Tuesday, December 2, 2025

နုနု စနေသမီး


 

❝ နုနု စနေသမီး ❞

ပါမောက္ခ ဒေါ်နုနုခင် ကို တွေ့လျှင် တွေ့ချင်း ကျွန်တော် စပြောရတဲ့ စကားကတော့ တောင်းပန်စကားပါပဲ ။

သူက တွေ့ဖို့ ကျွန်တော့်ကို အချိန်ပေးထားတာက သူ့အလုပ် အားလပ်မယ့် နေ့လယ် ထမင်းစား နားချိန် ၊ နေ့လယ် ၁၂းဝဝ နာရီ ။ မန္တလေးယဉ်ကျေးမှု တက္ကသိုလ် သဘင်ပညာဌာနက သူ့ဆီ ကျွန်တော် ရောက်တာက ၁၅ မိနစ်လောက် နောက်ကျတယ် ။ ယဉ်ကျေးမှုတက္ကသိုလ်က မြို့ထဲနဲ့ တော်တော် ဝေးတာမို့ ၁၁:၀၀ နာရီ ကတည်းက ဆိုင်ကယ်နဲ့ ကျွန်တော် သွားတယ် ။ ဒါပေမဲ့ နောက်ကျလို့ တောင်းပန်စကားနဲ့ စရတယ် ။

ဒေါနုနုခင် က ပန်းပွင့်ကြီးတွေ ဖော်ထားတဲ့ အနက်ရောင် အင်္ကျီလက်ရှည်ကို ဝတ်ထားတယ် ။ နှုတ်ခမ်းနီကို သိသိသာသာ ဆိုးထားပြီး သူ့မျက်နှာကို လှပအောင် ပြင်ထားပါတယ် ။

ကျွန်တော်တို့ ခပ်ငယ်ငယ် ၊ တက္ကသိုလ် ကျောင်းသားဘဝ ၁၉၇ဝ ပြည့် ဝန်းကျင် ကာလတွေ တုန်းက “ နုနုခင် ” ဆိုတာ လူသိ ထင်ရှားတဲ့ ရွှေမင်းသမီး တစ်ယောက်ပါ ။ သူ့ ပုံနဲ့ ပြက္ခဒိန် ၊ ပို့စကတ်တွေ ထွက်တယ် ။ ဂျာနယ်စာစောင် မျက်နှာဖုံးတွေမှာ ပါတယ် ။ အဲဒီအချိန်ကတည်း ‘ နုနုခင် ’ ဆိုတဲ့ အမည်ကို ကျွန်တော် အမှတ်ထင်ထင် ရှိခဲ့တယ် ။

“ ကျွန်မဘဝနှင့် အနုပညာ ” ဆိုတဲ့ သူ့လက်ရေးနဲ့ ရေးထားတဲ့ အတ္ထုပ္ပတ္တိ စာမူတစ်ခုရဲ့ မိတ္တူကို ဒေါ်ရီရီဝင်း ဆိုတဲ့ မိတ်ဆွေ တစ်ယောက် ဆီက ဖတ်ရပြီး ဒေါ်နုနုခင် နဲ့ ဆက်စပ်မိတာပါ ။

သူ့ကို ပထမဆုံး မေးဖြစ်တဲ့ မေးခွန်းက သူဘယ်က စပြီး ကတတ်တာလဲ ဆိုတာပါ ။

“ ကျွန်မ ငယ်ငယ်က ရန်ကုန်ကြည့်မြင်တိုင် ထီးတန်းမှာ နေခဲ့တာ ။ ကဆုန် ညောင်ရေသွန်းပဲ ၊ သီတင်းကျွတ်မီးထွန်းပွဲ ၊ တန်ဆောင်တိုင် မီးထွန်းပွဲတို့ ဘုရား ပေါ်တက်ကြရင် တီးဝိုင်းတွေ ပါတယ် ။ ကျွန်မက ချာတိတ်ပေါ့ ။ အဲဒီကတည်းက ဝါသနာ အလျောက် ဝင်ဝင်ကတယ် ။ ဘုရားပွဲ မှန်သမျှ ကျွန်မတို့ ရပ်ကွက်က လုပ်တဲ့ပွဲ မှန်သမျှ ဝင်ဝင် ကတယ် ။ အစ်မတွေလည်း ကတယ် ။ ကျွန်မတို့ အမေကလည်း ဝါသနာပါတယ် ”

အက ဝါသနာပါတဲ့ မိသားစုက ပျော်စရာ ကောင်းမှာပဲလို့ ကျွန်တော် တွေးမိတယ် ။

“ မွေးချင်း ဘယ်နှယောက်ရှိသလဲ ”

“ ခြောက်ယောက် ရှိပါတယ် ။ ကျွန်မ အထက်မှာ အစ်မနှစ် ၊ အစ်ကိုတစ် ကျွန်မက နံပါတ်လေး ။ ကျွန်မ အောက်မှာ မောင်လေး နှစ်ယောက် ရှိပါတယ် ၊ အစ်မကြီးက မာရီကွန်းစိန် ။ နေဗီကပ် အလှကားတွေ လှည့်တော့ သူက လိုက်က တယ် ။ သူ ကရင် ကျွန်မ လိုက်လိုက်သွားတယ် ။ အလတ်မက အားကစား သန်တယ် ”

“ ဆရာမ အက သင်တန်းကျောင်းကို ဘယ်လို တက်ဖြစ်သွားတာလဲ ”

“ ကျွန်မက အထက ၂ ကြည့်မြင်တိုင်ကျောင်းမှာ တက်နေတာ ။ အလတ်မ က ရေကူးတယ် ။ ရေကူးကန်ဘေးမှာ အဲဒီ ကျောင်းက ။ ဂီတနဲ့ အဆိုအကကျောင်းက ဟိုတုန်းက ဂျူဗလီဟော မှာ ။ ဖြတ်သွားရင်း ဆိုတာတွေ ၊ ကတာတွေ အသံကြားရင် အစ်မက သွားသွားကြည့်တယ် ။ သွားကြည့်ပြီး သဘောတွေ ကျလာတယ် ”

ပါမောက္ခ ဒေါ်နုနုခင် က ပြောလက်စ စကားကို ရပ်ပြီး ကျွန်တော့်ကို အအေး သောက်မှာလား ၊ အပူ သောက်မှာလား မေးတယ် ။ ကျွန်တော်က ကော်ဖီသောက်မယ် လို့ ပြန်ဖြေတယ် ။ သူက ကော်ဖီ စီစဉ်ပြီး ပြောလက်စ စကားကို ဆက်ပြောတယ် ။

“ အကသင်တန်းမှာ ဆရာမကြီး ယုဝတီဒေါ်ခင်ညွန့် က နည်းပြဆရာမကြီး ။ သူက ကျွန်မတို့နဲ့ တစ်ရပ်ကွက်တည်း နေတာ ။ ဆရာမကြီး က အစ်မကို တက်ပါလား ခေါ်တယ် ။ သူက မတက်ချင်ဘူး ငြင်းတယ် ။ ကျွန်မတို့ ထီးတန်းမှာပဲ ကျောင်းက အစ်မ သန်းသန်းရီ ရှိတယ် ။ ကျွန်မကို လိုက်ကြည့်ပါလား ခေါ်တော့ တစ်နေ့ ကျောင်းလစ်ပြီး လိုက်သွားတယ် ။ သူတို့ ကြည့်ရတာ ပျော်နေတယ် ။ ကျောင်းကို လာတယ် ။ လွယ်အိတ်လေး ချပြီးတော့ ကကြတာပဲ ။ မှန်ကြီးတွေကလည်း ကိုယ်လုံးပေါ် မှန်ကြီးတွေ ... ”

“ မှန်ကြီးတွေ ကြည့် ကရတာလား ”

“ မှန်ကြည့်ကြည့် ကရတာ ။ မိန်းကလေးတွေ ဆိုတော့ အလှအပ ပြင် ၊ ပြီးတော့ က ။ အစ်မသန်းသန်းရီ က နင် နေချင်လား ၊ ခေါ်လိမ့်မယ် လျှောက်တဲ့ ။ ဒါနဲ့ အိမ်က မသိအောင် လျှောက်တယ် ။ အင်တာဗျူး ဖြေတယ် ။ ပထမတော့ ဖေဖေ့ အသိမပေးဘဲ ခိုးထွက်တာ ။ ကျောင်းတက်ခွင့် ရတယ်လို့ အိမ်ကို စာရောက်တော့ ဖေဖေက ဆူတာပေါ့ ”

“ အဖေက သဘော မတူဘူးလား ”

“ ဖေဖေက ဆိုရင် သူတို့ခေတ်က စကားပုံ ရှိပါတယ် ။ ( ဆရာမက ပြောရင်း ရယ်တယ် ) ဈေးသည်အစ ဘာညာဘာညာ ဆိုတာလေ ။ သားသမီးကို ချစ်လို့ လုံးဝ လက်မခံဘူး ။ ကျွန်မက ဒီလိုဟာမျိုး မဟုတ်ပါဘူး ဆိုတဲ့ အခြေအနေလေး ဖေဖေ့ကို တင်ပြတယ် ”

“ နောက်တော့ သဘောတူလား ”

“ အဲဒီတုန်းက ဂီတနဲ့ အဆိုအကကျောင်း ကျောင်းအုပ်ကြီးက ဗိုလ်မှူးကြီး ခင်မောင်ညို ။ ဖေဖေ့ကို ကျောင်း ခေါ်သွားပြီး ရုံးဌာန ၊ ကျောင်းဌာနရဲ့ စည်းကမ်းတွေ ဗိုလ်မှူးကြီးက ဖေဖေ့ကို ပြောပြတော့မှ ဖေဖေက yes လုပ်လိုက်တာ ။ ခွင့်ပြုတဲ့ သုံးနှစ် ပြီးရင် မင်း ကျောင်းပြန် တက်ရမယ်တဲ့ ။ ဖေဖေက ကျွန်မကို state ကျောင်းမှာ အပ်ပြီးထားပြီ ။ ကျွန်မကလည်း ဟုတ်ကဲ့ ။ ဒါမှလည်း ကျွန်မ နေခွင့်ရမှာကိုး ”

စီစဉ်ထားတဲ့ ကော်ဖီနဲ့ ကိတ်မုန့်တွေ ရောက်လာပါပြီ ။ ကျွန်တော်ကလည်း နေ့လယ်စာ မစားခဲ့ရသေးတော့ ဟန်မဆောင်နိုင်ဘဲ ကော်ဖီ သောက်တယ် ။ ဒေါ်နုနုခင် လည်း နေ့လယ်စာ မစားရသေးဘဲ ကျွန်တော် မေးသမျှ မမောမပန်း ပြောပြနေတာပါ ။

“ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ချီးကျူးတာ မဟုတ်ပါဘူး ။ အဲဒီအချိန်က ကိုယ် လုပ်နေတဲ့ အလုပ်ကိုလည်း ကိုယ် နားမလည်ဘူး ။ အသက်ကြီးလာရင် ကျွန်မ ဘာဖြစ်မှာလဲ မသိပါဘူး ။ ဒါပေမဲ့ ကျွန်မ character ( အကျင့်စရိုက် ) loose ( ပျက်ယွင်းမှု ) မဖြစ်ပါဘူး ။ ဟိုတုန်းက ရှုထောင့် တို့ ရှေ့သို့ တို့ မျက်နှာဖုံးတွေ ရိုက်ရပါတယ် ။ ပြောကြစို့ ဆိုရင် ငယ်ရွယ်သူ ဆိုတော့ အများကြီး ဝိုင်းကြပါတယ် ။ ဒါပေမဲ့ ကျွန်မ ခေါင်းထဲမှာ ဒါတွေ မရှိပါဘူး ။ အဲဒီအချိန်က ကျွန်မ အသက် ၁၄ နှစ် ဆိုတော့ ၊ ငယ်ရွယ်စဉ် အချိန် အနုပညာ ထွန်းကားနေချိန်မှာ လူတိုင်းက သဘောကျပါတယ် ။ ဒါပေမဲ့ အဲဒါကို ကျွန်မ မသာယာပါဘူး ။ ကျွန်မ အလုပ်ကိုပဲ ကျွန်မ ဦးစားပေးတယ် ။ အလုပ်ကို ဦးစားပေးလို့ပဲ ဒီဘဝ ရောက်လာတာပေါ့ ”

“ ဆရာမကြီး ရုပ်ရှင်သင်တန်းလည်း တက်ခဲ့သေးတယ် မဟုတ်လား ”

“ ဘဘ ရှုမ၀ဦးကျော် ရဲ့ ရုပ်ရှင်သင်တန်းကို သွားတက်ခဲ့ပါတယ် ။ ဘဘကျော် က မြတ်နိုးလွန်းလို့ ဇာတ်ကားကြီး ရိုက်ဖို့ စီစဉ်ခဲ့တယ် ”

“ အဲဒီအချိန်မှာ ရည်းစားကတော့ ရှိနေပြီနော် ”

ကျွန်တော့် မေးခွန်းကို မဖြေသေးဘဲ ဒေါ်နုနုခင် က ရယ်တယ် ။

“ ရှိနေပြီ ။ အမေယုဝတီ ဒေါ်ခင်ညွန့် က ရည်းစားထားတာ မကြိုက်ဘူး ။ ကိုယ် ခုနစ်တန်း ၊ သူ ၁ဝ တန်း ၊ ၁၄ နှစ် ၁၅ နှစ် သမီး ကတည်းက သူနဲ့ ကျွန်မ ငယ်စဉ်ကတည်းက ကျောင်းမှာ တွေ့တာပါ ။ ရည်ငံမိပါတယ် ။ သူနဲ့ ကျွန်မ နီးစပ်မိကတည်းက သူကလည်း အားပေးတယ် ။ ဖေဖေတို့က အားမပေးတဲ့ အတွက် ကျွန်မ ဖေဖေတို့ကို အပြစ် ပြောတာတော့ မဟုတ်ပါဘူး ။ နည်းနည်းတော့ တစ်အား နည်းတာပေါ့ ။ ဒါပေမဲ့ သူက တစ်ဖက်တစ်လမ်းက အားပေးတယ် ။ ဘယ်လိုလုပ် ဘယ်လိုကိုင် ။ ကျွန်မ ဇာတ်ခုံပေါ် တက်ကရင် သူက ပရိသတ်ထဲ နေတယ် ။ ပရိသတ်က ဘာမကြိုက်ဘူးနော် ၊ ဘာဆို သဘောကျတယ် ။ အဲဒီလို တစ်ဖက်တစ်လမ်းက ဝေဖန်ပေးတယ် ။ ကျွန်မ ကျေးဇူးရှင်ထဲမှာ ကျွန်မ အမျိုးသားပါတယ် ”

“ ရည်စားသက် ၁၆ နှစ်လောက် နေပြီးမှ အိမ်ထောင် ပြုဖြစ်ကြတာ ဆိုတော့ အကြာကြီးပဲ ။ သုံးနှစ်သုံးမိုးတောင် မကဘူး ”

ဒေါ်နုနုခင်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ချက် သန်းသွားပြီး “ အကြာကြီးပဲ ” လို့ ပြောတယ် ။ ပြီးတော့ သူ့မျက်နှာ ခပ်တွေတွေ ဖြစ်သွားတယ် ။

“ အလုပ်လုပ်ရာမှာ ချစ်တဲ့သူ ရှိသလို မုန်းတဲ့လူလည်း ရှိတာပေါ့ ။ အခက်အခဲတွေ ဖိနှိပ်မှု ချုပ်ချယ်မှုတွေ ကြားထဲက ကျွန်မ ရုန်းထွက်ရတာ ။ အဲဒီလို ရုန်းထွက်နိုင်တာလည်း သူ တစ်အား ရှိလို့ ။ လမ်းကြောင်းမှန်အောင် သူ တင်ပေးတယ် ။ ကျွန်မ တစ်ကိုယ်တည်းဆို တော်တော်ကြီး ထိခိုက်သွားမှာ ”

“ ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှုဒဏ်တွေ ခံနိုင်ဖို့ လက်တွဲဖော်ကောင်းပေါ့နော် ”

အင်တာဗျူး လုပ်နေစဉ်မှာ ကျွန်တော့် လက်ကိုင်ဖုန်းကို လုံးဝ ပိတ်မထားပေမဲ့ ဖုန်းသံ ကိုတော့ ဖျောက်ထားတယ် ။ ဖုန်းလာ နေတာကို မှန်သားပြင်မှာ အလင်းရောင် လင်းလက်ပြီး သိနိုင်တယ် ။ ဆရာမကြီးနဲ့ စကားကောင်း နေတုန်း ဖုန်းက လာတယ် ။ ကျွန်တော် ချက်ချင်း ကောက်မကိုင်ဘူး ။ ဖုန်းခေါ်နေသူ ကလည်း ဇွဲကောင်းတယ် ။ ခေါ်နေတဲ့ ဖုန်းနံပါတ်ကို ကြည့်တော့ ရန်ကုန်က နံပါတ် ။ ဆရာမကြီး ကို ခွင့်တောင်းပြီး ဖုန်းပြန်ဖြေတယ် ။ ပြီးမှ ဂီတနဲ့ အဆိုအက ကျောင်းပြီးချိန်ကို မေးပါတယ် ။

“ ၁၉၆၉ ခုနှစ်မှာ ပထမဆုတွေ ဘာတွေ ရပြီး ကျောင်းဆင်းတယ် ။ ဖေဖေက ကျွန်မကို အထက်တန်းကျောင်းမှာ ကျောင်းအပ်ပေးထားလို့ ဖေဖေ့ သဘောကျ ကျောင်းပြန်တက်ရတယ် ။ ဂီတနဲ့ အဆိုအကကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဆွေက ကျွန်မတို့ ကျောင်းဆင်းတွေကို ယဉ်ကျေးမှုဝန်ကြီးဌာနမှာ အလုပ်လျှောက်ပေးတယ် ။ ကျောင်းတက်နေတာ တစ်လ နေတော့ အင်တာဗျူးမှာ အဆိုတွေရော အငိုတွေရော ရစရာ မရှိဘူး ။ အကုန် လုပ်ပစ်လိုက်တော့ သဘောကျပြီး ရွေးတယ်ပေါ့ ။ ရွေးတာကို အိမ်မပြောရဲဘူး ။ ကျောင်းပဲ ပြန် တက်နေတာ ။ အလုပ်ခန့်တဲ့စာ အိမ်ကို စာပို့တော့ ဖေဖေ သိသွားတယ် ။ ၁၉၆၉ ခု ရှစ်လပိုင်းက စပြီး လစာ ၁၂၆ ကျပ်နဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနမှာ အနုပညာရှင် အဆင့် ၄ အဖြစ် အလုပ် စဝင်တယ် ”

“ အဲဒီအချိန်မှာ ပြက္ခဒိန်မျက်နှာဖုံးတွေ စ ရိုက်ရတာ ဟုတ်လား ”

“ ဟုတ်ပါတယ် ။ ယဉ်ကျေးမှုဝန်ကြီးဌာနမှာ အလုပ်စတင် ဝင်ရောက်ပြီး နောက် ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်တဲ့ ကုန်သွယ်ရေး ( ၉ ) ပြက္ခဒိန်မှာ သိန်းသုံးဆယ်တန် ကျောက်စိမ်းတုံးကြီးနဲ့ တွဲရိုက်တာ ။ ပန်းချီဆရာ ၊ ဓာတ်ပုံဆရာကြီး ဦးအမ်တင်အေး က ကျွန်မတို့ရဲ့ လူကြီးပေါ့ ။ သူတို့ ရှိတော့ ကျွန်မတို့ မနစ်မွန်းပါဘူး ။ အဆင်ပြေပါတယ် ”

“ အဲဒီကာလကတော့ ကုန်သွယ်ရေး ၉ ပြက္ခဒိန်ပဲ လူတွေ အသုံးများတာ ။ တစ်နှစ်ကို ပြက္ခဒိန် နှစ်မျိုးသုံးမျိုး ထွက်တယ် ”

“ ကျွန်မ နှစ်စဉ် နှစ်တိုင်းပဲ ပြက္ခဒိန်တွေ ရိုက်ရိုက်လာတာ ။ ၁၉၇၅ ခုနှစ် ကတော့ ဆိုင်းဝိုင်းကြီးနဲ့ ရိုက်တယ် ”

“ အဲဒီ ပြက္ခဒိန်က တော်တော် နာမည်ကြီးသွားတယ် ။ မြန်မာ့ဆိုင်းဝိုင်းကြီး ရှေ့မှာ ဆရာမကြီးက ကနေတဲ့ပုံ ။ ဆိုင်းဝိုင်း ထဲမှာ တီးမှုတ်နေတဲ့သူ မပါဘူး ။ ကတဲ့သူ တစ်ယောက်တည်း ဆိုင်းဝိုင်း ရှေ့မှာ ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် မှာ တီးတဲ့သူလည်း မရှိဘဲ ကနေတယ် ဆိုပြီး လူတွေ အပြောများလို့ ရောင်းကောင်းခဲ့တဲ့ ပြက္ခဒိန်ပဲ ”

ဒေါ်နုနုခင် က “ ဟုတ်တယ် ၊ ဟုတ်တယ် ။ လူတိုင်း ကြိုက်ကြတယ် ” လို့ ပြောပြီး ရယ်ပါတယ် ။

ကျွန်တော်က သူ မျှော်လင့်ထားမှာ မဟုတ်တဲ့ မေးခွန်းကို မေးလိုက်တယ် ။

“ ပြက္ခဒိန်တွေ အရိုက်ခံတော့ အမျိုးသားက သဝန်မတိုဘူးလား ၊ အူမတိုဘူးလား ။ သူ့ချစ်သူရဲ့ ပုံတွေ ပလူပျံနေတာ ”

သူက ရယ်မောတယ် ။

“ ပြက္ခဒိန်တွေကို သူ့ ဘိုးအေက သဘောကျတယ် ။ ပုံတွေ အများကြီး သိမ်းထားတယ် ။ ကျွန်မဖြင့် မသိမ်းဖြစ်ပါဘူး ။ သူ့အဘိုး မဆုံးခင်မှာ ကျွန်မတို့ကို ပေးသွားတယ် ”

“ ပို့စကတ်တွေလည်း ရိုက်ရတယ်နော် ”

“ ရိုက်ရတယ် ။ ၁၉၇၅ ခုနှစ်က ၁၉၈၁ ခုနှစ် အထိ ခုနစ်နှစ် ဆက်တိုက် ထုတ်ဝေတဲ့ ပို့စကတ်တွေ ၊ ဆက်သွယ်ရေး ဂြိုဟ်တု ပို့စကတ် ၊ ရွှေကျင် မီးမျှောပွဲ ပို့စကတ်တွေ ရိုက်ရတယ် ။ ကချင်လုံချည် ကြော်ငြာ ပို့စကတ်တို့လည်း ရိုက်ရတယ် ”

“ ကုန်သွယ်ရေး ပြက္ခဒိန် အတွက် ရိုက်ပေးတော့ အနုပညာကြေးရော ပေးရဲ့လား ”

“ ကုန်သွယ်ရေးက ငွေကြေး မပေးပေမဲ့ ပစ္စည်းတွေ အများကြီး သေတ္တာကြီး တစ်လုံး ပေးပါတယ် ။ ပစ္စည်းတွေ အစုံပဲ ။ အဲဒီခေတ်က ပစ္စည်းက ရှားတယ် ။ ၁၉၈၁ ခုနှစ်မှာ ပြည်လှဖေ ဝန်ကြီး ဖြစ်လာတော့ မင်း အနုပညာကြေး ဘယ်လောက် ရသလဲ မေးတယ် ။ ဒီလို ပစ္စည်းတွေ present ( လက်ဆောင် ) ပေးပါတယ် ပြောတာကို ဝန်ကြီးက လက်သင့် မခံဘူး ။ အနုပညာသမားကို ပေါပေါလောလော လုပ်တယ် ဆိုပြီး ပြောတယ် ။ ကျွန်မတို့ အထက်မှာ လူကြီး ရှိတော့ အဘ သဘောပဲ ဆိုပြီး ၁၉၈၁ ခုနှစ်က စ မရိုက်တော့ဘူး ”

••••• ••••• •••••

မန္တလေးယဉ်ကျေးမှုတက္ကသိုလ် သဘင်ပညာဌာန ၊ ပါမောက္ခ ၊ ဌာနမှူး ဒေါ်နုနုခင်ရဲ့ ရုံးခန်းက သပ်ရပ်သန့်ရှင်းနေတယ် ။ သူ့စားပွဲ ကလည်း ရှင်းလင်း နေပြီး ပန်းအိုးတစ်လုံး ရှိတယ် ။ ပန်းအိုးမှာ နှင်းဆီပန်း အနီ ၊ အဝါတွေကို ထိုးထားပါတယ် ။ ပန်းက ဖူးပွင့်စ ။

ဒေါ်နုနုခင် ကတော့ နှောက်နှစ်မှာ ပင်စင် ယူတော့မယ် ။ အသက် ၆ဝ ကို ချဉ်းလာပေမယ့် အလှအပကို ထိန်းသိမ်း ထားနိုင်သေးတာ တွေ့ရတယ် ။

သူက အကဝါသနာပါလို့ ဂီတနဲ့ အဆို အကကျောင်းကို တက်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာနမှာ အခြေခံဝန်ထမ်းအဆင့်က အလုပ်စဝင်ခဲ့တယ် ။ သူ့ အလှ ၊ သူ့ ကြိုးစားမှုတွေကြောင့် ၁၉၇၀ ခုနှစ် ကာလတွေမှာ ပြက္ခဒိန် ၊ ပို့စကတ်များကို သူ့ရုပ်သွင်တွေ လွှမ်းမိုးခဲ့တယ် ။

“ ကျွန်မ အလုပ်ဝင်တဲ့ အချိန်က ယဉ်ကျေးမှုဝန်ကြီးဌာနမှာ အဖွဲ့  ( ၁ ) ၊ အဖွဲ့  ( ၂ ) နှစ်ဖွဲ့ ခွဲထားပြီး ကျွန်မက အဖွဲ့  ( ၁ ) မှာ တာဝန် ထမ်းဆောင်ရတယ် ။ မနက် ၈း၃ဝ နာရီမှာ ရုံးတက် တန်းစီရတယ် ။ ပြီးရင် ပီတီ ( Physical Training ) ဝတ်စုံတွေ လဲပြီး မနက် ၉းဝဝ နာရီမှ ၁ဝးဝဝ နာရီအထိ ကိုယ်လက် ကျန်းမာရေးနဲ့ ကိုယ်လုံး လှပရေးအတွက် လေ့ကျင့်ခန်းလုပ်ရတယ် ။ ပြီးရင် နွားနို့ ၊ ကြက်ဥ ၊ ဘားပလက်ဆေး တိုက်ကျွေးတယ် ။ ၁၀:၃၀ နာရီက ၁၂:၃၀နာရီ အထိ ပဒေသာ အက လေ့ကျင့်ရတယ် ။ ၁းဝ၀ နာရီက စပြီး ဇာတ်ထုပ် ဇာတ်လမ်း ဇာတ်ကြီးတွေ တိုက်ရတာ ညနေ ၃:၃၀ အထိပဲ ”

ကျွန်တော့် စိတ်ထဲမှာ လေ့ကျင့်ရေး တော်တော် ကောင်းတာပဲလို့ တွေးနေမိပါတယ် ။

“ မိုးရာသီမှာ ဇာတ်တွေ တိုက်ပြီး ပွင့်လင်းရာသီ ရောက်ရင် နယ်ထွက် ကရတယ် ”

“ နိုင်ငံခြားလည်း သွားကရတယ် မဟုတ်လား ”

“ ၁၉၇ဝ ခုနှစ်မှာ အင်္ဂလန် သွားကဖို့ ဆိုပြီး နာမည် ပေါက်လာတယ် ။ ဖျက်တဲ့ သူက လူကြီးအိမ် သွားပြီး ကျွန်မတို့က အသက် ငယ်သေးတယ် ၊ အနုပညာလည်း မပြည့်စုံသေးလို့ သူတို့ကို လူပြောင်းလွှတ်ပေးဖို့ ပြောကြတယ် ။ ကျွန်မတို့ အစား သွားပြောတဲ့ အစ်မကြီးတွေကို ပြောင်းလဲ ထည့်ပေးလိုက်တယ်လို့ သိရတယ် ။ ကျွန်မတို့က ကလေး ဆိုတော့ ခေါင်းထဲ အဲဒါတွေ မရှိလိုက်ဘူး ”

ဒေါ်နုနုခင်ရဲ့ မျက်နှာကို ကြည့်လိုက်တော့ တည်ငြိမ်အေးချမ်းနေတာ တွေ့ရတယ် ။ ပန်းပွင့်ကြီးတွေ ဖော်ထားတဲ့ အနက်ရောင် အင်္ကျီကို ဝတ်ထားတော့ သူ့မျက်နှာ အသားအရေက ပိုပြီး ပဝင်း နေပါတယ် ။

“ ကျွန်မ အင်္ဂလန်ကို မပါလိုက်တာ ကံကောင်းတယ်လို့ ပြောရမလားဘဲ ။ ဘာကြောင့်လဲ ဆိုရင် အင်္ဂလန်သွားရင် side part ( အရန်လူ ) ပဲ ။ ၁၉၇၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရာမယဏပြိုင်ပွဲကို မယ်သီတာ အဖြစ် ခေါင်းဆောင်ပြီး အင်ဒို နီးရှားနိုင်ငံ ဂျကာတာမြို့တော်ကို သွားဖို့ အရွေး ခံလိုက်ရလို့ပဲ ။ ရာမယဏပြိုင်ပွဲမှာ မြန်မာပြည်ကို ကိုယ်စားပြု ယှဉ်ပြိုင်တာ အဖွဲ့လိုက် အကောင်းဆုံး ပထမဆု ရခဲ့တယ် ”

ကျွန်တော်က ဒေါ်နုနုခင် ရဲ့ အကြောင်းကို ကြိုတင် လေ့လာထားတာမို့ သူငယ်စဉ်က လူသစ်ကလေး အဖြစ် ယိမ်းကရာမှာ ကြိုးစားခဲ့ပုံတွေကို သိတယ် ။ အဲဒီအကြောင်း မေးပါတယ် ။

“ မိုးရာသီ ဇာတ်တိုက်တဲ့ အချိန်မှာ ကျွန်မက လူသစ်ကလေး ဖြစ်တော့ ကိုယ်ပိုင်ယိမ်း ကပြခွင့် မရသေးဘူး ။ ဒါပေမဲ့ တိုက်သမျှ ယိမ်းတွေကို တစ်ယိမ်းမျှ မရ မရှိရအောင် ယိမ်းတိုက်နေတဲ့ ဘေးက လိုက် ကတယ် ။ ဆရာမ ဒေါ်ဗလပြန် က ကနည်းသုံးဟန် ယိမ်းသင်နေတဲ့ နေရာမှာ ကျွန်မက ဘေးက လိုက် ကနေတာကို ဆရာမက မြင်သွားတယ် ။ အဲဒီ ယိမ်းထဲက အစ်မကြီး တစ်ယောက် သိပ်မကနိုင်လို့ သူ့နေရာ ဝင်ကပေးဖို့ ဆရာမကြီးက ခွင့်ပြုလို့ ယိမ်းတစ်ယိမ်း အပိုင်ရလိုက်တယ် ။ ဒီလိုနဲ့ပဲ တစ်ယိမ်းပြီး တစ်ယိမ်း ရအောင် မနားမနေ ကြိုးစားခဲ့လို့ ယိမ်းတော်တော် များများ ကိုယ်ပိုင်ယိမ်းအဖြစ် ကပြခွင့်ရတယ် ”

သူ့ပုံစံက အလုပ်လုပ်ရင်း သေချင်သေပါစေ ဆိုတဲ့ ပုံစံ ပေါ်လွင်နေတယ် ။ ကျွန်တော်က သူ ပြောတာတွေကို ဟုတ်ကဲ့ လိုက်ပြီး နားထောင်တယ် ။

“ ကျွန်မ ငယ်ငယ် ကတည်းက တစ်ခါတလေ ကိုယ်က စင်ပေါ်မှာ တက်ပြိုင်နေတာ ။ ဒါပေမဲ့ စင်အောက်မှာ ပြောနေတာက အဲဒီ ကောင်မလေးတွေ ဆုမရဘူးတဲ့ ။ ပြိုင်လို့က မပြီးသေးဘူး ။ ဆုက လျာထားပြီးသား ။ ကျွန်မ အကျင့်တစ်ခုက သူ့ဟာသူ လုပ်ချင်ရာလုပ်ကြ ၊ သေပါစေကွာ ၊ ငါကတော့ လုပ်သင့်တာ လုပ်မှာပဲလို့ ချတာ ”

“ ကြိုးစားရကျိုးကော နပ်ရဲ့လား ”

“ ကိုယ်က အဲဒီလို ကြိုးစားလိုက်တော့ သူတို့ ဆုပေးချင်တဲ့လူနဲ့ ပြတ်ထွက်သွားတယ် ။ သူတို့ ဆုပေးချင်တဲ့ လူက ပါပြီးပြီလို့ သိတော့ ခပ်လျော့လျော့ပဲ လုပ်တာ ။ ကျွန်မတို့ မိတ်ကပ် လူးနေတဲ့ နေရာမှာကို နင်တို့ မပါဘူး ၊ နင်တို့ မပါဘူး ပြောကြတာပေါ့ ။ မပါခါမှ မပါရော ၊ သူတို့ထက် သာအောင် လုပ်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားလုပ်တာ ။ အရမ်း အားထည့်ပစ်လိုက်တာ ။ သူတို့က ပါပြီးသား ဆိုတော့ ပေါ့ပေါ့လေး လုပ်တာ ”

“ ရာထူးတိုး လာတာလည်း ပြောပါဦး ”

“ ၁၉၇၃ ခုနှစ်မှာ ရာထူးတိုး စာမေးပွဲ ဖြေခွင့်ရတယ် ။ ဖြေခါနီးမှာ ကြားရတဲ့ သတင်းဆိုး ကတော့ ကျွန်မနဲ့ သူငယ်ချင်း နှစ်ယောက်က အိမ်ပြည့် အဖြစ် ဖြေခိုင်းတာတဲ့ ။ ရာထူးတိုးပေးဖို့ လျာထားပြီးသား လူ ရှိပြီးသားလို့ ကြားလိုက်ရတော့ မခံချင်စိတ်နဲ့ စာမေးပွဲဖြေတဲ့ အချိန်မှာ အားသွန်ခွန်စိုက် ကြိုးစားပြီး ယှဉ်ပြိုင်လိုက်တယ် ”

“ ဘာတွေ ယှဉ်ပြိုင်ရတာလဲ ”

“ ဇာတ်ကြီးသရုပ်ဆောင် ဆို ၊ ငို ၊ ပြော ။ ဘဲလေးကဇာတ် သရုပ်ဆောင် ၊ ရှေးရိုးတစ်ပင်တိုင် ၊ နှစ်ပါးသွား ၊ အငြိမ့်တွေ ယှဉ်ပြိုင်ရတာ ”

“ အောင်စာရင်း ထွက်တော့ ”

“ ကျွန်မနာမည် ပါတယ် ။ အဲဒီ နှစ်မှာပဲ နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်ရေး ချစ်ကြည်ရေး အဖြစ် မလေးရှားနိုင်ငံကို သွားပြီး ဖျော်ဖြေရတယ် ။ မလေးရှားမှာ မယ်သီတာ အဖြစ် ကပြရတယ် ။ မလေးရှား မဂ္ဂဇင်း မျက်နှာဖုံး မှာလည်း သီတာဒေဝီ အဖြစ် ကာဗာတင်ခံရတယ် ”

“ အမေရိကန်က မာသာဂရေဟမ် အကအဖွဲ့က ဖိတ်တော့လည်း တော်တော် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရတာပဲလား ”

“ မာသာဂရေဟမ်အဖွဲ့ မြန်မာပြည် လာတုန်းက ဂျူဗလီဟောမှာ ရာမဇာတ် ကပြရတယ် ။ အမေရိကန်ကို တစ်လှည့်လာဖို့ သူတို့က ဖိတ်ခေါ်တယ် ။ လူရွေးတော့ သွားရမယ့် ခရီးက ကြာမှာမို့ အိမ်ထောင်သည် မလိုချင်ဘူး ။ လူလွတ်ပဲ လိုချင်တယ်လို့ ဌာနက သတ်မှတ်တယ် ။ လူရွေးပွဲမှာ ရာမယဏ ၊ သီတာဒေဝီ ၊ ကဗျာလွတ်အခြေခံ အဆင့် ငါးဆင့် ၊ အပျိုတော် ၁၂ ခန်း ၊ တစ်ပင်တိုင် ၊ နှစ်ပါးသွား ၊ ရွှေဘုံပြန် အဲဒါတွေကို nonstop ( မရပ်မနား ) ကရမှာ ။ တစ်ခုနဲ့ တစ်ခု မနားရဘူး ပြောတော့ အကတွေ ကျင့်ရတာပေါ့ ။ ကျွန်မကလည်း ကနေရင်း သေချင်သေပါစေကွာဆိုပြီး ကပစ်တာ ။ အမျိုးသမီးခေါင်းဆောင်အဖြစ် ရွေးချယ် စေလွှတ်ခံရတယ် ”

“ အဲဒီလို nonstop ကတာ ကနေ လဲကျလား ”

“ ကျွန်မတို့ သင်တန်းသားတွေက nonstop အမြဲ ကရတာ ။ ကနေရင်းနဲ့ ပစ်လဲကျသွားတဲ့ အထိ ကတာ ”

ကျွန်တော့် စိတ်ထဲမှာ တော်တော် ကြိုးစားရတာပဲလို့ လေးစားစိတ် ဖြစ်မိတယ် ။

“ မာသာဂရေဟမ်တို့ ဖိတ်ခေါ်တာ အကြာကြီး ဆိုတော့ ဘယ်မြို့တွေ သွားရလဲ ၊ ဘာတွေလုပ်ရလဲ ”

“ ၁၉၇၅ ခု အောက်တိုဘာလမှာ မြန်မာ့အသံ ဦးသန်းမြင့် ခေါင်းဆောင်ပြီး အမေရိကန် ပြည်ထောင်စုကို သွားကြတယ် ။ အနုပညာတက္ကသိုလ်တွေမှာ မြန်မာ အကတွေ သင်ပြပေးတာ ၊ ရာမယဏ ကောက်နုတ်ချက် အကတွေကို ဇာတ်ရုံကြီးတွေမှာ ကပြဖျော်ဖြေတာ ၊ မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးတာတွေ လုပ်ခဲ့တယ် ။ နယူးယောက် ၊ ဝါရှင်တန် ၊ ဟောလီဝုဒ် ၊ ဟိုနိုလူလူ ၊ ဆန်ဖရန်စစ္စကို ၊ စိန့်လူးဝစ် ၊ မက်ဇီဇင် ၊ မောရစ်တောင်း ၊ ချီကာဂို မြို့တွေမှာ နှစ်လခွဲကြာ လှည့်လည် ကပြခဲ့ကြတယ် ။ အမေရိကန်မှာ ထုတ်တဲ့ smithsonion မဂ္ဂဇင်း မျက်နှာဖုံးမှာ ကျွန်မ ကနေတဲ့ ပုံကို ဖော်ပြပြီး အတွင်း မှာလည်း မြန်မာအက ပုံတွေ ဖော်ပြထားတာ တွေ့ရတယ် ”

“ ရုပ်ရှင်လည်း ရိုက်ဖြစ်သေးတယ် မဟုတ်လား ”

“ နိုင်ငံခြားက ပြန်လာပြီးတဲ့ နောက် အကယ်ဒမီမောင်တင်ဦးက ကျားသိုင်း နဲ့ ဓားသိုင်း ရုပ်ရှင်ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီး တင်ရိုက်ချင်လို့ ဆရာကြီး အမ်တင်အေး နဲ့ မြန်မာ့အသံ အဘဦးသန်းမြင့် တို့က တစ်ဆင့် ခွင့်တောင်း ကမ်းလှမ်းပါတယ် ။ ဆရာကြီးတွေက ခွင့်ပြုလို့ မင်းသား ကိုကျော်ဟိန်းနဲ့ တွဲပြီး ခေါင်းဆောင် မင်းသမီး အဖြစ် ရိုက်တယ် ”

“ ဆက် မရိုက်ဖြစ်တော့တာက ”

“ ကိုကျော် က ပြောတယ် ၊ နုနု ကိုယ့်လိုင်းနဲ့ ကိုယ်နေတဲ့ ။ နင်စဉ်းစား ၊ ငါတော့ မလုပ်စေချင်ဘူးတဲ့ ။ ကျွန်မ စဉ်းစားကြည့်ပြီး ကိုယ့် character နဲ့ မကိုက်လို့ မရိုက်တော့ဘူး ဆုံးဖြတ်လိုက်တာ ”

“ ဆရာမ အိမ်ထောင် ပြုတာ တော်တော် နောက်ကျတယ်နော် ”

“ ၁၉၈ဝ ခုနှစ်မှာ ကျွန်မဖခင် တိမ်းပါး သွားတယ် ။ မေမေက မုဆိုးမဘဝ ရောက်သွားချိန်မှာ ကျွန်မ ချစ်သူက ကျွန်မရဲ့ အရိပ်ပမာ အမြဲတမ်း လိုအပ်သမျှ ကူညီပံ့ပိုးနေတယ် ။ ကျွန်မတို့ ရည်းစားသက် ကလည်း ၁၆ နှစ် ရှိပြီ ။ ပတ်ဝန်းကျင်ကလည်း ဒါလောက် အကြာကြီး တွဲနေကြပြီး ဘာကြောင့် မယူတာလဲ ဆိုတဲ့ စကားမျိုးတွေ ပြောကြတယ် ။ မေမေက ကျွန်မကို အိမ်ထောင်ပြုဖို့ နားချတယ် ။ ကျွန်မ ကလည်း ရည်ရွယ်ချက် မအောင်သေးလို့ အိမ်ထောင် မပြုသေးတာကို မေမေက မသိဘူး ။ ဖေဖေ ကွယ်လွန်သွားလို့ မေမေ အားငယ်နေတာရယ် ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို မေမေ မခံချင်တာရယ်ကြောင့် ၁၉၈၁ ခုနှစ် ၊ ကျွန်မ ချစ်သူနဲ့ ရည်းစား သက် ၁၆ နှစ် ပြည့်တဲ့ နှစ်မှာ ကျွန်မတို့ မင်္ဂလာ ဆောင်လိုက်ကြတယ် ”

“ အမျိုးသား နာမည်က ”

“ ဦးမြင့်တင် ”

“ ဆရာမ အပြင် ပွဲတွေလည်း လိုက် ကသေးတယ်နော် ”

“ ဟုတ်တယ် ။ ကျွန်မက ရန်ကုန်မှာ နေတော့ သီတင်းကျွတ် ၊ တန်ဆောင်တိုင်ဆို မြင်းခြံတို့ သာစည်တို့ ပျဉ်းမနားတို့မှာ ပွဲတွေ လုပ်ကြတယ် ။ အဲဒီ လူတွေက ကျွန်မကို ကမ်းလှမ်းတယ် ။ သောကြာနေ့ ရထားနဲ့ လိုက် ၊ သာစည်မှာ ဆင်းတယ် ။ သူတို့က ဂျစ်ကားနဲ့ လာကြိုတယ် ။ မနက်မိုးလင်း မြင်းခြံ ရောက်တယ် ။ ချက်ချင်း မိတ်ကပ်လူးပြီး တစ်နေကုန် လှည့် ပွဲလိုက်တယ် ။ ည ၊ နောက်နေ့မနက်အထိ သွားတယ် ။ ကားပေါ်က ဆင်း ၊ မိတ်ကပ် ဖျက်ပြီး ရထား ပေါ်တက်တယ် ။ ကျန်းမာရေး ကလည်း ကောင်းတာကိုး ၊ ငယ်တဲ့ အရွယ် ဆိုတော့ စိတ်သွားတိုင်း ကိုယ် ပါတာပေါ့ ”

“ တော်တော်တော့ ပင်ပန်းမှာပေါ့ ”

“ အိပ်ချိန်တောင် မရှိပါဘူး ။ ခရီးသွားမယ် ဆိုတော့ ကျွန်မ ရုံးက ညီမလို ခင်တဲ့ သူကို အဖော် ခေါ်သွားတယ် ။ သူတို့ ကလည်း ကနိုင်တယ် ”

“ ဆရာမ ယဉ်ကျေးမှုတက္ကသိုလ် ရောက်လာပုံလည်း ပြောပါဦး ”

“ ၁၉၇၃ ခုနှစ်မှာ ကျွန်မ အနုပညာရှင် အဆင့် ( ၃ ) ၊ ၁၉၈၆ ခုနှစ်မှာ အဆင့် ( ၂ ) ကို ရာထူးတိုးတယ် ။ ၁၉၉၆ ခုနှစ်မှာ ယဉ်ကျေးမှုတက္ကသိုလ် ( ရန်ကုန် ) ကို လက်ထောက်ကထိက အဖြစ် ရာထူးတိုးပြီး ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်ရတယ် ။ ယဉ်ကျေးမှုဌာန ကနေ ယဉ်ကျေးမှုတက္ကသိုလ်ကို သွားရမှာ ။ တက္ကသိုလ် ဆိုတဲ့ အဆင့် ကိုယ်တောင် မရောက်ခဲ့တာ ။ ကိုယ်နဲ့ မဖြစ်ဘူးထင်တာ ။ ဒါပေမဲ့ ကိုယ်က အလုပ်တော့ ကြိုးစားတယ် ”

“ မန္တလေးတက္ကသိုလ် ပြောင်းလာခဲ့တာကော ”

“ ၂ဝဝ၁ ခုနှစ်မှာ ယဉ်ကျေးမှုတက္ကသိုလ် ( မန္တလေး ) စဖွင့်တယ် ။ ရန်ကုန်ကျောင်းက မန္တလေးကျောင်းကို ပြောင်းရွှေ့ချင်သူတွေ စာတင်ဖို့ ကြေညာတယ် ။ အဲဒီသတင်းကို ကျွန်မ စိတ်ဝင်စားတယ် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မ ရန်ကုန် တက္ကသိုလ်မှာ တာဝန် ထမ်းဆောင်ရတာ အားမရဘူး ။ ကျွန်မရဲ့ အတန်းဝင်ချိန်က သိပ်နည်းတော့ ကျောင်း လာရတာတောင် ကျွန်မ ရှက်နေမိတာ ။ ကျွန်မက အလုပ် သိပ်လုပ်ချင်တဲ့သူ ”

ကျွန်တော်က သူ့ အတ္ထုပ္ပတ္တိ စာမူကြမ်းကို ဖတ်ကြည့်တဲ့ အခါ သူ့ဘဝမှာ အတားအဆီးတွေ အတွန်းအတိုက် တွေ့ကြုံရတာလည်း တွေ့ရတယ် ။

“ ဆရာမ ခုလို ပါမောက္ခ ၊ ဌာနမှူး ဘဝကို ရောက်အောင် လျှောက်လှမ်းခဲ့ရတဲ့ ခရီးက တော်တော် ကြမ်းသလား ”

“ ကျွန်မ ဘဝမှာ တော်တော် ခက်ခဲတာတွေ ကြုံခဲ့ရတယ် ။ ကျွန်မက ဒါကို အရသာ ရှိနေတာ ။ ကျွန်မ ဘဝက ခလုတ်ကန်သင်း ရှိမှ ပိုအောင်မြင်တာ ။ အဖျက်အဆီး အနှောင့်အယှက် တွေ့ရင် ဒါလောက် အဖျက်အဆီး ရှိရင်တော့ ငါ အောင်မြင်ပြီကွ ၊ ချမယ်ကွ ဆိုပြီး လုပ်တာ ”

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ

No comments:

Post a Comment