❝ အသိ ၊ သတိ ၊ သတ္တိ ❞
[ မကွေးမြို့က ပွဲစားကြီး ဦးထွန်းဆိုင် က ခုအခါ အသက် ၇၈ နှစ် ရှိပါပြီ ။ သူ့အသက်အရွယ်နဲ့ မမျှအောင် တက်ကြွ ဖျတ်လတ်တယ် ။ အလုပ်တွေ အများကြီး လုပ်နေတယ် ။ တာဝန်တွေ အများကြီး ထမ်းဆောင်နေတယ် ။
မကွေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ၊ ပထမပုဂ္ဂလိကဘဏ် ဒါရိုက်တာ ၊ ဘာသာရေး လူမှုရေးအသင်းတွေ ဖြစ်တဲ့ ဆွမ်းလောင်းအသင်း ၊ နာရေးကူညီမှုအသင်း စတဲ့ စတဲ့ အသင်းအဖွဲ့ပေါင်း များစွာမှာလည်း ဦးထွန်းဆိုင် က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ လုပ်နေတဲ့ မြို့မျက်နှာဖုံး လူကြီး ဖြစ်ပါတယ် ။
မကွေးသား မိတ်ဆွေတွေ ဖြစ်ကြတဲ့ ကိုရဲနိုင်မိုး ၊ မဥမ္မာ ၊ ကိုမျိုးဇော် ၊ ကိုမျိုးမြင့်ဆွေ တို့ မကွေးမြို့ မှာ ရုပ်ရှင်မင်းသား ရဲတိုက် နဲ့ ရုပ်ရှင်ကား တစ်ကား လာ ရိုက်ကြတယ် ။ ခင်မင်နေကြတဲ့ မိသားစုတွေမို့ ကျွန်တော်တို့ ဇနီးမောင်နှံလည်း မကွေး ကို သွားပြီး သူတို့နဲ့ ဆုံတယ် ။ ထမင်းမြိန် အတူ စားတယ် ။ ရုပ်ရှင်ရိုက်ကွင်းကို ကြည့်တယ် ။ အေးအေးလူလူ စာ ဖတ်ကြတယ် ။
မကွေးမြို့ ရောက်ခိုက်မှာ ( အရင် ကတည်းက သိကျွမ်းပြီးဖြစ်တဲ့ ) ပွဲစားကြီး ဦးထွန်းဆိုင် ကို သွားတွေ့ပြီး သူ လျှောက်လှမ်းခဲ့ရတဲ့ ဘဝ ခရီးကို မေးမြန်းပါတယ် ။
ဦးထွန်းဆိုင် က အသင်းအဖွဲ့တွေမှာ ဦးစီးခေါင်းဆောင် လုပ်ကိုင်နေသလို ကိုယ်ပိုင်လုပ်ငန်း အနေနဲ့ ရတနာထွန်း ပွဲရုံ ၊ ရတနာထွန်း ဆီစက်တွေ ပိုင်တယ် ။ ခရီးသည်တင် ကားချည်း ၁၀ စီး ရှိတယ် ။ မကွေးရန်ကုန် ပြေးဆွဲနေတဲ့ စတားအဆင့်မြင့် ခရီးသည်တင်ကား အသင်းကို သူ ထူထောင်ထားတယ် ။ လူစီးကုန်တင် ထိပ်တန်း ဆိုတဲ့ ကားအသင်း ကို လည်း သူ ပိုင်တဲ့ ကားငါးစီးနဲ့ ဦးထွန်းဆိုင် က ထူထောင်ထားတယ် ။
ဦးထွန်းဆိုင် ဟာ မိဘက လွှဲပေးတဲ့ အမွေထုပ်ကြီးကို ပိုက်ပြီး ပြည့်စုံချမ်းသာတဲ့ ဘဝကို လျှောက်လှမ်းရတာ မဟုတ်ဘူး ။ ဦးထွန်းဆိုင် ပြောပြတဲ့ သူ့ ဘဝက ခုလိုပါ ။ ]
••••• ••••• •••••
ကျွန်တော့် ဇာတိက မကွေး အရှေ့ဘက် လေးမိုင် ကျော် ဝေးတဲ့ ကံလှရွာ ၊ မိဘတွေက တောင်သူတွေပါ ။
ကျွန်တော်တို့ ရွာမှာ မူလတန်းကျောင်း ရှိပါတယ် ။ လေးတန်းအောင်တော့ ရေနံချောင်း ဝက်ချုပ်ကျောင်း မှာ အလယ်တန်း ဆက်တက်တယ် ။
အချိန်က လွတ်လပ်ရေး ရခါစ ၊ ကျွန်တော်တို့ ဒေသက မငြိမ်းချမ်းသေးဘူး ။ ရေနံချောင်း က ရဲဘော်ဖြူ ၊ မကွေး က ဖဆပလအစိုးရ အုပ်ချုပ်တာ ။ ကျွန်တော် ရှစ်တန်းနှစ် ရွာ ခဏ ပြန်တော့ မိဘတွေက စိတ်မချလို့ ဆိုပြီး ရေနံချောင်း ပြန်မလွှတ်တော့ဘူး ။
ကျွန်တော်က ငယ်ငယ် ကတည်းက မော်တော်ကား ဝါသနာ ပါတယ် ။ ဦးအီစမန် ဝပ်ရှော့မှာ ပညာသင်တယ် ။ ဝပ်ရှော့ပညာ တတ်တော့ ကျွန်တော် မော်တော်ကား မောင်းတယ် ။ မကွေး - ရေနံချောင်း လိုင်းတိုပေါ့ ။ ချက်ပလက် လော်ရီ သုံးတန်ကားလေးကို လူရော ကုန်ပါ တင်ပြီး လိုင်းဆွဲတာ ။
အဲဒီလို ကားမောင်းနေရင်းပဲ အသက် ၂၃ နှစ်သား မှာ ရွာဟောင်းကန်ရွာ က ဒေါ်စန်း နဲ့ အိမ်ထောင်ကျတယ် ။
ကိုယ့် အိမ်ထောင်နဲ့ ကိုယ် ဖြစ်လာတော့ ကျွန်တော် စဉ်းစားတယ် ။ သားသမီး တွေ ပညာတတ် ဖြစ်အောင် လုပ်မယ် ။ ဒါဆို ရွာမှာ အခြေချလို့ မဖြစ်ဘူး ။ မကွေး ကို ရွှေ့တယ် ။
ကိုယ့်မှာ ငွေအရင်းအနှီးက မရှိဘူး ။ သူများ ကား ပဲ မောင်းတယ် ။ ဟိုင်းဝေး ကုန်ကား မောင်းတယ် ။ အသက်က ၂၃ ၊ ၂၄ ၊ ၂၅ ဝန်းကျင်ပေါ့ ။
ကျွန်တော်က ကိုယ် ရောက်တဲ့ အရပ်ဒေသကို လေ့လာတယ် ။ ဘာ အသိတွေ ရလာသလဲ ဆိုတော့ မန္တလေး မှာ ဘာပစ္စည်း ပေါတယ် ။ တောင်ကြီး မှာ ဘာရှိတယ် ၊ ရန်ကုန် မှာ ဘာပေါတယ် ။ ဘယ်ရာသီ ဘယ်အချိန် ဘယ်ဒေသ က ဘာကုန် က ရှားကုန် ၊ ဒါကို ဟိုင်းဝေးကား မောင်းရင်း သတိ ထားပြီး လေ့လာတော့ အသိအမြင်တွေ ရတယ် ။
ကျွန်တော့်မှာ ရှိတဲ့ ငွေကြေးလေးနဲ့ ရောက်တဲ့ အရပ်က တစ်နိုင်တစ်ပိုင် ဝယ်ပြီး သယ်တယ် ။ သူများကုန် သယ်လည်း အုံနာကို ကားခ ပေးရတာပဲ ။ ကျွန်တော် ကလည်း ကျွန်တော် နိုင်သလောက် ကားခ ပေးတင်တယ် ။ ဥပမာ နှမ်း ဆိုပါတော့ ၊ ၁၀ လုံး ဖိုး တတ်နိုင် ၁ဝ လုံး ၊ ၁၅ လုံး ဖိုး တတ်နိုင် ၁၅ လုံး ဝယ်ပြီး တင်တယ် ။
တောင်ကြီး ၊ ပွေးလှ ၊ ပင်းတယ ၊ တီကျစ် ၊ နောင်တရား ရှမ်းပြည်နယ် ကို ရောက်တော့ ကုန်စိမ်း တင်တယ် ။ အရင်းအနှီး ရှိလာတော့ ကားတစ်စီးလုံး ကျွန်တော့် ကုန်ချည်း တင်နိုင်လာတယ် ။
ကား က ကျွန်တော် မောင်းတာ ၊ ကုန် က ကျွန်တော့်ကုန် ဆိုတော့ ဝီရိယ ရှိတာပေါ့ ။ လမ်း မှာ သူများ အိပ်နေလည်း မအိပ်ဘူး ။ ကုန် က သူများနဲ့ မဆိုင်မှ ဈေးကောင်းရတာကိုး ။ ကိုယ့်ကုန်နဲ့ ကိုယ် ဆိုရင် မောင်းရတာကို ပျော်နေတာ ။ သူများ ကားတွေ ရပ်နေရင် သူတို့ မမြင်အောင် လှစ်ခနဲ မောင်းဆင်းပြေးတာ ။
ကုန်းစိမ်း အလုပ်မှာ ကျွန်တော် အောင်မြင်တယ် ။ ကုန် ပြတ်နေတဲ့ အချိန် ကျွန်တော် ရောက်တော့ အခွင့်အရေး သာတယ် ။ ကျွန်တော့် ကုန် ရောက်ပြီးမှ သူများ ကုန်တွေက ရောက်လာတာ ။
ကျွန်တော် ငယ်ငယ် ၊ ၁၃ နှစ်သားလောက်က မကွေး ကို ပဲလှည်းတွေနဲ့ ပဲ ရောင်း လိုက်တယ် ။ ဟုတ်တုံဟင်း တို့ ၊ ကြက်မင်း တို့ ၊ သမာဓိ တို့ ဆီစက်တွေ သွားပြီး မြေပဲဆန်ဖိုး ပိုက်ဆံ ယူရတယ် ။ သူတို့ကို ကြည့်ပြီး အားကျခဲ့တယ် ။ တစ်နေ့ကျရင် ဒီလို ဘဝ ရောက်ရမယ်လို့ စိတ်မှာ သန္ဓေ တည်ခဲ့တယ် ။
အဝေးပြေးကား မောင်းရင်း ကုန်ကူးတယ် ။ စုမိဆောင်းမိတော့ လုပ်ငန်း ကို အရောင်းအဝယ် ဘက် ပြောင်းမယ်လို့ ဆုံးဖြတ်ပြီး မကွေးမြို့ ပေါ် မှာ အခု လက်ရှိ နေနေ တဲ့ ဝိုင်းကို ဝယ်လိုက်တာ ။
လွန်ခဲ့တဲ့ နှစ် ၄ဝ က ဝယ်တာ ။ ( ကျပ် ) ၂၅ဝဝ ပေးရတယ် ။ ကားမောင်းတဲ့ လုပ်ငန်း ရပ်ပြီး ပွဲရုံ ထောင်တယ် ။ ရတနာထွန်းပွဲရုံ လို့ နာမည် ပေးတယ် ။ မာကာ က TS ။ ကုန်ဝယ်ပြီး မန္တလေး ၊ ရန်ကုန် ကို တင်တယ် ။ အိတ်ပေါ်မှာ ရေးထားတဲ့ TS ဆိုတဲ့ ကျွန်တော့် မာကာ ကို တွေ့ရင် ပစ္စည်း ကောင်းတယ် ၊ သန့်တယ်လို့ အသိအမှတ် ပြု ခံရတယ် ။ ၁ဝ - ၁၅ ကျပ် ၊ ၂၀ ပို ရတယ် ။ ကျွန်တော်က ဝယ်တဲ့ နေရာမှာလည်း ပစ္စည်းကောင်း ရှာဝယ်တယ် ။ သန့်သန့်ရှင်းရှင်း လုပ်တယ် ။ ဒီတော့ နာမည်ရတယ် ။
အကျိုးက ဘယ်လို ရသလဲ ဆိုတော့ သူတို့က မကွေး မှာ ကုန်ဝယ်ချင်ရင် ကျွန်တော့်ကို ကော်မရှင် ပေးပြီး ဝယ်ပေးပါ မှာတယ် ။ အဝယ် ကိုယ်စားလှယ် လုပ်ခဲ့ရတယ် ။
ပွဲရုံ ဖွင့်ပြီး မကွေး တစ်ဝိုက်က တောင်သူတွေကို ကျွန်တော်က ရောင်းပေးရင် မြေပဲတောင့် တစ်တင်းကို တစ်မတ် ( ၂၅ပြား ) ၊ နှမ်း တစ်တင်း ကို တစ်ကျပ် ရတယ် ။ ဒါက ရွာက လာရောင်းသူတွေ ပေါ် ယူတဲ့ ပွဲခနှုန်း ။ ရန်ကုန် မန္တလေး ပွဲရုံတွေ ကုန်သည်တွေ ဆီစက်တွေ က ဝယ်ခိုင်းလို့ ဝယ်ပေး ရရင် ငွေ ၁ဝဝ ကို တစ်ကျပ် ရတယ် ။
ပွဲခစားလည်း လုပ် ၊ ကုန်ဝယ်ကိုယ်စားလှယ် လည်း လုပ် ၊ ကိုယ်ပိုင် ကုန်လည်း ဝယ်ပြီး ရန်ကုန် ၊ မန္တလေး ၊ ဟင်္သာတ ၊ ပြည် ကို ပို့ လုပ်တယ် ။ အရင်းအနှီးလေး ရှိလာတော့ လော်ရီကားတွေ ထောင်တယ် ။ တစ်စင်း က နှစ်စင်း ။ နှစ်စင်း က လေးစင်း ဖြစ်လာတယ် ။
အသက် ၃ဝ အရွယ်မှာ ဆီစက် တည်တယ် ။ ကျွန်တော့်ကို ဆီ ဝယ်ပေးပါလို့ မှာကြတယ် ။ သူများ စက်တွေက ဝယ်ဝယ် ပေးရတယ် ။ ဆီစက်ကလေး လုပ်မှပဲ ဆိုပြီး ထ တည်လိုက်တာ ။ လုပ်ငန်းကို ချဲ့ချဲ့လာတာ ခုတော့ စက်ကြီး လေးလုံး ဖြစ်နေ တယ် ။ နောက်ပိုင်းမှာ ကုန်တိုက်တဲ့ ကားတွေ ရောင်းပစ်ပြီး လူစီးကားတွေ ဝယ်တယ် ။ လေအိတ်ကား စတား ဆိုတာ ရှိတယ် ။ ၁၉၉၅ ခုနှစ်မှာ ကျွန်တော် ထောင်တယ် ။ လူစီးကုန်တင် ထိပ်တန်း ဆိုတဲ့ ကားတွေ ရှိတယ် ။ ၁၉၈၂ ခု မှာ ကျွန်တော် ထောင်တယ် ။
ရရှိခဲ့တဲ့ တိုးတက်မှုတွေ ပြန် ကြည့်လိုက်တော့ မမှန်မကန် မတရားမှု နဲ့ ရတာ ဘာပစ္စည်းမှ မရှိဘူး ။ နဖူးက ချွေး ခြေမ ကျအောင် ၊ အောက်ခြေက နေပြီး ဒီအဆင့် ရောက်အောင် ဘဝကို မှန်မှန်ကန်ကန်နဲ့ ကြိုးစားခဲ့တာ ။ ဘယ်သူ့ အပေါ်မှလဲ လိမ်တာကောက်တာ မရှိဘူး ။ လေ့လာကြည့်ရင် သိမှာပါ ။ နာမည်ပျက်လည်း အဖြစ်မခံနိုင်ဘူး ။
ကုန်သည် အလုပ် လုပ်ရင် အသိ ၊ သတ္တိ ၊ သတိ လိုတယ် ။ ဘယ်မြို့မှာ ဘာ ထွက်တယ် ။ ဘယ်အချိန် ထွက်တယ် ဆိုတာ သိရမယ် ။ သိအောင် လေ့လာ ရမယ် ။ Information ပေါ့ ။ သိရုံနဲ့ အမှတ်တမဲ့ မနေရဘူး ။ ဒီမြို့မှာ ကုန် တင်းပေါင်း တစ်သိန်း ထွက်တယ် ။ လက်ကျန် က နှစ်သောင်း ပဲ ကျန်တော့တယ် ဆိုတာမျိုး သိရမယ် ။ အဲဒါ သတိ ။
သတ္တိ ဆိုတာကတော့ လူတွေ က ဈေးကျပြီဆို ကြောက်ကုန်ပြီ ။ ကျွန်တော်က သူများ မဝယ်ဝံ့တဲ့ ရက် ရှိတဲ့ ပိုက်ဆံ အကုန် ဝယ်ပစ်တာ ။ တက်ပြီဆို မှေးထားတာ ။ ကုန်သည် လုပ်ရင် ကျတုန်းမှာ သတ္တိ ရှိ ။ ဒီဈေးက အောက်ဈေး ဖြစ်ပြီး ၊ ဒီဈေးထက် ထပ်မကျနိုင်တော့ဘူး ဆိုရင် ဝယ် ။
ကုန်ပစ္စည်းမှာ ကျစ ၊ ကျလယ် ၊ ကျဆုံး ဆိုတာ ရှိတယ် ။ ကျစ မှာတော့ စောင့်ကြည့်ပေါ့ ။ ကျဆုံး အထိ စောင့်နေရင် အဲဒါ ပြန်တက်သွားတတ်တယ် ။ ကျတာ မဆုံးခင် စပ်ကြား ဖမ်းရမှာ ။ ကျဆုံးမှာ သူလည်း ဝယ် ၊ ငါလည်း ဝယ် ၊ ဝိုင်း ဝယ်တော့ ဈေးက တက်သွားရော ။ ဆုံးဖြတ်တဲ့ နေရာ သတ္တိ ရှိရမယ် ။ နောက်ထပ် ဆက်ကျချင် ကျမယ် ။ ကျပါစေ ။ နည်းနည်းကျ ၊ ထပ် ဝယ်နိုင် ထပ်ဝယ် ။ အကျဆုံး အချိန် စောင့် နေရင် ကိုယ် မရတော့ဘူး ။ ဒီနေရာမှာ ကုန် အဝင်အထွက် ပမာဏကို လည်း စောင့်ကြည့် ။ မှားခဲပါတယ် ။
ကုလားပဲ ဝယ်မယ် စိတ်ကူး ရင် ကုလားပဲ စိုက်တဲ့ နယ်မြေ မှာ အထွက် ဘယ်လို ရှိလဲ ။ ကုန်လှောင်မယ် ဆိုရင် အထွက် ယုတ်သလား ။ ပိုသလား လေ့လာပြီး လုပ်တာ ။ အမှား နည်းတော့ တိုးတက်တာပေါ့ ။ ရှုံးတဲ့ အခါလည်း ပွတ်ခါသီခါပဲ ။
ဥပမာ မကွေး ကနေ မန္တလေး ကို နှမ်း တင်လိုက်တယ် ။ ဈေးကျ နေတယ် ။ ဈေးက မကွေး ဝယ်ဈေးထက်ကို နည်းနေပြီ ။ ရောင်းရင် ရှုံးမယ် ။ မရောင်းကြဘူး ။ ကျွန်တော်က အရှုံးခံ ရောင်းပစ်လိုက်တယ် ။ ကျွန်တော်က ရောင်းလိုက်တော့ ဝယ်မယ့်သူ အတွက် လိုချင်တဲ့ နှမ်း ရသွားပြီ ။ ထပ် မဝယ်သေးဘူး ။ ဈေးပိုချ ရောင်းမှ ဝယ်တော့တယ် ။ မန္တလေး မှာ မဝယ်ဘူး ဆိုတော့ မကွေး မှာ လည်း ဈေးတွေ က ထိုးကျရော ။ မကွေးမှာ ကျွန်တော် လှိမ့် ဝယ် ပြန်တယ် ။ ကျား ကစား သလို ပြောရရင် တစ်ကောင် ကျွေးပြီး ခုနစ်ကောင် စားတာ ။ မန္တလေး မှာ နှမ်းကား တစ်စီး အရှုံးခံ ရောင်းပစ်ခဲ့ပြီး မကွေး မှာ ကားခုနစ်စီးတိုက် ပြန် ဝယ်တယ် ။ ဈေးမှန် ဖြစ်တော့ ကျွန်တော် ပြန်ရောင်းတယ် ။
ကျွန်တော် က အရောင်းအဝယ် နဲ့ ပတ်သက်ရင် သတ္တိ ရှိတယ် ။ နင် နဲ့ ငါ နဲ့ ကျန်သေးရင် အရင်းတော့ ရှိသေးတာပဲဟာ ။ ကျန်တာ အမြတ်တွေချည်းပဲလို့ မိန်းမ ကို ပြောထားတာ ။ ကျွန်တော်တို့က အောက်ခြေက တက်လာခဲ့တာ ။
စီးပွားရေး လုပ်ရင် သတ္တိ ရှိဖို့တော့ လိုတယ် ။ တုံးတိုက်တိုက် ကျားကိုက်ကိုက် တွန်း လုပ်နေပြီး ခေါင်း မပါရင် လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ။ နှမြောလို့ ရေ သောက်နေ ၊ အလုပ် မလုပ်ရင် မချမ်းသာဘူး ။
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ

No comments:
Post a Comment