Friday, December 5, 2025

ထူးဆန်းသောငန်း

 

❝ ထူးဆန်းသောငန်း ❞
          ( ပုံပြင် )

ရှေးလွန်လေပြီးသောအခါ အလွန် ဆင်းရဲနွမ်းပါးသော လယ်သမား တစ်ယောက် ရှိ၏ ။ ထိုလယ်သမားသည် သားသမီး များသည့် အတွက် အစားအစာ ဖူလုံခြင်း မရှိရှာပေ ။ တစ်နေ့သောအခါ ထိုလယ်သမား၏ အိမ်တွင် စားစရာ ဟူ၍ လုံးဝ မရှိတော့သဖြင့် သားတို့သမီးတို့သည် ဆာလောင်ငတ်မွတ်စွာနှင့် ငိုယိုကြကုန်၏ ။ ၎င်း၏ ဇနီးသည် မှာလည်း စိတ်ပင်ပန်းလျက် ရွှင်လန်းနိုင်ခြင်း မရှိပေ ။ လယ်သမားသည် အမျိုးမျိုးအဖုံဖုံ စဉ်းစား ကြံစည်သော်လည်း အကြံ မရဖြစ်သည်နှင့် မိမိ၏ အိမ်နီးချင်း ဖြစ်သော သူဌေးကြီး ထံသို့ သွားရောက် အကူအညီ တောင်းရလေတော့သည် ။

“ မိတ်ဆွေ သူဌေးကြီးရယ် ၊ ကျွန်တော့်သားနဲ့ သမီးတွေကို သနားသော အားဖြင့် ငွေ ကလေးနည်းနည်းလောက် မစပါခင်ဗျာ ၊ ကျွန်တော် ကြိုးစားပြီး ပြန်ဆပ် .... ”

သူဌေးကြီးသည် မချေးငှားရုံမျှမက လယ်သမား၏ စကား မဆုံးသေးမီ ဖြတ်၍ အော်ငေါက်ကာ ....

“ မင်းလို ဆင်းရဲသားတွေ တောင်လိုပုံလို့ ၊ ဒီလိုသာ အားလုံးကို ငါ လိုက် ကူညီနေရမယ်ဆိုရင် ငါ ငတ်သေလိမ့်မယ် ၊ သွား .... သွား ” ဟူ၍ ကြိမ်းမောင်းကာ သူ၏ ခွေးအား တိုက်ပေး၍ ထိုခွေးသည် လယ်သမားအား စူးရှစွာ ဟောင်လိုက်သည် ။ ပြီးနောက် သူဌေးကြီးသည် သူ၏ ခွေးအား အသားတစ်တုံး ပစ်ချပေးလိုက်သည် ။ လယ်သမားသည် သူဌေးကြီး ခွေးစာ ကျွေးလိုက်သော အသားတုံးကို ငတ်မွတ်စွာ ကြည့်၍ ဝမ်းနည်းစွာနှင့်ပင် ပြန်လာခဲ့လေ၏ ။

နောက်ဆုံး ကြံဖန်၍ မရတော့သဖြင့် မိမိ၏ ပျက်စီးယိုယွင်းလျက်ရှိသော သေနတ်ကို ဆွဲယူကာ တောထဲသို့ ယုန် သော် လည်းကောင်း ၊ တောကြက် သော် လည်းကောင်း ၊ ပစ်ခတ်စားသောက်ရန် ထွက်သွားလေ၏ ။ တောထဲတွင် အတော်ကြာအောင် လှည့်လည် သော်လည်း ယုန်ဟူ၍ အရိပ်ပင် မတွေ့ရချေ ။ လယ်သမားသည် စိတ်မပျက်သေးဘဲ ဆက်လက်၍ တောနက်ကြီး ထဲ၌ မျက်စိလည် လမ်းမှား သွားလေတော့သည် ။ ထိုခဏ၌ ရုတ်တရက် အသံတစ်ခု ကြားမိသဖြင့် ဝမ်းသာအားရနှင့် သေနတ်ကို အဆင်သင့် ပြင်ကာ အသံကြားရာ ဘက်သို့ တဖြည်းဖြည်း ချဉ်းကပ်သွားလေ၏ ။ “ ဟော ... တွေ့ပြီ ” ဟု ဝမ်းမြောက်စွာ မြည်တမ်း လိုက်သည် ။ သို့သော် တွေ့ရသည့် အရာကား သားကောင် မဟုတ်ဘဲ ကမ်းနဖူး တစ်ခု၌ ရေသရဲ တစ်ကောင် နှင့် သစ်ပင်စောင့်နတ်တို့ ထွေးလုံးရစ်ပတ် သ,တ်ပုတ်နေကြသည်ကို တွေ့ရ၏ ။ ရေသရဲသည် သစ်ပင်စောင့်နတ်အား ရေထဲသို့ အတင်းအဓမ္မ ဆွဲချလျက်ရှိသည် ။ လယ်သမားသည် သစ်ပင်စောင့်နတ်အား အနိုင်ကျင့်နေသော ရေသရဲကို ကြားမှ မခံချင်ဒေါသ ထွက်သဖြင့် သေနတ်နှင့် ချိန်ရွယ်ကာ ပစ်ခတ်ရန် ဟန်ပြင်လိုက်သည်နှင့် ရေသရဲလည်း ကြောက်လန့် သွားပြီး ရေထဲသို့ လျင်မြန်စွာ ခုန်ချသွားလေတော့သည် ။

သစ်ပင်စောင့်နတ် အဖိုးအိုကြီးသည် လယ်သမားထံသို့ ဝမ်းသာစွာ ချဉ်းကပ်လာကာ ကျေးဇူးတင် စကားများ ပြောကြား၏ ။ ထို့နောက်လည်း လယ်သမားအား အဘယ်ကြောင့် ဤတောနက်ကြီးထဲ ရောက်လာကြောင်း မေးမြန်းတော့၏ ။ လယ်သမားသည် ဝမ်းနည်းသော အသံဖြင့် ...

“ ကျွန်တော့် အိမ်မှာ စားစရာ မရှိလို့ သားတွေသမီးတွေလည်း ဆာလောင်ကြပြီး နေကြပါသည် ” ဟု အသနားခံသော အသံဖြင့် ဖြေလေ၏ ။ သစ်ပင်စောင့်နတ်ကြီးသည် လယ်သမားအား ဝမ်းမနည်းစေရန် နှစ်သိမ့်လိုက်ပြီး မိမိ၏ ကြီးမားသော သစ်ပင် တစ်ခု၏ သစ်ခေါင်း အိမ်ထဲသို့ ရှေ့ဆောင် ခေါ်ငင်ခဲ့လေသည် ။ လယ်သမားအား နေရာထိုင်ခင်း ပေးပြီးနောက် ခြံထဲရှိ ငန်းတစ်ကောင်ကို လက်ညှိုးထိုးပြ၍ ..

“ ဒီငန်းကို သင့်အား လက်ဆောင် အဖြစ်နဲ့ ပေးမယ် ” ဟု ဆိုကာ တစ်ဆက်တည်းပင် “ လိမ္မာတဲ့ငန်းရေ ၊ အိမ်ထဲ ဝင်ခဲ့ကွဲ့ ” ဟု ငန်းကို ခေါ်လိုက်၏ ။ ငန်းသည် လူ့စကား နားလည်ဘိသည်အလား အိမ်ထဲသို့ ဝင်လာလေ၏ ။ လယ်သမားသည် အံ့ဩစွာနှင့် ထူးဆန်းသော ငန်းအား ကြည့်လျက်ရှိ၏ ။ ထို့နောက် သစ်ပင်စောင့်နတ်သည် အိုးကြီးတစ်လုံး ယူ၍ မီးမွှေး ထားသော မီးဖိုပေါ်သို့ တင်လိုက်ရင်း ...

“ လိမ္မာတဲ့ ငန်းရေ ၊ အိုးထဲ ဝင်အိပ်ပါကွယ် ” ဟု စေခိုင်းလေသည် ။ ထူးဆန်းသော ငန်း သည် အတောင် တစ်ချက် ရိုက်ခတ်လိုက်သည်နှင့် တစ်ပြိုင်နက်မှာပင် မိမိကိုယ်ပေါ်မှ အမွေးများသည်အလိုအလျောက် ကျွတ်သွားလေတော့သည် ။ ပြီးနောက် အိုးထဲသို့ အသာအယာ ဝင် ၍ ခွေအိပ်တော့သည် ။ ခေတ္တမျှ ကြာပြီးနောက် ဟင်းအိုး ကျက်သွားလေပြီ ။ သစ်ပင်စောင့် နတ်ကြီးသည် လယ်သမားအား ငန်းသား စားရန် ဖိတ်ခေါ်လေသည် ။ တစ်ဆက်တည်းမှာပင် လယ်သမားအား စားပြီးသော အရိုးကြွင်းများကို ကြမ်းပေါ်သို့ မပစ်ချဘဲ စားပွဲ တစ်နေရာထဲတွင် ပုံထားရန် မှာကြားလေသေးသည် ။ ၎င်းတို့သည် အရသာ ရှိလှသော ငန်းအသားကို ဝလင်စွာစား သောက်ကြပြီးနောက် သစ်ပင်စောင့်နတ်ကြီးသည် အရိုးစုကို ယူ၍ ငန်းအမွေးပုံ ထဲသို့ ပစ်ချလိုက်ပြီး ..

“ လိမ္မာတဲ့ ငန်းရေ ၊ ထတော့ဟေ့ ၊ ခြံထဲကို သွားတော့ ” ဟု ရွတ်လိုက်သည်နှင့် ထူးဆန်း သော ငန်းသည် ကပျာကယာ ထ၍ ပကတိ အတိုင်းပင် အတောင် နှစ်ချက် သုံးချက် ရိုက်ခတ်ကာ ခြံထဲသို့ ဆင်းသွားလေ၏ ။ လယ်သမားသည် ပါးစပ် အဟောင်းသားနှင့် ထူးဆန်းသော ငန်းအား ကြည့်နေမိသည် ။ သူ၏ ဤတစ်သက်နှင့် တစ်ကိုယ် ဤမျှလောက် ထူးဆန်းသော ငန်းကို မမြင်ခဲ့ဘူးပေ ။ ထိုအချိန်မှာပင် သစ်ပင်စောင့်နတ်ကြီးသည် ...

“ သင့်အား ကျွန်ုပ် ဤထူးဆန်းသော ငန်းနှင့် ကျေးဇူးဆပ်မည် ” ဟု သဒ္ဓါစွာပြောလေသည် ။ လယ်သမားသည် ကျေးဇူးတင် မဆုံးတော့ပေ ။ လယ်သမားအား ခြံထဲသို့ ခေါ်သွားကာ ထူးဆန်းသော ငန်း အပေါ်သို့ ခွစီးစေလေသည် ။ ထူးဆန်းသော ငန်းသည် အတောင်ကို လျင်မြန် စွာရိုက်ခတ်၍ ပျံသန်းသွားလေတော့၏ ။

ခြံဝင်ဝသို့ ရောက်သည်နှင့် လယ်သမားသည် အောင့်ထားခြင်းငှာ မတတ်နိုင်တော့ဘဲဝမ်းသာအားရနှင့် ....

“ မိန်းမရေ ၊ သားတို့ သမီးတို့ရေ ၊ ဖေဖေ ထူးဆန်းတဲ့ ငန်းတစ်ကောင် ရလာတယ်ဟေ့ ၊ နောက်နောင် တို့တတွေ ဝမ်းစာအတွက် မပူရတော့ဘူးကွဲ့ ” ဟု အော်၍ သတင်းပေး လိုက်သည် ။ သူ၏ ဇနီးသည်နှင့် သားသမီးတို့သည် အိမ်တွင်းမှ ပြေးထွက် ဆီးကြိုကြသည် ။ သူ၏ ဇနီးက ...

“ အင်း ... ဒီငန်း တစ်ကောင် နဲ့တော့ ညစာ တစ်နပ်ပဲ လုံလောက်ပါတယ် ” ဟု ညည်းညူမိသည် ။

လယ်သမားသည် ဟက်ပက်စွာ ရယ်လိုက်ရင်း ...

“ မင်းတို့ မပူကြပါနဲ့တော့ကွာ ၊ ဒီငန်းကို တို့တစ်သက် စားမကုန်တော့ပါဘူး ၊ သွား သွား ၊ အိုးအမြန် သွားယူချေ ” ဟု ဇနီးသည်အား ဆိုလိုက်သော်လည်း ဇနီး ဖြစ်သူမှာ ယုံတစ်ဝက် မယုံတစ်ပိုင်းနှင့် ဇဝေဇဝါ မရေရာဘဲ စေခိုင်းသည့် အတိုင်း အိုးတစ်လုံး ယူပေးလေ၏ ။ လယ်သမားသည် မီးဖိုပေါ်သို့ တင် လိုက်ရင်း ..

“ လိမ္မာတဲ့ငန်းရေ ၊ အိုးထဲ ဝင်အိပ်ပါကွယ် ” ဟု ဆိုလိုက်ရာ ထူးဆန်းသော ငန်းသည် ယခင်အတိုင်း အတောင် တစ်ချက် ရိုက်လိုက်ကာ အမွေးများ ကျွတ်စေပြီး အိုးထဲ ဝင်သွားတော့၏ ။ သူ၏ သားသမီးတို့သည် ထင်းများကို ဝိုင်းဝန်း ကောက်ပေးကြလေသည် ။ အတန်ကြာသော အခါ သူတို့သည် စားပွဲ တစ်လုံးတွင် ဝိုင်းဝိုင်းလည် ထိုင်ကြကာ ငန်းအသားကို မြိန်ယှက်စွာ စားသောက်ကြ၏ ။ လယ်သမားသည် သူတို့အား သစ်ပင်စောင့်နတ် မှာကြားသည့်အတိုင်း .. “ အရိုးတွေ ကြမ်းပေါ် ပစ်မချကြနဲ့နော် ၊ စားပွဲပေါ်မှာပဲ စုထားကြ ” ဟူ၍ မှာကြားလိုက်လေ၏ ။

အထူးပင် အရသာ ရှိသော ငန်းအသားကို ဝဝလင်လင် စားသောက်ကြပြီးနောက် လယ်သမားသည် အရိုးစုကို ယူ၍ အမွေးပုံ ပေါ်သို့ ပစ်ချလျက် ...

“ လိမ္မာတဲ့ငန်းရေ ၊ ထတော့ဟေ့ ၊ ခြံထဲကို သွားတော့ ” ဟု ရွတ်လိုက်ရုံနှင့် ထူးဆန်းသော ငန်းသည် ပကတိအတိုင်း ဖြစ်ပြီး အတောင်ရိုက်ခတ်ကာ ခြံထဲသို့ ဆင်းသွားလေ၏ ။ သူ တို့ တစ်အိမ်သားလုံးသည် အံ့ဩခြင်းနှင့် ဝမ်းသာခြင်း ရောထွေးသွားတော့၏ ။

ဤသို့နှင့်ပင် လယ်သမားတို့၏ အိမ်သားစုသည် ပူပင်ကြောင့်ကြခြင်း မရှိဘဲ ဝမ်းစာအတွက် ဖူလုံစွာနှင့် ပျော်ရွှင်သော အိမ်ထောင်စုကြီး ဖြစ်လာလေ၏ ။ ဤအကြောင်းသည် ရပ်ဝေးရပ်နီးသို့ သတင်းပြေးသွားတော့သည် ။ တစ်နေ့သောအခါ အိမ်နီးချင်းဖြစ်သော သူဌေးကြီး သည် လယ်သမား၏ အိမ်သို့ မလာစဖူး ရောက်လာလေ၏ ။

“ ဒီငန်း ဘယ်က ဝယ်ခဲ့သလဲကွ ၊ ကြီးလှချည်လား ” ဟု မသိယောင် ဆောင်ကာ မေးလေသည် ။ ရိုးသားသော လယ်သမားသည် ထူးဆန်းသော ငန်း၏ ဖြစ်ရေးကုန်စင် ရာဇဝင်ကို ပြောကြား ရှင်းလင်း ပြလိုက်၏ ။ ထိုအခါ သူဌေးကြီးသည် ..

“ ငါ့ကို ရောင်းပါ ၊ မင်းကို ငါ စပါးနှစ်တင်း ပေးမယ် ၊ ငွေလည်း ပေးမယ် ၊ မင်း မရှုံးပါဘူးကွာ ” ဟူ၍ အတင်းရော အဓမ္မပါ ဝယ်ယူရန် ပြောဆိုသော်လည်း လယ်သမားသည် ပြင်းထန်စွာ ငြင်းဆန်လိုက်သဖြင့် သူဌေးကြီးသည် အိမ်သို့ ပြန်လာပြီး သူ့ဇနီး ထံမှ အကြံတောင်းလေသည် ။ သူဌေးကတော်ကြီးသည် ကောက်ကျစ်စဉ်းလဲသောအကြံ ကြံစည်ရာ၌ သူမတူအောင်ပင် ဖြစ်လေသည် ။

“ အ - ရန်ကော ၊ သူ့ငန်းကို မရရတဲ့နည်းနဲ့ ခိုးခဲ့ပေါ့ ” ဟု သူဌေးကြီးအား အကြံပေးလေ ၏ ။ ထိုနေ့မှ စ၍ သူဌေးကြီးသည် ဆင်းရဲသော လယ်သမား ထံမှ ထူးဆန်းသော ငန်းကို ခိုးယူရန် အခွင့်ကောင်း စောင့်လျက်ရှိ၏ ။

သူဌေးကြီးသည် အခါအခွင့် စောင့်နေရာမှ အခွင့်အရေး ကြုံလာတော့၏ ။ တစ်နေ့သောအခါ လယ်သမားတို့၏ တစ်အိမ်သားလုံးသည် တောထဲသို့ ထင်းခွေ သွားကြစဉ် သူဌေးကြီးသည် ထူးဆန်းသော ငန်းကို မတရားခိုးယူ သွားလေတော့သည် ။

စဉ်းလဲသော သူဌေးကြီးသည် အိမ်သို့ ရောက်သည်နှင့် ကောက်ကျစ်သော သူ့ဇနီး အား ချက်ပြုတ်ရန် ပြင်ဆင်စေလေသည် ။ ထို့နောက် သူဌေးကြီးသည် ငန်း ကို အိုးအနီးသို့ ယူခဲ့ပြီး လယ်သမား စေခိုင်းသည့်အတိုင်း ငန်းအား အမိန့်ပေးသော်လည်း ထူးဆန်းသော ငန်းသည် ဂရုမစိုက်ဘဲ မကြားသည့် အလား အိမ်တွင်း၌သာ လှည့်ပတ် လမ်းလျှောက်နေလေ၏ ။ သူဌေးကြီးသည် ဒေါသချောင်းချောင်း ထွက်လာ၏ ။ အသံကုန်လုနီး အော်ငေါက် ခိုင်းစေ၍ မရသည် နှင့် “ မရသည့် အမဲ သဲနှင့်ပက် ” ဆိုသကဲ့သို့ ငန်းကို ရိုက်သတ်ရန် တုတ်ချောင်းကြီး တစ်ချောင်း ဆွဲယူလာ၏ ။ ထို့နောက် ငန်းပေါ်သို့ တအား ရိုက်လိုက်၏ ။ အရှိန်ပြင်းစွာ ရိုက်လိုက်သော သူဌေးကြီး၏ တုတ်သည် ထူးဆန်းသော ငန်း၏ ကိုယ်ပေါ်၌ ကပ်သွားလေတော့၏ ။ သူဌေးကြီးသည် လက်နှစ်ဖက်နှင့် ရုန်းကန်မည် ကြံသော်လည်း သူ၏ လက်နှစ်ဖက်စလုံးပင် တုတ်ပေါ်၌သာကပ် ပြန်၏ ။ သူဌေးကြီးသည် သူ့ဇနီး ထံမှ အကူအညီ တောင်းရတော့သည် ။ သူဌေးကတော်ကြီး သည်လည်း သူဌေးကြီး၏ ကိုယ်ကို ဖက်ကာ ဆွဲရုန်းမည် ကြံ၏ ။ သို့သော် သူ၏ လက်များသည် သူဌေးကြီး၏ ကိုယ်ပေါ်၌ ကပ်သွားပြန်၏ ။ တဖန် သူတို့၏ သား ၊ သူတို့၏ သမီးများသည်လည်း တသီတတန်းကြီး ကပ်သွားကြပြန်တော့သည် ။ ထိုအခါ ထူးဆန်းသော ငန်းသည် အိမ်တွင်းမှ ထွက်လာကာ လူများရာ ဈေးထဲသို့ ရှေ့မှ ထွက်သွားလေ၏ ။ လမ်းပေါ်မှ လူများသည် တသီတတန်းကြီး ကပ်ပါလျက်ရှိသော သူဌေးကြီးနှင့် အိမ်သားတို့အား လက်ညှိုး တထိုးထိုးနှင့် လက်ခုပ်လက်ဝါး တီးလျက် ပြောင်လှောင် ရယ်မောကြသည် ။ သူဌေးကြီးတို့သည် အလွန် ရှက်လှသဖြင့် ခေါင်းပင် မဖော်ဝံ့တော့ပေ ။ အချို့ ခွေးများသည် သူတို့အား ဝိုင်းဟောင်ကာ ကိုက်ခဲရန် ဟန်ပြင်ကြသည် ။ ထူးဆန်းသော ငန်းသည် နေရာအနှံ့အပြား လှည့်လည် ခေါ်ဆောင်သွားလျက်ရှိသည် ။ ၎င်းတို့ နောက်မှ လိုက်ပါလာသော လူအုပ်ကြီးသည် ဗိုက်နှိပ်၍ ရယ်မောကြလေသည် ။ ထူးဆန်းသော ငန်းသည် နေရာအနှံ့ လှည့်ပတ် ပြသပြီးမှသာ မိမိ သခင်အိမ် ရှိရာဘက်သို့ ပြန်ခဲ့လေသည် ။ လယ်သမား၏ ခြံထဲသို့ ဝင်သွားသည်နှင့် ထူးဆန်းသော ငန်းသည် လယ်သမားအား မိမိ ပြန်ရောက်လာကြောင်း အသံ ပေးလိုက်၏ ။ လယ်သမားတို့ မိသားစုသည် မိမိတို့၏ ပျောက်သွားသော ထူးဆန်းသော ငန်း ပြန်ရောက်လာကြောင်း သိသဖြင့် ဝမ်းသာ၍ ခုန်ပေါက်မြူးထူးလျက် ထွက်လာကြသည် ။ နောက်မှ မိမိတို့၏ ထူးဆန်းသော ငန်းကို သူဌေးကြီးတို့ ခိုးယူသွားကြောင်း သိရကာ ထိုငန်းက ဒဏ်ပေးလိုက်သည်ကို တွေ့ရှိတော့၏ ။ သို့သော်ကား ရိုးသား၍ ခွင့်လွှတ်တတ်သည်ဖြစ်သောကြောင့် ...

“ လိမ္မာတဲ့ ငန်းရယ် ၊ သူတို့ကို လွှတ်လိုက်ပါ ” ဟု ပြောလိုက်သည်နှင့် ထူးဆန်းသော ငန်းသည် အတောင်နှစ်ချက်မျှ ရိုက်လိုက်ရာ သူဌေးကြီး ၊ သူဌေးကတော် ၊ သူတို့၏ သားသမီးတို့သည် အတုံးအရုံး လဲကျသွားတော့သည် ။ သူဌေးကြီးတို့သည် လွန်စွာ ရှက်လှသောကြောင့် သွေးရူးသွေးတန်းနှင့် ထွက်ပြေးသွားလေတော့သည် ။ ထိုစဉ်မှ စ၍ လယ်သမားတို့သည် ပူပင် သောက ကြောင့်ကြမှု မရှိရတော့ဘဲ ပျော်ရွှင်စွာ နေထိုင်ကြရလေသတည်း ။

ဤပုံဝတ္ထုသည် … ကောက်ကျစ်စဉ်းလဲပါက အရှက်တကွဲ အကျိုးနည်း ဖြစ်တတ်ကြောင်းကို ဆုံးမထား၍ ရိုးသားဖြောင့်မတ်ပါက အကျိုးထူး ခံစားရတတ်ကြောင်း ၊ ဩဝါဒပေးသဖြင့် ကလေးတို့ လိုက်နာမှတ်သားသင့်ပေသည် ။

( ဘာသာပြန် )

〇 ရိုကွန်း
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၂ ၊ ဒီဇင်ဘာ

No comments:

Post a Comment