Sunday, December 28, 2025

တစ်ခုသော ဆောင်းတစ်ညပုံပြင်


 

❝ တစ်ခုသော ဆောင်းတစ်ညပုံပြင် ❞
      ( ဆွေမင်း - ဓနုဖြူ )

( ၁ )

အစကတော့ ညနေခင်း စားသောက်ဆိုင် တစ်ဆိုင်တွင် စားကြ သောက်ကြရုံသာဖြစ်၏ ။

မိမိတို့ အလုပ်က စားပွဲနှင့် မျက်နှာ အပ်နေရသည့် အလုပ် ။ အချိန်မီအောင် တက်သုတ်ရိုက် ဆောင်ရွက်ကြရသော အလုပ် ၊ အချိန်မှန် အလုပ်မို့ ရုံးချိန်အတိုင်း မိမိတို့ ရုံးခန်းသို့ ရောက်ရသည် ။ လူ ကိုယ်စီပင် အိမ်မှ ထမင်းချိုင့်ကိုယ်စီ ယူခဲ့ကြရ၏ ။

ဟင်းပေါင်းစုံကို စားရခြင်းကိုက အရသာ ၊ ကျေနပ်မှု တစ်မျိုးပင် ။ မွန်းကြပ်သော အလုပ်ချိန်များမှ အနားရရာ ညနေခင်းများတွင် မိမိတို့ အပန်းဖြေ ဂေဟာများသို့ ရောက်တတ်၏ ။

ကန်တော်ကြီး ရေပြင်ထဲ ဆင်းဆောက်ထားသော စားသောက်ဆိုင် တစ်ဆိုင်တွင် မိမိတို့ ညနေခင်း ထိုင်ဖြစ်ကြသည် ။ မိမိ အပါအဝင် ကာတွန်းဆရာ နှစ်ဦး ၊ တာဝန်ခံအယ်ဒီတာ တစ်ဦး ၊ ဒီဇိုင်းဆရာ တစ်ဦး ၊ ထုတ်ဝေသူ နှစ်ဦး နှင့် ပုံနှိပ်လုပ်ငန်းရှင် တစ်ဦး ပေါင်း ( ၇ ) ဦး ဖြစ်၏ ။

သောက်တတ်သူ တစ်ဝက်က ဘီယောက် သောက်ကြပြီး တစ်ဝက်ကတော့ အချိုရည် သောက်ကြ၏ ။

••••• ••••• •••••

( ၂ )

စင်မြင့်ပေါ်မှ အဆိုတော်များ၏ သီချင်း အစီအစဉ် စသောအခါ ဆိုင်က ပိုစည်လာသည် ။ ခေတ်ပေါ် သီချင်းများနှင့် ရောင်စုံခြယ်သထားသော မိန်းကလေးများမှာ ခန္ဓာကိုယ်ကို လှုပ်ခါ နွဲ့ခါဖြင့် စည်းချက် ကျကျ ဟစ်ကြွေးနေကြသည် ။

ပန်းကုံးစွပ်သူ ၊ လက်ခုပ်သံ ၊ ဆောင်းဘောက်များမှ ဂီတသံစဉ်များ ၊ ပုလင်းသံ ၊ ခွက်သံ ၊ စကားပြောသံတို့ဖြင့် ညချမ်းသည် အရှိန်မြင့်လာလေ ဆူညံလာလေ ။

“ စားကြသောက်ကြပါ ခင်ဗျ ”

ဒကာခံသူက တိုက်တွန်း၏ ။ သူ ဘယ်လို တိုက်တွန်း မိမိတို့ ကတော့ မတတ်နိုင်ကြတော့ ။ စားထားတာကလည်း ဗိုက်တင်း နေချေ ပြီ ။ သောက်ထားကြသူများကလည်း ရီဝေ နေကြချေပြီ ။

“ ဒါဖြင့်ရင် နေရာပြောင်းကြရအောင် ကလပ်သွားကြမယ် ... ဘယ့်နှယ်လဲ ...”

ကလပ် ဆိုသဖြင့် မိမိတို့ စိတ်ဝင်စား သွားရသည် ။ ကလပ်သို့ မိမိတို့ တစ်ခါမျှ မရောက်ဘူး ။ ရောက်စရာကလည်း အကြောင်း မရှိ ။ ယင်း ကလပ် ဟူသည် မိမိတို့နှင့် အပ်စပ်မှု မရှိ ။

မိမိတို့ တစ်ခါတစ်ရံ အပန်းဖြေပုံက ညနေခင်း စည်ဘီယာဆိုင်တွင် ထိုင်ခါ ဘီယာသောက်သူက ဘီယာလေး မော့လိုက် ၊ အချိုရည်သောက်ပြီး အစားမြုံ့ရုံလောက်သာ ။

ကလပ် ဆိုသည်ကို မိမိတို့ စူးစမ်းလေ့လာချင်စိတ်ဖြင့် နေရာ ဆက် ပြောင်းဖြစ်ခဲ့သည် ။

ကန်တော်ကြီးစောင်းမှ ကားကိုယ်စီဖြင့် ချီတက်ခဲ့ကြသည် ။ ကန်တော်ကြီး၏ ညှင်းသက်နွေးထွေးသော ပြည်လမ်းမပေါ်မှ လေပူနွေးနွေး၏ ထွေးပွေ့ကျီစယ်မှုကို ခံယူခဲ့ကြသည် ။

ပြည်လမ်းမသည် အမှောင်လွှမ်းလာသဖြင့် ကားအသွားအလာ ရှင်းနေချေပြီ ။

ပြည်လမ်းမမှ မာကျူရီမီး တို့ဖြင့် ထိန်လင်းနေသော အဆောက်အဦးကြီး တစ်ခုထဲသို့ မိမိတို့ ဝင်ခဲ့ကြသည် ။

အပေါ်ထပ် တက်ခဲ့ကြ၏ ။ ကျောက်လှေခါး အဆုံးတွင် စားပွဲလေး တစ်လုံးကို တွေ့ရသည် ။

လက်မှတ် ဝယ်ရသည် ။ အဝေးမှ လာသော ဂီတသံစဉ်များကို သဲ့သဲ့ ကြားရ၏ ။ စားပွဲရှေ့မှ တံခါးချပ်ကို ဖွင့်ပေးလိုက်ပြီး မိမိတို့ ဝင်လိုက်ကြတော့ မျက်လုံးများ ပြာသွားသည် ။ မှောင်နေ၏ ။ အလင်းထဲမှ အမှောင်ထဲသို့ ရုတ်တရက် ဝင်လိုက်သဖြင့် မျက်လုံးတို့က ကျင့်သားမရ ။

ဆူညံပေါက်ကွဲနေသော ဂီတသံ တို့ကြောင့် ရုတ်ချည်း ကမ္ဘာသစ် တစ်ခုသို့ ရောက်သွားသလို ထင်ရသည် ။ စောစောက အဝေးက သဲ့သဲ့သာ ကြားနေရသည် ထင်သော ဂီတသံသည် အလုံပိတ်ထားသော ဤအခန်းထဲမှပါတကား ။

တဖြည်းဖြည်း မျက်လုံးများ ကျင့်သားရလာသောအခါ အလင်းရောင်ပျပျ အောက်ဝယ် ကမ္ဘာသစ်လေး တစ်ခုကို တွေ့ရ၏ ။

သိပ်မကျယ်လှသော အခန်းကလေး ထဲတွင် ကခုန်နေကြခြင်းပင် ။ အက က အနောက်တိုင်း အက ။ ယင်း အကကို မိမိ ရုပ်ရှင်ဗီဒီယိုတွေ ထဲမှာသာ မြင်ဖူးသည် ။ ခုမှ နဖူးတွေ့ ဒူးတွေ့ ။

ကခုန်ခန်း၏ နောက်ဘက်တွင် နားနေခန်း ။ မိမိတို့လည်း ကနေသူများ ကြားမှ တိုးဝှေ့ ဖြတ်သန်းခဲ့ကြခါ နားနေခန်းသို့ လာခဲ့ကြ၏ ။

ထိုင်ခုံ အလွတ်များတွင် ထိုင်ကြသည် ။ မှိန်ပျပျ အလင်းရောင်အောက်ဝယ် မိမိတို့ အဖွဲ့က ရယ်စရာ ဖြစ်နေသည် ။ အကြောင်းမူ ယင်းအခန်းကလေး၏ မှိန်ပျပျ အလင်းရောင်က မည်သည့်ဓာတ် ပါသည် မသိ ။ အဖြူရောင်ကို အနုမြူမီးစုန်းရောင်တွေ ထွက်စေသည် ။ အနီးစပ်ဆုံး ပြောရလျှင် ရုပ်ရှင်ဗီဒီယိုကားတွေ ထဲမှာ ကြည့်ရဖူးသည့် ဂြိုဟ်သားဝတ်စုံများနှယ် ။

လာနေကျ လူများကား အဖြူရောင် ဝတ်လာသူ အလွန်နည်း ပုံရ၏ ။ သူတို့က မီးစုန်းရောင် မတောက်ပ ။ မိမိတို့ တစ်တွေသာ အင်္ကျီဖြူ ဆင်တူ ၊ အဖြူများသော အစင်းကျား ဝတ်သူတို့ ဖြစ်နေကြရာ မိမိတို့သာ ထိုအခန်းကလေးထဲဝယ် အလွန်တရာ လင်းလက်တောက်ပ နေကြ၏ ။

တစ်ယောက်နှင့် တစ်ယောက် မျက်နှာကို မှုန်ဝါးဝါးသာ မြင်ရသော်ငြား ၊ အင်္ကျီဖြူ ဝတ်ထားသည့် ခန္ဓာကိုယ်ကြီးက မီးစုန်းဓာတ်ဖြင့် ထင်းထင်းကြီး တောက်ပနေ၏ ။ ကောင်မလေးများကား အချို့က ထိုင်နေကြသည် ။ အချို့က လမ်းသလားနေ၏ ။ အချို့က ဒွိယံ ဒွိယံ ကခုန်လျက် ။

ကလပ်လာသူများကား အသက် လေးဆယ်ကျော်များသာ များနေကြောင်း တွေ့ရသည် ။ စီးပွားရေးသမားများ ဖြစ်ကြပေမည် ။ တစ်နေ့တာလုံး စီးပွားရေးဖြင့် မွန်းကြပ်နေရာမှ ညချမ်းများတွင် လာရောက် အပမ်းဖြေကြခြင်း ဖြစ်ပေမည် ။

မိမိတို့ကား အချိုရည် သောက်ရင်း အခြားသူများကိုသာ ကျီးကြည့်ကြောင်ကြည့် ကြည့်နေမိ၏ ။ စားပွဲတွင် လာထိုင်သော မိန်းကလေးများကိုလည်း ဟုတ္တိပတ္တိ စကားမပြောတတ်ကြသဖြင့် သင်းတို့ မိမိတို့ အဖွဲ့ကို စိတ်မဝင်စားကြ ။ ခဏပဲ ထိုင်ပြီး ထသွားကြသည် ။ တကယ်ပဲ မိမိတို့ အဖွဲ့က မိန်းကလေးများနှင့် စကားပြောရာကျ အဖြစ် မရှိကြ ။ မိမိတို့က စကားပြောပုံ လူကြီးဆန်နေသည် ။ ရယ်ရွှန်းဖတ်ရွှန်း
ပေါက်ကရ ရယ်စရာဟာသတွေ ပြောမှ မိန်းကလေးများက သဘောကျသည် ။

မိမိတို့အဖွဲ့မှ အတန်ငယ် ရဲရင့်သူ တချို့ကတော့ ထိုင်ရာမှ ထပြီး ကခုန်ခန်းသို့ ထွက်သွားကြ၏ ။ အတန်ကြာတော့ ကိုယ့်လူတွေတော့ မိန်းကလေး တစ်ယောက်ယောက်နှင့် တွဲပြီး ဒွိယံဒွိယံ ကခုန်နေပြီဟု မိမိတို့က အထင်ကြီး နေသည် ။ ပြန်လာလို့ မေးကြည့်လိုက်တော့ ဘေးက ထိုင်ကြည့်နေတာတဲ့ ။ အာဂလူတွေ ။ အခြားသူများကား သွားကဲလိုက် ပြန်လာလိုက် ၊ မိန်းကလေးများနှင့် ရယ်ရယ်မောမော စကားပြောလိုက် ၊ အချိုရည် သောက်လိုက်ဖြင့် အံဝင်ခွင်ကျ ဖြစ်နေကြ၏။

မိမိတို့ အဖွဲ့မှာသာ ခြောက်ကပ်ကပ်ဖြင့် ကိုယ့်အချင်းချင်း စကားစမြည် ပြောဆိုနေကြခါ အချိန်တို့ ကုန်လွန်ခဲ့၏ ။

၁၂ နာရီကျ ကလပ်ပိတ်ကာ နီးပြီ ။ အားလုံး လူစုံတက်စုံ ကခုန်ခန်းတွင် ဝင်နွှဲကြ၏ ။ မိမိတို့ အဖွဲ့လည်း ကခုန်ခန်းထဲ ရောက်သွားကြသည် ။ ယနေ့ညအဖို့ ယင်းစုပေါင်းအကကား နောက်ဆုံးပင် ။

လေးဆယ်ကျော် ဘူတာကြီးများကား လူပျိုလေးများပမာ လက်မြှောက်ခြေမြှောက် စိတ်လွတ်လက်လွတ် ကကြ၏ ။ လက်တွေ ခေါင်းတွေ မြှောက်ပြီး ကိုယ်တစ်ပတ်ပင် လှည့်လိုက်ပါသေး ။

အတွဲညီညီ ကခုန်နေကြ၏ ။ ဂီတသံများကား ရင်ကွဲထွက်မတတ် ပေါက်ကွဲ ဆူညံမြည်ဟီးနေ၏ ။

မိမိတို့အဖွဲ့ကား ထိုင်ကြည့်အဖွဲ့သာ ပါဝင်၏ ။ ထိုင်ကြည့်အဖွဲ့ ၊ လက်နှစ်ဖက်စာသာ ရေတွက်၍ ရမည့် အထဲတွင် မိမိတို့ လူကုန် ခုနှစ်ယောက် ပါနေ၏ ။

တစ်ယောက်မှ မကရဲ ။ တစ်ယောက်မှ မတွဲရဲ ။ ပြူးကျယ်သော မျက်လုံး ၊ ပြုံးဖြဲဖြဲ ပါးစပ်များဖြင့်သာ ကနေသူများကို ကြည့်နေမိကြ၏ ။

မိမိတို့နှင့် လက်တစ်ကမ်း အကွာလောက်မှာ သူတို့ ကနေကြပါ သည် ။ ကပွဲ လာသူ အားလုံးကား ပျော်နေကြ၏ ။ မိမိတို့ကား အပျော် မျက်နှာဖုံးများ တပ်ထားကြခါ တငုတ်တုတ်တုတ် ထိုင်နေရင်းဖြင့် မလှုပ်မယှက် ။

ည ပြန်ကြတော့ ( ၁ ) နာရီဝန်းကျင် ရှိနေပြီ ။ ကလပ် ရှေ့မှာပင် မိမိတို့ ကားသုံးစင်း လမ်းခွဲကြပေမည် ။ နေထိုင်ရာ နယ်မြေချင်း မတူကြ ။ တစ်ယောက်က ခုနှစ်မိုင် ပြန်မည် ။ တစ်ယောက်က ရှစ်မိုင် ။ တစ်ယောက်က မြောက်ဥက္ကလာ ။ မိမိက တောင်ဥက္ကလာ ။

ကားပေါ်မှ ထမင်းချိုင့်များကို ကိုယ်စီ ယူပြီး ကိုယ့်အိမ်နှင့် နီးစပ်ရာ ကားပေါ် ပြောင်းတင်ကြ၏ ။

ကလပ်ရှေ့တွင် ထမင်းချိုင့် ကိုယ်စီဖြင့် ကလပ် လာကြသော မိမိတို့ကို ကားစောင့် ဝန်ထမ်းက အထူးအဆန်းသဖွယ် ကြည့်နေ၏ ။ မတတ်နိုင် ။ မရည်ရွယ်ဘဲ ရောက်သကိုး ။

ထိုဝန်ထမ်း၏ ဤ ကလပ်စောင့် သက်တမ်း တစ်လျှောက်တွင် ဤကဲ့သို့ အလုပ်သွား ထမင်းချိုင့် ကိုယ်စီဖြင့် ကလပ် လာသူ အမျိုးသားများကို တွေ့ဖူးဟန် မတူ ။

ရပ်ကွက်လေးထဲ မိမိတို့ မော်တော်ကား ဝင်လာတော့ ရပ်ကွက်လေးက တိတ်ဆိတ်စွာ အိပ်မောကျနေချေပြီ ။ လမ်းသွယ်တစ်ခု ရှေ့ကျ ရပ်၏ ။

သူငယ်ချင်း ကာတွန်းဆရာက ထမင်းချိုင့် ဆွဲပြီး အမှောင်ထု ထဲသို့ တိုးလျှိုးဝင်ရောက်သွားသည် ။ သိပ်မကြာခင် ခွေးတို့၏ စူးစူးဝါး ဝါး ထိုးဟောင်သံ ကြားရ၏ ။ သူငယ်ချင်း၏ “ ဟဲ့ခွေး ဟဲ့ခွေး ” ဟု မောင်းသံကြားရသည် ။

မိမိတို့ကား စိတ်ပူရမည့် အစား တဟားဟား အော်ရယ်မိကြတော့သည် ။ မဆင်းကြတော့ ။ သူ့အရပ် နှင့် သူ့ခွေး အဆင်ပြေပါချိမ့်မည် ။

ကလပ် တက်ပြီး ညဉ့်နက်သန်းကောင်အချိန် ထမင်းချိုင့်လေး ဆွဲပြီး ပြန်လာသော လူ ဟူ၍ မိမိတို့ အဖွဲ့သာ ရှိချိမ့်မည်ဟု ပြောပြီး မိမိတို့ ဟားကြရသည် ။ စောစောက လွတ်လွတ်လပ်လပ် မရယ်မောခဲ့ကြရသမျှ ယခုကျမှ မိုးပြိုမခန်း ရယ်မောမိကြတော့သည် တကား ။

••••• ••••• •••••

( ၃ )

တစ်ခုသော ဆောင်းတစ်ညတွင် ထိုနေရာသို့ မိမိတို့ ရောက်သွားခဲ့ကြဖူးသည် ။ သို့သော် ထိုနေရာကား မိမိတို့လို စိတ်လွတ်ကိုယ်လွတ် မပျော်တတ်ကြသူများနှင့် မအပ်စပ်ချေ ။ နောက်တစ်ခေါက် ထပ်ရောက်တော့မည် မဟုတ်သည်ကတော့ အမှန်ပင် သေချာနေပါတော့သည် ။

▢  ဆွေမင်း ( ဓနုဖြူ )
📖 သောကြာ မဂ္ဂဇင်း
       ၂ဝဝဝ ပြည့်နှစ် ၊ ဩဂုတ်လ

No comments:

Post a Comment