❝ လူဝင်စား ဗကိ ❞
( ပုံပြင် )
တစ်ခါတုန်းက တိဘက်ပြည် ရူးနယ်၌ ဗချဘုရင်သည် ထီးနန်းစိုးစံတော်မူလေသည် ။ ထိုဘုရင်သည် ပြည်ထောင်ဘက်ချင်း မင်းတစ်ပါး၏ သမီးတော်နှင့် စုံဖက်တော်မူသည် ။ မင်းနှင့် မိဖုရား နှစ်ပါးတို့၏ ထူးခြားသော ဝါသနာ တစ်ခုမှာ တစ်ဦးနှင့် တစ်ဦး အလျော့ မပေးတမ်း ငြင်းခုံတတ်သော ဝါသနာပင် ဖြစ်သည် ။ တစ်ဦးနှင့် တစ်ဦးသည် အမြဲတမ်းပင် အသေးအဖွဲက စ၍ ငြင်းခုံတတ်သည် ။ ငြင်းခုံကြတိုင်းပင် ရန်ပွဲနှင့် အဆုံးသတ်ကြလေသည် ။ ဘုရင်ကြီးသည် သူ့မိဖုရားအား ချစ်မြတ်နိုးတော်မူသော်လည်း ကိုယ်တော်မြတ် အား အနိုင်မပေးဘဲ ငြင်းသော မိဖုရားကြီး ဖြစ်သည့် အတွက် စိတ်ထဲ၌ မခံချိမခံသာ ဖြစ်နေ၏ ။ တစ်နေ့တခြား မိဖုရားကြီးအပေါ် အမျက်တော်ပွားလာ၏ ။ မျက်မာန်တော်ငြိုးလာလေ၏ ။ တစ်ညသော် မင်းနှင့် မိဖုရားနှစ်ပါးသည် ပွဲတော်တည်ပြီးကြသဖြင့် သလွန်တော် ပေါ် တွင်ထိုင်၍ စကားစမြည် ပြောနေကြစဉ်နန်းတော်မြို့သစ်တပ် အပြင်ဘက်မှ မြေခွေးတစ်ကောင်၏ အူသံကို ကြားတော်မူကြလေသည် ။ ထိုအခါဘုရင်ကြီးက ..
“ အလို ... ကျားဟိန်းသံများ တယ် နီးကပ်ပါကလား ၊ မိဖုရားကြီး ကြားတော်မူပါစ ” ဟု မိဖုရားကြီးအား လှမ်းမေးတော်မူ၏ ။
မိဖုရားကြီး ကလည်း ပြန်၍ “ မောင်တော်ဘုရား ၊ ဒီအသံဟာ ကျားဟိန်းသံ မဟုတ် ကြောင်းပါ ၊ မြေခွေးအူသံပါ ” ဟုဖြေတော်မူ၏ ။
ဘုရင်ကြီးကလည်း “ မိဖုရားကြီးနှယ် တယ်လွဲသကိုး ၊ ကိုယ်တော်မြတ်က ကျားဟိန်း သံများ မြေခွေးသံနဲ့ ခွဲခြားပြီး မသိဘူး မှတ်ထင်တော်မူနေသလား ၊ ကျားဟိန်းသံမှ ကျားဟိန်းသံအစစ်ရယ် ၊ ဘာမှ သံသယ ဖြစ်စရာ မလိုပါဘူး ” ဟု မိန့်ကြားတော်မူ၏ ။
ထို့ကြောင့်ပင် မင်းနှင့် မိဖုရားနှစ်ပါးမှာ ကျားဟိန်းသံ ၊ မြေခွေးအူသံနှင့် တစ်ဦးကမှ အလျော့မပေးဘဲ ထပ်တလဲလဲ ငြင်းကြလေသည် ။
နောက်ဆုံးတွင် ဘုရင်ကြီးသည် ကြာရှည်စွာ သည်းမခံနိုင်သောကြောင့် နက်ဖြန် ညီလာခံသဘင်တွင် ဤပြဿနာကို ဝန်ကြီးမှူးကြီးများ စုံရာရှေ့တွင် တင်ပြ၍ အဆုံးအဖြတ် ခိုင်းမည်ဟု မိန့်ကြားတော်မူလေသည် ။ အကယ်၍ မှူးမတ်ဗိုလ်ပါအများက ဘုရင်ကြီးကြား သည်မှာ လွဲမှားသည်ဟု လျှောက်ထားလျှင် နန်းတော် အနီးရှိ မြစ်အတွင်းဝယ် တုံးပေါ်တင်၍ ရေအမျှောခံရမည်ဟု သစ္စာပြု၏ ။ အကယ်၍ မိဖုရားကြီး လွဲမှားသည်ဟု မှူးမတ်များက လျှောက်တင်ကြလျှင်လည်း မိဖုရားကြီးအား တုံးပေါ်တင်၍ မြစ်တွင်းဝယ် ရေစုန်အမျှော ခံရမည်ဟု ကတိသစ္စာပြုကြလေ၏ ။
နှစ်ဦးသား ထိုကတိသစ္စာကို သဘောတူကြသောကြောင့် နောက်တစ်နေ့ ညီလာခံသဘင်သို့ မှူးမတ်ဗိုလ်ပုံ ပညာရှိ အစုံအလင်ကို ဆင့်ဆို ခေါ်ယူပြီးလျှင် ဘုရင်ကြီးက “ အို ... ပညာရှိသုခမိန်တို့ ၊ ညက မြို့သစ်တပ် အပြင်ဘက်က တောတိရစ္ဆာန် တစ်ကောင်ရဲ့ အသံကို ကိုယ်တော်မြတ်နဲ့ မိဖုရားကြီးတို့ ကြားကြတယ် ၊ ကိုယ်တော်မြတ်က ကျားဟိန်းသံ ကြားတယ် ၊ မိဖုရားကြီးက မြေခွေးအူသံလို့ ကြားတယ် ၊ ဘယ်လို အသံမျိုးဖြစ်တယ်ဆို တာကို ပညာရှိ သုခမိန်များက အဆုံးအဖြတ် ပေးကြရမယ် ၊ တကယ်လို့ ညကကြားတဲ့အသံဟာ မြေခွေးသံလို့ မှူးတော်မတ်တော်များက ဆုံးဖြတ်ရင် ကိုယ်တော်မြတ် ကိုယ်တိုင် သစ်တုံး တစ်တုံးပေါ်မှာ တွယ်ပြီး နန်းတော်အနီးက မြစ်အတွင်းမှာ စုန်မျောခံဖို့ ကတိပြုခဲ့တယ် ၊ တကယ်လို့ မှူးတော်မတ်တော်များက ကျားဟိန်းသံလို့ အဆုံးအဖြတ် ပေးရင် မိဖုရားကြီးက သူကိုယ်တိုင် ရေအမျှောခံဖို့ သဘောတူတော်မူတယ် ၊ ဒါကြောင့် မှူးတော်မတ်တော်များသာ လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးကာ အဆုံးအဖြတ်ကို ပေးကြတော့ ” ဟု မိန့်ကြားတော်မူပြီးလျှင် ညီလာခံကို ရုပ်သိမ်းတော်မူ၏ ။
မှူးကြီးမတ်ရာအပေါင်းတို့လည်း မှန်ကန်သော အဆုံးအဖြတ်ကို ပေးနိုင်ရန် အတန်ကြာ ဆွေးနွေးတိုင်ပင်ကြလေ၏ ။ ထို့နောက် နန်းတော်အနီးတဝိုက်၌ နေထိုင်ကြသော တောသူ တောင်သားများကို ဆင့်ဆို ခေါ်ယူပြီးလျှင် စစ်ဆေးမေးမြန်းကြ၏ ။ တောသူတောင်သားများက လည်း ညတိုင်းညတိုင်းတွင် မြေခွေးများ ဝင်တတ်ကြောင်း ၊ ကျားဆို၍ တစ်ကောင်တလေမျှ မချဉ်းကပ်လာတတ်ကြောင်းကို တညီတညွတ်တည်း အစစ်ခံကြလေ၏ ။
မှူးကြီးမတ်ရာတို့သည် တောသူတောင်သားတို့၏ အစစ်ခံချက်အရ ဘုရင်ကြီး၏ မှားတော်ပုံကို ထင်ထင်ရှားရှား သိမြင်ကြ၏ ။ သို့ရာတွင် အဆုံးအဖြတ်ကို မကြေညာမီ သက်တော်ရှည် အမတ်ကြီးကမှူးကြီးမတ်ရာများအား အောက်ပါအတိုင်းပြောကြား၏ ။
“ အမတ်မင်းတို့ ၊ အခုကိစ္စမှာ ဘုရင်မင်းမြတ် လွဲမှားတယ် ဆိုတာကိုတော့ အထူး ပြောစရာ လိုမယ် မထင်ပါဘူး ၊ဒါပေမယ့် ကျုပ် တင်ပြချင်တဲ့ အချက် တစ်ချက်ကတော့ ဒီအတိုင်းသာ ကျုပ်တို့ရဲ့အဆုံးအဖြတ်ကို ကြေညာလိုက်ရင် တိုင်းပြည်မှာမင်းမဲ့တိုင်းပြည် ဖြစ်သွားတော့ မှာပဲ ၊ မိဖုရားကြီးသာ ကျုပ်တို့ကို စိုးမိုးနေရတော့မယ် ၊ ဒီတော့ ဒီလိုအဖြစ်မျိုးကို ကျုပ်တို့ ဘယ်သူမှ လိုလားမှာ မဟုတ်ဘူး ဆိုတာ ကျုပ် ယုံကြည်ပါတယ် ၊ ဒီတော့ ကျုပ် အကြံပေးချင်တာက ကျုပ်တို့ တတွေဟာ အမှန်ကို သိပေမယ့် အမှန်ကို မကြေညာဘဲ ဘုရင်မင်းကြီးသာ မှန်ကြောင်း ကို ကြေညာဖို့ အကြံပေးချင်တာပါပဲ ” ဟု ပြောကြား၏ ။
အခြားသော မှူးမတ်တို့ ကလည်း သက်တော်ရှည် အမတ်ကြီး၏ အကြံပေးချက်ကို သဘောတူကြ၏ ။ ထို့ကြောင့် မှူးတော်မတ်တော်များသည် တစ်စုတရုံးတည်း ဘုရင်မင်းမြတ် ရှေ့တော်မှောက်သို့ သွားရောက်ကြပြီးလျှင် ဘုရင်မင်းမြတ် ကျားဟိန်းသံကြားသည်မှာ မှန်ကန်ကြောင်း သံတော်ဦးတင်ကြ၏ ။
ဘုရင်ကြီးသည် မှူးမတ်တို့ လျှောက်ထားသံကို ကြားတော်မူလျှင် များစွာကျေနပ် အားရတော်မူသောကြောင့် ချက်ချင်းပင် မိဖုရားကြီးအား သစ်တုံးတစ်တုံးပေါ် တင်၍ ရေမျှော စေရန် အမိန့်တော်မှတ်လေ၏ ။
မိဖုရားကြီးသည် ကိုယ်ဝန် အရင့်အမာနှင့် ရှိသူ ဖြစ်သော်လည်း အလွန် မာနကြီး၍ ခေါင်းမာသူ ဖြစ်သောကြောင့် ဘုရင့်အမိန့်တော်မြတ်အတိုင်း မကြောက်မရွံ့ မတောင်းပန်ဘဲ ရေအမျှောခံတော်မူသည် ။
ရေစုန်မျှော၍ ခရီး အတော်ဝေးဝေး ရောက်သောအခါ သစ်တုံးသည် ကမ်းစပ်တစ်ခု ပေါ်သို့ ထိုးတင်လေသည် ။ မိဖုရားကြီးသည် သစ်တုံးပေါ်မှ ဆင်း၍ ကမ်းစပ်သို့ တက်တော်မူသည် ။ ကမ်းပေါ်တွင်ကား ကိုင်းပင်များဖြင့် ဖုံးလွှမ်းနေသောကြောင့် ကမ်းပေါ်သို့ မည်သို့ တက်ရမည်ကိုပင် ခဲယဉ်းစွာ ရှာဖွေရ၏ ။ မိဖုရားကြီးသည် မနားမနေ လိုက်လံ ရှာဖွေသောကြောင့် ကိုင်းပင်များ ပါးနေသော ကြားကလေးတစ်ခုကို တွေ့ရလေသည် ။ ထိုကြားကလေး ထဲသို့ ဝင်သွားရာ လူသွားလမ်းကလေး ကွေ့ကွေ့ကောက်ကောက် တစ်ခုကို တွေ့၍ ထိုလမ်းအတိုင်း လိုက်လေ၏ ။ အတန်ကြာ သွားမိသောအခါ ကိုင်းတော အလယ်ရှိ ကွက်လပ်တစ်ခုသို့ ရောက် သွား၏ ။ ထိုကွက်လပ်တွင်ကား အလွန် အိုမင်းနေသော အဘိုးအို တစ်ဦးသည် ထမင်းချက် နေသည်ကို တွေ့ရ၏ ။ ထိုအဘိုးအို၏ ဖြူဖွေးနေသော မုတ်ဆိတ်တို့ကား ခါးလယ်အထိပင် ရှည်လျားစွာ ကျဆင်းနေပေသည် ။ မိဖုရားကြီးသည် ထိုအဘိုးအိုအား နှုတ်ခွန်းဆက်သပြီးသော် “ ဘိုးဘိုးရယ် ၊ ကျွန်မ ဆာလွန်းလို့ ထမင်း တစ်လုပ်လောက် သနားသဖြင့် ကျွေးမွေးပါ ” ဟု တောင်းပန်ရှာသည် ။
အဘိုးကြီးက “ ကျွေးရသပ ငါ့မြေးရယ် ၊ ငါ့မှာ ရှိသမျှ အကုန်စားနိုင်တာပ ” ဟု ပြောပြောဆိုဆိုနှင့်ပင် ထမင်းအိုး ၊ ဟင်းအိုး ရှိသမျှကို မိဖုရားကြီး ရှေ့တွင် ချပေးလေ၏ ။ မိဖုရားကြီးသည် မြိန်ရည်ရှက်ရေဖြင့် ပွဲတော်တည်ပြီးသောအခါ အဘိုးကြီးက “ ဘိုးဘိုးကတော့ ဒီကိုင်းတောကြီးရဲ့ ရှင်ကြီးပေါ့ကွာ ၊ ငါ့မြေးကို စောင့်မချင်လို့ စောင့်နေတာပါ ပဲ ၊ ဘိုးဘိုး ပြောတဲ့ အတိုင်းသာ လိုက်နာပေတော့ ၊ အခု ငါ့မြေး တွေ့တဲ့ လူသွားလမ်း အတိုင်း ဆက်သာလိုက်သွား ၊ လမ်းဆုံးရင် တောင်ကုန်း တစ်ခုပေါ် ရောက်သွားလိမ့်မယ် ၊ အဲဒီတောင် ကုန်းပေါ်မှာ ငါ့မြေးဟာ သားဦးကို ဖွားလိမ့်မယ် ၊ ဒီဖွားမယ့် သားဟာ အညတရသား မဟုတ်ပေဘူး ၊ ဘုန်းရှင်ကံရှင် လားမားကြီး ဝင်စားမယ့် သားပဲ ၊ ဘုန်းကံနဲ့ အလွန်ပြည့်စုံလိမ့်မယ် ၊ ဒီသားဟာ မွေးမွေးချင်း စကားပြောလိမ့်မယ် ၊ လမ်းလျှောက်လိမ့်မယ် ၊ သူ့နာမည်က ဗကိတဲ့ ၊ သူ့ နောက်သာ ငါ့မြေး လိုက်ပေတော့ ” ဟုမှာကြားလေသည် ။
အဘိုးကြီး မှာသည့် အတိုင်း လူသွားလမ်း အတိုင်း လိုက်သွားရာ တောင်ကုန်းပေါ် တွင် သားကို ဖွားမြင်၏ ။ မွေးမွေးချင်းပင် စကားပြော ၊ လမ်းလျှောက်ပြီးလျှင် မယ်တော်ကို ရှေ့က လမ်းပြ ခေါ်ဆောင် သွားလေသည် ။ ကိုင်းတောကြီး ထဲတွင် အတော်ကြာ သွားကြပြီးနောက် ကိုင်းတောကြီး၏ အဆုံးသို့ ရောက်ကြ၍ ကိုင်းတောမှ ထွက်လိုက်သောအခါ လယ်ကွင်းများကို တွေ့ကြရလေသည် ။
ထိုနေ့တွင်ပင် ထိုအရပ်နယ်ပယ်မှ ဘုရင့်သားတော် သုံးဦးလည်း တောလည်ထွက် ရင်း ထိုလယ်ကွင်းများ ဆီသို့ ရောက်လာကြသောကြောင့် သားနှင့်မိခင်ကို ပက်ပင်းပါတွေ့ကြ လေသည် ။ မင်းသား သုံးဦးလည်း သားအမိ နှစ်ယောက်၏ အကြောင်းကို အလုံးစုံ ကြားသိရသောအခါ မြင်းပေါ်သို့ တင်ပြီးလျှင် နန်းတော်သို့ ခေါ်ယူသွားကြ၏ ။ နန်းတော်သို့ ရောက်၍ သားတော်များက ခမည်းတော်ကို လျှောက်ထားကာ သားအမိ နှစ်ယောက်ကို ဆက်သလျှင် ဘုရင်ကြီးလည်း မိဖုရားကြီးနှင့် သားတော်နှစ်ဦးကို မင်းဆွေမင်းမျိုးတို့၏ အဆောင်အယောင် ဖြင့် ချီးမြှင့်မြှောက်စားကာ ဗကိအား သားတော်အဖြစ် မွေးမြူလေသည် ။
ဗကိသည် ထိုပြည်ဝယ် ကြီးပြင်းလာသောအခါ အခြား မင်းသားတို့ထက် ရုပ်အဆင်းအင်္ဂါလည်း ပြည့်စုံ၏ ။ ခွန်အားဗလနှင့်လည်း ပြည့်စုံ၏ ။ မင်းသားတို့ တတ်အပ်သော အတတ် ပညာအားလုံး၌လည်း ကျွမ်းကျင်လိမ္မာလေသည် ။
တစ်နေ့သော် ဗကိသည် ဘုရင်ကြီး၏ သားတော်သုံးပါးနှင့် အတူ တောကစား ထွက်ရာ ၊ အလွန်လှပသော ဒရယ်ဖြူတစ်ကောင်ကို တွေ့ကြလေသည် ။ ဒရယ်မ၏ ကိုယ်ခန္ဓာမှာ ထူးထူးခြားခြားပင် တစ်ကိုယ်လုံး ဖွေးဖွေးဆွတ်ဆွတ်ဖြူနေပေသည် ။ ထိုဒရယ်မသည် တောင်ရိုးတောင်တန်းဆီသို့ ရှေ့ရှု့ ခုန်ပေါက် ပြေးလွှားသွားရာ ညီနောင်သုံးပါးနှင့် ဗကိ သည် နောက်မှ ထက်ကြပ်မကွာ မြင်းကို ကဆုန်စိုင်း၍ လိုက်ကြ၏ ။ သို့သော် ညီနောင်သုံးပါး စီးသော မြင်းတို့သည် တစ်ကောင်ပြီး တစ်ကောင် ခြေကုန်လက်ပန်းကျသဖြင့် မင်းသား တစ်ဦးစီ တစ်ဦးစီ နောက်၌ ကျန်၍ကျန်၍ နေရစ်ခဲ့လေသည် ။ ဗကိ တစ်ဦးတည်းသာ ဒရယ်မ နောက်သို့ မျက်ခြေမပြတ် လိုက်ပါသွားနိုင်ပေသည် ။ လိုက်ရင်း လိုက်ရင်းပင် ဒရယ်မသည် ခြေကုန်လာလေ၏ ။ ဗကိသည် ဒရယ်မကို မီလုမီခင် ဖြစ်လာ၏ ။ ဗကိလည်း ဒရယ်မကို အရှင်လတ်လတ် ဖမ်းမိတော့မည်ဟု ယုံကြည်လာ၏ ။ ဤသို့ လိုက်ရင်းနှင့်ပင် ဒရယ်မသည် တဟုန်တည်း ရှေ့သို့ ပြေးသွားလေ၏ ။ ရှေ့တွင်ကား မတ်စောက်နေသော ကျောက်ဆောင်ကြီးရှိ၏ ။ ထိုကျောက်ဆောင်ကြီးကို ဒရယ်မသည် နှုတ်သီးဖြင့် တို့လိုက်ရာ ကျောက်သား ပကတိကြီးသည် နှစ်ခြမ်းဟသွား ပြီးလျှင် အတွင်းမှ လိုဏ်ဂူကြီးသည် အတိုင်းသား ပေါ်လွင်လာ၏ ။ ဒရယ်မကလေးသည် ထိုဂူ အတွင်းသို့ ခြေနင်း၍ ဝင်လိုက်လျှင် ဝင်လိုက်ခြင်း ကိုယ်ပေါ်မှ ဒရယ်ပုံပန်း အရေခွံသည် ကွာကျသွားပြီးသော် အလွန်လှပသော မိန်းမပျို အသွင်သို့ ပြောင်းလဲသွားလေ၏ ။
ဗကိသည် အလွန် လျင်မြန်ဖျတ်လတ်ပြီးလျှင် သူရသတ္တိနှင့် ပြည့်စုံသော လုလင်ပျို ဖြစ်သည့် အတွက် မဆိုင်းမတွ တစ်ခဏချင်းပင် မြင်းပေါ်မှ ခုန်ဆင်းကာ ထိုမိန်းမပျိုနောက်သို့ ပြေးသွားလေ၏ ။ ဂူတွင်းသို့ ဗကိ ဝင်မိသည်နှင့် တစ်ပြိုင်နက် ပွင့်ဟနေသော ကျောက်သားကြီး မှာ အသံပြင်းစွာ မြည်ဟီးလျက် ပြန်ပိတ်သွားလေ၏ ။ ဗကိသည် မိန်းမပျို သွားရာလမ်းအတိုင်း အလွန် ကျဉ်းမြောင်းသော ကျောက်ကြားထဲသို့ နောက်ယောင်ခံ လိုက်သွားရာ မကြာမီပင် အလွန်ကျယ်ဝန်းမြင့်မားသော ကျောက်ခန်းကြီး အတွင်းသို့ ရောက်သွား၏ ။ ထိုကျောက်ခန်းကြီး မှာ သလွန်ညောင်စောင်း စသည်တို့ဖြင့် အရောင်တောက်ပစွာ ခမ်းခမ်းနားနား ပြင်ဆင်ထားသည့်ပြင် အခန်းကြီး တစ်ခုလုံးမှာလည်း တန်ဆောင်ဆီမီးတို့၏ အရောင်ဖြင့် လင်းထိန်နေ၏ ။ အခန်းကြီး၏ အလယ်တွင်မူ ဖန်သားပကတိ ပြီးသော တိုင်ကြီးများသည် အစီအရီ ရှိနေလေသည် ။
မိန်းမပျိုကား အခန်းကြီး၏ ထောင့်တစ်ထောင့်တွင် ရှိသော သလွန်တော် ပေါ်ဝယ် ထိုင်နေသည်ကို ဗကိ တွေ့ရ၏ ။ မိန်းမပျိုသည် ဗကိအား မည်သူမည်ဝါ ဖြစ်ကြောင်းကို မေး၏ ။ မိန်းမပျိုတစ်ဦးတည်း နေသော အခန်းတွင်းသို့ အဘယ်ကြောင့် ကျူးကျော်ဝင်ရောက်လာသည်ကိုလည်း မေးပြန်၏ ။ ဗကိ လည်း ယဉ်ကျေးသိမ်မွေ့သော လုလင်ပျို ဖြစ်သဖြင့် မိန်းမပျို ကျေနပ်လောက်အောင် ချေငံစွာ ပြန်ဖြေ၏ ။ မိန်းမပျိုလည်း ဗကိ၏ သိမ်မွေ့ယဉ်ကျေးသော အပြောအဆို အမူအရာတို့ကို နှစ်သက်သဖြင့် ဗကိ အား ...
“ အသင်မင်းသား ၊ မင်းသား ယခု ရောက်ရှိနေသော ဗိမာန်ကား အလွန်ရက်စက် ကြမ်းကြုတ်သော ဘီလူးကြီး၏ ဗိမာန်ဖြစ်သည် ။ ကျွန်ုပ်သည် အသင်ကဲ့သို့ လူသားပင် ဖြစ်သော်လည်း ဘီလူးကြီးက ဖမ်းယူခဲ့သောကြောင့် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည် ။ မကြာမီပင် ကျွန်ုပ်အား သူ့ဇနီးသည် အဖြစ် သိမ်းပိုက်ရန် ရည်ရွယ်ထားပေသည် ။ မင်္ဂလာ မဆောင်မီ စပ်ကြားတွင် ကျွန်ုပ်အား ပျော်ပျော်ပါးပါးနေနိုင်ရန် နာနာရုပ်ဖန်ဆင်းတတ်သော အတတ်ကို ဘီလူးကြီးက သင်ပေးထားပေသည် ။ နာနာရုပ်အတတ်ကြောင့် ကျွန်ုပ် ကိုယ်ကို ကျွန်ုပ် တိရစ္ဆာန်အမျိုးစုံ၏ သဏ္ဌာန်မျိုးကို ဖန်ဆင်းပြီးလျှင် လွတ်လွတ်လပ်လပ် သွားလာနေ ထိုင်နိုင်ပေသည် ။ သို့သော် သူ့တန်ခိုးကြောင့် သူ့ဆီက ထွက်ပြေးခြင်းငှာ မရချေ ။ လူသား တစ်ယောက်ယောက်က ကျွန်ုပ်ကို မကယ်သမျှ သူ့လက်တွင်းက လွတ်ဖို့ရာ များစွာခဲ ယဉ်းပေလိမ့်မည် ။ နက်ဖြန်ကျမှ ဒီအကြောင်းတွေကို ဆက်ပြောကြစို့ရဲ့ ။ အခုအချိန်လောက် ဆိုရင် ဘီလူးကြီး ပြန်လာချိန် တန်ပြီ ။ အသင့်ကို ဤနေရာ၌ တွေ့လျှင် မမေးမမြန်းဘဲ သ,တ်ပစ်လိုက်လိမ့် မည် ။ ထို့ကြောင့် သူပြန်မလာခင် တစ်နေရာရာမှာ ပုန်းနေမှ ဖြစ်မယ် ” ဟုပြောရှာ၏ ။
ပြောပြောဆိုဆိုနှင့်ပင် မိန်းမပျိုသည် ဖန်တိုင်တန်းကြီး၏ အလယ်ဗဟို၌ ရှိသော ဖန်တိုင်ကြီး ဆီသို့ သွား၍ ဖန်တိုင်ကြီးကို ဖွင့်လေသည် ။ ထိုဖန်တိုင်ကြီး အတွင်းတွင် အခေါင်းလိုက် ရှိ၏ ။ ထိုအခေါင်းတွင်းသို့ ဗကိ အား ခေါ်ယူပုန်းအောင်း နေစေသည် ။
ဗကိ ပုန်းပြီး၍ မကြာမီပင် ဂူတံခါးကြီးသည် ပွင့်လာပြီးလျှင် ဘီလူးကြီးသည် အခန်း တွင်းသို့ ဝင်လာတော့၏ ။ ခရီးရောက်မဆိုက်ပင် မိန်းမပျိုကို ခေါ်၍ ထမင်းပွဲ အပြင်ခိုင်းလေသည် ။ စားသောက် ဝသောအခါ သလွန် တစ်ခုပေါ်တွင် ထိုင်၍ ဗျတ်စောင်းကို တီးလေသည် ။ စောင်းသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အခန်းတွင်းမှ ရှိသမျှ ဖန်တိုင်ကြီးတို့သည် သာ ယာဖြည်းညင်းစွာ ယိမ်းယိမ်းနွဲ့နွဲ့ ကကြလေသည် ။ ဗကိ ပုန်းနေသော ဖန်တိုင်ကြီး တစ်တိုင်တည်းသာ မကဘဲ မတ်မတ်ကြီး ငြိမ်နေပေသည် ။
ခါတိုင်း ကနေကျ ဖန်တိုင်ကြီးသည် ယနေ့မှ မကဘဲ ငြိမ်နေသည်ကို ဘီလူးကြီး မြင်သောအခါ ဒေါသအမျက် ချောင်းချောင်း ထွက်၍ ထိုဖန်တိုင်ကို အစိတ်စိတ်အမွှာမွှာ ထုခွဲပစ်မည်ဟု တူကြီး တစ်ချောင်းကို ရှာလေသည် ။ မိန်းမပျိုလည်း ဘီလူးကြီး၏ လက်မောင်းကို အသာအယာ ဆွဲထားပြီးလျှင် ...
“ ကြည့်စမ်းပါဦး မင်းကြီးရယ် ၊ ဒီတိုင်ကြီးဟာ တိုင်အားလုံးမှာ အကြီးဆုံးနဲ့ အလယ် ဗဟိုအကျဆုံးတိုင်ကြီး မဟုတ်ပေဘူးလား ၊ သူလည်းပဲ သူ့သိက္ခာနဲ့ သူ့အခြေအနေနဲ့ ၊ ဒီ့ပြင် တိုင်တွေထက် ထူးခြားချင်ပေမှာပေါ့ ၊ ဒီ့ပြင်တိုင်တွေကတိုင်း သူလည်း အမြဲ ဘယ် ကချင်ရှာမလဲ ၊ တစ်ခါတလေတော့ အနားယူချင်ရှာမှာပေါ့ ၊ မင်းကြီးရဲ့ အာဏာကို ဖီဆန်ချင်လို့တော့ ဘယ်ဟုတ်မလဲ ၊ နေမကောင်းထိုင်မကောင်း ဖြစ်ချင်လည်း ဖြစ်နေရှာမှာပေါ့ ၊ ဒီကနေ့ တစ်ည တော့ ချမ်းသာပေးလိုက်ပါရှင် ၊ နက်ဖြန်ညကျရင် သူ ကမှာအမှန်ပါပဲ ” ဟု ဖြားယောင်းပြောဆိုလေသည် ။
ဘီလူးကြီးလည်း မိန်းမပျို၏ စကားကို နားဝင်သွားသောကြောင့် တိုင်ကြီးကို မခွဲပစ်ဘဲ ဒေါသပြေပျောက်သွားလေသည် ။ တစ်ခဏ ကြာသောအခါ အိပ်ရာဝင်လေသည် ။
နံနက်မိုးသောက်သောအခါ ဘီလူးကြီးလည်း ခါတိုင်းကဲ့သို့ပင် အလိုရှိရာသို့ ထွက် သွားလေသည် ။ ဘီလူးကြီး ထွက်သွားလျှင်သွားချင်းပင် မိန်းမပျိုသည် ဗကိ အား တိုင်အတွင်းမှ ဖွင့်ထုတ်ပေးလေသည် ။ နံနက်စာကို ကောင်းစွာ ကျွေးမွေးပြီးလျှင် ...
“ အသင်မင်းသား ၊ လူသားတစ်ယောက်က ဘီလူးတစ်ကောင်အား သ,တ်ရန်ကိစ္စမှာ အလွန် ခက်ခဲသော ကိစ္စဖြစ်သည် ။ ဤဘီလူးကြီးသည် နာနာဘာဝ အကောင်ကြီးဖြစ်သည့် အတွက် သူ့ကိုယ်ခန္ဓာကြီးကို ထိခိုက်သ,တ်ဖြတ်စေကာမူ အရာမျှထင်မည် မဟုတ်ချေ ။အဘယ် ကြောင့်ဆိုသော် သူ့ဝိညာဉ်သည် သူ့ကိုယ်ခန္ဓာတွင် မရှိဘဲ လူသားများ မမြင်နိုင်သည့် မျက်ကွယ်အရပ် တစ်ခု၌ ကြက်တူရွေးတစ်ကောင်၏ အသက်နှင့် လိပ်ပြာချင်း ပူးပေါင်းထားသောကြောင့်ဖြစ်သည် ။ ထိုကြက်တူရွေး ဘယ်အရပ်မှာ ရှိသည်ကိုမူ ကျွန်ုပ် လျှို့ဝှက်စွာ စုံစမ်းထား သောကြောင့် တပ်အပ်သေချာသိပေသည် ။ အသင်မင်းသား ရှာဖွေတွေ့ရှိနိုင်ရန် ကျွန်ုပ် ညွန်ကြားပါအံ့ ၊ အသင် မင်းသားသာ သတိဝီရိယနှင့် သွားရောက်ပေတော့ ။
ယခု ကျွန်ုပ်တို့ နေသော ကျောက်တောင်ကြီး၏ နောက်ဘက်တွင် ကျောက်တောင် ကြီးတစ်တောင် ရှိသေးသည် ။ ထိုတောင်ကြီးမှာ တစ်လုံးထီးထီး တည်ရှိသောကြောင့်ကျောက်သားအလုံးကြီးဟု ထင်မှတ်ရသည် ။ ထိုတောင်ကြီးသို့ သွားပါလေ ၊ ထိုတောင်ခြေရင်းသို့ ရောက်သောအခါ ညာဘက်ခြေထောက်ဖြင့် ကျောက်နံရံကြီးကို သုံးကြိမ်ကန်ပါ ။ ကန်တိုင်း ကန်တိုင်း “ အို ... တောကျီးကျောက်မင်း တံခါးဖွင့်ပေးပါ ” ဟု ကျယ်လောင်စွာ အော်ဟစ်ပါ ၊ သုံးကြိမ်စေ့သောအခါ တံခါးကြီး ပွင့်လာလိမ့်မည် ။ တံခါးကြီး ပွင့်လာလျှင် ဝင်သွားပါ ။ အတွင်းမှာ ဂူကြီးရှိသည် ။ ဂူကြီး အလယ်တွင် ကျောက်နီတုံးကြီး တစ်ခုကို တွေ့ရလိမ့်မည် ။ ထိုကျောက်နီတုံးကြီး ပေါ်တွင် ကြက်တူရွေးကို တွေ့လိမ့်မည် ။ ထိုကြက်တူရွေးကို သ,တ်နိုင်လျှင် သင်သည် ဘီလူးကြီးကို အလွယ်တကူ သ,တ်နိုင်လိမ့်မည် ။ အသင့်ကိုလည်း မည်သည့် အန္တရာယ်မှ ထိခိုက်စရာ မရှိတော့ပြီ ” ဟု မင်းသား အား ညွှန်ကြားလေသည် ။
ဗကိ သည် မိန်းမပျို၏ စကားကို ကြားပြီးသော် မိန်းမပျို ညွှန်ကြားသည့် အတိုင်းပင် ဂူ အတွင်းမှ ထွက်ခဲ့၍ ဂူ၏ အနောက်ဘက်သို့ သွား၏ ။ မိန်းမပျို ပြောသည့်အတိုင်းပင် ကျောက်တောင်ကြီးတစ်လုံးကို တွေ့ရာ ခြေဖြင့် သုံးကြိမ် ကန်၍ တံခါးဖွင့်ခိုင်း၏ ။ ကျောက်တောင်ကြီး လည်း ပွင့်လာ၏ ။ ဗကိ လည်း ကျောက်တောင်ကြီး ပွင့်လျှင်ပွင့်ခြင်း လျင်မြန်သော အဟုန်ဖြင့် ဂူတွင်းသို့ အတင်း ဝင်ပြေး သွားပြီးသော် ကျောက်နီတုံးပေါ်ရှိ ကြက်တူရွေးကို လည်ပင်းညှစ် သ,တ်လေ၏ ။ ကြက်တူရွေးလည်း အံ့အားသင့်နေခိုက် အငိုက်မိလိုက်သဖြင့် အသက်ဆုံးရှာပေသည် ။
ကျောက်တစ်လုံးတောင်မှ ထွက်ခဲ့၍ ဘီလူးကြီး နေရာ ဂူဆီသို့ ပြန်လာရာ ဂူဝတွင် ဘီလူးကြီး တုံးလုံးလဲ နေသည်ကို တွေ့ရလေသည် ။ ဘီလူးကြီးကား လည်ပင်းကျိုးလျက် သေနေရှာလေပြီ ။
ဗကိလည်း မိန်းမပျိုကို ဆောင်ယူ၍ နေပြည်တော်သို့ ပြန်ခဲ့၏ ။ နေပြည်တော်သို့ ရောက်လျှင် မိန်းမပျိုအား သင့်တော်သော အိမ်တစ်ဆောင်၌ ခေတ္တထား၍ ခမည်းတော်ထံ တစ်ယောက်တည်း ဝင်ရောက် လျှောက်ကြားမည်ဟု ကြံစည်၏ ။ သို့ရာတွင် ဗကိအား ဒေါသ ဟုန်းဟုန်းထ စေသော သတင်းစကားကို ဗကိ ကြားရ၏ ။ ဗကိသည် နေပြည်တော်မှ ပျောက်ကွယ်နေစဉ် ဘုရင်ကြီးသည် ဗကိ ၏ မယ်တော်အား အလိုမတူဘဲ သိမ်းပိုက်မည်ဟု ကြံစည် တော်မူ၏ ။ မယ်တော်လည်း သူ့မှာ ခင်ပွန်းနှင့် မပြတ်မစဲသောကြောင့် အမျိုးမျိုး ငြင်းပယ် သော်လည်း အတင်းအဓမ္မ သိမ်းပိုက်တော့မည်ဟူသော သတင်းဆိုးကို ကြားရ၏ ။
ထိုသတင်းကို မိန်းမပျိုအား ပြန်ပြောရာ မိန်းမပျိုက ဗကိအား ” ကြောင့်ကြတော်မမူပါနဲ့ မောင်ရယ် ၊ ဘုရင်ကြီးကို မောင်က နိုင်အောင် နှမတော် ကူညီ ဆောင်ရွက်ပါ့မယ် ” ဟု အားပေးပြီးလျှင် နာနာရုပ်ဖန်ဆင်းတတ်သော အတတ်ကို သင်ပေးလေသည် ။ ဗကိသည် နန်းတော်သို့ ချက်ချင်း သွားပြီးသော် ဥယျာဉ် အတွင်းရှိ သဖန်းပျဉ်ပေါ်၌ ထိုင်ပြီးလျှင် မန္တန်ကို စုတ်လေသည် ။ မန္တန်ဆုံးလျှင် ဆုံးခြင်း ဗကိ သည် လူစင်စစ်မှ ခရုခွံကြီး အဖြစ်သို့ ပြောင်းလဲသွားလေသည် ။
ခရုခွံကြီး အဖြစ် ပြောင်းလဲ၍ မကြာမြင့်မီပင် ဘုရင့်ရထားထိန်းသည် ခရုခွံကြီး အနီးမှ အကြောင်းတစ်ခုကြောင့် ဖြတ်သန်းသွားသဖြင့် ခရုကြီးကို မြင်လျှင် အလွန် လှပသောကြောင့် တစ်ခဏမျှရပ်၍ ...
“ အို ... တယ်လှတဲ့ ခရုကြီးပါလား ” ဟု နှုတ်မှ မြွက်ဆို ချီးမွမ်းလေ၏ ။ ရထားထိန်းစကားမှ မဆုံးခင် ခရုကြီးက ...
“ ဟုတ်သပါ့ ၊ ကျုပ်လို လှတဲ့ခရု ဇမ္ဗူမှာ ရှိပါလေရဲ့လား ” ဟု ပြောကြားလေလျှင် ရထား ထိန်းလည်း အလွန် အံ့အားသင့်သွား၏ ။
“ ဘယ့်နှယ် ၊ ဘယ်လို ခရုပါလိမ့် ၊ ခရု အကြောင်း ဘယ်လောက်များ နားလည်လို့ ကိုယ့်ကိုယ်ကို ချီးမွမ်းနေရသလဲ ” ဟု ရထားထိန်းက အရွှန်းဖောက်လိုက်၏ ။
ခရုကြီးကလည်း“ ခရု အကြောင်းတင် ဘယ်က မလဲဗျာ ၊ကျုပ်က အကြောင်းအမျိုးမျိုးကို သိတဲ့ ခရုပဲ ၊ ဥပမာ ဘုရင်ကြီးရဲ့သားတော် ဗကိမင်းသား အကြောင်းတောင် သိတဲ့ ခရုဗျ ၊ ဒါပေမယ့် ဘုရင်ကြီးက ဗကိအကြောင်းကို ရွှေနားတော်ပန်ဆင်ချင်မှာ ဟုတ်မယ်မထင်ဘူးဗျာ ” ဟု ပြောလေ၏ ။
ရထားထိန်းလည်း ခရု၏ စကားကို ကြားလျှင် အဂ္ဂမဟာသေနာပတိကြီး ထံ သွားရောက် လျှောက်ကြား၏ ။ အဂ္ဂမဟာသေနာပတိ အမတ်ကြီးက ဘုရင့်ထံ သံတော်ဦးတင်ရာ ဘုရင်က ချက်ချင်းပင် ခရုကြီးကို ရှေ့တော်သို့ သွင်းစေ၏ ။ ရှေ့တော်မှောက်သို့ ရောက်လတ်သော် ဘုရင်ကြီးက ခရုကြီးအား “ အသင်က ဘယ်လို သတ္တဝါတုန်း ၊ မင်းသားဗကိ အကြောင်း ဘာများ သိသတုန်း ” ဟုမေး၏ ။
ခရုကြီးလည်း “ အသင်မင်းကြီး ၊ ကျုပ် တစ်ခုတော့ သံတော်ဦး တင်နိုင်၏ ။ အသင် မင်းကြီးသည် မင်းသားဗကိ၏ မယ်တော်ကို အတင်း သိမ်းပိုက်တော်မူလျှင် ဒုက္ခအကြီးအကျယ် နှင့် ရင်ဆိုင် တွေ့ကြုံလိမ့်မည် ” ဟု သံတော်ဦးတင်၏ ။
ဘုရင်ကြီးလည်း ခရု၏ စကားကို ကြားလေသော် အရှက်တော်ရ၍ ရာဇမာန်ရှသောကြောင့် မင်းချင်းတစ်ယောက်ကို ခရုကြီးအား အစိတ်စိတ်အမြွှာမြွှာ ကွဲသွားအောင် တူဖြင့် ထုရိုက်ပစ်စေ၏ ။ မင်းချင်းလည်း ဘုရင်ကြီး၏ အမိန့်တော်အတိုင်း ထုရိုက်ပစ်လိုက်ရာ ကွဲကြေ သွားသော ခရုကြီး၏ အခွံမှ အပိုင်းအစကလေးများသည် တစ်စလျှင် လက်နက်စွဲသော စစ်သည်တော် တစ်ယောက်ကျစီ အဖြစ်သို့ ပြောင်းလဲ သွားပြီးလျှင် ဗကိ ကိုယ်တိုင်လည်း စစ်ဝတ်တန်ဆာအစုံအလင်နှင့် ဘွားခနဲပေါ်လာလေ၏ ။
နန်းတော်တွင်း၌ ထိုစစ်သည်တို့သည် တစ်ဦးဦးအား လိုက်လံ ရှာဖွေနေဟန်ဖြင့် သွားလာလျက် ဘယ်သူ့ကို သ,တ်ရအံ့နည်း ၊ ဘယ်သူ့ကို ခုတ်ရအံ့နည်းဟု ဆူညံစွာ အော်ဟစ်ကြလေ၏ ။ အမှန်စင်စစ်မှာ ထိုစစ်သည်များသည် ဗကိ၏ မန္တန်ကြောင့် ပေါ်ထွက်လာသော နာနာဘာဝ အစောင့်အရှောက်များဖြစ်ပေသည် ။
ဗကိ သည် ဘုရင်ကြီး ဆီသို့ လက်ညှိုး ညွန်လိုက်ရာ စစ်သည်တော်များသည် ဘုရင်ကြီးအား ကွပ်မျက်ကြ ပြီးသော် နန်းတော်တံခါးပေါက်မှ ထွက်သွားကာ ပျောက်ကွယ်သွားတော့၏ ။ မှူးမတ်ဗိုလ်ပါ အားလုံးတို့သည် ဗကိ၏ တန်ခိုးကို တအံ့တသြ မြင်ကြရသောကြောင့် ခညောင်းဝပ်တွား လက်စုံကို ဦးထိပ်ထားကြ ပြီးသော် ဗကိအား ဘုရင်မြှောက်ကြလေ၏ ။
ဗကိသည် သူ့အား ကူညီသော မိန်းမပျို ရှိရာသို့ မင်းခမ်းမင်းနားနှင့် သွားရောက် ဆောင်ယူပြီးလျှင် မိဖုရားကြီး အဖြစ် ဘိသိက်မြှောက်လေ၏ ။
မယ်တော် ကိုလည်း အခမ်းအနားနှင့်ပင် ခမည်းတော် ဗချဘုရင်ကြီး ထံသို့ ပြန်လည် ပို့ဆောင်တော်မူသည် ။
ထိုနေ့မှစ၍ ခမည်းတော် နှင့် မယ်တော် တို့လည်း အငြင်းမသန်ကြတော့ဘဲ အသက် ထက်ဆုံး အချစ်သာ သန်ကြပေတော့သတည်း ။
( ဘာသာပြန် )
〇 ချစ်စရာ
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၅ ၊ မေ
No comments:
Post a Comment