Tuesday, December 9, 2025

အိမ်နီးချင်း နှစ်ဦး

 

❝ အိမ်နီးချင်း နှစ်ဦး ❞
          ( ပုံပြင် )

တစ်ခါက ရွာတစ်ရွာတွင် အိမ်ချင်းဘေးချင်းကပ် နေထိုင်သော အိမ်နီးချင်း နှစ်ဦး ရှိသည် ။ တစ်ဦးသည် ချမ်းသာ၏ ။ အခြား တစ်ဦးသည် ဆင်းရဲသည် ။ လူချမ်းသာ၏ နာမည်သည် စီရင် ဖြစ်သည် ။ စီရင် သည် မာနလည်း ကြီးသည် ။ တွန့်တိုသော စိတ်လည်း ရှိသည် ။ လူဆင်းရဲ၏ နာမည်သည် စံပဖြစ်သည် ။ စံပ သည် သနားကြင်နာတတ်သည် ။ သူတတ်နိုင်သမျှ ပေးချင်ကမ်းချင်သော စေတနာလည်း ရှိသည် ။

တစ်နေ့၌ လူဆင်းရဲ အိမ်ရှေ့ တံစက်မြိတ်ထဲတွင် စာကလေး အဖိုအမသည် အသိုက် လာလုပ်၍ နေကြသည် ။ ထိုအသိုက်ထဲတွင် အချိန်တန်သော် စာကလေးများ ဥမှ ပေါက်ကြသည် ။ စာဖို နှင့် စာမ အစာရှာ သွားနေခိုက် တစ်နေ့တွင် စာကလေး တစ်ကောင်သည် ခွေးကတက်ပေါ်သို့ အသိုက်မှ လိမ့်ကျလာသဖြင့် ခြေထောက် ကျိုးသွား၏ ။ သူဆင်းရဲလည်း စာကလေး ခြေကျိုး ပြီးလျှင် လဲနေသည်ကို တွေ့သောအခါ ယုယုယယ ကိုင်တွယ်၍ အိမ်ထဲသို့ ယူသွားပြီးသော် ချည်မျှင်တစ်စဖြင့် ကျိုးနေသော ခြေကို ရစ်ပတ်၍ ပြန်ဆက်ပေး၏ ။ ထို့နောက် တံစက်မြိတ် ထဲရှိ အသိုက်တွင် ပြန်ထား၏ ။

ထိုစာကလေးလည်း တဖြည်းဖြည်း ပျံတတ်လာသောအခါ အသိုက်မှ ပျံသွား၏ ။ တစ်နေ့သော် နှုတ်သီးအပြည့် စပါးနှံများကို ချီခဲ့ကာ ပြန်လာ၏ ။ သူဆင်းရဲ ထိုင်နေရာ ရှေ့မှောက်သို့ လာရောက်ပြီးလျှင် စပါးနှံများကို ချကာ လူစကားဖြင့် “ ကျွန်တော့် အပေါ်ပြုခဲ့တဲ့ ကျေးဇူးကို ဒီစပါးနှံနဲ့ ပြန်ဆပ်ပါတယ် ၊ ခြံထဲမှာ စိုက်ပါ ။ ဘာသီး သီးမယ် ဆိုတာ ကြည့်ပါ ” ဟု ပြောပြောဆိုဆိုနှင့် ပျံထွက်သွား၏ ။

သူဆင်းရဲလည်း စာကလေး၏ စကားကို ကြားလျှင် အလွန် အံ့အားသင့်သွား၏ ။ သူ့ ကိုယ်သူ ပြန်၍ “ ဒီစပါးနှံကလေးကတော့ သိပ်အဖိုးတန်တဲ့ လက်ဆောင်တော့ မဟုတ်ဘူးပေါ့ ၊ ဒါပေမယ့် အလွန်သေးငယ်တဲ့ ငှက်ကလေး တစ်ကောင်က သူ့အပေါ်ပြုထားတဲ့ ကျေးဇူးကို သိတတ်တယ် ဆိုတာ ပြပုံကတော့ သိပ်အဖိုးတန်တာပဲ ၊ သူမှာတဲ့ အတိုင်း ငါ့ ခြံထဲမှာ စိုက်ဦးမှပဲ လေ ” ဟု တစ်ကိုယ်တည်း ပြော၏ ။

ပြောဆိုပြီးလျှင် ထိုင်ရာမှ ထ၍အိမ်ရှေ့သို့ သွားပြီးသော် ခြံဝင်း အတွင်း၌ပင် စိုက်ထားလိုက်၏ ။ မကြာမီပင် ထိုအဖြစ်အပျက်ကို မေ့ပျောက် သွားတော့၏ ။ တစ်လနှစ်လလောက်ကြာသော် စပါးပင်များ ပေါက်လာ၏ ။ သီးချိန်တန်ကျသော အခါ သီးလာကြ၏ ။ သူဆင်းရဲလည်း အသီးများကို သွားကြည့်သောအခါ မယုံနိုင်လောက် အောင်ရှိ၏ ။ တစ်သီး တစ်သီးတွင် စပါးနှံကို မတွေ့ရဘဲ အဖိုးတန် ရတနာ တစ်လုံးတစ်လုံးစီ ကို တွေ့လေသည် ။ သူဆင်းရဲလည်း အတိုင်းမသိ ဝမ်းသာ၏ ။ ထို ရတနာသီးများကို အမှတ်တမဲ့ ခူး၍ခူး၍ သိမ်းထားပြီးလျှင် အားလုံး ကုန်သောအခါ အထုပ်နှင့် ထုပ်ပြီးလျှင် အနီးအနားရှိ မြို့ကလေး တစ်မြို့သို့ သွားရောက် ထုခွဲရောင်းချ၏ ။ ရောင်းရသော ငွေတို့မှာလည်း များစွာ ရရှိသဖြင့် သူဆင်းရဲသည် နေ့ချင်းညချင်း ချမ်းသာသွား၏ ။

အိမ်နီးချင်း လူချမ်းသာသည် သူဆင်းရဲ၏ အခြေအနေ ချက်ချင်း ပြောင်းသွားသည်ကို မြင်သောအခါ စုံစမ်းမေးမြန်းလို၍ စံပ ထံ ကူးလာ၏ ။ ခင်မင်လေဟန် အရက်တစ်ပုလင်းကို လည်း ယူလာပြီးလျှင် နှစ်ယောက်သား သောက်ကြ၏ ။ စံပ အရက်မူးလာသောအခါ စီရင်လည်း စံပ အား မည်သို့ ချမ်းသာလာကြောင်း မေး၏ ။ စံပလည်း အဖြစ်အပျက် အားလုံးကို တစ်လုံး မကျန် ပြန်ပြောပြ၏ ။

စီရင် လည်း အကြောင်းမျိုးစုံကို ကြားရသောအခါ နှုတ်ဆက်၍ အိမ်သို့ ပြန်သွားပြီးလျှင် သူလည်း စံပ လို ချမ်းသာအောင် မည်သို့ ဆောင်ရွက်ရမည်ကို လေးလေးနက်နက် စဉ်းစား၏ ။ သူ့အိမ်၏ တံစက်မြိတ်တွင်လည်း စာသိုက်တစ်သိုက် ရှိ၍ စာကလေးများ ပေါက်နေ သည်ကို သိသောအခါ သူသည် ခေါင်မိုးပေါ် တက်ပြီးလျှင် စာကလေး တစ်ကောင်ကို တုတ်တစ်ချောင်းနှင့် ကော်၍ ခွေးကတက်သို့ ချလိုက်၏ ။ စာကလေးလည်း ခြေကျိုး သွား၏ ။ ထိုစာ ကလေးကို တဖန် ဆင်း၍ ကောက်ယူပြီးသော် ချည်မျှင်တစ်မျှင်နှင့် ကျိုးနေသော ခြေကို ပြန်ဆက်ပေးကာ “ ငါ့ကျေးဇူးကို မမေ့နဲ့နော် ” ဟု ပြောဆိုပြီးလျှင် အသိုက်ထဲ ပြန်ထား၏ ။

စာကလေးလည်း ကျေးဇူးကို မမေ့ပါ ။ ကြီးပြင်းလာ၍ ပျံတတ်သောအခါ အဝေးသို့ ပျံသွားပြီးလျှင် စပါးနှံ တစ်နှံကို ချပြီးသော် လူစကားဖြင့် “ ခင်ဗျား ကျေးဇူးကို ပြန်ဆပ်ချင်လို့ ဒီ စပါးနှံကို လက်ဆောင်ပြုပါတယ် ၊ ခြံထဲမှာ စိုက်ပါ ၊ ဘာသီး သီးသလဲ ကြည့်ပါ ” ဟု ပြောဆိုမှာ ကြားပြီးလျှင် ပျံထွက်သွား၏ ။

လူချမ်းသာလည်း ထိုစကားကို ကြားလျှင် ငါတော့ ရတနာသီးတွေ ရတော့မှာပဲဟု အဝမ်းသာကြီး ဝမ်းသာ၏ ။ သူ့ ခြံထဲရှိ မြေဩဇာ အကောင်းဆုံး နေရာကို ရွေး၍ မြေစာကျွေးပြီး လျှင် မြောင်းကို ကျကျနန လုပ်ကာ ထိုစပါးနှံကို ဂရုတစိုက် စိုက်၏ ။ နေ့စဉ်နေ့တိုင်းလည်း မျက်ခြေမပြတ် ကြည့်ကာ ပြုစုစောင့်ရှောက်၏ ။ ဘယ်တော့များ သီးမလဲဟု အမြဲ စောင့်နေ၏ ။ သီးချိန်တန်၍ အသီးများ ထွက်လာသောအခါ တစ်နေ့ နံနက်ခင်း၌ အသီးခူးရန် ခြံထဲ ဆင်းသွား၏ ။ ထိုအပင်များ အပေါ်တွင် အသီးများ ပျောက်ကွယ်ပြီးလျှင် သစ်ပင်များ ကြား၌ ကြောက်မက်ဖွယ်ကောင်းသော လူကြီး တစ်ယောက်သည် စက္ကူထုပ်ကြီး တစ်ထုပ်ကို ချိုင်းကြား၌ ညှပ်ပြီးလျှင် မတ်တတ်ရပ်နေသည်ကို တွေ့ရ၏ ။ လူချမ်းသာလည်း ထိုလူကြီးအား ကြောက်အားလန့်အားနှင့် ကြည့်ပြီးသော် ခင်ဗျား ဘယ်သူလဲ ဟု မေး၏ ။

ထိုလူကြီးက “ ငါဟာ မင်းကို ဟိုတစ်ဘဝတုန်းက အကြွေးပေးခဲ့တဲ့ အကြွေးရှင်ပေါ့ ၊ ငါ မင်းကို ပေးခဲ့တဲ့ အကြွေးတွေဟာ မင်း လည်ပင်း ခိုက်နေတာပဲ ၊ ခု ငါ့အကြွေး ငါပြန်လိုချင်လို့ စာချုပ်စာတမ်းတွေ အစုံအလင် ယူခဲ့ပြီး မင်းဆီမှာ လာတောင်းတာပဲ ” ဟု ဆို၏ ။ပြောပြောဆိုဆို နှင့်ပင် စီရင် ၏ အိမ်ရော ၊ ကျွဲနွားတွေရော ၊ လယ်တွေခြံတွေရော ၊ သိမ်းယူသောကြောင့် စီရင် သည် မွဲပြာကျ သွားတော့၏ ။

လအနည်းငယ် ကြာသောအခါ အိမ်နီးချင်း စံပ သည် ခရီးသွားစရာ ကိစ္စ တစ်ခုနှင့် ကြုံသောကြောင့် စီရင် ထံ သွားပြီးသော် ရွှေမှုန့် တစ်အိတ်ကို အပ်ထားခဲ့၏ ။ သူ ပြန်မလာမချင်း ကောင်းမွန်စွာ စောင့်ရှောက်ထားရန်လည်း မှာခဲ့၏ ။

စံပ ခရီးထွက်ပြီး၍ မကြာမီပင် စီရင် လည်း သုံးစရာစွဲစရာ မရှိ၍ ရွှေမှုန့်များကို ထုတ် သုံးရာ တစ်အိတ်လုံးကုန်သွားသဖြင့် ကြံရာမရ ဖြစ်ပြီးသော် အိတ်ထဲတွင် သဲမှုန့်များကို အစားထိုး ထည့်ထား၏ ။

စံပ လည်း ခရီးထွက်ရာမှ ပြန်လာသောအခါ စီရင် ထံမှ သူ့ ရွှေမှုန့်အိတ် ကို တောင်း၏ ။ စီရင် လည်း ဘာမျှ မပြောဘဲ သဲမှုန့်အိတ်ကို ပြန်ပေးလိုက်၏ ။

စံပလည်း အိမ်ရောက်၍ အိတ်ကို ဖွင့်ကြည့်သောအခါ သဲများကို တွေ့သဖြင့် စီရင် ထံ ပြန်လာပြီးသော် “ ဘာလုပ်တာလဲဗျ ၊ ကျွန်တော် ခင်ဗျားကို ယုံလို့ အပ်နှံခဲ့တုန်းက ရွှေမှုန့်အိတ်ပါ ၊ ကျွန်တော့်ကို သဲအိတ် ဘာပြုလို့ ပြန်ပေးရသလဲ ” ဟုမေး၏ ။

မရိုးသားသော စီရင် လည်း တအံ့တသြနှင့် မသိလေဟန်ဆောင်၍ သူငယ်ချင်းရယ် ၊ ဒါက ဒီလိုပဲ ပြောင်းသွားတာပဲ ၊ ဒါက ဒီလိုပဲ ပြောင်းသွားတာပဲ ” ဟု တတွတ်တွတ်ပြော၏ ။ စံပ လည်း ဘာမျှ ဆက်မပြောတော့ပေ ။ သဲအိတ်ကိုသာ ယူခဲ့၍ သူ့အိမ်သို့ပြန်ခဲ့၏ ။

မေ့မေ့ပျောက်ပျောက် ရှိသွားသောအခါ စံပ သည် ကလေးသူငယ်များ အတွက် အခလွတ် ပညာသင်ကျောင်းတစ်ကျောင်း ဖွင့်ကာ ရပ်ရွာရှိ ကလေးများကို ကျကျနန စာသင်ပေး၏ ။ စီရင်လည်း သူ့ သားငယ် ကိုလည်း အဖိုးအခ မပေးရဘဲ စာတတ်စေချင်သောကြောင့် စံပ ကျောင်းတွင် လာရောက် အပ်နှံထား၏ ။

တစ်နေ့သော် စီရင် သည် ခရီးထွက်စရာ ရှိသဖြင့် သူ ပြန်မလာမချင်း သူ့သားကို စောင့်ရှောက်ထားပါရန် စံပအား အပ်နှံထားပြီးလျှင် ခရီးထွက်၏ ။

မိမိ အလှည့် တစ်ချက်ကို စောင့်နေသော စံပ လည်း မျောက်လိမ္မာကလေး တစ်ကောင် ကို ရှာပြီးသော် အောက်ပါအတိုင်း စကား ပြောတတ်အောင် သင်ပေး၏ ။

“ ဖေဖေရယ် ၊ ကျွန်တော်တော့ ဒီလိုပဲ ပြောင်းသွားတာပဲ ၊ ကျွန်တော်တော့ ဒီလိုပဲ ပြောင်းသွားတာပဲ ” ဟု တတွတ်တွတ် ပြောတတ်အောင် သင်ထား၏ ။ စီရင် သည် ခရီးထွက်ရာမှ ပြန်လာသောအခါ ကျောင်းသို့ သွား၍ သူ့သားငယ်ကို ဘယ်လို နေသလဲဟု လျှောက်ကြည့်၏ ။

ကျောင်းတွင် သူ့သား ကိုကား မတွေ့ ၊ မျောက်ကလေး တစ်ကောင် ကိုသာ တွေ့သဖြင့် စာသင်နေသော စံပ အား “ ကျုပ်သား ဘယ်မှာလဲ ၊ သူ ဘယ်လို နေသလဲ ” ဟု မေး၏ ။ စံပ ကား ဘာမျှ မပြော ။ မျောက်ကလေး ကိုသာ ဆွဲသွားပြီးလျှင် စီရင် ထံ အပ်၏ ။ စီရင် လည်း ဒေါသကြီးစွာနှင့် “ ဒါ ဘာဖြစ်တာလဲ ၊ ဒါ ကျုပ်သား မဟုတ်ပါဘူး ၊ ခင်ဗျား ဆီမှာ အပ်ထားခဲ့တဲ့ ကျုပ်သား ဘယ်မှာလဲ ” ဟု မေး၏ ။

ထိုအခါ မျောက်ကလေးက “ ဖေဖေရယ် ၊ ကျွန်တော်တော့ ဒီလိုပဲ ပြောင်းသွားတာပဲ ၊ ကျွန်တော်တော့ ဒီလိုပဲ ပြောင်းသွားတာပဲ ” ဟု တတွတ်တွတ် ပြော၏ ။

စီရင် လည်း ဒေါသကို မထိန်းနိုင်ဘဲ စံပ အား အမျိုးမျိုး ကြိမ်းဝါး၏ ။ စံပ လည်း မတုန် မလှုပ်နေ၏ ။ မျောက်ကလေး ကသာ “ ဖေဖေရယ် ၊ ကျွန်တော်တော့ ဒီလိုပဲ ပြောင်းသွားတာပဲ ” ဟု တစာစာပြောနေ၏ ။

နောက်ဆုံးတွင်မှ စံပ ၏ လှည့်စားချက်ကို သတိရကာ သူ သုံးထားသော ရွှေမှုန့်ကို ပြန်ဆပ်ပါမည် ။ သူ့သား ကိုလည်း သူ့ ပြန်အပ်ပါဟု တောင်းပန်မှ ကျေအေးသွားကြ၏ ။

( ဘာသာပြန် )

〇 တက္ကသိုလ်မောင်မောင်ကြီး
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၃ ၊ အောက်တိုဘာ

No comments:

Post a Comment