❝ ပြည်သူတို့ နဲ့ အတူ ❞
သူဟာ စိတ်ကူးယဉ်တဲ့ အမျိုးသမီး တစ်ယောက် လား ။
ငယ်ငယ်တုန်းက ပြည်သူ့ စာပေတွေကို သူ ဖတ်ခဲ့ပြီး အခြေခံ လူတန်းစားကို အလုပ်အကျွေး ပြုမယ်လို့ စိတ်ကူးခဲ့သူ ဖြစ်တယ် ။ ဝန်ထမ်းသက် နှစ် ၃၀ လောက်မှာ နှစ် အစိတ်က ဝါးတော ၊ မျှစ်တောထဲ နေခဲ့ရသူ ဖြစ်တယ် ။
အသက်ပြည့် ပင်စင်ယူလို့ နှုတ်ဆက်ပွဲ လုပ်တဲ့အခါ သူ ဝန်ထမ်းဘဝနဲ့ ရတဲ့ လုပ်အားခနဲ့ပဲ ရပ်တည်ခဲ့တာ ၊ ရှိတာနဲ့ တင်းတိမ်ရောင့်ရဲခဲ့တယ် ၊ အပ် တစ်ချောင်း ၊ အပ်ချည် တစ်မျှင်မျှ အခွင့်အရေး မယူခဲ့ပါဘူးလို့ ရဲရဲဝံ့ဝံ့ နှုတ်ဆက်စကား ပြောခဲ့သူ ဖြစ်ပါတယ် ။
ဒေါ်ဝင်းစိန် က ‘ မအေးချမ်း ’ ဆိုတဲ့ ကလောင်အမည်နဲ့ စာ လည်း ရေးတယ် ၊ ပင်စင် ယူခဲ့ပြီးတဲ့ နောက်မှာ သူ့ ကလောင်အမည်နဲ့ ကိုက်ညီစွာ အေးအေးချမ်းချမ်း နေထိုင်နေသူလည်း ဖြစ်တယ် ။ သူ့ကို လူချစ်လူခင် များပြီး တပည့်ဟောင်းတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေက ယခုအထိ သူ့အိမ်ကို ဝင်ထွက်ပြီး ဆွေမျိုးရင်းချာတွေလို ဆက်ဆံတာ ခံရသူလည်း ဖြစ်တယ် ။
သူ့ဘဝ တစ်ခန်းတစ်ကဏ္ဍကို ယခုလို ပြောပြပါတယ် ။
ကျွန်မ ဇာတိက ရန်ကုန် ကန်ဘဲ့ ၊ အခုတော့ ရန်ကင်းမြို့နယ်လို့ ခေါ်တယ် ။ အဖေက ယောဂီဆေးတိုက်ရဲ့ နယ်လှည့် ကိုယ်စားလှယ် ၊ မြန်မာပြည်အနှံ့ ဆေးလှည့်ရောင်းရတယ် ။ ကျွန်မ မောင်နှမ ငါးယောက်ထဲမှာ အငယ်ဆုံး ၊ အစ်ကိုကြီး က အဖေနဲ့ တွဲ လိုက်ရတယ် ။
အိမ်က ဥယျာဉ်ခြံမြေ လုပ်ငန်းလည်း လုပ်တယ် ။ သရက် ၊ ပိန္နဲ နှစ်ရှည်ပင် တွေ စိုက်တာပေါ့ ။
ကျွန်မ ငယ်ငယ်ကလေး လွတ်လပ်ရေး မရခင် အချိန်မှာ အဖေ ဆုံးသွားတယ် ။ အစ်ကိုအကြီးဆုံး နဲ့ မေမေ နဲ့ တော်တော်ပဲ ရုန်းကန်ကြရတယ် ။ မေမေက သတ္တိ ကောင်းတယ် ။ အဖေ ဆုံးသွားတော့ ဆန် နဲ့ ထင်း ရောင်းတယ် ။
ကျွန်မ ငယ်ငယ်ကတော့ ပေပေတေတေ ၊ ကျောင်း ထားလို့ မရဘူး ။ အသက် ရှစ်နှစ်ခွဲ လောက်မှ ကျောင်း စနေတာ ၊ မောင် ယောက်ျားလေး အဖော်တွေနဲ့ ဘောလုံးကန်လိုက် ၊ စွန်လွှတ်လိုက် ၊ ရန်ဖြစ်ရင် အပြန်အလှန် ထိုးလိုက် ကြိတ်လိုက် ၊ လေချွန်လိုက် ။ လေချွန်တယ် ဆိုတာ သီချင်းတစ်ပုဒ်လုံး ဆုံးအောင်ကို ချွန်နိုင်တာ ။
ယောက်ျားလေးတွေနဲ့ ပေါင်းပြီး ယောက်ျားလေးစရိုက်နဲ့ ကြီးပြင်းလာရတော့ ကျွန်မက ကနွဲ့ကလျတော့ မရှိဘူး ။ ( ယောက်ျားလျာ ဘာကြောင့် မဖြစ်တာလဲ လို့ စာရေးသူက ကြားဖြတ် မေးတယ် ။ ) ယောက်ျားလေး စိတ်တော့ မဟုတ်ဘူး ။ ဒေါင်းတည် မောင်းတည် နေတတ်တာ ၊ ပျော့စိစိ မဟုတ်ဘဲ မဟုတ်မခံ နေခဲ့တာ ။
ကျောင်း စ နေတော့ ကိုယ့် ရပ်ကွက် မူလတန်းကျောင်း မှာပဲ ၊ ကိုယ့် ဘဝကို ပြုစုပျိုးထောင်ရာမှာ ငယ်ဆရာက အရေးကြီးတယ် ။ ကျွန်မ ရဲ့ ငယ်ဆရာ ဆရာကြီး ဦးခင်မောင် က ကျောင်းကို အစိုးရ အသိအမှတ် မပြုခင် ကတည်းက စေတနာ့ဝန်ထမ်း လာလုပ် ပေးနေတာ ၊ သင်္ချာ အသင်အပြ ကောင်းတယ် ။ ဆရာကြီးရဲ့တပည့်တွေက သင်္ချာ အဆင့် မနိမ့်ဘူး ။
ခုနစ်တန်း အောင်တော့ အောင်ဥက္ကလာ ဆိုတဲ့ ပရိုက်ဗိတ်ကျောင်းမှာ အိမ်က ထားတယ် ။ ဆရာတွေက အင်္ဂလိပ်စာ ကို သေသေချာချာ သင်ပေးတယ် ။ ကျောင်းက ညပိုင်း တက်ရတာ ၊ ရပ်ကွက်ထဲမှာ နေတဲ့ အဘိုးကြီး တစ်ယောက်က ငါ နဲ့ လိုက်ခဲ့လို့ ခေါ် သွားပြီး Audit Firm မှာ အလုပ် လုပ်ခိုင်းတယ် ။ အသက်က ငယ်သေးတော့ တရားဝင် ဝန်ထမ်းတော့ မဟုတ်ဘူးပေါ့ ။ ထမင်းအိုးထမ်း ၊ ဟင်းအိုးထမ်း စာရင်းစစ်ပေါ့ ။ မုန့်ဖိုး သဘောမျိုး ပိုက်ဆံပေးတယ် ။ တော်တော် သုံးလောက် စွဲလောက်ပါတယ် ။ ကျောင်းစရိတ် ရတယ် ။ ကလေး ဆိုတော့ လယ်ဂျာ သွင်းတာတို့ ဘာတို့ စစ်ရတာပေါ့လေ ။ ကုမ္ပဏီတွေ လှည့်လှည့်သွားရတာ ။
၁၉၆၄ ခုနှစ် မှာ ဆယ်တန်း အောင်တယ် ။ စာရင်းကလေးကလည်း လုပ်လက်စ ဆိုတော့ စီးပွားရေးတက္ကသိုလ် တက်ခွင့် လျှောက်လိုက်တယ် ။ အမေက မုဆိုးမ ဆိုတော့ နှစ် အကြာကြီး မတက်ရတဲ့ တက္ကသိုလ်မျိုး ရွေးလိုက်တာလည်း ပါတာပေါ့ ။
၁၉၆၉ ခုနှစ်မှာ ဝါဏိဇ္ဇဘွဲ့ ကို စာရင်းစစ် ၊ စာရင်းကိုင် နဲ့ ပြီးတယ် ။ ဘွဲ့ ရချိန် က ၁၉၇ဝ ခုနှစ် ၊ သမဝါယမ စီမံကိန်း နဲ့ သွားတိုးတယ် ။ ငယ်ငယ် က စာတွေ ဖတ်တဲ့အခါ ပြည့်သူစာပေတွေ ကြိုက်တယ် ။ ပြည်သူတို့ နဲ့ အတူ ဆိုတာမျိုး စိတ်က စွဲနေတယ် ။ ပြည်သူတွေနဲ့ အတူ နေထိုင်ရမယ် ဆိုတာ စိတ် က စွဲနေတယ် ။ အခြေခံ လူတန်းစားနဲ့ ထိထိစပ်စပ် လုပ်ချင်တယ် ဆိုပြီး သမဝါယမ ဘက် ရောက်သွားတယ် ။
၁၉၇ဝ ခု မှာ ဖောင်ကြီး ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း ၊ ဇေယျ အမှတ်စဉ် ၁ တက်ရတယ် ။ သင်တန်းဆင်းတော့ ပဲခူးတိုင်း သနပ်ပင် မှာ တာဝန် ကျတယ် ။ အလုပ်သင် အရာရှိပေါ့ ။ အဲသည်တုန်းက သနပ်ပင် မှာ သမဝါယမ အသင်းပေါင်း ၄၅ သင်း ရှိတယ် ။ စပါးဒိုင် က ငါးဒိုင် ။ သမဝါယမ က စပါး အကြီးအကျယ် ဝယ် နေတဲ့ အချိန် နယ်တွေ ဆင်းရတာပေါ့ ။
နတ်ရေကန် တို့ ၊ ကျွဲတဲ တို့ ဆိုတဲ့ ရွာတွေက စစ်တောင်း မြစ်ကမ်းပါးမှာ ရှိတာ ။ အင်မတန် သာယာတယ် ။ သောင်းကျန်းသူ အဝင် အထွက်လည်း ရှိတယ် ။ ကိုယ် အထွက် သူ အဝင် တစ်ခါတစ်ရံ ဖြစ်တာပေါ့ ။ ကိုယ်က ခြေမှာ ဗွေ ပါနေတော့ လျှောက်သွားနေတာ နားရတယ် မရှိဘူး ။ ကိုယ် လုပ်ချင်လို့ ရွေးချယ်ခဲ့တာ ဆိုပြီး ပင်ပန်းတယ် မထင်ခဲ့ဘူး ။
သနပ်ပင် ကနေ ရန်ကုန် အမှတ် ၁ဝ နယ်မြေကို ပြောင်းရတယ် ။ သာကေတ ၊ ဒေါပုံ နယ်မြေပေါ့ ။ စီမံကိန်း နဲ့ သမဝါယမ အသင်းတွေ ဖွဲ့ရာမှာ နေ့မအား ညမနား ပါရပြန်တယ် ။ ဝါသနာပါတဲ့ အလုပ် ဆိုတော့ ပျော်နေတာပါပဲ ။
၁၉၇၄ ခုနှစ် ကျတော့ သပိတ်ကျင်း ကို ပြောင်းရတယ် ။ သပိတ်ကျင်း က မြို့ကျဉ်းပေမယ့် နယ်က ကျယ်တော့ အဝေးကြီး ခရီးသွားရတယ် ။ သင်္ဘော တစ်တန် လှေ တစ်တန် ခြေလျင် တစ်တန် လှည်း တစ်တန် သွားခဲ့တယ် ။ တောနက်တွေကို ဖြတ်ပြီး ဆင် မကြောက် ကျား မကြောက် လည်း သွားတယ် ။ လေထန်ပြီး လှိုင်းကြီးလို့ လှေနစ်ပြီး သေမလိုလည်း ဖြစ်ဖူးတယ် ။
တောထဲ တောင်ထဲ သွားရတာက ဝန်ထမ်း ယောက်ျားတွေနဲ့ သွားတာ ။ မိန်းကလေး တစ်ယောက်ရဲ့ ဘဝဆိုတာ အချိန်တိုလေး အတွင်း ပြောင်းလဲ သွားနိုင်တယ် ။ ကျွန်မကတော့ ကိုယ့်ဝန်ထမ်းတွေကို ယုံကြည်တယ် ။ ကိုယ်က ကိုယ့်မောင်တွေလို သဘောထားတော့ သူတို့ ကလည်း အစ်မတစ်ယောက်လို ဖြူဖြူစင်စင် ဆက်ဆံတာ ခံခဲ့ရတယ် ။ ကျွန်မက ကိုယ့်ဝန်ထမ်း တစ်ယောက်ပါရင် ဘယ်ခရီး မဆို သွားရဲတယ် ။ စိတ်ရဲတယ် ။
သပိတ်ကျင်း မှာ လေးနှစ် နေပြီးတော့ ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်ကို ပြောင်းခိုင်းတယ် ။ ကျွန်မက ဟိုတုန်းကလည်း ပိန်ပိန်လေး ။ ထူးခြားတဲ့ ရောဂါ မရှိပေမယ့် ဖောင်ကြီး လို နေရာမှာ ဒဏ် ခံနိုင်ပါ့မလား စိုးရိမ်တယ် ။
ဆရာ ဆိုတာ ဦးဆောင်ဦးရွက် လုပ်ရမယ့် သူ ။ တာဝန် ကျေပါ့မလားပေါ့ ။ နောက် တစ်ခုက ယူနီဖောင်း အမြဲ ဝတ်ပြီး စစ်ဖိနပ်ကြီး အမြဲ စီးရမှာ ဖြစ်မှ ဖြစ်ပါ့မလားပေါ့ ။
သင်တန်းမှာ ခရီးတို ချီတက်တာတို့ ခရီးရှည် ချီတက်တာတို့ လုပ်ရတယ် ။ ကိုယ်က ဆရာမို့ သင်တန်းသားနဲ့ အမြဲ လိုက်ရတယ် ။ သင်တန်းသား အတွက် တော့ နှစ်ခေါက်ပဲ ။ ကျွန်မ ကတော့ သင်တန်းသား သွားတိုင်း လိုက်ရတော့ ၈၇ ခေါက် ကျတယ် ။ သူတို့ မိုင် ၂ဝ ဆို ကိုယ်လည်း မိုင် ၂ဝ ၊ သူတို့ ၂၅ မိုင် ဆိုရင် ကိုယ်လည်း ၂၅ မိုင် သွားရတာ ။ မိုင် ဖွဲ့ရင် မြန်မာပြည် တစ်ပတ်များ ဖြစ်နေမလားပဲ ။
ရယ်စရာပါပဲ ။ ခရီးရှည် သွားတဲ့အခါ ချောင်းကို ဖြတ်ကူးဖို့ ထန်းပင်လုံး ကန့်လန့်ဖြတ် ချထားတယ် ။ လက်ကိုင်စရာ ဝါးလုံးတန်း ရှိတဲ့ အခါ ရှိတယ် ။ မရှိတဲ့ အခါ မရှိဘူး ။ ကျွန်မက မြေပြင် ရိုးရိုး သွားတာတောင် ခဏခဏ ချော်လဲ နေတဲ့သူ ။ ခုဖြင့် အံ့ဩစရာ ကောင်းတာက သည် ချောင်းကြီးကို ထန်းလုံးချောချောကြီး ပေါ် စစ်ဖိနပ်ကြီးနဲ့ ဖြတ်တာ ရောက်သွားတာပဲ ။ စိတ်ဓာတ်ပေါ့ ။ ဖြစ်အောင်လုပ်မယ် ဆိုပြီး လုပ်တော့ ဖြစ် သွားတာပေါ့ ။
နောက်က သင်တန်းသူတွေက ကိုယ့်ကို စောင့်ကြည့်နေတယ် ။ ဆရာ ပါရင်တဲ့ ။ ဖောင်ကြီး မှာ အမျိုးသမီးဆရာကိုလည်း ဆရာလို့ပဲ ခေါ်တယ် ။ ဆရာက သေးသေးလေးနဲ့ ရှေ့က သွားတော့ ကျွန်မတို့ အား ရှိတယ် ။ ဆရာတောင် ဖြတ်သွားသေးတာ ၊ တို့ ဘာကြောင့် မဖြစ်ရမှာလဲ ဆိုပြီး လုပ်ရတာပဲတဲ့ ။ တစ်ခါတလေ သင်တန်းသူတွေရဲ့ သေနတ်ပါ ကိုယ်က ထမ်းပေးရသေးတယ် ။
လာတဲ့ သင်တန်းသူတွေ က ဆရာဝန်တို့ ၊ အင်ဂျင်နီယာတို့က အစ ပေါင်းစုံ ။ သင်တန်း တစ်ပတ်ကို လူ ၂၅၀ နဲ့ ၃၀၀ ကြား ။ ညဆို သူတို့က တစ်လှည့်စီ ဖျားနေလို့ လာ နှိုးရင် ထရတာပဲ ။ အဲသည့်အချိန်က အပြင်းပြဆုံး ဆန္ဒက တစ်ရက်လောက် အိပ်ရေး ဝဝ အိပ်ချင်တာပါ ။
ဖောင်ကြီး မှာ မျှော့တွေ ကျွတ်တွေဆိုတာ တွယ် သလား မမေးနဲ့ ။ ခရီးရှည် ချီတက်တဲ့အခါ တစ်ခါတလေ မိုးတွေက တောက်လျှောက် ရွာရင် ခေါင်းလောက် နက်တဲ့ ရေပြင်ကြီးကို ဖြတ်ကူးတဲ့ အခါ ကူးရတယ် ။ မျှော့ တွယ်တာပေါ့ ။ ကိုယ်လည်း ကြောက်တာပဲ ။ ကိုယ်က အောလိုက်ရင် ကျန်တဲ့ လူတွေ ပိုအော်တော့မှာပဲ ဆိုပြီး အောင့် နေရတာ ။ စခန်းချတဲ့ နေရာရောက်လို့ ထမင်း စားမယ် ဆိုတော့ ခါးပတ် ချွတ်လိုက်ရင် မျှော့တွေ တွယ်နေလိုက်ကြတာ သွေးကို ဝလို့ ။
ဟိုတုန်းကတော့ မိုးအေးရင် အနွေးထည်လေးနဲ့ ။ ဖောင်ကြီး ရောက်တော့ မနက်က မိုး စိုရင် ညနေ ပြန်ရောက်တဲ့ အထိ မိုးစိုနေတာပဲ ။ မကျန်းမမာ လည်း မဖြစ်ဘူး ။ ဒါဟာ စိတ်ဓာတ်ကြောင့်လို့ ထင်တယ် ။ ဖောင်ကြီး မှာ နှစ် ၂ဝ နဲ့ တစ်လ နေခဲ့တယ် ။ ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ် ပြီးတော့ ဖောင်ကြီး သမဝါယမ တက္ကသိုလ် မှာ ဆရာအဖြစ် ပြောင်းရတယ် ။
နောက်တော့ မလေးရှား ကို Training for trainer သင်တန်း သွားတက်ရတယ် ။ သန်လျင် သမဝါယမ ဒီဂရီကောလိပ်မှာ တွဲဖက်ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်ရတယ် ။
ကျွန်မ လုပ်သက် တစ်လျှောက်လုံးမှာ လုပ်ခဲ့ရတာတွေကို ပင်ပန်းတယ်လို့ မထင်ခဲ့ဘူး ။ အခြေခံ လူတန်းစားအတွက် လုပ်ချင်ပါတယ်ဆိုတဲ့ ခံယူချက်ကို ယခုအထိ ထိန်းသိမ်းထားဆဲပါပဲ ။
⎕ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ


No comments:
Post a Comment