Saturday, December 27, 2025

ဆောင်းတွင်းမီးဖို မှ ရန်စစ်

 

❝ ဆောင်းတွင်းမီးဖို မှ ရန်စစ် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

( ၁ )

ထန်းပင်မြစ်နံ့ သင်းခနဲရသည်နှင့် တစ်ပြိုင်နက်တည်း ရီးဆေးရိုး သိလိုက်ပြီ ။ သူ့အနီးသို့ မြေးတစ်ယောက် ရောက်နေပြီဟု ။ သူ့ရှေ့က မီးဖိုတွင် ထန်းပင်မြစ်တွေ အစီအရီ ခေါင်းစိုက်နေကြပြီ ။ မြေးတွေ ရောက်မလာသေးသောကြောင့် သူမစားသေး ။ အခွံမခွာ ၊ အမြှေး မခြစ် ၊ မခွဲစိတ်သေး ။ ရေနွေးကြမ်းကိုသာ တစ်ခွက်ပြီး တစ်ခွက် သောက်နေဆဲ ရှိသေး၏ ။ သို့ကြောင့် ထန်းပင်မြစ်နံ့ မထွက်သေး ။ ကြည့်လေရာရာတွင် နှင်း ပြာပြာမှောင်မှောင်ကသာ ခြင်ထောင်ချထားဘိသို့ အုံ့ရံနေ၏ ။ တံစက်မြိတ်တွင် မိုးနှံသီးအမှည့်ကလေးတွေ သီးနေသည် ထင်ရသည် ။ သည်အသီးကလေးတွေက မြေပေါ်သို့ မကြာမကြာ ကြွေကျပေါက်စဉ်သည် ။

ရီးဆေးရိုး ရှိရာ မန်ကျည်းပင် အောက်တွင် မီးခိုး နှင့် နှင်း လုံးနေ၏ ။ မန်ကျည်းပင်ရိပ်လွန်လျှင် မမြင်ရပြီ ။ သို့အတွက် ထန်းပင်မြစ်နံ့ပေးသော မြေး ရောက်လာသည်ကို မမြင်လိုက်ခြင်းဖြစ်ပေ၏ ။ ရီးဆေးရိုး လှမ်းကြည့်သည် ။ လှအုံးမယ် ။ သွားကျဲကလေးနှင့် လှအုံးမယ် ။ ထန်းပင်မြစ် တစ်ခြမ်းကို ကိုင်ထား၏ ။ ခြုံထည် ခြုံထားပါလျက်က ခိုက်ခိုက်တုန်နေချေသည် ။ ရီးဆေးရိုး၏ မျက်လုံးများသည် မြေး ကိုယ်ပေါ်ရှိ ခြုံထည်ပေါ် ရောက်သွား၏ ။ တန့်နား ငေးမောသည် ။

“ ဟဲ့ဟဲ့ .. ခြုံထည်နဲ့ ဘာနဲ့ ပါကလား ။ ဘာကြီးတုံးလို့ လူတွေက မမေးကြဘူးလား သမီး ”

လှအုံးမယ်သည် သွားကျဲကလေးတွေ ဖော်ပြပြီး ခေါင်းငဲ့၏ ။

“ မေးတာပေါ့ ဘရ ”

“ အင်း ... ပြီးတော့ကော ”

“ ဘယ်လောက် ပေးရတုံး ၊ ဘယ်က ဝယ်တာတုံး မေးတယ်တော့် ”

“ ဒီတော့ သမီးက ”

“ သမီးက သုံးမူး ပေးရတယ် ပြောတော့ ရယ်တာပေါ့ ဘရဲ့ ”

ရီးဆေးရိုး လည်း ရယ်မောသည် ။

“ သုံးမူး ဆိုတာကို မသိလို့ ဖြစ်မှာပေါ့ သမီးရယ် ”

ရယ်သံစွက်လျက် ပြောသည် ။

“ သုံးမူးဆိုတာ ၂၄ ပြား သမီးသိတယ် ”

လှအုံးမယ် ပြောခြင်း မဟုတ် ။ နှင်းမှောင်ထဲမှ မပီဝိုးတဝါးရုပ်သွင်ရှင် ငတက်ပြားမ၏ အသံဖြစ်ပေ၏ ။ အသံဆုံးလျှင် သူသည် မီးဖိုဘေးသို့ ဘွားခနဲ ရောက်လာ၏ ။ လှအုံးမယ် ချခင်းကာ ထိုင်ရန်ဟန်ပြင် နေသော ‘ ထန်းဖုံးဖတ် ’ ပေါ် စွေ့ခနဲ လုထိုင်၏ ။ ရီးဆေးရိုးသည် ထန်းဖုံးဖတ် အခြောက်များကို ဖင်တစ်ထိုင်စာ ဖြတ်ထားသည် ။ သူ့မြေးတွေ မီးဖိုဘေးတွင် ဝန်းရံရန်ဖြစ်သည် ။ ယခု လှအုံးမယ် ချလိုက်လျှင် ချလိုက်ချင်း ငတက်ပြားမက ဝင်ထိုင်သည် ။ လှအုံးမယ် နှုတ်ခမ်းစူငြား ရီးဆေးရိုး အပြုံးမပျက် ။ ရီးကျီးဒန် သာဆိုလျှင် မခေါက်မထစ်ဘူးထား ၊ မျက်စောင်းခဲ ကာ ဆဲရေးမည် မုချ ။

“ ကဲကဲ စားကြ ၊ ညည်းတို့ လာရင် စားဖို့ ဘ အသင့်ဖုတ်ထားတာ ”

မီးဖိုကို ခေါင်းစိုက်လျက် ဝန်းရံနေသော အခွံမည်းမည်း ထန်းပင်မြစ်များကို ရီးဆေးရိုး ညွှန်ပြသည် ။ ငတက်ပြားမသည် ‘ ဆတ်ကယ်လတ်ကယ် ’ ဆွဲယူသည် ။ အခွံမည်းမည်းများကို နှီးစဖြင့် ခြစ်ချသည် ။ ဝင်းသော ထန်းပင်မြစ်သား ပေါ်လာလျှင် အမြီးဖျားမှ ဆွဲခွဲလိုက်၏ ။ ခုနက ရီးဆေးရိုး ရခဲ့သည့် ထန်းပင်မြစ်နံ့သည် မီးဖိုဘေးတွင် ပျံ့ကြူသွားလေ၏ ။ ငတက်ပြားမသည် တစ်ခြမ်းကို သစ်တုံးပေါ် တင်ထားပြီး နောက် ကျန်တစ်ခြမ်းကို ထပ်မံခွဲသည် ။ လက်တစ်ဆစ်အရွယ် အဆစ်ကလေး ရအောင် ချိုးသည် ။ အကြောသဖွယ် စွန်းထွက် ယှက်တင်နေသည့် အမြှေး ကို သင်သည် ။ ငတက်ပြားမ ပါးစပ်ဟသည် ။ အလောတကြီး ခွံ့မည်ပြုပြီးမှ ပြန်ချထားကာ ထင်းတုံးပေါ်ရှိ အခြမ်းကို ရီးဆေးရိုးသို့ လှမ်းပေးသည် ။

“ သမီးပဲ စားပါ ။ ဘ မှာ သွားမှ မရှိတာ ”

“ သမီး ထောင်းပေးမှာပေါ့ ဘရ ၊ အခုဟာက ဦးချတာပါ ဘရဲ့ ”

သည်အပြုအမူမျိုးကြောင့်ပင် သည်မြေးကို ရီးဆေးရိုး အချစ်ပိုရခြင်းဖြစ်၏ ။ မိဘ ဘိုးဘွား ဆရာ သမားအတွက် အစားအစာတစ်စုံတစ်ရာကို ဦးချသည် ဆိုခြင်းမှာ ရီးဆေးရိုး တို့တွင် “ အထုံ ” ပါခဲ့ပြီး ဖြစ်သော ဓလေ့ မဟုတ်လား ။ သို့ကြောင့် ငတက်ပြားမ၏ သိတတ်မှုသည် ရီးဆေးရိုး ရင်တွင်း ချမ်းမြေ့ရ၏ ။ ဘဝင်ချမ်းငြိမ်းရ၏ ။ သွားဖုံးကြီးတွေ ပေါ်လာအောင် ပြုံးရသည် ။ သို့ကြောင့် ငတက်ပြားမ ထောင်းခန်း မရောက်တော့ ။ မန်ကျည်းပင်ရင်း၌ မှောက်ထားသော သံဆုံကို ရီးဆေးရိုး လှမ်းယူကာ ကိုယ်တိုင်ပင် ထောင်းပါတော့သည် ။

“ သမီး ထောင်းမယ် ၊ ဘကလည်း ”

“ နေ ... နေ ၊ သမီးစား ”

သို့စဉ်တွင် မောင်ထွေး နှင့် ကျော်သူရတို့ လက်ပိုက်လျက် ကုန်းကုန်းကွကွ ရောက်လာကြ၏ ။ သည့်နောက် ကိုကိုကြီး ရောက်လာသည် ။ ထို့နောက် ကလေးချီလျက် ရောက်လာသူမှာ မောင်မောင်လှ ၊ ခြောက်ခြောက်သွေ့သွေ့ တိတ်တိတ်ဆိတ်ဆိတ် မီးဖို မှာ မြေးများဖြင့် တစ်ခဏချင်း စည်ကားသွားလေ၏ ။ မြေးများသည် ထန်းဖုံးဖတ်ထိုင်ခုံ မရှာသေးဘဲ ထန်းပင်မြစ်ကို အလျင်ဆွဲသည် ။ ဆွဲပြီးမှ ထိုင်သည် ။

“ လူများလာပြီဟေ့ ၊ သားကြီးက ထင်းရှာပြီးထည့်ကွာ ”

မီးဖိုတွင် မီးတောက် မရှိတော့ပါ ။ မီးဖိုဘေးတွင် နေသူမှာမူ နွေးထွေးပြီးသားမို့ နေသာသည် ။ နှင်းထဲမှ လာခဲ့သူများအတွက်မူ မီးတောက်ရှိဖို့ လိုသည် ။ မီးတောက်တွင် လက်ကို ကပ်ရန် ၊ ခြေကို ကပ်ရန် လိုအပ်သည် ။ လိုအပ်သည့်အတွက် မီးဖိုဘက်သို့ စုပြုံတိုး ကပ်လာကြသည် ။ ဒူးချင်း ထိနေငြား အနွေးဓာတ် မရသေး ။ သို့ကြောင့် ဘ က သံဆုံထဲမှ ထန်းပင်မြစ်ကို နှိုက်ယူမြုံ့ရင်း ပြောခြင်းဖြစ်ပေ၏ ။ သို့သော် မောင်ကိုကြီး မထချင်ပေ ။

“ အငယ် ၊ နင်နဲ့ ထင်းနဲ့ နီးပါတယ်ဟာ ”

အငယ် ဆိုသူမှာ မိမိထွေး ဖြစ်၏ ။ မိမိထွေး ဆိုသူမှာလည်း ငတက်ပြားမ ပင် ဖြစ်၏ ။ သူက ပေါ့ပါးမြဲဖြစ်ငြား သည်တစ်ကြိမ်တွင် ‘ ဖင်လေးကျောက်ချ ’ လုပ်နေ၏ ။

“ ကိုကို့ကို ဒါကြောင့် အမေကြီးက ‘ ပျင်းခေါင် တိုင် ’ လို့ ဆိုတာ ။ ယောက်ျားလေးပဲ ဖျိုးဖျိုးဖျပ်ဖျပ် ထပေါ့ ”

စင်စစ် ငတက်ပြားမ မထနိုင်ပါ ။ ထလျှင် ထဘီကို အနားဘက်မှ ခေါက်ထားရလိမ့်မည် ။ ထိုအခါ တွင် ထန်းပင်မြစ်သုံးချောင်း ထဘီတွင်း ဝှက်ထားသည်ကို သိသွားကြတော့မည် မဟုတ်လော ။

“ အမယ် ကြီးကျယ်လိုက်တာ ”

အကယ်၍သာ အမေကြီးရီးကျီးဒန် လာနေကြောင်း သိပါမူ ငတက်ပြားမောင်နှမ ရန်ဖြစ်ရဲမည် မဟုတ်ပေ ။ ယခု ကျောဘက် လှည့် မကြည့်မိ ။

“ ကဲပါဟာ ၊ စကားများမနေကြပါနဲ့ ”

မောင်မောင်လှသည် ကလေးကို ချီလျက် သစ်ခက် သစ်ကိုင်းတွေ ထယူသည် ။ ကလေးတစ်ဖက်မို့ များများ မပါ ။ သို့ကြောင့် ကလေးကို ချထားခဲ့သည် ။ ကလေးက ပြာနှင့် ဖုန်သောသော ထဲတွင် ထိုင်နေခဲ့ရာက လေးဖက်တွားပြီး ထန်းပင်မြစ်အခွံတွေကို ကောက်စားသည် ။ ထိုအခြင်းအရာသည် ရီးကျီးဒန်၏ မျက်စိ နှင့် တန်းပြီးတိုးတော့သည် ။

“ ဟဲ့ ... ကလေးကို ဖုတ်ထဲ ချထားရသလား ၊ ဟင် မသာလေး ”

“ လာပါပြီဗျား ၊ စောစောစီးစီး ”

ရီးဆေးရိုးက ဆီမန်းမန်းသံဖြင့် ရေရွတ်သည် ။ မြေးများမူ ကြောင်သံ ကြားသည့် ကြွက်အလား ငြိမ်သွားကြသည် ။ မောင်မောင်လှ မူ ထင်းကို ပစ်ချကာ ကလေးကို ကောက်ယူသည် ။ ပေရေနေသည့် ဖုန်ကို ခါပေးသည် ။ သည်မျှနှင့် မပြီးစီးသေးပါ ။ ရီးကျီးဒန် သည် မောင်ထွေး နှင့် လှအုံးမယ် ကြားထဲသို့ ဝင်တိုး ရာက “ ဘာပြုလို့ ချထားတာတုံး ၊ အေးက အေးနဲ့ ” စကားဆက်သည် ။

“ ထင်း ထယူတာ အမေကြီးရ ”

“ ဟင် ဒီအကြီးဆုံးက ဘာလုပ်နေသလဲ ။ သေနေသလား ၊ ကျိုးနေသလား ”

ပလတ်စတစ်ပါးပါးဖြင့် ထုပ်ထားသော ကျောက်ခဲအလား မာကျောသော အရိုးခေါက်ကြီးက နဖူးကို ထိသည် ။

“ အား ... အမယ်လေးဗျာ ၊ ကြောက်ပါပြီဗျာ့ ”

အော်လည်း အော်သည် ။ နဖူးကိုလည်း ပွတ်သည် ။

“ ကိုယ်က အကြီးဆုံး ၊ အစ်ကိုကြီး အဖအရာတဲ့ ။ အရာရာမှာ ကိုယ်က ဦးစီးခေါင်းဆောင်ပြီး လုပ်မှ အငယ်တွေက အတုယူစရာဖြစ်တော့မပေါ့ ။ အခုတော့ ‘ ဟဲ့ ငပျင်း ငှက်ပျောသီး စားမလား ၊ အခွံ နွှာပြီး သားလား ’ ဆိုတဲ့ အကောင်မျိုး ”

သည်စကားကို သည်ကလေးတွေ ကြားဖူးသည် မှာ အကြိမ်တစ်ရာ မကတော့ပါ ။ အကြောင်းပြုသူမှာလည်း မောင်ကိုကြီးပင် ။ သည်နှယ်ပြောတိုင်း ငတက်ပြားမသည် ဟားတိုက် ရယ်စမြဲ ။ ယခုလည်း ရယ်မိသည်တွင် အမေကြီး၏ မျက်စောင်းက ရောက်လာသဖြင့် ပြူးတူးပြဲတဲ နောက်ဆုတ်ရာ ပက်လက်လန် လဲလေ၏ ။ ပက်လက်လန်အလဲတွင် ဝှက်ထားသော ထန်းပင်မြစ်တွေ ထွက်ကျလာတော့သည် ။

••••• ••••• •••••

( ၂ )

မိမိထွေး၏ အဖြစ်မှာ ဆိုး၏ ။ ကျော်သူရကို လှမ်းဆွဲ၏ ။ မမိ ။ မြေကြီးနှင့် နောက်စေ့နှင့် ဆောင့်မိရုံသာ ရှိတော့သည် ။

“ ဟဲ့ ... ဟဲ့ ... အငယ် ”

အော်သံနှင့် အတူ မေကြည် ပြေးလာသည် ။ နောက်စေ့ကို ဖမ်းထိန်းပေးသည် ။ ရီးကျီးဒန်၏ ဆဲမည့်ဆိုမည့် ပါးစပ်သည် ပိတ်စေ့သွားကာ မေကြည် နှင့် ခင်ခင်ကြီး ထံသို့ အာရုံရောက်သွားလေ၏ ။  မေကြည့် နောက်မှာ ခင်ခင်ကြီး ။ သူတို့သည် ယောက်ျား ဝတ်ရှပ်အင်္ကျီအဟောင်းကြီးတွေကို အပေါ်မှ ထပ်စွပ်ထား၏ ။ သနပ်ခါး တင်သည်ဆိုရုံမျှ ပါးကွက်ကျားဖြင့် သနပ်ခါးပန်း အခက်သေးသေးကလေး တစ်ခက်စီ ပန်ထားသည် ။ ဤသွင်ပြင်ကား ယနေ့ လယ်သူမကလေးတွေ၏ တစ်ညီတည်းသော ပုံစံတည်း ။ သို့ရာတွင် ပုဆိုးစုတ်ကိုယ်စီ ပခုံးပေါ် တင်ထားသဖြင့် ၊ တံစဉ်ကိုင်ထားသဖြင့် မြက်ရိတ်ရန် ထွက်လာကြသူများပါတကားဟု သိနိုင်ပေသည် ။

“ သမီးတို့ရယ် ၊ စောလှချည်လား ။ အေးက အေးသနဲ့ ”

ရီးဆေးရိုး က ပူစောင့်ပူပန်ဖြင့် ဆီးကြိုသည် ။

လက်ဖျားများ၏ အလယ်တွင် ဝင်းဝင်းထိန်ထိန် မီးတောက်ကလေး လူးထနေ၏ ။

“ ရပါတယ် ဘရဲ့ ”

ပြောရာက မေကြည် ရော ခင်ခင်ကြီး ပါ ကလေးတွေ ကြားသို့ တိုးဝင်သည် ။

“ ဟယ် .. လှလှရဲ့ အင်္ကျီကလေးက လှသတော့် ”

မေကြည်သည် လှအုံးမယ်၏ ခြုံထည်ကလေးကို ကိုင်ကြည့်သည် ။

“ ဟင် ... လက်လည်း မပါပါပဲကလား ၊ ကျောပေါ်မှာတင် ရှိတာကိုး ”

ဆက်ပြောသဖြင့် ရီးကျီးဒန် ပါလာရသည် ။

“ လက်ပါရမလားဟဲ့ ကောင်မရဲ့ ။ ခြုံထည်ပဲဟာကို ။ ကျောပေါ်မှာပဲ ရှိမှာပေါ့ ”

မေကြည် မှာ စကား မဆက်နိုင်သေး ။ တွန့်ရွံ့ပြီး ချည်စိမ်း ကွပ်ထားသော အနားသားကို ကိုင်ကြည့်သည် ။ လည်ပင်းတစ်ဝိုက်မှ ပန်းပွင့်ကလေးတွေကို ကြည့်သည် ။ အသားကို ပွတ်ကြည့်သည် ။ အပြာရင့် သက္ကလတ် အကြမ်းစား ။

“ လှလှ ဘယ်တုံးက ဝယ်လဲဟင် ”

“ အမေ ဝယ်ပေးတာ ”

“ ဘယ်လောက် ပေးရသတဲ့တုံးဟင် ”

“ သုံးမူး ”

“ သုံးမူး ဆိုတာ ဘာတုံး အမေကြီး ”

မျက်လုံးအဝိုင်းသားဖြင့် မေကြည် မေးရပြီ ။ ရီးကျီးဒန် သည် နှိုက်ပြီးသား ထန်းပင်မြစ်ကို သံဆုံထဲသို့ ပြန်ထည့်လိုက်ကာ စကား စတင်၏ ။

“ သုံးမူးဆိုတာ ၂၄ ပြားဟဲ့ ”

“ ဟောတော် ကတ်သီးကတ်သတ် ”

ခင်ခင်ကြီး နှင့် မေကြည် ရယ်မောသောအခါ ကလေးတွေလည်း ရောယောင်ရယ်မော၏ ။ ရယ်မောခြင်း မရှိသူက မောင်ကိုကြီး ။ သူသည် “ ဒါရယ်စရာလား ” ဟု နှမဝမ်းကွဲ နှင့် နှမ အရင်းအား ငေါက်ငမ်း၏ ။

“ ဘ .... သုံးမူး ဆိုတာ ခြောက်ပဲ မဟုတ်လားဟင် ဘ ”

မေးရမည့်သူက အမေကြီး ဖြစ်ငြား ယခု ကလေးတွင် သူ့အား နှက်ထားသောကြောင့် ရီးဆေးရိုး အား လှမ်းမေးသည် ။

“ ဒါပေါ့ကွ ၊ ခြောက်ပဲပေါ့ ။ ခြောက်ဂဏန်းပေါ်မှာ နောက်ဆွဲပစ် ။ တစ်ပဲ မှာ လေးပြား ၊ တစ်မူး မှာ ရှစ်ပြား ၊ အဲဒါကြောင့် ၂၄ ပြားကို သုံးမူး ခေါ်တယ် ။ ခြောက်ပဲ လည်း ခေါ်တယ် ”

“ ဟောတော် ၊ အဲဒါကြီးများ ၂၄ ပြားတည်း ပေးရသတဲ့ ။ အခုနေများ တစ်ဆယ်နဲ့မှ ရပါမလား အမေကြီးရယ် ”

မေကြည် သည် ခြုံထည်ကလေးကို ကိုင်တွယ် ယုယရင်း မေး၏ ။ မယုံကြည်လိုဟန် ၊ အံ့သြဟန်သည် သူ့မျက်နှာ၌ လွှမ်းနေ၏ ။

“ ဟဲ့ .. အဲဒါက နင့်အမေ သုံးနှစ်သမီးတုန်းက ၊ လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကဟဲ့ ”

“ အေးပေါ့ ၊ ဆားတစ်ပိဿာမှ တစ်မူး မဟုတ်လား ။ အချိန်အခါ အခြေအနေက ကွာခဲ့ပြီလေ ”

“ သမီးက အကြီးဆုံးဟာ ၊ သမီး ငယ်ငယ်တုန်း ကတော့ မဝတ်ရဘူး ။ သိပ်ပြီးမျက်နှာလိုက်တာပဲ ၊ မကောင်းဘူး ”

ခင်ခင်ကြီး ၏ မကျေနပ်သံ ။

“ ညည်း ငယ်ငယ်တုန်းက ထုတ်ပေးပါတယ်အေ ။ ညည်းပဲ ယားတယ် ဆိုပြီး လွှင့်ပစ်လို့ သိမ်းထားလိုက် ရတာပါ ။ မိမိထွေး ကို မွေးတော့ အမှတ် မရဘူးအေ့ ။ တစ်နေ့ကမှ သေတ္တာထဲက တွေ့လို့ ၊ အိုအေ ... ထိုက်တဲ့သူ ရတာပေါ့ ”

ရီးကျီးဒန် ၏ စကားအဆုံးတွင် တစ်စခန်း ထသူက မောင်မောင်ထွေး ။

“ အမေကြီးက မျက်နှာလိုက်တာ ”

“ ခြုံထည်က မိန်းကလေး ဝတ်တာဟဲ့ ၊ နင့်ဘထွေး အတွက် ဘာတဲ့ဟင် ”

တစ်စုံတစ်ရာကို ရီးကျီးဒန် ပြောလိုသည် ။ မပြောတတ်သည့်အတွက် ရီးဆေးရိုး အား လှည့်မေးသည် ။

“ ဖလေဇာကွတ် အေ ”

“ အဲ နင်တို့ ဘထွေး ငဘညိန်း အတွက် ဖလေဇာကွတ် အစိမ်းစင်း ၊ အဖြူစင်းနဲ့ အပြာစင်း ၊ ဟုတ်တယ်နော် ”

လှည့်မေးရပြန်သည် ။

“ ကျွန်တော် သိပ်ဝတ်ချင်တာပဲ ”

ကျော်သူရ၏ အာသီသ ။

“ အဲဒါကတော့ တော်တို့အဖေ ရိုရိုသေသေ မသိမ်းဘဲကိုး တော်ရဲ့ ။ သူများပဲ ပေးပစ်သလား ၊ ဖဲပဲ ပေါင်ရိုက်သလား ၊ ကြက်ပဲ ရှုံးပစ်သလား ။ သမီးကြီး ချောစိန်တို့ကတော့ ပိုက်ဆံစု ‘ အိတ်ရှုံ့ ’  ကလေးက အစ သိမ်းတယ် ”

••••• ••••• •••••

( ၃ )

“ မသိမ်းမယ့် မသိမ်းတာနော် ၊ ဖလေဇာက ခြုံထည် ထက် ဈေးကြီးသဗျား ”

ရီးဆေးရိုး၏ အပြောကို ရီးကျီးဒန် က ခေါင်းညိတ်ကာ ထောက်ခံရာက “ သမီးမိန်းကလေး လှချင်ရှာပေလိမ့်မယ် ဆိုပြီး ခြုံထည် ဝယ်ပေးမိပါတယ် ၊ ကိုရွှေဘညိန်းက ထပြီး ပူတော့တာပဲ ။ သူ့လည်း ဝယ်ပေးရမယ် ဆိုတော့ သားက ငယ်ပါသေးတယ် ။ အင်္ကျီက ငယ်ပြီး ကျန်ခဲ့လိမ့်မယ်လို့ မနည်းချော့ရတယ် ” ဟု နောက်ကြောင်းပြန်သည် ။

“ ဘယ်တော့မှ ဝယ်ဖြစ်လဲ အမေကြီး ”

“ ချော့လို့ မရပါဘူးဟယ် ။ ဆောင်းကုန်ခါနီး တလင်းတွင်းကြီးမှာ ဝယ်ပေးရပါရောလား ”

“ မဟုတ်ပါဘူးအေ ၊ စပါးရိတ်တုန်းကြီးပါ ” 

“ ဘယ်ကလာ ၊ အဘိုးကြီး ကလည်း မေ့လိုက်တာ လွန်ပါရောလား ။ ဦးဖိုးမြစ်တို့ စပါး လာ ခြင်လို့ ၊ ဒင်္ဂါးတွေလည်း မြင်ရော တော့်သား ပူတာမဟုတ်လား ”

“ မဟုတ်ပါဘူးအေ ၊ အဲဒါက ဖော့ဦးထုပ် ဝယ်ပေးရတဲ့ နှစ်ပါ ။ စပါးရိတ်တုန်းမှ စပါးရိတ်တုန်းကြီး ။ ကလေးကို မြှောက်ပေးတာက ဘယ်သူ မှတ်သလဲ ။ ငဘသောင်း ဗျား ။ မင့်အစ်မတော့ ဝယ်ပေးပြီးတော့ မင့်တော့ ဝယ်မပေးဘူး ၊ ငိုကွာ ဆိုလို့ ရိုးပြတ်ထဲ လှိမ့် အငိုမှာ ညည်းတောင် ရိုက်ရပါသေးကော အမယ်ကြီးရဲ့ ”

“ အဲဒါကမှသာ ဖော့ဦးထုပ် ဝယ်ပေးတဲ့နှစ် ”

“ မဟုတ်ပါဘူး ရီးကျီးဒန် ရာ ။ ကဲ ရိုက်မနေနဲ့ ၊ ခေါ်သာသွား ဆိုပြီး ဒင်္ဂါးတစ်ပြား ငါ ပေးလိုက်တာ ။ ပြန်လာတော့ ညည်းပဲ ပြောသေးတယ် မဟုတ်လား ။ ကု,လားက ခြောက်မူး ဆိုလို့ ငါးမူးနဲ့ ဆစ်နေတုန်း တော့်သားက ကောက်ဝတ်ပြီး မချွတ်တော့ဘူး ။ အဲသာနဲ့ပဲ ခြောက်မူး ပေးခဲ့ရတယ်နဲ့ ညည်းပဲ တဖျစ်တောက်တောက် ပြောနေပါရောလား ”

“ တော့်ကို သေခါနီးပြီ ၊ အသက်ကြီးပြီ ပြောတော့ ၊ တော်မကြိုက်ဘူး ”

“ ဟ ဘာဆိုင်လို့တုံး ”

“ ခြောက်မူး မဟုတ်ဘူး တော်ရေ့ ၊ ငါးမူး .... ငါးမူး ”

“ ခြောက်မူးက ပြားလေးဆယ် ၊ ငါးမူးက သုံးဆယ့်နှစ်ပြား ၊ ညည့်ဟာက တစ်မူးကြီးများတောင် ကွာနေပါရောလား ။ ညည်း သတိမကောင်းတော့ဘူး ကျီးဒန် ။ အိုးပုတ်ချိုးရုပ်တွေနဲ့ ကစားပြီး သူငယ်ပြန်တော့မယ် ။ ခြောက်မူးဟ ”

“ တော်သာ သေတော့မှာ ၊ နက်ဖြန် ဆိုရင် အသက် ထွက်တော့မှာ ”

“ သယ် .. ငါ ... ရေနွေးအိုးနဲ့ ပေါက်လိုက်ရ ”

“ ပေါက်ရဲရင် ပေါက်ကြည့်ပါကလား ။ ကျီးဒန်တဲ့ တစ်ဒန်တည်း ရှိတယ် ”

“ ဘ ၊ ဘ ... လွန်မယ် ... လွန်မယ် ”

“ အမေကြီး ဒေါသမကြီးပါနဲ့ ”

“ သွားစမ်း သောက်ကလေးတွေ ။ တစ်ယောက်မှ မနေနဲ့ ။ သွား .. အကုန်သွား ”

အမေကြီးသည် မီးတရဲရဲနှင့် ထင်းစကို ကောက်ယူကာ ချိန်ရွယ်သည် ။ မြေးများ ရှဲခနဲဖြစ်ကာ ထွက် ပြေးကြသည် ။ ထိုအထဲတွင် ပြေးရင်းလွှားရင်း ခေါင်းကုတ်လာသူမှာ မောင်ကိုကြီး ဖြစ်သည် ။

“ ဘ ပြောတဲ့ အထဲမှာ ငါးမူးကို ၃၂ ပြား ၊ ခြောက်မူးကို ပြားလေးဆယ် တဲ့ ။ တစ်မူး ကို ရှစ်ပြား ဆိုရင် ငါးမူး က ပြားလေးဆယ် ၊ ခြောက်မူးက ၄၈ ပြား ဖြစ်ရမှာပါ ”

သူသည် ဝင်းဝမှ လှမ်းမျှော်ကြည့်၏ ။ မန်ကျည်းပင်ရိပ် မီးဖိုဘေးရှိ ဘ နှင့် အမေကြီး တို့၏ ရန်ပွဲကား မပြီးငြိမ်းသေး ။ မငြိမ်းအေးရုံသာမက အသံများပင် တစ်စထက်တစ်စ ကျယ်လောင်လာပါပြီရော ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment