Wednesday, November 16, 2022

တိမ် ဖုံး သော် လည်း လ သာပါမည်


 ❝ တိမ် ဖုံး သော် လည်း လ သာပါမည် ❞


“ မိုးပေါ် မှာ ကြယ်တစ်လုံး ၊ တိမ်ဖုံးပါလို့ လ မသာ ၊ သာတဲ့အခါ သာ ပါလိမ့်မယ် ၊ နတ်ဒေဝါ သူ ဖန်ဆင်း ၊ ဖိုးရွှေလမင်း ” 


ကျွန်တော်တို့ ငယ်ငယ် က သူငယ်တန်း မှာ လား ၊ ပထမတန်း မှာ လား မမှတ်မိတော့ ၊ ကျောင်း မှာ အလွတ် ဆို ရသော ဖတ်စာအုပ် ထဲ မှ ကဗျာလေး ဖြစ်သည် ။


မိခင် က သားငယ် ကို ချီ ၍ လက်ညှိုး ထိုး ပြ နေသော ရုပ်ပုံလေး နှင့် ဖြစ်သည် ။ သားချော့ ကဗျာလေး ပဲ ဆိုကြပါစို့ ။


မောင်အောင်မျိုးသန့် ကို မြင်တိုင်း သည် ကဗျာလေး ကို ကျွန်တော် သတိ ရမိသည် ။  


မောင်အောင်မျိုးသန့် သည် ကျွန်တော်တို့ သင်္ဘော မှ စားပွဲထိုး ဖြစ်သည် ။ ကျွန်တော်တို့ သင်္ဘော တွင် စားပွဲထိုး နှစ်ယောက် ရှိသည် ။ အရာရှိ စားပွဲထိုး နှင့် သင်္ဘောသားစားပွဲထိုး ဟူ၍ ရှိရာ အရာရှိစားပွဲထိုး မှာ တရုတ် အမျိုးသား ဖြစ်၍ သင်္ဘောသားစားပွဲထိုး မှာ မြန်မာအမျိုးသား မောင်အောင် မျိုးသန့် ဖြစ်သည် ။


မောင်အောင်မျိုးသန့် သည် လူချမ်းသာ ပညာတတ် မျိုးရိုး မှ လာသူ ဖြစ်သည် ။ သူ့ ဖခင် မှာ ကော်ပိုရေးရှင်း တစ်ခု မှ ဦးဆောင်ညွှန်ကြားရေးမှူးကြီး တစ်ဦး ဖြစ်သည် ဟု သိရသည် ။


သူ့ ပြောပြချက် အရ သူ့ ဦးလေးများ ၊ သူ့ အဒေါ်များ မှာ ဆရာဝန် ၊ ဆရာဝန်မ ၊ တက္ကသိုလ်ကထိက များ ပင် ရှိသည် ဟု ဆိုပါသည် ။ သူ့ အစ်ကို သူ့ အစ်မ များ မှာ လည်း ဘွဲ့ရ ပညာတတ်များ ဖြစ်၍ အမိနိုင်ငံ တွင် ကျရာ တာဝန် ကို ယူ ကာ အမှုထမ်း နေကြသည် ဟု သိရသည် ။


အောင်မျိုးသန့် လည်း ခေသူ မဟုတ် ၊ သင်္ချာအဓိက ဖြင့် သိပ္ပံဘွဲ့ ရ ထားသူ ဖြစ်သည် ။ ရုပ်ရည် သားနား၍ အသက် အားဖြင့် ရှိလှပါ မှ နှစ်ဆယ် ငါးနှစ် ပင် ပြည့် မည် မထင်သေးပါ ။


ဘွဲ့ ရပြီး မည်သည့် အလုပ် မျှ ဝင် မလုပ်ဘဲ မိဘ စီးပွား အားကိုးဖြင့် နှစ်နှစ် ခန့် အချိန် ဖြုန်း နေခဲ့သေးသည် ။ သူ့ မိဘများ မှာ လုပ်ချင်တာ ဖြစ်နိုင် သူများ ဖြစ်၍ အောင်မျိုးသန့် အား နိုင်ငံခြားသင်္ဘော မှာ အလုပ်သင် အရာရှိ အဖြစ် ကဒက် ဟု နာမည် တပ်၍ နိုင်ငံခြား ထွက်ရပ်လမ်း ဖွင့် ပေး လိုက်ခြင်းဖြင့် နတ်ဒေဝါ သူ ဖန်ဆင်း ၍ ဖိုးရွှေလမင်း အသွင် ဖြင့် စင်ကာပူ ကို ရောက် လာသူ ဖြစ်သည် ။


စင်ကာပူ မှာ ရရာ အလုပ် ကို ဝင် လုပ်ရသဖြင့် အလုပ်သင်အရာရှိ မှ စားပွဲထိုး ဖြစ်နေ သူ အောင်မျိုးသန့် မှာ သူ့ ဘဝ ကို မကျေမနပ် ဖြင့် ဘဝင် မကျ နိုင် ဖြစ် နေရသည် ။


ရဟန်းဝါတော် နှစ်ဆယ် ကျော် ရ ပြီး ကာ မှ လူ ထွက်ပြီး လူ့ ဘဝ မှာ မဟန်၍ ကိုရင်ကြီး ပြန် ဝတ်သော သူ ကဲ့သို့ အခံ ရ ခက် နေဟန် တူသည် ။


ပညာတတ် မာန နှင့် လုပ်ကိုင် နေရသော လုပ်ငန်း သဘာဝ တို့ ပဋိပက္ခ အသွင် ကို ဆောင် နေသောကြောင့် အများ နှင့် ဆက်ဆံရာတွင် ပြေပြေ ပြစ်ပြစ် မရှိလှ ။ မကြာခဏ ပြဿနာ တက်ပြီး သင်္ဘောသားများ ကိုယ့် ထမင်း ကိုယ် ခူးစားရသော ရက်များ လည်း ရှိခဲ့ဖူးပါသည် ။


အများ နှင့် မပတ်သက်ဘဲ သူ့ ပြဿနာ သူ ဖန်တီးသော ကိစ္စများ လည်း ရှိသေးသည် ။ နေမကောင်း ဟု အကြောင်း ပြကာ အိပ်ရာထဲ မှ မထဘဲ နေသည် ဟူ၍ လည်းကောင်း ၊ အရက် မူးပြီး အလုပ် မလုပ်ဘဲ ဂျစ်ကန်ကန် လုပ်နေသည် ဟူ၍ လည်းကောင်း တစ်မျိုး မဟုတ် တစ်မျိုး ကြား နေရသည် ။


မြန်မာ ၊ အင်ဒိုနီးရှား ၊ မလေးရှား သင်္ဘောသား အားလုံး သည် အောင်မျိုးသန့် အပေါ် စိတ် ရှည်ကြသည် ။ ခွင့်လွှတ် ကြသည် ။ အချိန်တန်၍ အောင်မျိုးသန့် မလာလျှင် ကိုယ့် ဘာသာ ခူးခပ် စား သွားကြသည် ။ အရေး လည်း မယူ ၊ အလေး လည်း မထား ၊ အောင်မျိုးသန့် အား ကလေးဆိုး တစ်ယောက် လိုသာ သဘော ထားကြသည် ။


      •••   •••   •••   •••  


ည တစ်ည သန်းခေါင်ယံ အချိန်လောက် တွင် တစ်စုံတစ်ယောက် က ကျွန်တော့် အခန်း ကို လာ ခေါက် သဖြင့် အိပ်မှုံစုံမွှား ဖြင့် ဘယ်သူများ ပါ လိမ့် ဟု ဖွင့် ကြည့် လိုက်ရာ အင်ဒိုနီးရှားသင်္ဘောသား ဆလန်းအာမက် ဆိုသူ ဖြစ်နေသည် ။


“ ဝမ်းနည်းပါတယ် မစ္စတာစိုးမိုး ၊ ကျွန်တော့် ကို ခွင့်လွှတ်ပါ ၊ အောင်မျိုးသန့် ဘာဖြစ် နေလဲ မသိဘူး ၊ လာ ကြည့်ပါဦး ၊ အော် ငိုနေတယ် ” 


ဟာ အကျိုးနည်းပြီး အချိန် မဟုတ် အခါ မဟုတ် ဒီကောင် ဘာ ဖောက်ပြန်ပြီလဲ မသိ ။ သင်္ဘော ကလည်း ရေလယ် မှာ ကျောက်ချ ထားသည် ။ အရေး ဆိုလျှင် ကမ်းပေါ် တက်ဖို့ ရာ မလွယ်ပါ ။ မြန်မာသင်္ဘောသား အုပ်စု ထဲ မှာ ကျွန်တော် က အသက် အကြီးဆုံး ဖြစ်၍ ပြဿနာ တစ်ခု ဖြစ်တိုင်း ကျွန်တော့် ဆီ ဦးတိုက် လာ ကြသည် ။  


ကျွန်တော် လိုက်သွားပြီး ကြည့် သောအခါ အောင်မျိုးသန့် တစ် ယောက် အိပ်ရာ ပေါ် မှာ လူးလှိမ့် နေသည် ။ ခါး မှာ လည်း လုံချည် မရှိတော့ ။ လက် နှစ်ဖက် ဖြင့် သူ့ လည်ပင်း ညှစ်ပြီး အသံကုန် ဟစ် နေသည် ။ အိပ်ရာ ဘေး မှာ လည်း တံတွေးတွေ အနှံ့အပြား ထွေး ထားသည် ။


“ ကျွန်တော့် ကို ဆေးရုံ ပို့ပါ ၊ ကျွန်တော် အိမ်ပြန်တော့မယ် ၊ ကျွန်တော့် ကို အိမ် လိုက်ပို့ပါ ” 


ပါးစပ် မှ ကယောင်ကတမ်း ဖြင့် မြန်မာ လို အော်ပြော နေသည် ။ ဘေးနား က နိုင်ငံခြား သင်္ဘောသားတွေ က သူ ဘာတွေ ပြော နေတာလဲ ဟု မေး လာသည် ။ အမှန်အတိုင်း ပြော လိုက်လျှင် ရှုပ်ကုန်မည် စိုး၍ အဆင်ချော အောင် ကြည့် ပြောလိုက်ရသည် ။


မနေ့ က လခ ထုတ်သည် ။ အချိန်ပို တာဝန်ကျ နေ၍ ကမ်းပေါ် မတက်ရ ၊ သည်နေ့ သည်ကောင် အားလပ်ခွင့် ရ၍ ကုန်းပေါ် တက်သွား ခဲ့သည် ။ ညနေ အပြန်တွင် အရက် မူး လာ သလိုလို ပုံစံ ဖြင့် နည်းနည်း မူ ပျက် လာသည် ကို သတိ ထား လိုက်မိသည် ။ 


“ သူ အရင်တုန်း က ဒီလိုပဲ ဖြစ်ဖူးသလား ” 


အောင်မျိုးသန့် မှာ ကျွန်တော့် အရင် ဤ သင်္ဘော ကို ရောက် နေသူ ဖြစ်၍ သူ့ အကြောင်း ကို ပို သိသော လူဟောင်းများ ကို မေး ကြည့်ရသည် ။


“ ဒီလိုတော့ မဖြစ်ဘူး ၊ ဒါပေမယ့် ဆေး သုံး လာတဲ့ နေ့ ဆိုရင် ဆေး ပေါက်ပြီး တစ်ခွန်းတလေ ထ အော် တတ်တယ် ” 


အခန်းချင်း ကပ် နေသူ ဆလန်းအာမက် က အောင်မျိုးသန့် ဆေး သုံး ကြောင်း ပြော တော့မှ ကျွန်တော် သဘော ပေါက် ပါတော့သည် ။ ဆေး ပေါက် ပြီး ကယောင်ကတမ်းတွေ လျှောက် ပြော နေခြင်း ဖြစ်သည် ။


စင်ကာပူ မှာ ဆေး စီရင်ပြီးသား စီးကရက် ဆယ်လိပ်ဝင်ဘူး မှ အလိပ် နှစ်ဆယ်ဝင်ဘူး တံဆိပ်အမျိုးမျိုး ၊ ၂၅ ဒေါ်လာ တန် မှ ဒေါ်လာ တစ်ရာ တန် အထိ အစား စား ရှိသည် ။


“ ကဲ သူငယ်ချင်းတို့ ၊ ဒီကောင် ဆေးပေါက်ပြီး ပေါက်တတ်ကရတွေ လျှောက် အော် နေတာ ၊ အမူး ပြေရင် အိပ်ပျော် သွားလိမ့်မယ် ၊ ကိုယ့် အခန်း ကိုယ်ပြန် အိပ်ကြ ၊ ကျေးဇူး တင်ပါတယ် ၊ ကောင်းသော ည ပါ ” 


အောင်မျိုးသန့် မှာ လည်း ယခင် နှင့် စာ လျှင် အနည်းငယ် ငြိမ်သွား ပြီ ဖြစ်၍ စောင်ခြုံ ပေးခဲ့ပြီး သူ့ အခန်းတံခါး ကို ချက် ကျအောင် ပိတ် ခဲ့၍ ကျွန်တော့် အခန်း သို့ ပြန် ခဲ့ပါသည် ။


      •••   •••   •••   •••  


နေ့လယ်စာ စားချိန် ဖြစ်၍ သင်္ဘောသား စားသောက်ခန်း တွင် ဇွန်းသံ ၊ ခက်ရင်းသံ ၊ ပန်းကန်သံ ၊ ခွက်သံ ၊ တစ်ဦး ကို တစ်ဦး နောက်ပြောင် အော်ဟစ် သံ တို့ ဖြင့် ဆူညံနေသည် ။


'  Hey! friends, behave yourself like gentleman. Keep clean. don't rubbish '  တဲ့ ဗျား ။


ဒီကောင် ပြဿနာ လုပ်ပြန်ပြီ ဟု ကျွန်တော် စိုးရိမ် သွားမိပါသည် ။ အဓိပ္ပာယ် က တော့ “ ဒီမှာ ကိုယ့်လူတို့ ၊ လူကြီးလူကောင်း ပီသကြပါနော် ၊ သန့်ရှင်းမှု ကို ကူညီပါ ၊ အမှိုက် မဖွပါ နဲ့ ” ဆိုတဲ့ အဓိပ္ပာယ် ပါပဲ ။


နာ တတ်သူများ ဆို လျှင်တော့ နာစရာ ကောင်း သည့် စကား ပါ ပဲ ။ ဒါလေး လှည်းကျင်း ရတာ သူ့ အတွက် ဘာမှ အပန်း ကြီး လှ သည် မဟုတ် ။ သူ မလုပ်သည့် နေ့ တွေ မှာ ဟိုကောင်တွေ က သူ့ ကိုယ်စား လုပ် ပေးနေသည် ကို သူ လည်း အသိသား ။


ဟိုကောင်တွေ မခံရပ်နိုင်၍ ပြန်လှန် ပြော လျှင် ရန်ဖြစ် ကုန် ကြမည် ။ သို့ပေမယ့် သူ့ လူတွေ နှင့် သူ နှင့် အဆင် ကို ချောလို့ ။ အောင်မျိုးသန့် စကား ကို အရေး မထားသည့်ပုံဖြင့် “ ယက်ဆာ ၊ ယက်ဆာ ” ဟု အော်ရင်း ရယ်ကာ မောကာ ဖြင့် ပြီး သွား ကြသည် ။ တော်ပါသေး၏ ။


တစ်ခါကလည်း ထမင်းစားခန်း ထဲ မှာပင် အာပေါင် အာရင်း သန်သန်ဖြင့် သူ အိမ် မှာ နေစဉ် က သူ့ ထမင်း တောင် သူ ခူးစားသည် မဟုတ် ကြောင်း ၊ စားပွဲထိုး လုပ် နေပေမယ့် သိပ္ပံဘွဲ့ ရ ပြီး သူ ဖြစ်ကြောင်း ၊ မြန်မာပြည် ပြန် သွား ရသော်လည်း ထမင်း မငတ်ကြောင်း လက်သီး လက်မောင်း တန်း ၍ အားလုံး ကို ပြော နေသည် ။


“ အောင်မျိုးသန့် ၊ မင်း ပညာတွေ ဒီလောက် တတ်ပြီး ဘာဖြစ်လို့ ဒီမှာ လာပြီး စားပွဲထိုး လုပ် နေရတာလဲ ” 


မလေးရှား သင်္ဘောသား တစ်ယောက် က နောက်ပြောင် သည့် အနေ ဖြင့် ကောက်ကာငင်ကာ မေး လိုက်ခြင်း ဖြစ်သည် ။ သည် ကောင်လေး တော့ သည် မေးခွန်းမျိုး တစ်နေ့ မဟုတ် တစ်နေ့ အမေး ခံရတော့မည် ကို ကျွန်တော် ကြို တွက်မိပြီးသား ။ သည် မေးခွန်း ကို သူ ဘယ်လို အဖြေ ပေးမလဲ ဟု စိုးရိမ် စိတ် ဖြင့် ထမင်း မဝါးဘဲ နားထောင် နေမိသည် ။


“ ဒီမှာ ကိုယ့်လူ ၊ အလုပ် မလုပ်ချင်လို့နော် ၊ ခင်ဗျား သိထားဖို့က နိုင်ငံခြား ကို ရောက်ဖူး ချင်လို့ တမင် ထွက်လာတာ ၊ သိပလား ဟင် ” 


သေတဲ့ နန္ဒိယ ငါ့ နှယ် ထင်တဲ့ အတိုင်းပါပဲလား ၊ အမိနိုင်ငံ မှာ ကျန်နေခဲ့သည့် ပညာတတ် လူငယ်လုပ်သားတွေ ၏ မျက်နှာ ကို မှ မထောက် ထား ၊ နိုင်ငံခြား ကို အထင်ကြီးသော ခေတ်ပညာတတ် စားပွဲထိုးကြီး ကို အလဲ ထိုးပြီး လှိမ့် ကန်ချင် စိတ် ပေါက် သွားပါသည် ။  


“ ဒီမှာ ၊ မစ္စတာစိုးမိုး ၊ အောင်မျိုးသန့် အဖေ က မန်နေဂျင်းဒါရိုက်တာ ဆိုတာ ဟုတ်ရဲ့လား ဗျ ။ ကျွန်တော် တို့ တော့ မယုံပါဘူး ” 


အမှန်တော့ သူ့ ကို ခင်မင်၍ ၊ တစ်နည်းအားဖြင့် မခံတတ်မှန်း သိ၍ ဝိုင်း လှောင်နေကြခြင်း ဖြစ်သည် ။ အောင်မျိုးသန့် က ကျွန်တော့် ကို အကူအညီ တောင်းသည့် မျက်နှာ ဖြင့် ကျွန်တော့် အဖြေ ကို အားကိုးကြီး စွာ စောင့်မျှော် နားထောင် နေသည် ။


“ အလကား ၊ ဒီကောင့် စကားတွေ ကို ခင်ဗျားတို့ ယုံယုံကြည်ကြည် လုပ်ပြီး နားထောင် နေကြတယ် ၊ ဒီကောင် ပြောတာတွေ တစ်ခု မှ မယုံနဲ့ ” 


ကျွန်တော့် စကား ဆုံးသည် နှင့် တစ်ခန်းလုံး ဝါးခနဲ ပွဲကျသွားပြီး အောင်မျိုးသန့် မျက်နှာ မှာ မအီမလည် ပုံစံဖြင့် ကျန်နေခဲ့ပါတော့သည် ။


     •••   •••   •••   ••• 


တစ်နေ့ ညနေခင်း တွင် ကျွန်တော့် အခန်း သို့ အောင်မျိုးသန့် ရောက် လာ သည် ။ အားအားလပ်လပ်၍ လာလည်သည့် ပုံ မျိုး ဖြစ်သည် ။ ကျွန်တော် ကလည်း သူ့ ကို နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် စကား ပြောချင်နေ သည် နှင့် အတော် ပင် ဖြစ် သွားသည် ။


“ လာဟေ့ ထိုင် ၊ မောင်အောင်မျိုးသန့် ၊ မင်း နဲ့ စကား ပြောချင်နေတာနဲ့ အတော်ပဲ ” 


ကျွန်တော့် အိပ်စင် ဘေးနား ရှိ စာရေးစားပွဲ အနီး မှ ကုလားထိုင် တွင် ဝင် ထိုင်လိုက်ပြီး ၊


“ ကျွန်တော် က လဲ အစ်ကိုကြီး နဲ့ စကား ပြော ချင် နေတာပါ ၊ အစ်ကိုကြီး က ကျွန်တော့် ကို ဆိုရင် ဟိုကောင်တွေ ရှေ့မှာ ဒေါက်ဖြုတ်တာ ရေရေ လည်လည် အောင့် တယ်ဗျာ ၊ ကျွန်တော် သိက္ခာ ကျ တာပေါ့ အစ်ကိုကြီး ရ ” 


