Wednesday, November 23, 2022

ရင်သွေး


 

❝  ရင်သွေး ❞

ဘထွန်း သည် ကလေး ငိုသံ ကြားသဖြင့် အိပ်ရာ မှ နိုးလာသော်လည်း မျက်စိ ကို မဖွင့်ဘဲ “ ဖွားသင် ကလေး ငိုနေတယ် ” ဟု ပြော လိုက်၏ ။ ကလေး မှာ ငိုမြဲ ငို နေသော်လည်း ဖွားသင် ၏ အသံ ကို ကား မကြားရ ။ လက် ဖြင့် ရမ်း၍ စမ်း သော်လည်း မတွေ့သဖြင့် ထ ၍ ကြည့်ရာ ဖွားသင် မှာ အခန်း ထဲ တွင် အလျှင်း မရှိ ဖြစ်လေသည် ။ အံ့ဩ၍ သွားသော်လည်း အိပ်ရာ မှ ထ နှင့် ပြီ ထင် သဖြင့် ငိုနေသော ကလေး ကို တစ်ချက် ကြည့်၍ နောက်ဖေး ဆီ သို့ ဖွားသင် ခေါ်ရန် ထွက်၍ သွားလေ၏ ။

ဖွားသင် ကား ဘယ်မှာ မှ မတွေ့သဖြင့် အခန်း ထဲ သို့ ပြန် ဝင်လာရာ ည က မိမိ ထားသော ငွေဖလား ကို သွား၍ အမှတ် ရသဖြင့် ကပျာကယာ အိမ်တံစက်မြိတ်ကြား သို့ သွား၍ ကြည့်လေ ၏ ။ နှစ်နှစ်ခန့် မလဲဘဲ ထားသော နတ်အုန်းသီး သည် ပိန်ကပ် ခြောက်သွေ့၍ ကြိမ်ဆိုင်း အတွင်း တွင် မချိတရိ ဆွဲ လျက် ရှိသော်လည်း အုန်းသီး အထက်နား ရှိ အဝတ်ထုပ် ကား မရှိတော့ပေ ။

ခုတင် ခြေရင်း ရှိ ဖွားသင် ၏ အဝတ်အစား ထည့်သော ဖာ မှာ ဖရိုဖရဲ နှင့် ထဘီစုတ် တချို့သာ မြေကြီး ပေါ် တွင် ကျ၍ နေသည် ။ အကောင်း ဟူ၍ တစ်ထည်မျှ မကျန်တော့ပေ ။ ဤတွင်မှ နောက်ကျိ ၍ နေသော ဦးနှောက် တွင်း သို့ အလင်းရောင် သည် ဝင်၍ လာလေ၏ ။

ထရံ သို့ ပျစ်ခနဲ တံတွေး လှမ်း ၍ ထွေး လိုက်လေ၏ ။ ထို့နောက် ကလေး ကို လှမ်း၍ ကြည့် လိုက်ပြီး ဒီ ကလေး ကို ငါ ဘာ လုပ်ရမှာလဲ ။ တွေ့စမ်းချင်တယ် ဒီကောင်မ ။ ရော့ ... နင့် သား ကို ဆိုပြီး အိမ်ပေါက် မှာ လွှတ်ပစ် ထားခဲ့မယ် ။ 

တစ်စုံတစ်ခုကို သတိ ရသလိုဖြစ်ပြီး မျက်နှာ သည် သွေးစုတ်၍ သွားသလို ထင် လိုက်ရ၏ ။ အထက်နှုတ်ခမ်း ကို ကိုက် ထားသော်လည်း လက်များ မှာ တုန်၍ နေလေသည် ။ ကလေး အနား သို့ နှစ်လှမ်း ခန့် တိုး၍ သွားရာ အိပ်ရာပေါ် တွင် ကလန်ကလန် နှင့် နေသော ကလေး သည် လက်သီး တစ်ဖက် ကို ပါးစပ်တွင် စုပ်၍ နေ၏ ။ အငို တိတ်ပြီး ပြုံး တော့မလို လုပ်၍ နေသည် ။ စောင်စုတ် တချို့ ကား ကန်ကြောက် ၍ ထားသဖြင့် ကလေး အပေါ်တွင် မရှိဘဲ ဘေးနား တွင် ပုံ၍ နေလေ၏ ။ ပြုံးမယောင် ပါးစပ် သည် ဘထွန်း စိတ်၌ မိမိ နှင့် သိသော သူ တစ်ယောက် နှင့် တူသည် ဟု ထင် မိသော်လည်း မည်သူ မည်ဝါ ဟူ၍ မကွဲပြားပေ ။

