❝ ကမောက်ကမ တယ်လီဖုန်း ❞
ခေတ် နှင့် စနစ်များ တိုးတက် ပြောင်းလဲလာသည် နှင့် အမျှ ထို ခေတ် ထိုစနစ် တို့ ၏ လိုလား တပ်မက်စွာ တောင့်တ တောင်းဆိုမှု ကြောင့် တီထွင်ဆန်းသစ်ရင်း ထွန်းကား လာ ရသော လူ့ အသုံးအဆောင် အဆင်တန်ဆာ ပြယုဂ်များ အနက် တစ်နေရာ မှ တစ်နေရာ သို့ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ဆက်သွယ် နိုင်ရန် ဆက်သွယ်ရေး ကိရိယာ တယ်လီဖုန်း သည် တစ်မျိုး အပါအဝင် ဖြစ်လေသည် ။
တယ်လီဖုန်း ။
ဟုတ်ပေ၏ ။
ကြိုးလိုင်း တပ်ဆင်ထားရသော ဖုန်း ။
ခြင်း တစ်လုံး နှင့် ထည့်၍ သယ်ယူ ရသော ခြင်းဖုန်း ။
ကြိုး ဖြင့် တပ်စရာ မလိုသော လက်ကိုင် ဟန်းဖုန်း ။
ဧရိယာတိုင်ကြီး ထောင် ထားရသော ရေဒီယိုဖုန်း ။
G - S - M ဖုန်း ။
ဆယ်လူလာဖုန်း ... စသည်ဖြင့် အမျိုးမျိုး ခေါ်တွင် ကင်ပွန်းတပ် ကြလျက် ဖုန်းများ သည် လည်း ပုံသဏ္ဌာန် သွင်ဟန် အမျိုးမျိုး နှင့် ရှိကြပါလေ၏ ။
စစ်ရေး ၊ နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေး စသော အသီးသီး တို့ ၏ မီဒီယာ ကြားခံ ဆက်သွယ်ရေး ပစ္စည်း အဖြစ် အရေးပါ အရာ အရောက် ဆုံး ထို တယ်လီဖုန်းများ သည် နှစ်ဆယ့်တစ်ရာစု ခေတ် လူသား တို့ အတွက် များစွာ အကျိုး ပြု ခဲ့ပါလေ၏ ။
ကြည့်ပါ ...
ယခု ဆိုလျှင် ထို တယ်လီဖုန်းများ သည် မြို့ပြများ တွင် သာ မက ဘဲ ကျေးလက်တောရွာများ အထိ ပါ ပျံ့နှံ့ ကျယ်ပြောစွာ တပ်ဆင် အသုံးပြု လာကြပါချေပြီ ။ ဤသည်မှာ ယနေ့ခေတ် ၏ ရေစီးကြောင်း ရွေ့လျား ရှင်သန် စီးမျောရာ ကောက်ကြောင်း ပြယုဂ် တစ်ခု ဖြစ်ပေသည် ဟု ဆိုပါလျှင် ...
ကြည့်လေ ..
ယခုဆိုလျှင် ရွှေရိုး တို့ ကျီစုရွာကလေး မှာ ဆက်သွယ်ရေး မီဒီယာ ပစ္စည်း တစ်မျိုး ဖြစ်သော တယ်လီဖုန်း သည် လေးလုံးကြီးများ တောင် တပ်ဆင် ထားပြီး သွားပြီ ။
ရွာလယ် ရှိ ဓမ္မာရုံကြီးရှေ့ လမ်းမတန်း မှ ဒေါ်ပြုံးကုန်စုံ ဆိုင် မှာ တစ်လုံး ၊ ဒါက ရွာကလေး သို့ ပထမဆုံး ရောက်ရှိလာသော ဖုန်း ။ ပြီးတော့ ရွာ အဝင် အရှေ့ထိပ် လမ်းမတန်း မှ ပွဲစားလေး ဝင်းနိုင် နှင့် တင်ချိုအေး တို့ ဇနီးမောင်နှံ ပိုင်ဆိုင်ရာ ကုန်စုံဆိုင်ကြီး မှာ နှစ်လုံး ။ ဒါက ရွာကလေး သို့ ဒုတိယမြောက် ရောက်ရှိ တပ်ဆင် လိုက်သော တယ်လီဖုန်း နှစ်လုံး ။
ယခု ရွာ ၏ အရှေ့မြောက်ခြမ်း ရှိ ကိုတင်ငွေ ၊ မမယ်သီ တို့ ၏ ကုန်စုံဆိုင် ၌ တစ်လုံး ထပ်၍ တပ် လိုက်သည် က ရွာကလေး သို့ ရောက်ရှိ လာသော နောက်ဆုံး တယ်လီဖုန်း ပင် ဖြစ် ချေသည် ။
ထို တယ်လီဖုန်း များ ကြောင့်ပင် ရမည်းသင်းမြို့ မှ အရှေ့မြောက် အရပ် ( ၁၀ ) မိုင် ခန့် အကွာ ရှမ်းရိုးမတောင်တန်း အခြေ သို့ မရောက်မီ ( ၇ ) မိုင် ခန့် အလိုတွင် ရှိသော ကျီစုရွာကလေး နှင့် ထို ရွာကလေး အနီး ချုပ်စပ် မှ လူအများ ၏ မြန်မာပြည် အရပ်ရပ် ကို ဆက်သွယ်သော မီဒီယာလမ်းကြောင်း က ချောမွေ့ ဖြောင့်စင်း နေချေပြီ ။
သို့သော်ငြားလည်း ...
ရွှေရိုးတို့ ၏ တောနေ လူတန်စား တို့ က ရိုးလွန်း အ,လွန်း ထုံလွန်း ကြပါလေ၏ ။ ခေတ် ၏ ရေစီးကြောင်း ထဲ ၌ ပိုးစိုးပက်စက် မျောပါ နေကြ ကုန်သော မြို့ပြ အဆင်တန်ဆာ ပြယုဂ်များ နှင့် စိမ်း လွန်း ကြသည့် အားလျော်စွာ ထို တယ်လီဖုန်း တို့ ကို အထူးတဆန်း ဖြစ်ကာ အံ့အံ့သြသြ ရှိ နေ ကြချေ၏ ။
တယ်လီဖုန်းများ စ ၍ ရောက်လာစဉ် က ရွှေရိုး သည် လည်း ထို့ အတူပင် ... ။ တယ်လီဖုန်း အား မမြင်ဘူး သဖြင့် မယောင်မလည် နှင့် မုန့် ဝယ် သလိုလို ၊ ကွမ်းယာ ၊ ဆေးလိပ် ဝယ် သလိုလို ဟန် ပြ လျက် သွား ကြည့် ဖြစ်သေး၏ ။
တယ်လီဖုန်း ဆိုသည် မှာ လုံးလုံးကြီး လား ၊ ပြားပြားကြီး လား ၊ ချွန်ချွန်ကြီး လား ၊ ဘယ်လို ဟာမျိုးကြီးလဲ ဟု သိချင်၍ ရွှေရိုး သည် သွားရောက် ကြည့်ရှုမိခဲ့ခြင်း ဖြစ် လေသည် ။
ထိုသို့ သွားရောက် ကာ မကြည့်ရှုသေး မီ က သူ့ သူငယ်ချင်း ဖြစ်သူ နွားကျောင်းဖော် ဖိုးတုတ် က ပြော သည် မှာ ...
“ သွား ကြည့်မနေပါနဲ့ကွာ အဲဒီ တယ်လီ .. အဲ ... ဘာတဲ့ ... ဖုန်း ဆိုတာ ... ဟိုကောင် ငမြင့် နဲ့ ငါ တစ်ခါ မြို့ပေါ် ကို ရောက်တုန်း က ကြည့်ဖြစ်ခဲ့တဲ့ ဗီဒီယိုကား ထဲ က အင်းဂလိပ် ... အဲ .. ဟုတ်တယ် ... တယ်လီ ... အဲဒီ ကောင်မ ဝတ် ထား တဲ့ တိုနံ့နံ့ မလုံ့တလုံနဲ့ ဖုံး ထားတဲ့ ထဘီလိုလို စကတ်လိုလို ဝဲတဲ ... ဝဲတဲ နဲ့ ဟာမျိုးပါကွာ ။ မသိ ... မမြင်ဖူး ရင် လည်း ငါ့ ကို မေးစမ်းပါ ”
ဟု ဖိုးတုတ် က အာပေါင်အာရင်း သန်သန် ဖြင့် အားပါးတရ နိုင် သော ဂုဏ်ယူဝင့်ကြွားမှု မျိုး နှင့် ရှင်းပြလေ၏ ။
တယ်လီဖုန်း ဆိုသည် မှာ အင်္ဂလိပ် ဗီဒီယိုဇာတ်ကား ထဲ မှ တယ်လီဖုန်း ဟူ သည့် သရုပ်ဆောင်မင်းသမီး ဝတ် ပြသော တိုနှံ့နှံ့ နှင့် မလုံ့တလုံ ဖုံးကာ ဝတ်ထားသော စကတ်ဝဲဝဲလေး ကို ဆိုလိုခြင်း ဖြစ်ကြောင်း သူငယ်ချင်း နွားကျောင်းဖော် ဖိုးတုတ် က ဆိုခဲ့ပါလေ၏ ။ တယ်လီ ဆိုသော မင်းသမီး က သူမ ၏ အရှက် ကို လုံရုံ သာ ဖုံး ရုံ ဖုံး ထားသည့် အတွက် တယ်လီဖုန်း ဟု ခေါ်ပါသည် ဟူ၍ ... ။
သို့သော် ...
ရွှေရိုး ဟိုနေ့ က သွားရောက်ကာ ကွမ်းယာ ဝယ်ရင်း မယောင်မလည် နှင့် ကြည့် ဖြစ်တော့မှ ထိုသို့ မဟုတ် ။ ထို တယ်လီဖုန်း ဆိုသည် မှာ မို့မို့ခုံးခုံးမောက်မောက် ဆုံ တို ဘုကလေး ပေါ် ၌ ပြတင်းပေါက် တံခါးရွက်များ တွင် ဆွဲဖွင့် ဆွဲပိတ် လုပ်ရန် တပ်ဆင် ထားရလေ့ ရှိသော လက်ကိုင် ဆွဲကွင်း သဏ္ဌာန် အရာ တစ်ခု အား တင် ပြီး ကြိုး ဖြင့် တပ်၍ ဆက်ကာ စကား ပြော ရသည့် ပစ္စည်း တစ်ခု သာ ဖြစ် ပါလေ၏ ။
ထိုနေ့က ရွှေရိုး ရောက်သွား ပြီး ထို ဖုန်း အား ရွှေရိုး က အသေအချာ ငုံ့ ကြည့်ပြီး အကဲခတ် နေချိန် တွင် ရုတ်တရက် ဖုန်းသံ က “ တီတီ ” “ တီတီ ” လည်း မဟုတ် ။ “ တွင်တွင် ” “ တွင်တွင် ” လည်း မဟုတ် ။ “ ဂွမ်ဂွမ် ” “ ဂွမ်ဂွမ် ” လည်း မဟုတ် ။ “ ဂွီဂွီ ” “ ဂွီဂွီ ” လည်း မဟုတ် ။ ဟိုမရောက် ဒီမရောက် ကြားကျကျ အသံမျိုး ဖြင့် ဆောင့်ဆောင့် အောင့်အောင့်ကြီး အော် လာ သဖြင့် ရွှေရိုး သည် လန့်ဖျပ်ကာ ထ ခုန် လိုက်မိတော့သည် ။
“ ဟဲ့ ... သောက်ခွေး .. နင့် အမေ ငါ လွှားတဲ့ မှ ... အမယ်လေး ... အမေ့ ... ကယ်ပါ ”
ဟူ၍ ပါးစပ် မှ လည်း ဟို မရောက် ဒီ မရောက် အယုတ္တ အနတ္တများ တရစပ် တန်းစီကာ ထွက်ဆိုရင်း ယောင်၍ အော် မိ လိုက် ရသေး သည့် အဖြစ် ။
ရွှေရိုး တစ်ယောက် ရင်တုန်ပန်းတုန်ကြီး ကို ဖြစ်လို့ ။
ရွာ ထဲ မှာ ဒေါ်ပေါ ၊ ဒေါ်စပ်စု ၊ ဒေါ်စွာကျယ် ၊ ဒေါ်ဗြော့ကြီး ၊ ဦးတက်တူ ၊ ဒေါ်ခွေးမ ၊ ဦးကုလားကြီး ၊ ဒေါ်တုတ်ကြီး တို့ အပါအဝင် ဆိုင်ပိုင်ရှင် ဒေါ်ပြုံး တို့ နှင့် အတူ ထို ဖုန်းအား လာရောက် တပ်ဆင် ပေး သွားသော ရန်ကုန်မြို့ ဧကရာဇ်ပင် ဘုန်းတော်ကြီးကျောင်း မှ ကျောင်းထိုင် ဆရာတော် ဦးသုနန္ဒ တို့က ရွှေရိုး ၏ လန့်အော် ထ ခုန်ကာ ယောင်ယမ်း လိုက်သော ယောင်ယမ်းသံ တို့ ကြောင့် တဝါးဝါး တဟားဟား ဖြင့် သဘော ကျ စွာ ရယ်မော လိုက်ကြပါလေ၏ ။
ရွှေရိုး သည် ထို ရယ်သံများ ကြောင့် ထို တယ်လီဖုန်း အတွက် ရှက်ပင် ရှက် မိပါသေးတော့ ။ တယ်လီဖုန်း အား မမြင်ဖူး သဖြင့် လာရောက် ကာ မယောင်မလည် ကြည့် မိခြင်း သည် ပင် လျှင် မှားပေစွ ဟု အထင် ရှိ မိ ခဲ့ရသည် ။
“ အ ... ဟား ... ဟား ... ဟား ... ဖုန်း လာတာပါကွ ။ မင်း က လည်း ... အ .. ဟား ... ဟား ... ဟား ။ ကြောက် တတ် လိုက်တာကွာ ။ ငါ ခုနက ရန်ကုန် ငါ့ ကျောင်း ကို ဖုန်း ပြန် ဆက် ပြီး ဖုန်းလိုင်း ကိုက် မကိုက် စမ်း နေတာ ။ ဟဲလို အင်း ... အင်း ... ဟုတ်ပြီ ... ဟုတ်ပြီ ... ရပြီ ။ မင်း ဖုန်း အရင် ချလိုက်တော့ ... အေး ... အေး ဒါပဲနော် ... အဟင်း ... ဟင်း ... အော် ... အေး ... အေး ”
ဆရာတော် ဦးသုနန္ဒ က ရွှေရိုး ကို ကြည့်လျက် သဘောကျစွာ ရယ်မော ကာ ပြောဆို ရင်း ထို တယ်လီဖုန်း လက်ကိုင်ကလေး အား ကောက် ကိုင်လျက် နား နှင့် ပါးစပ် သို့ တစ်ဖက်စီ ကပ် ကာ လက်ဟန် ခြေဟန် ကားရား ကားရား ဖြင့် တစ်ယောက် တည်း စကား ပြော နေ ပါလေ၏ ။ တစ်ဖက် ဆီ မှ အသံ ကို တော့ ဖြင့်မူ မကြားရပါချေ ။ ဆရာတော် ဖုန်း ပြော ဆိုနေဟန် ကတော့ တစ်ဖက် မှ လူ နှင့် နှစ်ယောက် တည်း တွေ့ပြီး မျက်နှာချင်းဆိုင် ထိုင် ကာ စကား ကို အားရပါးရ ပြောဆို နေ ကြဘိသည် အလား ရှိ နေပါချေ၏ ။ ဘာမျှ မထူးဆန်း သလိုလို ။
ရွှေရိုး တို့ တောသူတောင်သားများ အတွက်တော့ ဖြင့် မူ အထူး အဆန်းသာ ဖြစ် နေပါလေ၏ ။ ဖုန်း ဖြင့် ဆက်ပြီး တစ်ယောက် နှင့် တစ်ယောက် လူ မမြင်ကြရပါ ဘဲ လျက် စကား ပြောဆို နေကြသည်ကို မမြင်ဘူးကြ ။ ယခု ထို တယ်လီဖုန်း ရွာကလေး သို့ ရောက် လာ မှ သာ မြင်ဖူးကြရခြင်း ပင် လျှင် ဒါ သည် ပထမဆုံး အကြိမ် ။ ထူးပေစွ ၊ ဆန်းပေစွ ။ ရွှေရိုး က တစ်ယောက်တည်း စိတ် မှ ကြိတ်ကာ အံ့သြစွာ ရေရွတ် ဖြစ်သွား၏ ။
ရွှေရိုး တို့ ကျီစုရွာကလေး ထဲ တွင် မတော့ ဖြင့် တယ်လီဖုန်း အား မမြင်ဘူး ရှာကြလေသော ရွာသူရွာသား ရှေးခေတ် အဘိုးကြီး သက်ကြီးရွယ်အိုတွေ က ထို တယ်လီဖုန်း ဟူသည် ကို စားစရာ တစ်ခု ခု ဟု ထင် နေ ကြပါလေ၏ ။
ကြည့် ...
သူတို့ ... သူတို့တစ်တွေ ပြောကြ ၊ ဆိုကြ ၊ ထင်ကြေး ပေးလိုက် ကြပုံ က ...
“ ဟဲ့ ... အို ... ဒီကလေးတွေ နှယ် နော် ။ နင် တို့ ခု ပြော ပြော နေကြတဲ့ ... တယ်လီဖုန်း .. အေး .. အဲဒီဟာ က ဘာမှ ဟုတ်တာ မဟုတ်ဘူး ။ တခြား ဟုတ်ပါရိုးလား ... လကွဲ့ ... ငါတို့ လို သက်ကြီးရွယ်အို အဘိုးကြီးတွေ စား ဖို့ အတွက် လုပ် ထားတဲ့ စတုဒီသာ တစ်မျိုးပဲ တဲ့ ” ဟဲ့ လေ ။ ကောင်းရောပေါ့ ။ တယ်လီဖုန်း ဟူသည် မှာ အဘိုးကြီး အဘွားကြီး ကဲ့ သို့ သက်ကြီးရွယ်အိုများ စားရလေ့ ရှိသော စတုဒီသာ တစ်မျိုး ဟု ဆို ကြပါလေ၏ ။
ရွှေရိုး တို့ ကျီစုရွာသူ လုံမေပျိုတို့ က လည်း တစ်မှောင့် ။
ကြည့်လေ ...
တော ထဲ မှာ ယာခင်း ထဲ မှာ ပေါင်းသင် ရင်း ၊ ငရုတ်သီး ဆွတ် ရင်း ၊ အလုပ် တစ်ခု ခု လုပ် ရင်း ဒီ တယ်လီဖုန်း အကြောင်း ကို ပဲ တဖွဖွ ပြော မဆုံးကြပါချေ ။
“ ဟဲ့.. သိလား ဒေါ်ပြုံး ဆိုင် မှာ ခု ရောက်လာတဲ့ တယ်လီဖုန်း ဆိုတဲ့ ဖုန်းကြီး က တစ်မျိုးကြီး ဟဲ့ ”
“ ဟာ ... ဘယ်ကလာ တယ်လီဖုန်း ဆို တဲ့ ဖုန်းကြီး ရ မှာလဲ ။ ညည်း ပြော လိုက်မှပဲ တယ်လီဖုန်း ဆိုတဲ့ လူကြီး က ဘုန်းကြီး ဝတ်လိုက် တယ်လို့ ထင် နေဦးမယ် ။ တယ်လီဖုန်း ဆို တဲ့ ဖုန်းကြီး မဟုတ်ဘူး ဟဲ့ ။ တာလီဖုန် … တာလီဖုန် ... မသေမချင်း မှတ်ထား ”
“ အာ ... ဟို ... ဟဲ့ ... မယ်မြ က လည်း ... ညည်း ပြောလိုက် မှ ပဲ တာလီဖုန် ဖြစ် သွားရတယ်လို့ ။ ဘယ်ကလာ ဟုတ် ရမှာလဲ ။ ညည်း မကြားဘူးလား ။ ဟိုနေ့က တို့ ရွာ အနောက်ကျောင်း ဆရာတော်ကြီး စကား ပြော နေတာ ။ ရန်ကုန် ကို ပြောတာ တဲ့ ။ အဲဒီမှာ ဟို ... လက်ကိုင် တဲ့ ခွင်းကလေး ကို နား နဲ့ ပါးစပ် မှာ ကပ်ပြီး ပါးစပ် ကနေ အော် တာ ။ ဟယ်လိုး ... တဲ့ ဟဲ့ ။ အဲဒါ ဟိုကောင်မ မိတုတ် ပြောတဲ့ တယ်လီ ဆို တဲ့ ဖုန်းကြီး လည်း မဟုတ်ဘူး ။ မယ်မြ ပြောတဲ့ တာလီဖုန် လည်း မဟုတ်ဘူး ။ အဲဒါ ဟယ်လိုဖုန်း ၊ ဟယ်လိုဖုန်း ။ ဒါကြောင့် ကိုင် ကိုင် ပြီး ဟယ်လိုး ... ဟယ်လိုး နဲ့ အော် အော် နေကြတာဟဲ့ သိရဲ့လား ”
ကြည့်ပါတော့ ...
သည်ကဲ့သို့ ပင် ကျီစုရွာ မှ လူအများ က ရိုးကြ ၊ အ, ကြ ပါပေ၏ ။ ထိုသို့ ရိုးလွန်း ၊ အ,လွန်း ၊ ထုံလွန်း ၊ ထူလွန်း သဖြင့် ထိုသို့သော အနှီ ပုဂ္ဂိုလ်ကျော်များ အား ဂရမ်မီဆု တို့ ၊ နိုဗယ်ဆု တို့ ပေးမည် ဆိုပါက ရွှေရိုးတို့ ကျီစုရွာသူရွာသားများ ကို သာ ပေးရမည် မှာ မလွဲ ဧကန် ၊ အမှန် မုချ ။
••••• ••••• •••••
ယခု ဆိုလျှင် ရွှေရိုးတို့ ကျီစုရွာသူရွာသားတွေ ဟာ တယ်လီဖုန်း ဆိုတဲ့ ဝေါဟာရ အသုံးအနှုန်း ကို အတော်ပဲ ရင်းရင်းနှီးနှီး ရှိ လာ ကြကုန်ပါပြီ ။
သို့သော် ...
ကမောက်ကမ က တော့ နိုင် နေကြဆဲ ပင် ဖြစ်သည် ။ တောပြော ချုံပြော ကလည်း ပြောနေကြ ဆဲသာ ။
“ ဟဲ့ … နှင်းမြ ရဲ့ သိလား အေ့ ... အဲဒီ တယ်လီဖုန်း ပြောတာကြီး ကို မြင်ရတာ ရယ်စရာကြီး အေ့ ။ ငါ တော့ ရယ်ချင် လို့ ကို တခွိခွိ ရယ် မိတော့တာပဲ ”
“ အိုအေ ... ရယ်စရာ ထက် ရှက်စရာကြီးပါ ဟယ် ။ အဲဒီဟာကြီး နဲ့ ပြော ရမှာ ရှက်စရာကြီး အေ့ ။ ဟိုဖက် က ပြောတဲ့ လူ မမြင်ရဘဲ တစ်ယောက်တည်းကြီး ပြော နေရတာ ... အရူးကြီး နဲ့ တူ က တူ နဲ့ အေ ရဲ့ ”
ဤသို့ ဤနှယ် ရွှေရိုးတို့ ရွာသူတွေကတော့ ပြောနေကြဆဲပင် ဖြစ်လေသည် ။ တောထဲ ၊ တောင်ထဲ ၊ ယာထဲ မှာ လည်း ပြော ကြလား ပြောကြ ရဲ့ ။ ရွာ ထဲ မှာ ၊ ရေခပ်လမ်း မှာ ဆိုလည်း ပြောကြ နှင့် တယ်လီဖုန်း ဆိုသည် မှာ မီးခိုး မဆုံး မိုး မဆုံး ရာဇဝင် တစ်ခု သဖွယ် ရှိ၍ နေ ချေ၏ ။
ထို တယ်လီဖုန်း ရှိ လာသဖြင့် တစ်ခုတော့ ကောင်းသည် ဟု ဆိုရပါချေမည် ။ အဘယ်ကြောင့် ဆိုသော် ရွှေရိုး တို့ ရွာကလေး သည် သီးနှံစုံတို့ ရာသီ အလိုက် ထွက်ရှိသော ရွာကလေး ဖြစ်သည် ။ ဝါ ၊ ငရုတ် ၊ ပဲ အမျိုးမျိုး ၊ စပါး ၊ ပြောင်း အမျိုးမျိုး နှင့် အခြား အခြား သော သီးနှံမျိုးစုံ တို့ အဓိက ထွက်ရှိရာ ရွာကလေး ဖြစ်လေသည် ။
ထို့ကြောင့် ရွာကလေး တွင် ရှိသော လူအချို့က ထို သီးနှံ တို့အား ပေါက်ဈေး ပေး၍ ဝယ်ကာ မြို့ပေါ် ရှိ ပွဲရုံများ သို့ သွားရောက် ရောင်းချ ရသော ပွဲစား အလုပ် ကုန်သည် အရောင်း အလုပ် တို့ ကို လုပ် ကြသည် ။
မြို့ပေါ် ဈေးကွက် အတက် အကျ အခြေအနေ ကို စုံစမ်း၍ ရွာကလေး တွင် ဝယ် ရသည် ။ ထိုအခါ ကုန်သည်ပွဲစား အရောင်းအဝယ်သမား တို့ အတွက် ထို တယ်လီဖုန်း သည် လွန်စွာ မှ ပင် အရေးပါ အရာရောက် လာလေ၏ ။ ထို့အပြင် ...
ရွှေရိုး တို့ ရွာ မှ အခြား တစ်ပါး သော အရပ်မြို့ ရွာများ သို့ အလုပ် လုပ်ကိုင်ရန် ထွက်သွားကြသူများ အတွက် လည်းကောင်း ၊ အလည်အပတ် ရောက်ရှိ သွားကြသူများ အတွက် လည်းကောင်း ၊ အရပ်တစ်ပါး ၌ တစ်အိုးတစ်အိမ် ထူထောင် ထားကြသူများ အတွက် လည်းကောင်း ၊ အခြား တစ်ရပ် တစ်ရွာ မှ ကျီစုရွာကလေး သို့ ရောက်ရှိ လာကြကုန်သော ဧည့်သည်စောင်သည်များ အတွက် လည်းကောင်း ၊ ၄င်းတို့ ညီအစ်ကို မောင်နှမ ၊ မိဘဆွေမျိုး ၊ သူငယ်ချင်း မိတ်ဆွေများ နှင့် အရေးအကြောင်း ကြီးငယ် ရှိ ပါက ထို တယ်လီဖုန်းကလေး က အဆင်ပြေ ချောမွေ့စွာ ကူညီ ပေး နေ သကဲ့သို့ ရှိနေပါချေ၏ ။
ရွာကလေး ၏ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် အစွန်အဖျား ချောင်ကြိုချောင်ကြား မကျန် အခြား တစ်ရပ်တစ်ပါး မှ ဝင်လာသော တယ်လီဖုန်း ကို ဒေါ်ပြုံး တို့ မိသားစု က စိတ်ရှည် စွာ အိမ်တိုင် ယာရောက် လာရောက် ၍ အကျိုးအကြောင်း ပြောကာ ခေါ်ဆောင် ပေး ပါလေ၏ ။
ထိုအခါ အခြား တစ်ရပ်တစ်ကျေး ဆီ မှ ဆက်သွယ် လိုက်သော ဖုန်း အား တုံ့ပြန် ပြောဆိုရန် ရွှေရိုး တို့ ရွာ က ဖုန်း အခေါ် ခံ ရ သူ သည် ထို တယ်လီဖုန်း အား သွားရောက် ကိုင်၍ အဆက်အသွယ် ပြန် ပြု ရပါလေ၏ ။
ဒေါ်ပြုံး တို့ မိသားစု က လည်း စေတနာ ကောင်း လှပါသည် ။ ဆိုင်ရှေ့ရှိ ဓမ္မာရုံ ၌ အလှူခံ အသံချဲ့စက် ဖွင့် နေစဉ် နှင့် ရပ်ဝေး ရှိ တစ်စုံတစ်ယောက် က ရွာကလေး ထဲ မှ တစ်စုံ တစ်ယောက် ထံ သို့ တယ်လီဖုန်း လာလျှင် ထို အသံချဲ့စက် ဖြင့် ပင် အော် အော်ပြီး ခေါ် ပေး တတ်လေ၏ ။ ထိုသို့ အော်ပြီ ဆိုလျှင်တော့ ခုနစ်အိမ် ရှစ်အိမ် ကြား ရရုံမျှ မကတော့ ဘဲ ရပ်ကျော်ရွာကျော် အနီးချုပ်စပ်ရွာများ အထိပင် ခုနစ်ရွာ ရှစ်ရွာ ကြား ရသည့် ကိန်း ဆိုက်ပြီသာ မှတ်ချေတော့ ။
“ ဟဲ့ … ကောင်မ .. ဟိုနေ့ က ညည်း အကောင်ကြီး မိုင်းရှူး က နေ တယ်လီဖုန်း ဆက်တယ် ဆို ... ဘာတဲ့လဲ အေ ... ပြန်လာတော့မယ်တဲ့ လား ။ အဟီး ဟီးဟီး..ခစ်…ခစ် ... ဧကန္တ ... အင်း ... ဧကန္တ တော့ .. ညည်း ကို .. အဟား ဟားဟား ”
“ အို … တော် … မမတင့် က လဲ ဘာတွေ လျှောက် ပြောမှန်း မသိဘူး ။ ဒါကြောင့်မို့ လို့ မမမယ်တင့် အပျိုကြီး ဖြစ်နေတာ ”
“ အလိုတော် ငါ အပျိုကြီး ဖြစ်တာနဲ့ ဘာ ဆိုင်တာ မှတ်လို့ ၊ အဟီးဟီး ... ဟင်းဟင်း ... ခွီး ခွီး ... ကောင်မ အိုးမလုံ အုံပွင့်ပြီး ... ရှက်ရမ်း .. ”
“ အာ ... မမမယ်တင့်ကြီး ဘာမှန်းကို မသိတော့ဘူး ... သွား ”
"ဟား ... ဟား ... သွားမှာပါအေ ။ ညည်း က လည်း ကဲ ... ကဲ ... ညည်း တစ်ယောက်တည်း လွတ်လွတ်လပ်လပ်ကြီး ယဉ်ပေတော့ ... စိတ်ကူး ... စိတ်ကူး ... စိတ်ကူး ... အဟီး ... ဟီး ... ဟီး ... ဟားဟား ခစ် ”
ဤသို့ ဤနှယ် တယ်လီဖုန်း လာပြီးပြီ ဆိုသည်နှင့် အချင်းချင်း နောက် ကြသည် ။ ပြောင် ကြသည် ။ စ ကြသည် ။ ရယ်စရာ မောစရာ ဟာသများ အဖြစ် ဖန်တီး ပြောဆိုကြပြီး အုပ်စုလိုက် ဆိုပါက တဝါးဝါး တဟားဟား ဖြင့် သဘောကျစွာ ရယ်မော ပြောဆို တတ်ကြပါလေ၏ ။
ဤသည်ကား ရွှေရိုးတို့ ကျီစု မည်သော အိမ်ခြေ ( ၅၀၀ ) ကျော် ခန့်သာ ရှိသည့် ကျေးလက်တောရွာကလေး ၏ ချစ်စရာ ကြည်နူးမှု များ ဖြင့်အတိ စီရင်ပြီးအပ်သော ဓလေ့ စရိုက် ၊ ရိုးဂုဏ် ဖြင့် ဖွဲ့စည်း ထားလေသော အဝန်းအဝိုင်းငယ်ကလေး တစ်ခု ။
••••• ••••• •••••
ယခုတော့ ရွှေရိုး တို့ ကျီစုရွာကလေး ထဲ တွင် ထို တယ်လီဖုန်း နှင့် ပတ်သက် စပ်ဆိုင်သော ဟာသများ က ရယ်စရာ မောစရာ အဖြစ် ပြော မဆုံးနိုင်အောင် ရှိ နေခဲ့ရသည် မှာ မှတ်စုစာအုပ် တစ်အုပ် ၊ ကျမ်းစာအုပ် တစ်အုပ်စာ မျှပင် မကတော့ပြီ ဟု ရွှေရိုး ဆို ချင်ပါသည် ။
ရွှေရိုး တို့ ကျီစု မည်သော ရွာကလေး ထဲ မှာ ထို တယ်လီဖုန်း နှင့် ပတ်သက်သော ကမောက်ကမ ၊ ဗရုတ်သုတ်ခ ၊ ဂွတီးဂွကျ ၊ ကသောင်းကနင်း နှင့် အိုးနင်းခွက်နင်း နိုင်လှသော တကယ့် အရိုးခံ ဟာသများ က ယခု ဆိုလျှင် ပြော ၍ ပင် မကုန်တော့ပြီ ။
ထို အထဲ မှ ရွှေရိုး ပြောချင်သော အကြောင်းအရာ တစ်ခု ရှိ ပါ လေ၏ ။ အခြားတော့ မဟုတ် ။ ရွှေရိုး ၏ ဦးလေး ၊ အမေ့ ရဲ့ မောင် ဦးဖိုးပိန် ဆို သူ ၏ အကြောင်း သာ ဖြစ်ချေသည် ။ ထိုအကြောင်း ကို ရွှေရိုး တို့ ရွာကလေး ထဲ တွင် ယခုအထိ ပြောစမှတ် ပြု၍ စကား ဆုံ ကာ အကြောင်း တိုက်ဆိုင်ကြတိုင်း ပြောကြ ၊ ဆိုကြ ၊ ရယ်ကြ ၊ မောကြ သည် မှာ ပြောဖွယ်ရာ ပင် မရှိတော့ ။ ရွှေရိုး ကိုယ်တိုင် ပင် လျှင် ကိုယ်တိုင် ကိုယ်ကြပ် မကြုံ မတွေ့ မမြင် လိုက် ရသော်လည်း မြင်တွေ့ လိုက်ရသကဲ့သို့ ရှိခဲ့ရပါချေ၏ ။ မြင် လည်း မြင်ယောင် မိ ပါသေးတော့ ။ မြင်ယောင်မိ တိုင်း လည်း တစ်ယောက်တည်း သော် လည်းကောင်း ၊ အုပ်စုလိုက် သော် လည်းကောင်း သဘော ကျ စွာ နှင့် ခွက်ထိုးခွက်လန် ရယ် ဖြစ်ကြပါချေ၏ ။
ကြည့်ပါ ...
ရွှေရိုး ဦးလေး နာမည် က ဦးဖိုးပိန် ဟု ဆို သော် လည်း နာမည် နှင့် လူ မလိုက်ဖက်စွာ ဝဝတုတ်တုတ်ကြီး ။ ထိပ်ပြောင်ပြောင်ကြီး ။ လမ်း သွားလျှင် ရာဝင်ပုတ်ကြီး ကို တွန်းလှိမ့် လာ သလိုမျိုး ။ လှုပ်စိလှုပ်စိ နဲ့ ငြိမ့်ငြိမ့် ငြိမ့်ငြိမ့်ကြီး ။ ဝသော သူ များ လမ်းလျှောက် လျှင် ရွှေရိုး က ထို အတိုင်းသာ မြင်ယောင် တတ်၏ ။
တစ်နေ့ ...
ရွာလယ် ဓမ္မာရုံမှာ အလှူခံမဏ္ဍပ် ဖွင့်ပြီး အသံချဲ့စက် ကို အကျယ်ကြီး ဖွင့် နေလေ၏ ။ ရွှေရိုး တို့ တောကျေးလက် ၏ သဘာဝ ထုံးစံ အတိုင်း စက်ဆရာ စိုးနိုင် က တွံတေးသိန်းတန် ရဲ့ နာမည်ကြီး “ ထွေးညို ” သီချင်း ကို ဖွင့် ထားပါလေသည် ။ အသံချဲ့စက် က တော့ အသံချဲ့စက် ဆိုသည့် အတိုင်း တကယ့် အော်ကြီးဟစ်ကျယ် နိုင် လွန်း လှချေသည် ။ တကယ့် ကို ခုနစ်ရွာ ရှစ်ရွာ အထိပင် ရပ်ကျော် ရွာကျော် ဆိုသလို ပင် ဖြစ် လေသည် ။
ထိုစဉ် ...
အော်ကြီးဟစ်ကျယ် နိုင်လှသော ထို အသံချဲ့စက် ဆီ မှ နာမည်ကျော် အဆိုတော် တွံတေးသိန်းတန် ၏ “ ထွေးညို ” သီချင်း သည် တိခနဲ ပြတ်တောက် ရပ်စဲ သွားပြီး မိုက်ခရိုဖုန်းသံ တကျွီကျွီ တစွီစွီ ပျံ့လွင့် လာပါချေ၏ ။
“ ဟဲလို ... တုတ် ... တုတ် ... တုတ် ... တုတ် ဟယ်လို ”
အတန်ကြာသည် အထိ မိုက်ခရိုဖုန်း ကို စမ်းသပ်သည့် အသံများ ၊ မိုက်ခရိုဖုန်း ကို အသံ လာ မလာ စမ်းသပ်ကာ ပုတ် လိုက်သည့် အသံများ ပါးစပ် ဖြင့် တဖူးဖူး မှုတ်လိုက်သည့် အသံများ အဆက်မပြတ်စွာ ဆူဆူညံညံ ပေါ်ထွက် လာနေချေ၏ ။
ရွှေရိုး က အလှူငွေ ထည့်ဝင်သည့် အလှူရှင်များ ၏ နာမည် ကို ကြေညာရန် စမ်းသပ် နေသည် ဟု အထင် ရှိ သဖြင့် ဂရုစိုက်ကာ နား မထောင် ဖြစ်သေး ။
သို့သော် ...
ရွှေရိုး ၏ အထင် နှင့် အမြင် ကား တခြား ဆီ ။
“ ဟဲလို ... ဟဲလို..ရွာ အရှေ့တောင်ချောင် က ဦးဖိုးပိန် ... ဦးဖိုးပိန် ... ခင်ဗျား သမီး မိဂျမ်းစိန် ဆီ က တယ်လီဖုန်း လာ နေပါတယ် ။ အခု အမြန် လာ ကိုင်လှည့်ပါ ။ ရွာအရှေ့ တောင်ချောင် က ဦးဖိုးပိန် ... ဦးဖိုးပိန် ... ဖုန်း ... ဖုန်း ... ဖုန်း ... တယ်လီဖုန်း ”
ဟူ၍ ဖြစ်ပါလေ၏ ။
သည်တွင် ...
ရွှေရိုးတို့ ၏ ဦးလေး ၊ အမေ့ ၏ မောင် ဦးဖိုးပိန် သည် သူ့ သမီး မိဂျမ်းစိန် တောင်ကြီးမြို့ မှ ဆက် လိုက်သော တယ်လီဖုန်း အား သွားရောက် ဆက်သွယ် ကိုင် ပြောရန် ရွာလယ်ပိုင်း ဒေါ်ပြုံး ဆိုင် ရှိရာ သို့ အူယားဖားယား နှင့် ခပ်သုတ်သုတ် ပြေး လာ ပေလိမ့်မည် ။ ပြေးလာ ပေလိမ့်မည် ဟု ဆိုသော် လည်း ပုတ်ကြီး လိမ့် လာသလို တအိအိ လိမ့် လာခြင်းမျိုး မျှ သာ ဖြစ်ပါချေမည် ။ အဘယ့်ကြောင့် ဆိုသော် ...
အထက် တွင် ဆိုခဲ့ပြီးသည့် အတိုင်း ပင် ရွှေရိုး ၏ ဦးလေးတော် ဦးဖိုးပိန် သည် ဝဝတုတ်တုတ်ကြီး ဖြစ် ခြင်းကြောင့် ... ။
ရွှေရိုး ၏ ဦးလေး ဦးဖိုးပိန် သည် ထိုကဲ့သို့ ဖုန်း ရှိရာသို့ လာနေစဉ် လမ်း ၌ လည်း သူ့ သမီး နှင့် ဖုန်း ပြောစဉ် ပြောရမည့် စကား တို့ အား စီစဉ် လာပေလိမ့်မည် ဟု ရွှေရိုး ထင်ပါသည် ။
တယ်လီဖုန်း အား ကောက် ကိုင်စဉ် သူများတွေ အော် သလို “ ဟဲလို ” ဟု စ ကာ အော်မည် ။ ပြီးလျှင် ပြောစရာ ရှိတာကို သမီး ဖြစ်သူ နှင့် ဆက် ပြောမည် ။ ၄င်း က “ ဟဲလို ... သမီး ” ဟု ခေါ် လျှင် သမီး ဖြစ်သော သူ က လည်း “ ရှင် ... အဖေ ” ဟု ပြန်၍ ထူး ပေလိမ့်မည် ။ ဖုန်း တစ်ခါမျှ မဆက်ဘူးသော ရွှေရိုး ၏ ဦးလေး သည် ရင်တလှပ်လှပ် ပင် ခုန် နေပေလိမ့်မည် ။
ဤသည် မှာ လည်း ရွှေရိုး ၏ အထင်သာ ဖြစ် ချေ၏ ။
ကဲ ... ကြာ ပါတယ် ...
ရွှေရိုး ၏ ဦးလေးတော် ဦးဖိုးပိန် သူ့ သမီး နှင့် စကား ပြောဆိုရန် တယ်လီဖုန်း လက်ကိုင် အား စတင် ၍ ကောက် ကိုင်ပါချေပြီ ။
“ ဟဲ ... လို ...”
ဦးဖိုးပိန် က အားရပါးရပင် သူများတွေ လုပ်သလို နား နှင့် ပါးစပ် မှာ လက်ကိုင် တစ်ဖက် တစ်ချက်စီ တပ်၍ အော်သည် ။ သို့သော် တစ်ဖက် မှ ဘာသံမျှ မကြားရ ၊ တုံ့ပြန်မှုသည် မရှိ ။
ထို့ကြောင့် ဦးဖိုးပိန် က ဇဝေဇဝါ ဖြစ်စွာ နှင့် လက်ကိုင် ကို ပြန် ခွာ လိုက်ပြီး ကြည့်သည် ။ ပါးစပ် မှ လည်း
“ ဟဲ့ .. ဘာသံမှ လည်း မကြားရပါလား ... ဟဲ့ ”
“ အယ် .. ”
“ အဟား ... ဟား ... ဟား ... ဟီးဟီးဟီး ... ။ ဦး ... ဦး ... ဟား ... ဟား ... ပိန် ... ဦးပိန်..အဟီး ... ဦး ... ဦးပိန် က ပြောတာ ပြောင်းပြန်ကြီး အဟီး ... ဟီးဟီး ... ခစ် ”
ရယ်သံများ ဆူညံသွားသည် ။
ထို ရယ်သံများ ကြောင့် ရွှေရိုး တို့ ဦးလေးတော် ဦးဖိုးပိန် သည် များစွာ ရှက် သွားရချေပြီ ။ ဘယ့်နှယ်ဟာ ပါလိမ့် ။ သူများတွေ ဆိုလည်း သည်အတိုင်းပင် အော် အော်ပြီး ဆက် နေကြတဲ့ဟာကို ။ ထိုသို့ပင် ရွှေရိုး ၏ ဦးလေး ဦးဖိုးပိန် က ခဏတော့ တွေဝေ စွာဖြင့် စဉ်းစား ဖြစ်လိုက်သေး၏ ။ သို့သော် ကြာကြာလည်း မစဉ်းစား ဖြစ်တော့ ။ လူတွေ က ရယ် နေကြသည် ။ ပို၍ ရှက် ရနေပေဦးမည် ။
ထို့ကြောင့် ရွှေရိုး ၏ ဦးလေးတော် ဦးဖိုးပိန် က ထပ်၍ အော် လိုက်သည် ။ သည်တော့မှပင် ပို၍ ဆိုး သွား လေတော့၏ ။ ချက် ချင်းပင် ရယ်သံများက ဝေါခနဲ ပွက် ထ သွားလေ၏ ။ ဦးလေးတော် ဦးဖိုးပိန် ထပ်ဆင့် အော် လိုက်သည့် အသံ ကို လည်း နားထောင် ကြည့် တော် မူကြပါဦး ။
ဘာတဲ့ ... အဲ ...
“ ဟာ ... ဒါဆိုလည်း လိုး ... ဟဲ ကွာ ... လို ဟဲ ”
ဟူ၍ ဖြစ်ချေ၏ ။ “ ဟဲ ... လိုး ... ဟဲ ... လိုး ” ဟု အော်သည် ကို အနားမှ လူများ က ပြောင်းပြန်ကြီး ဟု ပြောသဖြင့် ခပ်ရှက်ရှက် နှင့် ပြောင်းကာ အားပါးတရ အော် လိုက်ခြင်းပင် ဖြစ်ချေ တော့၏ ။
ရယ်သံများ သည် ကား အဆုံး ပင် မသက် နိုင်ကြတော့ ။
ရွှေရိုးတို့ ဦးလေး ဦးဖိုးပိန် ခမျာ မှာတော့ ရှက် လည်း ရှက် ။ နားမလည်စွာ နှင့် ဆိုင်ရှင် ဒေါ်ပြုံး ကို နားဝေတိမ်တောင် နိုင်စွာ ဖြင့် ကြည့် ၏ ။ ဆိုင်ရှင် ဒေါ်ပြုံး ခမျာ မှာ လည်း ဦးဖိုးပိန် ၏ အဖြစ်ကြောင့် ငိုအား ထက် ရယ်အား သန်စွာ ရယ်ရင်း ...
“ အဟီး ... ဟီး ... ခွီး ခွီး ... ဟတ် ... ဟတ်ဟား ... ဟား ... ဟဲ့ ... ဖိုး ... ဖိုးပိန် ... နင် ... .အဟီး ဟီး ... ခွစ် ... ခွစ် ... ဖုန်းလက်ကိုင် ကို ကိုင် ထားတာ အဟား ... ဟား ... ဟီး ... ပြောင်း ... ပြောင်း ... ပြန် ... အဲ ... စောက် ... ထိုး ... အဟီးဟီး ... ကြီး ”
“ ဟိုက် ... ဗျာ ... အဲ ”
ထိုတော့မှ ဦးဖိုးပိန် ခမျာ မျက်နှာကြီး နီရဲစွာ အရှက်သည်းရင်း တယ်လီဖုန်း လက်ကိုင် ကို ပြန်၍ လှည့် ကိုင် လိုက်ရတော့၏ ။
ကြည့်လေ ...
ဟုတ်လည်း ဟုတ်ပါရဲ့ ။ ဦးဖိုးပိန် ဆိုတဲ့ ရွှေရိုး တို့ ဦးလေး က ဖုန်းလက်ကိုင်ကြီး ကို စကားပြော ခွက် နှင့် နားထောင်သော ခွက် လွဲမှား စွာ ဖြင့် ကိုင် ထားလေသည် ကိုး ။
ရွှေရိုး ၏ ဦးလေး ဦးဖိုးပိန် က “ ဟဲ ... လိုး ” ကို ပြောင်း ပြန် ထင်၍ “ လို ... ဟဲ ” ဟု အော် ကာ တယ်လီဖုန်း လက်ကိုင် ကို စောက်ထိုးမိုးမျှော် ဆိုသလို ကိုင် ထားလေသည် ။
ဦးပိန် က အတည့် ပြန် ကိုင် လိုက်၏ ။
သည်တွင် ဆိုင်ရှင်ဒေါ်ပြုံး က အပြင် မှ အသံ ကြားရလေ အောင် ခလုတ် တစ်ခု ကို နှိပ် လိုက်၏ ။ တစ်ဖက် မှ အသံသေးသေး ကြောင်စွာ ဖြင့် ပတ်ဝန်းကျင် သို့ ပျံ့လွင့် လာ၏ ။
“ ဟဲလို ... အဖေ လား အဖေ့ ”
ဟူ၍ ။ သည်တွင် ဦးဖိုးပိန် က သူ့ သမီး အသံ တယ်လီဖုန်း မှ အသံ ကြား လိုက်ရစဉ် ဗြုန်းခနဲ ပြန် ထူးလိုက်ပုံကြောင့် နဂို ကတည်း က ပင် ရယ်သံ မစဲသေးသော ရယ်သံလှိုင်း တို့ က ဝေါခနဲ ထပ်မံ ပျံ့လွင့် လာ ကြ ပါလေတော့၏ ။
ကြည့် ...
တစ်ဖက် မှ သမီး ဖြစ်သူ မိဂျမ်းစိန် က “ အဖေ လား အဖေ့ ” ဟူသော ခေါ်သံ အား ပြန် ထူးလိုက်သည် က ...
“ ရှင် ”
ဟူ၍ ။ ဦးဖိုးပိန် တို့ ဖြစ်ရပုံ က တော့ အဲသည်လို ။ ဒါနဲ့ပါ ဆိုလျှင် သုံးခါ တိတိ ပင် ရှက်ပြီး ချေပြီ ။ “ ဟေ ... သမီး မိဂျမ်းစိန် လား ” ဟူ၍ မထူးမိဘဲ “ ရှင် ” ဟု ပြန် ထူး မိကာ လမ်း တွင် စီစဉ် လာသော စကားလုံးတို့ သည် ကား ကမောက်ကမ ဆို မှ တကယ့် ကို ကမောက်ကမ ဖြစ် နေကြလျက် ။
သိပ်တော့ မကြာပါ ။ ဦးဖိုးပိန် တစ်ယောက် အပြောအဆို လေ သံ ပြန် တည့် လာချေ၏ ။ သူ့ သမီး ဖြစ်သူ နှင့် နှစ်ယောက် တည်း မျက်နှာချင်းဆိုင် ဆုံတွေ့ပြီး ပြော ရသလို ခြေဟန် လက်ဟန် ကားရား ကားရား နှင့် အားပါးတရ ပြော လာ ချေပြီ ။
သို့သော် ...
"အ .. ဟား ... အဟေး ... အေး ... .သမီး မိဂျမ်းစိန် ပြန်လာမယ် ။ အေး ... အေး ... ကောင်းပြီ ၊ ကောင်းပြီ ၊ အဖေ လာကြို မယ် ၊ ကြိုမယ် ၊ အင်း ... အင်း ... လှည်း နဲ့ ပေါ့ ... ဟဲ့ ... ဟင် ... ရမည်းသင်း ကို ရောက်နေပြီ ... ဟုတ်လား ... ဟားဟား ... အဖေ က တောင်ကြီး က နေ ပဲ ဆက် နေတယ် ထင်လို့ ။ ဘာ ... အခု လာကြိုရမယ် ဟုတ်လား ၊ ဧည့်သည်တွေ လည်း ပါတယ် ။ ဟား ... လာမယ် သမီး ၊ လာမယ် ၊ ခုကို လာကြိုမယ် ၊ ဟုတ်ပြီလား ၊ ကဲပါ ... ကြား ပါတယ် ခုပဲ ”
“ အယ် ”
“ ဟဲ့ ... ပလုတ်တုတ် ”
“ အိုး ”
“ ဂလောက်လောက်လောက် ... ခွပ် ”
“ ဦးပိန် ”
“ ဟာ ”
အားလုံး ဝရုန်းသုန်းကားတွေ ဖြစ် ကုန်သည် ။
ကြည့်ဦးလေ ...
ရွှေရိုး တို့ ရဲ့ ဦးလေးတော် ၊ အမေ့ ရဲ့ မောင် ဖြစ်သူ ဦးဖိုးပိန် လုပ်ချလိုက်သည့် ပုံ က တယ်လီဖုန်း ပြောရင်း အားပါ လာပြီး သူ့ သမီး ကို ချက်ချင်း သွား ကြိုရတော့မည့်ဟန် နဲ့ တယ်လီဖုန်း ပြောဆို နေသည် ကို ပင် မေ့ပြီး ရေးကြီးသုတ်ပျာ နိုင်စွာ ခြေလှမ်းကျဲကြီး နှင့် လှမ်းရင်း စကား ပြောခွက် ကို မချဘဲ စွတ် ထွက် သွားသဖြင့် တယ်လီဖုန်းအိမ် သည် အောက်သို့ ပြုတ်ကျ သွားကာ လက်ကိုင်စကားပြောခွက် သည် ဦးပိန် လက်ထဲ သို့ ကြိုးပါ ပြုတ် ပါ သွားသည် ။
သည်ကဲ့သို့ ...
ထိုနေ့က ရွှေရိုး တို့ ဦးလေးတော် ဦးဖိုးပိန် တစ်ယောက် အရှက်အကွဲပေါင်း သောင်းခြောက်ထောင် နှင့် ဗရုတ်သုတ်ခ နိုင်စွာ ။ ဂွတီးဂွကျ နိုင်စွာ ၊ ကမောက်ကမ နိုင်စွာ တို့ ဖြင့် ဝရုန်းသုန်းကား သုတ်ခြေ တင် ပြေးထွက် လာခဲ့ပြီးသည့် သကာလ ထို့နောက်ပိုင်း တို့ ၌ တယ်လီဖုန်း လာသည် ဟု ဆိုလျှင်ပင် သွား မကိုင်တော့ ။
ရွှေရိုး တို့ ကျီစုရွာသားတွေ က တော့ ယနေ့ အထိ အဆိုပါ ဦးလေးတော် ဦးဖိုးပိန် အား တွေ့ လျှင် ရယ်ချင်စိတ် မထိန်းနိုင်ဘဲ ရယ် နေကြ ဆဲ ။ စ လည်း စ ၍ နောက် လည်း နောက်ပြောင် နေကြဆဲ ။
ကာလသား လူငယ်အုပ်စု နှင့် တွေ့လျှင် ရေရိုး တို့ ဦးလေး ဦးဖိုးပိန် ခမျာ မစားသာ တော့ ။ ကာလသား အုပ်စု ထဲ မှ တစ်ယောက် က “ ဟဲလို .. အဖေ လား ... အဖေ့ ” ဟု တိုင် ပေး လိုက်သည် နှင့် တစ်ယောက် က ထ ပြီး “ ရှင် ... အဲ ” ဟု ပြန် အော် ကာ တဝါးဝါး တဟားဟား ရယ်ပွဲ ဖွဲ့ကြသည် ။
တစ်ယောက် က “ ဟဲလိုး ” ဆို လိုက်လျှင် အခြား တစ် ယောက် က ထပြီး “ ဦးပိန် မှားနေပြီ ပြောင်းပြန်ကြီး ” ဆိုပြီး အော်၍ “ ဟာ ... အဲဒါဆိုလည်း လိုး ... ဟဲ ကွာ ... လိုးဟဲ ” ဆိုပြီး ဝိုင်း ရယ် ကြသည် ။
ထိုသို့ တစ်ယောက် တစ်ပေါက် ဖြင့် ရွှေရိုး တို့ ဦးလေး ဦးဖိုးပိန် ၏ တယ်လီဖုန်း ပြောစဉ်က ဖြစ်ပျက်ခဲ့သည့် ပုံစံ အတိုင်း တစ်ယောက် တစ်ပေါက် တစ်ယောက် တစ်ခွန်း နှင့် တစ်ယောက် တစ်မျိုး မရိုးအောင် လုပ်ပြပြီ ဆိုလျှင်ဖြင့် ရွှေရိုး တို့ ရဲ့ ဦးလေးတော် ဦးဖိုးပိန် တစ်ယောက် ရှက်မျက်နှာကြီး နီရဲ လို့ သုတ်ခြေတင် ပြီး ပြေးပြီ သာမှတ် ။
သည်ကဲ့သို့ ...
ရွှေရိုးတို့ ကျီစု ဟူသော ရွာကလေး မှာ တယ်လီဖုန်း နှင့် ပတ်သက်ပြီး ရယ်စရာ ဟာသပြက်လုံး ရာဇဝင်တွေ တွင်ရစ် နေခဲ့သည် မှာ အများကြီး ပင် ဖြစ်လေ၏ ။
သို့သော် ..
ထို ရယ်စရာများစွာ တို့ အနက်မှ ရွှေရိုး တို့ ၏ ဦးလေးဦးဖိုးပိန် ၏ အဖြစ်အပျက် က တော့ ယခုအထိ ပြောစမှတ် တွင် လျက် ရှိနေပါသေး၏ ။
ထိုသို့ ...
မြို့ပြ အဆင်တန်ဆာ ပြယုဂ်များ နှင့် စိမ်း လွန်းသော တောနေ လူတန်းစား တစ်ရပ် ၏ အရိုးခံ အဖြူထည် သက်သက် နှင့် လွဲချော် မှားယွင်းမှု တို့ သည် ကား ကမောက်ကမ ၊ ဗရုတ်သုတ်ခ ၊ ဂွတီးဂွကျ ၊ ကသောင်းကနင်း နှင့် ဝရုန်းသုန်းကား နိုင်ချင် နိုင်နေမည် ဖြစ်သော် လည်း ခွင့်လွှတ် စာနာ နားလည်စွာ ကြည့် တတ်ကြမည် ဆိုပါ လျှင် ကြည်နူးစရာ ပျော်ရွှင် ရယ်မောဖွယ်ရာများ အတိ နှင့် စီရင်ပြီးအပ်သည် ကို သာ တွေ့မြင်ရမည် ဖြစ်ပေသတည်း ... ။
◾မြင့်မြတ်ဖြူစင်
📖 ကိုချစ်စော ပြောလိုက်မှဖြင့်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment