❝ အနာတရ အနာဂတ် ❞
( ရွှေသူရဇ္ဇ - ထားဝယ် )
၁ ။
“ သားရေ သားရဲ့ ဦးဦး လာနေတယ် ”
ဖေဖေ့ရဲ့ အဲဒီအသံကို ကြားလိုက်ရရင်ပဲ သားတစ်ကိုယ်လုံး တောင့်တင်းသွားတယ် ။ စိတ်ထဲမှာ တုန်လှုပ်သွားမိပုံက သားတို့ နေတဲ့ ပျဉ်ထောင်အိမ်ကြီး တစ်ခုလုံး သိမ့်သိမ့်တုန်အောင် လှုပ်ခါယမ်းသွားသလိုပဲ ။ လက်ထဲမှာ ကိုင်ထားတဲ့ စာအုပ်တောင် လွတ်ကျသွားတယ် ။ ကြောက်စိတ်တစ်ခု သားကို လှုံ့ဆော်လာပြီး သား ရင်ထဲမှာ တလှပ်လှပ်နဲ့ ဘယ်လိုကြီးမှန်း မသိဘူး ။ ပြီးတော့ ငိုချင်လာတယ် ။
“ သားရေ ”
“ ဗျာ ဖေဖေ ”
ဖေဖေက သူခေါ်ရင် ထူးမှကြိုက်တယ် ။ ဒါကို သိနေပြီးသား ဖြစ်တော့ အလိုလို ထူးမိသွားတယ် ။
“ အပေါ်မှာ ဘာလုပ်နေတာလဲ ၊ ဒီမှာ သား ဦးဦးက သားကို မေးနေတယ် ။ ခဏ ဆင်းခဲ့ဦး ”
သား ဖေဖေ့ကို စောဒက မတက်ရဲပါ ။ တစ်ခုခု ပြောလိုက်ချင်ပေမဲ့ သားနှုတ်က ဆွံ့အ,နေတယ် ။ ထ ရပ်လိုက်တော့ ခေါင်းထဲမှာ မူးနောက်နောက် ဖြစ်သွားသလိုပဲ ။ ခြေလှမ်းတွေကလည်း အလိုလို လေးဖင့်လို့ နေတယ် ။ သား လှေကားထိပ်ကို ရောက်လာတယ် ။ သားတို့ အိမ်က လှေကားက ဘာလို့ ကိုးထစ်တည်း ရှိနေရတာလဲ ။ တကယ်ဆို အထစ် လေးငါးဆယ်မက အများကြီးရှိနေသင့်တယ် ။
အောက်ကို ဘယ်လို ရောက်သွားမှန်းတောင် မသိဘူး ။ စိတ်ရှုပ်ထွေးမှုတွေ ကြားထဲက သား သတိရလိုက်တာ မေမေ ၊ မျက်လုံး ဝေ့ကြည့်လိုက်တော့ မေမေက ခုံမှာ ထိုင်နေတယ် ။ မေမေ့ ရှေ့က စားပွဲပေါ်မှာတော့ စာရွက်စာတမ်းတွေရယ် ၊ ဖုန်းရယ် ၊ ကတ္တီပါဗန်း လေးရယ် ၊ ကတ္တီပါသေတ္တာ အသေးလေးနှစ်လုံးရယ် ၊ မှန်ဘီလူးတစ်လက်ရယ် ၊ ပြီးတော့ ဂဏန်းတွက်စက်တစ်လုံးရယ်က စီစဉ်မကျ ပြန့်ပြန့်ကျဲကျဲ ရှိနေတယ် ။
အဲဒါတွေနဲ့ အမြဲတမ်း အလုပ်ရှုပ်နေတတ်တဲ့ မေမေက သားကို ဘယ်တော့မှ ဂရုမစိုက်အားတတ် ။ အခုလည်း သားကို ရှိတယ်လို့တောင် ထင်ရဲ့လား မသိ ။ တစ်ခါတလေ သား တွေးမိတယ် ။
ဖေဖေရာ ၊ မေမေရောက အလုပ်ကိုယ်စီနဲ့ သူတို့ အလုပ်မှ သူတို့ အလုပ် ဖြစ်နေကြတာ သူတို့မှာ သားတစ်ယောက်ရှိတာ သိများသိသေးရဲ့လား မသိဘူးလို့ ။
အဲလို တွေးရင် အဝေးမှာ ရှိတဲ့ အဘွားကို သား သိပ်သတိရတာပဲ ။ အဘွားသာ အနားမှာ ရှိရင် ကောင်းမယ် ။ သားက အဖေနဲ့ မေမေနဲ့ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ချွဲချွဲနွဲ့နွဲ့ နေချင်တာ ။ မေမေ့ရင်ခွင်ထဲ တိုးဝှေ့ပြီးတော့ ဆိုးနွဲ့နေချင်တာ ၊ လိုချင်တာတွေကို ပူဆာချင်တာ ၊ မရလို့တော့ မဟုတ်ပါဘူး ။ လိုချင်တာတွေကို ရတော့ရပါရဲ့ ၊ ဒါပေမဲ့ ဖေဖေနဲ့ မေမေ့ အပေါ် နီးနီးကပ်ကပ် ဆိုးနွဲ့ခွင့်တော့ သား မရပါဘူး ။ တစ်ခါတလေ မေမေ့ရင်ခွင်လေးထဲ ခေါင်းတိုးဝင်ပြီး ချွဲဖို့နွဲ့ဖို့ ကြိုးစားကြည့်တယ် ။
“ သားနော် ၊ ခြောက်တန်းပဲ ရောက်နေပြီ ။ အခုထိ မအေအပေါ် ဆိုးနွဲ့ချင်နေ တုန်းလား ။ ကလေးမဟုတ်တော့ဘူး ။ မေမေ့မှာ လုပ်စရာတွေရှိသေးတယ် ၊ သွား ကိုယ့်ဟာကိုယ် စာသွားဖတ်နေချေ ”
အဲဒီလို စကားမျိုးတွေနဲ့ မေမေ့ဆီက ကြင်နာမှုတွေကိုတောင် သား မရခဲ့တာ ။ ဖေဖေ့ဆီက ဆိုရင် ပိုလို့တောင်မှ ဆိုးသေးတယ် ။ ဖေဖေလည်း အလုပ်နဲ့အိမ် ၊ အိမ်နဲ့ အလုပ် အမြဲတမ်းအလုပ်ရှုပ် နေတတ်တာမျိုး ၊ မလိုအပ်ရင် တစ်နေ့လုံး နေလို့မှ စကားတစ်ခွန်း မပြောတတ်တာ သားကိုမှ မဟုတ် ၊ မေမေ့ကို လည်း ဒီအတိုင်းပဲ ။
ဒါနဲ့များတောင် ဖေဖေနဲ့ မေမေဟာ ဘယ်လိုစိတ်ကူးမျိုးနဲ့ အတူ နေဖြစ်ခဲ့ကြလဲ မသိပါ ။ မိသားစု သုံးယောက် ရှိတဲ့ အိမ်ကြီးက ခြောက်ကပ်ကပ် တိတ်ဆိတ်ဆိတ်နဲ့ နေရတာ ပျော်စရာ မကောင်းဘူး ။ အိမ် ၊ ကျောင်းနဲ့ ကျူရှင် ပတ်ချာလည်ပြီး ဖြတ်သန်းနေ ရတဲ့ သားအတွက် ပျင်းရိငြီးငွေ့ခြင်းတွေကသာ အဖော်ပဲ ။
ဒီထက် ပိုဆိုးလာတဲ့ အခါတွေကျတော့ အဘွားကို အရမ်း သတိရမိတယ် ။ အဘွားက သားအပေါ် နွေးထွေးတယ်လေ ။ ပြီးတော့ အရမ်းလည်း ချစ်တယ် ။ ခဏတစ်ဖြုတ် အလည်သွားရင်တောင်မှ သားကို အရမ်းဂရု စိုက်တတ်တာ ။ သားစိတ်ထဲ ရှိတဲ့ အတိုင်းဆိုရင် အဘွားနဲ့ပဲ အတူ နေချင်မိတယ် ။ ဒါပေမဲ့ ဖေဖေနဲ့ မေမေက ခွင့်ပြုမယ် မထင်ဘူး ။ အဘွားတို့ ရွာက သားတို့ မြို့နဲ့ ဝေးလည်းဝေးတယ်လေ ။ ဆိုင်ကယ်နဲ့ သွားရင်တောင်မှ နှစ်နာရီလောက် စီးရတာ ။ သားက အဘွားတို့ ရွာမှာ နေရတာ ပျော်တယ် ။ ဒီမှာက မြို့ ဆိုပေမဲ့ သား မပျော်ပါဘူး ။ ပြောရရင် နေကို မနေချင်တာ ၊ ပြီးတော့ ... ။
“ ဟိတ် ... ကောင်လေး ဘာတွေ စဉ်းစားနေတာလဲ ”
အသံကြောင့် သားရဲ့ အတွေးတွေ လွင့်စဉ်သွားရ တယ် ။ သား ရပ်နေတဲ့ လှေကားခြေရင်းနား သူ ရောက်လာတာကိုတောင် သား မသိလိုက်ဘူး ။ သား သူ့မျက်နှာကို မဝံ့မရဲ မော့ကြည့်လိုက်တယ် ။ သူက သားကို ခပ်ပြုံးပြုံးနဲ့ စိုက်ကြည့်နေတယ် ။ သား သူနဲ့ မျက်လုံးချင်းဆုံဖို့ မရဲတော့ အကြည့်ကို လွှဲပစ်လိုက်တယ် ။
“ မြို့ထဲ ခဏ သွားမလို့ကွာ ၊ အဲဒါ ဦးဦး တစ်ယောက်တည်း ဖြစ်နေတာနဲ့ သားကို လာခေါ်တာ ၊ ဦးဦးကိစ္စ ပြီးလို့ ရှိရင် သားကို မုန့်လိုက်ကျွေးမယ် ”
ပြောပြီး သူက သား ပခုံးပေါ်ကို လက်လာတင်တော့ သား ကိုယ်လေး တွန့်ခနဲ ကျုံ့သွားမိတယ် ။ သူ့ လက်ကို ခါချသလိုနဲ့ မသိမသာ ဖယ်ချပြီး သား အရှေ့ကို ထွက်ခဲ့တော့ သူက အနောက်က ပါလာတယ် ။
“ ဟော ... တူဝရီးတွေ ဘယ်သွားကြမလို့လဲ ”
စာရင်းဇယားတွေနဲ့ အလုပ်ရှုပ် နေတဲ့ ဖေဖေက အနား ရောက်လာတဲ့ သားတို့ကို မြင်ပြီး မေးခွန်းထုတ်တယ် ။ သား ဘာမှ မပြောရသေးခင် သူက ခုနက သား ကို ပြောတဲ့ စကားအတိုင်း ဖေဖေ့ကို ပြောပြတယ် ။
ပြီးတော့ ... ။
“ မကြာပါဘူး ၊ သိပ်မမှောင်ခင် ပြန်ပို့ပေးပါ့မယ် ”
သား ဖေဖေ့အနားကို တိုးကပ်သွားလိုက်တယ် ။
“ သား အိမ်စာတွေ လုပ်ရဦးမယ် ဖေဖေ ”
တကယ်တော့ မလိုက်ချင်တာကို သွယ်ဝိုက်ပြီး ပြောလိုက်တာပါ ။ ဒါကို ဖေဖေက သဘောမပေါက်ဘူး ။ သူက သိတယ် ။
“ ပြန်လာမှ လုပ်လည်းရပါတယ်ကွာ ၊ ဦးဦး ကူလုပ်ပေးမယ် ”
"ဟုတ်သားပဲ သားရယ် ၊ ခဏပဲဟာ လိုက်သွားလိုက်ပါ ။ သားဦးဦးက တစ်ယောက်တည်း ဖြစ်နေရှာတာ ”
သူက သားကို အဓိပ္ပာယ်ပါပါ ကြည့်တယ် ။ သူ့မျက်လုံးထဲက အဓိပ္ပာယ်တွေကို သားသိတယ် ။ ဒါပေမဲ့ မပြောပြတတ်ဘူး ။ ဖေဖေ ကလည်း ခက်တယ် ။ မလိုက်ချင်တာကို မလိုက်ချင်ဘူး ပြောလိုက်ချင်ပေမဲ့ သူ ကြည့်နေတဲ့ အကြည့်တွေကြောင့် သား မပြောထွက်တော့ဘူး ။
“ ဒါဆို ကျွန်တော် သားကို ခေါ်သွားမယ်နော် အစ်ကိုကြီး ၊ ဘာမှ စိတ်မပူနဲ့ ၊ မမှောင်ခင် ပြန်လာပို့ပေးမယ် ”
“ အေးပါကွာ ၊ ရပါတယ် ။ ခေါ်သွား ခေါ်သွား ”
ဖေဖေ ခေါင်းညိတ်ပြောပြီး လုပ်စရာ ရှိတာကို ဆက်လုပ်နေတော့တယ် ။ သားစိတ်ထဲ ရှုပ်ထွေးလေးလံမှုတွေနဲ့ သူ့မျက်နှာကို နောက်တစ်ခါ ထပ်ကြည့်လိုက်တော့ ခပ်ပြုံးပြုံး အမူအရာက မပြောင်းလဲဘူး ။ သူ့ အကြည့်စူးစူးတွေကို သား တကယ်ပဲ မနှစ်သက်မိပါ ။ မုန်းလည်း မုန်းတယ် ၊ ကြောက်လည်း ကြောက်တယ် ။ သားရင်ထဲမှာ မွန်းကျပ်မှုတွေက နေရာအပြည့် ယူလို့ ၊ အဲဒီလိုနဲ့ သား သူ့ နောက်ကို လိုက်ခဲ့ရတော့တယ် ။
••••• ••••• •••••
၂ ။
သူ ဆိုတာ ဦးဉာဏ်အောင် ပါ ။ အသက်က သုံးဆယ်ကျော်လောက် ရှိမယ် ။ သားတို့နဲ့ တစ်ရပ်ကွက်တည်း သားချင်းဖြစ်ပြီး သူ့အိမ်က သားတို့ အိမ်နဲ့ သုံးလမ်းပဲ ဝေးတယ် ။ ဖေဖေ ပြောတာတော့ သူက အိမ်ထောင်ကွဲနေတာတဲ့ ။ သူက ဖေဖေ ၊ မေမေတို့ နဲ့ အရမ်းရင်းနှီးတယ် ။ ဖေဖေ က ဒီရပ်ကွက်သား ဆိုတော့ ဖေဖေနဲ့ ပိုရင်းနှီးတယ် ။ ဟိုး အရင်ကတည်းက သိတာလို့ ပြောတယ် ။ ရပ်ဆွေရပ်မျိုးတွေ ဆိုလား ၊ မကင်းရာ မကင်း ကြောင်းတွေဆိုလားပဲ ။ သူစိမ်းတွေ ဆိုပေမဲ့ ဆွေမျိုးရင်းချာတွေလို နီးကပ်တဲ့ ဆက်ဆံရေး ရှိတယ် ။
သူက သား ငယ်သေးတဲ့ အရွယ်ကတည်းက အိမ်ကို အမြဲ အဝင်အထွက် ရှိတယ် ။ ဖေဖေရယ် ၊ မေမေရယ်က လွဲလို့ နောက်ထပ် ရင်းနှီးဖို့ အခြား မိသားစုဝင် က နီးနီးနားနားမှာ မရှိတော့ အိမ်ကို အမြဲ အဝင်အထွက် အသွားအလာ ရှိတဲ့ သူ့ ကို သား ခင်တွယ်မိတယ် ။ ဖေဖေ နဲ့ မေမေကလည်း သူနဲ့ဆို စိတ်ချတယ် ။ ဘယ်ကိုပဲ ဖြစ်ဖြစ် လာခေါ်ရင် ထည့်တယ် ။ အဲဒီလို ရင်းနှီးမှုတွေ ရှိနေတော့ သား သူ့ကို ခင်မင်မိတာ မထူးဆန်းဘူး ။
ဒါပေမဲ့ အဲဒါတွေက အရင်ကပါ ။ အခု သား သူ့ကို မခင်တော့ဘူး ။ သူနဲ့ နီးနီး ကပ်ကပ် မနေချင်တော့သလို ဖြစ်နိုင်ရင် သူ့မျက်နှာကိုတောင် သားမမြင်ချင်တော့ဘူး ။ ဖေဖေက လိုက်သွားဆို လို့သာပါ ။ မလိုက်ဘူး အတင်း ပြောပြန်ရင်လည်း စကားတွေက ရှည်နေဦးမှာလေ ။ စကားတွေ ရှည်လာရင် ဟိုအကြောင်း ၊ ဒီအကြောင်းတွေ ပါလာမှာ သား မလိုချင်ဘူး ။
သူက ဆိုင်ကယ်ပေါ် တက်ပြီး သားကို အရှေ့က ထိုင်ပါလားလို့ ပြောတယ် ။ သား ငြင်းလိုက်ပြီးတော့ နောက်ကပဲ တက်လိုက်တယ် ။ သူက ခါးကို ဖက်ထားလို့ ဆိုတော့ သား ဟင့်အင်းလို့ ပြောလိုက်တယ် ။ အဲဒီတော့ သူ ဘာလုပ်တယ် ထင်လဲ ။ သား သူ့ကို မဖက် ဖက်အောင် ဆိုင်ကယ်ကို ဝူးခနဲ ဆောင့်ပြီး မောင်းထွက်တယ် ။ သားကိုယ်လေး ဆတ်ခနဲ အနောက်ကို လန်ပြီး အလန့်တကြားနဲ့ သူ့ခါးကို လှမ်းဆွဲတော့ သူက ရယ်တယ် ။ သား စိတ်ထဲကနေ သူ့ကို မသာကြီးလို့ ကျိန်ဆဲလိုက်မိတယ် ။
မြို့ထဲ ရောက်တော့ တစ်ဆိုင်ဝင် ၊ တစ်ဆိုင်ထွက်နဲ့ ပစ္စည်းတွေ ဝယ်တယ် ။ ဘာတွေ ဝယ်မှန်း သား မသိဘူး ။ စိတ်လည်း မဝင်စားဘူး ။ သူ့ နောက်က တကောက်ကောက် လိုက်နေရပေမဲ့ စိတ်မပါဘူး ။ သားခေါင်းထဲ အကြောင်းအရာ တစ်ခု က သာ ဝင်ရောက်စိုးမိုးလို့နေ တယ် ။ အဲဒီအကြောင်းကို တွေးမိလိုက်တိုင်း သား ကြောက်တယ် ။ ရင်ထဲက ခံစားချက်က ဘယ်လိုကြီး မှန်းမသိဘူး ။ ပြင်းထန်တာတော့ သေချာတယ် ။
အဲဒီလို စိတ်နဲ့လူ မကပ်ဘဲနဲ့ စားသောက်ဆိုင် တစ်ဆိုင်ကို ရောက်လာတယ် ။ သူက သူ့ လက်ထဲက အထုပ်တွေကို စားပွဲပေါ် တင်လိုက်ပြီး သား လက်ထဲက အထုပ်တွေကို လွှဲယူတယ် ။ ပြီးတော့ သားကို ဘာစားမလဲလို့ မေးတယ် ။ သား ခေါင်းခါပြီး ဘာမှ မစားဘူးလို့ ပြောလိုက်တယ် ။ သူက တစ်ခုခုတော့ စားပါ ၊ အအေးသောက်မလား ဆိုတာနဲ့ သား ပြီးပြီးရောပဲ ခေါင်းညိတ်ပြလိုက်တယ် ။
သူ ကတော့ ခေါက်ဆွဲကြော်စားတယ် ။ သောက်သာ သောက်နေရပေမဲ့ အအေးက ဘယ်လို အရသာရှိမှန်း သား မသိဘူး ။ သား စိတ်ထဲမှာ အိမ်ကိုပဲ အမြန် ပြန်ချင်နေတယ် ။ စားသောက်ပြီးလို့ သူ က သားအိမ်ရောက်ရင် စားဖို့ တစ်ခုခု ဝယ်သွားဦးမလား မေးတော့လည်း သား ခေါင်းပဲ ခါပြလိုက်တယ် ။
အဲဒီလိုနဲ့ မြို့ထဲက ပြန်လာကြတယ် ။ တစ်ယောက်နဲ့ တစ်ယောက် စကားတွေ မပြောဖြစ်ကြဘူး ။ သူ မေးရင်တောင် သားက ဖြေချင်မှ ပြေတာ ။ ရပ်ကွက်ထဲ ရောက်တော့ သူက ဆိုင်ကယ်ကို သူ့အိမ်ဘက် ဦးတည်တယ် ။ တကယ်ဆို လမ်းသွယ်ချင်း အတူတူတောင်မှ ဒီဘက်က လာရင် သားတို့ လမ်းကို အရင် ရောက်တာပါ ။ သူ့အိမ်က နောက်ထပ်လမ်းတွေမှ ၊ ဒါကို သူက သားတို့အိမ်လမ်းကို ကျော်မောင်းတော့ ... ။
“ ဦးဦး သားကို အရင် ပို့ခဲ့ဦးလေ ”
သား ကမန်းကတန်းပြောလိုက်တယ် ။
“ အထုပ်တွေ တစ်ပုံ တစ်ခေါင်းကြီးနဲ့ ဆိုင်ကယ် မောင်းရတာ ကသီလို့ပါကွာ ၊ ပစ္စည်းတွေ ထားပြီးတော့မှ ပြန်ပို့ပေးမယ် ဟုတ်ပြီလား ”
သား စိတ်ညစ်သွားမိတယ် ။ သား သူ့အိမ်ကို မလိုက်ချင်ဘူး ။ ဒါပေမဲ့လည်း သူ့အိမ်ကို ရောက်လာတယ် ။ သူက အထုပ်အပိုးတွေကို ဆွဲထားရင်း တံခါး သော့ကို ဖွင့်ပြီး သားကို အိမ်ထဲဝင်ဖို့ အရိပ်အကဲ လုပ်ပြတယ် ။
သား ဝင်လိုက်တော့ သူက နောက်က လိုက်ဝင်တယ် ။ ပြီးတော့ တံခါးကို သော့ခတ်လိုက်တာ သား မြင်တယ် ။ သူတစ်ယောက်တည်း နေတဲ့ အိမ်က ပစ္စည်းတွေ ရှုပ်ယှက်ခတ်နေတယ် ။ နေရာတကျ မရှိဘူး ။
“ သား လက်ထဲက အထုပ်တွေ ဦးဦး အခန်းထဲ သွားပို့ထားလိုက် ”
သား အခန်းရှိရာကို လျှောက်လာတယ် ။ သူ ပြောတဲ့အတိုင်းပဲ အခန်းထဲ ဝင်ပြီး အထုပ်တွေ ချထားလိုက် တယ် ။ ပြီးတော့ အခန်းထဲက ပြန်ထွက်ဖို့ နောက်ပြန်လှည့်လိုက်တော့ သူ့ကို ဘွားခနဲတွေ့လိုက်ရတယ် ။ ရုတ်တရက် သား လန့်သွားမိတယ် ။
“ ဦးဦး ဘာဖြစ်လို့လဲ ”
သူက သားကို ပြုံးဖြဲဖြဲ ကြီးနဲ့ စိုက်ကြည့် နေပြီး ခေါင်းခါတယ် ။ ပြီးတော့ အခန်းတံခါးကို နောက်ပြန် ဆောင့်ပိတ်လိုက်တယ် ။ ဂျိမ်းခနဲ တံခါးမြည်သံအဆုံး ဒီနေရာမှာပဲ သားရဲ့ ကြောက်စိတ်တွေ နောက်ထပ် တစ်ခါ ဖြစ်ပေါ်လာခဲ့တော့တယ် ။
••••• ••••• •••••
၃ ။
ညက အတော်နက်နေပြီ ။ ဖေဖေနဲ့ မေမေက အစောကြီးကတည်းက အိပ်ရာဝင် သွားကြပြီမို့ အိမ်ကြီးက အမှောင်ထဲမှာ ငြိမ်သက်လို့နေတယ် ။ တိတ်ဆိတ်တဲ့ ညဉ့်ယံမှာ ဟိုနေရာ ချွတ်ချွတ် ၊ ဒီနေရာ ချွတ်ချွတ် ကြားရတိုင်း သားစိတ်ထဲမှာ ကြောက်နေတယ် ။ အိမ်မြှောင်စုတ်ထိုးသံလေးကအစ သား လန့်မိတယ် ။
သားတစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလိုမျိုး နာကျင်ကိုက်ခဲနေတယ် ။ ပြီးတော့ နေလို့ထိုင်လို့လည်း မကောင်းဘူး ။ မျက်လုံးတွေ ကြောင်ပြီး အိပ်လို့လည်း မပျော်ဘူး ။ အတင်းဇွတ်မှိတ် အိပ်လို့လည်း မရပြန် ၊ အိပ်ပျော်ပြီ ဆိုရင်လည်း အိပ်မက်ဆိုးတွေမက်ပြီး ခဏခဏ လန့်နိုးတယ် ။ အရင်တုန်းကလို နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့ မပျော်တော့တာ ဘယ်လောက်တောင် ကြာပြီလဲ ။ သားစိတ်ထဲ လုံခြုံမှု မရှိသလိုဘဲ ။
ဒီလို အဖြစ်မျိုးတွေ ကြုံရတာ ဘယ်သူ့ကြောင့်လဲလို့ မေးရင် သား မဖြေတတ်ဘူး ။ တစ်ခုရှိတာက သား တစ်နေ့စာကို တစ်နေ့ မလုပ်ခဲ့လို့ ထင်တယ် ။ ဒါဆိုရင် သားကြောင့်ပဲလို့ ပြောရမှာလား ။ မှတ်မှတ်ရရ အဲဒီနေ့က သား ကျောင်းက ပြန်လာတော့ ကျူရှင်ကို မသွားချင်ဘူး ။ မသွားချင်ရတဲ့ အကြောင်းက ကျူရှင်က ခိုင်းလိုက်တဲ့ စာက မပြီးသေးလို့ ။ ဖေဖေက တစ်နေ့စာ တစ်နေ့လုပ်ဖို့ အမြဲ ပြောထားတယ် ၊ အိမ်စာက မပြီးလို့ ကျူရှင် မသွားဘဲ အိမ် ပြန်တယ် ဆိုရင် ဖေဖေ ဆူတော့မှာကို အတပ်သိနေလို့ သား ဘယ်လိုလုပ်ရမလဲ စဉ်းစားတယ် ။ အကြံထုတ်တယ် ။
နောက်ဆုံး သား ဦးဉာဏ်အောင့် အိမ်ကို သွားဖို့ ဆုံးဖြတ်လိုက်တယ် ။ သူက ဖေဖေတို့နဲ့ ရင်းနှီးသလို သား နဲ့လည်း ခင်တယ်လေ ။ ကျူရှင်ကိုတော့ သားသူငယ်ချင်း နဲ့ ခွင့်တိုင် ခိုင်းလိုက်တယ် ။ ပြီးတော့ သား ဦးဉာဏ်အောင့် အိမ်ကို လာခဲ့တယ် ။ အိမ်ရှေ့ ရောက်တော့ တံခါးက စေ့ရုံစေ့ထားတယ် ။ အမြဲ မဟုတ်ပေမဲ့ ဖေဖေနဲ့ မကြာ ခဏ လာဖူးနေတာမို့ သား ကိုယ့်ဟာကိုယ်ပဲ တံခါးကို တွန်းဖွင့်ဝင်လိုက်တယ် ။ အထဲ ရောက်တော့ ဦးဉာဏ်အောင် က မီးချောင်းတွေ ၊ မီးကြိုးတွေနဲ့ အလုပ်ရှုပ်နေတာကို မြင်လိုက်ရတယ် ။
“ ဟော သား ဖိုးထက် ပါလား ၊ မလာစဖူး အလာထူးလို့ ။ ဘာလာလုပ်တာလဲ ၊ တစ်ယောက်တည်းလား ”
“ ဟုတ်တယ် ဦးဦး ၊ ကျူရှင်က လုပ်ခိုင်းလိုက်တဲ့ စာတွေ မပြီးသေးလို့ ဒီနေ့ ကျူရှင်ပြေးတာ ။ အိမ်ပြန်ရင် ဖေဖေ ဆူမှာ စိုးလို့ ဒီမှာ စာလာလုပ်တာ ၊ သား ကျူရှင်ပြေးတာ ဖေဖေ့ကို ပြန်မပြောပါနဲ့နော် ”
“ အင်းပါ ဦးဦး သဘောပေါက်ပါတယ် ၊ ပြန် မပြောဘူး ဟုတ်ပြီလား ”
ခေါင်းတဆတ်ဆတ် ညိတ်ပြီး ပြောတဲ့ ဦးဉာဏ်အောင့် စကားကြောင့် သား စိတ်အေးသွားတယ် ။
“ ဒါနဲ့ ဦးဦးက ဘာလုပ်နေတာလဲ ”
“ မီးချောင်းကျွမ်းသွားလို့ သားရ ၊ အဲဒါ လဲနေတာ ”
သား ကျောပိုးအိတ်လေးကို စားပွဲပေါ်တင်လိုက်ပြီး ခုံမှာ ထိုင်လိုက်တယ် ။
“ ဦးဦး သား ရေသောက်ချင်တယ် ၊ ရေတိုက်ပါလား ”
ဦးဉာဏ်အောင် ခေါင်းညိတ်ပြီး နောက်ဖေးထဲဝင်သွားတယ် ။ ပြန်ထွက်လာတော့ ရေဘူးလေး ပါလာပြီး သားကို ပေးတယ် ။ သား ရေကို အဝ သောက်ပစ်လိုက်တယ် ။
“ ဦးဦး သား အိမ်စာ လုပ်ဦးမယ်နော် ”
“ ဟုတ်ပြီ သား ၊ အေးဆေးလုပ် ၊ ဦးဦးလည်း ဒါလေး လက်စသတ်လိုက်ဦးမယ် ”
သား အိတ်ထဲက စာအုပ်တွေ ထုတ်ပြီး ရေးရမယ့် စာတွေ ၊ တွက်ရမယ့် စာတွေ လုပ်နေလိုက်တယ် ။ ဦးဉာဏ်အောင် ကလည်း သူ့ဟာနဲ့ သူ အလုပ်ရှုပ်နေတယ် ။ စာတွေ အားလုံး ပြီးတော့ သားစိတ်တွေ လွတ်လပ်ပေါ့ပါးသွားတယ် ။ အပျင်းဆန့်လိုက်ရင်း အိပ်ချင်သလို ရှိလာတာနဲ့ စားပွဲပေါ်မှာပဲ မျက်နှာလေး မှောက်ချလိုက်တယ် ။
သား ဘယ်လောက် ကြာကြာ အိပ်ပျော်သွားလဲ မသိဘူး ။ အသိစိတ်မှာ တစ်ယောက်ယောက်က သားကို လာကိုင်နေသလိုမျိုး ခံစားရတာနဲ့ ဖျတ်ခနဲ လန့်နိုးသွား တယ် ။ ကြည့်လိုက်တော့ သား အိပ်ပျော်သွားတဲ့ စားပွဲပေါ်မှာ မဟုတ်တော့ဘူး ။ အခန်းတစ်ခန်းထဲ ရောက်နေတယ် ။ သား မျက်လုံးဝေ့ ကြည့်လိုက်တော့ သားရဲ့ ဘေး မှာ ဦးဉာဏ်အောင် ရှိနေ တယ် ။ တစ်ခုခု ပြောဖို့ ဟန် ပြင်လိုက်တော့ ဦးဉာဏ်အောင် က သားကို ပွတ်သပ်နေရာက နေပြီး တိတ်တိတ်နေဖို့ သဘော လက်ညှိုးလေးကို နှုတ်ခမ်း နား ကပ်ပြတယ် ။ သား အိပ်ချင်မူးတူးနဲ့ ဦးဉာဏ်အောင် ကို အကြောင်သား ငေးကြည့် နေမိတော့တယ် ။
••••• ••••• •••••
၄ ။
အဲဒီနောက်ပိုင်းမှာ သူ သားတို့ အိမ်ကို မကြာခဏ ဆိုသလို ခပ်စိပ်စိပ်ရောက်လာ တော့တယ် ။ ပြီးတော့ ဟိုသွားမယ် ဒီသွားမယ် ၊ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ သူနဲ့ လိုက်ဖို့ ခေါ်ထုတ်တယ် ။ မလိုက်ချင်ဘူး ပြောလည်း မရဘူး ။ ဖေဖေတို့ ကလည်း သူ လာခေါ်ရင် ဟင့်အင်း မရှိဘူး ။
“ လိုက်သွားလေ သားရဲ့ ၊ ဖေဖေတို့က အလုပ်များတော့ သားကို ဟိုဒီ လိုက်မပို့ ပေးနိုင်ဘူး ။ အဲဒီတော့ သားဦးဦး ကိုပဲ ပို့ခိုင်း ”
ဖေဖေတို့ ကတောင် ဟိုနေရာ ၊ ဒီနေရာ လိုက်ပို့ပေးဖို့ တောင်းဆိုလိုက်သေးတယ် ။ အဲဒီအခါဆို သူ့မျက်နှာကြီးက အမြင်ကတ်စရာကောင်းလောက်အောင် ပြုံးဖြဲဖြဲကြီး ရှိနေတတ်တယ် ။ သားက မလိုက်ဘူးလို့ မရမက ငြင်းရင် သူက သားကို မျက်ခုံးပင့်ပြီး ဟန်ပါပါကြည့်တတ်တယ် ။ မျက်နှာထိ မျက်နှာထားက တိုင်ပြောလိုက်ရမလား ဆိုတဲ့ အဓိပ္ပာယ်မှန်း သား သိတာပေါ့ ။ သား အရမ်းကြောက်တယ် ။ ဒါပေမဲ့ ဘာကို ကြောက်လို့ ကြောက်မှန်းမသိဘူး ။
ဖေဖေတို့က ဘာလို့ သား ရင်ထဲက အကြောက်တရားတွေကို မမြင်ရတာလဲ ။ သား ရင်ထဲမှာ ဖေဖေနဲ့ မေမေကို ပြောပြချင်တာတွေ ရှိတယ် ။ ဒါပေမဲ့ ပြောလို့ မထွက်ဘူး ။ ဘယ်ကနေ စ , ပြောရမှန်းလည်း မသိဘူး ။ နောက်ဆုံးတော့ သား သူ့နောက်ကို လိုက်ရတော့တာပါပဲ ။
ဖေဖေ ပြောသလို ဟိုဒီ ပို့ပေးတယ် ။ စားတယ် ၊ သောက်တယ် ၊ သွားတယ် ၊ လာတယ် ။ ပြီးတော့ မဖြစ်မနေ သူ့အိမ်ကိုဝင်တယ် ။ သား မှာ ရွေးချယ်စရာလမ်း မရှိဘူး ။ တစ်ခါလည်း မဟုတ် ၊ နှစ်ခါလည်း မဟုတ်တဲ့ သားရဲ့ တောင်းပန်တိုးလျှိုးမှု အသနားခံမှုတွေဟာ သူ့ရဲ့ နားထဲကို ဝင်ပုံ မပေါ်ဘူး ။
သား သူ့ကို မုန်းတယ် ။ စိတ်ထဲက နေပြီး အမျိုးမျိုး ကျိန်ဆဲလို့ ငရဲကြီးမယ် ဆိုရင်တောင် လူကြီးတွေ ပြောတဲ့ ငရဲကို သား မကြောက်တတ်တော့ဘူး ။ သားအတွက် လက်တွေ့ငရဲ ကသာ ပိုပြီး ဆိုးဝါးတယ်လေ ။ ဖြစ်နိုင်ရင် သား လောကကြီးထဲ ကနေ ထွက်ပြေးသွားလိုက်ချင်တော့တယ် ။
••••• ••••• •••••
၅ ။
သား ခြေထောက်တွေ လှုပ်ရှားနေတယ် ။ မရပ်မနား လှုပ်ရှားနေတယ် ။ သွက်သွား လိုက် ၊ နှေးသွားလိုက်နဲ့ သား ခရီးတစ်ခုကို သွားနေတယ် ။ ပတ်ဝန်းကျင်က အခုမှ အလင်းရောင်ခြည်တွေ အစပျိုးတုန်း ။ အဘွားအိမ် သွားဖို့ ညကတည်းက ကြံစည်ထားတဲ့အတိုင်း ဖေဖေနဲ့ မေမေ မနိုးခင် အစောကြီး ထ , ပြီး ခိုးထွက်လာခဲ့တယ် ။ ဘယ်သွားမှန်းသိအောင်လို့တော့ စာလေးတစ်ကြောင်း ရေးပေးခဲ့တယ် ။ သား အိမ်က ထွက်လာတုန်းကဆို မှောင်ရီရီလေး ရှိသေးတယ် ။ အခုတော့ တဖြည်းဖြည်းနဲ့ လင်းလင်းကျင်းကျင်း ရှိလာတာ နေကိုတောင် အလုံးလိုက် မြင်နေရပြီ ။
လမ်းကြုံလိုက်ဖို့ ကားတစ်စီးတလေများ လာမလား အတွေးနဲ့ နောက်ကို လှည့်တကြည့်ကြည့် လျှောက်ခဲ့တယ် ။ မျှော်မိတဲ့ဘက်ကဖြင့် မလာဘဲ အဘွားတို့ ရွာဘက်က တက်လာတဲ့ ကားတွေ ကိုသာ တစ်စီးပြီး တစ်စီး တွေ့ရတယ် ။
သား အားတော့ မလျှော့ပါဘူး ။ သွားချင်တဲ့ နေရာကို ရောက်အောင်သွားမယ် ဆိုတဲ့ စိတ်နဲ့ မိုင်တိုင်တွေ တစ်ခုပြီး တစ်ခု ဖြတ်ကျော်ရင်း ၊ ဂဏန်းစဉ်တွေကို ရွေရွတ်ရင်း ခရီး ဆက်လာတယ် ။ နေလုံးကြီး တဖြည်းဖြည်း မြင့်တက်လာပြီး အပူရှိန်က တစ်စ တစ်စ ပြင်းထန်လာတယ် ။ အပူရှိန်ကြောင့် သား မောလာတယ် ။ ရောက်ချင်လွန်းတဲ့ စိတ်ဇောကြောင့်လည်း လူက ပိုပြီး ပင်ပန်းလာတယ် ။ အာခေါင်တွေ သွေ့ခြောက်ပြီး ရေ အရမ်းဆာလာတယ် ။
စုထားတဲ့ မုန့်ဖိုးပိုက်ဆံတွေ ပါလာပေမဲ့ ဝယ်ဖို့က ဆိုင်မတွေ့ဘူး ။ သား ရောက်နေတဲ့ နေရာက လူနေအိမ်ခြေ နဲ့ ပြတ်တဲ့နေရာ ဖြစ်နေတယ် ။ မောကမော ၊ ရေက ဆာနဲ့ သစ်ပင်အရိပ်ကလေးမှာ ဝင်ထိုင်ပြီး ခဏ အမောဖြေနေလိုက်တယ် ။ ဘယ်ဘက် မျှော်ကြည့်လိုက် ၊ ညာဘက် မျှော်ကြည့်လိုက်နဲ့ သောက်စရာ ရေ မရှိတော့ တံတွေးတွေပဲ လှိမ့်ပြီး မျိုချနေမိတယ် ။ ခရီးက တစ်ဝက်လောက်တော့ ကျိုးပြီ ထင်တာပဲ ။
အတော်ကြာ အမောဖြေပြီးတော့ ခရီးထပ်ဆက်မယ် စိတ်ကူးနဲ့ ထိုင်နေရာမှ ထ , ရပ်လိုက်တယ် ။ အဲဒီအချိန်မှာ ပဲ သားရှေ့ကို ဆိုင်ကယ်တစ်စီး ဝူးခနဲ လာထိုးရပ်တယ် ။
“ သား ဖိုးထက် ”
သား ရင်ထဲမှာ ဒိန်းခနဲ ပဲ ။ ကြည့်လိုက်တော့ ဖေဖေ နဲ့ ဦးဉာဏ်အောင် ။ အမောပြေ ခါစ သား ရင်ထဲမှာ ပြန်ပြီးတော့ အမောဆို့သွားတယ် ။
“ မင်း ဒါ ဘာလုပ်တာလဲ ”
အခုချိန်မှာ ဖေဖေ့ ဒေါသကို သား မကြောက်တော့သလိုဘဲ ။
“ သား ဘွားဘွားတို့ဆီ သွားချင်လို့ ”
“ သွားချင်ရင် မိဘတွေကို ပြောပါလား ၊ ဘာလို့ အခုလိုမျိုး လုပ်ရတာလဲ ၊ ကျောင်း လည်း တက်ရဦးမှာလေ ”
“ ကဲပါ အစ်ကိုကြီးရယ် ၊ တွေ့လည်း တွေ့နေပြီပဲဟာ ၊ ပြန်ခေါ်ဖို့ လိုက်လာတာပဲ မဟုတ်လား ၊ အိမ်ရောက်မှပဲ ပြောတော့ ”
သား သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်တယ် ။ အဲဒီလိုနဲ့ သားရဲ့ အကြံအစည်တွေ ပျက်ပြားသွားပြီး အိမ်ကို ပြန်ရောက်ခဲ့ရတော့တယ် ။
“ သားရယ် မေမေဖြင့် စိတ်ပူလိုက်ရတာ ၊ ဘာဖြစ်လို့ မပြောမဆိုကြီး ထွက်သွားရတာလဲ ”
သား နှုတ်ခမ်းတင်းတင်းစေ့ပြီး မေမေ့ကို စိုက်ကြည့်လိုက်တယ် ။ စေ့စေ့ ကြည့်နေရင်း သားရင်ထဲမှာ တလှိုက်လှိုက်နဲ့ ဝမ်းနည်းပြီး ကတုန်ကယင် ဖြစ်လာတယ် ။
“ မေမေတို့မှ သားကို ဂရုမစိုက်တာ ” ဆိုတဲ့ စကားကိုတော့ စိတ်ထဲမှာပဲ ပြောဖြစ် လိုက်ပြီး သား အိမ်ပေါ်ကို ပြေးတက်ခဲ့တော့တယ် ။ အခန်းထဲ ရောက်တော့ အားရပါးရ ငိုပစ်လိုက်တယ် ။
မိဘတွေက သားသမီး ရင်ထဲကို မြင်အောင် မကြည့်တတ်ဘူးတဲ့လား ။ ဘာဖြစ်လို့ သားသမီးတွေရဲ့ ခံစားချက်ကို နားလည်အောင် မကြိုးစားကြတာလဲ ။ သား ရင်ထဲက ကြောက်ရွံ့မှုတွေကို ဖေဖေတို့ မြင်ကြည့်စေချင်တယ် ။
••••• ••••• •••••
၆ ။
နောက်ပိုင်းမှာတော့ သူ ရောက်လာတိုင်း သား မတွေ့အောင် ရှောင်တယ် ။ သူ အိမ် ရှေ့က ရောက်လာပြီဆို သား အနောက်ပေါက်က ထွက်ပြီး တစ်နေရာရာမှာ သွားပုန်းနေတော့တယ် ။ ဖြစ်နိုင်ရင် သူနဲ့ လုံးဝ မျက်နှာချင်း မဆိုင်ချင် တော့ဘူး ။ ထိပ်တိုက် တွေ့ရင်လည်း လုံးဝ ခေါင်းခါပြီး အတင်း ငြင်းပစ်တယ် ။ သား ဘာကိုမှ မှုမနေတော့ဘူး ။
ဖေဖေနဲ့ မေမေ ကိုလည်း သူ လာခေါ်ရင် အတင်းမထည့်ဖို့ အမြဲပြောတယ် ။ မလိုက်ချင်ကြောင်း ၊ မပတ်သက်ချင်ကြောင်း ပြောတော့ ဖေဖေနဲ့ မေမေက နားမလည်သလို ၊ အံ့သြသလို ကြည့်ကြတယ် ။ သား ဘာမှတော့ ဖြေရှင်းချက် မပေးဘူး ။
အဲဒီနောက်တော့ သူလည်း အိမ်ကို အလာ ကျဲသွားတယ် ။ အပြင်မှာ မတွေ့အောင် ရှောင်နိုင်ခဲ့ပေမဲ့ အိပ်မက်ထဲမှာ ဆုံစည်းမှုကိုတော့ သား ရှောင်လို့ မရခဲ့ဘူး ။ သူက သားရဲ့ စိတ်တွေကို အိပ်မက်ထဲထိ လိုက်ပြီးတော့ မကြာခဏ ခြောက်လှန့်နေတုန်းပဲ ။ အဲဒီအခါတိုင်း သားရဲ့ တောင်းပန်တိုးလျှိုး အသနားခံမှုတွေဟာ အပြင်ကို ထွက်ကျဆဲ ။ အိပ်မက်ဆိုးကြီးထဲက ကြောက်ရွံ့မှုတွေနဲ့ လန့်နိုးဆဲပဲ ဖြစ်တော့တယ် ။
▢ ရွှေသူရဇ္ဇ ၊ ထားဝယ် ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
နိုဝင်ဘာ ၊ ၂၀၁၇

No comments:
Post a Comment