Showing posts with label ထက်နိုင် ( တလုပ်မြို့ ). Show all posts
Showing posts with label ထက်နိုင် ( တလုပ်မြို့ ). Show all posts

Wednesday, October 28, 2026

ကြယ်ကြွေစာရင်း


❝ ကြယ်ကြွေစာရင်း ❞
⎕ ထက်နိုင် ( တလုပ်မြို့ )

ရွာဦးကျောင်းမှ တုံးမောင်းခေါက်သံ ကြားရသည်။ အသံက ခပ်ကျယ်ကျယ်၊ ခပ်ကျဲကျဲကနေ တဖြည်းဖြည်း စည်းချက်ညီညီ ခပ်စိပ်စိပ် ကျလာ၏။ အသံက တိုးပြီး အမှောင်ထဲ နစ်ဝင်သွားသည်။ နောက်ထပ် တုံးမောင်းသံတွေ ထပ်ကျမလာခင် ဘကြီးခင် အိပ်ရာမှ လူးလဲထသည်။ သည်အချိန်က ဘကြီးခင် အိပ်ရာက ထနေကျ အချိန် ဖြစ်သည်။ အိပ်ရာဝင် စောသည် ဖြစ်စေ ၊ နောက်ကျသည် ဖြစ်စေ သည်အချိန် ဆိုလျှင် ဖျတ်ခနဲ နိုးနေတတ်၏။ တုံးမောင်းသံတွေက သူ့ကို ချော့မြှူသလို ဘကြီးခင် ခံစားရတတ်၏။

မျက်နှာသစ်၊ ဆားနှင့် သွားတိုက်၊ ပလုပ်ကျင်းပြီး ပုဆိုးခါးပုံစ ဆွဲကာ မျက်နှာသုတ်သည်။ ပုဆိုး တစ်ထည် ခေါင်းပေါင်းပြီး နွားစောင့်တဲဘက် ဘကြီးခင် ထွက်လာခဲ့သည်။ နွားနှစ်ရှဉ်းကို နှိုးပြီး စားကျင်းမှာ တပ်သည်။ စားကျင်းထဲမှာ မနေ့ညက ထည့်ထားပြီးသား စံနဘူမှော်နှင့် မြေပဲရိုးတွေကို အပေါ်ကနေ နှမ်းဖတ်ရည် ဖျန်းပေးလိုက်၏။ နွားတွေက စားကျင်းထဲ နှာခေါင်း နှစ်ပြီး ခေါင်းမဖော်စတမ်း စားသည်။ နွားပေါက်လေး တစ်ရှဉ်းက တစ်ချက်တစ်ချက် နှာမှုတ်သံ ပေးသည်။ တစ်ကောင်နှင့် တစ်ကောင် အစာလုရင်း တွန်းဝှေ့တတ်သည်။ နွားစာကုန်လို့ အချိန်မီ လာမထည့်လျှင် စားကျင်းကို ဝှေ့ချတတ်၏။ တစ်ခါတစ်ရံ စားကျင်းက တင်ထားသော ခွထောက်ပေါ်ကနေ ဝမ်းလျားထိုး ပြုတ်နေတတ်၏။

အလုပ်သမားနှင့် နေ့စားကောင်လေးတွေ သွားမနှိုးခင် စားကျင်းထဲ နွားစာတွေ အပြည့် ထည့်ထားခဲ့ရသည်။ နွားပြာကြီး တစ်ရှဉ်းက ငြိမ်သည်။ စားစရာ နွားစာ မရှိတော့လျှင် တစ်ကောင့်ကျော တစ်ကောင်လျှာ နှင့်လျက်ကာ မှိန်းနေတတ်၏။ နွားစာတွေပေါ်မှာ နှမ်းဖတ်ရည်လေး ဖျန်းထားခဲ့ပြီး တူရွင်းတစ်ချောင်း ဆွဲကာ မြောက်ပိုင်းက မပေါကြည်တို့၊ မနီတို့ ညီအစ်မ တစ်တွေဆီ ထွက်လာခဲ့သည်။ သူတို့ ညီအစ်မတစ်တွေက ဝီရိယကောင်းသူတွေဖြစ်ပေမယ့် မနီတို့အိမ်နှင့် ဘကြီးခင် နေသည့် အရှေ့ပိုင်း ဒေါ်လှလှအိမ်က တော်တော်လေး လှမ်းသည်။ အမှောင်ထဲမှာ မိန်းကလေးတွေချည်း ထွက်မလာရဲကြ။ လမ်းတစ်ကြောမှာ သူတို့ ဖြတ်သန်းလာရမည့် ကိုဂျပန်၏ အင်းခွေးကြီးတွေက ဆိုးသည်။ မည်းမည်းမြင်ရာ ထိုးဟပ်တတ်၏။ ခြောက်ရုံ လှန့်ရုံနှင့်လည်း ကြောက်တတ်တာ မဟုတ်။

အသက် ငါးဆယ်ကျော်လို့ ဘာသာရေးလေး လုပ်နေသော်လည်း ဘကြီးခင် စိတ်ဆတ်သည်။ ဘယ်သူ့ အပေါ်မှ မတရား မလုပ်ခဲ့သလို သူ့အပေါ် မတရား လုပ်လျှင်လည်း ချက်ချင်းတုံ့ပြန်တတ်သည်။ တစ်နေ့ က မပေါကြည်တို့ ညီအစ်မ သွားကြိုရင်း ကိုဂျပန့် အင်းခွေးတွေက ဘကြီးခင်ကို ထွက်ကိုက်သည်။ အော်ငေါက်လို့လည်း မရ။ တူရွင်းနှင့် ယမ်းလို့လည်း နောက်မဆုတ်နှင့် ဘကြီးခင် စိတ်တို သွားသည်။ သည်ကြားထဲ တစ်ကောင်က ဘကြီးခင် ခြေသလုံး ဝင်ဟပ်၏။ ခြေသလုံးမှာ သွားစွယ်ရာ အကွင်းလိုက် ဖြစ်သွားသည်။ ဘကြီးခင် နာလည်းနာ ဒေါသလည်း ဖြစ်သွား၏။ ခွေးနှစ်ကောင်ကို တူရွင်းနှင့် အသားကုန် လိုက်ရိုက်သည်။ ခွေးတွေက မာန်ဖီပြီး ရှေ့က ပြေးသည်။ ဘကြီးခင်က နောက်က လိုက်သည်၊ ခွေးတွေက ခွေးတိုးပေါက်ကနေ အိမ်ထဲ တိုးဝင်သွားသည်။ ဘကြီးခင် ဒေါသတွေ မပြေသေးတာနှင့် ကိုဂျပန်ကို လှမ်းနှိုးသည်။ ကိုဂျပန်က အိပ်ချင်မူးတူးနှင့် တံခါးဖွင့်ပြီး ထွက်လာသည်။ ကိုဂျပန် လည်း တံခါးဖွင့် ထွက်လာရာ ကိုဂျပန် ခြေထောက် အောက်ပိုင်းကို တူရွင်းနှင့် သိမ်းရိုက်ပစ်လိုက်သည်။ ကိုဂျပန် တံခါးပေါက် ဘေးမှာ ပုံပုံလေး ခွေကျသွား၏။

“သည်လောက် ဆိုးတဲ့ ခွေးတွေ မွေးထားရင်လည်း လုံလုံခြုံခြုံ ထိန်းလေကွာ။ အများပြည်သူ သွားတဲ့ လမ်းလေးတောင် ဖြောင့်ဖြောင့် မလျှောက်ရဘူး”

ဘကြီးခင်က ကိုဂျပန်ကို ခပ်ငေါက်ငေါက် ပြောပြီး ထော့နဲ့ထော့နဲ့နှင့် အိမ်ဘက် ပြန်လာခဲ့သည်။ ဆေးထိုး၊ ဆေး သောက်နှင့် ဘကြီးခင် တစ်လလောက် ခံလိုက်ရသည်။ ပြီးခဲ့သည့် တစ်ပတ်လောက်ကလည်း ဆွမ်းခံထွက်သည့် သံဃာတွေကို ကိုဂျပန့်ခွေးက ထွက်ကိုက်လို့ ရွာသားတွေ နှင့် ပြဿနာ တက်ရသေးသည်။ ကိုဂျပန် ခမျာလည်း ကိုယ်မွေးထားသည့် ခွေးတွေ ဆိုတော့ စွန့်ပစ်ရလည်း အခက်။ အိမ်မှာ ဆက်ထားလည်း အဆင်မပြေနှင့် နေ့ရှိသရွေ့ သည်ခွေးတွေ အကြောင်းပဲ စဉ်းစားနေရသည်။ လှုပ်လှုပ်ရှိ ဘယ်သူ့များ ထွက်ကိုက်လေမလဲဟု စိုးထိတ်နေရသည်။

ဘကြီးခင် ကိုဂျပန့် အိမ်နား ဖြတ်တော့ ခြေသံကို ခွေးတွေ မကြားအောင် ခြေထောက်ကို ဖွဖွလေး နင်းလိုက်ရသည်။ ခွေးနှင့် ရန်ဖြစ်နေရတာလည်း သိပ်မနိပ်ဘူးဟု ဘကြီးခင် တွေးဖြစ်လိုက်သေး၏။ ခွေးဆိုတာလည်း ခွေးလောက် သိမှာပဲလို့ ဘကြီးခင် တွေးခေါ် ပစ်လိုက်၏။

မပေါကြည်တို့ ညီအစ်မကို စောင့်ခေါ်ပြီး ဘကြီးခင် အိမ်ဘက် ပြန်လာခဲ့သည်။ အိမ်ရောက်တော့ လှည်း မြန်မြန် ကောက်ပြီး အောက်ကိုင်းပြင်ဘက် အသော့နှင်သည်။ နေမထွက်ခင် တစ်ခေါက်လောက် အိမ်ရောက် ထားမှ ဖြစ်မည်။ မပေါကြည်တို့ ညီအစ်မကို ဦးဆောင်ပြီး ပဲရိတ်ခိုင်းရသည်။ ဘကြီးခင်က နေ့စားကောင်လေး တစ်ယောက် ခေါ်ပြီး ပဲလုံးတွေ လှည်းပေါ် တင်သည်။

သည်နှစ် ရာသီဥတု မှန်ပြီး မိုးလေဝသ ကောင်းတာကြောင့် အောက်ကိုင်းမှာ ပဲနီပြားတွေ ခွေးနို့စို့နေသလို သီးသည်။ ပဲလုံးတွေကို လှမ်းကြည့်လိုက်တာနှင့် အရိုးအရွက်ကို မမြင်ရဘဲ အသီးချည်း မြင်ရသည်။ လှည်းပေါ်မှာ ပဲလုံးတွေ စီထပ်တင်နေသည့်ကောင်လေးပင် ပဲတောင့်ထိုးရာ ဗရပွနှင့် ဖြစ်နေ၏။

ဘကြီးခင်က ပဲလုံးတွေကို ခက်ရင်းခွနှင့် ထိုးကော်ပြီး လှည်းပေါ် တင်ပေးသည်။ လှည်းဆောင့်လျှင် ပဲလုံးတွေ ပြုတ်မကျအောင် စနစ်တကျ ထပ်ခိုင်းရသည်။ ပဲလုံးတွေ တင်သည့် နေရာမှာ လှည်းဦး မပေါ့အောင် ရှေ့နောက် ချိန်ညှိပေးတတ်ဖို့ လိုသည်။ ပဲလှည်းက စနစ်တကျ မတင်တတ်လျှင် ကန်ဇင်းပင်ချောင်းအဆင်းမှာ ဟပ်ထိုးလဲပြီး လှည်းမှောက်တတ်သည်။ ဘကြီးခင်က စိတ်ကြိုက် အနေအထားရအောင် ပြုပြင်ပေးပြီး ပဲလုံးတွေ တင်သည်။ စိတ်ကြိုက် အနေအထား ရောက်တော့ ခေါင်ချုပ်ခိုင်းသည်။ ခေါင်တည့်တည့်ကနေ ခက်ရင်းခွကို ထိုးစိုက်ခိုင်းလိုက်၏။

နေ့စားကောင်လေးကို လှည်းပေါ်က မောင်းခိုင်းပြီး ဘကြီးခင်က လှည်းအောက်က ဆင်းလိုက်သည်။ ဖုတ်ကျင်းတွေ၊ ချိုင့်တွေ ရောက်လျှင် လှည်းကို ထိန်းမောင်းဖို့ သတိပေးရသည်။ သည်နှစ် ပဲထွက်ကောင်း၍ ဘကြီးခင်တို့ အိမ်ဝိုင်းထဲမှာတင် မဆံ့တော့ဘဲ ရွာဦးကျောင်း ဆရာတော်ကျောင်းဝင်းထဲမှာ ပဲတလင်း လုပ်ထားရသည်။

ပဲတလင်းထဲ ရောက်တော့ ပဲလုံးတွေ ပြန်ချသည်။ တစ်ရက်လောက် နေပြပြီး သည်ပဲတွေကို နယ်ရမည်။ ပဲလုံးတွေ နောက်တစ်ခေါက် တိုက်ဖို့ အောက်ကိုင်းထဲ ပြန်ထွက်ရသည်။ အိမ်ရှေ့ရောက်တော့ အလုပ်သမားတွေ မနက်စာ စားဖို့ ထမင်းကြော်တွေ ဝင်ယူရသည်။ ထမင်းကြော် တင်မက ရေနွေးကြမ်းကရားနှင့် တို့ဟူးသုပ် တွေလည်း ပါသည်။ ကိုင်းထဲ ရောက်တာနှင့် ပဲရိတ်နေသည့် သူတွေခေါ်၊ ခဏနားခိုင်းပြီး ထမင်းကြော် စားကြသည်။ ထမင်းကြော် စားပြီး ခြေညောင်းလက်ဆန့် ခဏနားသည်။ နားပြီးတာနှင့် ကိုယ့်ငန်း ကိုယ်ဝင်ပြီး ပဲရိတ်ကြရပြန်သည်။

ဘကြီးခင် ကတော့ ပဲလှည်း နောက်တစ်စီး တင်ဖို့ နွားတွေ ကောက်သည်။ အလုပ်သမား တစ်ယောက် လှည်းပေါ် တက်ခိုင်းပြီး ပဲလုံးတွေ ခက်ရင်းခွနှင့် ထိုးပြီး လှည်းပေါ် စတင်သည်။ နေရောင်တွေ ခပ်ပြင်းပြင်း မကျခင် အလုပ်သိမ်းနိုင်အောင် ကြိုးစားရသည်။ နေပြင်းလာလျှင် ပဲတောင့်တွေ ကွဲထွက်ပြီး အလေအလွင့် များသည်။ အခုတောင် နေကလေး စူးလိုက်တာနှင့် ပဲတောင့်တွေက တဖြောင်ဖြောင် အသံပေးနေပြီ။ နဖူးက ချွေးတွေကို ခေါင်းပေါင်းထားသည့် ပုဆိုးဖြင့် သုတ်ပြီး နောက်ဆုံး ပဲလုံးတစ်လုံးကို ဘကြီးခင် ကော်တင်လိုက်၏။ သည်လောက်ဆို စိတ်ချရပြီ။

လှည်းပေါ်က ကောင်လေးကို ဆင်းခိုင်းပြီး နွားတွေ ချွတ်သည်။ လှည်းဒေါက်ကို ခိုင်ခိုင် ထောက်သည်။ ဧရာဝတီမြစ်ကမ်းစပ်က မြေနုကျွန်း ကျူခုံတွေ ပေါ်မှာ နွားတွေကို ခဏ လွှတ်ထားလိုက်သည်။ ဘကြီးခင် ပြောင်းဖူးဖက်ဆေးလိပ်ကို မီးညှိပြီး တစ်ဝကြီး ဖွာပစ်လိုက်၏။ ဆေးလိပ်ကို စိတ်ကြိုက် ဖွာရှိုက်ပြီးမှ ပဲရိတ်သမတွေဆီ ထွက်လာခဲ့သည်။ ဆယ်နာရီ ထိုးလျှင် ပြန်ကြဖို့ သတိပေးပြီး ဆေးတက်ဖဲ့နေသည့် အဖွဲ့တွေဆီ ခြေဦးလှည့်လာခဲ့သည်။

ပဲရိတ်ပြီးလျှင် ပဲခင်းကျွတ်တွေကို ထယ်ထိုးရမည်။ ထယ်ထိုးပြီးလျှင် နွေနှမ်းကြဲဖို့ ပြင်ဆင်ရဦးမည်။ သည်လိုနှင့် ဘကြီးခင်တို့မှာ နားရတယ် မရှိလိုက်ဘူး။ တောင်သူလုပ်ငန်းက ကျယ်တော့ သည်လိုနှင့် နှစ်ပတ်သာ လည်သွားသည်။ လူက မနားလိုက်ရဘူး။ ပင်ပန်းတယ်ရယ်လို့တော့ ဘကြီးခင် သဘော မထားပါဘူး။ သည်လို လုပ်နိုင်သေးတာကိုပဲ ဘကြီးခင် ဂုဏ်ယူနေမိသည်။ ခန္ဓာကိုယ် ဆိုတာကလည်း ခိုင်းပေးနိုင်မှ ကျန်းကျန်းမာမာ ရှိတာကို။

ဘကြီးခင် နာမည်အရင်းက ဦးဘခင်ပါ။ အသက်ကလေး ရလာတော့ ရွာထဲ၊ ရပ်ထဲက လူတွေက လေးစားသမှုနှင့် ဘကြီးခင်လို့ပဲ ခေါ်ကြသည်။ အခု လုပ်နေသည့်အလုပ်တွေက ဘကြီးခင်၏ ကိုယ်ပိုင် အလုပ်တွေလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ လခစား၊ စာရင်းငှားလား ဆိုတော့လည်း ပြောရ ခက်နေပြန်သည်။ ပြန်ပြောရလျှင်လည်း အရှည်ကြီး။

အမိန့်တော်ရ သူကြီးဦးမြ လက်ထက်ကတည်းက သည်အိမ်မှာ ဘကြီးခင်တို့ အဖေက လူယုံတော် တစ်ယောက်ဖြစ်သည်။ ခိုင်းစရာ လက်တိုလက်တောင်း ရှိလျှင် သူကြီး ဦးမြက ဘကြီးခင်တို့အဖေ ဦးဖိုးခိုင် ပဲ ခိုင်းသည်။ လယ်ခွန်၊ မြေခွန်ကိစ္စတွေ၊ ငွေတိုး၊ ကြေးတိုး ကိစ္စတွေက အစပေါ့။ ဘကြီးခင်တို့ အဖေက သူကြီး ဦးမြ၏ တိုင်ပင်ဖော်တိုင်ပင်ဖက်ဟု ဆိုလည်း ဟုတ်သည်။ ရှေး ဘုန်းကြီးကျောင်းထွက်ဆိုတော့ လောကုတ္တရာ စာပေတွေမှာ ကျွမ်းဝင်နှံ့စပ်၏။ ဗေဒင်လေး ဘာလေးလည်း မတောက်တခေါက် ဟောတတ်ပြီး တိုင်းရင်းဆေးလေးလည်း ကုတတ်သည်။ ဗေဒင်တွေ၊ တိုင်းရင်းဆေးတွေနှင့် ပတ်သက်ပြီး ကျမ်းကြီးကျမ်းခိုင် တော်တော်များများ ဘကြီးခင်တို့အိမ် စာအုပ်စင်မှာ ရှိနေသည်။

ဘကြီးခင်တို့ အဖေ ဦးဖိုးခိုင် ဆုံးတော့ သူကြီး ဦးမြ၏ လုပ်ငန်းဆောင်တာတွေကို ဘကြီးခင်က လက်ဆင့်ကမ်း တာဝန်ယူခဲ့ရသည်။ ဘကြီးခင်တို့ အဖေ ဦးဖိုးခိုင် ဆုံးပြီး သိပ်မကြာပါဘူး။ သူကြီးဦးမြက အနောက်ဘက်ကမ်းက ပန်းညိုသူ အန်တီလှကို လက်ထပ်ယူလိုက်သည်။ အသက် ခြောက်ဆယ်ကျော်မှ ကံ ထပ်ပေါ်တယ် ပြောရမှာပေါ့။ သူကြီးကတော် ဒေါ်မယ်မ သေတာတောင် ဆယ်နှစ်ကျော်ခဲ့ပြီ။ တစ်ကိုယ်တည်း နေခဲ့တဲ့ သူကြီးက ပန်းညိုသူနှင့် တွေ့ မှ ကောက်ကာငင်ကာ မိန်းမ ထယူလိုက်ခြင်း ဖြစ်သည်။

တိုက်နယ်သူကြီး ဦးမြ စွဲစွဲလမ်းလမ်းဖြစ်တာလည်း မပြောနှင့်၊ အန်တီလှက တောင့်တောင့်ဖြောင့်ဖြောင့်နှင့် မင်းစိုးရုပ် ပေါက်သည်။ အရပ်က ထောင်ထောင်မောင်းမောင်းနှင့် အသားက ဖြူသေးသည်။ အညာသူတွေထဲမှာ ရွှေရောင်အသား ဝင်းဝါသူက အရှားသား မဟုတ်လား။ သူကြီး ဆိုတာ လှလှရေ .. လှလှရေ နှင့် နှုတ်ဖျားက ကို မချဘူး။ သူ့ မိန်းမလေးကို ငုံထား မတတ်ကို ဖူးဖူးမှုတ် ချစ်ခဲ့တာ။ ဒါပေမဲ့ ဇရာကိုတော့ ဘယ်သူမှ မတွန်းလှန်နိုင်ဘူး မဟုတ်လား။ အိမ်ထောင်သက် သုံးနှစ်လောက်မှာ သူကြီးဦးမြ လူကြီးရောဂါနှင့် ကွယ်လွန် သွားခဲ့ရှာသည်။ ဒူးတွေ ခွေခေါက်ကာ သတိမေ့လဲသွားပြီး သတိ ပြန် လည်မလာတော့တာ။

ဘကြီးခင်နှင့် အန်တီလှ ဆိုတာကလည်း အသက် သိပ်ကွာတာ မဟုတ်ဘူး။ ရိုသေသမှုနဲ့ မို့သာ အန်တီလှ ခေါ်နေရတာ။ မုဆိုးမ ပူပူနွေးနွေးလေးကို သနားတာ ကလည်းပါ၊ သံယောဇဉ် ကလည်း ပိုမိတာမို့ လုပ်ငန်းတွေကို ကိုယ်ဖိရင်ဖိ ကူညီလုပ်ကိုင် ပေးနေမိသည်။ အန်တီလှ ကလည်း အိမ်မှာနေပြီး လုပ်ငန်းသဘောတွေ သိပ်နားမလည်တာမို့ တောင်သူလုပ်ငန်းတွေ အးလုံးကို ဘကြီးခင်ကို ပုံအပ်ထားလိုက်သည်။ ဘကြီးခင် ပြောသမျှ၊ တိုင်ပင်သမျှ ခေါင်းညိတ်သည်။ ဖြူသည်၊ ညိုသည် ပြောနေတာ မဟုတ်ဘူး။

ဘကြီးခင် အန်တီလှတို့ အိမ်မှာ တောင်သူဦးစီး လုပ်နေပေမယ့် တခြားတစ်ဖက်မှာ မိသားစုက ရှိနေသေးသည်။ ဇနီးကြီးဒေါ်ခ ငုတ်တုတ် ရှိနေသလို သားတစ်ယောက်၊ သမီးတစ်ယောက် ရှိသည်။ ဒေါ်ခ ကလည်း အူအူအအမို့ ဘကြီးခင် လုပ်သမျှ ဟုတ်ကဲ့ပဲ။ ဟုတ်ကဲ့ မလုပ်လို့လည်း မရဘူး။ ဘကြီးခင်က မထင် မထင်သလို လက်က ပါတတ်သည်။ ဒေါ်ခ ဆိုတာ ဆယ်နှစ် နေလို့ မြို့ပေါ် တစ်ခေါက် ရောက်ဖူးတာ မဟုတ်ဘူး။ ရွာမှာ ခြင်တွေ ပေါလာတာတောင် “တို့ရွာမှာ ခြင်တွေ ပေါလာပြီ၊ မြို့ ဖြစ်တော့မယ်” ဟု ပြောတတ်သည့် အမျိုးအစားထဲက ဖြစ်သည်။

ဘကြီးခင် အမျိုးသမီး ဒေါ်ခက အကြော်လေး ကြော်ပြီး ဘကြီးခင် သမီးကြီး မအေးပိုက်က ရွာထဲ လည်ရောင်းသည်။ သူ့ဟာနှင့် သူတော့ အဆင်ပြေ နေတာပဲ။ သည်ကြားထဲ ဘကြီးခင်တို့ မိသားစု ခေတ်ကောင်း တစ်ခေတ်နှင့် ကြုံလိုက်သေးသည်။ အဖြစ်က သည်လို။

ဘကြီးခင်တို့ အိမ်ကို ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိသည့် ဘဲလေး တစ်ကောင်ရှိသည်။ ဘဲက မန်ဒါလီဘဲ အမျိုးအစား။ ခွေးလိုက်ဆွဲပြီး မျက်စိလည် လမ်းမှား ရောက်လာခြင်း ဖြစ်နိုင်သည်။ မန်ဒါလီ ဘဲလေးက အိမ်မပြန်ဘဲ ဘကြီးခင်တို့ အိမ်မှာ ပျော်နေသည်။ ဘကြီးခင်က အိမ်နောက်ဘက် ခြံထဲမှာ ကန်လေး တစ်ကန် တူးပေးထားသည်။

ဘကြီးခင်က တိုင်းရင်းဆေးနှင့် ပတ်သက်ပြီးလည်း တော်တော်လေး ကျွမ်းဝင်နှံ့စပ်သည်။ ရွာထဲမှာ ဘယ်ဆရာဝန်၊ ဘယ်ဆေးမှူးမှ ကုသလို့ မရလို့ လက်လျော့သွားသည့် လူနာတစ်ယောက်ကိုတောင်းပြီး ဘကြီးခင် ဆေးကုပေးဖူးသည်။ လူနာရှင်တွေကလည်း လက်လွတ်ရတော့မှာမို့ မျက်ရည်စမ်းစမ်း စမ်းစမ်း ဖြစ်နေပြီ။ ဘကြီးခင်က လူနာ အခြေအနေ ကြည့်ပြီး သင်္ဘောရွက်ကို ထောင်းကာ သုံးခွက်တစ်ခွက်တင် ကြိုခိုင်းသည်။ သူ စုဆောင်းထားသည့် ဆေးတချို့ထည့်ပြီး လူနာကို တိုက်သည်။ ခဏနေတော့ အေးစက်နေသည့် လူနာက အပူတွေ တက်ပြီး တဟင်းဟင်း အသံပေးသည်။ တစ်ပတ်လောက် နေတော့ လူနာ သက်သာသွားသည်။

ဘကြီးခင် တစ်မုဟုတ်ချင်း ဆေးဆရာ အဖြစ် ကျော်ကြားသွားသည်။ ရွာနီးချုပ်စပ်က လူနာ တော်တော်များများ ဘကြီးခင်ဆီ ဆေးကုဖို့ ရောက်လာကြသည်။ ဘကြီးခင်က ရောဂါ အခြေအနေ ကြည့်ပြီး သင့်တော်မည့် ဆေးတွေ ပေးသည်။ ဖြစ်ချင်တော့ ဘကြီးခင်တို့ မိသားစု မွေးထားသည့် မန်ဒါလီဘဲထီးလေးက အရွယ် ရောက်လာသည်။ ဘဲမ မရှိတော့ တဂွီးဂွီး နှင့် ဖိုသံပေးသည်။ အနီးအနားမှာ ရှိသည့် ခွေးတွေ၊ လူတွေကို နှုတ်သီးဖြင့် လိုက်ထိုး၏။ နှုတ်သီးနှင့် အဆိတ် ခံရသည့် လူနာတွေက မန်ဒါလီနှုတ်သီးနှင့် ဆိတ်လို့ ရောဂါတွေ ပျောက်တာပါဟု ဖြစ်ကုန်ကြရော။ မန်ဒါလီလေးဟာ နေရင်းထိုင်ရင်း ဓာတ်ဘဲကြီး၊ ဓာတ်ဘဲကြီးနှင့် နာမည်ကြီးသွားရှာတာ။ ဘကြီးခင်လည်း သည်လောက် အတွေးအခေါ် နုံနနေသည့် လူတွေ သူတို့ထိုက်နှင့် သူတို့ကံ နေပစေဟု ပေယျာလကန် ပစ်ထားလိုက်သည်။ တစ်နေ့တစ်နေ့ ဓာတ်ဘဲကြီး ဆီကို ဆေးလာကုတဲ့သူတွေများ နည်းတာ မဟုတ်ဘူး။ ပိုက်ဆံတွေလည်း ရလိုက်တာ သောက်သောက်လဲ။

ဘကြီးခင်က နက္ခတ်ဗေဒင် ကိုလည်း စိတ်ဝင်စားတော့ တချို့ကိစ္စတွေမှာ ကြိုသိနေသလိုပဲ။ သူ့ သားငယ် ကိုကျော်ထွေး၏ ဂြိုဟ်သွားဂြိုဟ်လာကို ကြည့်ပြီး ရေနှင့် ဒုက္ခရောက်လိမ့်မယ်။ ရေလမ်းခရီး မသွားပါနှင့် ဟု သတိပေးထားသည်။ ကိုကျော်ထွေးက ပြောစကား နားမထောင်ဘဲ တောင်ပေါက်ရိုးမှာ ငါးသွားဖမ်းတာ ဆည်ထဲ ပိတ်မိပြီး ရေနစ်သေပါလေရော။ ဘကြီးခင် ခမျာ သူ ပြောထားလျက်နှင့် အခုလိုဖြစ်တာ ရင်နာလို့ မဆုံးဘူး။

ဘကြီးခင် အမျိုးသမီး ဒေါ်ခကြီး သွေးဆုံးကိုင်ပြီး ဆုံးသွားတော့ ဘကြီးခင်လည်း အန်တီလှဆီ အပြီးအပိုင် ပြောင်းနေလိုက်တော့သည်။ ရွာထဲရပ်ထဲ ကတော့ နည်းနည်းပါးပါး ပြောကြတာပေါ့။ ဒါပေမဲ့ ဘကြီးခင် ကတော့ ဂရုမစိုက်ပါဘူး။ ကိုယ်ကောင်းလျှင် ခေါင်း ဘယ်မှာ မရွေ့ဘူးဟု တွေးသည်။

••••• ••••• •••••

ညစဉ်ညတိုင်း ကြယ်တွေကို ကြည့်ရင်း ဘကြီးခင် စကြဝဠာကြီးကို စိတ်ဝင်စားစပြုလာ၏။ အဇဋာ ကောင်းကင်၏ ထူးဆန်းထွေလာဖြစ်စဉ်များကို တွေးဆ ဆင်ခြင် ကြည့်ချင်သည်။ စကြဝဠာနှင့် ပတ်သက်သော ကျမ်းကြီးကျမ်းငယ်များကို ရှာဖွေဖတ်ရှုသည်။ ကမ္ဘာဦးကျမ်းတစ်ခုက ...

“မူလကနဦး အချိန်ကာလ၌ စကြဝဠာ တစ်ခုလုံး အမှောင်ထုကြီးဖြင့် ဖုံးလွှမ်းလျက်ရှိ၏။ ထို့နောက် ရေလွှာထုကြီးဖြင့် ပျံ့နှံ့စိမ့်ယိုလာ၏။ ထိုမှတစ်ဆင့် အခွံအကာ နှစ်မျိုးပါဝင်သော ရွှေဥကြီး တစ်လုံး ပေါက်ဖွားလာသည်။ အခွံအကာနှစ်မျိုးမှာ ဘူမိ မြေ ကမ္ဘာနှင့် အဇဋာကောင်းကင်ပြင်ကျယ်တို့ ဖြစ်သည်။ အခွံအကာမှ နေမျက်စိ၊ လမျက်စိရှင် ဖန်ဆင်းသူ ဗြဟ္မာကြီးပေါက်ဖွားလာသည်” ဟု ဆိုသည်။ ကိုယ်မသိသေးတာကို သိရှိရ၍ ဘကြီးခင် ထိုကျမ်းကို စိတ်ဝင်စားသွားသည်။

“ပရဓနသည် စကြဝဠာ၏ ရုပ်ဒြပ်ဝတ္ထုပစ္စည်း အကောင်အထည်များကို ဖြစ်စေသည်။ အဏုမြူ၏ အစကို ရှာဖွေတွေ့ ရှိ ကြံစည်ခဲ့သော ပညာရှိ “ကန္ဓဒ” ကမူ စကြဝဠာ ရုပ်ဒြပ်အကောင်အထည်သည် အရာဝတ္ထုကိုးမျိုး “ဒါရဗျ” မှ စတင် ဖြစ်ပေါ်လာသည်ဟု ဆို၏။ အချို့ ဆရာတို့ကမူ စကြဝဠာသည် အချိန်ကာလကြောင့် ဖြစ်ပေါ်ရသည်ဟု ဆို၏။ အချို့က စကြဝဠာသည် ဖန်ဆင်းရှင် ပုဂ္ဂိုလ်များကြောင့် ဖြစ်ပေါ် သည်မဟုတ်။ ပင်ကိုသတ္တိပါ အရာဝတ္ထုများ၏ ဂုဏ် သတ္တိကြောင့် စကြဝဠာသည် ဖြစ်ပေါ်တည်ရှိရသည်ဟု ဆိုသည်။ နောက်ဆုံး နေနှင့် စကြဝဠာသည် သတ္တဝါတို့၏ ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်ကံနှင့် မကောင်းမှု အကုသိုလ်ကံတရားများကြောင့် ဖြစ်ပေါ်လာရသည်ဟု ဆိုသူကလည်း ဆိုကြလေသည်။

စကြဝဠာ၏ ဖြစ်စဉ်များကို လေ့လာရင်း ကိုယ် လိုချင်တာရသော ကလေးတစ်ယောက်လို ဘကြီးခင် ပျော်မြူးနေတတ်၏။ စကြဝဠာနှင့် ပတ်သက်ပြီး ဇောတိသသျှတ္တရ ခေါ်  နက္ခတ္တဗေဒ သိပ္ပံပညာရပ်များကိုလည်း လေ့လာ ဖြစ်ခဲ့သေးသည်။

တစ်ခါတစ်ရံ စိတ်လိုလက်ရ ရှိလျှင် ဗိုင်းငင်နေသည့် အန်တီလှနား သွားထိုင်ပြီး “မလှရေ ... သည်နှစ် နေ၊ လ သွားရာလမ်းကြောင်းတွေ မှန်ကန် တည့်မတ်နေတယ်။ မိုးလေဝသ မှန်ပြီး ရာသီဥတုတွေ ကောင်း လိမ့်မယ်။ မိုးဦးစောမယ်။ ဆေးပျိုးတွေ စောစောကြဲမှ ဖြစ်မှာ” ဟု ပြောတတ်သည်။

ညစဉ်ညတိုင်း ကောင်းကင်ကြီးကို ထိုင်ကြည့်နေတော့ ဘကြီးခင် တစ်ယောက် ကောင်းကင်ကြီးကို အလွတ် ရတော့သည်။ ကြယ်တွေ၊ နက္ခတ်တာရာတွေ၏ အရွေ့ကို ဘကြီးခင် လိုက်မှတ်သည်။ တချို့ ကြယ်တွေက တစ်ခါတစ်ရံ လင်းလက်ပြီး တစ်ခါတစ်ရံ မှုန်နေတတ်၏။ နဂါးငွေ့တန်းထဲမှ ကြယ်အပျောက်အရှတွေကို ဂရုတစိုက် လေ့လာသည်။ “သောကြာကြယ်ကြီး လနှင့် နီးလာပြီလား” ဘကြီးခင် စိုးတထိတ်ထိတ် ကြည့်သည်။ တစ်ခါတစ်ရံ ကလေးဆန်ဆန် ဘကြီးခင် တွေးကြည့်၏။

“သည်ကောင်းကင်ကြီးပဲ ညတိုင်း ထိုင်ကြည့်နေရတာ။ ညကလည်း သည် ‘ည’ ပဲ။ ‘လ’ ကလည်း သည် ‘လ’ ပဲ။ ကမ္ဘာ၏ တခြား တစ်ဖက်ခြမ်းက ‘ည’ နှင့် ကောင်းကင်ကြီးများ ကြည့်ခွင့်ရခဲ့ရင် ...”

ဘကြီးခင် အဲ့သလို ပြောတော့ အရူးအပေါ တစ်ယောက်လို ဝိုင်းလှောင်ကြသည်။ ဘကြီးခင်က သူ ဖြစ်ချင်တာကို သူ ပြောသည်။ ဘကြီးခင်မှာ သားရေဖုံးနှင့် မှတ်စုစာအုပ်လေး ရှိသည်။ ကြယ်ကြွေတွေကို မှတ်တမ်းပြုစုထားသည်။ ဘယ်နေ့ ဘယ်နက္ခတ်မှာ ဘယ်ကြယ် ကြွေတာ။ ဘယ်အရပ်ဒေသက ဘယ်ကြယ် ကြွေရင် ဘာတွေ ဖြစ်တတ်သည်။

တစ်ရက်တော့ ကောင်းကင်ကြီးကို ဘကြီးခင် စူးစူးစိုက်ကြည့်သည်။ ညကမှောင်တော့ ကြယ်တွေက ပိုလင်း နေသလား ထင်ရ၏။ အဲသည်ည မှာပဲ မထင်မှတ်ဘဲ ဘကြီးခင် ရုတ်တရက် ဆုံးပါးသွားခဲ့သည်။

ကြယ်ကြွေစာရင်း စာအုပ်ကလေးက သခင်မဲ့ နေခဲ့သည်။ သည်စာအုပ်ထဲမှာ ကြယ်ကြွယ်တွေကို ဘယ်သူ မှတ်တမ်းတင်ရစ်မှာလဲ။ ။

⎕ ထက်နိုင် ( တလုပ်မြို့ )
📖ချယ်ရီ မဂ္ဂဇင်း
     ၂၀၀၈၊ မတ်လ