❝ ချူဒါ နှင့် အိုင်ဗင် ❞
( ပုံပြင် )
ကလေးတို့ရေ ...
ကလေးတို့တတွေ အပျင်းလည်းပြေ ပညာလည်း ရအောင် မမလတ် သိထားသမျှ ပုံပြင်လေးတွေကို ပြောပြချင်တာ အတော်ကြာပြီ ။ အခု ပထမဆုံးတော့ ဆိုဗီယက်ပုံပြင်ကို ပြောပြမယ်နော် ။
ဆိုဗီယက်နိုင်ငံဟာ ဆိုရှယ်လစ်စနစ်နဲ့ တည်ထောင်ထားတဲ့ ပြည်ထောင်စုမို့ “ ဆိုဗီ ယက်မှာ စိတ်ကူးယဉ် ပုံပြင်တွေ မရှိဘူးလား ” လို့ ထင်ကြမယ် ။ မင်းတို့လို ကလေးတွေအတွက် နေရာတိုင်းမှာ ပုံပြင်ရယ်လို့ ရှိတာပဲ ၊ ဆိုဗီယက် မှာ ဆိုရင် နိုင်ငံ ကြီးသလောက် တိုင်းရင်းသားတွေ ကလည်း များတော့ ယူကရိန်းပုံပြင် ၊ ဗြဲလာရပ်ရှားပုံပြင် ၊ မော်လဒါဗီပုံပြင်ရယ်လို့ နာမည် အမျိုးမျိုးရှိတယ် ။ အဲဒီ နာမည်တွေကို ကလေးတို့ အဆိုအမှတ်ရ ခက်မှာစိုးလို့ ဆိုဗီယက်ပုံပြင် လို့ပဲ လွယ်လွယ် နာမည်ပေးလိုက်မယ်နော် ”
ကဲ ... ကလေးတို့လည်း မမလတ် ပြောပြမယ့် ပုံပြင်ကို နားထောင်ချင်ရော့မယ် ။ နာမည်ကတော့ “ အိုင်ဗင် နဲ့ ချူဒါသတ္တဝါကြီး သုံးကောင် ” တဲ့ ။
တစ်ခါတုန်းက ရွာကလေး တစ်ရွာမှာ လူအို လင်မယားကြီး နှစ်ယောက်နဲ့ သူတို့ရဲ့ သားသုံးယောက် နေကြသတဲ့ ။ အငယ်ဆုံးသားရဲ့ နာမည်ကတော့ အိုင်ဗင် တဲ့ ။ သူတို့ အားလုံးဟာ အလုပ်လုပ်ဖို့ ဝါသနာပါကြတာမို့ မိုးလင်းက ညတိုင်အောင် အလုပ်ကြမ်း လုပ်ကြသတဲ့ ။ တစ်နေ့တော့ မကောင်းဆိုးဝါး အားလုံးတို့ရဲ့ ဘုရင်ဖြစ်တဲ့ ချူဒါသတ္တဝါကြီးဟာ လူတွေကို လိုက်သ,တ်ပြီးမြို့ရွာတွေကို ဖျက်ဆီးပစ်သတဲ့ ။ အဲဒီတော့ လူအို လင်မယားကြီး မှာလည်း ဘယ်တော့ အသ,တ်ခံရမလဲလို့ တထိတ်ထိတ်နဲ့ ကြောက်ရွံ့ပြီး စိတ်မချမ်းမသာ ဖြစ်နေကြသတဲ့ ။ သူတို့ရဲ့ သားအကြီး နှစ်ယောက်က “ မေမေနဲ့ ဖေဖေ ဘာမှ စိတ်ဆင်းရဲမနေပါနဲ့ ၊ ကျွန်တော်တို့ နှစ်ယောက် ဒီသတ္တဝါကြီးကို သွားသ,တ်ပါ့မယ် ၊ အိုင်ဗင် ကတော့ ငယ်သေးလို့ မေမေတို့နဲ့ အဖော်လည်း ရအောင် ဒီမှာပဲ ထားခဲ့မယ် ” လို့ ပြောသတဲ့ ။ ဒါပေမယ့် အိုင်ဗင်က တော့ အတင်း မရမက လိုက်ချင်တယ် ဆိုတာနဲ့ အစ်ကိုကြီး နှစ်ယောက်က ခွင့်ပြုလိုက်တယ် ။ မိဘကတော့ သားတွေကို ချစ်လို့ သွားပါလို့လည်း မတိုက်တွန်းဘူး ။ ဒီသတ္တဝါကြီးရဲ့ ရန်အတွက် တိုက်ခိုက်ဖို့ သွားကြမှာမို့ မသွားရဘူးလို့လည်း မတားနိုင်ကြဘူးပေါ့ ။
ဒါနဲ့ ညီအစ်ကို သုံးယောက်ဟာ ချူဒါသတ္တဝါကြီး ရှိတဲ့ အရပ်ကို မှန်းပြီး မြင်းသုံးကောင် ကိုယ်စီ စီးလို့ ခရီး ထွက်လာကြတာ လမ်းမှာ အဘိုးအို တစ်ယောက်နဲ့ တွေ့သတဲ့ ။ အဘိုးအိုက ညီအစ်ကိုတွေရဲ့အကြောင်းကို သိရတော့ ဒီ ချူဒါကြီးကို သ,တ်ဖို့အတွက် ပထမဆုံး ဒါးမားကပ်ခ် သံမဏိဓားတွေကို သွားယူသင့်တယ်လို့ အကြံပေးတယ် ။ ဒါးမားကပ်ခ် ဆိုတာ ဆီးရီးယားနိုင်ငံ မှာ ရှိတဲ့ မြို့တစ်မြို့ရဲ့ နာမည်ပဲ ။ အဲဒီမြို့က ထွက်တဲ့ သံမဏိဟာ အကောင်းဆုံး နာမည် ကျော်ခဲ့ဖူးတယ် ။ ဒါကြောင့် ဒါးမားကပ်ခ် သံမဏိဓားလို့ ခေါ်တာပေါ့ ။ ပြီးတော့ အဘိုးအိုက “ တောင်မြင့်ကြီး တစ်ခုကို ရောက်တဲ့အထိ တည့်တည့် ဆက်သွားပါ ၊ အဲဒီ တောင်မြင့်မှာ တွင်းအနက်ကြီးတွေ တွေ့လိမ့်မယ် ၊ တွင်းပေါက်ဝကို ပိတ်ထားတဲ့ ကျောက်တုံးကြီးကို ဖယ်ပြီး အထဲမှာ ရှိတဲ့ ဓားတွေကို ယူပါ ” လို့ ထပ်ပြီး ပြောပြန်တယ် ။ ညီအစ်ကို သုံးယောက်လည်း အဘိုးအို ပြောတဲ့အတိုင်း ခရီးထွက်လာခဲ့တာ တွင်းကြီးဆီကို ရောက်တဲ့ အထိပေါ့ ။ တွင်းပေါက်ကို ပိတ်ထားတဲ့ ကျောက်တုံးကြီးကို ဖယ်ဖို့ ကြိုးစားပေမယ့် မလွယ်ဘူးကွယ့် ။ အလုပ်ကြမ်း လုပ်လာခဲ့တဲ့ ညီအစ်ကို သုံးယောက်ဟာ မရမနေ ကြိုးစားကြတာပေါ့ ။ နောက်ဆုံးတော့ တွင်းထဲမှာ ရှိတဲ့ ဓားတွေကို ရယူနိုင်ခဲ့တယ် ။
ညီအစ်ကို သုံးယောက်ရဲ့ လမ်းခရီးမှာ ပျက်စီးနေတဲ့ မြို့ရွာတွေ ၊ လူသေကောင်တွေကို တွေ့ရသတဲ့ ။ ချူဒါသတ္တဝါကြီး ဖျက်ဆီးခဲ့တာပေါ့ ကလေးတို့ရယ် ။ တစ်နေ့တော့ မြစ်တစ်ခု နားကို ရောက်လာကြတယ် ။ မြစ်ကိုဖြတ်ပြီး တံတား တစ်ခုလည်း ရှိတယ် ။ မြစ်ကမ်းဘေးမှာ တော့ ကျိုးပဲ့နေတဲ့ ဓားလှံတွေနဲ့ အတူ လူရိုးတွေပါ တွေ့ရသတဲ့ ။ ဒီတော့ ညီအစ်ကို သုံးယောက်ဟာ ချူဒါသတ္တဝါကြီး ဒီဘက်ကမ်းကို ဖြတ်မလာအောင် စောင့်ပြီး တိုက်ခိုက်မယ်လို့ ဆုံးဖြတ်ကြတယ် ။ မြစ်ကမ်းနဲ့ မနီးမဝေးမှာ တဲထိုးပြီး ခဏနေကြတယ် ။
ပထမဆုံး ညတော့ အစ်ကိုကြီးဟာ ချူဒါသတ္တဝါကြီးကို စောင့်ဖို့ တာဝန်ယူလိုက် သတဲ့ ။ အဲဒီညမှာ မြစ်ကမ်းဘေး တလျှောက် သူ တစ်ယောက်တည်း လမ်းလျှောက်ပြီး ချူဒါ သတ္တဝါများ ဘယ်တော့ ပေါ်လာမလဲ စောင့်ကြည့်နေတာပေါ့ ။ ညဟာ တိတ်ဆိတ်နေပြီး ဘာသံမှလည်း မကြားရဘူး ၊ ဘာအရိပ်အယောင်မှလည်း မမြင်ရလေတော့ ချုံဘေးမှာ ထိုင်စောင့်ရင်း အိပ်ပျော်သွားလေသတဲ့ ။ အိုင်ဗင် က တဲမှာ အိပ်လို့ မရတာနဲ့ ဓားကို ယူပြီး မြစ်တစ်ဖက်ကို ထွက်လာသတဲ့ ။ တခေါခေါ ဟောက်ပြီး နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်နေတဲ့ အစ်ကိုကြီးကို တွေ့ပေမယ့် မနှိုးရက်ဘူးပေါ့ကွယ် ။ သူတစ်ယောက်တည်း တံတားအောက်မှာ ထိုင်စောင့်နေသတဲ့ ။
တိတ်ဆိတ်နေတဲ့ ညအချိန်မှာ ရုတ်တရက် မြစ်ရေတွေဟာ ပွက်ထလာပြီး ခေါင်း ခြောက်လုံးရှိတဲ့ ချူဒါသတ္တဝါ တစ်ကောင်ဟာ ထွက်လာသတဲ့ ။ ချူဒါကြီးဟာ မြင်းကို စီးပြီး တံတားပေါ် တက်လာသတဲ့ ။ သူ့ ကျောမှာ လင်းနို့တွေလို အတောင်ပံ အနက်ကြီး ရှိတယ် ။ သူ့ရဲ့ အဖော် ကတော့ အင်မတန်ကြီးတဲ့ ခွေးနက်ကြီးတစ်ကောင်ပဲ ။ ခွေးနက်ကြီးဟာ လူနံ့ ရတာနဲ့ ဟောင်လိုက်တဲ့ အခါ ချူဒါ က ပြောသတဲ့ ။ “ ဟေ့ ... မင်း ဘာဖြစ်လို့ ဟောင်တာလဲ ၊ လယ်သမားကြီးရဲ့ သား အိုင်ဗင်ကို တွေ့လို့လား ၊ အိုင်ဗင်ဟာ မမွေးသေးပါဘူး ၊ မွေးပြီးလည်း အခုချိန်တော့ ငါ့ဘေးမှာ မရှိနိုင်ဘူး ၊ အေးလေ ... တကယ်လို့ အိုင်ဗင်ကို တွေ့ရင်တောင်မှ ဟောဒီလက် တစ်ဖက်နဲ့ ဆွဲကိုင်ပြီး သ,တ်ပစ်လိုက်မှာပေါ့ကွ ” လို့ ကြုံးဝါးသတဲ့ ။
ဒီအချိန်မှာ အိုင်ဗင်က တံတားအောက်က ထွက်လာပြီး ချူဒါ နဲ့ ဓားချင်း ယှဉ်ခုတ် နေကြသတဲ့ ။ အိုင်ဗင် ရဲ့ ဓားချက်ကြောင့် ချူဒါ ရဲ့ ခေါင်းသုံးလုံးဟာ တစ်ခါတည်း ပြတ်သွားသတဲ့ ။ ဒီတော့ ချူဒါ က “ အိုင်ဗင် ၊ ငါ နားပါရစေဦး ” လို့ တောင်းပန်သတဲ့ ။ အိုင်ဗင် က “ ဟေ့ ... ချူဒါ ၊ ဒီ တိုက်ပွဲမှာ နားဖို့စကား မပြောရဘူး ၊ မင်းမှာ အခု ခေါင်းသုံးလုံး ကျန်သေးတယ် ၊ ငါက ခေါင်း တစ်လုံးတည်းနဲ့ မင်းကို တိုက်နေရတာ ၊ မင်းမှာ ခေါင်းတစ်လုံးပဲ ကျန်တဲ့ အခါမှာတော့ အနားယူပေါ့ ။ အဲဒီ နောက်ဆုံး ခေါင်းပြုတ် သွားရင်တော့ မင်း တစ်သက်လုံး အေးအေးဆေးဆေး အနားယူနိုင်မှာပေါ့ကွာ ” လို့ ပြောသတဲ့ ။ ဒီတိုက်ပွဲမှာ ချူဒါ ဟာ ခေါင်းအားလုံးပြတ်ပြီး သေသွားသတဲ့ ။ အိုင်ဗင် လည်း ချူဒါ ရဲ့ ကိုယ်လုံးကို အစိတ်စိတ် ပိုင်းပြီး မြစ်ထဲ လွှင့်ပစ်လိုက်တယ် ။ ခေါင်းခြောက်လုံးကိုတော့ တံတားအောက်မှာ စီပြီး တဲမှာ ပြန်အိပ်နေသတဲ့ ။
နောက်တစ်နေ့ မနက် အစ်ကိုကြီး ပြန်လာတော့ ချူဒါကြီး ကို မပြောနဲ့ ယင်တစ်ကောင် တောင်မှ မတွေ့ခဲ့ဘူးလို့ ပြောသတဲ့ ။ အိုင်ဗင် ကတော့ ဘာမှ မပြောဘဲ ငြိမ်နေတယ် ။ ဒုတိယည ကတော့ အစ်ကိုလတ်က သူ့အလှည့်မို့ မြစ်ဘေးမှာ သွားစောင့်ပြန်တာပေါ့ ။ သူလည်း ချုံဘေး မှာ အိပ်ပျော်သွားပြန်ပါရောကလေးတို့ရေ ။
ဒါပေမယ့် အိုင်ဗင် ကတော့ အစ်ကိုကြီး အိပ်နေတုန်း မြစ်ဘက်ကို အသာ လစ်ထွက်လာခဲ့တယ် ။ အဲဒီ ညမှာပဲ ပထမည တုန်းကလို မြစ်ရေတွေ ပွက်လာပြီး ခေါင်းကိုးလုံးနဲ့ နောက် ချူဒါ တစ်ကောင် ထွက်လာပြန်သတဲ့ ။ အဲဒီတိုက်ပွဲမှာ အိုင်ဗင်ပဲ အနိုင်ရတာမို့ ခေါင်းကိုးလုံးကို တံတားအောက်မှာ စီထားခဲ့တာပေါ့ ။ မနက်ကျတော့ အစ်ကိုလတ်လည်း တဲပြန်လာပြီး ချူဒါ နဲ့ မတွေ့တဲ့ အကြောင်း ပြန်ပြောတယ် ။ ဒီတော့ အိုင်ဗင်က သူ့အစ်ကိုတွေ ကို ခေါ်ပြီး ခေါင်းပြတ် ၁၅ - လုံးကို ပြတဲ့အခါ အစ်ကိုကြီး နှစ်ယောက်ဟာ ရှက်စိတ်ကြောင့် ခေါင်းလေးတွေ ငုံ့ပြီး နေကြတာပေါ့ ။
တတိယညမှာ အိုင်ဗင်က “ အစ်ကိုကြီးတို့ ၊ ဒီညတော့ သိပ်ကြောက်စရာကောင်းတဲ့ တိုက်ပွဲနဲ့ တွေ့ရမှာပဲ ၊ အစ်ကိုကြီးတို့ မအိပ်ဘဲ ကျွန်တော့် လေချွန်သံကို စောင့်နားထောင်ပါ ။ လေချွန်သံ ကြားရင် ကျွန်တော့်ဆီကို လာကူပါ ” လို့ မှာထားခဲ့သတဲ့ ။ ညသန်းခေါင်မှာ မြစ်လယ် ကနေပြီး ခေါင်း ၁၂ - လုံးနဲ့ ချူဒါအကြီးဆုံး ထွက်လာပြီး အိုင်ဗင် နဲ့ တိုက်ကြတာပေါ့ ။ ချူဒါ သတ္တဝါကြီး ရဲ့မျက်စိတွေ ဟာ မီးရောင်တွေ တောက်နေပြီး ဆံပင် ကတော့ ကြေးနီတဲ့ ။ အတောင်ပံတွေ ကတော့ သံမဏိဖြစ်ပြီး အမြီးကတော့ သံဖြစ်နေသတဲ့ ။ အိုင်ဗင် ဟာ ရှိသမျှ ဓားတွေနဲ့ ကြိုးစားပမ်းစား တိုက်ပေမယ့် တဖြည်းဖြည်း အရေးနိမ့်လာတာပေါ့ ။ ချူဒါကြီး ဟာ အိုင်ဗင် ကို အနားယူ ပါဦးလားလို့ ပြောတော့ အိုင်ဗင်က “ ကျုပ်အတွက် အနားယူဖို့ မဟုတ်ဘူး ၊ ခင်ဗျားကို အသေသ,တ်ဖို့ပဲ ” လို့ မကြောက်မရွံ့ ပြန် ဖြေသတဲ့ ။ သူ့အစ်ကိုတွေကို လေချွန်ပြီး ခေါ်ပေမယ့် အိပ်နေကြတဲ့ အစ်ကိုတွေဟာ မကြားကြဘူးပေါ့ ။ အိုင်ဗင် ဟာ ခေါင်း ၁၂ - လုံးစလုံးကို ဖြတ်နိုင်တယ် ။ ဒါပေမယ့် ချူဒါကြီးဟာ ပြတ်နေတဲ့ ခေါင်းတွေကို ကောက်ယူပြီး ညာဘက်လက်နဲ့ ပြန်ဆက် လိုက်တဲ့အခါ အကောင်း ပကတိ ပြန်ဖြစ်သွားသတဲ့ ။ ချူဒါကြီး က လေတွေနဲ့ မှုတ်ထုတ်တဲ့အခါ အိုင်ဗင် ရဲ့ဦးထုပ်ဟာ တဲရှိရာကို လွင့်ပါသွားသတဲ့ ။ ဦးထုပ်ဟာ အရှိန်ပြင်းပြင်းနဲ့ တဲတံခါးကို ရိုက်လိုက်မှ အစ်ကိုကြီး နှစ်ယောက်ဟာ နိုးလာပြီး အိုင်ဗင်ရှိရာကို မြင်းနဲ့ အပြေး လာကြသတဲ့ ။ အစ်ကိုကြီးတွေ မရောက်သေးမီ အချိန်တွင်းမှာ အိုင်ဗင် ရဲ့ မြင်းလိမ္မာဟာ ချူဒါကြီး ကို ပြေးကန်သတဲ့ ။ ချူဒါကြီးဟာ မြင်းရန်ကို လှည့်ခုခံနေတုန်း သူ့ရဲ့ အစွမ်းရှိတဲ့ ညာလက်ကို အိုင်ဗင် က ဖြတ်ပစ်လိုက်တာပေါ့ ။ နောက် ချူဒါကြီးရဲ့ ခေါင်းအားလုံးကို ဖြတ်ပြီးချိန်မှာ အစ်ကို ကြီးတွေ ရောက်လာသတဲ့ ။ ညီအစ်ကို သုံးယောက်လည်း ဝမ်းသာအားရနဲ့ တဲမှာ ပြန်အိပ်ပြီး အနားယူ ကြတာပေါ့ကွယ် ။ နောက်တစ်နေ့ မနက်ကျတော့ အိုင်ဗင်က သူ ကျကျန်နေခဲ့တဲ့ ခါးပတ် သွားရှာဦးမယ်ဆိုပြီး တံတားဆီကို ထွက်လာခဲ့တယ် ။ အရင်ညက ချူဒါကြီး ဆီက ရလိုက်တဲ့ လက်စွပ်တန်ခိုးနဲ့ ချူဒါကြီးရဲ့ နန်းတော်ကို တိတ်တဆိတ် ထွက်လာခဲ့တယ် ။ နန်းတော်ဘေး မှာ အသာပုန်းပြီး နေတုန်း နန်းတော်ထဲက ချူဒါသုံးကောင် ရဲ့ မယားသုံးယောက် နဲ့ သူတို့ရဲ့ အမေ စကားပြောနေသံကို ကြားရသတဲ့ ။
ပထမမယားက “ ငါ့ယောက်ျားကို သ,တ်တဲ့ အိုင်ဗင် ကို လက်စား ပြန်ချေရမှ ငါကျေနပ်မယ် ၊ သူတို့ အပြန်မှာ ရေငတ်အောင် ပူစေရမယ် ၊ နောက် ငါ့ကိုယ်ငါ ရေတွင်းယောင် ဖန်ဆင်းပြီး ညီအစ်ကို သုံးယောက် စလုံးကို အဆိပ်ရေနဲ့ သ,တ်မယ် ” လို့ ပြောသတဲ့ ။
ဒုတိယမယားက “ နင်ပြောတာ မှန်တယ် ၊ ငါလည်း ငါ့ယောက်ျား အတွက် တစ်ခုခု လုပ်ရမယ် ၊ ငါ့ကိုယ်ငါ ပန်းသီးပင်ယောင် ဆောင်ပြီး ညီအစ်ကို သုံးယောက်ကို အဆိပ်ပါတဲ့ ပန်းသီးတွေ စားစေရမယ် ” လို့ ကြုံးဝါးပြန်တယ် ။
တတိယမယားက “ သူတို့ မောပန်းပြီး အိပ်ချင်နေတဲ့ အချိန်မှာ ထိုင်ခုံယောင် ဖန်ဆင်း ပြီး သူတို့ အားလုံးကို မီးလောင်စေပြီး သေရမယ် ” လို့ ပြောပြန်သတဲ့ ။
နောက်ဆုံး အဘွားကြီးက “ နင်တို့ သုံးယောက် ဒီညီအစ်ကိုကို မသ,တ်နိုင်ရင် ငါကိုယ်တိုင် ဝက်ရိုင်းကြီးယောင် ဆောင်ပြီး သူတို့ကို အစွယ်နဲ့ လိုက်ထိုးသ,တ်မယ် ” လို့ အော်လိုက်တယ် ။
အိုင်ဗင် လည်း သူတို့ လေးယောက်ရဲ့ စကားတွေကို နားထောင်ပြီး အစ်ကိုတွေ ရှိရာ ကို ပြန်လာခဲ့တယ် ။ သူတို့ညီအစ်ကို သုံးယောက်လည်း မိဘဆီကို ပြန်လာတဲ့အခါ လမ်းခရီး ကလည်း ကြမ်းတမ်းတဲ့ အပြင် နေကလည်း ပူပြင်းလှတော့ ရေအေးအေး တစ်ခွက်လောက် သောက်ချင် လာကြသတဲ့ ။ ဒီအချိန်မှာပဲ လမ်းဘေးတွင် ရေတွင်း တစ်တွင်း တွေ့တာနဲ့ အစ်ကိုကြီး နှစ်ယောက်က ရေသောက်ဖို့ အိုင်ဗင် ကို ပြောတာပေါ့ ၊ ဒါပေမယ့် အိုင်ဗင် က ရေတွင်းနှုတ် ခမ်းဝကို ဓားနဲ့ စိုက်လိုက်တဲ့ အခါ ရေတွင်းထဲက မီးခိုးမီးလျှံတွေ ထွက်လာသတဲ့ ။ အစ်ကိုကြီး နှစ်ယောက်လည်း ရေငတ်တဲ့စိတ် ပျောက်သွားတဲ့ အထိ လန့်ဖျပ်သွားကြတာပေါ့ ။ ခရီးဆက် ထွက်လာတဲ့အခါ အသီးမှည့်တွေ ပြွတ်သိပ်နေတဲ့ ပန်းသီးပင်ကို တွေ့ပြန်တယ် ။ အစ်ကိုကြီး နှစ်ယောက်က အကြောင်းမသိလေတော့ ပန်းသီးကို အားရပါးရ စားတော့မယ်လည်းလုပ်ရော အိုင်ဗင် က ဓားနဲ့ ပန်းသီးပင်ကို ခုတ်လိုက်တဲ့ အခါ မီးခိုးတွေ ထွက်လာသတဲ့ ။ နောက်တစ်ခါ တွေ့တဲ့ထိုင်ခုံ ပေါ်မှာလည်း အစ်ကိုကြီး နှစ်ယောက်ကို ထိုင်ခွင့် မပေးဘဲ အိုင်ဗင် က ဖျက်ဆီးပစ် လိုက်သတဲ့ ။
နောက် မကြာခင်မှာပဲ ကောင်းကင် တစ်ခုလုံး မည်းမှောင်လာပြီး လေတွေ အရမ်း တိုက်လာတယ် ။ ညီအစ်ကို သုံးယောက် နောက် ဝက်ကြီး တစ်ကောင် ပြေးလိုက်လာသတဲ့ ။ ဝက်ကြီးဟာ သူ့ရဲ့ ခေါင်းကို မော့ပြီး အိုင်ဗင်တို့ လူစုကို အစွယ်နဲ့ လိုက်ပက်ဖို့ ကြိုးစားသတဲ့ ။ အိုင်ဗင်တို့လည်း ဝက်ကြီးရဲ့ မျက်စိထဲ ဆားတွေ ပက်ထည့်ခဲ့ပြီး ပြေးရပြန်တာပေါ့ ။ ဝက်ကြီးက လည်း ဆားတွေ ခါပြန်ပြီး သဲကြီးမဲကြီးနဲ့ ပြေးလိုက်လာပြန်တယ် ။ ဝက်ကြီး မီလုခါနီး အချိန်မှာ အိုင်ဗင်က အစ်ကိုကြီး နှစ်ယောက် ဘေးတစ်ဖက်တစ်ချက်စီ ခွဲပြေးစေပြီး သူကဧတာ့ ရှေ့တည့်တည့်ကိုပဲ ပြေးသတဲ့ ။ ဝက်ကြီးလည်း ဘယ်လမ်းကို လိုက်ရမှန်းမသိ စဉ်းစားနေတုန်း အိုင်ဗင် ပြန်လှည့်လာပြီး ဝက်ကြီးရဲ့ အမြီးကို ကိုင်ပြီး ကိုင်ရိုက်သ,တ်လိုက်သတဲ့ ။
နောက်ဆုံးတော့ ညီအစ်ကို သုံးယောက်နဲ့ သူတို့ရဲ့မိဘ သာမကဘူး ၊ တခြားလူတွေ အားလုံးပါ ချူဒါသတ္တဝါကြီးတွေရဲ့ ရန်က လွတ်ကင်းပြီး အေးအေးဆေးဆေး လုပ်ကိုင်စား သောက်နိုင်ကြသတဲ့ ကလေးတို့ရေ ...
ကလေးတို့ တတွေလည်း အိုင်ဗင်လေးလို သတ္တိ ကောင်းလာပါစေလို့ မမလတ် ဆုတောင်းလိုက်ပါတယ် ။
( ဘာသာပြန် )
〇 မမလတ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၅ ၊ စက်တင်ဘာ
No comments:
Post a Comment