❝ လိမ္မာပါးနပ်သော ညီအစ်ကိုလေးယောက် ❞
( ပုံပြင် )
ဟိုးရှေးရှေးတုန်းက ဆင်းရဲတဲ့ မုဆိုးဖို တစ်ယောက်မှာ အရွယ်ရောက်တဲ့ သားလေးယောက် ရှိသတဲ့ကွယ် ။ မုဆိုးဖိုကြီးဟာ ဆင်းရဲအားကြီးလွန်းလို့ သူ့သားတွေကို ဘာမှ မပေးနိုင်ဘူးတဲ့ ။ တစ်နေ့တော့ သားတွေကို ခေါ်ပြီး “ သားတို့ရေ ၊ ဒီကမ္ဘာလောကကြီး ထဲမှာ ကိုယ့်ဝမ်းစာ ကိုယ်ရှာကြတော့ ၊ ကုန်သွယ်ခြင်းလုပ်ကြတော့ ” လို့ပြောသတဲ့ ။
သားတွေကလည်း ဖခင်ကြီးရဲ့ စကားကို မြေဝယ်မကျ နားထောင်တာပေါ့ကွယ် ။ ဒါ ကြောင့်မို့ အထုပ်အပိုးများကို သယ်ယူပြီး အသီးသီး အိမ်က ထွက်လာကြတယ် ။ အိမ်နဲ့အတော် ဝေးတဲ့ လမ်းလေးခွဆုံ ရောက်တော့ လမ်းခွဲရတော့မှာပေါ့ကွယ် ။ အဲဒီတော့ အစ်ကိုကြီးက “ တို့ဟာ ဒီနေရာက စခွဲရတော့မယ် ။ နောက် လေးနှစ် အကြာမှာ ဒီနေရာမှာပဲ ပြန်ဆုံစည်းကြရမယ် ။ ခွဲခွာတဲ့အချိန်အတွင်းမှာ တို့ရဲ့ဘဝ သာယာတဲ့ လုပ်ငန်းကိုင်တာကို ကြိုးစားလုပ်ရမယ် ” လို့ မှာကြားသတဲ့ ။ အဲဒီလို မှာကြားပြီး သူတို့ လိုရာခရီးကို အသီးသီး သွားကြတယ်တဲ့ကွယ် ။
အဲဒီလို သွားကြရင်း အစ်ကိုကြီး ဖြစ်သူက လူတစ်ယောက်နဲ့ တွေ့သတဲ့ ။ အဲဒီလူက “ ဘယ်သွားမလို့လဲ ” လို့ မေးတော့ အစ်ကိုကြီးက “ ကုန်သွယ်ရောင်းဝယ်ခြင်းဖြင့် သူ့ဘဝကို တည်ထောင်ရန် လောကကြီး ထဲသို့ ထွက်လာတယ် ” လို့ ပြန်ဖြေရှာတယ် ၊ အဲဒီတော့ ထိုလူက “ ငါနဲ့လိုက်ခဲ့ ၊ အလွန် လိမ္မာပါးနပ်တဲ့ သူခိုးပညာကို သင်ပေးမယ် ” လို့ ပြောသတဲ့ ၊ အဲဒီအခါ အစ်ကိုကြီးက “ ဖြစ်ပါ့မလား ၊ သူခိုးအတတ် ဆိုတာ ရိုးရိုးသားသားမှ မဟုတ်ဘဲ ” လို့ ခပ်ကြောက်ကြောက်ခပ်ရွံ့ရွံ့ ပြောရှာသတဲ့ကွယ် ။ အဲဒီလူက ခိုးတဲ့အခါ ဘယ်သူကမှ မတွေ့နိုင်ကြောင်း သဘောကျအောင် ပြောပြတယ် ၊ အစ်ကိုကြီးကလည်း နောက်ဆုံးကျတော့ သဘောတူ လက်ခံလိုက်ရသတဲ့ကွယ် ။ အစ်ကိုကြီးလည်း သူခိုး အတတ်ပညာကို တစ်ဖက်ကမ်းခတ် တတ်မြောက်သွားတယ်ဆိုပဲ ။
အစ်ကိုလတ် ကလည်း ဒီလိုပဲ လူကြီး တစ်ယောက်နဲ့ တွေ့သတဲ့ ။ အဲဒီလူကြီးက သူ့ ကို နက္ခတ် အတတ်ပညာ သင်ကြားပေးတယ် ။ နောက်ဆုံး အစ်ကိုလတ်ဟာ အလွန်ကျွမ်းကျင်တဲ့ နက္ခတ်ပညာရှင် တစ်ဦး ဖြစ်လာတယ်တဲ့ကွယ် ။ အဇဋာပြင် ကောင်းကင် တစ်ခွင်လုံးကို သူ ကြည့်နိုင်သတဲ့ ။ ကြည့်ပြီး ဘာဘာညာညာ ရှိတယ် ဆိုတဲ့အကြောင်း အတတ်ပြောနိုင်သတဲ့ ။ ပညာသင်ပြီးလို့ ဆရာ့ထံမှ ထွက်ခါနီးမှာ ဆရာက တန်ခိုးကြီးတဲ့ မှန်ပြောင်း တစ်ခုကို ပေးလိုက်တယ် ။ ပေးပြီး ဆရာက “ ဒီမှန်ပြောင်းနဲ့ ထက်ကောင်းကင်နဲ့ ကမ္ဘာမြေအနှံ့ ဘာမဆို မြင်တယ် ” လို့ မှာလိုက်တယ် ။
အစ်ကိုငယ်ကတော့ အမဲလိုက်မုဆိုးနဲ့ တွေ့သတဲ့ ။ မုဆိုးက သူ့ကို မုဆိုးအတတ် အားလုံး သင်ပေးသတဲ့ ။ အစ်ကိုငယ်ကလည်း သင်ပေးတဲ့ အတတ်ပညာ အလုံးစုံတတ်မြောက်သွားတာပေါ့ကွယ် ၊ သူ့ဆရာက သူ မသွားခင်မှာ အဖိုးတန် လေးတစ်စင်း ပေးလိုက်သတဲ့ ။ အဲဒီ လေးကပစ်လိုက်တဲ့ နေရာတိုင်းကို တည့်တည့်မတ်မတ် ထိမှန်သတဲ့ ။
ညီထွေးကတော့ အပ်ချုပ်ဆရာတစ်ဦးနဲ့ တွေ့သတဲ့ ။ သူက အပ်ချုပ်ဆရာထံက အပ်ချုပ်ပညာ အလုံးစုံကို သင်ကြားတတ်မြောက်လာတယ် ။ ဆရာ့ထံက ထွက်ခွာခါနီးမှာ ဆရာက တန်ခိုးကြီးတဲ့ အပ်တစ်ချောင်းကို ညီထွေးကို ပေးလိုက်သတဲ့ ။ ပေးပြီး “ ဒီအပ်ဟာ ဘယ်အရာမဆို ချုပ်နိုင်စွမ်းရှိတယ် ၊ ချုပ်ရိုးကြောင်းကိုလည်း မတွေ့ရဘဲ ပကတိအတိုင်း ဖြစ်သွားတယ် ” လို့ မှာလိုက်သေးသတဲ့ကွယ် ။
ဒီလိုနဲ့ လေးနှစ် ကုန်ဆုံးတဲ့ အခါမှာ သူတို့ ညီအစ်ကိုတွေ ချိန်းထားတဲ့နေ့ ၊ ချိန်းထားတဲ့ လမ်းလေးခွဆုံ နေရာမှာ ပြန်တွေ့ကြတယ် ။ သူတို့လည်း ပျော်ပျော်ရွှင်ရွှင် သာကြောင်းမာကြောင်း နှုတ်ဆက်ကြတာ ကြည်နူးစရာပေါ့ကွယ် ။ ဒီလိုနဲ့ နှုတ်ဆက်ကြပြီး သူတို့ဖခင် အိမ်ကို တပျော်တပါး သွားကြတာပေါ့ကွယ် ။ ရောက်တော့ သူတို့ရဲ့ ပညာရပ်များကို အသီးသီး ပြောပြကြတယ် ။ ဖခင်ကြီး ကလည်း ပျော်လို့ပေါ့ ။ သားတွေကို ကြည့်ပြီး ပီတိ ဖြစ်နေတာပေါ့ ၊ တစ်နေ့ တော့ သူတို့ သားအဖတတွေ ထိုင်နေကြတဲ့ အခါမှာ သူတို့ဖခင်ဟာ သူတို့ တတ်လာတဲ့ ပညာတွေကို စမ်းကြည့်ချင်တာနဲ့ ဖခင်က သစ်ပင်တစ်ပင်ကို မော့ကြည့်ပြီး “ ဒီသစ်ပင်ပေါ်က ငှက်သိုက်မှာ ငှက်ဥ ဘယ်နှစ်ဥ ရှိသလဲ ” လို့ အစ်ကိုလတ်ကို မေးတယ် ၊ အစ်ကိုလတ်က “ ငါးလုံး ရှိတယ် ” လို့ပြန်ဖြေတယ် ။
တဖန် သားကြီးကို ဖခင်က “ ဒီငှက်ဥတွေကို ဝပ်နေတဲ့ ငှက်မကြီး မသိအောင် ယူပေးပါ ” လို့ ပြောပြန်တယ် ။ အစ်ကိုကြီး ကလည်း ဖခင် စေခိုင်းတဲ့အတိုင်း ငှက်မကြီး မသိအောင် ညင်သာစွာယူပြီး ဖခင်ကို ပေးခဲ့တယ် ။
အဲဒီတော့ ဖခင်က ငှက်ဥတွေကို လေးထောင့်စားပွဲ တစ်ခုရဲ့ ထောင့်စွန်းများမှာ တစ်လုံးစီ တင်ထားတယ် ။ ပြီးတော့ ကျန်တဲ့ တစ်လုံးကို စားပွဲရဲ့ အလယ်မှာ တင်ထားလိုက်တယ် ။ ဖခင်က အစ်ကိုငယ်ကို ဒီငှက်ဥများကို မြားတစ်ချက်တည်းနဲ့ အားလုံး နှစ်ခြမ်းကွဲအောင် ပစ်ရမယ်လို့ စေခိုင်းသတဲ့ ။ အစ်ကိုငယ်ကလည်း တအံ့တဩ ဖခင် ပြောတဲ့ အတိုင်း လုပ်ကိုင်နိုင်ခဲ့တယ် ။
နောက်ဆုံးကျန်တဲ့ ညီထွေးကို ဖခင်က “ ဒီငှက်ဥများကို ငှက်ကလေးများ ဘေးမသီ အောင် ပြန်ချုပ်ပါ ” လို့ ပြောတယ် ။ ညီထွေးက အပ်ချုပ်ရာမှာ တစ်ဖက်ကမ်းခတ်တော့ ဖခင် စေတဲ့အတိုင်း ပြန်ထားနိုင်တယ် ။ ဖခင်က “ ကောင်းပါပေတယ် သားတို့ရယ် ၊ သားတို့ဟာ အချိန်ကို တန်ဖိုးရှိရှိ သုံးခဲ့တာ တွေ့တော့ ဝမ်းသာလှပါတယ် ” လို့ ပြောရှာသတဲ့ ။
နောက်များမကြာမီ သူတို့နေတဲ့ တိုင်းပြည်ရဲ့ ဘုရင့်သမီးတော်ဟာ အလွန်တန်ခိုးကြီးတဲ့ နဂါးတစ်ကောင်က သုတ်ချီသွားတယ်လို့ ဟိုးလေးတကျော် ဖြစ်ခဲ့တယ် ။ ညီအစ်ကို လေးယောက်လည်း ကြားတာပေါ့ ။ ဘုရင်ကြီးခမျာ သမီးဇောနဲ့ စိတ်မော နေရတာပေါ့ ။ တစ်နေ့ တော့ ဘုရင်ကြီးက သမီးတော်ကို နဂါးမင်းကြီး ဘေးက ကယ်တင်နိုင်သူကို သမီးတော်နဲ့ ထိမ်းမြားပေးမယ်လို့ တိုင်းပြည်ကို ကြေညာခဲ့တယ်ဆိုပဲ ။
အဲဒီတော့ ညီအစ်ကို လေးယောက်က “ အခွင့်အရေးတော့ ပေါ်ပြီ ၊ တို့လေးယောက် တညီတညွတ်တည်း မင်းသမီးလေးကို ရှာကြစို့ရဲ့ ” လို့ ဆုံးဖြတ်ကြတယ် ။
ပထမဦးဆုံး နက္ခတ်ဆရာ ဖြစ်တဲ့ အစ်ကိုလတ်က သူ့ဆရာ ပေးတဲ့ မှန်ပြောင်းနဲ့ ကြည့် လိုက်တော့ မင်းသမီးကလေးဟာ ပင်လယ်ထဲရှိ ကျောက်တုံး တစ်တုံးပေါ်မှာ ထိုင်နေတာကို တွေ့ရတယ်တဲ့ကွယ် ။ နဂါးမင်းကြီးက သူမရဲ့အပါးမှာ စောင့်ရှောက်နေတာကိုပါ တွေ့ရတယ် ။ ဒီတော့ အစ်ကိုလတ်က ဘုရင်ကြီးထံ သွားပြီး သမီးတော်ကို ပြန်ခေါ်ဖို့ သူတို့ညီအစ်ကို လေးယောက် စီးရန် သင်္ဘောတစ်စင်း တောင်းတယ် ။ ဘုရင်ကြီးကလည်း ပေးလိုက်တယ် ။ သူတို့ အဲဒီသင်္ဘောနဲ့ မင်းသမီးကလေး ရှိရာကို ရောက်လာကြတာပေါ့ ၊ အစ်ကိုလတ်က “ နဂါးမင်းကြီး ဟာ မင်းသမီးကလေးရဲ့ရင်ခွင်ထဲမှာ အိပ်မောကျနေတာ တွေ့ရတယ် ” လို့ပြောတယ် ။
အဲဒီတော့ အစ်ကိုငယ်က “ နဂါးမင်းကြီးကို လေးနဲ့ ပစ်ဖို့ဟာ မလွယ်ဘူး ၊ မင်းသမီး ကလေးကို ထိမှန်မှာ စိုးရိမ်ရတယ် ” လို့ ပြောတယ် ။ ဒီလို အကြံရ ခက်နေတော့ အစ်ကိုကြီးက မင်းသမီးကလေးကို နဂါးမင်း မသိအောင် လှေတစ်စင်းနဲ့ တိတ်တဆိတ် ခိုးယူတယ် ဆိုပဲ ။ နဂါးမင်းကြီးလည်း အိပ်မောကျနေလို့ မသိဘူးတဲ့ ။
ဒီအချိန်မှာ ညီအစ်ကို လေးယောက်နဲ့ မင်းသမီးကလေးဟာ ပျော်ပျော်ပါးပါး သင်္ဘော ဆီကို လှေစီးပြီး ပြန်လာကြတာပေါ့ကွယ် ။ သူတို့ ကံမကောင်းချင်တော့ နဂါးမင်းကြီး နိုးလာပြီး သူ့ချစ်သူကို မတွေ့တော့ ခပ်သုတ်သုတ်ပဲ ညီအစ်ကို လေးယောက်ဆီ လိုက်လာသတဲ့ ။ ပက်ပင်းတွေ့ ကြတာပေါ့ ။ နဂါးမင်းကြီးလည်း မင်းသမီးကလေးကို တစ်ခါတည်း သုတ်ချီပါလေရော ။ အဲဒီ အချင်းအရာကို မြင်တော့ အစ်ကိုငယ်က သူလေးနဲ့ ပစ်ခွင်းလိုက်တယ် ။ နဂါးမင်းကြီးခမျာ မြေခပြီး အသက်ထွက်ရှာသတဲ့ကွယ် ။
ဒါပေမယ့် နဂါးမင်းကြီးရဲ့ ကိုယ်ခန္ဓာက ကြီးတော့ သူတို့ရဲ့ လှေလည်း မြုပ်သွားသတဲ့ ။ သူတို့လည်း ပျဉ်ပြားများကို တွယ်ပြီး ပင်လယ်ပြင်မှာ ကူးရတယ်တဲ့ကွယ် ။ ဒီလိုသေရမယ့် အချိန်မှာ ညီထွေးအပ်ချုပ်ဆရာက သူ့ဆရာပေးတဲ့ အပ်ကို ထုတ်ပြီး ကွဲနေတဲ့ ပျဉ်ပြားများကို စုပြီး ချုပ်တယ်ဆိုပဲ ။ ဒီလို ချုပ်လိုက်တော့ လှေကောင်း ဖြစ်သွားပြီး သူတို့တတွေ သူတို့ ထားခဲ့တဲ့ သင်္ဘောဆီကို ရောက်သွားကြတယ် ။ သူတို့ သင်္ဘောစီးပြီး မင်းသမီးကလေးနဲ့ အတူ ပြည်တော်ကို ပျော်ပျော်ရွှင်ရွှင် ပြန်ကြတယ် ။
တိုင်းပြည် ပြန်ရောက်တဲ့ အခါ ဘုရင်ကြီးဟာ အတိုင်းမသိ ဝမ်းသာတယ် ဆိုပဲ ။ ဘုရင်ကြီးက ညီအစ်ကို လေးယောက်ကို “ မင်းတို့ အထဲက သင့်တော်သူ တစ်ယောက်ယောက်နဲ့ ထိမ်းမြားပေးမယ် ” လို့ ပြောသတဲ့ ။ ဘယ်သူဟာ သင့်တော်ကြောင်း ပြောပါလို့ဟု အမိန့်တော် မှတ်သတဲ့ ။
အဲဒီအခါ ညီအစ်ကို လေးယောက်ဟာ သူပိုင်သင့် ၊ ငါပိုင်သင့် အငြင်းအခုံ ဖြစ်ကြ သတဲ့ ။ အစ်ကိုလတ်က “ ငါသာ မင်းသမီးကလေးကို မတွေ့ရင် တို့ရဲ့ ကြိုးပမ်းချက်ဟာ အလကား ဖြစ်သွားမှာပဲ ၊ ဒါကြောင့် ငါသာ မင်းသမီးကလေးကို ပိုင်သင့်တယ် ” လို့ပြောတယ် ။
အစ်ကိုကြီးကလည်း “ ငါသာ တိတ်တဆိတ် သွားမခိုးရင် မင်းသမီးကလေး တို့လက်ထဲကို ရောက်မှာ မဟုတ်ဘူး ၊ ဒါကြောင့် မင်းသမီးကလေး ပြန်ရတယ် ၊ ဒါကြောင့် ငါသာ ဆိုင်တယ် ” လို့ ပြောပြန်တယ် ။
အစ်ကိုငယ်ကလည်း “ ငါသာ လေးနဲ့ နဂါးမင်းကို မပစ်ရင် တို့တတွေ အားလုံးနဲ့ မင်းသမီးကလေးပါ သေရမယ် ၊ ဒါကြောင့် မင်းသမီးကလေးကို ငါသာ ပိုင်သင့်တယ် ” လို့ အရေးဆို ပြန်တယ် ။
တစ်ခါ ညီထွေးကလည်း “ တကယ်လို့ ငါသာ ပေါက်ကွဲနေတဲ့ လှေရဲ့ ပျဉ်ပြားများကို မချုပ်ရင် တို့တတွေအားလုံး ရေနစ်သေမှာပဲ ၊ ဒါကြောင့် ငါသာ မင်းသမီးကလေးကို ပိုင်ဆိုင်သင့်တယ် ” လို့ငြင်းခုံကြတယ် ။
အဲဒီလို ငြင်းခုန်ကြတော့ ဘုရင်ကြီးက “ မင်းတို့တတွေ အားလုံး မှန်ကြပါတယ် ၊ ဒါပေမယ့် သမီးတော်ကို မင်းတို့ လေးယောက်စလုံး မပိုင်သင့်ဘူး ” လို့ အမိန့်ချတယ် ။ ဒါပေမယ့် မင်းကြီးက ညီအစ်ကို လေးယောက်အား တိုင်းပြည်ရဲ့ တစ်ဝက်ကို ဆုလာဘ်အဖြစ် ခွဲဝေပေး သနားတော်မူသတဲ့ကွယ် ။
အဲဒီတော့ ညီအစ်ကို လေးယောက်ဟာ ဘုရင်ကြီး ပေးသနားတဲ့ တိုင်းပြည်မှာ ဖခင် အိုကြီးအား စောင့်ရှောက်ပြီး ပျော်ပျော်ပါးပါးနေကြပါလေသတဲ့ကွယ် ။
( ဘာသာပြန် )
⎕ မိုးသူဇာ ( ရန်ကုန်တက္ကသိုလ် )
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၅ ၊ ဧပြီ
No comments:
Post a Comment