ကလေး ကို ကြည့်နေရာမှ တစ်ဖက်သို့ လှည့်၍ ရှပ်အင်္ကျီ ကို ကောက် ဝတ်ပြီးသော် အိမ် တံခါး ကို ပိတ်၍ ထွက် ခဲ့လေ၏ ။ မိမိ ဘယ် ကို သွားမည် ဟူ၍ ကား ရည်ရွယ်ချက် မရှိ ခြေဦးတည့်ရာ ကိုသာ လျှောက်၍ လာခဲ့လေသည် ။ စိတ် တွင်ကား မငြိမ်မသက် ယောက်ယက်ခတ် ဖြစ် ၍ နေသည် ။ ကလေး ငိုသံ သည် နားထဲ၌ အစဉ် ကြား၍ နေ၏ ။ တစ်ခါတစ်ရံ ပက်လက်လှန်၍ ကြောက်လန် လက်ကလန်နှင့် နေသော ကလေးသဏ္ဌာန် သည် ရှေ့ က ဆီး၍ နေသလို ထင်မိ၏ ။ နား က မထွက် သေးသော ငိုသံ သည် ပြန်ခဲ့ပါဟု ခေါ် သလို ထင် မိ၏ ။ ငါ ပြန် မှ ပါပဲ ဟု နောက်ပြန် လှည့်၏ ။ တွေ့သာ တွေ့လိုက်ရင်တော့ကွာ ဟု စိတ်ထဲ ၌ အောက်မေ့ မိ၍ လည်ပင်း ဖျစ်ပြီး ကိုင်လှုပ် လိုက်မယ် ။ လျှာတစ်လစ် ထွက်လာမှာ ပေါ့ သပေါက်မ ဟူ၍ လည်း ကြိမ်း လိုက်၏ ။

လက်ဖက်ရည်ဆိုင် တစ်ခု တွင် နို့မုန့်ချောင်း တစ်ပဲဖိုး ဝယ်၍ အိမ် ဘက် သို့ လှည့် ခဲ့လေ၏ ။ ကလေး သည် အငို ရပ်၍ ယခင်က အိပ်ရာပေါ်တွင် ပက်လက်ကလေး ကစား ၍ နေလေသည် ။

အင်း ... သူ ကတော့ ကစားလို့ ၊ ခွေးသပေါက်မ သားကလေး ကို ကျော ပေး၍ အိမ်ရှေ့သို့ ထွက်၍ လာပြန်သည် ။

သို့သော် ခြေ ကို လှမ်း၍ မဖြစ်သလို နောက်ဆွဲ ၍ နေလေ၏ ။ နား ထဲ က မထွက်သော ငိုသံ သည် ဘထွန်း အသည်းနှလုံး ကို မချိတရိ ဖြစ်အောင် ဖန်တီး နေလေသည် ။ လက်သီး ကို ဆုပ်၍ အိမ်ဘက် သို့ ပြန်၍ လှည့်လာသော် ကလေး သည် တဝဲဝဲ နှင့် ငို၍ နေပြန်လေ၏ ။ ငိုသံကား ဘာရယ် ဟု မပီသသော်လည်း ဘထွန်း စိတ် တွင် “ အမေရေ ” ဟု ခေါ်၍ ငိုသလို ထင် မိသဖြင့် “ တယ်လေ ၊ အမေ တ နေ ၊ လိုက်သွား ၊ နင့် အမေ ဟိုဟာမ နောက် ကို ” ဟု မြည်တမ်း မိသော်လည်း သူ့ လက် ကား အလိုအလျောက် ကလေး ကို ကောက် ၍ ချီ ပြီးသား ဖြစ်လေ၏ ။

စိုနေအောင် ဝသော ကလေး သည် ငို ထားသဖြင့် အသားများ ပူနွေးနီကြန်ကာ ဖောင်းနေ အောင် ဝသော ပေါင်ကလေး နှစ်လုံး ကြားရှိ ရွှေပန်းကလေး သည် တို၍ ဝင်နေလေ၏ ။ လက်ပေါ်သို့ ရောက်လျှင် ကလေး သည် ခေါင်း ကို ဘယ်ငဲ့ ညာငဲ့ လုပ်လျက် နှုတ်ခမ်းကလေး နှစ်ခု သည် တလှုပ်လှုပ် ဖြင့် တစ်စုံတစ်ခု ကို ရှာ၍ နေသကဲ့သို့ ထင်ရလေ၏ ။

ဒီ ဟာ လည်း သင့် သားပါပဲ ။ ကဲပါကွာ ၊ တိတ်စမ်းပါ မင်းကလေး က ။ မင့် ငါ တောင်း ပန်ပါတယ် ဟု ပြောပြီး ကလေးနဖူး နှင့် ထိ၍ ထားလေ၏ ။ ကလေး သည် ပါးစပ်ကလေး တလှုပ်လှုပ် နှင့် ရှာမြဲ ရှာလျက် ခေါင်းကလေး ညိတ်ချည် ၊ လက်ကလေး ရမ်းချည် နှင့် အဖေ့ လက် ထဲတွင် ပျော်မြူး နေသလို ထင် ရလေသည် ။ ဘထွန်း သည် ကလေး ကို ပခုံးပေါ် သို့ မှောက် လိုက်ပြီး ဘာလုပ်ရမည် ကို မဝေခွဲနိုင် သကဲ့ သို့ ကလေး နောက်ဘက် တွင် အနှီး စား ထားသော အဖြူရစ်ကလေး ကို ကြည့်၍ နေ၏ ။

ထို့နောက် အိတ် ထဲ တွင် ထည့် လာသော နို့မုန့်ချောင်း ထုပ်ကလေး ထဲ မှ တစ်ချောင်း ယူ၍ ပါးစပ် ထဲ တွင် ဝါး လေသည် ။ ညက်သော် လက်ဖြင့် ယူ၍ ကလေးအား ပခုံးပေါ် မှ လှန်ပြီး ခွံ့ လေ၏ ။ ကလေး သည် ဝါးဖတ် ကို နို့ စို့သလို စား လေရာ ပါးစပ် တွင် ဝါးဖတ်အချို့ မှာ ထွက်ချည် ဝင်ချည် နှင့် ဖြစ်၍ နေလေ၏ ။ ,

စားလိုက် ၊ ငါ့ သား စားလိုက် ။ မင့် အမေ ကတော့ ခွေးမို့ ခွေးကျင့် ကျင့် သွားတာ ။ ခွေး မဟုတ်ပါဘူးလေ ။ တိရစ္ဆာန် ခွေးတောင် ကိုယ့် သားသမီး ကို ပစ်ခဲ့ရိုး ထုံးစံ မရှိပါဘူး ။ တိတ်တိတ် ။ ဖေဖေ မင့် ကို မပစ်ခဲ့ပါဘူး ။

ဤ အကြိမ် သည် ပထမအကြိမ် အဖြစ် နှင့် မိမိ ကိုယ် ကို ဖေဖေ ဟု ထည့် ၍ ပြောလိုက်ရာ ဘထွန်း ၏ စိတ် တွင် သူ့ ပါးစပ် က ထွက်မိသော “ ဖေဖေ ” ဟူသည့် အသံ ကို ပြန်၍ ကြားသဖြင့် တုန်လှုပ်ချောက်ချား ၍ ကျောရိုး ထဲ တွင် စိမ့် သွားသလို ထင် လိုက်မိသည် ။

နို့ချောင်းများ ကုန်သောအခါ ကလေး သည် မုန့်ချောင်း အာဟာရ ထက် ဖခင် ၏ တံတွေး ကြောင့် ကျေနပ်နှစ်သိမ့် သလို အငို တိတ်၍ ကြည်ကြည်ရွှင်ရွှင် ဖြစ် လာ ပြန်လေသည် ။ ဘထွန်း သည် ကလေး ကို အဝတ် တစ်ခု ဖြင့် မတတ်တတတ် ထွေးပြီးနောက် ပွေ့ချီ၍ အိမ် ထဲမှ ထွက်ခဲ့ လေ၏ ။ ဘထွန်းသည် ပထမသော် ဘယ် ကို သွားရမည် ကို မသိဘဲ ဤ ကလေးအား လည်း မည်သို့ စီရင်ရမည် ကို မဝေခွဲနိုင်အောင် ရှိလေ၏ ။ နောက်မှ လမ်းတကာ တွင် ကလေး ချီ၍ လျှောက်နေမည့် အစား အသိမိတ်ဆွေများ ရှိရာ ဘက် သို့ သွား ရသော် အကြံဉာဏ် ရနိုးနိုး စိတ်သက်သာ နိုးနိုး အောက်မေ့ မိသဖြင့် အနောက်ပိုင်း တွင် ဖဲဒိုင် အစဉ် ခံနေသော ကိုမိုး တို့ ဘက် သို့ ဦး လှည့်ခဲ့လေ၏ ။

ကိုမိုး သည် ဘထွန်း အား လှမ်း၍ “ ဘာတွေတုံးဟ ” ဟု မေးစဉ် ကိုမိုး မိန်းမ မကြော့ သည် အိမ်တွင်း မှ ထွက်လာ၍ လက်ဝါးကလေး ဖြန့်ကာ လှုပ်ရမ်း နေသော ကလေး လက် ကို မြင်သဖြင့် “ ဟင် ... ကလေးလေး ၊ မင့် သား လားကွယ့် ” ဟု မေးရင်း တောင်းဆို လိုက်လေသည် ။ “ အမယ်လေး ချစ်စရာကလေး ။ ဝ လိုက်တာ ။ ငါ့ ပေးပါတော့ကွဲ့ ” ဟု ပြောရင်း ဖောင်းကြွ နေသော ပါးစုန့်ကလေး ကို တရှုပ်ရှုပ် နမ်း၍ အားမရနိုင်ဘဲ သူ့ နှာခေါင်း ကို ပါးပေါ် တွင် မြှုပ်၍ လှိမ့်ကာ နမ်း၍ နေလေ၏ ။

မကြော့ သည် နမ်း၍ ဝ သော် အထက်သို့ မြှောက်၍ ချီပြီး တစ်ဖန် ရွှေပန်းကလေး နှင့် သူ့ နဖူး ထိ၍ ဒီဒီ ကစားသလို လုပ်လိုက် ၊ ခုန်တော့မလို ဖြစ်လိုက် နှင့် ချစ်၍ မဆုံး ဖြစ် နေပုံ ကို ဘထွန်း သည် အကြောင်သား ငေး၍ ကြည့် နေလေ၏ ။

ကိုမိုး က ဘထွန်း သို့ လှမ်း၍ “ ကလေး အမေ က ကော ” ဟု မေးရာ “ လင်ငယ် နောက် လိုက် သွားတယ် ။ ဖလား တစ်လုံး လည်း ပါ သွားလေရဲ့ ” ဟု မပြောချင် ပြောချင် ပြောပြီး မိမိ ရှေ့ရေး ပြဿနာ ၏ အဖြေ ကိုသာ စဉ်းစား၍ နေလေ၏ ။

“ အင်း အကောင်းသားပဲ ကွ ။ ဒါက မင့် မိန်းမ မင့် ကို ချွတ် ထားခဲ့တာပါကွ ။ သူခိုးဘထွန်း ကို အာယားဘထွန်း ဖြစ်အောင် လုပ်ခဲ့တာပေါ့ ”

“ အသာ နေစမ်းပါဗျာ ။ ဘာ ချွတ် ရမှာတုန်း ။ သန္ဓေ က ပါလာတဲ့ သူခိုးဘထွန်း ပဲ ”

ကလေး ကို မကြော့ လက် မှ ပြန်၍ ယူ ပြီးနောက် ကိုမိုး အိမ် မှ ထွက်ခဲ့လေ၏ ။ လမ်း ပေါ် တွင် တွေ့သမျှ လူအပေါင်း က မိမိ အား သရော်ပြောင်လှောင် လိုသော မျက်နှာထား နှင့် ကြည့် လိုက်ကြ သည်ဟု ထင်လေ၏ ။ တစ်ခါတစ်ရံ သူ့ မိန်းမ ဖွားသင် နှင့် ငတင် တို့ သည် ကလူကျီစယ် နေရာမှ သား ထမ်း၍ လမ်းလျှောက် နေသော သူ့ အား တစ်အိမ် အိမ် ၏ အတွင်းမှ လက်ညှိုး ထိုး ၍ သရော် သလို နေကြမည် ထင် သဖြင့် ဝဲယာ အိမ်များ အတွင်း သို့ လှည့်၍ စူးစူးစိုက်စိုက် ကြည့် လိုက်မိသည် ။

ဤကဲ့သို့ မှတ်ထင် မိလျှင် မိမိ ချီ၍ ထားသော ကလေး ကို ပင် မစင်ထုပ် ကို ကိုင် လာရသလို ရွံရှာ၍ လွှတ်ပစ်ချင် စိတ်များ ပေါ်ပေါက်၍ လာလေ၏ ။ ဦးတည့်ရာ ထွက်ခဲ့သော ခြေလှမ်း သည် မြို့အစွန် ဆီ သို့ ရောက်မှန်း မသိ ရောက်၍ လာလေ၏ ။ ဇရပ်ကလေး တစ်ခု ကို မြင် သဖြင့် ဘထွန်း သည် ဇရပ် ဆီ သို့ မှန်း၍ သွားလေ၏ ။ ထို ဇရပ် သို့ ဝင် ခြင်း မဟုတ်ပေ ။ ဘာကို လုပ်ရမည် ကို မသိသဖြင့် ယောင်ယမ်း ၍ ဝင် သွားခြင်း ဖြစ်လေသည် ။

ဇရပ် ပေါ် သို့ ရောက်သော် လက် မှ ကလေး ကို ပေါင်ပေါ် တွင် တင်၍ ထားပြီး ငုံ့၍ ကြည့်နေ လေ၏ ။ ကလေး သည် လက်သည်းကလေး ကို စုပ်၍ စဉ်းစားတွေးတော နေသကဲ့သို့ ဘထွန်း အား စိုက် ကြည့် နေလေ၏ ။ ထိုအတွင်း ပေါင်ကြား မှ နွေးခနဲ ဖြစ်သဖြင့် ဘာပါလိမ့် ဟု စမ်း လိုက်ရာ ကလေး သေးပေါက် ချမှန်း သိရလေ၏ ။

ဤ ကလေး ကို ဘယ်သို့ စီရင်ပေးရမည်နည်း ဟူသော ကိစ္စ သည် ခရီးဝေးဝေး ကို စူးစူး စိုက်စိုက် လှမ်း၍ ကြည့်လေ ကွဲပြားစွာ မမြင်ရလေ ဖြစ်သကဲ့သို့ သူ့ ဦးနှောက် သည် ရှုပ်သည် ထက် ရှုပ်၍ နေလေ၏ ။ တောထဲ ပစ် ထား လိုက် ရင်တော့ အေးတာပဲ ဟု တွေးမိသော ခဏ၌ “  ငါ့ သား ကလေးပါ ကလား ” ဟူသော သတိရချက်သည် ရင် ထဲ ၌ နင့်ခနဲ ဖြစ် သွားလေ၏ ။ ငါ နဲ့ မွေးထား ရင်သွေးကလေး ပဲ ဟု တောင်မသိ မြောက်မသိ ရှိသေးသော လူမမည် ကလေး ကို သနား စိတ် သည် တဖွားဖွား ပေါ်၍လာလေ၏ ။ ခွန်အားခြင်း မျှတသော ရန်သူ ကို နိုင်သလို နှိပ်စက်ရာ ၌ ဝန် မလေး
သော်လည်း သေးငယ်သော သတ္တဝါ အပေါ်တွင် လူ့ စိတ် သည် အနိုင် ကျင့် ရာ၌ ဝန် လေးသလို မိမိ ၏ ရှစ်လသား ကလေး ကို ထင်သလို မလုပ်ရက်ပေ ။ မ၍ ချီပြီး လက်မောင်း ပေါ် တွင် ကိုယ် နှင့် ထိ နိုင်သမျှ ထိအောင် ပွေ့၍ ထားလိုက်သောအခါ ကလေး သည် သူ့ ပုံပန်း နှင့် မခြား တူသည်ဟု အောက်မေ့ သဖြင့် ဝမ်းမြောက်ခြင်း သည် တစ်ကိုယ်လုံး ပူနွေး၍ သွားသည် ဟု မှတ်ထင် ရလေ၏ ။

မင်း ငါ့သား ပဲ မဟုတ်လား ၊ ဟင် ... အေ ... ။ ငါ ကလည်း မွေးတာပဲ ။ ငါ့ သား ပေါ့ ။ မင့် အမေ ကတော့ သား နဲ့ လင် ပစ်ပြီး လင်ငယ် နောက် လိုက်တယ် ။ ငါ ခိုး လာတဲ့ ဖလား လည်း လင်ငယ် ဖို့ ယူသွားတယ် ။ ကောင်းတယ်ကွာ ။ အားကြီးပေါ့ ။ မင်း ကော အမေ့ အကျင့်  ၊ လိုက်မှာပဲလား ။ ဘထွန်း စိတ် သည် ချာချာလည်၍ ဇရပ်ခါးပန်း ကို မှီရပ် ရပ်နေသော ခြေထောက်
အောက် က မြေကြီး သည် ချိုင့် ၍ ဝင်သွားသည် ထင်သဖြင့် ကိုင်၍ ဟန်သလို လုပ် လိုက်လေ၏ ။ ထိုနောက် ဆတ်ခနဲ မတ်တတ် ရပ် ပြီးနောက် ချောင်းကမ်းပါး ဆီသို့ လျှောက်၍ သွားပြီး  သစ်ပင်ရင်း ချောင်းကမ်း ပါးထိပ် တွင် ကလေး ကို သိပ်၍ ပစ်ခဲ့လေ၏ ။ သစ်ပင်ကွယ် မှ နေ၍ ကလေး ဘာ လုပ်နေ သလဲ ဟု ချောင်းကြည့်ရာ ခြေနှစ်ချောင်း ကို ထောင် ၍ လက်လေး မြှောက်၍ ကလေး သည် မညီညွတ် သော မြေကြီး ကြောင့် နာ ၍ လား မသိ ကျယ်လောင်စွာ ငိုလေ၏ ။

ရုတ်တရက် အငို ရပ်ပြီးသော် ခေါင်း ကို ဘထွန်း ဘက်သို့ ငဲ့ပြီး ငြိမ် နေပြန်လေသည် ။ ငိုသဖြင့် မော၍ သွားသော ရင်ကလေး သည် နိမ့်ချည်မြင့်ချည် နှင့် ဖြစ်၍ နေလေသည် ။

သစ်ပင် တစ်ပင် မှ တစ်ပင် သို့ ကူးပြောင်း ၍ လှည့်ကာ ကြည့် သွားသော ဘထွန်း သည် အတန်ကြာသော် အတော် ဝေး သွား၍ ကလေး ကို လုံးဝ မမြင်တော့ပေ ။ ထိုအခါ ခြေလှမ်းမှန်မှန် မှ ကဆုန် ချ၍ ပြေး လေ၏ ။ သို့ ပြေးစဉ် တွင် သူ့ နား ၌ ကလေး ငို သံ သည် ဝင်၍ လာ၏ ။ ဤအကြိမ် တွင်ကား စိတ် က ကြားသည့် အသံ ဖြစ်၍ ဝေးအောင် ပြေးလေ ဆိတ်ဖို့ ဝေးစွ တိုး၍ ကျယ်လေ ဖြစ်လေ၏ ။

ချောင်း ကမ်းပါး ကနေပြီး လိမ့်ကျလေမလား ဟု တွေးမိသဖြင့် သူ့ ခေါင်း သည် မိုက်ခနဲ ဖြစ်၍ သွား၏ ။ လည်၍ နေသော ဒလက် ကို တုတ် လျှို ၍ ပစ်လိုက်သလို ဘယ် ပြီး ညာ လှမ်း နေသော ခြေနှစ်ချောင်း သည် တုံ့၍ ရပ်သွားလေ၏ ။ ပြေး သဖြင့် ဆတ်ဆတ် ခုန်နေသော နှလုံး သည် စက်ပျက် သွား သလို အလှုပ် ရပ် ၍ သွားသည်ဟု ထင် လိုက်ရ၏ ။

သို့သော် ဟယ် ဟု ဆို၍ ဆက် ပြေး ပြန်လေ၏ ။ ဤ အကြိမ် ခြေလှမ်းတို့ ကား ယခင် ကဲ့သို့ သွက်လက်တော့ သည် မဟုတ် ။ အထူးဝီရိယ စိုက်၍ တစ်လှမ်း ပြီး တစ်လှမ်း ရုပ်သိမ်း ရ သလို လေး ၍ နေ လေ၏ ။ သို့ဖြစ်၍ ရပ်တန့်ပြီးသော် နောက်သို့ လာလမ်း အတိုင်း ပြန်၍ ပြေး ပြန်လေ၏ ။ ဘထွန်း သိပ်၍ ထားခဲ့သော သစ်ပင်ရင်း တွင် ကလေး သည် တအာအာနှင့် ငို၍ နေလေ၏ ။

ကလေး ကို လျင်မြန်စွာ ကောက်ချီ ၍ အားရပါးရ နမ်း ပြီးသော် “ တိတ်ပါ သားရယ် ။ အဖေ နဲ့ အိမ် ပြန်ကြတာပေါ့ ” ဟု ဆိုလိုက်လေသတည်း ။

( မူလ က “ မြမဉ္ဇူ ” အမည် နှင့် ရေးခဲ့သည် )

◾လူထုဒေါ်အမာ
     ( ၁၉၃၈ )

📖 ၂၀ ရာစု မြန်မာဝတ္ထုတို

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment