ထုတိုပေါင်းချုပ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment