❝ ဈေးရောင်းကောင်းတဲ့ မညွန့်ရီ ❞
( ကြည်အေး )
မညွန့်ရီသည် ကျွန်မ၏ တောင်ဥက္ကလာ ဆေးခန်းတွင်းသို့ ကိုယ်လုံး အလျင် ဝင်လာပါသည် ။ လိုက်ကာ အပြင်၌ ချန်ခဲ့သော မျက်နှာ လိုက်လာလျှင် တစ်ခြမ်းသာ အလျင် ပြပါသေးသည် ။
“ ဒေါက်တာ ကျွန်မလေ ရှန်ကာ ပေါက်နေလို့ ပင်နင်စလင် တစ်လုံးလောက် ထိုးပေးစမ်းပါ ” ဟု ဗြုန်းစားကြီး ပြောပါသည် ။ သူ့တစ်မျက်နှာလုံး လှည့်လာပြီး စားပွဲ ရှေ့ကုလားထိုင်တွင် ထိုင်မည် အပြုတွင်တော့ ကျွန်မကို မှတ်မိသွားပြီး
“ ဟောတော့ ” ဟု လွှတ်ခနဲ ဆိုကာ ငိုတော့မလို မျက်နှာညိုမောင်းလာပါသည် ။ ကျွန်မတို့ နှစ်ယောက်လုံး ခဏမျှ တိတ်ဆိတ်နေသည် ။ မညွန့်ရီက ထိုင်၍ ငိုင်နေကာ ကျွန်မကို မျက်နှာတစ်ခြမ်းသာ ပေးနေပြန်ပါသည် ။ ကျွန်မ သတိရလာပြီး စကားရော ဖောရောလုပ်ကာ မေးမြန်းရသည် ။
“ ဘယ်လိုလဲ မညွန့်ရီရဲ့ ၊ ခု ဘယ်မှာနေသလဲ ၊ မတွေ့ ကြတာ ကြာပြီနော် ၊ ကလေးတွေ နေကောင်းရဲ့လား ၊ အတော် ကြီးကုန်ရောပေါ့ ၊ ကျွန်မလည်း ဒီမှာ ဆေးတိုက် လာဖွင့်တာ မကြာသေးဘူး ၊ တောင်ဥက္ကလာလည်း နှံ့နှံ့စပ်စပ် မရောက်ဖူးသေးဘူး ၊ ဒီမှာ နေသလား ၊ လာလည်ရအောင် ”
“ ဪ ဟုတ်ကဲ့ ” ဟု မညွန့်ရီက အလန့်တကြား ဖြေသည် ။
“ ကျွန်မ ဒီပြောင်းလာတာ တော်တော်ကြာပြီ ၊ လေးငါးနှစ်တောင် မကတော့ဘူး ထင်တယ် ၊ ကလေးတွေလည်း ကျောင်းသားချည်း ဖြစ်ကုန်ပြီလေ ၊ ဒေါက်တာ အပြင်မှာ တွေ့ရင် မှတ်မိမှာ မဟုတ်ဘူး ၊ အကြီးဆုံးသမီးတောင် ဆယ်တန်း ဖြစ်နေပြီ ၊ မနှစ်က နေမကောင်းလို့ ကျသွားတယ် ၊ ဒီနှစ်တော့ အောင်ကောင်းပါရဲ့ ၊ အငယ်ဆုံးကလေးတောင် နှစ်တန်း ရောက်နေပြီ ”
“ ကလေး ၆ ယောက်နော် ”
“ ၇ ယောက်ပါ ဒေါက်တာ ၊ ဒေါ်ဒေါ်အုန်းတို့ အိမ်လာပြီး ငါးပိကြော်ကြော်ခိုင်း တဲ့နှစ်က မွေးတဲ့ကလေးကို ထွေးပြီး ထားတာ ၊ အဲဒီအောက် နှစ်ယောက် ထပ်မွေးသေးတယ် ”
“ ဪ ... မညွန့်ရီကလည်း ကိုယ် ထွေးစေချင်တဲ့ အတိုင်း ဘယ် ထွေးလို့ ရမလဲ ၊ ရှင့်အသက်က ငယ်သေးတာပဲ ”
“ အဲဒီတုန်းက ဒေါ်ဒေါ်အုန်း ငါးပိ ခဏခဏ ကြော်လို့ ကျွန်မ စိတ်ကောက်ရသေးတယ် ၊ ကလေးက ငယ်ငယ် ... မွေးကင်းစကလေး ၊ သူက တစ်နေ့တစ်နေ့ ကြော်လှော်နေတာပဲ ”
ကျွန်မသည် ခုမှ အားနာ ရယ်မောကာ
“ ဟုတ်ပါရဲ့ ၊ ကျွန်မကလည်း မသိတတ်ဘူး ၊ ယောက်ျားက နိုင်ငံခြားက နေပြီး ငါးပိကြော် မှာတိုင်း ဒေါ်ဒေါ်အုန်း ပဲ ကြော်ခိုင်းရတာပဲ ၊ ငါးပိကြော်က သိပ်ကရိကထများ တာ မဟုတ်လား ၊ ပြီးတော့ ဒေါ်ဒေါ် ကြော်သလောက် ကောင်းအောင်ကို ကျွန်မ မကြော် တတ်ဘူး ၊ ဒေါ်ဒေါ့် ငါးပိကြော်က မွှေးပြီး ကြက်သွန်ကြော်ကလေးတွေက ရွနေတာပဲ ”
“ ဟုတ်တယ် ၊ ကလေး မှောက်နိုင်တော့ ကျွန်မပါ ဝင်ကြော်ပေးသေးတယ် ၊ ဒေါ် ဒေါ်အုန်းက ညည်း ကြက်သွန်လှီးတာ ရိပ်ရိပ်ကလေးဟေ့ ၊ အဲဒီနေရာတော့ ညည်းက ပိုစိတ်ရှည်တယ် ဆိုပြီး ကူလုပ်ခိုင်းတော့ ကျွန်မပဲ အစအဆုံး ငါးခူငါးပိလိမ္မာကြော်တွေပေါ့ ... ကြော်ပေးတာ ၊ ဒေါ်ဒေါ်အုန်း က တစ်ပန်းကန် ကျွန်မကို အမြဲ ပေးသေးတယ် ”
“ ဟုတ်လား ၊ ကျွန်မတောင် မသိဘူး ၊ ဒါဖြင့် ကျေးဇူးပေါ့ ” ဟု ရယ်မောရသည် ။
“ အဲဒီတုန်းကဆို ကျွန်မတို့လေ တစ်နေ့တစ်နေ့ ဘာဟင်း ချက်စားရ ကောင်းမလဲ ၊ ဘာမုန့် လုပ်စားရ ကောင်းမလဲဘဲ စဉ်းစားနေကြတာပဲနော် ၊ လုပ်စရာ မရှိရင် ကျွန်မကလေ အမဲခြောက် ၊ ငါးရံ့ခြောက် လှမ်းတယ် ၊ သရက်သီး မရန်းသီးသနပ် စိမ်တယ် ၊ ကြက်ဥနှစ်ယို ထိုးတယ် ”
“ ဟုတ်တယ် ၊ ဒေါ်ဒေါ်အုန်း ကဆို သိပ်ချီးမွမ်းတာပဲ ၊ ငါးမုန့်ခြောက်တောင် လုပ် တတ်တယ်ဆို ”
မညွန့်ရီ သည် မျက်နှာတစ်ဖက် လှည့်ကာ တွေဝေ နေပြန်ပါသည် ။ ကျစ်လျစ်သော အသားအရေနှင့် အရိုးအချဉ် ကြီးသော်လည်း မျက်လုံး ၊ နှာခေါင်း ၊ ပါးစပ် တော်တော်လှပသူ ဖြစ်ပါသည် ။ ယခုလို ဘေးတစ်ခြမ်းသာ မြင်ရလျှင် မပြုပြင် မနုတ်သိမ်းဘဲ ဖြောင့်တန်း ထူထဲသော မျက်ခုံးစိမ်းစိမ်းများ ၊ နက်မှောင်သန်စွမ်းသည့် ကော့ပျော့သော မျက်တောင်များ ၊ ပေါ်လွင်သပ်ရပ်သော နှာခေါင်း ပါးစပ်များကို မြင်ရပါသည် ။ ယခုမှ ၃၅ နှစ်ခန့် ရှိဦးမည် ။ မညွန့်ရီ သည် မျက်နှာတည့်တည့် ပြန်လှည့်လာပြီး ...
“ အဲဒီတုန်းကဆို ကိုသောင်း ... ကျွန်မယောက်ျား ကိုသောင်းလေ ၊ တစ်လ ၂၅ဝ ကျပ်ပဲရတာ ၊ အဲဒီတုန်းက ကလေး လေးယောက်နဲ့ဟာ သုံးလား ၊ စားလား တော်တော် နေနိုင်တယ် ၊ ရွှေကလေးအစ ဝယ်နိုင်တယ် ၊ ခုတော့ တစ်လတစ်လ ၅၀၀ ကျပ်လည်း မလောက် ၊ ၆ဝဝ ကျပ်လည်း မလောက် ၊ ဘယ်လို ရှာရမှန်း မသိပါဘူး ဒေါက်တာရယ် ”
“ နေပါဦး ၊ မညွန့်ရီ ဘာလုပ်နေသလဲ ၊ ကိုသောင်းကော နေကောင်းတယ် မဟုတ်လား ”
မညွန့်ရီသည် ရုတ်တရက် နာကျင်သည့်သဖွယ် မျက်လုံးစုံမှိတ်၍ မျက်နှာကို ရှုံ့လိုက်ပြီးမှ သက်ပြင်းချကာ ပျင်းတွဲတွဲ ရယ်ပါသည် ။
“ ဟဲ ဟဲ ကျွန်မလား ”
မညွန့်ရီကို ဒေါ်ဒေါ်အုန်း၏ မြို့လယ်အရှေ့ပိုင်း နေအိမ်တစ်ခြမ်းကို စပေါ် ၃ဝဝဝ ကျပ်ပေး၍ ငှားနေသော ဒေါ်ဒေါ့်အိမ်နီးချင်း အဖြစ် စတင် မြင်ဖူးခဲ့ရသည် ။သူ့ယောက်ျား ကိုသောင်း ဆိုသူမှာ ထိုခေတ် ဖက်စပ်မှ လက်ထောက်မန်နေဂျာ လိုလို ၊ ရုံးအုပ် လိုလို ကျွန်မ ကောင်းစွာ မမှတ်မိ ၊ အစိုးရလခစား ဖြစ်ပါသည် ။ မြင်လည်း မမြင်ဖူးခဲ့ပါ ။ ဒေါ်ဒေါ်အုန်း၏ ဖွဲ့နွဲ့ချက်အရ ကိုသောင်း ဆိုသည်မှာ
“ မင်းသား လိုနေတဲ့ လူပါအေ ၊ သူ့ ကြည့်လိုက်ရင် ပက်လက်ကုလားထိုင်မှာ လှဲ ၊ သတင်းစာ ဖတ်နေတာပဲ ၊ အိမ်မှာ ကလေးတွေနဲ့ ပင်ပန်းရှာပါကလားလို့ မယားကို ကူဖော် တစ်ချက် မရဘူး ၊ ထမင်း လက်ဆေးစားတာ ၊ မယားက ရေဖန်ခွက်နဲ့ ယပ်တောင်နဲ့ ဘေးက ခစားရသေး ၊ ပိုးပုဆိုး ခါးကမချဘူး ၊ လက်ဖက်ရည်ဆိုင် ထိုင်တတ်တယ် ၊ ပါးစပ်က စကားများတယ် ၊ အကြွား ဝါသနာကလည်း မသေးလှဘူး ၊ သူ့ကိုယ်သူ တစ်လ ၄ဝဝ ကျပ်စားတဲ့ ... သူ့မယား မညွန့်ရီကကို အလကား ပြောတာပါ ၊ တစ်လ ၂၅ဝ ကျပ်ရတာ ပါလို့ ပြောယူရတာပဲကွယ် ၊ မညွန့်ရီကလေး သနားပါတယ် ”
ဒေါ်ဒေါ်အုန်းသည် အပျိုကြီးပီပီ ယောက်ျားဆို ခပ်ချဉ်ချဉ် ရှိတတ်တာကလည်း တစ်ကြောင်းဖြစ်ပါလိမ့်မည် ။ ကိုသောင်းကို ဒေါ်ဒေါ် မခင်မင်ချေ ။
မညွန့်ရီ ပင်ပန်းသည်ကိုလည်း သူ သနားလို့ မဆုံး ၊ အပျိုကြီးပီပီ ဘာကြောင့် အိမ်ထောင်သည် မိန်းမသည် အိမ်ထောင်အတွက် သည်လောက် အပင်ပန်းခံသည်ဆိုတာကိုလည်း နားမလည်နိုင် ။ သူ့မှာတော့ မနက်တစ်ခါက် ညတစ်ခေါက် လာ၍ အဝတ်လျှော် ၊ ထမင်းချက် ၊ အိမ်သိမ်းလာလုပ်သည့် ကု,လားမတစ်ယောက်က လွဲ၍ အဖော်မခေါ် ၊ တစ်ကိုယ်တည်း နေလာခဲ့၏ ။ တစ်နေ့တစ်နေ့ ဘုရားပန်း လဲလိုက် ၊ ဘူးလွတ် ပုလင်းလွတ် ကလေးများ ဆေးလိုက် ၊ ကြမ်းပြင်ကို ငှက်မွေးကြက်တောင်ဖြင့် သုတ်လိုက် နေရသည်ကိုပင် လူ့ဘဝသည် တာဝန်များလှသည်ဟု ညည်းညူမြဲ ဖြစ်သည် ။ ထို့ပြင် ငွေလိုချင်သည်ထက် အဖော်ပြုစရာ ၊ အားထားစရာ လိုသည်ဟု ကျွန်မတို့က တိုက်တွန်း၍သာ အိမ်တစ်ခြမ်းကို ငှားခဲ့ရာ ၊ မညွန့်ရီ ကလေး တရုန်းရုန်းနှင့်နေသည်ကို မြင်ပြီး လင်ယူရသည့် ကောင်းကျိုးမှာ ဒါမျှသာပဲဟု ဆိုလေ၏ ။
“ ကလေးမကတော့ တကယ် အလုပ်အကိုင် ကောင်းတဲ့ မိန်းမကွယ့် ၊ မနက် ၅ နာရီ ထိုးရင် ကော်ဖီ ဖျော်ပြီးပြီ ၊ ထမင်းအိုး တည်ပြီးပြီ ၊ ငရုတ်သီးကြက်သွန် ထောင်းပြီးပြီ ၊ ကလေးတွေကို မျက်နှာသစ် ၊ သွားတိုက် ကိုယ်တိုင် လုပ်ပေးလိုက်သေး ၊ လင်တော်မောင် ရေချိုးဖို့ ရေနွေးတည်လိုက်သေး ၊ ပြီးတော့ ဈေးသွားဝယ်ပြီး ပြန်လာချက်လိုက်တာ ၈ နာရီခွဲဆို ဟင်းခွက်ကို စုံလို့ ... ထမင်းပွဲပြင်ပြီးပြီတော့ ။ အဲ ... သူဈေးသွားတုန်း ကလေးငယ် ချေးပါရင်တော့ ချေးလူးပြီသာ မှတ်တော့ ၊ သူ့လင်ကတော့ လက်နဲ့ တို့မယ် မထင်နဲ့ ”
ကျွန်မက ရယ်မောကာ
“ ဪ ဒေါ်ဒေါ်ကလည်း အိမ်ထောင်သည် ဆိုတာ ဒီလိုပေါ့ ... ဒေါ်ဒေါ်က အပျိုကြီးပဲ ၊ ဒုက္ခရောက်တာလောက်ပဲ မြင်တာပေါ့ ၊ ဒီပြင် အိမ်ထောင်အရသာ ဆိုတာ ဘယ်သိနိုင်မလဲ ”
“ အမယ်လေးတော် ၊ ဒီလို အရသာမျိုးတော့ ကြောက်ပါ့ ၊ ယောက်ျားများ အင်မတန် တင်စီးတယ် ၊ တို့တော့ လင်ယူရင် ကိုယ် ငါးခုတ်တုန်း လင်က ငရုတ်သီးကူထောင်းပေးမှ လို့ စိတ်ကူးခဲ့လို့လား မသိဘူး ... လင်မယူဖြစ်ခဲ့ပေါင် ... ဝမ်းလည်း မနည်းပေါင် ၊ တကယ်ပါ ”
တစ်နေ့လယ်လုံး မညွန့်ရီသည် လှဲသည် ၊ နားသည်လို့ မရှိ ။ ကလေးများ ရေချိုး ၊ အဝတ်လျှော် ၊ မီးပူတိုက် တစ်ဆက်တည်း လုပ်သည် ။ ညနေ စားသောက်ခန်းပြီး ပြန်တော့ ကလေးများနှင့် ဝိုင်းဝန်း စာအံသေးသည် ။ ( သူ့ကလေးများ အင်မတန်စာတော်ကြသည်တဲ့ ) အားလုံး အိပ်လို့ ည ၁ဝ နာရီကျော်တော့ သူသည် တစ်အိမ်လုံး ကြမ်းတိုက်လေတော့သည် ။
“ တစ်ခါများ လက်အန်သေလို့တဲ့အေ ၊ ည ၁၀ နာရီကြီး ကြမ်းတိုက်တဲ့အဝတ် ကို ခြေနဲ့ နင်းပြီး မတ်တတ်ကြမ်းတိုက်တာ မြင်ရတယ် ၊ ဒေါ်ဒေါ်ကတောင် ပြောမိတယ် ၊ တစ်နေ့ ကြမ်းမတိုက်မိလို့ ဘာမှ ဖြစ်မသွားပါဘူးအေ ဆိုတော့ သူက ရယ်လို့ မောလို့ ၊ ဖြစ်တယ် ဒေါ်ဒေါ်ရဲ့တဲ့ ၊ ကျွန်မ အိပ်မပျော်တာ ဖြစ်တယ်တဲ့ ၊ တယ်ဝီရိယ ကောင်းတဲ့ မိန်းကလေး ”
ဟုတ်သည် ။ ကလေးများသော မညွန့်ရီတို့ အခန်းသည် ဖုန်မြူမကပ်ဘဲ အပျိုကြီး ဒေါ်ဒေါ်အုန်းအခန်း နှင့်ပြိုင်ကာ ပြောင်လက်သန့်ရှင်းနေတတ်၏ ။ ကလေးတွေကို သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းပေးထား၏ ။ ဝလင် ကျန်းမာကြဟန်လည်း ရှိ၏ ။
မညွန့်ရီသည် စည်းကမ်းလည်း နည်းနည်းကြီးသည် ။ သူ့ကလေးများ လမ်းမ ဆင်းမကစားကြရ ။ စနေ တနင်္ဂနွေညများမှာ မိဘနှင့် ပန်းခြံသို့ ၊ ကမ်းနားသို့ လမ်း လျှောက်သွားရ၏ ။ ကစားကြရ၏ ။ အိမ်မှာနေစဉ် အားလျှင် အိမ်တာဝန်ကို ဝိုင်းဝန်း လုပ်ကြရသည် ။ အကြီးက အငယ်ကို ထိန်းကျောင်းပြုစုရသည် ။
ဝါဝင် ဝါထွက် တွင်မူ ကလေးတစ်တွေကို လက်ဆွဲကာ ဒေါ်ဒေါ်အုန်း အခန်းသို့ ကူးလာပြီး ကျောက်ကာလင်ပန်းတွင် ငှက်ပျောသီး ၊ အုန်းသီးစိတ် ၊ ဆနွင်းမကင်း ၊ ဘီစကွတ်မုန့် ၊ ဖယောင်းတိုင်များ အမြိုင့်သားနှင့် ကန်တော့တတ်၏ ။ မညွန့်ရီ ၌ မိဘ မရှိ ၊ ဆွေရင်းမျိုးရင်း မရှိ ။ အထီးတည်းနိုင်သော ကျွန်မ၏ အဒေါ် သည်လည်း မျက်ရည်များပင် လည်ကာ အသံတုန်တုန်နှင့် ဆုပေးလေ့ ရှိပါသည် ။ ကလေးများကို အစေ့အင မုန့်ဖိုးပေးပါ သည် ။ ကျွန်မနှင့် ကြုံလျှင် မညွန့်ရီက ကန်တော့တတ်ကြောင်း ဖွဲ့နွဲ့ ပြောပြန်ပြီး
“ ကြီးပွားဦးမယ့် မိန်းကလေး ” ဟု သဘောကျ နေတတ်ပြန်သည် ။
သို့သော် ထိုအိမ်ထောင် ထိန်းသိမ်းတတ်သော ၊ ယဉ်ကျေးလိမ္မာသော မညွန့်ရီသည် နည်းနည်းမှ မကြီးပွားဘဲ ရှန်ကာ ပေါက်၍ ပင်နီဆီလင် ထိုးချင်သည် ဆိုကာ လူနာ အဖြစ် ကျွန်မထံ ယခု ရောက်လာပါပြီ ။
••••• ••••• •••••
မညွန့်ရီသည် တော်တော်နုပျိုသည် ။ ယခု ဝတ်စားဆင်ပြင်ဟန်မှာကလည်း အရောင်နုနု ၊ အဆင်ပြေပြေ ၊ ဆံပင်ထုံးပုံကအစ ဘီးဆံပတ်ကျစ်ကျစ်ပင် ကျန်သေးသော် လည်း ဆံယဉ်နုများ နဖူးမှာချလို့ ဝဲကာပျံကာ ကပိုကရိုနှင့် ၊ နှုတ်ခမ်းနီဖျော့ဖျော့နှင့် ၊ မျက်ခွံ တောင် ဆိုးလို့ ၊ အတော် ဆန်းပြားနေသည် ။
“ မညွန့်ရီက ရုပ်ရှင်မင်းသမီး လုပ်တောင်ရတယ် ၊ ခုမှ ပိုတောင် လှနေသေးတယ် ” ဟု ကျွန်မက ရယ်ရွှင်ကာ ပြောလိုက်မိလျှင် မညွန့်ရီသည် ကော့ဖြူးသော မျက်တောင်များကို ခတ်လိုက်ရာ မျက်ရည်တစ်ပေါက်ချင်း ကျလာပါသည် ။
“ စိတ်ညစ်လွန်းလို့ ဒေါက်တာရယ် ” ဟု အစပျိုးသည် ။
“ စိတ်ညစ်စရာ ဘာရှိလို့လဲ မညွန့်ရီ ”
“ ကျွန်မ အခု သိပ်ကျပ်တည်းတာပဲ ၊ ယောက်ျားလည်း မရှိတော့ဘူး ၊ ဒီလိုလေ ကိုသောင်း အလုပ်ပြုတ်သွားတယ် ၊ ကြာပြီ ၊ ဒေါက်တာ့ယောက်ျား ပြန်လာပြီး နယ်ပြောင်းကြတယ် မဟုတ်လား ၊ ကျွန်မတို့နဲ့ မတွေ့တော့ဘူးလေ ၊ အဲဒီနှစ်ကုန်လောက်မှာပဲ ကျွန်မ ယောက်ျား အလုပ်ပြုတ်သွားတယ် ”
“ အပြစ်က ဘာလဲဆိုတော့ ကျွန်မတို့လည်း မည်မည်ရရ မပြောတတ်တော့ဘူး ၊ ကိုသောင်းတို့ ဌာနက ပစ္စည်းတွေ ပျောက်တယ်ဆိုလား ၊ ငွေစာရင်း ကွာတယ်ဆိုလား မသိပါဘူး ၊ တကယ်စင်စစ်တော့ ကိုသောင်းဟာ ဒီလောက် မလုပ်ဝံ့ပါဘူး ၊ သူ့မှာ လေပဲ ရှိတာပဲ ၊ ဟုတ်ပါတယ် ၊ ဘေးဘီက လက်သိပ်ထိုး ပေးသွားတာလေးတွေ တစ်လ ၅ဝ ကျပ် ၊ ၆၀ ကျပ် ရတတ်ပါတယ် ၊ ကျွန်မတို့ကဖြင့် အဲဒါ ဂုဏ်ရှိတယ် ထင်လို့ အပိုဝင်တာနဲ့ ပေါင်းရင် လခ ၃ဝဝ ကျပ် ကျော်တယ် ၊ ဘာညာနဲ့တောင် ကြွားခဲ့ဖူးသေးတာပဲ ၊ ဒါပေမဲ့ ရုံးက ဘာပစ္စည်း တစ်ခုမှ ပါမလာဖူးတာ အမှန်ပါပဲ ၊ သူ ဘာပစ္စည်း ကိုင်ရတယ် ဆိုတာတောင် ကျွန်မ မသိပါဘူး ၊ ကျွန်မတာဝန်က အိမ်မှာပဲ ဆိုပြီး သူ့ရုံးကိစ္စ မှာလည်း ဝင်မစပ်စုပါဘူး ၊ ပြီးတော့ သူ့ဌာနမှာ အရောင်းစာရေးက ၆ ယောက်တောင် ရှိတာ ၊ ဘယ်သူက ဘာလုပ်သွားတယ် ဆိုတာလည်း ဘယ့်နှယ်ပြောနိုင်မလဲ ၊ လူတွေက လိမ်ပြောဖို့နဲ့ ခိုးဖို့ကို ဝန်လေးကြတော့တာမှ မဟုတ်တာ ”
“ ကိုသောင်းကလည်း အချုပ် မခံရ ၊ အမှု မဖြစ်တာပဲ တော်လှပါပြီလို့ ဆိုပါတယ် ၊ ကျွန်မတို့ အလုပ်ပြုတ်တော့ ကိုသောင်း ကလည်း ရုံးအလုပ် အပြင် ဘာမှ မလုပ်တတ်ဘူး ၊ ကျွန်မက ပြောတယ် ၊ ရှင် ကားနည်းနည်းပါးပါး မောင်းတတ်သားပဲ ၊ ကျွမ်းကျင်အောင် သင်ပြီး သုံးဘီးကား မောင်းပါလားလို့ ၊ တစ်နေ့ နှစ်ဆယ် အစိတ်ကျန်တယ် ပြောတယ်လို့ ၊ သူကလည်း မာနကြီးသား ၊ ရှက်တယ်တဲ့ ၊ သူ့ကို အလုပ်ပြန်ခန့် မလိုလို ပြောပြန်ရော ၊ တခြား ရုံးမှာ ရမလို ပြောပြန်ရော ၊ တော်ကြာ ဟိုလူကြီးဆီ စာတင်လိုက် ၊ ဒီလူကြီးဆီ စာတင်လိုက်နဲ့ အချိန် ဘယ်လို ကုန်သွားမှန်းတောင် မသိပါဘူးရှင် ”
“ ကျွန်မ သဘောကတော့ ဆိုက်ကား နင်းရ နင်းရ ၊ အမှိုက် ကျုံးရ ကျုံးရ ၊ နေ့စဉ် ငွေဝင်အောင်တော့ လုပ်မှာပဲ ၊ ဒီလို ပြောတော့ သူနဲ့ ရန်ဖြစ်တယ် ဒေါက်တာရဲ့ ”
“ ကျွန်မလည်း ရွှေကလေး လေးငါးကျပ်သား ရှိတာ ရောင်းစားတာပေါ့ ၊ ပြီးတော့ ကလေးက ငါးယောက် ၊ ဗိုက်ထဲက တစ်ယောက် ၊ အနေအစား ကလည်း ရုတ်တရက် မလျှော့တတ် ၊ ဟင်းမပါဘဲလည်း ကလေးတွေကို မကျွေးတတ် ၊ မကျွေးချင် ”
“ ဒေါ်ဒေါ်အုန်းက ပထမတော့ ကျွန်မကို ဆန်ပေး ၊ ဆီပေးနဲ့ ကူရှာပါသေးတယ် ၊ ကြာတော့လည်း ဘယ်ပေးနိုင်မလဲနော် ၊ ကျွန်မလေ မနှမြောဘူး ၊ ကလေးတွေ စားဖို့ အကုန် ချရောင်းတာပါပဲ ၊ အင်းလေ ... ဇင်းမယ် ရှိသမျှ သူ့ဘန်ကောက်လုံချည် ၊ နောက်တော့ အိမ်ထောင်ပစ္စည်း လတ်လတ်ဆတ်ဆတ် ရောင်းလို့ ရသမျှပေါ့ ”
“ ရောင်းလို့ ကုန်တော့ ကျွန်မလည်း ဘာမှ မလုပ်တတ်တော့ဘူး ၊ တစ်နေ့ ရှက်လည်းရှက်ပါရဲ့ ၊ မှတ်မိသေးတယ် ၊ ဒေါ်ဒေါ်အုန်းရဲ့ အသည်းစွဲကလေး သမီးထွေးကို လွှတ်ပြီး ဆန်တောင်းခိုင်းလိုက်တာ ရမလာဘူး ၊ ကျွန်မလည်း စိတ်ပေါက်ပေါက်နဲ့ ဟောဒီ အိုးခွက်တွေပဲဟဲ့ ၊ လူကို ဒုက္ခပေးနေတာ ဆိုပြီး ဒန်အိုးတွေရော ၊ ရေနံဆီခြောက်နေတဲ့ မီးဖိုဟောင်းကလေးရော အကုန်ခြေထောက်နဲ့ ကန်ပစ်ပြီး အိမ်ရှေ့ခန်းမှာ မှောက်အိပ် နေလိုက်ရော ၊ မိုးချုပ်လို့ မှောင်လာတော့ ကျွန်မလေ အိပ်မက်ထဲမှာ ငိုပြီး မျက်ရည်တွေနဲ့ နိုးလာတော့ ကလေးတွေကို ဒေါ်ဒေါ်အုန်းက ခေါက်ဆွဲကြော် လာဝယ်ကျွေးနေတာ တွေ့ရတယ် ၊ ကျွန်မလည်း နည်းနည်း ထစားတော့ အရသာ ရှိလိုက်တာလေ ”
“ ကျွန်မယောက်ျားလား ၊ သူကတော့ သူ ကျွေးခဲ့ ပေးခဲ့ဖူးတဲ့ မိတ်ဆွေတွေ အိမ် လည်စားနေတာပေါ့ ၊ တစ်ခါသွား ကလေးတစ်ယောက် နှစ်ယောက် ခေါ်ခေါ်သွားတယ် ၊ ကျွန်မကိုတောင် ခေါ်လိုက်သေးတယ် ၊ ရှက်လွန်းလို့ မလိုက်ပါဘူး ”
“ ဒီလိုနဲ့ တစ်နေ့တော့ ကျွန်မ သဘောပေါက်လာတယ် ၊ ကိုသောင်းကတော့ ရုံး အလုပ်ထက် အောက်ကျတဲ့ အလုပ်တော့ လုပ်တော့မှာ မဟုတ်ဘူး ၊ သူ့ ကြည့်ရတာ တစ်နေ့ တခြား ပျင်းလာပြီး အလုပ် မရှိတာပဲ အေးချမ်းသလို လုပ်နေသေးတယ် ၊ သူ မလုပ်ရင် ငါ အလုပ် လုပ်မှပဲလို့ ”
“ ဒါနဲ့ စပေါ်ပြန်ရအောင် တောင်ဥက္ကလာ ပြောင်းမယ်ဆိုပြီး ဒေါ်ဒေါ်အုန်းဆီက ပိုက်ဆံပြန်တောင်းတော့ အိမ်လခနဲ့ ပြန်နှိမ်လာတာမို့ တစ်ထောင်တောင် မပြည့်တော့ပါ ဘူး ၊ ဒါလည်း ကိုသောင်းက အလုပ်ပြုတ် ကတည်းက သူ ချေးငှားသုံးလာတာတွေ အကြွေး ဆပ်ရမယ် ဆိုပြီး ယူသွားလိုက်တာ ကိုင်တောင် မကိုင်လိုက်ရတော့ပါဘူးရှင် ”
“ ဒေါ်ဒေါ်အုန်းက ပြည်သူ့ဆိုင်က သူ ထုတ်ထားတဲ့ ဇာစကလေး သွားရောင်းချည်ဆိုတော့ ကျွန်မလည်း ဘာမှ မလုပ်ဖူး မကိုင်ဖူး ၊ ၁၆ နှစ်သမီးက လင်ယူပြီး တစ်သက် လုံး အိမ်မှာ ထမင်းချက်စားလာတဲ့ လူဆိုတော့ ဘယ်လို ပြောရဆိုရမှန်းတောင် မသိဘူး ၊ ရှက်ရှက်နဲ့ ခေါင်းပေါ် နေပူလို့ အုပ်ထားတဲ့ မျက်နှာသုတ်ပဝါစကို မျက်နှာတစ်ခြမ်း အုပ်ပြီး သူများတွေ အော်ခေါ် ရောင်းနေတဲ့အထဲ သွားထိုင်နေလိုက်တာ တစ်နေကုန်ပါရော ”
“ ညနေစောင်းမှ ရုံးပြန်အရာရှိကြီးနဲ့ တူပါတယ် ၊ ကျွန်မ ဇာစကို လာဝယ်တယ် ၊ ကျွန်မကလည်း ဘာမှ ဈေးမဆိုတတ်တာနဲ့ ဦးလေးရယ် ပြည်သူ့ဆိုင်က ဆယ့်ခြောက်ကျပ် ပြားလေးဆယ်နဲ့ ထုတ်ခဲ့တာပါ ၊ ပေးချင်သလောက် ပေးခဲ့ပါ ၊ ကျွန်မ ကလေးတွေ ဆာကြရောပေါ့လို့ ပြောမိတယ် ၊ လူကြီးက ဟင် ... ဒီအဆင်ပဲ နှစ်ဆယ့်သုံးကျပ်နဲ့ ဆစ်လို့မရခဲ့ဘူး ၊ နှစ်ဆယ့်သုံးကျပ်နဲ့ ရောင်းဆိုပြီး ဝယ်သွားတယ် ”
“ ကျွန်မလေ ခြောက်ကျပ်ကျော်ကျော် မြတ်လိုက်တာ ဝမ်းသာလို့ မဆုံးဘူး ၊ ဒေါ်ဒေါ်အုန်း ကတော့ နှစ်ကျပ်လောက် ရောင်းပေးခ ပေးမှာပဲလို့ စဉ်းစားတယ် ၊ ကလေးတွေ နှစ်ကျပ်နဲ့ ဝအောင် ဘာကျွေးရမလဲ စဉ်းစားတယ် ၊ ဒါပေမဲ့ ဒေါ်ဒေါ်အုန်းက ခြောက်ကျပ်လုံး ပေးလိုက်တယ် ”
“ အဲဒီကစပြီး ကျွန်မ အဲဒီတုန်းက ရှိသေးတဲ့ သမဝါယမတို့ ၊ ကုန်ပဒေသာတိုက်တို့ ၊ ထောက်ပံ့ရေးတို့က အစ အိမ်နားက ပြည်သူ့ဆိုင် အဆုံးပေါ့ ၊ တန်းစီ တိုးပြီး ရောင်းတဲ့ မှောင်ခိုဈေးသည် ဖြစ်သွားလိုက်တာ အတော် ကြီးပွားသွားတယ် ဒေါက်တာရဲ့ ၊ ကိုသောင်း ကိုလေ တစ်နေ့ ဈေးဖိုး တစ်ဆယ်တောင် ပေးနိုင်တယ် ၊ မိုးလင်းဆို ထွက်ပြီး အထည် ကောက် ၊ မှောင်ခိုဈေးမှာ တစ်နေကုန်ရောင်း ၊ ညနေမိုးကြီးချုပ်မှ ပြန်လာ ၊ လဆန်းရက်များ ဆို ည ၉ နာရီ ၁ဝ နာရီ ထိုးလို့တောင် အိမ်မပြန်နိုင်ဘူး ၊ ဗန်းထဲ အစမျိုးစုံ ထည့်ပြီး အော်ခေါ် ရောင်းလိုက်တာ ၊ အဲဒီတုန်းက ပိုက်ဆံ အတော် ပေါသွားတယ် ဒေါက်တာရဲ့ ၊ ရွှေကလေး ဘာကလေးတောင် နည်းနည်းပါးပါး ဖြစ်လိုက်သေးတယ် ”
“ တစ်ခါ မှတ်မိသေးတယ် ၊ ဘုန်းကြီးတစ်ပါးက ကျွန်မဆီက တက်ထရွန်လေး စတောင် ဝယ်တယ် ၊ လူထွက်မလို့လား မသိဘူး ၊ နှစ်ကိုက်ခွဲစတွေလေ ၊ တစ်ရာ့ငါးဆယ် ဖိုးလောက် ထင်ပါရဲ့ ၊ ကျွန်မကလည်း ဝမ်းသာအားရ အစတွေ ဖြတ်တာပေါ့ ၊ သူက နှစ်ဆယ်တန်တွေ ပေးတာ ပြန်မအမ်းနိုင်သေးခင် ပုလိပ် ပုလိပ် ဆိုတော့ ဗန်းမ ပြေးလိုက်တာ ၊ ခြောက်ယောက်မြောက်ကလေးလည်း မွေးလုမွေးချင် ဗိုက်တစ်ခွဲသားနဲ့ ဘုန်းကြီးကလည်း သူ့အစရော ပိုက်ဆံရော ဆုံးမှာ စိုးတော့ ကျွန်မ လင်ဗန်း ဝိုင်းမပြီး ပြေးလိုက်ကြတာ ၊ ဟား ... ဟား ပန်းဆိုးတန်းကနေ လမ်းလေးဆယ်နောက်ဖေး လမ်းကြားထဲ ရောက်မှ နားဝံ့တယ် ၊ ဗိုက်အသာ မပြီး ဟောဟဲ ... ဟောဟဲနဲ့ မနည်းကြာမှ တက်ထရွန်စနဲ့ ပိုက်ဆံ စာရင်းရှင်းရတယ် ဒေါက်တာရေ့ ”
“ ကျွန်မလေ အဲဒီတုန်းကများ တစ်သက် မငတ်တော့ဘူး အောက်မေ့ပါတယ် ၊ အဲဒီ တုန်းက ခုလို မော်လမြိုင် ဘက်လည်း သိပ်မကူးတတ်ကြသေး ၊ မှောင်ခိုသမားလည်း မများသေး ၊ လူတွေကလည်း ချောင်လည်ကြသေးတယ် ၊ ဝယ်နိုင် ခြမ်းနိုင်ကြသေးတယ် ၊ တစ်စလောက် ရောင်းလိုက်ရရင် အခုလို မဟုတ်ဘူး ၊ ငါးကျပ် ခြောက်ကျပ်တော့ ပက်ခနဲ မြတ်တာပဲ ”
“ အဲ ... မှောင်ခိုသမားချင်း လိမ်တာခံရလို့ တစ်ထောင်လောက် ပါသွားဖူးတယ် ၊ ပုလိပ်ဖမ်းလို့ ဗန်းချ ပြေးတာ ရှစ်ရာဖိုးလောက် ဆုံးဖူးတယ် ၊ တစ်ခါတော့ လူပါ မိလို့ ဂါတ်ထဲမှာ သွားအိပ်နေရတာ လေးညတိတိပဲ ၊ ကျွန်မကလေးငယ်လေး နှစ်ကောင် ငိုလိုက် ကြတာတဲ့ ၊ ကိုသောင်း လည်း လေးညလုံး မအိပ်ရဘဲ ထိုင်ချော့နေရဆိုပဲ ၊ ဒီ နောက်တော့ ကျွန်မ လူအဖမ်း မခံတော့ဘူး ၊ ပစ္စည်းဆုံးချင်ဆုံး ဆိုပြီး ပစ်ပြေးတာပဲ ”
“ တစ်ချီ ပါတိတ်နဲ့ ရွှေချည်ထိုးချိတ်လုံချည်တွေ ပါသွားတဲ့ အခါကျတော့ ကျွန်မ ပြုတ်ပြုတ်ပြုန်းပါလေရောရှင် ၊ ရွှေချည်ထိုးချိတ်တွေက သူများပစ္စည်းတွေ လာအပ်ထား တာဆိုတော့ ရှိသမျှ အိတ်စောင့်ပိုက်ဆံရော ၊ ရွှေတိုရွှေစလေးရော ရောင်းချပြီး လျော်လိုက် ရတာ ကုန်ပါရော ”
“ ဒေါ်ဒေါ်အုန်းဆီ ကိုသောင်း မသိအောင် အပ်ထားတဲ့ငွေကလေး ၄ဝဝ ကျပ်ပဲ ပြန်တောင်းပြီး ဒီတစ်ခါတော့ တကယ်ကို တောင်ဥက္ကလာ ပြောင်းဖြစ်တော့တာပဲ ၊ ပထမ တစ်ခါ ပြောင်းမယ်လုပ်တုန်းက ဒေါ်ဒေါ်အုန်း က သနားပြီး စပေါ်လည်း ပြန်ပေးတယ် ၊ အိမ်လခလည်း ကြွေးနဲ့ ထားတယ် ၊ ကျွန်မ ဒီပြောင်းလာတော့လည်း အိမ်လခ ကြွေးမပေးနိုင်ခဲ့တော့ပါဘူး ၊ ဒေါ်ဒေါ်အုန်းက သူ့ဆီ ငွေလေးရာ အပ်ထားတာ အပြည့် ပြန်ပေးလိုက်တယ် ၊ ကျေးဇူးတစ်သက် မမေ့ပါဘူး ၊ ဒါပေမဲ့ ဒေါ်ဒေါ်အုန်းဆုံးတော့ ကျွန်မ သွားတောင် မပို့နိုင်တော့ဘူး ၊ ဘာဖြစ်လို့လဲ ဆိုတော့ .. ”
“ ကျွန်မ ဒီကို ပြောင်းလာတော့ ဒေါ်ဒေါ်အုန်း ကိုသာ မပြောခဲ့တာ ကိုသောင်း နဲ့က အပြတ် တစ်ခါတည်း ကွဲခဲ့ပြီလေ ၊ သူ အလုပ် မရှာဘဲ အိမ်ကနေ ချက်ပြုတ်ကျွေးမွေးနေတာ တစ်မျိုး အဖော်ရတာ မှန်ပေမဲ့ ကျွန်မ မကြည်ညိုတော့ဘူး ဒေါက်တာရဲ့ ၊ ကျွန်မ ရှာတဲ့ ပိုက်ဆံနဲ့ ထီတစ်ရာဖိုး နှစ်ရာဖိုး ထိုးလိုက်သေးတယ် ၊ နည်းနည်းမှ မကျေနပ်ဘူး ၊ သူ ခြေကျိုးလို့ လက်ကျိုးလို့ မလုပ်နိုင်တာ ၊ အိပ်ရာထဲ လဲနေတာမျိုးဆို ကျွန်မ ကျေနပ်ပါတယ် ၊ ခုတော့ ရုံးအလုပ်က လွဲရင် ဘာမှ မလုပ်ဘူး ဆိုတဲ့လူဆိုတော့ ကျွန်မ နည်းနည်းမှ မကြည်ဖြူတော့ဘူး ၊ ကျွန်မပဲ လွန်တယ် ဆိုချင်ဆို ”
“ သူကလည်း မလျှော့ပါဘူး ၊ မန္တလေး ပြန်ပြီး သူ့ဆွေမျိုးတွေဆီ လည်စားနေတာတောင် ဆီစက် တည်ထားတယ် ပြောသေးတဲ့လူ ”
“ ဟုတ်ပါတယ် ... ကျွန်မတို့ စညားကတည်းက လုပ်ကျွေးလာတာ ၊ ကျွန်မ ထိုင်စားလာတာပါပဲ ၊ ဒါပေမဲ့ သူဟာ လောကဓံကို ကြုံတော့ ကြံ့ကြံ့ မခံနိုင်ဘူး ၊ ပိုတောင် ညံ့ဖျင်းလာတယ် ၊ ကျွန်မကို ကြီးကျယ်တယ် ပြောချင်လည်း ပြောဦး ၊ ယောက်ျားဆိုတာ ဒေါင်လိုက်ကျကျ ၊ ပြားလိုက်ကျကျ ပစ်တိုင်းထောင်လို ပြန်တော့ ထနိုင်ရမှာပေါ့ ၊ မဟုတ်လား ဒေါက်တာရယ် ”
“ ကျွန်မ ဒီရောက်ပြီး ... နှစ်နှစ်လောက် ကြာတော့ဖြင့် သူ ဘယ်လို စုံစမ်းလာတယ်မသိဘူး ၊ အိမ်ကို ကျွန်မ မရှိတုန်း ရောက်လာတယ် ၊ ကျွန်မကတော့ ကလေးတွေ မငတ် ... ပြီးရော ၊ ကျပန်း လုပ်စားတုန်းပေါ့ ၊ သူက ကျွန်မ ကလေး ခုနစ်ယောက် ဖြစ်နေတာ စဉ်းစားမရဘူးပေါ့လေ ၊ နောက်ယောက်ျား ရသလားလို့ မေးတယ်တဲ့ ၊ ကလေး တွေကလည်း ကျွန်မ ပြောထားသလို အဖေ့သားလေးပဲ ဆိုတော့ ဘာမှမပြောဘဲ တစ်ယောက် ငွေနှစ်ကျပ်စီ ပေးပြီး ထပြန်သွားရောတဲ့ ၊ ကျွန်မကတော့ ဝမ်းမနည်းချင်တော့ပါဘူး ”
“ ကျွန်မလည်း မရှိ ရှိတာ ချရောင်းတဲ့ အလုပ်ပဲတတ်တာ ၊ ချရောင်းစရာ ကုန်တော့ ဒီက သူများ ဝတ်ပေးလိုက်တဲ့ နီလာလက်စွပ်တို့ ၊ ကျောက်နီကြယ်သီးတို့ကို မော်လမြိုင် ဘက် ကူးပြီးရောင်း ၊ မများပါဘူး ၊ တစ်မျိုးမှ သုံးလေးရာတန်လောက်ပါ ၊ ဟိုကနေ တိုလီမုတ်စ နှုတ်ခမ်းဆိုးဆေး အစ ၊ ယိုးဒယားဘော်လီ အစ ၊ ပိုက်ဆံအိတ် အစပေါ့ ၊ မိန်းမ တစ်ကိုယ် တစ်ဆင်စာပေါ့လေ ၊ ဝယ်လာ ... ဒီမှာ ရောင်း ၊ သိပ်လည်း တန်ဖိုးမများ ၊ ပစ္စည်းကလည်း တစ်မျိုး တစ်ခု နှစ်ခု ဆိုတော့လည်း ဖမ်းလို့ မလွယ်ဘူးပေါ့ ၊ ဒါပေမဲ့ ငွေရင်း မရှိတော့ အမြတ်ကလေး ကြားဖောက် စားရတာက မလောက်မငဘဲ ”
“ ဒါတောင် ကျွန်မမျက်နှာ လူသိများလာတော့ မသွားဝံ့ပြန်ဘူး ၊ အဖမ်းမခံနိုင်ဘူး ဒေါက်တာရဲ့ ၊ ကျွန်မကို ဖမ်းရင် ကလေးတွေချည်း အိမ်မှာ ဘယ်လို ဖြစ်ကုန်မယ် ဆိုတာ မစဉ်းစားဝံ့ဘူး ”
“ မာနကြီးတယ် ဆိုဆို ၊ ကျွန်မကလေးတွေကို ကျောင်းက နုတ်ပြီး ပဲလှော်ရောင်း မခိုင်းနိုင်ဘူး ၊ ပညာမတတ်ရင် ကစဉ့်ကရဲ ပိုဖြစ်မှာပေါ့ ၊ သူတို့ကလေးတွေ ဆယ်တန်းလောက် အောင်ရင်တောင် လူစဉ် မီနိုင်တယ် မဟုတ်လား ”
“ ကျွန်မ ခေတ်ပညာ မတတ်လို့ ၊ ဆေးလိပ်မှ မလိပ်တတ် ၊ စက်မှ မချုပ်တတ်လို့ ဆင်းရဲရတယ် ၊ ပိုက်ဆံ မရှိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်ရင် လူလုံးချည်း ကျန်တာ မြင်ရတာပေါ့ ၊ ကျွန်မလေ မှန်ထဲ ကြည့်ပြီး တန်ဖိုး မရှိလိုက်တဲ့ သတ္တဝါနှယ်နော်လို့ ကိုယ့် ကိုယ်ကိုယ် ထင်မိတယ် ”
••••• ••••• •••••
မညွန့်ရီသည် ကျွန်မ ခိုင်းသဖြင့် တစ်ပတ်မျှ ဆေးလာထိုးပါသည် ။ မရှိဘူးဆိုသည့်ကြားက ဆေးဖိုးနှင့် ဆေးထိုးခ ပေးဖို့ ကြိုးစားသေးသည် ။ ကျွန်မက လက်မခံနိုင်ပါ ။ ထွေထွေထူးထူးလည်း မပြောဘဲ ကာလသားရောဂါ ကြောက်စရာကောင်းသည် လို့ပဲ ပြောလိုက်ပါသည် ။
“ ကျွန်မလေ ကလေးတွေသာ ဒီလောက် မများရင် ဘယ်အိမ် ကပ်နေနေ ရပါတယ် ၊ ကျွန်မ ချက်ပြုတ် လျှော်ဖွပ် အိမ်သိမ်း လုပ်တတ်တာကို ကျေနပ်မယ့် လူချည်းပါပဲ ၊ တကယ့် ကို ဖူးဖူးမှုတ် ထားကြမှာပါ ၊ တကယ်တော့လည်း အိမ်တွင်း အလုပ်ပဲ ကျွန်မ လုပ်တတ်တယ် ၊ ဝါသနာပါတယ် ၊ လုပ်ရတာ ပျော်တယ် ” ဟု မညွန့်ရီက ဆေးလာထိုးရင် တစ်ခါ ပြောပါသည် ။
ကျွန်မလည်း အကြံရပြီး
“ မညွန့်ရီ ထမင်းဆိုင်ကလေး ဖွင့်ပါလား ၊ မညွန့်ရီ အချက်အပြုတ် တကယ်ကောင်း ၊ တကယ်စုံတယ်လို့ ဒေါ်ဒေါ်အုန်း ပြောတာ မှတ်မိသေးတယ် ၊ ရှင် ချက်တဲ့ အုန်းသီးချဉ်သုပ်တို့ ၊ ငါးသလဲထိုး အုန်းနို့စိမ်ချက်တို့ ဆိုတာတွေများ ကျွန်မ စားတောင် မစားဖူးသေးဘူး ၊ ဟင်း ကောင်းကောင်းချက် ၊ အမြတ် နည်းနည်းယူ ၊ စေတနာ ကောင်းကောင်းနဲ့ တရားသဖြင့် ရောင်းရင် ကြီးပွားတောင် ကြီးပွားနိုင်ပါတယ် ၊ ထမင်းဟင်း အတွက်လည်း ရှင်နဲ့ ကလေးတွေ စားဖို့ မပူရတော့ဘူး ၊ မညွန့်ရီ တကယ်တတ်တဲ့ ပညာက ဒါပဲ ၊ ဒါနဲ့ လုပ်စားပေါ့ ၊ အိမ်ရှေ့ ဖြစ်ဖြစ် ၊ လမ်းထိပ် ဖြစ်ဖြစ် ခုံကလေး ခင်းပြီး ထွက်ရောင်းလိုက်ရင် သားသမီးနဲ့လည်း အနေ မဝေးတော့ဘူး ၊ အိမ်မှာလည်း အချိန်များများ နေနိုင်မယ် ၊ ရှင့်သားသမီးတွေနဲ့ အုပ်အုပ်ထိန်းထိန်း နေရဦးမယ် မဟုတ်လား ၊ ရှင့်သမီး အကြီးဆုံးကလေးက ၁၀ တန်းတောင် ဖြေပြီဆိုတော့ အပျိုအရွယ်ကလေးပေါ့ ၊ ဟုတ်ဖူးလား ”
“ ဟုတ်တယ်နော် ၊ ကျွန်မ တစ်ခါမှ စိတ်မကူးဖူးဘူး ”
မညွန့်ရီသည် ဆေးထိုးပြီးသွားကတည်းက ပြန်မလာတော့ပါ ။ သူ့လိပ်စာကို လည်း မမှတ်မိတော့ ။ သူ့သားသမီးတွေ စားဖို့ နေဖို့ ရှာဖွေလုပ်ကိုင်ကာ မအားလပ် နိုင်ရှာသည်ထင့် ။ သို့သော် မရှိ ရှိတာ ရောင်းချရခြင်းကိုမူ စိတ်ကုန်ပြီလို့ ထင်ရပါသည် ။ သာမန် မိန်းမတို့ထက် အိမ်ထောင် ထိန်းတတ်သော ၊ ချက်ပြုတ်လုပ်ကိုင်တတ်သော မညွန့်ရီ သည် တစ်နေ့ ကြီးပွားရမည် ။ တစ်ခါက သူ ခြေထောက်နှင့် ကန်ကျောက်ခဲ့သော ထမင်းအိုး ၊ ဟင်းအိုးများကိုမူ ယခု ရွှေအိုး ၊ ငွေအိုးများ ပမာ ပြောင်လက်ဝင်းပနေအောင် တိုက်ချွတ်နေပြီလို့သာ ယုံကြည်လိုက်ပါသည် ။
▢ ကြည်အေး
📖 ရှုမဝ မဂ္ဂဇင်း
မေ ၊ ၁၉၇၀

No comments:
Post a Comment