ကျွန်တော် က အိပ်စင် ပေါ် မှ ထိုင်လျက် စားပွဲပေါ် မှ စီးကရက်ဘူး ကို လှမ်း ယူလိုက်ပြီး သူ့ ကိုတစ်လိပ် ကမ်း ပေးလိုက်သည် ။ ကျွန်တော့ စီးကရက် ကို မီးညှိ ပြီး မီးခြစ် ကို  မီး မငြိမ်းသတ်ဘဲ သူ့ ဘက် သို့ ကမ်း ပေး လိုက် ရာ သူ လည်း မီးညှိ ဖွာရှိုက်လိုက်ပြီး ကျွန်တော့် စကား ကို စောင့် နေသည် ။ ကျွန်တော် က စီးကရက် မီးခိုး မှုတ် ထုတ် လိုက်ပြီး


“ ဒီမှာ မင်း ကို သိက္ခာ ချတာ မဟုတ်ဘူး ၊ မင်း သိက္ခာ ကို ပြန် တင်တာ မင်း ကို တင် မဟုတ်ဘူး ၊ မင်း အဖေ ကိုရော မင်း တို့ တစ်ဆွေလုံး တစ်မျိုးလုံး ကို ရော တို့ မြန်မာ တစ်မျိုးသားလုံး ကိုပါ သိက္ခာ ပြန် တင်ပေးတာ ၊ မင်း နားလည်ရဲ့လား ” 


“ တို့ နိုင်ငံ မှာ အလုပ် လုပ် စားစရာ နေရာ မရှိလို့ ဒီမှာ လာပြီး အလုပ် လုပ် နေကြတယ် လို့ အထင် ခံရမယ် ၊ မြန်မာပြည် မှာ ခေတ်ပညာတတ် လူငယ် တွေ လေလွင့်ပြီး ဦးနှောက် ယိုစီးမှုတွေ ဖြစ် နေတယ် လို့ အထင် ခံရမယ် ။ မြန်မာပြည် မှာ စားဝတ်နေရေး ကျပ်တည်း လို့ အရာရှိကြီးတွေ ရဲ့ သား

သမီးတွေ နိုင်ငံခြားသင်္ဘောတွေ မှာ အနိမ့်ဆုံး အဆင့် အနိမ့်ဆုံး လစာ နဲ့ လာပြီး အလုပ် လုပ် နေကြရတယ်လို့ အထင် ခံရမယ် ၊ မင်း မပြောတတ် မဆိုတတ် တာ တွေ ကြောင့် တို့ တိုင်းပြည် နဲ့ လူမျိုး ပါ အထင်အမြင် အသေး ခံရမယ် ၊ မင်း အဲဒါတွေ ထည့် တွက်မိရဲ့ လား ”  


မောင်အောင်မျိုးသန့် က မျက်စိ ကလယ် ကလယ် နှင့် ကျွန်တော့် ကို ကြည့် နေသည် ။


“ မင်း က မင်း လုပ် နေရတဲ့ အလုပ် ကို သေးသိမ်တယ် ၊ ဂုဏ်ငယ်တယ် ထင်ပြီး မင်း ကို သူများ အထင် ကြီးအောင် ၊ မင်း အကြောင်းတွေ မင်း ဖော် ပြော နေတယ် ၊ မင်း ပြောတာတွေ အားလုံး အမှန်တွေချည်း ပဲ ဆိုတာ ငါ သိတာပေါ့ ။ ဒါပေမယ့် မင်း အကြောင်း ကို မင်း ကိုယ်တိုင် ပြောလို့ သိတာ နဲ့ ငါ က တစ်ဆင့် ပြောပြလို့ သိတာချင်း မတူဘူး ကွ ၊ လူ တစ်ယောက် ရဲ့ အကြောင်း ဆိုတာ ဖော် မပြောလဲ တစ်နေ့ ကျ ရင် သူ့ အလိုလို သိ လာကြတာပါပဲ ၊ အဲဒီလို ကိုယ်တိုင် မပြောဘဲ သူ့ အလိုလို သိတာ မှ တန်ဖိုး ရှိတာ ” 


ကျွန်တော် က ပြောချင် နေသည် မှာ ကြာပြီ ဖြစ်သော စကားများ ဖြစ်၍ အားပါးတရ ပယ်ပယ်နယ်နယ် မျက်နှာ ကို လက်ညှိုး ထိုး၍ တစ်လုံးချင်း ပြော ချလိုက်သည် ။ သူ ခေါင်းငုံ့ ပြီး နားထောင် နေသည် ။  


“ ဒီမှာ စားပွဲပဲ ထိုးထိုး ၊ အိမ်သာပဲ ဆေးဆေး ၊ အလုပ် ဟာ အလုပ် ပဲ ကွ ၊ ခိုး စားတာ ဓားပြတိုက် စားတာ မဟုတ်ဘူး ၊ ရိုးရိုးသားသား လုပ် စားတာ ဘာ အလုပ်ပဲ ဖြစ်ဖြစ် အလုပ် ကို တန်ဖိုး ထားပြီး လုပ်တဲ့ လူ မှာ အလိုလို ဂုဏ် ရှိ နေတာပဲ ၊ မင်း အလုပ် ကို မင်း ကြိုးကြိုးစားစား နဲ့ မှိန်မှိန်ကုပ်ကုပ် နေရင်း က မင်း ဘ၀ အဖြစ် မှန် ကို သူတို့ သိ လာတဲ့ တစ်နေ့မှာ မင်း ကို ရိုသေ လာမယ် ၊ လေးစား လာမယ် ၊ မင်း ကိုယ့် အလုပ် ကျတော့ အလေး မထားဘဲ ၊ အခုလို မင်း အကြောင်း ကို ပဲ ဖော် ပြောနေလို့ ရိုသေ လေးစားလာမယ် ထင် လို့လား ။ မင်း အခု လစာ ဘယ်လောက် ရသလဲ ၊ ကဲ ၊ ငါ့ ပြောစမ်းပါဦး ” 


“ ကျွန်တော့် လစာရင်း ၁၅၀ ၊ ပင်လယ်ပြင်ကြေး နဲ့ အချိန်ပို လုပ်ခ ပါ ဆိုရင် အားလုံး သုံးရာ ရပါတယ် ” 


သူ ပြောသည့် သုံးရာ ဆိုသည် မှာ အမေရိကန်ဒေါ်လာ ဖြစ်သည် ။ မြန်မာငွေ တစ်လ ကို နှစ်ထောင်ကျော် အသားတင် ဝင်ငွေ ရှိသော အကောင့် ဖြစ်သည် ။ သူ့ ညွှန်ကြားရေးမှူး သူ့ လောက် ဝင်ငွေ မများသည် မှာ သေချာသည် ။  


“ မင်း အခု တစ်နှစ် ပြည့် တော့မယ် ၊ မင်း လက်ထဲ မှာ ပိုက်ဆံ ဘယ်လောက် စုမိပြီလဲ ” 


“ စုမိဖို့ နေနေသာသာ အစ်ကိုကြီး ရာ ၊ ကြွေးတောင် တင်နေပါ သေးတယ် ” 


“ ဟင် မင်းဟာ ကလဲ ကွာ ၊ မင်း မူရင်း လစာ ၁၅ဝ ဆိုတော့ မိသားစု လွှဲငွေ ၇၅ ဒေါ်လာ နုတ်ပြီးရင် ဒေါ်လာ နှစ်ရာကျော် တောင် ကျန် သေးတာ ၊ မင်း ဘာတွေ လုပ်ပစ် နေလို့လဲ ” 


“ ဘာတွေ ကုန်မှန်းလဲ မသိပါဘူး အစ်ကိုကြီး ရာ ၊ အမျိုးသမီး ဆီ က စာ မလာတာလဲ သုံးလ ကျော် ပြီ ၊ ကျွန်တော် လဲ စိတ်ညစ်ပြီး အကုန် စွတ်လုပ် နေတာပဲ ၊ ဒီ ကြား ထဲ မာမီ က ပိုက်ဆံ ဘယ်လောက်  စုမိပြီလဲ ဆိုပြီး အမြဲ စာ ရေးပြီး မေးတယ် ၊ အိမ် ကို ဖုန်းဆက် ခိုင်းတယ် ” 


အောင်မျိုးသန့် လူပျို ဖြစ်သည် ။ အမျိုးသမီး ဆိုသည် မှာ ရည်းစား ဖြစ်သည် ။ ရည်းစား ဆီ က စာ မလာ၍ အိမ် ပြန် ချင်သည် ။ စိတ်ညစ် ပြီး အရက် သောက်သည် ။ ဘိန်း ရှုသည် ။


“ ကဲ ၊ မင်း ဘာဖြစ်ချင်သလဲ ၊ ဘာလုပ်ချင်သလဲ ၊ ငါ့ ပြောစမ်းကွာ ၊ ငါ ဆိုလိုတာ က မင်း အလုပ်သင်အရာရှိ ၊ ပြီးတော့ တစ်ခါ တတိယအရာရှိ အဲဒီလို အဆင့်ဆင့် ဖြစ် ချင်သလား ” 


“ အဲဒါတွေ ဖြစ် မလာလို့ အခု စိတ်ညစ်နေတာပေါ့ အစ်ကိုကြီး ရာ ၊ ကဒက် နဲ့ ထွက် လာပြီး စားပွဲထိုး လုပ် နေရတယ် ဆိုတော့ အစ်ကိုကြီး ပဲ စဉ်းစား ကြည့်ပါဦး ၊ ကျွန်တော့် အမျိုးသမီး ကလဲ ဒီ အကြောင်းတွေ သိ သွားလို့ နဲ့ တူပါတယ် အစ်ကိုကြီး ရာ ၊ စာ ကို မလာတော့ဘူး ” 


စီးကရက်တို ကို ပြာခံခွက် ထဲ မှာ ထိုး လိုက်ရင်း ခံပြင်းသည့် လေသံဖြင့် ပြန် ဖြေသည် ။


“ ဒီမှာ ညီလေး ၊ လောကကြီး မှာ ကိုယ် ဖြစ်ချင်တိုင်း သာ လွယ်လွယ် ကူကူ ဖြစ်ကြမယ် ဆိုရင်လေ စစ်တပ်တွေ ထဲ မှာ ရိုးရိုး ရဲဘော် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး ၊ အကုန်လုံး စစ်ဗိုလ်တွေ ချည်း ဖြစ်နေမှာပဲ ၊ တိုင်းပြည် မှာ လဲ သာမန် လုပ်သားပြည်သူတွေ ရှိတော့မှာ မဟုတ်ဘူး ။ အကုန်လုံး ဝန်ကြီးချုပ် နဲ့ သမ္မတ တွေ ချည်း နေမှာပဲ ၊ ကမ္ဘာကြီး မှာ လဲ လူသားတွေ တစ်ယောက် မှ နေကြတော့ မှာ မဟုတ်ဘူး ၊ အကုန်လုံး နတ်ပြည် နဲ့ နိဗ္ဗာန် ကို ပြောင်းရွှေ့ နေထိုင် ကြတော့မှာ ပေါ့ ကွာ ” 


“ မင်း ဘဝ တိုးတက်မှု အတွက် မင်း ကိုယ်တိုင် ကြိုးစား ရလိမ့်မယ် ဘယ်အရာ ကို မှ မကြိုးစားဘဲ မရနိုင်ဘူးကွ ၊ နတ်ဒေဝါ ဖန်ဆင်းလို့ ဖိုးလမင်း ဖြစ်ခဲ့ရင်လဲ ကိုယ်ပိုင် အရည်အချင်း မရှိတဲ့ အတွက် မကြာခင် တိမ် ဖုံးသွားမှာပဲ ။ မင်း ဘဝ အလင်းရောင် ရဖို့ အတွက် မင်း မှာ ကြိုးစားမှုတွေ လိုအပ်နေတယ် ၊ ကဲ တိုတိုပဲ ပြောမယ်ကွာ ၊ မင်း ငါ့ စကား နားထောင်မလား ” 


“ ပြောပါ အစ်ကိုကြီး ၊ ကျွန်တော် နားထောင်ပါ့မယ် ” 


စိတ်ဝင်စားစွာ နားထောင် နေရင်းမှ မဆိုင်းမတွ ပင် အဖြေ ပေး လာ ပါသည် ။  


“ ကဲ ကောင်းပြီ ၊ ဒီ လ က စပြီး မင်း လစာ ကို ထုတ်ပြီးတာ နဲ့ ငါ့ ကို အပ်ရမယ် ၊ မင်း  အထွေထွေ လိုရာသုံးဖို့ ၂၅ ဒေါ်လာ ချန် ထားပြီး ၊ လစဉ် ဒေါ်လာ နှစ်ရာ ကို အပ် ထားရမယ် ၊ သဘော တူလား ” 


သူ့ လစာ သုံးရာ မှာ မူရင်း လစာ တစ်ရာ့ငါးဆယ် ၏ ငါးဆယ် ရာခိုင်နှုန်း ဖြစ်သော ၇၅ ဒေါ်လာ ကို ကုမ္ပဏီ မှ ဖြတ် ယူထားပြီး သူ့ မိခင် နာမည် ဖြင့် မိသားစု လွှဲငွေ အဖြစ် ရန်ကုန် သို့ လစဉ် ပို့ ပေးနေသည် ။ ကျန်သည့် ၂၂၅ ဒေါ်လာ ကို တစ်ပြား မကျန် အကုန်လုံး သုံး ပစ်နေသူ ဖြစ်သည် ။


“ လုပ်ပါ ၊ အစ်ကိုကြီး ကောင်းမယ် ထင် သလို လုပ်ပါ ၊ ကျွန်တော် သဘော တူပါတယ် ” 


“ အေး ၊ မင်း ပိုက်ဆံ ကို ဘဏ် တစ်ခု မှာ ငွေစုစာအုပ် နဲ့ စု ပေးထားမယ် ။ လစဉ် မင်း ကို ပြမယ် ၊ တစ်လ ကို ဒေါ်လာ နှစ်ရာ စုပြီး နောင်နှစ် ဒီလို အချိန် မှာ မင်း ရန်ကုန် ကို ပြန် ၊ မင်း ကို မာဇဒါ ပရက်စ်တို ကား တစ်စီး ဝယ် ပေးလိုက်မယ် ၊ ငါ တော့ မပြန်သေးဘူး ၊ မင်း ရန်ကုန် မှာ ဖောရင်းမိတ် ( Foreign Mate ) ဝင် ဖြေပါ ၊ အခုအချိန် က စပြီး စာကျက်ပါ ၊ မှတ်ပါ ၊ လေ့လာပါ ၊ ဒီ အချိန် ဟာ မင်း အတွက် လက်တွေ့ ကျကျ လေ့လာဖို့ အခွင့်ကောင်း ရ နေပြီပဲ ၊ မင်း ရဲ့ သင်္ဘောသား မှတ်တမ်းစာအုပ် မှာ စားပွဲထိုး အစား အလုပ်သင်အရာရှိ မှတ်တမ်း တင် ပေးဖို့ ကပ္ပတိန် ကို ငါ ပြောပေးမယ် ၊ အဲဒါ ငါ တာဝန် ယူတယ် ၊ မင်း ကလဲ ကြိုးစား ပြပါ ၊ ကပ္ပတိန် က မင်း ကို အားပေး မှာပါ ” 


ကုလားထိုင် မှာ ထိုင်လျက် ဒူးနှစ်ချောင်း ပေါ် တွင် တံတောင်နှစ်ချောင်း ထောက် ပြီး ဝဲယာ ပါး နှစ်ဖက် ကို လက်ဝါး ဖြင့် အုပ်လျက် ခေါင်း ငုံ့ပြီး နားထောင် နေသည် ။


“ ပြီးတော့ မင်း ရဲ့ အပြုအမူ အပြောအဆိုတွေ ကို ဒီနေ့ က စပြီး ပြင်ပါ ၊ မင်း ဟာ အရည်အချင်း ရှိတဲ့ လူငယ် တစ်ယောက် ဆိုတာ ငါ မြင် ကတည်း က အကဲခတ် မိတယ် ၊ မင်း ဘဝကို မင်း မကျေနပ်လို့ မင်း စရိုက် နဲ့ မကိုက်ညီတဲ့ အမူအကျင့်တွေ လုပ် နေတယ် ဆိုတာ ငါ ရိပ်စားမိတယ် ၊ အဲဒါ မင်း ရဲ့ အဓိက အမှားပဲ ၊ လူ ဆိုတာ ဘဝ နာ ရင် ပိုပြီး ကြိုးစားရတယ် ၊ ကြိုးစားတဲ့ လူ အဖို့ မှာ ဘဝ နာ လေ ပိုပြီး အောင်မြင်လေပဲ ၊ မင်း အရည်အချင်း နဲ့ ဆိုရင် နည်းနည်းလေး ကြိုးစား လိုက် ရုံနဲ့ မင်း မျှော်မှန်းတဲ့ ပန်းတိုင် ကို ရောက်သွား မယ် ၊ မင်း ဖြစ် နိုင်တယ် ။ ငါ သိတယ် ၊ ဘယ့်နှယ်လဲ ကြိုးစား နိုင်ပါ့မလား ”  


မောင်အောင်မျိုးသန့် ၏ ပါးစပ် မှ ဘာအဖြေ မှ မထွက်လာဘဲ ခေါင်းကြီး ငုံ့ ထားသည် ။ အဖြေ ပေးရန် စဉ်းစားနေသည် ဟု ကျွန်တော် ထင်မိ သည် ။ မကြာမီ ခေါင်းငုံ့ ထားသည့်သူ့ မျက်လုံး ဆီ မှ မျက်ရည် တစ်ပေါက် ကြမ်းပြင် ပေါ် သို့ တောက်ခနဲ ကျ လာ ပါ တော့သည် ။


သူ ဘာကို များ ဝမ်းနည်း သွားပါလိမ့် ဟု လည်း တွေး လိုက်မိပါသည် ။


မကြာမီ ထိုင် နေရာမှ မတ်တတ်ရပ် ၍ ဖိနပ် ချွတ် လိုက်ပြီး ကြမ်းပြင် မှာ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီ ၍ ကျွန်တော့် ကို ဦးချ ကန်တော့ပါ လေတော့သည် ။


ပါးစပ်မှ လည်း


“ ကျွန်တော် ကြိုးစားပါ့မယ် လို့ ကတိ ပေးပါတယ် အစ်ကိုကြီး ၊ အစ်ကိုကြီး ဟာ ကျွန်တော့် အတွက် အမိ က လွဲရင် အမိ ၊ အဖ က လွဲရင် အဖ ၊ ကျွန်တော့် ဘဝ ကို လမ်းပြ ပေးတဲ့ ဆရာ ဆိုရင်လဲ မမှားပါဘူး ၊ ကျွန်တော့် ကို အခုလို ဘယ်သူ မှ နည်းပေး လမ်းပြ မဆုံးမ ကြပါဘူး အစ်ကိုကြီး အခုလို

ဆုံးမ စကား ပြောပြီး ကျွန်တော့် ဘဝ အတွက် ကူညီတာ ကို ကျေးဇူး တင် တဲ့ အတွက် ကျွန်တော် ဦးချ ကန်တော့ ပါ တယ် ၊ ကျွန်တော် ကံသုံးပါး နဲ့ ပြစ်မှား မိခဲ့သည်များ ရှိ ပါကလဲ ထို အပြစ် တို့ ကို ပျောက်ပါစေခြင်း ငှာ ကျွန်တော် လက်အုပ်မိုး လို့ ရှိခိုးပါတယ် အစ်ကိုကြီး ” 


ပါးစပ် က ပြောပြီးသည် နှင့် ထပ်မံ၍ ဦးသုံးကြိမ် ချပြန်သည် ။ ကျွန်တော့် မှာ အံ့ဩ ဝမ်းသာ သွားပြီး ဘာ ပြန် ပြောရမှန်းမသိ ကြောင်တောင်တောင် ဖြစ် နေသည် ။ ဦးချ ကန်တော့ လာ သူ ကို ထိုက်သင့်သည့် ပဋိသန္ဓာရ ဆုပေး စကားလေး ပင် မချီးမြှင့်နိုင်ဘဲ ရင် ထဲ မှာ ဝမ်းသာ ဆို့နင့်ပြီး ကျွန်တော့်

မျက်ဝန်း အိမ် မှာ မျက်ရည်စတွေ ခိုတွဲ ၍ နှာရည် ယိုရွဲ ဖြစ် လာပါသည် ။ ရင် ထဲ မှာ ရှိုက်ဖို ၍ အတွင်း လှိုက် ငို နေမိပြီ ဖြစ်ကြောင်း သတိ ပြုမိလိုက် ပါသည် ။


မောင်အောင်မျိုးသန့် ၊ နတ်ဒေဝါ ဖန်ဆင်း၍ ဖိုးလမင်း ဖြစ်လာသူ ၊ မိုးပေါ် က ကြယ်ကလေး တိမ်သလ္လာ ဖုံးနေစဉ် က သူ့ဘဝ လမင်း မသာနိုင်ခဲ့ ၊ ယနေ့ အမှန် မြင် ၊ အမှန် သိ ၍ သတိတရား ရသွားပြီ ဖြစ်သဖြင့် ကြိုးစားမှု နှင့် ပေါင်းစပ်မည် ဆိုပါက သူ့ ဘဝ မှာ လမင်း တစ်ရာ သာ ပါတော့မည် တကား ။


◾ အဏ္ဏဝါစိုးမိုး


📖 အသူရာစာစောင် 

      ဇူလိုင် ၊ ၁၉၈၆


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment