Sunday, December 28, 2025

ဆားကို ချစ်သလို

 

❝ ဆားကို ချစ်သလို ❞
          ( ပုံပြင် )

တစ်ခါတုန်းက သား သုံးယောက်နှင့် ဘုရင်ကြီး တစ်ပါး ရှိခဲ့၏ ။ တစ်နေ့တွင် ဘုရင်ကြီးသည် သားမင်းသားများကို ခေါ်ကာ ဖခင်အား မည်မျှချစ်ကြောင်း တစ်လှည့်စီ ပြောစေလေ၏ ။ သားကြီး ဖြစ်သူသည် ဘုရင်ကြီးအား “ ရွှေများ ၊ ကျောက်မျက်ရတနာများနှင့် ကမ္ဘာပေါ်ရှိ ရတနာတို့ကို ချစ်သည်ထက် ပိုပြီးချစ်ပါသည် ” ဟု ပြောဆိုလေ၏ ။ သားလတ် ဖြစ်သူကလည်း သူ့ဖခင်အား “ ကောင်းမွန်သည့် သစ်သီးများနှင့် ချိုမြိန်သော မုန့်များကို ချစ်သကဲ့သို့ ဖခင်အား ချစ်ပါသည် ” ဟု လျှောက်တင်လေ၏ ။

ထို့နောက် အငယ်ဆုံးသော မင်းသားကလေး၏ အလှည့်သို့ ရောက်လာလေ၏ ။ ထို မင်းသားကလေးသည် ငယ်ရွယ်သူတို့၏ သဘာဝအတိုင်း သူ၏ လက်ကလေးများနှင့် ဖခင်ကြီး၏ လည်ပင်းကို သိုင်း၍ ဖက်ကာ ...

“ ဖခင်အား သားက ဆားလောက်ချစ်ပါသည် ”

အငယ်ဆုံးသား၏ ဤမမျှော်လင့်သော အဖြေကို ကြားရသည်တွင် ဘုရင်ကြီးသည် အမျက်ကြီးစွာ ထွက်ကာ အစောင့်စစ်သားများကို ခေါ်၍ ဤမင်းသားငယ်ကလေးအား တောင်များ အကြားသို့ ပို့ပြီး သ,တ်ပစ်ရန် အမိန့်ပေးလိုက်လေ၏ ။ အစောင့်စစ်သားများသည် ရုပ်ရည် ရူပကာအားဖြင့် သူတော်ကောင်းတို့၏ အသွင်ရှိသော နှစ်လိုဖွယ် ကောင်းသည့် မင်းသားကလေးကို မသ,တ်လိုကြပေ ။ သို့ရာတွင် ဘုရင်၏ အမိန့်ကို နာခံရသူများ ဖြစ်၍ ဓားမြှောင်များကို ယူဆောင်ကာ မင်းသားကလေးအား ဘုရင်ကြီး စေခိုင်းသည့်အတိုင်း ခေါ်ဆောင်၍ သွားကြလေ၏ ။

မင်းသားကလေးနှင့် အစောင့်တပ်သားတို့သည် တောင်များအကြားသို့ ရောက်သောအခါ တစ်ဦးကို တစ်ဦး ကြင်နာစွာ ကြည့်မိကြလေ၏ ။ ထိုသို့ကြည့်ကာ အစောင့်စစ်သား တို့သည် မင်းသားကလေးအားမသ,တ်ရက်အောင်ရှိလေတော့၏ ။

“ မင်းသားကလေးရယ် ၊ ငါတို့ သင့်ကို မသတ်ရက်အောင်ဘဲ ချစ်ပါတယ်ကွယ် ၊ သင့်ရဲ့အဝတ်အစားများကို ချွတ်၍ ပေးပါ ၊ငါတို့ တိရစ္ဆာန် တစ်ကောင်ကောင်ကို ဖမ်းသ,တ်ပြီး ထိုသွေးဖြင့် အဝတ်အစားများကို ဆွတ်ကာ ဘုရင်ကြီးအား မင်းသားကလေးကို သ,တ်ခဲ့ကြောင်း ၊ ယုံကြည်အောင် လျှောက်တင်ပါ့မယ် ၊ ဒါပေမယ့် သင့်ဖခင်နှင့် တွေ့နိုင်သည့် နေရာတော့ မင်းသား ကလေး မလာခဲ့ပါနဲ့ကွယ် ”

စစ်သားများက သူ့အသက်ကို ချမ်းသာပေးမည်ဟု ပြောသည်ကို ကြားရ၍ မင်းသားကလေးသည် အထူးဝမ်းသာရှာလေ၏ ။ မင်းသားကလေးသည် အစောင့်စစ်သားတို့အား အဝတ်များကို ချွတ်ပေးပြီး ဘုရင်ကြီးနှင့် လွတ်ကင်းရာသို့ ထွက်၍ သွားလာခဲ့လေ၏ ။

မင်းသားကလေးသည် များစွာသော တောင်နှင့် လျှိုမြောင်များကို ဖြတ်ကျော်၍ လာခဲ့ရာ နောက်ဆုံးတွင် အခြား တိုင်းပြည် တစ်ခုသို့ ရောက်လေတော့၏ ။ ထိုအချိန်တွင် အဆိုပါ တိုင်းပြည်မှ ဘုရင်သည် နတ်ရွာစံသွားခဲ့၍ နောက်သုံးရက် အကြာတွင် ဘုရင်သစ် ရွေးပွဲကို ကျင်းပမည် ဖြစ်၏ ။

နောက်ဆုံး ဖြတ်ကျော်ရသည့် တောင်ပေါ်မှ ဆင်းလာခဲ့ပြီး မင်းသားကလေးသည် မြို့အစွန်မှ အစဆုံး တွေ့ရသော အိမ်တစ်အိမ်၏ တံခါးကို ခေါက်လေ၏ ။ ထိုအိမ်မှာ မိန်းမအိုကြီး တစ်ဦးတည်း နေသော အိမ်ဖြစ်၏ ။ မင်းသားကလေးသည် ထိုမိန်းမအိုကြီးအား သူသည် ခရီးဝေးကြီးမှ လာခဲ့ရကြောင်းနှင့် မိဘများ သေဆုံးခဲ့ရကြောင်းတို့ကို ပြောပြလေ၏ ။ ထို့ပြင် မိန်းမ အိုကြီးအား သူ့ကိုလည်း ထိုအိမ်တွင် နေထိုင်ခွင့် ပြုရန် တောင်းပန်ပြောဆိုလေ၏ ။ သူမတွင် သားသမီး မရှိ၍ မိန်းမအိုကြီး ကလည်း မင်းသားအား သားအဖြစ် သဘောထားမည်ဟု ပြောဆိုလေ၏ ။

မင်းသားကလေး ရောက်လာပြီး နောက်သုံးရက် အကြာတွင် ထိုအရပ်ဒေသမှ လူအများသည် ဘုရင်သစ်ကို ရွေးချယ်တင်မြှောက်ရန် မြို့၏ အပြင်ဘက်တွင် စုဝေးကြလေ၏ ။ အမယ်အိုကြီးနှင့် မင်းသားကလေး တို့သည်လည်း အဆိုပါ လူအုပ်နှင့်အတူ ရော၍ လိုက်ပါသွားကြလေ၏ ။

မင်းလောင်း ရွေးချယ်ရာတွင် ထိုတိုင်းပြည်၏ ထုံးစံမှာ ငှက်တစ်ကောင်ကို လှောင်အိမ်မှ လွှတ်၍ ပေးရ၏ ။ သူတို့သည် ထိုငှက် အနားခံရသော သူအား ဘုရင်သစ်အဖြစ် တင် မြှောက်ကြလေ၏ ။ အဆိုပါအတိုင်း ငှက်ကို လှောင်အိမ်မှ လွှတ်သည်တွင် ထိုငှက်ကလေးသည် ကောင်းကင်တွင် အတန်ကြာ ဝဲပျံနေပြီး ပြန်၍ ဆင်းလာကာ အသစ် ရောက်လာသော မင်းသားကလေး၏ ခေါင်းပေါ်သို့ သွား၍ နားလေ၏ ။

သို့ရာတွင် တိုင်းသူပြည်သားတို့သည် သူတို့တိုင်းပြည်မှမဟုတ်ဘဲ အခြားတိုင်းပြည် က လူတစ်ယောက်ကို ဘုရင်မြှောက်ရန် သဘော မတူကြသဖြင့် ဤသို့ ဟစ်အော်၍ ကန့်ကွက်ကြလေ၏ ။

“ သူသည် တောင်များ ပေါ်မှ ဆင်းလာသူ ဖြစ်ပါသည် ၊ သူ့အား တောင်များပေါ်သို့ ပြန်လွှတ်လိုက်ပါ ၊ ငါတို့သည် သူ့အား ဘုရင်အဖြစ် အသိအမှတ် မပြုနိုင်ပါ ထို့ကြောင့် ဘုရင်ရွေးပွဲကို နောက်တစ်နေ့ ထပ်၍ ကျင်းပကြရလေ၏ ။ ထိုနေ့တွင်မူ မင်းသားကလေးသည် ဘုရင်ရွေးသည့် လူအများနှင့် ရော၍ မနေတော့ဘဲ သုဿန်ထဲသို့ သွား၍ နေထိုင်လေ၏ ။ ထိုနေ့တွင်မူ လှောင်အိမ်မှ ငှက်ကလေးကို လွှတ်လိုက်သော အခါတွင် လူအများသည် လှုပ်လှုပ်ရွရွဖြစ်ကာ “ အို ... ငှက်ကလေး ၊ သင် ဘယ်သူ့ ခေါင်းပေါ်သို့ သွား၍ နားမလို့လဲ ” ဟု အော်၍ မေးသူက မေးပြီး တချို့ကလည်း “ အို ... ငှက်ကလေးရယ် ၊ ကျွန်တော့်ခေါင်းပေါ်သို့ လာ၍နားပါ ” ဟု တိုက်တွန်းသူကလည်း ခေါင်းကို ဆန့်တန်း၍ ပေးကာ တိုက်တွန်းကြလေ၏ ။ သို့ရာတွင် ငှက်ကလေးသည် လှည့်ပတ် ပျံဝဲပြီး သုဿန်ထဲသို့ ထိုးဆင်း၍ သွားလေ၏ ။ ထိုငှက်သည် အသစ် ရောက်လာသော မင်းသားကလေး၏ ခေါင်းပေါ်သို့ တဖန်ထပ်၍ နား ပြန်သောကြောင့် လူအများသည် မကျေမနပ်ဖြစ်ကာ ဤသို့အော်ဟစ် တောင်းဆိုကြလေ၏ ။

“ ဤတိုင်းပြည်တွင် တိုင်းသူပြည်သားတို့ မကျေနပ်က မင်းသစ် ရွေးပွဲကို သုံးကြိမ် ကျင်းပပေးရသည့် ထုံးစံရှိပါသည် ၊ ဘုရင်သစ်ရွေးပွဲကို နောက်တစ်နေ့ ထပ်၍ ကျင်းပပေးပါ ”

တိုင်းသူပြည်သားတို့ တောင်းဆိုသည့် အတိုင်း ဘုရင်သစ်ရွေးပွဲကို နောက်တစ်နေ့ ထပ်၍ ကျင်းပပေးရလေ၏ ။ ထိုနေ့ မင်းသစ်ရွေးပွဲကို တိုင်းသူပြည်သားတို့သည် အထူးစိတ်ဝင် စားနေကြ၍ ခါတိုင်းနေ့များထက် ပိုမိုစည်ကားမြိုင်ဆိုင်လေ၏ ။ လှောင်အိမ်မှ ငှက်ကလေးကို လွှတ်လိုက်သည်တွင် သူတို့သည် မည်သူ့ ခေါင်းပေါ်တွင် နားကြောင်း သိလိုစိတ် ပြင်းပြနေကြ၍ တစ်နေရာမှ တစ်နေရာသို့ သူ့ထက်ငါ တိုးဝှေ့ ပြေးလွှားကာ ကြည့်ရှုကြလေ၏ ။ ငှက်ကလေး သည် မည်သူ့ ခေါင်းပေါ်မှ မနားသေးဘဲ အတန်ကြာ ပျံဝဲနေသဖြင့် ကြည့်ရှုနေသောပရိသတ်မှာ အားမရနိုင်အောင် ရှိရလေ၏ ။

မည်သို့ပင်ဖြစ်စေ ငှက်ကလေးသည် ယခုအကြိမ်တွင်လည်း မင်းသားကလေး၏ ခေါင်းပေါ်သို့ပင် သွား၍ နားလေ၏ ။ တိုင်းပြည်ပြည်သားတို့သည်လည်း သုံးကြိမ်မြောက် ဆက် ကာဆက်ကာ အရွေးခံရသဖြင့် ကန့်ကွက်ခြင်း မပြုကြတော့ဘဲ မင်းသားကလေးအား သူတို့၏ ဘုရင်သစ် အဖြစ် တင်မြှောက်ကြလေ၏ ။

သို့ဖြင့် မင်းသားကလေးသည် အဆိုပါ တိုင်းပြည်၏ ဘုရင်နှင့် အစိုးရအဖွဲ့၏ ခေါင်းဆောင် ဖြစ်ခဲ့ရ၏ ။ နှစ်ကြာလာသည်တွင် တိုင်းသူပြည်သားတို့သည်မင်းသားကလေး၏ ဉာဏ် ပညာနှင့် ကောင်းမွန်သော အကျင့်စာရိတ္တကို သိရှိလာကြလေ၏ ။ ထို့ကြောင့် မင်းသားကလေးသည် တိုင်းသူပြည်သားတို့၏ ကြည်ညိုမှုကို ရခဲ့လေ၏ ။

ထို့နောက် မင်းသားကလေးသည် သူ့ဖခင် ဘုရင်ကြီး ထံသို့ တမန်တော် လွှတ်ကာ ချစ်ကြည်ရေး တိုးတက်ရန် ဧည့်ဝတ်ပြုလိုပါကြောင်း ၊ သဝန်လွှာ ပို့စေလေ၏ ။ မင်းသားကလေးသည် သူ၏ စားတော်ဆက်များကို ခေါ်ကာ ကြွရောက်လာမည့် ဧည့်သည်တော်များအတွက် အစားအသောက်များကို အထူးကောင်းမွန်အောင် စီမံရန်နှင့် ထိုအစားအစာတို့ ထဲတွင် ဆား တစ်ပွင့်မှ မထည့်ရန်ကိုလည်း ပြောကြားထားလေ၏ ။ ထို့နောက် သူ့ဖခင် ဘုရင်ကြီးသည် ကိုယ်ရံတော်စစ်သားများ ခြံရံကာ ကြွရောက်လာလေ၏ ။ သို့ရာတွင် ကွဲကွာနေသည်မှာ ကြာပြီ ဖြစ်သည့်ပြင် ဘုရင်၏ ဝတ်စားတန်ဆာများနှင့် ဖြစ်နေ၍ ခရီးဦးကြို ပြုသော သားငယ် ဘုရင်အား ဖခင် ဘုရင်ကြီးသည် မှတ်မိနိုင်ခြင်း မရှိခဲ့ပေ ။

ဘုရင်နှစ်ပါးတို့သည် တွေ့ဆုံကြသည်တွင် ယခင်က သိခဲ့သော မိတ်ဟောင်းဆွေ ဟောင်းများကဲ့သို့ပင် ရင်းနှီးခင်မင်စွာ ဆက်ဆံပြောသည် ၊ အစားအသောက်တို့မှာ အထူး ကောင်းမွန် သော်လည်း စား၍ အရသာ မတွေ့နိုင်အောင် ဖြစ်ရလေ၏ ။ နှစ်ရက်မျှ ကြာလာသည်တွင် ဘုရင်ကြီးသည် ဆား လုံးဝ မပါသော အစားအစာတို့ကို စားနေရ၍ စိတ်လက် မအီမသာ ဖြစ်ကာ မအောင့်နိုင်တော့သဖြင့် သူ့ကိုယ်ရံတော် စစ်သားတို့အား အကျိုးအကြောင်းကို မေး လေ၏ ။

“ ဘယ်လို နေကြသလဲ ၊ အားလုံးကောင်းမွန်ကြရဲ့လား သားတို့ ”

“ အဆင်ပြေကြပါတယ် အရှင် ၊ စားသောက်ရတဲ့ အစာတွေကလည်း အထူးကောင်း မွန်ပါတယ် ၊ ဒါပေမယ့် မည်သည့် အစာတွင်မှ ဆားပါသည်ကို မတွေ့ရပါ ”

စစ်သားများ၏ စကားတို့ကို ကြားရသည်တွင် ဘုရင်ကြီးက ...

“ ဟုတ်တယ် ၊ သားတို့မှာ လိုပဲ ဖခင်ရဲ့ အစားအစာတွေ ထဲမှာလည်း ဆား လုံးဝမပါဘူး ၊ ညစာ အချိန်ကျရင်တော့ အကြောင်းစုံကို မေးကြည့်ရဦးမယ် ”

ထိုသို့ပြောဆိုပြီး ညနေဘက် ပွဲတော်တည်သည့် အခါတွင် ဧည့်သည် ဘုရင်ကြီးက ဆား အကြောင်းကို စတင် မေးမြန်းလေ၏ ။

“ အဆွေတော်ရယ် ၊ အသင့် တိုင်းပြည်မှာ ဆား လုံးဝ မရှိလို့လား ”

“ ကျွန်တော်မျိုးတို့မှာ ဆား ရှိပါတယ် ၊ ကျွန်တော် အုပ်ချုပ်နေတဲ့ နိုင်ငံဟာ ဆားသိပ် ထွက်လို့ ကမ္ဘာ့နိုင်ငံပေါင်း များစွာသို့ပင် တင်ပို့ရောင်းချ နေပါတယ် ”

“ ခုလို ဆားရှိလျက်နဲ့ အစားအစာတွေ ထဲမှာတော့ ဘာကြောင့် ဆားမထည့်သလဲ ”

“ အရှင်မြတ်၏ အစားအစာ ထဲသို့ ဆားကို မထည့်ရန် ကျွန်တော်မျိုး ကိုယ်တိုင် အမိန့် ပေးထားခြင်း ဖြစ်ပါသည် ၊ ခုလို အမိန့်ပေးရခြင်းမှာ အရှင်မင်းမြတ်သည် ဆားကို မနှစ်သက်၍ စားသုံးခြင်းပြုမည် မထင်၍ ဖြစ်ပါသည် ”

“ အဆွေတော်ရယ် ၊ ဘယ်လို ဒီအတိုင်း ဖြစ်နိုင်ပါ့မလဲ ၊ ကျွန်တော်တို့ဟာ ဆားနှင့် ကင်းပြီး နေလို့ မရကြပါဘူး ၊ ကျွန်တော်ဟာ ဆားကို အထူးနှစ်သက်ကြောင်းလည်းအဆွေတော်ကို အလေးအနက် ပြောလိုပါတယ် ”

ဖခင်ဘုရင်ကြီး၏ စကားအဆုံးတွင် မင်းသားကလေးသည် အဖြစ်မှန်ကို အောက်ပါ အတိုင်း ပြောပြလေ၏ ။

“ အရှင်သခင် ၊ အရှင်၏ သားငယ်ကလေးက ဖခင်အား ဆားလောက် ချစ်ပါသည်ဟု လျှောက်ထားစဉ်က သားငယ်၏ စကားကို နားဝင်မချို၍ အစောင့်စစ်သားတို့အား သားငယ်ကို သ,တ်စေခဲ့ပါသည် ”

အထက်ပါ မင်းသားကလေး၏ စကားတို့ကို ကြားရသည်တွင် ဧည့်သည် ဘုရင်ကြီးသည် သူနှင့် စကားပြောနေသူအား မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိသွားလေ၏ ။ ထို့ပြင် သူ၏ အငယ်ဆုံးသား ဖြစ်ကြောင်းလည်း ကောင်းစွာ မှတ်မိသွားတော့၏ ။ ထို့ပြင် ဘုရင်ကြီးသည် မိမိ ပြုခဲ့သော အမှားကို တွေးကာ စိတ်မကောင်းခြင်း ကြီးစွာလည်း ဖြစ်ရရှာလေ၏ ။

ထို့နောက် ဘုရင်နှစ်ပါးတို့သည် တစ်ဦး လည်ပင်းကို တစ်ဦးဖက်ကာ လောကကြီးအား သတိမရနိုင်အောင်ပင် ကြင်နာ၍လည်း သွားကြ၏ ။ ထို့နောက် ဖခင် ဘုရင်ကြီးသည် သူ ပြုလုပ်မိခဲ့သော အမှားကို ခွင့်လွှတ်ရန် သားငယ် ဘုရင်အား တောင်းပန်စကား ဆိုလေ၏ ။

( ဘာသာပြန် )

〇 ပုသိမ်မြင့်ဝေ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၈ ၊ နိုဝင်ဘာ

No comments:

Post a Comment