❝ အပြင်စာ ❞
“ ကိုအေး ကိုအေး ထ ထ ကျွန်မ ကို လိုက်ပို့ဦး ”
“ ဟင်အင်း .. အင်း .. ”
မိတိုး ကို ပြောရင်း အိပ်ရာ ထဲ က သူ လူးလဲ ထ လိုက်တယ် ။ နာရီ ကို ကြည့် လိုက်တော့ မနက် လေးနာရီ ခွဲ ။ တစ်ချို့ သူတွေ အတွက် ဒီ အချိန် က အိပ် ကောင်းတုန်း ဆိုပေမယ့် ကျုပ်တို့ ရပ်ကွက် မှာ တော့ အိမ်တိုင်း လိုလို နိုး နေကြပြီ ။ ဈေး ဆင်း တဲ့ ကုန်စိမ်းသည်တွေ ၊ ဈေးကြို ကား မောင်း တဲ့ သူတွေ ၊ ဈေး ထဲ မှာ ပစ္စည်း ချ တဲ့ ကုန်ထမ်းသမားတွေ ၊ သူဌေးရပ်ကွက် တွေ ကို သူ့ ထက် ငါ အရင် ရောက်အောင် သွားပြီး နေ့ဘက် အိမ်အကူ လုပ် သူ တွေ လည်း ရှိတယ် ။ ကုန်ကုန် ပြော ရင် ကျုပ်တို့ ရပ်ကွက် က လက်လုပ် လက်စား ပေါတဲ့ ဆင်းရဲသား ရပ်ကွက် တစ်ခု ပေါ့ ။ အဲ သူ့ ကုသိုလ် နဲ့ သူ ယောက်ျား လုပ်စာ စား ပြီး သန်းတုပ် အတင်း ပြော နေတဲ့ မိန်းမတွေ နဲ့ ထမီနား ခို စား တဲ့ ယောက်ျားပျင်း တွေ လည်း ဒီ ရပ်ကွက် မှာ ဒု နဲ့ ဒေး ။ အရက်ဆိုင် တွေ လည်း လူ ပြည့် သလို ၊ ဖဲဝိုင်း တွေ လည်း ပေါတယ် ။
ကျုပ် ဆိုက္ကား ကို ခြံ ပြင် ထုတ်ခါ နီး တော့ အိမ် ပေါ် က မိတိုး ရဲ့ ဘုရား ရှိခိုးသံ ကို ကြား လိုက်ရတယ် ။ တပြိုင်ထဲ ဘုရားစင် ပေါ် က အငွေ့ တစ်ထောင်းထောင်း ထ နေတဲ့ ကောက်ညှင်းပေါင်း ပန်းကန်ကြီး ကို ပါ ကျုပ် မျက်စိ ထဲ ပြေး မြင်တော့တာပဲ ။ ဘုရားချင်း တူ တာတောင် ကျုပ် အိမ်က ဘုရား က တော့ နေ့တိုင်း ကောက်ညှင်းပေါင်း ချည်း ဘုန်းပေး နေရ ရှာတာ ။ ကျုပ် ဖြင့် အားတောင် နာတယ် ။ မတတ်နိုင်ဘူးလေ ကောက်ညှင်းပေါင်းသည် အိမ် ကိုး ။ နေ့ဆွမ်း တောင် အချိန် မမီ လို့ မကပ် ဖြစ်တာ များတယ် ။ မိတိုး နား က ကောက်ညှင်းပေါင်း တောင်း ကို ယူပြီး ကျုပ် ဆိုက္ကား နောက်ခုံ ပေါ် တင် လိုက်တယ် ။ မိတိုး က ရှေ့ ခုံ မှာ ထိုင် ပြီး လိုက်တယ် ။ ကျုပ် သူ့ ကို ကျုပ်တို့ လမ်း က နေ သုံးလမ်း ကျော် မှာ ရှိတဲ့ ဈေး ကို ပို့ပေးရတာ ။
“ ကိုအေး ”
“ ဟေ ... ပြော ”
“ သား အတွက် ကောက်ညှင်းပေါင်း နဲ့ ကော်ဖီ တစ်ထုတ် ဖျော် ခဲ့တယ် ။ ပြောင်းဖူးပြုတ် တစ်ဖူး ရှိတယ် နေ့လည် မုန့်စား ဆင်း အတွက် ထည့် ပေးလိုက် ။ ရှင့် သား ကို ကျောင်း ပို့ရင် မုန့်ဖိုးတွေ ဘာတွေ မပေး လိုက်နဲ့ နော် အပြင်စာတွေ ဘာတွေ စား နေမယ် ”
“ အေးပါ မိတိုး ရ .. ဘာ အပြင်စာတုန်း ”
“ အော် ရှင့်နှယ် အပြင်စာ ဆိုတာ မသန့်မပြန်တဲ့ မုန့်တွေ ရောင်း တာ ကို ပြောတာ ။ အစား မတော် ရင် တစ်လုတ် တဲ့ ။ ကိုယ့် အိမ် က မုန့် လောက် စိတ် ချ ရတာ ရှိမလား ။ ပိုက်ဆံ ပေါတဲ့ သူတွေ ဖြစ်တာ တော့ အကြောင်း လား ၊ ကု နိုင် တယ်လေ ကိုယ်တွေ မှာ သာ ဖြစ် လိုက်ရင် လွယ်တာ မဟုတ်ဘူး ”
“ ဪ .... အေး .. အေး ”
မိတိုး ကို ဈေး မှာ ချ ပေးပြီး ကျုပ် အိမ် ပြန်တယ် ။ သား ကို နှိုးတယ် ။ မနက်စာ ကျွေး ပြီး ကျောင်း လိုက် ပို့ တော့ ကျုပ် ဘေး မှာ ကိုယ်ပိုင် ကား တစ်စီး လာ ရပ်တယ် ။ ကျုပ် လှည့် ကြည့် လိုက်တော့ ...
“ အိမ် က မုန့် ထည့် ပေး လိုက်တယ် ။ အပြင် မုန့် တွေ သူများ စား တိုင်း လိုက် မစား နဲ့ ရောဂါ ရမယ် ကြားလား ။ ဖြစ်ရင် ကိုယ် ပဲ ခံရမှာ ”
ကား ပေါ် က မိန်းမကြီး က သူ့ ကလေး ကို မှာ နေတာ ။ ကျုပ် တောင် မိတိုး ပြော တဲ့ အပြင်စာ ဆို တာ ကို သွား သတိ ရ လိုက်မိသေးတယ် ။ သား ကို ကျောင်း ပို့ ပြီး ရင်တော့ ကျုပ် ဆိုက္ကား စ ဆွဲပြီ ။ ဈေး ချိန် နဲ့ ကျောင်းချိန် လေး ကို ကျုပ် က ကြိုးစား ပြီး ဆွဲတယ် ။ ဒါမှ မနက် တစ်ပိုင်း တင် အုံနာခ ရ မှာလေ ။ မိတိုး က ကိုးနာရီခွဲ လောက် ဈေး သိမ်း ပြီးရင် သူ့ ဖောက်သည် တစ်ယောက် အိမ် ကို လိုက်ပြီး မီးပူ တိုက် ရသေးတာ ၊ နေ့လည် ( ၁၂ ) နာရီ လောက် မှ သား ကို ရော မိတိုး ကို ပါ ကျုပ် က ပြန် ကြို ရတယ် ။ တခါ တခါ မိတိုး က ဟင်းတွေ ပါ လာ တတ်တယ် ။ မပါ လာ တဲ့ အခါ တော့ လည်း အိမ်ပြန် ရောက် မှ ချက် ရတာပေါ့ ။ ထမင်း စား ပြီး ရင် ကျုပ် က ဆိုက္ကား ထွက် ဆွဲ ၊ မိတိုး က မနက်ဖြန် အတွက် ကောက်ညှင်းဆန်တွေ ဘာတွေ စိမ် ၊ အိမ် အလုပ်တွေ ဘာတွေ လုပ် ပေါ့ ။ ဒါ ကျုပ် မိသားစု ရဲ့ တစ်နေ့ စာ ဂျူတီ ပဲ ။
••••• ••••• ••••• •••••
ည ခုနှစ်နာရီ ကျော် ... ကျုပ် ဆိုက္ကား သိမ်းပြီး ပြန် လာရင်းနဲ့ တည်းခိုခန်း တစ်ခု ရှေ့ ရောက် တော့ ...
“ ညီလေး ဆိုက္ကား အား လား ”
အရပ်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့် လူ တစ်ယောက် ကျုပ် ဆိုက္ကား ကို တား တယ် ။ ကျုပ် ရပ် ပေး လိုက်တယ် ။ ဟိုဘက် ရပ်ကွက် ကို ကောင်မလေး တစ်ယောက် ပို့ ခိုင်းတယ် ။ တစ်ထောင် ကျ မယ့် လမ်း နှစ်ထောင် ပေးတော့ ကျုပ် မလိုက် ရှိမလား ပို့ ပေး လိုက် တာပေါ့ ။ အံမယ် ဘဲကြီး က သူဌေး သူ့ ကားကြီး ပေါ် မတက်ခင် တောင် နောက် နေ့ တွေ လည်း ဒီ အချိန် လာ ပေးဖို့ ကျုပ် ကို မှာ နေသေးတာ ။ ကျုပ် လက်ခံ လိုက်တယ် ။ ကျုပ် အိမ် ပြန် ရောက်တော့ ရှစ်နာရီ တောင် ကျော် နေပြီ ။
“ ကိုအေး ... ရှင် ဒီနေ့ ... နောက်ကျလှချည်လား ”
အကြောင်းစုံ ရှင်းပြလိုက်တော့ မိတိုး က ခေါင်း တညိတ်ညိတ် နဲ့ ကျေနပ် နေတယ် ။ နောက် မှ မျက်မှောင် ကြီး ကုတ်ရင်း ...
“ ကိုအေး ရှင် ပြဿနာ တော့ မတက်လောက်ပါဘူး နော် ”
“ ဟာ .. မိတိုး ရာ ငါ နဲ့ ဘာ ဆိုင်လိုက်လို့ ငါ က ဆိုက္ကားဆရာ သူ က ဆိုက္ကား ငှားတယ် ပိုက်ဆံ ရတယ် ပြီးပြီပေါ့ ”
“ အေးပါ ရှင့် ကို တော့ ကျွန်မ ယုံပါတယ် ”
မိတိုး မယုံ လည်း မတတ်နိုင်ဘူး ။ ဒီ ရပ်ကွက် ထဲ ကျုပ် လောက် ကောင်းတဲ့ သူ တောင် ရှိမယ် မထင်ဘူး ။ နံမည် နဲ့ လူ နဲ့ လိုက်တယ် လို့ ပြောတဲ့ စကား ကျူပ် အတွက် ဖြစ်မယ် ။ ကျုပ် နံမည် ကို က ကိုအေး ကိုး ။
နောက် နေ့ တွေ လည်း အဲ့ တည်းခိုခန်း ရှေ့ ကို ကျုပ် အချိန် မှန်မှန် ရောက် ဖြစ်တယ် ။ ပို့ လည်း ပို့ ဖြစ်တယ် ။ တစ်ခါတစ်လေ များ ဆို ဘာ စိတ်ကူး ပေါက်တယ် မသိဘူး ။ ကောင်မလေး က ပိုက်ဆံ ပို ပေးလိုက် ၊ သူဌေး က လည်း ဘောက်ဆူး ဆိုပြီး ပေး လိုက် နဲ့ ကျုပ် မျိုးမျိုးမြက်မြက်လေး တောင် ရ လိုက်သေးတာ ၊ အိမ်ငှါး က လည်း ခြောက်လ ပြည့် တော့မယ် ။ ခုလို ကြားပေါက် ဝင်ငွေ လေး နဲ့ ဆိုတော့ ဒီ တစ်ခေါက် အိမ်ငှားခ အတွက် အပူတပြင်း မရှာရတော့ဘူး ထင်တယ် ။
နောက် မှ သိရတယ် ။ ကောင်မလေး က အပျော်မယ်လေး တဲ့ ။ သူဌေး က လည်း အိမ်ထောင် ရှိ ရှိ နဲ့ သူ့ မိန်းမ မသိ အောင် ဒီမှာ အပျော် လာ ရှာ တာလေ ။ ကျုပ် ကောင်မလေး အတွက် စိတ် မကောင်းပေမယ့် ည ရောက် တိုင်း မိတိုး နဲ့ ပိုက်ဆံ ခွဲတမ်း ချ ပြီး စုတိုင်း စိတ် ချမ်းသာ နေကြတာတော့ အမှန်ပဲ ။ ဒီလို ပုံစံမျိုးလေး နဲ့ အချိန် ကြာကြာ ဝင်ငွေလေး ပိုလျှံ နေဖို့ ကြိတ်ပြီး တောင် ဆုတောင်း နေမိမယ် ထင်တယ် ။
“ ကို သေချာ သိမ်းဦးနော် ”
“ အေးပါ ငါ သိပါတယ် ”
ပိုက်ဆံ ကို အိမ် မှာ စုထားလို့ မရဘူး ။ ကျုပ်တို့ ရပ်ကွက် က သူခိုး က လည်း ပေါ မှ ပေါ ။ လူရင်းတွေ က ပဲ ခိုးတာ ဆိုတော့ အိမ် မှာ က စိတ် မချ ရဘူး ။ မိတိုး က လည်း ဈေး ရောင်း နေတော့ မတော် ပျောက်ရှ မှာ စိုးရတယ် ။ ကျုပ် ဆိုက္ကား ထိုင်ခုံ အောက် က သေတ္တာလေး မှာ က သော့ ရှိတယ် ။ ကျုပ် အနွေးထည်တွေ ၊ ဦးထုပ်တွေ ၊ ဘာတွေ ထည့်တဲ့ နေရာ ။ အဲ့မှာ ထည့် ပြီး သော့ ခတ် ထား လိုက်တော့ စိတ်ချ ရတာပေါ့ ။ ကျုပ် က လည်း ဆိုက္ကား နဲ့ လူ နဲ့ ကွာတဲ့ ကောင် မဟုတ်ဘူး ။
••••• ••••• ••••• •••••
“ အစ်ကို ဆိုက္ကား အားလား ရှင့် ”
ဂိတ် မှာ ရပ် နေတာ မြင်ရက် နဲ့ ဆိုက္ကား အားလား လို့ မေးတဲ့ သူ ကို ကျုပ် မြန်မြန် ပဲ ဖြေ လိုက်တယ် ။
“ ဟုတ်ကဲ့ အားပါတယ်ဗျ ဘယ် သွားချင်လို့လဲ ”
“ နှင်းဆီ ( ၂ ) လမ်း ကို ပို့ပေးပါ ”
“ ရပါတယ် သုံးရာ ပဲ ပေးပါ ”
ခရီးသည် အမျိုးသမီး က ရှေ့ ခုံ မှာ ထိုင် လိုက်ပြီး တောင်း ကို သူ့ ပေါင် ပေါ် မှာ တင် ထားတယ် ။ တောင်း ပေါ် မှာ ပဲပြုတ် အပင်ပေါက်လေး တွေ ကပ် နေပုံ ထောက် တော့ ပဲပြုတ်သည် တစ်ယောက် ဖြစ်မယ် ဆိုတာ ကျုပ် တွေးမိတယ် ။ နှင်းဆီ ( ၂ ) လမ်း ကို ကျုပ် သိတယ် ၊ ဒါပေမယ့် ဒီ ပဲပြုတ်သည် ကို တော့ ကျုပ် တစ်ခါ မှ မမြင်ဖူးဘူး ။ လူသစ်တွေ ဖြစ် မယ် ။ ကျုပ် တွေးရင်း နှင်းဆီ ( ၂ ) လမ်း ရောက် လာတော့ ...
“ လမ်းထိပ် မှာ ပဲ ရပ် ပါ ရှင် ဈေး ဝယ်စရာ ရှိ လို့ ”
ကျုပ် ဆိုက္ကား ကို ရပ် ပေး လိုက်တော့ သူ က ဆိုက္ကား ခ ပေးတယ် ။
“ အော် ခဏ ဒီ ပဲပြုတ်လေး ယူ သွား ပါနော် ၊ ဒီနေ့ မှ စ ရောင်း တော့ သိပ် မကုန်ဘူး ။ စေတနာ နဲ့ ပေးတာပါ တစ်မျိုး မထင် ပါနဲ့ နော် ”
“ဟာ မထင်ပါဘူးဗျာ ကျေးဇူး တင်ပါတယ် နောက်တော့ ကုန်မှာ ပါ ။ အားမငယ်ပါနဲ့ ”
“ ဟုတ်ကဲ့ ”
ပဲပြုတ်သည် အမျိုးသမီး က ပြုံးပြ ပြီး လှည့်ထွက် သွားတယ် ။ လက် ထဲ က ပဲပြုတ်ထုပ်လေး ကို ကြည့်ပြီး အူကြောင်ကြောင် ကျန်ခဲ့တဲ့ သူ က ကျုပ် ။ သဘော ကောင်းလွန်း တဲ့ ဈေးသည် တစ်ယောက် ၊ နှစ်လိုဖွယ် အပြုံး နဲ့ ချစ်စရာ ကောင်း တဲ့ သူ တစ်ယောက် က ပဲပြတ် ရောင်းတဲ့ အလုပ် နဲ့ မထိုက် တန်ဘူး လို့ ကျုပ် ထင်မိတယ် ။ ကျုပ် တို့ အိမ် မှာ အဲ့ဒီ နေ့လည် က ပဲပြုတ်သုပ် ပြီး ထမင်း စား ကြတယ် ။ စေတနာ အပြည့် ပါ တဲ့ ပဲပြုတ် မို့ ထင်တယ် ။ သား ရော မိတိုး ပါ ကြိုက် ကြတယ် ။ ပဲပြုတ်သည် ရဲ့ အပြုံး ကို ပါ မြင် လိုက်ရတဲ့ ကျုပ် က တော့ ထမင်း မစားဘဲ တောင် ဗိုက် ပြည့် နေခဲ့တာ ။
နောက် နေ့ လည်း ပဲပြုတ်သည် နဲ့ ကျုပ် ထပ် တွေ့ပြန်တယ် ။ ကျုပ် ဆိုက္ကား ကို စီးတယ် ။ ပြီးတော့ သူ က ပဲ စကား စတယ် ။
“ ဒီနေ့တော့ မနေ့ က လောက် ပဲပြတ်တွေ မကျန်တော့ဘူး ။ နည်းနည်းတော့ ရှိ သေးတယ် အစ်ကို ယူသွားဦး ”
“ဟာ မဟုတ်တာ ယူပါရစေနဲ့”
“ အို .. ယူပါ မဟုတ်လည်း ဘေး အိမ် တွေ ပေးရတာ ”
ကျုပ် လည်း မငြင်းသာတော့ဘူး ။
“ဒါဆို ဒီလို လုပ်ဗျာ ညီမ က ပဲပြုတ် ပေး ။ အစ်ကို က ဆိုက္ကား ခ မယူပါရစေနဲ့ ”
“ အို ဘယ်ဖြစ်မလဲ ”
သူ က ပျာပျာသလဲ ငြင်းတယ် ။ ကျုပ် က လည်း ဇွတ် ပြောတော့ နောက်ဆုံး သူ က ပြုံးပြုံးလေး နဲ့ ပဲ လက်ခံ လိုက်တယ် ။ ကျုပ် တို့ မိတ်ဆွေ တွေ ဖြစ် သွား ကြတာပေါ့ ။
“ ရှင် ခုတလော ပဲပြုတ်တွေ နေ့ တိုင်း ပါ လာတယ်နော် ”
“ အော် ဂိတ် က သူငယ်ချင်း မိန်းမ က ပဲပြုတ် ရောင်းလို့ အလကား ပေးတာပါ ကွာ ”
“ အင်းပါ ကို ရယ် ကြာ တော့ ဗိုက်တောင် ပွ ချင်တယ် ”
ကျုပ် မိတိုး ကို ဘာမှ မပြောပဲ ငြိမ် နေလိုက်တယ် ။ အကောင်း တော့ မဟုတ်ဘူး ကျုပ် တွေး နေတဲ့ အပြုံးလေး ပျောက် သွား မှာ စိုးလို့ ။
••••• ••••• ••••• •••••
သူ့ နံမည် က ဖြူဝင်း တဲ့ ။ ကျုပ် လို ပဲ လူ နဲ့ နံမည် နဲ့ လိုက်တာပဲ ။ တစ်ခါတစ်လေ သူ က သူ့ မိသားစု အကြောင်း ပြော ပြတယ် ။ အဖေ နဲ့ အတူ နေတာ တဲ့ ။ ကျုပ် က ကျုပ် မိသားစု အကြောင်း မပြောပြဖြစ်ဘူး ။ သူ က လည်း မမေးလို့ ကျေးဇူး တင်ရမယ် ။ ကျုပ် အခု ကိုအေး မဟုတ်တော့ဘူး ။ ကိုတွေး ဖြစ် သွားပြီ ။ သူ့ အကြောင်း ပဲ တစ်ချိန်လုံး တွေး နေမိတာ ။ သူ ဈေးသိမ်း ပြန်ချိန်များ နီးပြီ ဆို ဘယ်သူ ခေါ်ခေါ် ကျုပ် မလိုက်တော့ဘူး ။ သူ့ ကို ကြိုဖို့ နာရီဝက် လောက် ကြို ပြီး ရောက် နေတတ် သလို ၊ တခါတလေ ခရီးသည် ပို့ သလိုလို နဲ့ နှင်းဆီ ( ၂ ) လမ်း ဘက် ကို ဆိုက္ကား ပတ် နင်း မိသေးတယ် ။
ကျုပ် ညဘက် တည်းခိုခန်း ရှေ့ က ခရီးသည် ကို လိုက် ပို့ရင်း သူ နဲ့ မတော်တဆ ကြုံ ခဲ့ရင် လို့ တွေးပြီး ရင်ဖို ရတာလဲ အမော ။ သူ က လည်း ကျုပ် ကို အရေးတယူ ရှိ လှတယ် ။ တစ်ချို့ စကားတွေ ဆို မြောင်း ဖောက် တဲ့ စကားတွေ ဆိုတာ ကျုပ် ကိုအေး ဆိုတဲ့ ကောင် ယောက်ျား ပဲ သိ တာပေါ့ ။ ကျုပ် အခြေအနေ ကျုပ် သိလို့ ရေ မလာ ရဲဘူး ၊ ကျုပ် ဆိုက္ကား လက်ကိုင် ကို ကျစ်ကျစ် ပါ အောင် ဆုပ် လိုက်တယ် ။ ဟုတ်တယ် ကျုပ် ရှေ့ မှာ လမ်း လျှောက် လာ တာ သူ မှ သူ အစစ် ။ သူ က ကျုပ် ကို မြင် တော့ ပြုံးပြီး နှုတ်ဆက်တယ် ။
“ အစ်ကို ဆိုက္ကား မသိမ်း သေးဘူးလား ။ ညီမ အဖေ့ အတွက် ဆေး ထွက် ဝယ်တာ မရတာ နဲ့ ဒီ ဘက် ထိ ရောက် လာတာ ”
“ အစ်ကို က ဒီ ဘက် မှာ ညတိုင်း ပို့ ရတဲ့ ဖောက်သည် တစ်ယောက် ရှိ လို့ပါ ။ မိုးချုပ် နေပြီ ညီမ အစ်ကို လိုက်ပို့မယ် ”
သူ ဆိုက္ကား ပေါ် ထိုင် လိုက်တော့ ကျွန်တော် နင်းတယ် ။ အားမရှိ သလို ပဲ ဒူး တွေ တုန် ရင်တွေ ခုန် ပြီး မော နေတယ် ။ အရင်က အတွေး နဲ့ မောတယ် ။ အခု လက်တွေ့ ဆိုတော့ ဘယ်လောက်များ လှိုက်မော နေလိုက် သလဲ ကျုပ် ကိုယ် ကျုပ် တောင် မယုံနိုင်ဘူး ။
“ အစ်ကို နေ မကောင်းဘူးလား နင်း တာ က နှေး လိုက်တာ ”
သူ ပြောပြော ဆိုဆို ဆိုက္ကား လက်ကိုင် ကို လာ ကိုင်တယ် ။ ကျုပ် လက် နဲ့ ထိ တယ် ။ ကျုပ် ဆိုက္ကား ကို ဘရိတ်အုပ် ချ လိုက်မိတယ် ။
ဆိုက္ကား ပေါ် က ဆင်းပြီး ကျုပ် သူ့ ရှေ့ ကို သွား လိုက်တယ် ။ သူ့ လက် တွေ ကို ကျုပ် ဆုပ်ကိုင် ပြီး သူ့ ကို ချစ်တဲ့ အကြောင်းတွေ တရစပ် ပြော ပစ်လိုက်တယ် ။ သူ က လည်း ဆိတ်ဆိတ် နေ ရင်း နဲ့ ကျုပ် သဘော ကို လက်ခံ နေတယ် ။ အဲ့နေ့ ည က ကျုပ် ရေ မချိုးဘူး ။ သူ့ ကိုယ်နံ့လေး ပျောက် သွား မှာ စိုးလို့ ၊ မိတိုး က တော့ ဟောက်သံ ပါ ထွက် နေလေရဲ့ ။
နောက်ပိုင်း တစ်ရက် ၊ နှစ်ရက် ဆက်တိုက် ဆိုသလို ညပိုင်း ခရီးသည် ပို့ ပြီး တိုင်း သူ နဲ့ ဆုံ ဖြစ်တယ် ။ တွေ့တိုင်း သူ က တည်ငြိမ်နေ သလောက် ကျုပ် က ကတုန်ကယင် နဲ့ မျက်စိ ထဲ အငွေ့ တစ်ထောင်းထောင်း ထ နေတဲ့ ကောက်ညှင်းပေါင်း တောင်းကြီး ကို ပဲ မြင်ယောင် နေမိတော့တာ ခက်တယ် ။
••••• ••••• ••••• •••••
ဒီနေ့ ည ဖောက်သည် ခေါ် ဖို့ တည်းခိုခန်း ရှေ့ ကိုကျုပ် အစောကြီး ရောက် တယ် ။ ထူးထူးခြားခြား သူဌေး ကား လည်း မတွေ့ဘူး ။ ကောင်မလေး လည်း မတွေ့ဘူး ။ ခဏ ကြာတော့ ကျုပ် ကို မျက်မှန်း တန်းမိ နေတဲ့ ဝိတ်တာလေး ထွက်လာပြီး ပြောတယ် ။
သူဌေး ရဲ့ မယားကြီး ရော အမျိုးတွေ ပါ လိုက်လာ လို့ ပြဿနာ တက် ကြတယ် တဲ့ ။ ကောင်မလေး လည်း အစောကြီး ပြန် သွားတယ် ။ သူဌေး လည်း အမှု ရင်ဆိုင်ရဖို့ ရှိတယ် ။ ကိစ္စ မရှိပါဘူး သူ က ငွေ များတော့ တရား နိုင် မှာပါ ။
ကျုပ် စိတ် တော့ မကောင်း ပါဘူး ။ ထားလိုက်တော့ ။ ပိုက်ဆံ လည်း ပြည့် သလောက် ရှိပြီ ၊ မပို့ရလည်း နေပါစေ ။ ကျုပ် အတွက် ဖြူဝင်း နဲ့ ဆုံဖို့ အတွက် ညဂျူတီ ဝင် ရဖို့ က အရေး ကြီးနေတယ် ။ စောစော သွား စောစော တွေ့ ရတော့ ပို ကောင်းတာပေါ့ ။
“ အစ်ကို ရောက် နေတာ ကြာ ပြီလား ”
အသံ ချိုပစ်ပစ်လေး နဲ့ အတူ အီလည်လည် မွှေးနံ့လေး က နှာခေါင်းဝ ကို ရောက် လာတယ် ။ သူ့ လက် နှစ်ဖက် က ကျုပ် ကို နောက် ကနေ သိုင်းဖက် ထားတာများ ဂျုံ နဲ့ လုပ်ထားတဲ့ နွယ်လေးတွေ လို ပဲ ပျော့အိ ကပ်တွယ် နေ လိုက်ကြတာ ။ ကျုပ် သူ့ လက် နှစ်ဖက် ကို ကိုင်ပြီး ကိုယ် ကို နောက် ပြန် လှည့် လိုက်တယ် ။ မျက်နှာချင်း ဆိုင် အနေအထား ရောက်မှ သူ့ ကို ရင်ခွင် ထဲ ဆွဲ သွင်း လိုက်ပြီး ...
“ ချစ်လိုက်တာ ဖြူရယ် ”
“ ဟိတ် .. သောက်ကောင်မ ဒါ ဘာလုပ် နေကြတာလဲ ”
အသံ ကြောင့် ကျုပ် လန့် သွားတယ် ။ သူ က ကျုပ် ကို ဖက် ထားတယ် ။
“ ဟင် ... သူ သူ က ဘယ်သူလဲ .. ဖြူ ”
“ ဟို .. ဟို .. သူ က ဖြူ ရဲ့ ... ”
“ ဟိတ်ကောင် .. ကြာကူလီ ဒါ့ ငါ့ မိန်းမ ကွ ”
“ ဗျာ ဒါ .. ဒါဆို .. ဖြူ က ...”
“ မယားခိုး မင်း သောက်ပါးစပ် ပိတ်ထား အခု မင်း ကို မယားခိုးမှု နဲ့ ထောင် ချ လိုက် ရမလား ပြော ”
“ မ ... မဟုတ် ... ”
ကျုပ် စကားသံတွေ ထွက် မလာတော့ဘူး ။ ခေါင်း ငိုက်စိုက် ကျ သွားပြီ ။ ဖြူ လည်း ကျုပ် နား က ထွက်ပြေး သွားပြီ ။ ဖြူ ယောက်ျား ဆို တဲ့ သူ နဲ့ သူ့ အဖော် နှစ်ယောက် က ကျုပ် ကို ကန်ကျောက် ထိုးနှက် ပြီး ကျုပ် နဲ့ မိတိုး စု ထား တဲ့ ပြည့်လု ပြည့်ခင် အိမ်လခ ပိုက်ဆံလေး လည်း ယူ သွား ကြတယ် ။ ဖြူ က ကျုပ် ဆိုက္ကား ကို စီးတယ် ။ လိုတာ ထက် ပိုပြီး ကျုပ် ကို ဘာကြောင့် ဖော်ရွေ ခဲ့တာလဲ ။ ကျုပ် အကြောင်း ကို မမေးဘဲ ဘာကြောင့် ကျုပ် ကို လက်ခံ ခဲ့တာလဲ ။ ကျုပ် ပို့ နေ ကျ ည ဘက် လမ်းကြောင်း အထိ ဘာကြောင့် ရောက် လာတာလဲ ။ နောက်ဆုံး ကျုပ် ရဲ့ အရိပ်အကဲ ကို ကြည့်ပြီး ကျုပ် ပိုက်ဆံတွေ ရှိတာ က အစ ဘယ်လို သိ နေခဲ့တာလဲ ။ ကျုပ် တွေးသင့်တာ တွေ ကို မတွေး ခဲ့ မိတာ ။ ခုတော့ ...
“ မိတိုး ငါ .. ငါ .. ပိုက်ဆံ ရိုက် လု ခံရလို့ ”
“ အမလေး ဘုရားရေ ... ပိုက်ဆံတွေ တော့ ကုန်ပါပြီ ။ ကြည့်စမ်း မျက်နှာ တစ်ခု လုံး လည်း ဖူးယောင် လို့ ။ ဟဲ့ သား သွားစမ်း ခေါင်းရင်း အိမ် မှာ ရေနွေး သွား တောင်းချေ ။ ကြပ်ထုပ် ထိုး ပေးရအောင် ... မှန်းစမ်း အံဆွဲ ထဲ အကိုက်အခဲ ပျောက်ဆေး တစ်လုံး မြင် မိ သလား လို့ ”
မိတိုး တတွတ်တွတ် ပြော နေတာ ကို ကျုပ် လိုက် ကြည့် နေမိတယ် ။ ကျုပ် အမှားတွေ ကို ကျုပ် အသွေး အသား အကုန်လုံး ထဲ အထိ ရောက် အောင် တစ်ဆစ်ဆစ် နာကျဉ် ပြီး နောင်တ ရ စေတယ် ။ ကျုပ် နား ထဲ မှာ မိတိုး ရဲ့ စကားသံတွေ ကို ပြန် ကြား နေမိတယ် ။
“ အော် ရှင့် နှယ် အပြင်စာ ဆိုတာ မသန့်မပြန့် တဲ့ မုန့်တွေ ရောင်း တာ ကို ပြောတာ အစား မတော် ရင် တစ်လုတ် တဲ့ ။ ကိုယ့် အိမ် က မုန့် လောက် စိတ်ချရတာ ရှိမလား ပိုက်ဆံ ပေါ တဲ့ သူတွေ ဖြစ်တာ က တော့ အကြောင်း လား ။ ကု နိုင်တယ်လေ ။ ကိုယ်တွေ မှာ သာ ဖြစ် လိုက်ရင် လွယ်တာ မဟုတ်ဘူး ”
“ ဟုတ်တယ် မိတိုးရယ် ဒီ ငွေတွေ ပြန်ရှာဖို့ ငါတို့ အတွက် မလွယ် ကူ ပါဘူး ၊ ဒါပေမယ့် ငါတို့ မိသားစု အတွက် ငါ့ သိက္ခာ အတွက် ငါ ကြိုးစား ပါ မယ် ။ ငါ ကတိ ပေး ပါတယ် ”
မိတိုး ကို ကျုပ် စိတ် ထဲ က အကြိမ်ကြိမ် တောင်းပန် နေ မိတယ် ။
••••• ••••• ••••• •••••
“ အား .. ကျွတ် ... ကျွတ် ... ကျွတ် .. ”
မိတိုး က ရေနွေးကြပ်ထုပ် တစ်ချက် ထိုး လိုက်တိုင်း ပူကနဲ အသိ နဲ့ အတူ မျက်နှာ ပေါ် က ဒဏ်ရာ က အထိ မခံနိုင်အောင် နာ နေတယ် ။ ဒါပေမယ့် ကျုပ် ရင် ထဲ မှာ ကျုပ် မျက်လုံး ထဲ မှာ ၊ ကျုပ် အတွေး ထဲ မှာတော့ အ ငွေ့ တစ်ထောင်းထောင်း ထ နေတဲ့ မိတိုး ရဲ့ ကောက်ညှင်းပေါင်း တောင်း ကြီး က အခုထိ နေရာ ယူဆဲပါ ။
••••• ••••• ••••• •••••
အားလုံး အပြင်စာများ ရှောင်ရှားနိုင်ကြပါစေ ။
မေတ္တာဖြင့်
◾မေနန်းမောင်
၁၆ . ၁ . ၂၀၁၉
📖 တစ်ယောက် တစ်ဘဝ ( ၃ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment