Showing posts with label ဟန်စိုင်း ( ဆေး-မန်း ). Show all posts
Showing posts with label ဟန်စိုင်း ( ဆေး-မန်း ). Show all posts

Tuesday, August 15, 2023

ကျုပ်က စေတနာနဲ့ ပြောတာပါဗျ


 ❝ ကျုပ်က စေတနာနဲ့ ပြောတာပါဗျ ❞


“ ဆရာ မင်းနိုင် ၊ ဆရာ မင်းနိုင် ”


“ ဆရာ ၊ ကျွန်တော်တို့ လေးဆယ်ကုန်း ရွာ ကပါ ။ တံခါး ဖွင့်ပေးပါဦး” 


ဟိုဘက် အိမ် က ဆရာဝန် က နိုး မနိုးတော့ မသိဘူး ၊ အိပ် ပျော်အောင် မနည်း ကြိုးစား ထားရတဲ့ ကျွန်တော် က တော့ အိပ်ရာ ကနေ လန့် နိုး လာတယ် ။ နာရီ ကြည့် မိတော့ ည တစ်နာရီ ထိုးနေပြီ ။ တော်တော် နောက်ကျ နေ ပြီ ။ ဟိုဘက် အိမ် က ဆရာဝန် က ကျွန်တော်တို့ ရွာသား မဟုတ်ပါဘူး ။ မြို့ ပေါ် က နေ ကျွန်တော်တို့ ရွာ ကို ဆေးခန်း လာ ဖွင့်တာ ခြောက်လ ပဲ ရှိ သေးတယ် ။ အဲဒီ ဆရာဝန် ရွာ ကို ဆေးခန်း လာ ဖွင့်ခါစ က တော့ “ ဪ ...ငါတို့ ရွာလေး မှာ ဆရာဝန် တစ်ယောက် ရှိ တယ် ။ ကျန်းမာရေး အတွက် မပူရတော့ဘူးပေါ့ ” လို့ တွေး ပြီး ကျွန်တော် ဖြင့် ပျော်လိုက်ရတာ ။ ဒါပေမဲ့ ကျွန်တော့် ရဲ့ အပျော်တွေ က သိပ် မခံပါဘူး ။ညကြီး အချိန်မတော် လူနာတွေ က လာ လာ နှိုးကြတယ် ။ ဆရာဝန် ရဲ့ ဆေးခန်း နဲ့ ကျွန်တော့် အိမ် က ဝန်းနံရံ တစ်ချပ် ပဲ ခြားတယ်လေ ။ အိပ်ရေးဆတ် တဲ့ ကျွန်တော် ပါ ဆရာဝန် နဲ့ ရောပြီး အိပ်ရေး ပျက် ရတယ် ။  


တံခါး ဖွင့်သံ နဲ့ အတူ ဆရာဝန်လေး ရဲ့ စကားသံ က ဖြည်း ညင်းစွာ ထွက်ပေါ် လာတယ် ။

 

“ ဘာ ဖြစ်လာလို့လဲဗျ ”

 

“ သူ့ ယောက်ျား က အရက် မူးပြီး ရိုက်တာ ခေါင်း ကွဲသွား လို့ ဆရာ ”


ဪ အရက် ၊ အရက် ။ လူတွေ ကို တော်တော် ဒုက္ခပေး တဲ့ အရက် ။ ဆရာဝန်လေး ကတော့ မှတ်တမ်းတင် ထားရဲ့လား မသိဘူး ။ ဆရာဝန်လေး ဆေးခန်း ဖွင့်လာတဲ့ ခြောက်လ အတွင်း ညကြီး အချိန်မတော် ဆေးခန်း လာတဲ့ လူ အများစုက အရက် နဲ့ ဆက်စပ် နေကြတာ ကို ကျွန်တော် သတိ ထားမိတယ် ။ အရက်မူး ပြီး ရန်ဖြစ်လို့ ၊ အရက်ကြောင်ပြီး လျှောက် ပြေး နေလို့ ၊ သွေးအန် နေလို့ ၊ အို ... စုံနေတာပဲ ဗျာ ။ 


အရက်အကြောင်း ကို ကျွန်တော် သိသလောက် ပြောပြရ ဦးမယ် ။ အရက် အကြောင်း မပြောသေး ခင် ကျွန်တော့် ကိုယ် ကျွန်တော် မိတ်ဆက် ပေးပါရစေ ။ ကျွန်တော် က မူလတန်း ကျောင်းအုပ်ဆရာကြီး ။ အငြိမ်းစား ယူ ထားတာ သုံးနှစ် ပဲ ရှိသေးတယ် ။ ဆရာတို့ ရဲ့ ထုံးစံအတိုင်း ဆရာ လုပ် တယ် လို့တော့ မထင်ပါနဲ့ ။ ကျွန်တော် က နေ့စဉ်သတင်းစာ က စပြီး ဂျာနယ် ၊ မဂ္ဂဇင်း ၊ စာပေကျမ်းဂန်တွေ အထိ အစုံ ဖတ်ထား သူမို့ ဗဟုသုတ အတော်လေး စုံပါတယ် ။


ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ စောင့်ထိန်းရမယ့် ငါးပါးသီလ ထဲ မှာ ”

သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ၊ ဝေရမဏိ သိက္ခာပဒံ သမာဒိယာ မိ ” ဆိုတာ ပါတယ် မဟုတ် လား ။ မြန်မာ လို အလွယ် ပြောရရင် မူးယစ်စေတတ် သော အရာတွေ သောက်စား ခြင်း ၊ အရက်သေစာ သောက် စားခြင်း မှ ရှောင်ကြဉ်ပါ၏ ပေါ့ ဗျာ ။ သုရာ ဆိုတဲ့ အရက် ကို သုရာ မုဆိုးကြီး က စ,တွေ့ ခဲ့တယ်လို့ မှတ်သားဖူးတယ် ။ သုရာမုဆိုးကြီး က စ,တွေ့လို့ သုရာ လို့ အမည်တွင် ခဲ့တာ တဲ့ ။ သုရာ ဆိုတဲ့ မုဆိုးကြီး က ဟိမဝန္တာတော ထဲ တောလိုက် ထွက်ရင်း သုံးခွဆိုင် တွယ်နေ တဲ့ သစ်ပင်ကြီးတစ်ပင်အောက် ရောက်ခဲ့ သတဲ့ ။ ငှက်တွေ က သစ်ပင်ပေါ်ကနေ အောက် ပြုတ်ကျလာ လိုက် ၊ ခဏ အကြာ မှာ ထ , ပျံ လိုက် ဖြစ် တာ ကို သုရာမုဆိုး က တွေ့တော့ ဘာကြောင့် ဒီလို ဖြစ်ရ လဲ ဆိုတာကို လိုက် ရှာခဲ့တယ် ။ သစ်ခေါင်းထဲ က အနီရောင် အရည်တွေ သောက်ပြီး ငှက် တွေ အောက် ပြုတ်ကျ လာတာ ကို သုရာမုဆိုးကြီး က သတိ ထားမိခဲ့တယ် ။ အဲဒီ အရည်တွေ ဖြစ်ပေါ်လာပုံ က ဒီလို ပါ ။ သစ်ပင် ဘေး မှာ နွယ် တက် နေတဲ့ သဖန်းခါးပင် ၊ သျှိသျှားပင်တွေ က အသီး တချို့က သစ်ခေါင်း ထဲ ကြွေ ကျ ကြတယ် ။ ငှက်ပေါင်းစုံ က သလေးစပါး စတဲ့ သီးနှံ တွေ ကို သစ်ပင် ပေါ် ထိ ချီ လာပြီး လာ စားတဲ့ အခါ အကြွင်းအကျန်တွေ က သစ် ခေါင်း ထဲ ပြုတ်ကျကြတယ် ။


မိုး ရွာတဲ့ အခါ မိုးရေတွေ က သစ်ခေါင်း ထဲ ပြည့် လာတယ် ။ နေ ပူတော့ သစ်ခေါင်း ထဲ က အရာ အားလုံး ကို ချက်ပြုတ် သလို ဖြစ်ပြီး အချဉ် ပေါက် ကာ အနီရောင် ဖြစ်လာခဲ့တာ ။ မုဆိုးကြီး လည်း ငှက်တွေ

တောင် ဒီ အရည် သောက်ပြီး ခဏပဲ အိပ်ပျော်တာ ။ ဒီ အရည်တွေက အဆိပ်တော့ မဖြစ်နိုင်ဘူး လို့ တွေးပြီး သစ်ပင် အောက် ပြုတ်ကျ နေတဲ့ ငှက်တွေ ကို သတ် ၊ မီး ကင်ပြီး အဲဒီ အရည်တွေ နဲ့ မြည်း သတဲ့ ။


“ ကျေးဇူးပါပဲ ဆရာ ၊ ပြန်ခွင့်ပြုပါဦး ”


နှုတ်ဆက်သံနဲ့ အတူ ဆိုင်ကယ် မောင်းသွား တဲ့ အသံတွေ ကို ကြားလိုက်ရ တယ် ။ ကျွန်တော့် ရဲ့ အတွေး တွေ လွန် သွားလို့ ဘယ်ချိန် က လူနာ ခေါင်း ကို ချုပ်လိုက်တာလဲ တောင် မကြားလိုက် ရ ဘူး ။ ဆေးခန်း မီး ကို ပိတ်ပြီး သိပ် မကြာခင် မှာ ဆရာဝန် ရဲ့ ဟောက်သံ ကို ကြား လိုက်ရ တယ် ။ ကျွန်တော် က တော့ မျက်စိကြောင် နေတာ နဲ့ အရက် အကြောင်း ဆက်ပြီး တွေး နေ တယ် ။ မနေ့ က မှ ရွာထိပ်ပိုင်း က ဦးသာမောင် အရက်သောက် လွန်ပြီး ဆုံး သွားတယ် ။ ဦးသာမောင် မဆုံးခင် ဆရာဝန်လေး ဆီ ခေါက်တုံ့ ခေါက်ပြန် လာ တာပေါ့ဗျာ ။ အရက်သမား တွေ လာတိုင်း ဆရာဝန်လေး ပြောနေ စကားကို ကျွန်တော် တောင် လွတ်ရနေပြီ ။ ဘာတဲ့ ။


“ အရက် သောက်တာ ကောင်းကျိုး မရှိဘူးဗျ ။ ကမ္ဘာ ပေါ် မှာ တစ်နှစ် ကို အရက် ကြောင့် လူပေါင်း နှစ် ဒသမ ငါးသန်း ကျော် သေဆုံးနေကြ တယ် ။ AIDS တို့ ၊ ငှက်ဖျား တို့ ကြောင့် သေဆုံး နေတဲ့ လူ ပမာဏ ထက် အရက် ကြောင့် သေဆုံး နေရတဲ့ သူ က ပို များတယ် ”


ဆရာဝန်လေး က ဘယ်လောက်ပဲ ကျန်းမာရေး အသိ ပညာပေးပေး အရက်သမား တွေ က အရက် ကို ဆက် သောက် တာပဲ ။ ရွာသားတွေ က မနက် လင်း လာတာနဲ့ လယ်တော ဆင်း ၊ ညနေ ကျ မှ အိမ် ပြန် လာကြရတာ ။ ညပိုင်း အရက် သောက်တာ က သူတို့ အတွက် အပန်းဖြေ စရာ လို့ တွက်ထား ကြတယ် ။ အရက် က သူတို့ ဘဝ ရဲ့ အားဆေး လို့ တွက်ထား တယ် ။ ဟုတ် တယ်လေ ။ ကမ္ဘာ့ ရွှေဈေး အတက်အကျတွေ ၊ ကားဈေး အတက်အကျတွေ ၊ တန်ဖိုး နည်း အိမ်ရာ တိုက်ခန်းဈေး တွေ က သူတို့ ဘဝနဲ့ လား လားမှ မဆိုင်ဘဲ ကို ။ ကား ဈေးတွေ ဘယ်လောက် ကျ ကျ သူတို့ ဝယ် မစီးနိုင်တာ သိနေ ကြတယ် ။ သီးနှံ တစ်ခါ ပေါ်ရင် ချေး ထားတဲ့ ငွေ နဲ့ ငွေတိုး ကို အလျဉ် မီအောင် ကြိုးစားပြီး ဆပ်နေရတဲ့ ဘဝတွေ မဟုတ်လား ။ ရွာ ထဲ က တချို့ အရက် စွဲနေတဲ့ သူ တွေ ကျတော့ အလုပ် မလုပ်တော့ဘဲ မိုးလင်း မိုးချုပ် အရက် သောက် ကြတာ ။ မနက် လင်းတာ နဲ့ အရက်ဆိုင် ရှေ့ မှာ ရောက် နေကြပြီ ။ ပိုက်ဆံ ပါတဲ့ လူတွေ က ခေါင်းမော့ ရင်ကော့ ထားကြ ပြီး ပိုက်ဆံ မပါတဲ့သူတွေ က ကုပ်ချောင်း ကုပ်ချောင်း နဲ့ ။


အဲဒီလို မိုးလင်းမိုးချုပ် အရက် သောက် နေတဲ့ သူ တွေမှာ အနာဂတ် ဆိုတာ မရှိတော့ ဘူး ။ သူတို့ရဲ့ ပစ္စုပ္ပန် က လည်း အရက် ထဲ မှာပဲ ရှိ တယ် ။ လူ တချို့ ကျတော့ အလုပ်တော့ လုပ် ကြပါတယ် ။ အလုပ် လုပ်တဲ့ ရည်ရွယ်ချက် ကို က အရက်ဖိုး ရဖို့ တစ်ခု တည်း ပဲ ။ တချို့ လူတွေ က တော့ ရှာသမျှ ပိုက်ဆံ တစ်ဝက် က အရက် ထဲ ရောက် ကုန်တယ် ။ အရက် စွဲနေတဲ့ သူတွေ က သူတို့ရဲ့ မိသားစု ဝင်တွေ နဲ့ ရော ၊ ပတ်ဝန်းကျင် နဲ့ ရော သဟဇာတ မဖြစ်ကြ တော့ဘူး ။ တွေး ကြည့်လိုက် ရင် စိတ်ညစ်စရာ ချည်း ပဲ ။


ဒါတွေ ထားလိုက်တော့ ဗျာ ။ ဦးသာမောင် ရဲ့ အကြောင်း ဆက် ပြောပြမယ် ။ အဲဒီ လူ က အစ က အရက် မသောက် တတ်ဘူး ။ ဘယ်အချိန် က စ , သောက် သလဲ ဆိုတော့ သူ့ ရဲ့ လယ်တွေ ကို အစိုးရ က စက်ရုံ နေရာ အတွက် ဆိုပြီး သိမ်းခဲ့တဲ့ အချိန် က စပြီး သောက် ခဲ့တာ ။ သူ့ ရဲ့ မြေ ရှစ်ဧက အတွက် လျော်

ကြေး သိန်းလေးဆယ် ရတယ် ။ ရွာ က လယ်သိမ်း ခံ ရတဲ့ ဆင်းရဲသား တောင်သူ အများစု ကတော့ လယ် တစ်ဧ က ငါးသိန်း ပေးတာ ပျော်တောင် နေသေး ။ ပျော် နေတဲ့ တောင်သူတွေ ရဲ့ တချို့ လယ်တွေ က ရေ မရလို့ စပါး မစိုက်ရတာ ကြာနေပြီ ။ ပျော် နေတဲ့ လူတွေ ထဲ ဦးသာမောင် မ ပါဘူး ။ သူ တစ်ယောက် တည်း လက်မှတ် မထိုးပေး လို့ မြေတိုင်းစာရေးတွေ က သူ့ အိမ် ထိ လာပြီး ချော့လိုက် ၊ ခြောက်လိုက် လုပ် ကြတယ် ။


နောက်ဆုံး သူ့ သားငယ် ကို မိန်းမတောင်း ပေးစရာ ပိုက်ဆံ မရှိလို့ လက်ခံ လိုက်တာ ။ အလျော် ရတဲ့ သိန်းလေးဆယ် က လည်း အိုးခွဲ နေ ကြတဲ့ သူ့ သားသမီး ငါးယောက် က သိန်းသုံးဆယ် ယူ ၊ သူ နဲ့ သူ့ မိန်းမ အတွက် ဆယ်သိန်း ပဲ ကျန်ခဲ့တာ ။ ဆယ်သိန်း က လည်း သူ့ သားငယ် ရဲ့ မင်္ဂလာဆောင် မှာ ကုန်သွားရော ။ တောင်သူ က လွဲပြီး ဘာ လုပ်ငန်းမှ မလုပ် တတ်တဲ့ သူ့ အတွက် အသက်ကြီး မှ တခြား သူတွေ ရဲ့ လယ် မှာ စာရင်းငှား ပြန် လုပ်ရတယ် ။ ဒီလိုနဲ့ ညပိုင်းတွေ အရက်

 သောက်တတ် လာတယ်  ။ တဖြည်းဖြည်း အရက်စွဲ တဲ့ အရက်သမား အဆင့် ကို ရောက် သွားတာ ။ “ ကြောင် ၊ ဖော ၊ ရှော ” ဆိုတဲ့ အရက် သမားတွေ ရဲ့ ထုံးစံ အတိုင်း 

ကြောင်တောင်တောင် ဖြစ် လာ ၊ တစ်ကိုယ်လုံး ဖောရောင် လာပြီး ရှော သွားတာ ။


“ ဟဲ့ ပလုပ်တုတ် ”


ကျွန်တော့် ရင်ဘတ် ပေါ် လက် တစ်ဖက် ရောက် လာလို့ အလန့်တကြား အော်မိတယ် ။ ကျွန်တော် ကသာ လန့် အော်

တာ ၊ ဘေး က ကျွန်တော့် မိန်းမ က အဟောက် တောင် မပျက်ဘူး ။ ကျွန်တော့် မိန်းမ က အဲဒီလိုပဲ ။ အအိပ် အရမ်း ကြမ်းတာ ။ သူမ ရဲ့ လက် ကလေးကို ဘေး အသာ ပြန်ချ ပေးပြီး ရွာ ထဲ က အရက် ကြောင့် ဒုက္ခ ရောက် ခဲ့ရတဲ့ သူတွေ အကြောင်း ဆက်ပြီး တွေး နေမိတယ် ။  


အတွေး ထဲ ပေါ်လာတာ က မိခင် ရဲ့ အိမ် ကို အရက် မူး ပြီး မီးရှို့ တဲ့ မောင်ခင်မောင် အကြောင်းပဲ ။ မောင်ခင်မောင် က အရက် ကြောင့် အသိ ဉာဏ် ပျောက်ခဲ့ ရတာ ။ အရက် မူးပြီး ရွာ ထဲ မှာ ဆဲဆို ရမ်းကား နေတာ ကို အမေ ဖြစ်သူ က ဆုံးမ လို့ ဆိုပြီး သူ့ အမေ ရဲ့ အိမ် ကို မီးရှို့ ပစ်တာ ၊ တခြား အိမ်တွေပါ မီးတွေကူး ပြီး ရွာသူရွာသားတွေ တော် တော်လေး ကို ဒုက္ခ ရောက်ခဲ့ တာ ။ မောင်ခင်မောင် လည်း ထောင်နန်း စံခဲ့ရတယ် ။


အရက် ကြောင့် ဒုက္ခ ရောက်ခဲ့ ရတဲ့ မောင်စိုး နဲ့ မယ်ခင် တို့ လင်မယားနှစ်

ယောက် အကြောင်း ကို ဆက် ပြီး ပြောပြချင် သေးတယ် ။ မောင်စိုး ဆိုတာ အိပ်ရာ ထ , က နေ အိပ်ရာ ဝင်တဲ့ အချိန် ထိ အရက် သောက်တဲ့ အရက်သမား စစ်စစ် ။ မောင်စိုး က အလုပ် မလုပ်နိုင်တော့ မယ်ခင် မှာ ကလေး သုံးယောက် နဲ့ ဒုက္ခ ရောက်ရတယ် ။ မယ်ခင် က မိသားစု စားဝတ်နေရေး အတွက် ကြံရာမရ ဖြစ်ပြီး ရွာထဲ က တဏှာဘီလူး ဦးသိန်းမောင် နဲ့ နောက်မီး လင်းခဲ့ရ တယ် ။ သူ့ မိန်းမ လင်ငယ် ထားတာ သိ သွားတော့ မောင်စိုး က မူးမူးရူးရူး နဲ့ မိန်းမ ကို ဓား နဲ့ ခုတ် သ,တ်ပစ်ရော ။ မယ်ခင် လည်း သေ ၊ မောင်စိုး လည်း ထောင် ကျ ။ ကလေးသုံး ယောက် လည်း ခေါ်မယ့် သူ မရှိဘဲ ဒုက္ခ တွေ ရောက်ခဲ့ရ တယ် ။ ဒီ အရက် ကြောင့် ကျွန်တော်တို့ ရွာမှာ တော်တော် လေး ကို ဒုက္ခ ရောက် နေကြပြီ ။

အရက် ကြောင် ကြောင်ပြီး ကိုယ့် ကိုယ် ကို သ,တ် သေသွား တဲ့ ကျွန်တော့် ရဲ့ သူငယ်ချင်း ဘမောင် အကြောင်း ကို စဉ်းစားမိပြန် သည် ။ ဘမောင် အရက် ကြောင် တာ က တစ် မျိုး ။ မြေပြင် ပေါ် က ကျောက်ခဲ တွေ ကို စိန်ပွင့် တွေ လို့ မြင်ပြီး လိုက် ကောက်နေတာ ။ နောက် ပြီး သူ့ နောက် ကို ငရဲသားတွေ က လိုက်နေတယ် လို့ အမြဲ ပြောတာ ။ ကျွန်တော် တို့ မမြင်ရ မကြားရတွေ ကို သူ က မြင်နေ ကြားနေရတာ ။ သူ့ နောက် မှာ ငရဲခွေးတွေ လိုက် လာတယ်လို့ အော်ပြီး နှစ်ထပ် အိမ်ပေါ် က နေ ခုန်ချ လို့ အသေဆိုး နဲ့ သေခဲ့ရတာ ။


အရက် ရဲ့ ဆိုးကျိုးတွေ ကို တွေးရင်း နဲ့ ရင်ပူလာလို့ ခေါင်းရင်း က ရေအိုးစင် သွား ပြီး ရေ ခပ်သောက် ရသေး တယ် ။ တိတ်ဆိတ်တဲ့ ည အလယ်မှာ တိုင်ထိပ် နာရီဆီ က နာရီ လက်တံ ရွေ့လျား သံ ကို အတိုင်းသား ကြားနေရ တယ် ။ သုံးနာရီ ထိုး သွားပြီ ။ ကျွန်တော် အိပ်မှ ဖြစ်တော့ မယ် ။ ကျွန်တော့် မိန်းမ က တော့ အပူအပင် ကင်းစွာနဲ့ တခူးခူး တခေါခေါ အိပ်ပျော် နေတယ် ။ အိပ်ရာထဲ ပြန်ဝင် စောင်လေး ခြုံပြီး အိပ်ပျော်ဖို့ ကြိုးစားပေမဲ့ ကျွန်တော့် မျက်လုံးတွေက အိပ်စက်ဖို့ ကို ငြင်းဆန် နေတယ် ။ မနက်ခင်း က ဖတ်ခဲ့ရတဲ့ မှုခင်းသတင်း ထဲမှာ အရက် မူးပြီး သမီး အရင်း ကို စော်ကားတဲ့ ဖခင် တစ်ယောက် ရဲ့ အကြောင်း က ခေါင်း ထဲ ရောက် လာတယ် ။ အဲဒီ မှုခင်းသတင်းစာ ထဲ မှာ ပဲ အရက် မူးပြီး သူ့ အမေ ကို ရိုက် နေတဲ့ ပထွေး ကို သား တစ်ယောက် က ရိုက်သတ် တဲ့ သတင်း ပါ သေးတယ် ။ နောက် အရက် မူးပြီး လာ ဆုံးမ တဲ့ အဖေ ကို ဓား နဲ့ လိုက်တဲ့ သားတစ်ယောက် ရဲ့ သတင်း လည်း ပါ သေးတယ် ။ အရက် ကြောင့် ကျွန်တော်တို့ ရွာ တင် မဟုတ်ဘူး ၊ လောကကြီး တောင် ပျက်စီး နေကြပြီ ။


တော် ပါ သေးရဲ့ ။ ကျွန်တော့် ရဲ့ သား က အဲဒီ လောက် မဆိုးသွမ်းသေးလို့ ။ ကျွန်တော့် ရဲ့ သား က အိမ်ထောင်သည် ။ အိုးခွဲ အိမ်ခွဲ နေတဲ့ သူပါ ။ ကျွန်တော့် ရဲ့ သား က ညနေပိုင်းတွေ အရက် သောက် တတ်တယ် ။ အရက် သောက်ပြီး မူးနေတဲ့ သား က အိမ် ကို အလည် လာတော့ သူ့ အမေ ဖြစ်သူ က အရက် မသောက် ဖို့ ဆို ဆုံးမ တယ် ။


“ ဟဲသား ၊ ခွေးတောင် မသောက်တဲ့ အရက်တွေ ကို နင် က ဘာလို့ သောက်နေ တာတုံး ။ အရက် ကြောင့် နင် ဒုက္ခ ရောက်မှာ မကြောက်ဘူးလား ၊ ရောဂါ ရမှာ မကြောက် ဘူးလား ဟင် ”


“ သား ကြိုက်တဲ့ အရက် ကို ခွေး မသောက်တတ်တာ အမှန်ပဲ အမေ ရ ။ ဒါပေမဲ့ အမေ သောက်တဲ့ ဆေးလိပ် ကို လည်း ခွေး က မသောက် တတ်ဘူးလေ ။ ဆေးလိပ်သောက် ရင် လည်း ရောဂါ ရတာပဲ ” လို့ အော်ပြီး အိမ် ပေါ် က နေ ဆင်း ပြေးတာ ။ ဆေးကြမ်းလိပ် အမြဲ ဖွာ တတ်တဲ့ ကျွန်တော့် မိန်းမ ကတော့ စိတ်ဆိုး မာန်ဆိုးနဲ့ ကျန်ခဲ့ ရော ။ 

တကယ်တော့ အရက် သောက်တဲ့ သားသမီးတွေ ကို ဆိုဆုံးမမယ့် မိဘ ဟာ ပထမ ဆုံး မူးယစ် စေတတ်တဲ့ အရာ တွေကို ရှောင်ကြဉ်ရမယ် လို့ ကျွန်တော် ထင်တယ် ။ ဒါမှ ဆို ဆုံးမ နိုင်မှာပေါ့ ။


ကျွန်တော်တို့ ရွာလေး မှာ အရက်ပုန်းဆိုင်လေး တွေ အများကြီး ရှိတယ် ။ အရက်သမားတွေ ရဲ့ မိန်းမ တချို့က သူတို့ ယောက်ျားတွေ ကို မနိုင်တဲ့ အခါ အဲဒီ အရက်ပုန်းဆိုင်လေးတွေ သွားပြီး ၊ ဥက္ကဌ တိုင်မယ် ၊ ရဲ တိုင်မယ် လို့ ပြောတဲ့ အခါ အရက်ပုန်း ရောင်းတဲ့ သူတွေ က တဟားဟား ရယ် ပြီး “ နင့်ပထွေးတွေ က နင် တို့ ထက် ပို သိတယ် တဲ့ ။ လတိုင်း လိုင်းကြေး အမြဲ လာ တောင်း တယ် ” လို့ ပြော လွှတ်တာ ။


တကယ်တမ်း အရက်သမား တွေ မရှိစေချင် ရင် အရက် သောက်ခြင်း သည် ကျန်းမာရေး ကို ထိခိုက်နိုင်ပါသည် လို့ တီဗွီတွေ ၊ ရေဒီယိုတွေ မှာ ကြော်ငြာနေမယ့် အစား ၊ ပညာပေးတွေ လွှင့်ပေး နေမယ့် အစား အရက်တွေ မရှိ အောင် အရင် လုပ်သင့်တယ် ။ ရောင်း တဲ့ လူတွေ ရှိ နေရင် တွေ သောက်တဲ့ သူတွေ လည်း ရှိနေဦး မှာပဲ ။


“ ဆရာရယ် ၊ တန်ဆေး လွန်ဘေး ဆိုသလို အရက် သောက်တဲ့ အခါ ကောင်းကျိုး ရတဲ့ ဟာ မရှိဘူးလား ”


ဘေးအိမ် က ဆေးခန်း ကို လာတဲ့ အရက်သမား တစ်ယောက် က ဆရာဝန်

 ကို အဲဒီ မေးခွန်း မေး ဖူးတယ် ။ ကျွန်တော် လည်း

 ဆရာဝန်လေး ဖြေမယ့် အဖြေ စိတ်ဝင်စားတာ နဲ့ နားစိုက် ထောင်ခဲ့တယ် ။  


“ အရက် ကို တစ်နေ့ နှစ်ယူနစ် လောက် သောက်ရင် တော့ သူငယ်ပြန်ရောဂါ နဲ့ နှလုံးရောဂါ ကို ကာကွယ် ပေး တယ် ။ အရက် ကို ပိုးသတ်ဆေး အဖြစ် သုံးလို့ ရတယ် ။ ဒါပေမဲ့ အရက် ကို စ , ပြီး မသောက်တာ အကောင်းဆုံးပါ ။ အရက် မှာ မူးယစ်စေ ၊ စွဲလမ်းစေ တတ်တဲ့ ဂုဏ်သတ္တိ တွေ ရှိတယ် ။ အရက် သောက်ရင် အသည်းရောဂါ ၊ အစာအိမ်ရောဂါ ၊ အာရုံကြော ရောဂါ နဲ့ တခြား ရောဂါ ပေါင်းစုံ ရ တတ်တယ်” 


အရက် မှာ မူးယစ်စေ ၊ စွဲလမ်းစေတတ်တဲ့ ဂုဏ်သတ္တိ တွေ ရှိ တယ်တဲ့ ။ ဆရာဝန်လေး ရဲ့ ပြောစကား ကို ကျွန် တော် ထောက်ခံစရာ မလိုပါ  ၊ ဆရာဝန်လေး ကိုယ်တိုင်ပဲ ထောက်ခံ ခဲ့တယ် ။ 


ကျွန်တော် က တစ်လ တစ်ခါ မြို့ ပေါ် ကို ပင်စင် လစာ သွား ထုတ် ရတယ် ။ ဆရာဝန်လေး က လည်း ဥပုသ် နေ့တိုင်း ဆေးခန်း ပိတ်ပြီး မြို့ပေါ် ပြန် နားတယ် ။ ကျွန်တော် ပင်စင် လစာ ထုတ်တဲ့ တစ်ညနေ မှာ လုံးဝ ထင်မှတ် မထား တဲ့ မြင်ကွင်း တစ်ခု တွေ့ခဲ့တယ် ။ ပင်စင်လစာ ထုတ်ရတဲ့ နေရာ ရဲ့ အနီးနားက ဘီယာဆိုင် မှာ အရက်သောက် နေကြတဲ့ ဆရာဝန်လေး တို့ သူငယ်ချင်း တစ်စု ကို တွေ့ခဲ့ ရတယ် ။ 


ဘုရား ...ဘုရား ... ။ လူနာ တွေ ကို ကျတော့ “ အရက် ကို စပြီး မသောက်တာ အကောင်း ဆုံးပဲ ။ အရက် မှာ မူးယစ်စေ ၊ စွဲလမ်း စေ တတ်တဲ့ ဂုဏ်သတ္တိ တွေ ရှိတယ် ။ အရက် သောက် တာ ကောင်းကျိုး မရှိဘူးဗျ ။ ကမ္ဘာ ပေါ် မှာ တစ်နှစ် ကို အရက် ကြောင့် လူပေါင်း နှစ် ဒသမ ငါးသန်းကျော် သေဆုံး နေကြတယ် ။ AIDS တို့ ၊ ငှက် ဖျား တို့ ကြောင့် သေဆုံးနေတဲ့ လူ ပမာဏ ထက် အရက် ကြောင့် သေဆုံးနေရတဲ့ သူက ပိုများတယ် ” လို့ ရွာသူရွာသား တွေ ကို ကျန်းမာရေးပညာ ပေး နေတဲ့ ဆရာဝန်လေး ကိုယ်တိုင် က အရက် မူးပြီး ခေါင်း ငိုက်စိုက် ကျလို့ ။


"တုံ ... တုံ ... တုံ ...”


ရွာဦး ဘုန်းကြီးကျောင်း က နေ လေးနာရီ တုံးခေါက် သံ က လေထု မှ တစ်ဆင့် ပျံ့နှံ့ လာတယ် ။ မကြာခင် ရောင်နီ လာ တော့မယ် ။ ရွာလယ် လမ်းမ ဆီ က ခွေးဟောင်သံ တွေ ကြား ရတယ် ။ သေချာတယ် ၊ ခွေးတွေ ဟောင် တာ အရက်သမားတွေ ပဲ ။ မနက် မှ မလင်းသေးဘူး ။ အရက်ဆိုင် ကို သွား နေကြပြီ ။ ခွေး ဟောင်သံတွေ ကြောင့် မအိ တို့ လည်း အိပ်ရာ နိုး လောက်ပါပြီ ။ တောက် ... ။ ကျွန်တော် လည်း ပြန် အိပ်လို့ ရတော့ မယ် မထင်ပါဘူးဗျာ ။


“ ဂျောက် ... ”


တံခါးပေါက် ဂျက် ( ချက် ) ကို အဖွင့် ကျွန်တော့် မိန်းမ က နိုး သွားပြီး အိပ်ရာ ထဲ က နေ လှမ်း အော်တယ် ။


“ သေနာကြီး ၊ မနက် အစောကြီး ရှိသေး ။ မအိ တို့ အိမ် သွားတော့မယ် မဟုတ် လား ။ ဟို အရည်တွေ သွား မျိုတော့ မယ် မဟုတ်လား ”


“ ငါ လမ်းလျှောက် ထွက် မလို့ပါ ဟ ”


ကျွန်တော့် ပါးစပ် က လိမ်ညာတဲ့ စကားလုံးတွေ အလိုအလျောက် ထွက်ပေါ် လာတယ် ။ သီလ တစ်ပါး ကို ချိုးဖောက်ပြီး တဲ့ အခါ အခြား သီလ တစ်ပါး ကို အလွယ် တကူ ချိုးဖောက် တတ်တယ် ဆိုတဲ့ စကား က သိပ် မှန် တာပဲ ။ ကျွန်တော့် မိန်းမ ပြောတဲ့ စကား က ဟုတ်တယ် ဗျို့ ။


အခု ထ , လာတာ က မအိ တို့ အိမ် ကို သွားမလို့ ။ မအိ ဆိုတာ အရက်ပုန်း ရောင်းတဲ့ မုဆိုးမလေး နာမည် ပဲ ။ ကျွန်တော် လည်း ပင်စင် ယူပြီးကတည်းက အလုပ် မရှိတော့တာ နဲ့ အရက် | ကို စ , သောက်ဖြစ်တာ ။ သောက်ရင်း နဲ့ အရက် ကို စွဲနေ ပြီဗျို့ ။ မသောက်ရရင် မနေ နိုင်တော့ဘူး ။ အရက် မူးပြီး မအိ ကို မထိခလုတ် ထိခလုတ် စ,ရတာ ကလည်း ရင်ခုန်စရာ အကောင်းသား ကလား ။ ဒီ အသက်အရွယ် ကြီး မှ ဒီလို ဖြစ် လာတာ မကောင်းမှန်း တော့ ကျွန်တော် သိပါတယ် ။ ဒါ ပေမဲ့ ဗျာ ... ဒါပေမဲ့ ပေါ့  ။ ပညာရှိ သတိ ဖြစ်ခဲ ဆိုတဲ့ စကား အတိုင်းပါပဲ ။ ခင်ဗျား တို့ အပြစ် တင် ရင်လည်း ကျွန်တော့် အနေ နဲ့ ခေါင်းညိတ်ပြီး ငြိမ် ခံနေရုံပဲ ။ ဆရာဝန်လေး ပြော သလို အရက် မှာ မူးယစ် စေတတ်တဲ့ ၊ စွဲလမ်းစေတတ် တဲ့ ဂုဏ်သတ္တိတွေ ရှိနေတယ် ဆိုတာ ကျွန်တော် ကိုယ်တိုင် ကြုံခဲ့ရပြီ မို့ ယုံလိုက်ပြီ ဗျို့ ။ ကျွန်တော့် မိတ်ဆွေတို့ကို အကြံ တစ်ခု တော့ ပေးချင်တယ်ဗျ ။ အရက် ကို လုံးဝ လုံးဝ မသောက်မိပါစေ နဲ့ လို့ ။


ဟို ...


ကျုပ် လို အရက် စွဲသွား မှာ စိုးလို့ပါ ဗျာ ... အေ့ ..... ။


◾ဟမ်စိုင်း ၊ ဆေး - မန်း ၊


📖 ရွှေအမြုတေ မဂ္ဂဇင်း

     ၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာလ


#ကိုအောင်နိုင်ဦး

.

Monday, August 16, 2021

ကျတ်တွင်း


 

   ❝  ကျတ်တွင်း  ❞

မြင်လိုက်ရတဲ့ မြင်ကွင်းက အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်မရဲ့ မျက်လုံးကို ပြူးကျယ်သွားစေတယ် ။ ဒီလူရဲ့ အပြောတွေအောက် မှာ ခံစားရခက်တဲ့ တစ်ဆို့ဆို့ အလုံးကြီးက ကျွန်မရင်ဝကို တိုးဝင်လာတယ် ။ အသက်ရှူတွေ မြန်လာပြီး ကျွန်မရဲ့ လက်တွေက တဆတ်ဆတ် တုန်လာတယ် ။ ကျွန်မ တစ်ခုခုတော့ ပြန်ပြောရလိမ့်မယ် ။ စဉ်းစားစမ်း ၊ စဉ်းစားစမ်း ။ ဒီလူ့ကို ကျွန်မ ဘာပြန်ပြောရပါလိမ့် ။

°°°°°°  °°°°  °°°°°°

“ ချစ် ... ပိုးတန်းထဲက အိမ်လေး မဆိုးဘူးနော် ။ အဲဒီမှာပဲ နေကြစို့လား ”

မုန့်ဟင်းခါးသောက်ရင်း ပြောနေတဲ့ မောင့်ရဲ့ အပြောကို ကျွန်မ ခေါင်းမခါမိသလို ခေါင်းလည်း မညိတ်မိသေးဘူး ။

ပိတ်ရက်လေးရတုန်း စစ်ကိုင်းမြို့ထဲမှာ အိမ်ငှားဖို့ အိမ်လိုက်ရှာနေရတာ တစ်နေကုန်တော့မယ် ။ စိတ်တိုင်းကျတဲ့အိမ် တွေ့တော့လည်း ခေါ်တဲ့ဈေး တစ်လစာက ကျွန်မ တစ်လစာ မကဘူး ။ ဈေးနည်းတဲ့ အိမ်ကျတော့လည်း ရေ ၊ မီး ၊ အိမ်သာ အဆင်မပြေတာမို့ ကျွန်မနဲ့ မောင်က မကြိုက်ကြပြန်ဘူး ။ အိမ်ငှားဖို့ လိုက်ရှာရင်း အမောဆို့ ၊ ဗိုက်ဆာတာနဲ့ သုဓမ္မာလမ်းက မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါး စားရင်း မောင်နဲ့ ကျွန်မ တိုင်ပင်နေကြတာ ။

“ ကြိုက်တော့ ကြိုက်ပါတယ် မောင်ရယ် ။ ဒါပေမဲ့ ဘေးပတ်လည်က အိမ်ငှားတွေနဲ့ အဆင်ပြေပါ့မလား ။ နောက် ဈေးကလည်း ...”

သံပရာရည်ကို မုန့်ဟင်းခါးထဲညှစ်ရင်း ကျွန်မရဲ့ ဝန်ထမ်းဘဝကို ခပ်ချဉ်ချဉ် တွေးနေမိတယ် ။ ကျွန်မက နယ်ဆေးရုံကနေ စစ်ကိုင်းမြို့ ၊ ပြည်သူ့ဆေးရုံကြီးကို သိပ် မကြာခင်ကမှ ပြောင်းခဲ့ရတဲ့ သူနာပြု ဆရာမတစ်ယောက်ပါ ။ ဆေးရုံမှာ ဝန်ထမ်းအိမ်ရာ သွားလျှောက်တော့ အိမ် ထောင်သည် လိုင်းခန်းအလွတ် မရှိသေးတာမို့ မပေးနိုင်သေးဘူး ပြောတယ် ။ အခန်းတစ် ခန်းထဲမှာ အိမ်ထောင်သည် နှစ်စု အတူနေဖို့ပြောလို့ အခန်းကို သွားကြည့်မိပါတယ် ၊ အမယ်လေးလေး ဆယ့်နှစ်ပေပတ်လည် အခန်းကျဉ်းလေးထဲမှာ အိမ်ထောင်သည် နှစ်စု နေရမယ်ဆိုတာသိတော့ ပထမ နေနေတဲ့ အစ်မကိုလည်း အားနာရ ၊ သူ့ပစ္စည်းတွေနဲ့ ကလေးနှစ်ယောက်နဲ့တင် အခန်းက ပြည့်ရုံမက ထွက်နေတာ ။ ကျွန်မတို့ လင်မယားက ဘယ်လိုလုပ် ဝင်နေလို့ အဆင်ပြေပါ့ မလဲ ။ ဒါနဲ့ပဲ မရှိမဲ့ ရှိမဲ့ ပိုက်ဆံနဲ့ မြို့ထဲမှာ အိမ်ငှားနေဖို့ စီစဉ်လိုက်ရတာ ။

“ ပြေမှာပါ ချစ်ရဲ့ ။ မောင် အလုပ်သွားရတဲ့ ညတွေမှာ ဘေးအိမ်က လူတွေရှိတော့ မောင် နောက်ဆံမတင်းရတော့ဘူးပေါ့ကွာ ”

မောင်က ကားသမားဆိုတော့ အော်ဒါရရင် မကြာခဏ ခရီးထွက်နေရတတ်တယ် ။ ဝန်းအကျယ်ကြီးထဲမှာ ဝါးထရံ ၊ သွပ်မိုးထားတဲ့ သုံးပင် အငှားအိမ်လေးတွေကို မောင်က သဘောကျနေပုံပဲ ။ အိမ်သာ ၊ ရေချိုးခန်း သီးသန့် ဆောက်ပေးထားတာမို့ ကျွန်မလည်း သဘောကျပါတယ် ။ ဝန်းအကျယ်ကြီးထဲမှာ အိမ်ငှား ငါးအိမ်ကို ဆောက်ထားပြီး အိမ်ရှင်တွေက ဘေးကပ်လျက်ခြံမှာ သီးသန့် နေကြတာမို့ အိမ်ရှင်နဲ့အတူ တွဲမနေရတာကိုလည်း ကျွန်မ သဘောကျပါတယ် ။ သဘောမကျတာက တစ်လ တစ်လ ကျွန်မလစာနီးပါး ပေးရမယ့် အိမ်ငှားခကိုပါ ။

“ ဈေးကတော့ မကြည့်တော့နဲ့ ချစ်ရေ ။ ဒီတစ်မြို့လုံး ပတ်ရှာပြီးပြီလေ ”

“ အင်းပါ မောင်ရဲ့  ၊ ဒါပေမဲ့ ဘေးအိမ်က အိမ်ငှားတွေမှာ အမူးသမားပါမှာ ချစ်ကြောက်တယ် ။ အမူးသမားဆို ကြည့်လို့ကို မရဘူး ”

“ ချစ်ကလည်း သူများ မကောင်းလည်း ကိုယ်ကောင်းဖို့ပဲ လိုတာပါ ။ အဲဒီမှာပဲ ငှားလိုက်ရအောင်နော် ။ ကဲ ပိုက်ဆံ စရန်သွားချေထားရအောင် ”

မောင်က ပိုက်ဆံရှင်းဖို့ စားပွဲထိုးကို ခေါ်တယ် ။

“ အင်းပါ ။ ဆေးရုံက လိုင်းခန်းလွတ်ရင် ဆေးရုံကို ပြောင်းရအောင်နော် ”

“ ကမ္ဘာလဆန်း တစ်ရက်နေ့လား ... ဟားဟား ”

ရယ်နေတဲ့ မောင့်ကို မျက်စောင်းထိုးမိ တယ်  ။ လိုင်းခန်း မရနိုင်သေးတာ သိလျက်နဲ့ ဆေးရုံကပေးမယ့် အဆောင်ကို မျှော်ရင်း တစ်ဆက်တည်းမှာပဲ ဘေးအိမ်က အိမ်ငှားတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းရမယ်လို့ ကျွန်မ တွေးမိတယ် ။ မောင် မရှိတဲ့အချိန် အရေးရယ် အကြောင်းရယ်ဆိုရင် ဘေးအိမ်က လူတွေကိုပဲ အားကိုးရမှာ ။

°°°°°°  °°°°°°  °°°°°°

ကျွန်မတို့ ငှားနေတဲ့ ဝန်းထဲမှာ အိမ်ငှား ငါးလုံးရှိပေမဲ့ လက်ရှိနေတာဆိုလို့ ကျွန်မတို့ အိမ်ရယ် ၊ ဘေးအိမ်က အိမ်ရယ်မှာသာ လူငှားတွေ တွေ့ရတယ် ။ ခြေရင်းအိမ်က အိမ်ငှားတွေက တစ်ခါတလေသာ လာနေတယ်လို့ အိမ်ပိုင်ရှင်က ပြောတယ် ။

“ သူများမယားတွေများ ကြင်နာလိုက်တာဗျာ ”

ဆေးရုံ ဂျူတီသွားဖို့ အပြေးအလွှားလုပ်နေတဲ့ ကျွန်မအတွက် မောင်က ကော်ဖီဖျော်ပေးရင်း ဘေးအိမ်ကို မျက်စပစ်ပြတယ် ။ မြင်လိုက်ရတဲ့ မြင်ကွင်းက တကယ့်ကို ရိုမန့်တစ်ဆန်ဆန်ပဲ ။ မိန်းမဖြစ်သူက သူ့အမျိုးသားကို ထမင်းခွံ့ကျွေးနေတာ ။ ဆံပင်နီနီနဲ့ ခေတ်ဆန်ဆန် ဝတ်ထားတဲ့ အမျိုးသမီးရဲ့ ပေါင်ပေါ်မှာ အမျိုးသားက ကလေးလေးလို ထိုင်ပြီး ထမင်းစားနေတယ် ။

“ တော့်ကို အစကတည်းက ပြောပြီးသားနော် ၊ အနွံတာ ခံနိုင်မှ လက်ထပ်ပါလို့ ”

စကားပြောရင်း သနပ်ခါးသွေးကာ သနပ်ခါးလိမ်းရတယ် ။ သနပ်ခါး လိမ်းပြီးတာနဲ့ ရင်ရှားထားတဲ့ ထဘီကို ချွတ် အဝတ်အစားလဲရတယ် ။

“ ဟုတ်ပါပြီ မိန်းမရာ ။ ချစ် ကြိုက်တဲ့ ကော်ဖီလေးဖျော်ထားပါတယ်ခင်ဗျ ”

မောင်နဲ့ ကျွန်မ တိုင်ပင် မထားပါဘဲ ဘေးအိမ်ကို ကြည့်မိကြပြန်တယ် ။ မိန်းမလုပ်သူက သူ့ယောက်ျားရဲ့ နှုတ်ခမ်းကို တစ်ရှူးစလေးနဲ့ သုတ်ပေးနေတယ် ။ ယောက်ျားလုပ်သူက သူ့မိန်းမ လည်ပင်းကို နမ်းလိုက်တယ် ။ လက်ကနာရီကို ကြည့်မိတော့ ခုနစ်နာရီ အတိ ။

“ အမယ်လေး ၊ ခုနစ်နာရီတောင် ထိုးနေပြီ ။ နောက်ကျလို့ မာမီသောင်းက ဆူတော့မှာပဲ ”

စားပွဲပေါ် မောင် ဖျော်ပြီးချထားတဲ့ ကော်ဖီကို အနံ့တောင် မခံနိုင်တော့ဘဲ အမြန်မော့ရင်း ပဲကိတ်နှစ်လုံး အမြန်စားရတယ် ။ လိုအပ်တဲ့ ပစ္စည်းတွေယူပြီး အိမ်ရှေ့ထွက်လာတဲ့အချိန် မောင်က ဆိုင်ကယ်ပေါ်ခွလို့ အသင့်အနေအထားနဲ့ စောင့် နေတယ် ။ ဟိုဘက်အိမ်က စုံတွဲလည်း ဆိုင်ကယ်တစ်စီး အတူစီးပြီး ထွက်လာတာကို တွေ့ရတယ် ။ မိန်းမဖြစ်သူက သူ့အမျိုးသားရဲ့ ခါးကို လက်တစ်ဖက်ကဖက်ပြီး ကျန်လက်တစ်ဖက် မှာ ခြင်းတောင်းလေးကို ကိုင်ထားတယ် ။

“ အသစ်ပြောင်းလာတဲ့ အိမ်ငှားတွေလား ၊ တွေ့ရတာ ဝမ်းသာပါတယ်ရှင့်”

အနားရောက်ရောက်လာချင်း နှုတ်ဆက်လိုက်တဲ့ စကားသံကြောင့် မောင် နဲ့ ကျွန်မ မျက်လုံးအဝိုင်းသားကြည့် မိကြတယ် ။ လင် နဲ့ မယားလို့ ထင်ထားတဲ့ အတွဲက လင် နဲ့ လင် ဖြစ်နေတယ် ။ ဆိုင်ကယ်အရှေ့က ကောင်လေးက အသားဖွေးဖွေး ၊ မျက်ခုံးကောင်းကောင်း ၊ နှာတံပေါ်ပေါ်နဲ့ တကယ့်ကို သန့်သန့်ပြန့်ပြန့် ။ ကျွန်မတို့ကို နှုတ်ဆက်စကားဆိုသူ က ဆိုင်ကယ်အနောက် ကနေ လိုက်လာတဲ့လူ ။ နှုတ်ခမ်းနီတွေကို ရဲနေအောင် ဆိုးထားပြီး ကြိုးတစ်ချောင်းအင်္ကျီ ၊ ဘောင်းဘီဖင်ကျပ် ဝတ်ထားတဲ့ လူ ။ မျက်နှာက ဝက်ခြံတွေ ကို မိတ်ကပ်ဖို့ထားပေမဲ့ သူ့ရဲ့ ရုပ်ရည်က ကြည့်ပျော်ရှုပျော်ကို ရှိမနေခဲ့ဘူး ။

“ ဟုတ်ကဲ့ဗျ ၊ အိမ်ငှားအသစ်တွေပါ ။ တွေ့ရတာ ဝမ်းသာပါတယ် ”

မောင်က ဆိုင်ကယ်အရှိန်ကို လျှော့ပြီး ရပ်ကာ နှုတ်ဆက်တယ် ။ ကျွန်မကလည်း ခေါင်းညိတ်ပြုံးပြရင်း အသိအမှတ်ပြုလိုက်တယ် ။

“ ကျွန်မက ရွှေရွှေပါ ၊ သူ က ကျွန်မအမျိုးသား ကိုအောင် ။ အသစ်ပြောင်းလာတဲ့ သူနာပြုလင်မယား ထင်တယ် ”

“ ဟုတ်တယ်ဗျ ”

သူတို့နှစ်ယောက်စလုံးမှာ နှစ်လိုဖွယ်အပြုံးနဲ့ ဖော်ရွှေမှုကို တွေ့ရတယ် ။

“ အခု အလှူတစ်ခုကို မိတ်ကပ်သွား လိမ်းပေးရမှာမို့ နောက်ကျနေလို့ပါ ၊ ညနေမှ အေးဆေး လာလည်မယ်နော့ ”

“ ခွင့်ပြုပါဦးဗျ ”

“ ဟုတ်ကဲ့ဗျ ”

“ ဟုတ်ကဲ့ရှင့်”

" အဲကွာ  ။ ငါက တကယ့်မိန်းမနဲ့ ယောက်ျားအတွဲ ထင်နေတာ ”

ရွှေရွှေတို့အတွဲ မြင်ကွင်းထဲက ထွက်သွားတော့ မောင်က အံ့ဩစွာပြောတယ် ။ မောင် နဲ့ ကျွန်မ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးမိကြတယ် ။

•••••  •••••••  ••••••

မနက်အစောကြီး ရှိသေးတယ် ။ စစ်ကိုင်းဆေးရုံကြီးရဲ့ ပြင်ပလူနာဌာနမှာ လူနာတွေက စုပြုံနေတယ် ။ လက်ထဲက ခြင်းတောင်းကို အခန်းထဲထားပြီး တာဝန်ကျရာ နေရာမှာ ဝင်ထိုင်ပြီး Duty Over ယူရတယ် ။

“ မောနီး ဆရာ ”

“ မောနီး အစ်မ ”

“ မောနီး ညီမ ”

ထုံးစံအတိုင်း တာဝန်ကျဆရာနဲ့ ဆရာမကို နှုတ်ဆက်စကား ဆိုရတယ် ။

“ ဘာအိုဗာ ပေးစရာရှိလဲ အစ်မ ”

“ မနက်ကတည်းက မီးပျက်နေတာ ညီမရေ ။ မီးလာချိန် စာအုပ်ထဲ ရေးဦးနော် ။ မရေးရင် ဒဏ်ငွေပေးရမယ် ။ နောက်  Rabies Vaccine ( ခွေးရူးပြန် ကာကွယ်ဆေး ) ပြတ်နေတယ် ။ မာမီလာရင် ထုတ်ခိုင်းဦး ။ နောက် ထိုးဆေးစာရင်း ၊ သောက်ဆေးစာရင်းတွေ လုပ်ရဦးမယ် ”

ကျွန်မတို့ သူနာပြု ဆရာမတွေလည်း စာရင်းကိုင်သင်တန်း မတက်ခဲ့ရဘဲ ဆေးစာရင်း ၊ မီးစာရင်း ၊ ဘာစာရင်း ၊ ညာစာရင်းတွေ မှတ်ရလွန်းလို့ စာရင်းကိုင် ကျွမ်းကျင်သူတွေကို ဖြစ်လို့ ။ ဆေးထိုးပေးရမှာလား ၊ စာရင်းပဲ တွက်ပေးရမှာလားတောင် ဝေခွဲရခက်နေပြီ ။

“ ဆရာ လူနာ ထပ်ခေါ်ပေးရမလား ”

ခုတင်ပေါ်က ခေါင်းကွဲလူနာကို ချုပ်ပေးပြီး ဆေးမှတ်တမ်းရေးနေတဲ့ ဆရာ့ကို မေးတော့ ဆရာက ခေါင်းညိတ်ပြသည် ။

“ ဒေါ်ပုမ ”

လူနာစာအုပ်ပုံ တစ်ထပ်ကြီးထဲက အပေါ်ဆုံးစာအုပ်က နာမည် ကို ခေါ်တော့ အသက် သုံးဆယ် အရွယ်အမျိုးသမီးက မျက်ကွင်းတစ်ဖက်ကို အုပ်ပြီး တဟီးဟီး နဲ့ ငိုယိုပြီး ဝင်လာတယ် ။ တာဝန်ကျဆရာဝန်က မေးမြန်းတော့ သူ့ရဲ့ ယောက်ျားက မူးပြီး ထိုးတယ်လို့ သိရတယ် ။ ရဲစခန်းသွားတိုင်တော့ ဆေးစာယူဖို့ ဆေးရုံကို လွှတ်လိုက်တာလို့ သိရတယ် ။ အဲဒီလို မူးရူးပြီး ရမ်းကားတဲ့ အရက်သမားတွေကို ကျွန်မမုန်းလိုက်တာ ။ သူများ သားသမီးကို ယူတုန်းက ယူထားပြီး တိရစ္ဆာန် မသောက်တဲ့ အရည်တွေသောက်ပြီး ရမ်းကားနေကြတာ ။

“ ဆရာမရေ ၊ ရဲစခန်း ဖုန်းဆက်ခေါ်ပေးဦး ။ ရဲစခန်းက လွှတ်တယ်ပြောပြီး ရဲလည်း ပါမလာဘူး ”

“ ဟုတ်ကဲ့ ဆရာ ”

ငိုနေတဲ့ ဒေါ်ပုမ မျက်ကွင်းတစ်ဖက်က ပန်ဒါဝက်ဝံ မျက်လုံးလို ညိုမည်းလို့ ။ ကျွန်မလည်း ဝမ်းသာအားရနဲ့ ရဲစခန်းကို ဖုန်းဆက်ပေးလိုက်တယ် ။

“ ဟယ်လို ၊ မြို့မရဲစခန်းကပါလား ၊ စစ်ကိုင်းဆေးရုံကြီးက ဆက်တာပါ ။ PC ( မှုခင်း ) လူနာ ရောက်နေလို့ ”

မှု ခင်းလူနာတွေ လာရင် ရဲစခန်းကို ဖုန်းဆက်ပေးရတယ် ။ တာဝန်ကျ ရဲအရာရှိက ဆေးစာ စာရွက်ကို တာဝန်ကျဆရာဝန်ဆီ လာပေးကာ ဆေးစာရေးခိုင်းရတယ် ။ နောက်တော့ တရားရုံးမှာ ဆရာဝန်က ဒဏ်ရာ အတိမ်အနက် ၊ သာမန်ဒဏ်ရာ ၊ ပြင်းထန်ဒဏ်ရာကို ထွက်ဆိုပေးရတယ် ။ ဒီခေတ်ကြီးထဲ ယောက်ျားတွေ နှိပ်စက်သမျှ မိန်းမတွေ ငြိမ်ခံရမယ့်ခေတ် မဟုတ်တော့ဘူးလို့ ကျွန်မ တွေးမိတယ် ။ တုံ့ပြန်သင့်တာတုံ့ပြန်မှ အရက်သမားတွေ မှတ်ကြမှာ ။ မောင့် ကိုလည်း အရက် မသောက်ဖို့ ၊ အရက် မပြောနဲ့ ဘီယာနဲ့ ဝိုင် တောင် မသောက်ဖို့ ကျွန်မမှာထားတယ် ။ အရက် မသောက် မှ လက်ထပ်မယ်လို့ပြောပြီး မောင်နဲ့ လက်ထပ်ခဲ့ကြတာ ။

°°°°°°°  °°°°°  °°°°°°

စစ်ကိုင်းကို ရောက်ပြီး တစ်လအကြာမှာ ကျွန်မတို့စုံတွဲနဲ့ ဘေးအိမ်က ရွှေရွှေတို့ စုံတွဲဟာ တကယ့် ငယ်ပေါင်းကြီးဖော်တွေလို ဖြစ်သွားကြတယ် ။ သူတို့စုံတွဲရဲ့ ဖော်ရွေမှုတွေကြောင့်လည်း ပါ တာပေါ့ ။ အာပူလျှာပူနဲ့ အကြော် သိပ်ကြိုက်တဲ့ ကျွန်မနဲ့ ရွှေရွှေ က ညနေခင်း အားလပ်ချိန် တိုင်း စစ်ကိုင်းကမ်းနားလမ်းမှာ လမ်းလျှောက်ရင်း သွားစားကြသလို လက်ဖက်ရည်ကြိုက်ပြီး ဘောလုံးပွဲတွေကို မလွတ်တမ်းကြည့်တဲ့ မောင်နဲ့ ရွှေရွှေရဲ့ အမျိုးသားကလည်း ညီအစ်ကိုလို ဖြစ်နေကြပြီ ။

ရွှေရွှေနဲ့ ကျွန်မ ပေါင်းလာတာကြာတော့ ရွှေရွှေက သူ့ယောက်ျားကို အလွန်ချစ်ပြီး သဝန်တိုတာကို သိလာရသလို ၊ စရိုက်လည်း ကြမ်းတာ သိခဲ့ရတယ် ။ ကျွန်မနဲ့ ရွှေရွှေ ကမ်းနားလမ်းမှာ အာပူလျှာပူသောက်ကြရင်း ရွှေရွှေက ရင်ဖွင့်စကားဆိုတယ် ။

“ စနိုက်‌ေကျာ်မ အကြောင်းတွေ ပြော မပြောချင်ဘူး အစ်မရေ ။ ဟိုဘက် တစ်အိမ်ကျော်က အစစ်မလေ ။ ရွှေရွှေ့ ယောက်ျားကို နှိုက် မြည်းချင်နေတာ ”

“ ဟုတ်ရဲ့လား ရွှေရွှေရယ် ”

“ ဟုတ် ဟုတ်နဲ့တောင် မြည်နေသေး အစ်မရယ် ။ နောက်ပြီး ခြေရင်း နှစ်အိမ်ကျော်က ကျူရှင်ဆရာ အပုန်းမကလည်း ရွှေရွှေ့ ယောက်ျားကို ကျိတ်ကြံနေတာ "

စကားပြောကြမ်းပေမဲ့ ရွှေရွှေ့ဘဝက သနားစရာ ကောင်းပါ တယ် ။ မိန်းမစိတ် ပေါက်နေတာမို့ မိဘတွေက ပစ်ထားကြတယ် ။ အတန်းပညာ သိပ်မတတ်ပေမဲ့ မိတ်ကပ်လိမ်းတဲ့ အတတ်ပညာနဲ့ သူ့ခြေထောက်ပေါ်ကို သူ ရပ်တည်ခဲ့တယ် ။ ဒီကြားထဲ ယောက်ျားယူလိုက်တာမို့ သူ့မိဘတွေက အဆက်အသွယ် လုံးဝ ဖြတ်ထားတာလို့ သိရတယ် ။ ရွှေရွှေရဲ့ အမျိုးသားကတော့ ဘာအလုပ်မှ မလုပ်ဘဲ ရွှေရွှေရဲ့ လုပ်စာကို ထိုင်စားနေတာကို သိရတယ် ။

“ ဒီလောက် သူ့အပေါ် ကောင်းလျက်နဲ့ ရွှေရွှေ အပေါ် ဖောက်ပြန်ရင်တော့ သူနဲ့ ရွှေရွှေ အပြတ်ပဲ ”

ရွှေရွှေရဲ့ မျက်ဝန်းတွေကို ဖျတ်ခနဲကြည့် မိတော့ ဒေါသအရိပ်အယောင်တွေ သန်းလို့ ။

°°°°°°  °°°°°°  °°°°°°

" ရှင် ကျွန်မအနားမကပ်နဲ့ ။ ဒီအရည်တွေ မသောက်ဘူးလို့ ကတိပေးထားပြီး အီး ဟီး ဟီး "

ဘုန်း ... ဘုန်း ။

မောင့်ရဲ့ ရင်ဝကို ထုလိုက် ၊ ဆွဲကုတ်လိုက်လုပ်ရင်း ကျွန်မ ငိုမိတယ် ။ ညနေကတည်းက ဘောလုံးပွဲသွားကြည့်မယ်ပြောပြီး ရွှေ ရွှေရဲ့ အမျိုးသားနဲ့ အတူထွက်သွားကြတာ ။ မောင်ပြန်လာတော့ ပီကေတွေဝါး ၊ သွားတွေ တိုက်နေတာ မသင်္ကာလို့အနား ကပ်မိတော့ ချဉ်စူးစူးအနံ့က နှာခေါင်းထဲ ဝင်လာရော ။

“ ချစ် ကလည်းကွာ ၊ မောင်က ဝိုင် ၊ စပိုင်ဝိုင်လေး ။ အဲဒါပဲ သောက်ခဲ့တာပါ ။ ဟိုကောင် အတင်းတိုက်လို့ပါ ။ အရက်တောင် မောင် မသောက်ခဲ့ဘူး ”

“ သွား ၊ လာမဖက်နဲ့  ။ ဝိုင်လည်း အရက်ပဲ ၊ ဘီယာ လည်း အရက်ပဲ ။ သူတိုက်တိုင်း သောက်ရအောင် သူက မောင့်အဖေမို့လို့လား ”

ဝိုင်နံ့ချဉ်စူးစူးက ကျွန်မကို ပိုဒေါသထွက်စေတယ် ။ ဟိုကောင်ကလည်း အခြောက်ထဘီနားခိုစားနေတာ အားမရဘဲ မောင့်ကိုလာဖျက်ဆီးနေတယ် ။

“ ချစ် ကလည်း ၊ မနက်ဖြန် မောင်က ခရီးထွက်ရမှာကို ။ စိတ်မဆိုးတော့နဲ့ကွာ ။ ချစ်မကြိုက်ရင် မောင် နောက် မသောက်တော့ဘူး ။ မောင် ကတိပေးတယ်ကွာ ။ နော် ၊ နော်လို့ ... ဟော ပြုံးတော့မယ် ၊ ပြုံးတော့မယ်”

“ ဘာမှ မပြုံးဘူး ၊ အနားမကပ်နဲ့လို့ ပြောနေတယ်လေ ။ နောက်တစ်ခါ သောက်ရင် ဝိုင်သောက်သောက် ဘီယာသောက်သောက် ရှင် နဲ့ ကျွန်မ အပြတ်ပဲ "

“ အေးပါ အေးပါ ချစ်ရာ "

မောင့် လက်တွေက ကျွန်မကိုယ်လုံးလေးကို တင်းကျပ်စွာ ဖက်တွယ်ထားတယ် ။

“ မောင့် ကို မချစ်ဘဲ မနေပါနဲ့နော် ”

“ သွား လူဆိုးကြီး ၊ လာမဖက်နဲ့လို့ ပြောနေတာကိုး ”

°°°°°°  °°°°°°  °°°°°°

" ငါ နှင့် Facebook ကို ကြည့်ပြီးပြီ ။ အဲကောင်မ နဲ့ နင် ပလူးနေကြတာ ရွံစရာတောင် ကောင်းတယ် ။ ဝေါ့ ... ”

" ငါ မဟုတ်ဘူးလို့ နင့်ကို ဘယ်နှခါ ပြောရမလဲ ”

ဖုန်း .. ဒိုင်း ... ။

ရွှေရွှေတို့ အိမ်ဘက်က ဆူသံ ၊ ပစ္စည်းရိုက်ခွဲသံတွေကြောင့် ညဂျူတီသွားဖို့ ပြင် နေတဲ့ ကျွန်မ လုပ်လက်စ အလုပ်တွေ ရပ်ပြီး နားစွင့်နေမိတယ် ။

“ နင် ဖြေစမ်းပါ ။ ချက် ( Chat ) ထားတဲ့စာတွေ အကုန် ငါသိမ်းထားတယ် ။ မယားရှိတာ သိလျက်နဲ့ ကြောင်တောင် နှိုက်ချင်တဲ့ ကောင်မတွေ ငါ့ဟာသာ လာနှိုက်ဟေ့ ”

ရွှေ ရွှေ ရဲ့ အသံဟာ တကယ့်ကို ခုနစ်အိမ်ကြား ၊ ရှစ်အိမ်ကြားပါ ။

“ ကဲ နင်ဖြေလေ ။ နင် ယောက်ျားပဲ ၊ နင်ဖြေလေ ”

“ နင်က မိန်းမအစစ် မဟုတ်လို့ဟာ ၊ ရှင်းပြီလား ”

“ အောင်မယ် ၊ ငါ့ထဘီနား ခိုစားနေတဲ့ကောင်ကများ ”

ဆဲဆိုတဲ့ အသံတွေက ပိုဆူညံလာတယ် ။ သူတို့ဆီ သွားဖျန်ဖြေရမလား ၊ ချီတုံချတုံဖြစ်နေတုန်း ရွှေရွှေရဲ့ အော်သံကို ကြားလိုက်ရတယ် ။

" အား .. အမယ်လေး သေပါပြီတော့ ”

ရွှေ ရွှေရဲ့ ငယ်သံပါအောင် အော်သံကြောင့် ကျွန်မ ဘာမှမစဉ်းစားတော့ဘဲ အမြန်သွားရတယ် ။ သူတို့အိမ်ထဲ ရောက်သွားတော့ ရွှေရွှေက ခွေခွေ လေး လဲနေတယ် ။ ရွှေရွှေက ကျွန်မကိုမြင်တော့ ငိုပြီး ကျွန်မဆီပြေးလာတယ် ။ ရွှေရွှေရဲ့ နဖူးကနေ သွေးတွေ စီးကျနေတာ မြင်မကောင်းဘူး ။

" ရွှေရွှေ့ ကို ကယ်ပါဦး အစ်မ ။ ရွှေရွှေ သူနဲ့မပေါင်းနိုင်တော့ဘူး ။ သူ့ကို ထောင်ချရမှ ရွှေရွှေ ကျေနပ်မယ် ”

ရွှေရွှေရဲ့ အမျိုးသားက မျက်ထောင့်နီကြီးနဲ့ ကြည့်တယ် ။ အရက်နံ့က ထောင်းခနဲ ရတယ် ။

“ နင့်လို အခြောက် မကို ငါကလည်း မပေါင်းနိုင်ဘူး ။ ကြိုက်တဲ့ဆီ သွားတိုင် ၊ ခွီးထဲ မှပဲ ”

ရွှေရွှေ့ လုပ်စာ ထိုင်စားနေတဲ့ကောင်ကများ ရွှေရွှေကို ကြိမ်းမောင်းနေသေးတယ် ။

“ လာ ရွှေရွှေ "

ကျွန်မရဲ့ ဆိုင်ကယ်ပေါ်မှာ ရွှေရွှေကိုတင်ပြီး စစ်ကိုင်းဆေးရုံ ပြင်ပလူနာဌာနကို မောင်းလာမိတယ် ။

" အီးဟီးဟီး ၊ ဒီမသာနဲ့ အပြတ်ပဲ အစ်မ ။ ဘေးအိမ်က ကောင်မနဲ့ ခိုးစားနေတာသိလို့ ရွှေရွှေ့ ကို ရန်ရှာပြီး ရိုက်တာ ။ သင်းကို အချုပ်ချရမှ ရွှေရွှေ ကျေနပ်မယ် ။ ရွှေရွှေရဲ့ အရေပြားက အနာထက် စိတ်ထဲက ဒဏ်ရာက ပိုဆိုးတယ် အစ်မ ”

ဆေးရုံ အရေးပေါ်လူနာဌာနမှာ ရွှေရွှေ့ နဖူးက ဒဏ်ရာကို သုံးချက် ချုပ်လိုက်ရတယ် ။ ရဲစခန်းကိုလည်း ကျွန်မကိုယ်တိုင် ဖုန်းဆက်ပြီး ဆေးစာလာပို့ခိုင်းလိုက်တယ် ။ ရဲအရာရှိက မနက်ဖြန် မနက် မှာ အမှုလာဖွင့်ဖို့ ပြောတယ် ။ မာမီသောင်းဆီ ခွင့်ခဏတိုင်ပြီး ရွှေရွှေကို အိမ်ပြန်ပို့ရတယ် ။ ကျွန်မရဲ့ အိမ်မှာပဲ ရွှေ ရွှေ ကို ထားခဲ့ရမယ် ။ သူ့အိမ် ပြန်ပို့ရင် ဟိုကောင်က မူးရူးပြီး နှိပ်စက်နေလိမ့်မယ် ။

“ ရွှေရွှေ အားနာလိုက်တာ အစ်မရယ် ”

ကျွန်မရဲ့ အဝတ်အစားတစ်စုံ ထုတ်ပေးတော့ ရွှေရွှေ က မဝံ့မရဲ ယူဝတ်တယ် ။ မပေးလို့ မဖြစ်ဘူး ၊ ရွှေရွှေ ဝတ်ထားတဲ့ အဝတ်အစားတွေက သွေးတွေ ပေပွနေပြီ ။

“ ရပါတယ် ရွှေရွှေရဲ့ ။ ဘာမှ အားမနာနဲ့ ၊ အစ်မက မနက်ဖြန် ခုနှစ်နာရီမှ ဂျူတီ ထွက်ရမှာ ။ ထမင်းအိုးထဲ ထမင်းနည်းနည်းကျန်သေးတယ် ။ ရေခဲ သေတ္တာထဲ ဟင်း တွေရှိတယ် ၊ ယူစားနော် ”

“ အစ်မ မနက်ပြန်လာရင် ရွှေရွှေကို ရဲစခန်းလိုက်ပို့ပေးပါနော် ။ သင်းကို ထောင်မကျ ကျအောင်လုပ်ရမှ ရွှေရွှေ နေသာမယ်”

မနက်ဖြန် မနက်ကျရင် ရွှေရွှေကို ရဲစခန်းလိုက်ပို့ပေးရမယ် ။ အရက်သမားကောင် အချုပ်ထဲရောက် မှ နားအေးမယ်လို့ ကျွန်မ တွေးမိတယ် ။ တစ်ဆက်တည်း မောင်လို လူလိမ္မာလေးကို ရထားတဲ့ ကျွန်မကိုယ်ကျွန်မ ကံကောင်းလိုက်တာလို့ တွေးမိတယ် ။

°°°°°°  °°°°°°  °°°°°°

မြင်လိုက်ရတဲ့ မြင်ကွင်းက အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်မရဲ့ မျက်လုံးကို ပြူးကျယ်သွားစေတယ် ။ ဒီလူရဲ့ အပြောတွေအောက် မှာ ခံစားရခက်တဲ့ တစ်ဆို့ဆို့ အလုံးကြီးက ကျွန်မရင်ဝကို တိုးဝင်လာတယ် ။ အသက်ရှူတွေ မြန်လာပြီး ကျွန်မလက်တွေက တဆတ်ဆတ် တုန်လာတယ် ။ ရွှေရွှေလေ ။ ဘောင်းဘီ ဖင်ကျပ်ဝတ်ပြီး သူ့အမျိုးသားရဲ့ ဆိုင်ကယ်နောက် မှ ခွထိုင်လို့ ။ လက်တွေက သူ့အမျိုးသားခါးကို ပြုတ်ထွက်မတတ် ဖက်ထားတယ် ။ ကျွန်မကိုမြင်တော့ သူတို့ နှစ်ယောက်စလုံး မခို့တရို့ ပြုံးပြကြတယ် ။

“ မနေ့ညက ကျွန်တော်မူးပြီး ပြောမှားဆိုမှားရှိခဲ့ရင် တောင်းပန်ပါတယ် အစ်မ ။ သူ့ကို ချော့တဲ့အနေနဲ့ မေမြို့ ပန်းပွဲတော်ကို လိုက်ပို့ မလို့ ”

“ အစ်မ သူက တောင်းပန်တာနဲ့ ရွှေ ရွှေလည်း ကျေနပ်လိုက်တယ် ”

နဖူးမှာ ပတ်တီးစည်းထားတဲ့ ရွှေရွှေရဲ့မျက်နှာက မှိုရတဲ့ မျက်နှာ ။ မဟုတ်သေးဘူး ၊ သိန်းတစ်သောင်းထီပေါက်တဲ့ မျက်နှာနဲ့ ။

“ မမ မေမြို့က ဘာမှာဦးမလဲဟင်”

“ အစ်မ မနက်ပြန်လာရင် ရွှေရွှေကို ရဲစခန်းလိုက်ပို့ပေးပါ နော် ။ သင်းကို ထောင်မကျ ကျအောင်လုပ်ရမှ ရွှေရွှေ နေသာမယ် ” လို့ နာနာကြည်းကြည်း ပြောခဲ့တဲ့ ဒေါသမျက်ဝန်းတွေနဲ့ ရွှေရွှေက အခုတော့ အချစ်ရည် ရွှန်းလဲ့တဲ့ မျက်လုံးတွေနဲ့ ။

“ မမ မေမြို့က ဘာမှာဦးမလဲလို့ ”

“ ဟုတ်ပါတယ် အစ်မရဲ့ အားနာမနေပါနဲ့ ၊ မှာသာမှာ ”

ကျွန်မ တစ်ခုခုတော့ ပြန်ပြောရလိမ့်မယ် ။ စဉ်းစားစမ်း ၊ စဉ်းစားစမ်း ။ ကျွန်မ ဘာပြန်ပြောရပါလိမ့် ။ သူတို့ကို ဒေါသတကြီး ရန်တွေ့လိုက်ရ ကောင်းမလားလို့ ဝေခွဲမရခင် ကျွန်မရဲ့ ပါးစပ်က စကားတွေ ထွက်ကျလာတယ် ။

“ ဝိုင်တစ်ပုလင်း ၊ မောင့်အတွက် မေမြို့ ဝိုင်တစ်ပုလင်းလောက် ဝယ်ခဲ့ပေးပါ ”

◾ ဟမ်စိုင်း ၊ ဆေး - မန်း ၊

📖  ရွှေအမြုတေ မဂ္ဂဇင်း
       ဇန်နဝါရီလ  ၊ ၂၀၁၉

koaungnaingoo.blogspot.com

.