Thursday, December 11, 2025

နှောင်ရစ်မြေခြာ


 

❝ နှောင်ရစ်မြေခြာ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

( ၁ )

တစ်ညတာ၏ ကုန်ဆုံးချိန်ကို တလက်လက် ထွက်ပေါ် မြင့်တက်လာသော ကြယ်နီကြီးက ညဉ့်မှတ်တိုင် အဖြစ် ဖော်ပြနေပေသည် ။ ရင့်ရူနီမောင်းသော ကြယ်နီကြီးမှာ တဖြည်းဖြည်း ဖြူဆွတ်ပဝင်းလာရင်း မြင့်တက်လာကာ အရှေ့ဘက်၌ အရုဏ်၏ အရိပ်တို့ ပြို ဆင်းလာခဲ့၏ ။ ရမ်းဘိုကုန်း ရွာလယ်မှ ကင်ပွန်းခါးပင် နှင့် မန်ကျည်းပင်တို့သည် ငိုက်မျဉ်းနေကြ၏ ။ တို့နိုင် နော့နိုင်လွန်းသော ဆောင်းလေပျိုသည် ရွာ၏ မြောက်ဘက်ရှိ စလင်းချောင်းတွင်းမှ တက်ရောက်လာပြီး ရွာငယ်ထဲဝယ် မွှေနှောက်နေပေသည် ။ ငိုက်မျဉ်းသော သစ်ပင်များမှ နှင်းရည်တို့သည် တပေါက်ပေါက် သက်ဆင်းလာကြရာ တောက်ပသော ငွေရောင်တို့သည် မြေကြီးနှင့်တွေ့ဆုံ ပျောက်ကွယ်သွားကြ သည် ။

မကျီးဒန်မှာ မောင်ရင်ပြန် ကြက်တွန်ကျူးချိန်မှ စပြီး နက်ဖြန် ကောက်ရိတ်သမားများကို ကျွေးမွေးရန် ကောက်ညှင်း ‘ ပေါင်း ’ နေရပေရာ ကိုဆေးရိုးတို့၏ မြေစိုက်ထန်းရွက်တဲငယ်ကလေးတွင်းမှ မီးရောင်သည် တမှိတ်တုတ်တုတ် ထွက်ပေါ်နေ၏ ။ သရက်ချင်ရွာ သို့ သွားရောက်ငှားရမ်းသော တစ်ပြည်ဝင် ပေါင်းချောင် နှင့် ပေါင်းခံအိုးမှာ တစ်အိုးပြီး တစ်အိုး အမှုထမ်းခဲ့ရာ သုံးအိုးသို့ တိုင်ခဲ့ပေပြီ ။ ပေါင်းချောင်တွင်းသို့ ဆန် မထည့်မီကပင် ကြက်ခြေခတ်၍ ထည့်ထားသော နှီး နှစ်ပင်ကို လက်နှစ်ဖက်ဖြင့် စုံကိုင်ကာ ကောက်ညှင်းဆန်များကို အထက်အောက် ပြောင်းလှည့်သွားအောင် ဆွဲလိုက်သည် ။ ပြီးလျှင် မကျီးဒန်က ပေါင်းချောင်နှင့် ပေါင်းခံအိုးတို့တွေ့ဆုံရာနေရာတွင် ချည်ပတ်ထားသော ခါးပန်းမှ လေလုံမလုံကို စစ်ဆေးကြည့်လိုက်ရာက ရွှဲရွှဲစို နေသော ချွေးသီးများကို ထဘီအထက်ဆင်ဖြင့် သုတ်သင်လိုက်သည် ။

အိုးလုပ်သမားက ပေါင်းချောင်နှင့် ပေါင်းခံ တစ် စုံကို ငှားရမ်းရရှိပါရေးအတွက် တစ်မိုင်သာသာ ဝေးသော သရက်ချင်ရွာသို့ သွားရောက် သယ်ပိုးခဲ့ရခြင်းအား ရယ်စရာအဖြစ် ပြောစမှတ်ပြုလိုက ပြုကြပေလိမ့်မည် ။ သို့ရာတွင် ငါးသည်က ငါးကောင်းစားရသော်လည်း ၊ အိုးသည်မှာ အိုးကောင်း မကိုင်ရ ။ လယ်သမားမှာ စပါးကောင်း ဆန်ကောင်း မစားရတာကိုတော့ ကိုဆေးရိုးတို့က အသိဆုံးဖြစ်သည့်ပြင် ၊ ကိုဆေးရိုးတို့ ၏ အစဉ်အလာမှာ ပေါင်းချောင် ပေါင်းခံ လုပ်ရိုး ၊ စလောင်းဖုံး လုပ်ရိုး မရှိခဲ့သောကြောင့် နောင်လာ နောင်ဆက်တို့သည်လည်း မလုပ်တတ်ခဲ့ကြချေ ။ စူးစမ်း တီထွင်၍ ပြုလုပ်ခြင်းသည် မရှိခဲ့သောကြောင့် ကိုဆေးရိုး၏ အိမ်ရှင်မက တစ်မိုင်ကျော်ခရီးကို တနဲ့နဲ့ လျှောက်ပြီး ပေါင်းချောင် ငှားရမ်းခဲ့ရသည်ဆိုခြင်းကို ဘာမျှ ဆိုဖွယ်မရှိထိုက်ပါပေ ။

သို့သော် ဘိုးဘေးစဉ်ဆက် ကာလမှ သပိတ်နှင့် သောက်ရေအိုး ၊ ရွက်အိုး ၊ ဆီအိုး ၊ ထမင်းအိုး ၊ မြူအိုးသာ လုပ်ကိုင်လာခဲ့ကြရာ စလောင်းဖုံး ၊ ဟင်းအိုးနှင့် အိုးပုတ် ၊ အင်တုံတို့ဖြင့် ဖြည့်စွက်မလုပ်ကိုင်နိုင်ခဲ့ကြ ခြင်းကိုတော့ အပြစ်တင်လိုက တင်နိုင်ပါသည် ။

ဒါကလည်း ကျွမ်းကျင်နိုင်နင်းပြီးသား ဖြစ်သော သပိတ် နှင့် ဆီအိုး ၊ ရေအိုးကိုပင် နေ့မအား ညမအား လုပ်ကိုင်ရောင်းချနေရသည့် ဘဝမှ ဝမ်းစာရေး အနှောင့်နှေး မခံနိုင်သည့်အခြေတွင် မနိုင်နင်း မကျွမ်းကျင်သေးသည့်အရာကို အချိန်ကုန် လူပန်းခံပြီး လုပ်ကိုင်ရန်မှာ ကိုဆေးရိုးတို့ အဖို့ ရူးသော မိုက်သော အလုပ် ဟူ၍သာ မှတ်ယူကြပေသည် ။

ဤသို့ မကျွမ်းကျင် မနိုင်နင်းသေးသော အလုပ်ကို အချိန်ကုန် လူပန်းခံပြီး လုပ်ကိုင်ဖြစ်မြောက် သွားပြန်တော့လည်း ရှိပြီး ၊ ပေါများပြီး ပစ္စည်းများဖြစ်နေသောကြောင့် ချောမောပြေပြစ်သော ပစ္စည်းများထဲမှ မလှမပ မသပ်ရပ်သော ဤပစ္စည်းကို မည်သည့် ဝယ်ယူသုံးစွဲသူကမှ ပြန်စောင့်ကြည့်မည် မဟုတ်ပေ ။ ကြိုးစား၍ တည်ဆောက်ထား ရှာပေသည်ဟူ၍လည်း ငဲ့ကွက်ရစကောင်း မရှိ ၊ အချည်းနှီးသာလျှင် ဖြစ်ရပေ၏ ။ ထို့ကြောင့် အိုးငှား၍ ကောက်ညှင်းပေါင်းရသော အိုးထိန်းသည်အား အပြစ်ယူရန်မသင့်ပေ ။

“ ကိုဆေးရိုး ... ကိုဆေးရိုး ”

ကောက်ညှင်း လေးပြည် ၊ လေးအိုး၏ နောက်ဆုံးအိုးကို အောက်ဖြူလှန်ပစ်ခဲ့ပြီး မကျီးဒန်က ကိုဆေးရိုး အား လာရောက်နှိုးနေခြင်းဖြစ်သည် ။

“ ကိုဆေးရိုး ... ကိုဆေးရိုး ”

စောင်ကို ပိန်းနေအောင် ခြုံပြီး တင်းနေအောင် ဆွဲကာ ဝလုံးကလေးလို ကွေးနေသော ကိုဆေးရိုး၏ စောင်ကို အတင်းဆွဲရာမှ ပါးစပ်ကလည်း အဆက်မပြတ် ခေါ်လိုက်၏ ။ ကိုဆေးရိုးက ပွင့်လန်၍ သွားသော စောင်ခြုံတွင်းသို့ လေအေး ဝင်လာသောကြောင့် နိုးလာရပြီး

“ ဟေ .. ” ဟု သွားကြားလေဖြင့် ထူးလိုက်၏ ။

“ ထတော့လတော် ... ကြယ်နီကြီးတောင် မြင့်လာပြီ ”

“ အေးပါဟာ ”

အေးပါဟာ ဟု ဆိုကာ ပြေကျပွင့်လန်နေသော စောင်ကို ဆွဲပြီး ၊ ပြန်၍ပြန်၍ ကွေးခဲ့ပေါင်းက များလှပြီ ဖြစ်သောကြောင့် နောကျေပြီဖြစ်သည့် မကျီးဒန်က ကိုဆေးရိုး ပြန်ဆွဲ၍ ယူနေသော ချေးအထပ်ထပ် ချုပ်ရိုးအထစ်ထစ်နှင့် စောင်ကို တအား ဆွဲယူ လိုက်ပြီး ၊ ဘေးနားမှ သားကလေး အပေါ်သို့ လွှင့်ပစ် လွှမ်းတင်လိုက်လေသည် ။

“ ကျီးဒန်ကလဲဟာ ”

ကိုဆေးရိုးက မျက်စိထောင့်ကို လက်ဖနောင့်ဖြင့် ပွတ်ရင်း ညည်းညူလိုက်ရှာ၏ ။

တူ တူတူတူ ။ ဂဒိုး ( ကျွဲချို ) မှုတ်သံက ဆောင်းလေ၏ မြောက်လေကို သွေဆန် ဆန့်ကျင် ရောက်ရှိလာ၏ ။ ဂဒိုးမှုတ်သံမှာ ရမ်းဘိုကုန်းရွာ၏ တောင်ဘက် တစ်မိုင်သာသာဝေးသော သရက်ချင် ရွာမှ ဖြစ်သည် ။ ကိုဆေးရိုးတို့၏ လယ်ကို ရိတ်ရန် သရက်ချင်ရွာမှ ကိုပွကြီး၏ ကောက်ရိတ်စည်းကို ငှားရမ်းထားရာ လယ်ထဲသို့ ကောက်ရိတ်သမားများ မရောက်မီ သွားနိုင်မှ ဖြစ်ပေမည် ။ ကောက်ရိတ်စည်းမှ စည်းသားများကို ဂဒိုးမှုတ်၍ ခေါ်လေပြီ ။ ကိုဆေးရိုး က လေးတွဲ့တွဲ့ လုပ်နေတုန်း ရှိသေးသည် ။

“ ကဲ ... ဂဒိုးတောင် မှုတ်နေပြီတော့ ၊ မြန်မြန်လုပ်ပါ ”

မကျီးဒန်က ဆီးဖြူသီးများ ထည့်ထားသော တောင်းကို တဲရှေ့မြေပြင်တွင် ချရင်းမှ လောဆော်လိုက်၏ ။

ဒုံ ... ဒုံ ... ဒုံ ... ဒုံ ... ဒုံ

ရေမိန်တောင် ကျောင်းမှ ဦးဇင်းပု၏ ဆွမ်းစား တုံးခေါက်သံက ခပ်လေးလေး ထွက်ပေါ်လာ၏ ။ ရမ်းဘိုကုန်း ရွာဦးရှိ လေးထပ်ကျောင်းကြီးမှာ အရုဏ်ဆွမ်းစားရန်ဝေးစွ ၊ နေ့ဆွမ်းကိုပင် ပင်ပန်းရိရှားစွာ မှီဝဲ နေရပေသည် ။ မူလ ကျောင်းထိုင်ဆရာတော်ကြီး ပျံလွန်ပြီးသည့်နောက် အခန်းနေ တပည့်နှစ်ပါး အမွေ လုရာမှ စ၍ ရပ်ရွာနှင့် အမွေရ ဦးပဉ္စင်းတို့ ကွေကွင်းခဲ့ရသည် ။ ထို့ကြောင့်ပင် နှစ်မိုင်ကွာ သုံးပင်တောင် ရပ်ရှိ ရေမိန်တောင်ကျောင်းမှ တုံးခေါက်သံကို အမှီပြု နေရခြင်းဖြစ်သည် ။

“ မိန်းကလေး ... ဟဲ့ မိန်းကလေး ”

သမီးဖြစ်သူ ချောစိန် ကို လှမ်းအော်နှိုးရင်း ကောက်ညှင်းပေါင်းထည့်သည့် တောင်းကို တဲရှေ့သို့ ထုတ် လာသည် ။

“ ကျီးဒန်ရေ ... ဆီနဲ့ ဆားကို ဘယ်မှာထည့်မလဲ ”

“ ကောက်ညှင်းပေါင်းထဲမှာ ထည့်ခဲ့ပေါ့တော် ” 

“ နှမ်းထောင်းကော ... နှမ်းထောင်း ” 

“ နှမ်းထောင်း ”

မကျီးဒန်က နှမ်းထောင်းဟု ပါးစပ်မှ မြည်လိုက်ပြီး ၊ နှမ်းထောင်း ဘယ်မှာ ထားမိမှန်း မသိသဖြင့် ပြတ်သွားကာ “ ဟောတော် ... နှမ်းထောင်း ဘယ်မှာထား မိမှန်း မသိဘူး ။ ခက်တော့တာပါပဲတော် ။ ဟဲ့ မိန်းကလေး ... မိန်းကလေး ထစမ်း ၊ နှမ်းထောင်း ငါ ဘယ်မှာ ထားမိသလဲ ” ဟု ကရွက်ကင်းလျှောက် အော်ဟစ် လိုက်၏ ။

“ ဘာလဲ အမေ ၊ နှမ်းထောင်းလား ၊ လက်ဆွဲချိုင့်ကလေးထဲမှာ ထည့်ပြီး ကျပ်စင်မှာ ဆွဲထားတာပဲ အမေရ ”

“ အေးဟေ့ ဟုတ်ပါ့ကော ၊ ကဲ ကိုဆေးရိုး ... သွား ကြရအောင် ။ ဆေးလိပ်တို့ လက်ဖက်တို့ကော ပါပလား ၊ ကောင်းကောင်းထမ်းနော် ၊ ဆီတွေ ဖိတ်ကုန်ဦးမယ် ။ မိန်းကလေးရေ ... ထမင်းချက်ပြီးရင် စောစောလာနော် ။ ကောက်သင်းကောက်တွေက မနိုင်နိုင်ဘူး ။ နွားကြီးနှစ်ကောင်ရော ၊ နွားမသားအမိကိုပါ ကောင်ကလေး ဆွဲခဲ့ပစေ ၊ ကြားလား ” 

“ ဟုတ်ကဲ့ ... ကြားပါတယ် ”

( ၂ )

အရုဏ်ဝိုးတဝါးဝယ် ကိုဆေးရိုးက ကောက်ညှင်းပေါင်းတောင်းကို ထမ်း၍ ၊ မကျီးဒန်က ဆီးဖြူသီး တောင်းကို ရွက်ပြီး နှင်းရည်တို့ဖြင့် ရွှဲနေသော မြက်ကန်သင်းများကို စမ်းသပ်ကုတ်ကပ်လျက် တရွေ့ရွေ့ လှမ်းလာကြသည် ။ နှင်းမှုန်တို့ မှိုင်းရင့်ခြုံသိုင်းထားသော တောတွင် တရွေ့ရွေ့တိုးကာ ကောက်သစ်နံ့ သင်းသော လေအေး၏ ပုတ်ခတ်ခြင်းကို မေးတဆတ် ဆတ်ရိုက်ရင်း တွန်းလှန်ကာ ကျင်းချိုင့် မြောင်းပေါင် များကို ကျော်လွှားခဲ့ကြရသည် ။

ဥနှဲပင်များ ထက်မှ ချိုးနီပုကလေးများက လန့်၍ ပျံပြေးကြ၏ ။ မကျီးဒန်က လက်ဖက်ခွက်ကလေးကို လယ်ထိပ်တွင် ဒူးတုပ်ချထားလိုက်ပြီး လယ်ကွက်ထဲသို့ လှမ်းမျှော်ကြည့်လိုက်သည် ။ အမှောင်၏ လျော့နည်းခြင်း အောက်ဝယ် ရွှေရောင်နှင့် ငွေရောင်တို့သည် ဝိုးတဝါးလင်းရောင်ခြည်နှင့် ရက်ယှက်နေကြ၏ ။

“ အရှင်ကြီး အရှင်ကောင်းများတော် .. ကျေးတော်မျိုး ကျွန်တော်မျိုးများက စားဦးစားဖျား တင်မြှောက်ပါတယ်တော် ၊ စားတော်ခေါ်ပါ ၊ သောက်တော်ခေါ်ပါ ။ မကောင်းသော အန္တရာယ်များကိုလည်း ဖယ်ရှားတော်မူပါ ”

မကျီးဒန်က တဖွဖွမြည်တမ်းနေရာမှ ဆီးဖြူသီးတောင်းကို ကောက်ကိုင်လိုက်ကာ လယ်ကွက်ထဲသို့ ဆီးဖြူသီးများကို ကြဲမြှောက်ဖြန့်လွှင့်နေပြန်၏ ။

“ ကိုဆေးရိုးရေ ... ဒါတွေကို လိုက်ပြီး ကြဲလိုက်ပါဦး ”

ထိပ်ဆုံးမှ လယ်ကွက်တွင် ကြဲမြှောက်ပြီးနောက် ကျန်လယ်ကွက်များအတွက် ကိုဆေးရိုးကို တာဝန်ပေးလိုက်သည် ။

ဆီးဖြူသီး ။ ကောက်ရိတ်မည် ကြံလျှင် ဆီးဖြူသီးကို တင်ကြို ရှာဖွေထားရပေသည် ။ အစဉ်အလာ၏ စွန်းထင်းမှုက ဆီးဖြူသီး မပက်သော လယ်ကွက်တွင် မရိတ်ကောင်းသလောက် ယူဆနေစေသည် ။ ဆီးဖြူသီးမှာ လယ်ယာကို စောင့်ရှောက်သော ပုံးမကြည် ( ပုန်းမဂျီ ) ရှင်မ ခေါ် နတ်မကို တင်မြှောက်ပြီး လယ်ကွက်တွင်းရှိ ပိုးမွှားများကို ဖယ်ရှားပေးစေရန် ဖြစ်ရာ ကောက်ရိတ်ရင်း ပိုးမွှား တွေ့ ရှိသော်လည်း ၊ ဆီးဖြူသီး ပက်ကြဲခြင်းဖြင့် ပုန်းမကြည် အား ပသထားပြီး ဖြစ်ပါက “ ပုန်းမကြည်ရှင်မ ကယ်ပေလို့သာပေါ့ ၊ နို့မို့ရင် အကိုက်ပဲ ၊ ပွဲချင်းပြီးပဲ ၊ အရှင်မကို တင်မြှောက်ထားပေလို့ ”  ဟူသော နတ်ကို လှည့်၍ စွဲလမ်းယုံမှတ်သော စကားဖြင့် ဆိုကြချေ၏ ။ ဆီးဖြူသီး မပက်မိပါက “ ကြည့်စမ်း ကြည့်စမ်း ၊ ပုန်းမကြည် ရှင်မကို မတင် မြှောက်လို့ ၊ မရိုသေလို့ မြွေနဲ့ တိုက်တာ ။ ကျုပ် မျက်စိ ရှင်ပေလို့သာပေါ့ ။ အမယ်လေး အရှင်မ စိတ်ဆိုးနေတဲ့ လယ်ကို ကျုပ်တော့ မရိတ်ဝံ့ဘူးတော် ” ဟူသော နတ်စွဲစိတ်ဖြင့် လယ်ကို ဆက်လက်ရိတ်ရန် ခါးခါးသီးသီး ငြင်းဆန်ကြသောကြောင့် ဆီးဖြူသီးသည် လယ်သမား အဖို့ မရှိလျှင် မဖြစ်သော ပစ္စည်းဖြစ်နေတော့၏ ။

ကောက်နှင့် မြွေသည် ပလဲနံပဖြစ်၏ ။

ဤမျှရှုပ်ထွေးပွေပွနေသော နေရာသည် မြွေတို့ ၏ ခိုအောင်းရာ ဖြစ်သည့်အပြင် ၊ မြွေပွေးသည် ဤအချိန်၌ သားပေါက်များရာ ဤအချိန်သည် မုချ မြွေ ပေါရမည်ပင်ဖြစ်သည် ။ ပုံးမကြည်နတ် ( ပုန်းမဂျီရှင်မ ) အား တင်မြှောက်ပြီး ဖြစ်ပါလျက်နှင့် မြွေတွေ့သော အခါတွင် မြွေကို ဖယ်ရှားမပစ်သော နတ်အား အပြစ်တင်ခြင်း မရှိဘဲ ၊ မတင်မြှောက်မိသော လယ်ကွက်တွင် မြွေတွေ့ သောအခါကျမှ ပုန်းမဂျီရှင်မ စိတ်ဆိုးလို့ ဟူသော စကားသည် နှစ်မြို့ဖွယ်သော စကားရပ်ကား မဟုတ်ပေ ။ သို့ရာတွင်လည်း သိပ္ပံပညာနှင့် လောကဓာတ်ပညာတို့ တည်ဆောက်ချက်များကို မျက်ဝါးထင်ထင် တွေ့မြင် ကြားနာသော အထက်တန်းစား ပညာတတ်များနှင့် မြို့နေလူတန်းစားများကသော်မှ နတ်ကို ယုံမှတ်ရိုကျိုးနေကြပါသေးလျှင် ပညာမဲ့ လူတန်းစားတို့ အဖို့မှာ ဆိုဖွယ် မရှိတော့သည့်ပြင် ၊ မြင်မြင်သမျှ လူတန်းစားများကို ကြောက်ရွံ့နေရသည့် ဤနင်းပြားများ အဖို့ တွေ့ကြုံရသမျှသော အဆိုးတရားနှင့် ကောင်းသောအရာတို့သည် သက်ရှိတစ်စုံ တစ်ယောက်က မပြုလုပ် မစေစားခဲ့သော် မမြင်နိုင်စွမ်းသော နတ်တို့ ကသာ ဖန်ဆင်းစေစားခြင်းသာ ဖြစ်ရမည်ဟူသော အစဉ်အဆက် စွဲလမ်းချက်သည် ယုတ္တိ ရှိသော ယုံမှားခြင်းဖြစ်ပါပေသည်ဟု ယူဆရပေမည် ။ ဤစွဲလမ်းချက်ကပင် နတ်သည် လယ်သမားတို့၏ ဦးညွှတ်ရာ ဖြစ်စေသည် ။

မြတ်စွာဘုရားကို ဆွမ်းမကပ် ၊ သံဃာတော်ကို ဆွမ်းမလောင်း၍ အပြစ်မရှိ ၊ ကုသိုလ်မ ရရုံသာရှိချေ မည် ။ နတ် ကိုတော့ မထေမဲ့မြင် မပြုသင့် ၊ ကိုင်တတ်သည် ဟူသော စွဲမှားကို ဘုရားစင်နှင့် နတ်အိုးကို တန်းတူထားခြင်းက သက်သေခံနေပေသည် ။ ညောင်ရေအိုးကို မှန်မှန်မလဲနိုင် ၊ ဝတ်မဖြည့်နိုင်သော်လည်း ဦးရှင်ကြီး မှန်မှန်တင်ခြင်း ၊ နတ်အုန်းသီးကို မနွမ်းအောင် လဲလှယ်နိုင်ခြင်းတို့က အယူချွတ်လွဲ နတ်သရဲများသည် အတုမဲ့သော ဗုဒ္ဓမြတ်ရှင်နှင့် တန်းတူနေရာ ယူထားရုံမျှမက ဘုရားရှင်ထက်ပင် တန်ခိုးကြွနေကြောင်း ၊ လွှမ်းမိုးနေကြောင်းကို ဖော်ပြနေပေသည် ။ ထို့ကြောင့် စားဝတ်နေရေးမဖူလုံသေးသမျှ ကာလပတ်လုံး အဘိဓမ္မာစာပြန်ပွဲ ၊ မင်္ဂလာစာပြန်ပွဲတို့ဖြင့် လည်းကောင်း ၊ ဝိပဿနာလုပ်ငန်းတို့ဖြင့် လည်းကောင်း ၊ သာသနာတော် စည်ပင်တောက်ထွန်းစေရန် မြတ်တရား၌ သက်ဝင်ကိုးစားစေရန် အဘယ်မျှပင် အားထုတ်သော်လည်း စားဝတ်နေရေး ချို့ငဲ့ခြင်းတည်းဟူသော ဝါးလုံးခေါင်းတွင်းမှ လယ်သမား ပညာမဲ့တို့အား သာသနာ့ရောင်ခြည်သည် လင်းလက်နိုင်စွမ်း မရှိပေ ။ စွဲမှားယူမှား နတ်မိစ္ဆာတို့သည်သာ မစင်တော၌ သာသော လ ကဲ့သို့ တန်ခိုးထွားနေကြဦး မည်သာတည်း ။

မသေရုံသာ စားရသော်လည်း နားနေခွင့်ကား မရှိခဲ့ချေ ။ သရက်ထည်ပွင့်ရိုက် အင်္ကျီထက် တိုး၍ မမျှော်မှန်းတတ်သည့်ပြင် ငွေတစ်ရာကိုသော်မျှ မမြင်ဖူးတတ်ကြသူများအဖို့ ကိုယ် နှုတ် နှလုံး သုံးပါးလုံး ဖြင့် တပေါစမင်္ဂလာကို ကျင့်ကြံကြပြီး ဖြစ်နေပြီးလေပြီ ။ မမြင်ဖူး မကြားဖူးသော အရာကို အဘယ်ကဲ့သို့ တောင့်တလိုလားနိုင်ပါအံ့နည်း ။ နိဝါတောစ ဒွန်း ဏ္ဍားမျိုး ခြေသုတ်ပုဆိုး ချိုကျိုးနွားကဲ့သို့ မိမိကိုယ်ကို နှိမ့်ချသော မင်္ဂလာသည်လည်း နှိမ့်ချလွန်းသဖြင့် ၊ ပိပြားရလွန်းသဖြင့် ဤလူတန်းစားများမှာ ပြည့်စုံနေပါပြီ ။

သို့ရာတွင် စားဝတ်နေရေး မပြည့်စုံခြင်းတည်းဟူသော ဝါးလုံးခေါင်းကြီးကို ရိုက်ခွဲလိုက်ပါမူ သာသနာတော်သည် နေရောင်မက ထွန်းတောက်လာပေလိမ့်မည် ။ ဤအခါဝယ် စင်ကြယ်သော ကိုယ် နှုတ် နှလုံး နှင့် ပြည့်စုံသော သူတော်စင်များသည် ဤအလွှာမှ ပေါ်ထွန်းလာကြပေလိမ့်မည် ။

( ၃ )

“ နှင်းငွေ့ရည် ... နှင်းငွေရည် အံ့မဆုံးတယ် .. မိုး ပေါက်ကရှုံး ၊ တိမ် ... တိမ်ခြေဖုံးပါလို့ အုံးခြိမ့်ခြိမ့် မှောင်... ”

ကိုပွကြီး၏ ကောက်ရိတ်စည်းမှ တတူတူ မှုတ်လာသော ဂဒိုးသံနှင့်အတူ ချမ်းရစီးရခြင်းကို အော်ဟစ် ဆူညံခြင်းဖြင့် မေ့ပျောက်လာကြသော ကောက်ရိတ်သူမများ၏အသံမှာ တဖြည်းဖြည်း နီးကပ်လာ၏ ။

“ ဪ ... သဇင်သင်းပါတဲ့ ခင်းပြန့်ပေါ်လာနိုးငယ် မယ်မျှော်လို့ ... ”

“ ဟဲ့ကောင်မ စိန်အေး ၊ ညည်းအသံကြီးကို မဆိုရင် ဘယ်လောက်ပေးရမလဲ ”

နှင်းငွေ့တွင်းဝယ် သဇင်သင်းသော စိန်အေး ကို ငွေရှင် က လှမ်းတဲ့၍ သြဘာပြုလိုက်ရာ မိပွေး က ...

“ အောင်မယ် ... ညည်းတို့က ဒီလိုပြောကြပါနဲ့အေ ၊ စိန်အေး အသံကဖြင့် ကောင်းပါတယ် ၊ ညည်းတို့ပဲ သူ့လို ဆိုစမ်းပါဦး ”

“ ကျွန်တော့်ရည်းစား ပျောက်လို့ရှာ ... မယ်ဝိဇ္ဇနဲ့ တူသဗျာ ဘယ်မြို့သူလဲလို့ ... ” 

“ ဟေ့ကောင် ... ဘယ်မြို့သူမှ မဟုတ်ဘူး ၊ ရှားတောက ”

“ ဟေ့ လှမောင်ရ ... ချစ်မြရဲ့ ရည်းစားက ရှားတောက မဟုတ်ပြန်ဘူးကွ ။ ပုရပိုက်တန်းက ဖြစ်သွား ပြန်ပြီ ”

“ ဟေ .. ဟုတ်လား ... အမယ်လေး မင်း ဘယ်သူ နဲ့ လိုက်စားလို့ ဗိုက်တရားမှန်ရသာ ဟော ... ” 

“ ကဲ .. မအဝှာတို့က နောက်မှမျှော် ၊ ကိုဟိုဒင်း တို့ကလည်း ပြီးမှ ဗိုက်တရားဟော ၊ အခု ကောက်ညှင်းပေါင်း ပူပူကလေး စားလှည့်ကြဦး ”

သူတစ်မျိုး ငါတစ်ဖုံ ဆူညံအော်ဟစ်လာကြရင်း မကျီးဒန်တို့၏ လယ်ထိပ်မှ ညောင်ပင်ကြီးအောက်သို့ ရောက်လာကြရာ မကျီးဒန်က ဆီးကြိုဖိတ်ခေါ်လိုက်ခြင်းဖြစ်၏ ။

“ ဟိုကောင်မတွေက ရှက်သလိုလိုနဲ့ မူမနေကြနဲ့ ။ လာ .. ဒီမှာ ညည်းတို့က တစ်ဝိုင်းစားကြ ၊ အဝ စားကြ ။ ဪ .. ကိုပွကြီး .. ကိုပွကြီးကော ... ” 

“ ဒီသေနာကောင်ကြီးက တစ်ခါတည်း လိုက်လာပါ ဆိုတာ မလိုက်လာဘူး ”

ခပ်စိမ့်စိမ့်ကလေး သုတ်နေသော လေအေးအေးကလေးက အငွေ့ တထောင်းထောင်းနှင့် မွှေးပျံ့လှသော ကောက်ညှင်းပေါင်းနံ့ကို ဝေ့ဝိုက်သယ်ယူသွားသည် ။

“ ဗျို့ မကျီးဒန် ၊ ကောက်ညှင်းပေါင်းဇလုံ ပေါက်သွားပြီ ”

“ ဟေ ... ဟောတော့် .. ဘာဖြစ်လို့လဲ ” ဟု အော်၍ မေးရင်း မကျီးဒန်က ဇလုံကြီးကို မြှောက်ပြနေသော ယောက်ျားဝိုင်းနားသို့ ချဉ်းကပ်သွားကာ

“ ဟဲ့ ... ဘယ်မှာလဲဟ ”

“ ဒီမှာပေါ့ဗျာ ” 

ကာလသားတစ်ယောက်က ကောက်ညှင်းပေါင်း ကုန်နေပြီဖြစ်ကြောင်းကို ဇလုံထဲသို့ လက်ထည့်ပြီး မွှေနှောက်ပြသလိုက်မှ ၊ “ ကာလနာတေ ၊ ငါ အဟုတ် မှတ်လို့ ကောက်ညှင်းပေါင်း ကုန်ရင် ကုန်ပြီပြောပါ လား ” ဟု ဆဲဖက်ဆိုဖက် ဆဲမနာဆိုမနာများ ပီပီ ဆဲဆိုရင်း ဇလုံကြီးကို ယူသွားရာ တဟားဟား တဝါးဝါး ဆူညံသွားတော့၏ ။

တဖြည်းဖြည်းနှင့် စားသောက်ဆူညံနေကြရင်း အလင်းရောင်က တစ်စတစ်စ ရောက်လာရာ ၊ ညွှတ်နေသော စပါးနှံနှင့် ပန်းတော်နီလွှမ်းသော ကန်သင်း ထက်မှ ပဲလွန်းပင်များတွင် တွဲခိုလိမ်းကျံသော နှင်း ရည်ကလေးများကို မသဲမကွဲမြင်လာကြရ၏ ။

“ ကဲဟေ့ .. ချမ်းနေကြလို့ ပြီးမှာ မဟုတ်ဘူး ။ အချမ်းပြေကလေး ရိတ်လိုက်ကြရအောင် ။ ဟိုဘက်က မအေးဂေါင်းတို့ ”

ယောက်ျားဝိုင်းမှ ကိုဖိုးရင်က ထတဲ့၍ ဆော်သြလိုက်၏ ။

“ စေတနာကလေးနဲ့သာ လုပ်ခဲ့ကြပါတော် ၊ ရိုးပြတ်ကို တိုတိုချပြီး ရိတ်ပေးကြပါ ။ မယ်မင်းကြီး ၊ မောင်မင်းကြီးသားတို့ရေ ”

“ စိတ်ချဗျို့ .. စိတ်ချ ၊ ကျုပ်တို့ စည်းက နာမည်ပျက်မခံဘူး ”

လယ်ကွက်ထဲသို့ ဆင်းရန် လှုပ်လှုပ်ရွရွ ပြင်ဆင်နေကြသော လူအုပ်ထဲမှ ပြန်လည်ဖြေကြားလိုက်သံ ဖြစ်၏ ။

ရိုးပြတ်ရိုးပြတ် ။ တစ်နွေလုံးတစ်မိုးလုံး အားထား လူလုပ်ရမည့် သည်ရိုးပြတ် ။ ရိုးပြတ်ကို အခြေချ၍ တိုတိုဖြတ်မှ ကောက်လှိုင်းရှည်ပြီး ကောက်ရိုးအမျှင် ရှည်ပေမည် ။ ဒါမှ ကောက်ရိုးထုထည် များပြားပြီး တစ်နွေလုံး ကောက်ရိုးစင်းနှင့် နှမ်းဖတ်ဖွဲနု ရောနှော ကျွေးကာ တစ်မိုးတွင်းလုံးလည်း မြက်မပေါမချင်း ကျွေးရဦးမည်ဖြစ်သောကြောင့် ပူပန်စွာ ဂရုတစိုက် မှာကြားနေပေသည် ။ နွားများကလည်း ကောက်ရိုး လတ်လတ်ဆတ်ဆတ် ဆိုလျှင် ခွာစာစော် ၊ သေးစော် နံနေသေးသဖြင့် ကောင်းကောင်းမစား ၊ အသားမကျ သေးသောကြောင့် ကောက်ရိုးများကလည်း ကြမ်းနေ သဖြင့် ခံတွင်းတွေ့ နိုင်စရာ မရှိချေ ။

တတ်နိုင်ပါက ဒီနှစ် တလင်းသိမ်းချိန်က ကောက်ရိုးကို ရှေ့နှစ် တလင်းသိမ်းပြီး တစ်လကျော်ကျော် လောက် အထိ ရှိစေချင်သည် ။ ဒါမှလည်း နူးညံ့သောကြောင့် စင်းရာခုတ်ရာမှာလည်း ကောင်းပြီး နွားလည်း ကြိုက်သည် ။ သည့်ထက် ပို၍ပို၍ တတ်နိုင်ပါက ပိုလျှံလိမ့်မည် ထင်ရသော ကောက်ရိုးများကို လှည်းတစ်စည်းစ နှစ်စည်းစ ၊ နွေသုံး ဈေးဖိုးကလေးရအောင် ရောင်းချင်သေးရာ မကျီးဒန်၏ ‘ အခြေချ ’ ရိတ်ခြင်းမှာ လယ်သမားအတွက် အလားအလာ ကောင်းသော် လည်း ကောက်ရိတ်စည်းသားများအဖို့ ဖင့်နွှဲလေးကန်စေသည် ။

သို့တစေလည်း ဖြူဖြောင့်စင်ကြယ်သော သူတို့ တစ်တွေ၏ ဆက်ဆံရေးမှာ မေတ္တာသာလျှင် အရင်းခံသောကြောင့် တတ်နိုင်လျှင် ဆောင်ရွက်ပေးကြစမြဲ ဖြစ်ရာ အတန်ငယ်သော မတွင်ကျယ်မှုကို စည်းသားများက ဂရုထားကြလိမ့်မည် မဟုတ်ပါ ။ အခြေချ၍ ရိတ်ပါ ဆိုသော်လည်း မြေကြီးကပ် ရိပ်ရန် မဟုတ်ဘဲ မြေကြီး အထက်မှ ရေညှိများ ကပ်နေသော အပိုင်းကို ချန်လှပ်ပြီး ၊ ရေညှိအထက်မှ ရိတ်ဖြတ်ရမည်ဖြစ်သည် ။ ရေညှိတွေပါ ရော၍ ရိတ်ပြန်ပါကလည်း ကောက်ရိုး ကို စင်းလိုက်သောအခါတွင် ရေညှိခြောက်များက နွားစာအနှံ့ ပြန့်ပွားသွားသဖြင့် နွား မစားပြန်လျှင် အခက် ကြုံရပေဦးမည် ။

လယ်ကွက် တစ်ခုလုံးမှာ နေခြည်ကလေး ပြုစဖြစ်သဖြင့် ကောက်ပင်ကို လက်နှင့်ဆုပ်ပြီး လက်ဖနောင့် ရင်းမှပွတ်၍ တံစဉ်နှင့် ဖြတ်လိုက်သော အသံများမှ တစ်ပါး တိတ်ဆိတ်နေပေသည် ။

လယ်ကွက်ဘေးရှိ ထန်းပင်ထက်မှ ထန်းရွက် ခြောက်မြီးဆွဲများ၏ လေဝှေ့သံသာ တစ်ချက် တစ်ချက် ထွက်ပေါ်လာသည့် ဤအချိန်မျိုးတွင် ပို၍ သဲသဲမဲမဲ ရိတ်နိုင်ပါမှ အချမ်းလုံမည့်ပြင် ၊ နေမပူသေး ၊ လက်ပန်းမကျသေးသောကြောင့် ပိုမို တွင်ကျယ်နိုင် သဖြင့် အားတိုက်ခွန်တိုက် ရိတ်ဖြတ်နေကြခြင်းဖြစ်သည် ။

“ ဟော ရေချိုသီးတစ်လုံးဟေ့ ”

တဆတ်ဆတ် ချမ်းလွန်းတုန်လွန်းသဖြင့် သွေးပူအောင် မဲ၍ ရိတ်နေရာမှ ကောက်ပင်ကြားရှိ ဆီးဖြူသီး တစ်လုံးကို ကောက်ကာ တွေ့တိုင်း ပါးစပ်ထဲ ငုံလိုက် ၊ ခါးကြားတွင် ညှပ်လိုက်နှင့် သိမ်းဆည်းထားပြီး ရေသောက်ခါနီးမှ စားပြီး သောက်လိုက်ရသည့် ရေတစ်ခွက်သည် ပူဆာနေသော ရင်တွင်းဝယ် အေးမြသွားစေ၍ လျှာဖျားမှာ ချိုမြိန်သွားစေ၏ ။

“ ဟ ကျီးဒန်တို့ရ လုပ်လှချည့်လားဟာ တို့ရ ... တော်တော်တောင် ပြီးနေပါပကော ”

“ ဗျိုး .. အာ ... ကိုပွကြီး ”

ကိုဆေးရိုးက ကောက်ရိတ်သမားများ နောက်သို့လိုက်ပြီး ဆေးလိပ်ညှိပေးလိုက် ၊ ဆေးလိပ်လျှောက် ပေးလိုက်လုပ်နေရာမှ ၊ ကိုပွကြီး၏ အသံကို ကြားသဖြင့် “ ကဲ ... လာဗျို့ ကောက်ညှင်းပေါင်းစားဦး ”  ဟုပြောရင်း လယ်ထဲမှတက်လာကာ ညောင်ပင်ရိပ် သို့ ဝင်လာ၏ ။

“ အစောကြီး ရှိသေးတယ် ၊ မင်းတို့ ငါ့ စည်းသားတေကို အစောကြီး အဆင်းခိုင်းတယ်ထင်တယ် ” 

ကောက်ရိတ်စည်းခေါင်း ကိုပွကြီး က ပြောပြောဆိုဆိုနှင့် ညောင်ပင်ခြေရင်းတွင် ထိုင်ချလိုက်ပြီး “ လုပ်ပါဦးလားကွ ” ဟု လွယ်အိတ်ထဲမှ အရက်ပုလင်းကို ထုတ်ယူရင်း ပြောလိုက်သည် ။

“ လုပ်ပါ လုပ်ပါ ၊ ကျုပ် မလုပ်ချင်ဘူး ၊ ကောက်ညှင်းပေါင်း စားလိုက်ပါဦးလား ” 

“ စားတာပေါ့ကွာ ။ မင့်မိန်းမ မလာခင် သောက်ရမှာ ။ မင့်မိန်းမက စောစောစီးစီး သောက်တာ မြင်ရင် ဆဲလွန်းလို့ ”

ကိုပွကြီး၏ မျက်နှာမှာ ဆယ့်နှစ်ရာသီ အရက်ခိုး သမ်း၍ ရဲရဲနီနေပေသည် ။ အရက်နှင့် မျက်နှာသစ်သော လူစားမျိုးဖြစ်ရာ အချိန်ကျလို့မှ မသောက်ရလျှင် တဆတ်ဆတ်တုန်နေလေသည် ။ သူ၏ မှုန်နေသော နှာခေါင်းပွကြီးနှင့် ပါးစုံကြီးများကို အရစ်ရစ် အလိပ်လိပ်ထနေသော ကုပ်ပိုးကြီးနှင့် ဗိုက်ပူကြီးက ပြိုင်ဆိုင်နေကြသည် ။ ကောက်စိုက် ပျိုးနုတ်ချိန်တွင် ကောက်စိုက် ပျိုးနုတ် စည်းခေါင်းလုပ်၍ ၊ ကောက်ရိတ်ချိန်တွင် ကောက်ရိတ်စည်းခေါင်းလုပ်ခြင်းဖြင့် စီးပွားရှာနေသည့် ကိုပွကြီး မှာ အများလူတို့ သုံးစွဲနေသော ခေါင်းပုံဖြတ်ဟူသည့်စကားရပ်နှင့် သူ၏ အလုပ်မှာ ငြိစွန်းနေပေသည် ။ ရွှဲနေသော ဗိုက်ကြီးနှင့် ဖောင်းပွနေသော မျက်နှာကြီးမှာလည်း ဆိုခဲ့သော စကားရပ်နှင့် အကျုံးဝင်သော ပုံသဏ္ဌာန်ပင်ဖြစ်ချေသည် ။

ကောက်ရိတ်သမား ( စည်းသား ) တစ်ယောက်ခ ငွေကို ငှားရမ်းသူက စည်းခေါင်းအား ခေါင်းတွက်ပေးရခြင်းနှင့် စည်းခေါင်းအတွက် ခေါင်းလှိုင်း ဟူ၍ လူတစ်ယောက် သယ်ပိုးနိုင်သမျှ တစ်လှိုင်းစာ ကောက်နှံများကို ဖြတ်ယူသော စည်းခေါင်းနှစ်မျိုးရှိရာ ခေါင်းတွက် ငွေကိုယူသော စည်းကို ငှားလျှင် လူဆယ်ယောက် တောင်းက ကိုးယောက် ၊ နှစ်ဆယ်တောင်းက ဆယ့် ကိုးယောက် စသည်ဖြင့် တစ်ယောက် လျှော့ပြီး ပေးကာ ၊ ရိတ်ခငွေကိုမူ အပြည့် ပေးခြင်းဖြင့် ခေါင်းတွက် ပေးပြီးသား ဖြစ်သွားသည် ။

ကိုပွကြီးမှာ ခေါင်းလှိုင်းယူသော စည်းခေါင်းမျိုး ဖြစ်ရာ သူ၏ လူယုံတော်တစ်ယောက်က ခေါင်းလှိုင်း ကို ဖြတ်ယူရသည် ။ သည်လို ခေါင်းလှိုင်း ဖြတ်ယူသော စည်းမျိုးကို လူတိုင်းက မကြိုက် ။ သို့သော် ငယ်သားများအပေါ်တွင် သြဇာညောင်းခြင်း ၊ လိုသလိုရစေ၍ သပ်ရပ်မှုရှိခြင်းတို့က လယ်သမားတိုင်း လိုလားသော ဂုဏ်ပုဒ်များ ဖြစ်နေသောကြောင့် ဝိုင်းဝိုင်းလည်အောင် ငှားရမ်းကြပေသည် ။

ခေါင်းလှိုင်းဖြတ်ခြင်းမှာ အကောင်းဆုံးသော အနှံကလေးများကိုမှ ရွေးဖြတ်ပြီး ကောက်လှိုင်းစည်းများကို ရွက်ပြီး ပြန်သူမှာ ရွေ့ရွေ့ကလေးမျှသာ လှမ်းနိုင်တော့သည် ။

ဤမျှ မတန်တဆ သုံးစိတ် တစ်တင်းနီးပါး ပါအောင် ဖြတ်ယူတတ်ခြင်းကြောင့် ကိုဆေးရိုးတို့က ခေါင်းလှိုင်း အတွက် သုံးစိတ်ပေးပါမည်ဟု ကတိပေး ထားလိုက်ကြသည် ။ ယင်းကတိပေးထားသော စပါးများကို တလင်းသိမ်းခါနီးဝယ် လှည်းဖြင့် လိုက်လံ တောင်းခံယူလေသည် ။

ကောက်ရိတ်စည်းကို ငှားရမ်းသူပေါင်း တစ်ရာက တစ်ကြိမ် ငှားလျှင် စည်းခေါင်းက ငှားရမ်းသူထံမှ ခေါင်းတွက် လူတစ်ရာ၏ အခကြေးငွေ ရရှိဦးမည့်ပြင် စည်းသားများထံမှလည်း ခေါင်းတွက် တစ်ယောက်ခစီ တောင်းခံယူသေးရာ စည်းသားများပြားမှ ခေါင်းတွက် များများရမည် ။ စည်းသား များစေရန် အလုပ် လုပ်သောရက် ရှည်ကြာရမည် ။ ရက်ကြာရှည် ‘ စည်းထွက် ’ နိုင်အောင် ငှားရမ်းသူ၏ စိတ်ကြိုက်ကို လုပ်ပေး နိုင်ရမည် ။ ယင်းသို့ လုပ်ပေးရန် စည်းသားအပေါ် သြဇာညောင်းရမည် ။ သြဇာညောင်းမှ နာမည်ကောင်းမည် ။ နာမည်ကောင်းမှ စည်းသားများမည် စသည် ဖြင့် တစ်ကွင်းနှင့် တစ်ကွင်း ဆက်စပ်နေရာ စည်းသားများကလည်း တစ်နေ့ကို တစ်ကျပ်ခွဲထက် ပိုမရသော ကောက်ရိတ်လုပ်ငန်းမှာ ရက်ကြာ လုပ်ရမှ ငွေများများ ရနိုင်မည်ဖြစ်သောကြောင့် သည်စည်းမျိုးကိုမှ ရွေးပြီး လိုက်ကြသည် ။ စည်းခေါင်း သဘောမကျ၍ အလုပ်မှ ထုတ်ပစ်လိုက်ပါမူ ဤစည်းမျိုးကို တွေ့ချင်မှ တွေ့မည်ဖြစ်သောကြောင့် ကျိုးနွံကြသည် ။

စည်းသားများနှင့် ငှားရမ်းသူများ ထံမှ နှစ်ဖက်ပေါင်း ခေါင်းတွက်ကို ရရှိသည်မှာ ကိုပွကြီး အဖို့ မှန်သော်လည်း စည်ဗြောတီးကာ ဝင်ပြီး ၊ ခေါင်းမြီးခြုံ၍ ထွက်ခံရခြင်းကိုကား မသိကြလေကုန် ။ ကောက်ရိတ် စည်း မထွက်မီကတည်းက စည်းသားများကို ငါးကျပ်ဖိုး ၊ တစ်ဆယ်ဖိုး စသည်ဖြင့် ဆန် သော်လည်းကောင်း ၊ ငွေ သော်လည်းကောင်း ထုတ်ပေးထားရရာ ညစ်ပတ်သောသူများက ငွေတစ်ဆယ် ယူပြီး တစ်ရက် နှစ်ရက်ခန့်သာ သူ့ စည်းတွင် လိုက် ၊ နောက်ရက်များတွင် မလိုက်ဘဲနေပါက ကိုပွကြီး အဖို့ ထိပ်ကွက်ခံရခြင်းလည်း ဖြစ်၏ ။ ခေါင်းမြီးခြုံ ထွက်ခြင်းလည်း မည်ပေသည် ။ တစ်ဖန် ငှားရမ်းသူ လယ်သမားများတွင် ကျပ်တည်း ကျဉ်းမြောင်းနေပါမူ ကောက်ရိတ်ခကို အလီလီ ချွေ၍ တောင်းခံနေရသည် ။ စည်းခေါင်းကတော့ လက်ငင်း စိုက်ထုတ်၍ စည်းသားများကို ပေးချေပြီးသား ဖြစ်သည် ။ ကောက်ရိတ်ခများမှာ အလီလီ တောင်းရလွန်းသဖြင့် တောင်းသူက လက်လျှော့လိုက်ရသည့် အခါများလည်းရှိသည် ။ တစ်နှစ် နှစ်နှစ် ကြာသွားသဖြင့် မေ့သွားသည့် အခါများလည်း ရှိသည် ။

( ၄ )

နေမြင့်သည်နှင့်အမျှ နေရောင်ခြည်၏ စူးရှမှုက ထန်သည်းလာသည် ။ ကောက်ရိတ်သမား ရိတ်ဖြတ်သည့် အခါတွင် လွယ်ကူစေရန် ကောက်ပင်များကို လေနှင့် အလိုက်သင့် ဝါးဖိ၍ လှဲထားရရာ ဝါးလှဲသူ၏ ခြေသွား လမ်းကြောင်းကလေးမှာ ရွှေရောင်တောက်နေသော ကောက်သားထဲမှ ထင်းထင်းကလေး ပေါ်နေပေသည် ။

ကောက်ပင်ခြေသို့ တံစဉ်ဦးနှင့် ထိုးသွင်းဆွဲယူ လိုက်ပြီး ဖြတ်မည့်နေရာတွင် ဘယ်လက်နှင့် ဖမ်းကိုင်ကာ လက်ဖနောင့်ကို ပွတ်၍ ဆွဲဖြတ်လိုက်လေသည် ။ ဖြတ်ပြီးသား ကောက်ပင် အနှံဘက်ကို တံစဉ်နှင့် ထိန်း၍ မရွှေ့ကာ နောက်ရိတ်မည့်နေရာတွင် ထိန်းထားသော တံစဉ်ဦးက ချလိုက်ပြီး နောက်ထပ် ဆွဲယူလိုက်သော အပင်နှင့် ပေါင်းကိုင်၍ ဖြတ်ယူလိုက်ပြန်သည် ။ လက်တစ်ဆုပ်ကို ကိုင်၍ ဖြတ်ယူလိုက်ပြန်သည် ။

လက်တစ်ဆုပ်ကို ကိုင်၍ မနိုင်မှ တစ်လှိုင်းစာ ပုံကလေးပေါ်မှာ သွားချထားလိုက်သည် ။ တစ်လှိုင်းစာ ပြည့်သွားက စပါးနှံခေါင်းချင်းဆိုင် ဘွဲ့လုပ်ပြီး မြေမှာ ချခင်းလိုက်ကာ ထပ်မံရိတ်ဖြတ်ပြီး တင်လိုက်ပြန်၏ ။ ကြာလျှင် ခါးက ကိုက်လာတော့သည် ။ ရင် ထဲမှ နာ ၊ လက်မောင်းတွေ အောင့်ပြီး လက်ဖနောင့်တွေက ကြိမ်းလာပြန်သဖြင့် ခါးကို တဖြည်းဖြည်းချင်း ဆန့်ပေးကာ လေကို အားရပါးရ ရှူရှိုက်လိုက်ရတော့သည် ။

“ ချစ်တဲ့သူ ဘယ်မှာရှိတယ် ၊ ကြိုက်တဲ့သူ ဘယ်မှာရှိတယ် ၊ လောကီသဘော အတောမသတ်နိုင်တယ် ၊ ပြောရမှာက ဟီ ... ဟီ ရှက်စရာကောင်းပါတယ် ... ” 

“ မရှက်ပါနဲ့ကွာ ... မရှက်ပါနဲ့ ။ ဃရာဝါသ သမ္ဗန္ဓဆိုတာဟာ မင်းတို့ ငါတို့တစ်တွေ ရှောင်လို့ လွတ်နိုင်တာမှ မဟုတ်လေတော့ ဘယ်သူ ဆိုတာသာ ပြောပေရော့ .. ပြော .. ပြော .. ”

သီချင်း တစ်ပိုင်းတစ်စကလေးကို ဆိုပြီး ပါးစပ်ဆိုင်းနှင့် တောနေသော အေးမောင် ကို လှဖေ က ခပ်တည်တည် သောပေးနေပြန်၏ ။

နေကပူလာသည်နှင့်အမျှ မောပန်းခြင်း နွမ်းနယ် နာကျင်ခြင်းတို့ ဖြစ်ပေါ်လာရာ တေးသီချင်းဖြင့် ကုစား နေကြရ၏ ။ လယ်ကွင်းတစ်ခုလုံးတွင် ပြီးပြတ်လု လယ်ကွက်ကြီးကို ဝိုင်းရိတ်နေကြသည့် ဖိုမတို့၏ တေးသံက ညံနေပေသည် ။

“ အေးစိန်ရေ သီချင်းကလေး ဆိုပါဦး အေရဲ့ ”

“ မဆိုချင်ပါဘူး ကောင်မရယ် ”

“ ဆိုစမ်းပါဦးအေ့ ၊ ညည်းအသံက ဟင် ... ဘာဖြစ်သွား ”

“ အမေရေ ကျွတ် ... ကျွတ် ”

အေးစိန်မှာ စကားပြောရင်းမှ မျက်စိကို မှိတ် ၊ အံကို ကြိတ် ညည်းညူရင်း အရုပ်ကြိုးပြတ်သလို ခွေကျသွားရာ စကားပြောနေသော အေးမြိုင်က ပြေး၍ ပွေ့ကာ “ မသန်း ... မသန်း လာပါဦး ”  ဟု လှမ်းခေါ် လိုက်မှ အေးစိန် ကို မြင်မိကြပြီး ပြေးလာ ဝိုင်းအုံနေကြတော့သည် ။

အေးစိန်၏ ခြေမအရင်းပိုင်းတွင် သွေးများ ယိုကျနေကာ ပိုးကောင်မှာလည်း အေးစိန် လွတ်ကျသွားသော တံစဉ်နားတွင် အခွေမပျက် ရှိမြဲတိုင်း ရှိနေသည် ။

“ ကဲ .. မြန်မြန်လုပ်ကြ ”

မကျီးဒန် ရောက်လာပြီး အပေါ်မှ ထပ်ဝတ်လာသော ထဘီအညစ်နှင့် အေးစိန်ကို အုပ်လိုက်၏ ။

“ မကျီးဒန်တို့က အရှင်မကို မတင်ကြ မမြှောက်ကြဘူး ထင်တယ် ။ ဟုတ်ပါပြီ ၊ ဒါကြောင့် ကိုင်တာပါပဲ ။ တိုက်မြွေ ဆိုရင်တော့ မသက်သာပါဘူး ” 

သုံးဆယ့်ငါးနှစ်ရွယ် မအေးဂေါင်း က ရေရွတ် ပြစ်တင်လိုက်ရာ “ တင်ပါတယ်တော် ။ လယ်ထဲမှာလည်း လက်ဖက်နဲ့ ၊ ဒီမှာလည်း ဆီးဖြူသီးတွေ ပက်သားပဲ ။ ကျုပ်တို့ ခုနတုန်းက စားတာ အဲဒီက လက်ဖက်ပေါ့ အရီးရဲ့ ”  ဟု ခါးကြားမှ ဆီးဖြူသီးကို ပုတ်ပြရင်း မသန်း က ပြောလိုက်လေသည် ။

“ အင်း ... ဒီကောင်မလေးကိုက ကံဆိုးပါတယ် ၊ ကောက်စိုက်ချိန်တုန်းကလည်း ဖျားလိုက်တာ ၊ ရွာချမှပဲ ပျောက်သွားတော့တယ် ။ တလောတုန်းကလည်း သွေးစုနာပေါက် ၊ မနေ့တုန်းကလည်း နွားကန် ၊ ဟော အခုလည်း ဖြစ်ပြန်ပြီ ။ ဒီကောင်မလေးက ကံကို ဆိုးလှပါတယ် အေတို့ရယ် ။ ဘုရားသိကြားမလို့ ချမ်းသာပါစေတော် ”

ကိုဆေးရိုး ၊ ကိုပွကြီး နှင့် မကျီးဒန် တို့က အေးစိန် ကို ထမီခြုံ၍ ပွေ့ယူသွားကြရာ မအေးဂေါင်း က ညည်း ညူရေရွတ်ရင်း ဆုတောင်းနေလေသည် ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment