Thursday, November 3, 2022

ကန့်သတ်မဲ့


 

❝ ကန့်သတ်မဲ့ ❞

အယ်ဒီတာ စားပွဲ ရှေ့ တွင် မျက်နှာလေး ငယ်ငယ် ဖြင့် စိတ် အိုက် ရှုပ်ထွေးစွာ ထိုင် နေ ရှာသော သူငယ်ချင်း ကို ကြည့် ပြီး သူ့ စိတ် ထဲ တွင် လည်း မသက်မသာ ဖြစ် နေလေသည် ။ မသုံးဖြစ်ပါဘူး ဟု ယဉ်ကျေးစွာ ငြင်းပယ် ထား ခြင်း ခံ ရသော စာမူ တစ်ခု ကို ပြန် ယူဖို့ စောင့်ဆိုင်း နေရသော ကာလ သည် စိတ် ပင်ပန်းဖွယ် ကောင်းလွန်း လှသည် ။ တစ်ယောက် ကို စားပွဲခုံ တစ်လုံး စီ ဖြင့် တန်းစီ ထိုင် နေကြသော အယ်ဒီတာ တို့ ကို မြင်တော့ နောက်ဆုံးနှစ် က နှုတ်ဖြေ ဖြေခဲ့ ရ ပုံ ကို မဆီမဆိုင် သွား ရောက် သတိ ရလေသည် ။

“ ဒါနဲ့ ဆရာမ တို့ ကလောင်နာမည် က - ”

တစ်ခါမှ မကြားဖူးသော နာမည်စိမ်းများ ကို ကြား လိုက်ရသည့် အတွက် ခေတ္တမျှ ငြိမ် သွားသော အယ်ဒီတာကြီး ကို ကြည့် ရင်း သူ မျက်နှာ ပူ သလို ရှိ လာလေသည် ။

“ ကျွန်တော်တို့ မဂ္ဂဇင်း က ကလောင်သစ် ၊ ကလောင်ဟောင်း မရွေးပါဘူး ။ ခု ကျွန်တော်တို့ တိုက် က တင်လိုက် တဲ့ စာရေးဆရာတွေ ဆိုရင် ...”

ထို လူကြီး က နာမည်ကြီး စာရေးဆရာ သုံးလေးဦး ၏ အမည် ကို ရေရွတ်လေသည် ။

“ အားမပျက်ပါနဲ့ ၊ ဆရာမ တို့ စာမူတွေ ဆက် ရေးပါ ။ ကျွန်တော်တို့ တိုက် ကို လည်း စာမူတွေ ဆက် ပို့ပါ ”

သူ က မူ ဆရာ - ဆရာမ ဟု ခေါ်သံ ပြောသံ ကြားတိုင်း စိတ် ရှုပ်ထွေးကျဉ်းကျပ်လာလျက် “ နာမည် ရှိတယ် မကြိုက်ဘူး သိရဲ့လား ” ဟူသော မေခလာ ၏ သီချင်း တစ်ပိုင်း တစ်စ ကို သံနေ သံထား ဖြင့် အော် ဆို ပစ် ချင် စိတ် ပေါက်လာလေ သည် ။

“ အဟဲ .. ခုနေသာ ငါ အဲသလို အော် ဆို လိုက်ရင် ဒီ လူတွေ အကုန်လုံး လန့်ဖျပ် သွားကြမှာပဲ ”

သူ က ကြံကြံဖန်ဖန် တွေးပြီး ကိုယ့် အတွေး နှင့် ကိုယ် ရယ်ချင် နေလေသည် ။

“ ဆရာမတို့ ဘယ် မဂ္ဂဇင်း မှာ ပါဖူးလဲ ”

“ ဘယ်မှာ ... ဘယ်မှာ မှ ... အဲ .. ခုမှ စ ရေးတာ ”

အထစ်ထစ် အငေါ့ငေါ့ ဖြစ် နေသော သူငယ်ချင်း ကို ကြည့် နေသည့် ထိုလူကြီး ၏ မျက်နှာ သူ့ ဘက် သို့ လှည့် မလာမီ ကမန်းကတန်း မျက်နှာ လွှဲလျက် ဘာ မှ ကြည့်စရာ မရှိသော နံရံများ ကို ယဉ်ကျေးမှု ပြတိုက် ထဲ မှ ရှေးဟောင်း ပစ္စည်းတွေ အလား စိတ်ဝင်စားစွာ စိုက်ကြည့် နေလိုက်လေသည် ။

“ တွေ့ပြီ ဆရာ တွေ့ပြီ ဒီမှာ ”

စာမူပုံ အထပ်ကြီး ကြား မှ ရွေး ထုတ်လိုက်သော သူတို့ စာမူလေးများ ကို ကြင်နာစွာ လှမ်းယူရင်း -

“ နင် တို့ လည်း ငါတို့ လို ပဲ မွန်းကျပ် နေမှာပဲနော် ။ တိုက်တွေ လည်း တော်တော် စုံပြီ ၊ နင်တို့ ကို လေ ဘယ်သူ က မှ မလိုချင်ကြဘူးတဲ့ သိလား ။ သူတို့ မချစ်ပေမဲ့ ငါ က တော့ ချစ်ပါတယ် ဟယ် ။ အိမ် က ဗီရို ထဲ မှာပဲ အေးအေးဆေးဆေး နား တော့ နော် ။ အဲဒီ ထဲ မှာလေ နင် တို့ အဖော်တွေ အများကြီး ရှိတယ် သိလား ” ဟု တီးတိုး နှစ်သိမ့်မိလေသည် ။ သူငယ်ချင်း ဖြစ် သူ က အယ်ဒီတာအဖွဲ့ ကို ဟန်မပျက် နှုတ်ဆက် နိုင်ပေမဲ့ သူ က သူ့ ရှေ့ မှ လူ ကို သာ အားယူ ပြုံးကာ ခေါင်း တစ်ချက် ညိတ် ပြုပြီး ရှေ့မှ လျင်မြန်စွာ ထွက်ခဲ့လေသည် ။ သူတို့ အထွက် တွင် လွယ်အိတ် အကြီး ကြီး တွေ ကိုယ်စီ လွယ်လျက် မဂ္ဂဇင်း တိုက် ထဲ သို့ ဝင်လာ ကြသော လူ တစ်သိုက် ကို တွေ့ရလေသည် ။ ထိုသူတို့ ၏ စူးစမ်း အကဲခတ်သော အကြည့်များ အောက်ဝယ် ရှက်ရွံ့ အားငယ် သလို ခံ စား လိုက် ရာ ကိုယ့် ကိုယ် ကို ယ် ဒေါသ ဖြစ်မိပြန်သည် ။

မဂ္ဂဇင်းတိုက် အပြင် ဘက် သို့ ရောက်သည် နှင့် သူ့ လက်များ ကို လာရောက် ဆုပ်ကိုင်သော သူငယ်ချင်း ၏ လက်ဖျားများ အေးစက် နေသည် ကို သတိ ပြုမိလေသည် ။

“ နင် ... စိတ်ညစ် သွားသလား ဟင် ၊ ဟုတ်လား ”

စောစောတုန်းက လုံးဝ အသံ မထွက်ခဲ့သော သူ က ယခု မှ သူငယ်ချင်း ကို အားပေး ဖို့ သတိ ရလေသည် ။ ပြန်လည် ဆုပ်ကိုင် လိုက်သော သူ့ လက်များ သည် ချွေးစေးများ ဖြင့် စိုထိုင်းစေးထန်း နေလေသည် ။ သူ က သက်ပြင်း ရှိုက် ရင်း -

“ တကတဲ ဟာ ညှိ ထား ကြသလား အောက်မေ့ရတယ် ”

“ ဘာကိုလဲ ”

သူငယ်ချင်း က နားမလည် သလို မေး လေသည် ။

“ အားပေးတဲ့ စကားတွေလေ ၊ တစ်တိုက် လာလည်း ဒီ အတိုင်း ၊ နောက် တစ်တိုက်လာ လည်း ဒီ အတိုင်း ၊ ဟို သီချင်းလို ဒီအတိုင်းပဲ - ဒီအတိုင်းပဲလေ ”

သူငယ်ချင်း က အသံ ထွက်အောင် ရယ်မောလေသည် ။

“ သူတို့ တာဝန် ကိုး ဟာ ၊ စိတ်ပျက် မသွားအောင် ဒီလိုပဲ အားပေးရတာပေါ့ ”

“ အမယ်လေး ခုမှပဲ ရယ် နိုင်တော့တယ် ။ စောစောက မဂ္ဂဇင်းတိုက် ထဲ မှာ တုန်း ကတော့ နင့် မျက်နှာလေး က ”

သူ က လက်ညှိုးထိပ် နှင့် လက်မရင်း ကို သေးသေးလေး ဝိုင်းပြရင်း -

“ အဲသလောက်ပဲ ရှိတယ် သိလား ၊ ငါ ရယ်ချင်လိုက်တာ ”

သူငယ်ချင်း က သူ့ ကို စိတ်တိုစွာ မျက်စောင်း ထိုးလေသည် ။

“ အမယ် နင် ရော ဘာထူးလဲ ၊ ငြိမ် ပြီး ထရံကြီး စိုက် ကြည့် နေလိုက်တာ အသက် မှ ရှိ သေးရဲ့လား အောက်မေ့ ရ တယ် ”

သူ က ရယ်ရင်း

“ ဖီးလ်ဂရင်း တာကိုး ဟ ”

“ ဘာလဲ ”

“ ကွင်း စိမ်းတယ် လို့ ပြောတာ ”

“ ဘာသာပြန်စာပေ သာ ရေး ရင်တော့ အမျိုးသားစာပေဆု ရ လောက်တယ် ”

သူငယ်ချင်း က အငေါ် တူး လေသည် ။ ပြီးမှ ...

“ ဟို မဂ္ဂဇင်းတိုက် ဝင် ဦးမလား ၊ အဲဒီမှာ စာမူတွေ သွား ယူ ရဦးမယ်လေ ”

“ သွား မေး ရဦးမယ် ပြော စမ်းပါဟယ် ၊ ပါးစပ် ပုပ် က ”

“ အေး ဟုတ်သားပဲ ”

သူငယ်ချင်း က သူ့ အမှား သူ သတိ ရကာ ရယ်မောလေသည် ။ နောက်မှ ရယ်ရှိန်သပ်ရင်း

“ မထူးပါဘူး ဟာ ၊ အဲဒီက လည်း ပယ် မှာ ပါ ပဲ ”

“ တော်ပါပြီ ဟာ ၊ ဒီနေ့ အတွက် အားပေး စကားတွေ လုံလောက်ပါပြီ ”

သူတို့ ရယ်ရယ်မောမော နှင့် လူချင်း ခွဲ လိုက်ကြလေသည် ။ အိမ် အပြန် လမ်း တွင်တော့ သူ့ ခြေလှမ်းများ သည် သိသာစွာပင် နှေးကွေး လေးလံ နေကြသည် ။ အိမ် ပေါ် သို့ လှမ်း တက် လိုက် ချိန် တွင် ရေချိုး ပြီး ခါစ မျက်နှာသုတ်ပဝါ နှင့် ကိုယ် ကို ပွတ်တိုက် နေသည့် မောင် အငယ် က သူ့ ကို မြင်သည် နှင့် -

“ ဟော စာရေးဆရာမကြီး ပြန်လာပါပြီ ၊ ဘယ့်နှယ်လဲ ဆရာမ ၊ အဆင် မပြေခဲ့ရဲ့လား ”

သူ က စားပွဲခုံပေါ်သို့ ခြင်း ကို ဆောင့်ချရင်း မျက်စောင်း ထိုးသည် ။ သူ့ မောင်ငယ် က မသိချင်ယောင် ဆောင် ကာ ခပ်တည်တည် ဖြင့် ပင် -

“ စိတ် မပျက်ပါနဲ့ ဆရာမ ၊ နေ့ခင်း က ပဲ ဆရာမ ရဲ့ စာမူတွေ ကို ထုတ်ပြီး ဝေချင်လို့ တဲ့ ။ လမ်းထိပ်က တိုရှည်အာပုံ က လာပြီး စကား ကမ်းလှမ်း နေတယ် ။ စိတ်ကူး မလွဲပါနဲ့ ရောင်းလိုက်ပါ ဆရာမ ရယ် ။ ခုဆို နှစ်ပိဿာ လောက် ရှိနေပြီ ”

“ ‌ေ .သ လိုက်ပါလား ”

သူ က အ ရှိုက် ကို ထိ သွားသဖြင့် စ မှန်း သိသည့် ကြား မှပင် ငိုချင် လာသည် ။

“ ဦးကျင်လန်း နဲ့ အာဇစ် တို့ ကလည်း အပြိုင်အဆိုင် လာ ဝယ် နေကြတယ်  ။ ငရုတ်သီးမှုန့် ထုပ် ချင်လို့တဲ့ ”

“ နင် နော် ”

သူ က ဒေါသ ထွက်ထွက် နှင့် စားပွဲခုံ ပေါ်  မှ ဆေးလိပ်ပြာခွက် ကို ကောက် ယူ ချိန်ရွယ် လိုက်သည် ။

“ နောက် တစ်ခွန်း ထပ် ပြောရင် ငါ တကယ် ပစ်မှာ သိလား ”

သူ့ မောင်ငယ် စပ်ဖြဲဖြဲ လုပ်ရင်း ငြိမ် သွားသည် ။ သူ့ အစ်မကြီး မှ မွေးသော တူမငယ် က တောက်တက် တောက်တက် လျှောက် လာ ကာ သူ့ ဒူး ကို လာ တို့ ရင်း -

“ အဲတာ ဘာ ရုပ်တာရဲ ”

ဟု ဆေးလိပ်ခွက် ကို ညွှန်ပြ စပ်စုလေသည် ။

“ ဘာလုပ်လုပ် ”

ဟု သူ့ ဒေါသ က တူမငယ် အပေါ် ပုံ ကျ သွားသည် ။ သံကုန်သံပြဲ အော်ဟစ် ငိုတတ် သဖြင့် မက်ဒေါနား ဟု နာမည်  ပေး ထားသော တူမ မျက်နှာလေး မဲ့ ကာ စတင် ငိုယို ရန် ပြင်သည် ။ အစ်မကြီး က ကမန်းကတန်း ကောက် ချီရင်း -

“ မငိုနဲ့ သမီး ၊ ငါ့ သမီး က ဓားခုတ်ရာ လက် သွား လျှို တာ ကိုး ”

“ ငါ နေ့ခင်း က နင့် ရုံး ကို ဖုန်း ဆက်တာ နှစ်ခေါက် တောင် ပဲ ၊ နင် အပြင် သွားတယ် တဲ့ ”

“ အေး ဟုတ်တယ် ”

သူ က ခပ်ပြတ်ပြတ်ပင် ပြန် ဖြေသည် ။ သူ့ မောင်ငယ် က -

“ မမလေး နဲ့ သူ့ သူငယ်ချင်း မဂ္ဂဇင်းတိုက် ထဲ က ထွက် လာတာ တွေ့ သားပဲ ”

ဟု ဖော်ကောင် ဝင် လုပ် လေသည် ။ သည်တစ်ခါတော့ သူ့ အမေ က စိတ်ဝင်စားလျက်

“ ဘာတဲ့လဲ ”

ဟု ဝင် မေး လေသည် ။

“ ပယ် မှာပေါ့ အမေ ရာ ”

သူ့ အစ်မ ၏ ဟောကိန်း က ကွက်တိ ဖြစ်နေ ၍ သူ စိတ် တို သွားသည် ။ သူ့ အမေ က ရယ်မောရင်း -

“ ငါ့ သမီး ရေး တာတွေ က သန်းနွဲ့ ရဲ့ ပန်းချီကား လို ဖြစ် နေတယ် ထင်ပါရဲ့ ”

ဟု မှတ်ချက် ပေးလေသည် ။ သူ က မူ သူ့ ကို ထိခိုက် သည့် စကားမျိုး ဖြစ်လာနိုင်သဖြင့် ဘာမှ ပြန် မမေးဘဲ ငြိမ် နေသော်လည်း သူ့ မောင်ငယ် က အားတက်သရော ဖြင့် -

“ သန်းနွဲ့ ပန်းချီကား က ဘာ ဖြစ်လို့လဲ အမေရဲ့ ”

ဟု ရယ်ကျဲကျဲ လုပ်ရင်း ဝင်မေး လေသည် ။

“  ဪ ရုပ်ရှင် ထဲ မှာ လေ သန်းနွဲ့ က မယ်တော် ကို အင်္ဂုလိမာလ လိုက်ခန်း ပါတဲ့ ပန်းချီကား တဲ့ ဆိုပြီး ဆွဲထားတာ ၊ ဟင် မင့် ဟာက မယ်တော့် ပုံ က ဘယ်မှာလဲ ဆိုတော့ မယ်တော် က ပြေး လိုက်တာ ဟို ရှေ့ ရောက် သွားပြီ တဲ့ ။ ဒါဆို အင်္ဂုလိမာလ က ရော ကွာ ဆို တော့ ဟိုး နောက် မှာ ကျန်ခဲ့တယ် တဲ့ ၊ ပန်းချီကား က ဗလာ လေ ”

သူ မှ လွဲ၍ တစ်အိမ်လုံး တဝါးဝါး ရယ်မောကြသည် ။ သူ့ စိတ် ထဲ တွင် တော့ အောင့်သက်သက် နှင့် အခံ ရ ခက် နေလေသည် ။

သူ့ အဖေ က သူ လက်နက် အဖြစ် အသုံးပြု ချိန်ရွယ် ထားသော ဆေးလိပ်ခွက် ကို လှမ်း တောင်း ရင်း ပါးစပ် မှ ဆေးပြင်းလိပ် ကို ချွတ်ကာ -

“ ပယ်တာ ဘာဖြစ်တုန်း သမီးရ ၊ ဆက်သာ ရေး ၊ ရေးတာ ကိုယ့် တာဝန် ၊ ရွေးတာ ပယ်တာက သူတို့ တာဝန် ”

သူ့ မောင်လေး က သူ့ ကို လှမ်းကြည့်ရင်း ခပ်တည်တည် ဖြင့် -

“ အေးလေ ဟာ မမလေး က လည်း စိတ်ဓာတ် မကျပါ နဲ့ ဆက်သာ ရေး ။ သူတို့ က လည်း သူတို့ တာဝန် အတိုင်း ဆက် ပယ် မှာပေါ့ ။ ငါ သုတစွယ်စုံ ထဲ မှာ ၇၄၃ ကြိမ် အပယ် ခံရတဲ့ စာရေးဆရာ အကြောင်း ဖတ် ဖူးတယ် ။ သူ့ စံချိန် ကို ချိုးနိုင်မယ် သူ ဆို လို့ နင် တစ်ယောက် ပဲ ရှိတယ် ။ ဘာမှ အားမငယ် နဲ့ သိလား ”

သူ့ အမေ က တော့ ရယ်ရှိန် မသတ်နိုင်ဘဲ တဟားဟား နှင့် ဆက် လက် ရယ်မောလေသည် ။ သူ က တော့ တကယ်ပင် ထိခိုက် ကြေကွဲလာလျက် ။

“ ရယ်ကြပါ ၊ ရယ်ကြပါ ၊ နင်တို့ က မှ မခံစားဖူးပဲ ။ ဘယ်လိုလုပ် ကိုယ်ချင်း စာမလဲ ”

ဟု ရန်လို နေလေသည် ။ သူ့ အမေ က ဒိုးဒိုးဒေါက်ဒေါက် ဖြင့် -

“ အံမယ်တော် ၊ ရှင့် ကို ရော ဘယ်သူ က အတင်း ရိုက်ပြီး ခံစား ခိုင်း နေလို့လဲ ၊ အလကား ကိုယ့် ဒုက္ခ ကိုယ် ရှာလို့ သူများ ရေး ထားတာ အေးအေးဆေးဆေး ထိုင် ဖတ် ပြီး ရော ”

သူ့ မောင်လေး ကမူ သူ့ ကို ကြည့်ကာ ခေါင်း ရမ်းရင်း

“ အင်း ... ဘယ်လောက် ပြောပြော နောင်တ ရမယ့် ပုံ မပေါ်ဘူး ”

ဟု ညည်းညူလေသည် ။ သူ့ မိခင် က သူ့ ကို ကရုဏာ သက် လာလျက် -

“ တော်ကြပါတော့ ဟယ် ကဲ ... ကဲ ထ ၊ ထမင်း စားကြစို့ ”

ဟု စကားစ ကို ဖြတ်လေသည် ။ သူ က ကုလားထိုင် တွင် ပေ ထိုင် နေရင်း -

“ မစားသေးဘူး ” ဟု ငြင်း လိုက်လေသည် ။ သူ့ အမေ နှင့် သူ့ မောင်ငယ် တို့ တစ်ယောက် နှင့် တစ်ယောက် မျက်စ ပစ် လိုက်သည် ကို မျက်လုံးအိမ် ထောင့် မှ တွေ့မြင် ရလေသည် ။

“ နင်တို့ က ငါ့ အပေါ် နားလည်မှု မရှိဘူး ။ ငါ့ မောင်လေး အကြီး ဆို ငါ့ ကို ဘယ်တော့မှ ဒီလို မပြောဘူး သိရဲ့လား ”

သူ က ရုံးမှ မပြန်လာသေးသော မောင် အကြီး ကို တ လေသည် ။ သူ့ စကား မဆုံးမီ တိုက်တိုက်ဆိုင်ဆိုင် ပင် သူ့ မောင် အကြီးကောင် ပြန် ရောက် လာသည် ။ အိမ် လှေကားထစ် ကို လှမ်း တက်ရင်း -

“ သူ့ ဝတ္ထုတွေ ပယ်ခံရလို့ တဲ့ ဟေ့ ၊ အဲဒါ ငါတို့ ပြောလို့ ”

ဟု ပြောပြီး လူ မမြင်အောင် လက်ညှိုး ကို ကွေးပြလေသည် ။

“ မမလေး က လည်း ဗျာ ၊ ဒါများ အဆန်း လုပ် လို့ အမြဲတမ်း ဖြစ် နေကျ ဟာ ကို ”

သူ့ မောင်လေး က သူ့ ကို ရိုးသားစွာ ပင် နှစ်သိမ့်တော့ သူ ပို၍ စိတ် တိုလာလေသည် ။ သူ့ အစ်မ က တော့ သူ စိတ်တို နေ မှန်း သိ သဖြင့် ရယ်ချင်စိတ် ကို မနည်း ထိန်း ထားရင်း -

“ ကဲပါ ဟယ် ထ ပါ ၊ ထမင်း စားကြစို့ ”

သူ က ခေါင်းမာစွာ ဆက် ထိုင်နေဆဲ  ၊ သူ့ မောင်လေး က မျက်ရိပ် ပြကာ အစ်မ ဖြစ်သူ ကို ခေါ်ဆောင် သွားလေ သည် ။ သူ က မူ လမ်းမပေါ် တွင် သွားလာ နေကြသူ များကို အဓိပ္ပာယ် မဲ့စွာ ငေးကြည့် နေမိလေသည်  ။ ဘာလို့ စိတ်ဓာတ် ကျရမှာလဲ ဟု တင်းထားသည့် ကြား မှ တရိပ်ရိပ် ကျ လာတတ်သော စိတ်ခွန်အား တို့ ကို မနည်း ပြန်လည် ဆယ်မ နေရလေသည် ။ သူ စိတ်ညစ်တိုင်း ဖတ် လွန်းသဖြင့် အလွတ် ရ နေသော နန္ဒသိန်းဇံ ၏ မိတ်ကောင်းဆွေကောင်း နှင့် ခရီးသွားခြင်း စာအုပ် မှ “ အားငယ်စွာ စိတ်ဓာတ်ကျပြီး ကြိုးစားမှု ၊ အလုပ်လုပ်မှု ရပ်သွားရင် လိုရာ ရောက်မှာ မဟုတ်ဘူး ။ မအောင်မြင် ခင် ၊ လိုရာ မရောက် ခင် တော့ စိတ်ပျက် မှာ ပဲ ။ ဒါပေမဲ့ စိတ် ပျက်ပျက် နဲ့ ပဲ လုပ်သင့်တာ ကို ဆက် လုပ်နေရတာပဲ ” ဆိုသည့် အပိုဒ် ကို ထုံးစံ အတိုင်း ရေရွတ် ရင်း တင်း မိပြန်သည် ။

“  ဒုန်း ”

ရုတ်တရက် ကြမ်းပြင် ပေါ် သို့ လဲပြိုသံ နှင့် အတူ သူ့ တူမ မက်ဒေါနား ၏ သံကုန် အော် ငို လိုက်သံ ကို ကြား မှ သူ သတိ ဝင် ကာ ကလေး ကို ပြေး ပွေ့ လေသည် ။ နောက်ဘက် တွင် ထမင်းစား နေ ကြသော အိမ်သား အားလုံး လည်း အိမ်ရှေ့ခန်း သို့ ကမန်းကတန်း ပြေး လာကြလေသည် ။ သူ့ အမေ က သူ့ လက် ထဲ မှ ကလေးငယ် ကို လွှဲပြောင်း ယူရင်း -

“ ‌ေ .သပါပြီ တော် ၊ ‌ေ .သပါပြီ ။ နင် က လည်း ကလေး ခုံ ပေါ် တက် နေတာ မမြင်ဘူးလား ။ နင့် ရှေ့ မှာ ဆပ်ကပ် ပြ တယ် မှတ်လို့ မဆွဲဘဲ ကြည့် နေရတာလား ။ တကတဲ တော် ဘာတွေ မိန်းမော နေမှန်း မသိပါဘူး ”

သူ့ အစ်မ က သူ့ ကို မျက်စောင်း ထိုးရင်း တတွတ်တွတ် ရေရွတ် လေသည် ။ သူ က မူ သူ့ တူမ ခေါင်း မှ ဖု တက် လာသော အာလူးသီး ကို ကြည့် ရင်း -

“ မငိုပါနဲ့ မက်ဒေါနား ရယ် ၊ မငိုပါနဲ့ ။ နင် က နောက် တစ်နှစ် လောက် နေ ရင် ဒီ ခုံပေါ်  ကို ကောင်းကောင်း တက် နိုင်မှာပါ ဟယ် ။ နင့် မှာ ကန့်သတ် လို့ ရတဲ့ အချိန် ကာလ အတိအကျ ရှိပါတယ် ။ ငါ က တော့ လေ ငါ ကတော့ …. ။

◾ ခင်လေးသင်

📖 ပေဖူးလွှာ မဂ္ဂဇင်း
      ၁၉၈၉ ၊ ဧပြီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment