❝ စာသားမဲ့ သီချင်း ၊ အကြောင်းအရာမဲ့ ပန်းချီကား ၊ ကာရန်မဲ့ ကဗျာ ❞
( ဒေါင်းနွယ်ဆွေ နှင့် တွေ့ဆုံခြင်း )
ကာရန်မဲ့ ကဗျာ ၊ ကာရန်မဲ့ ကဗျာမဲ့ အပြောများလာကြတဲ့ အချိန်မို့ ဒီလ ကျွန်တော် တွေ့ဆုံပေးရမယ့် ကဗျာ ဆရာကြီး ဒေါင်းနွယ်ဆွေ နဲ့ တွေ့ရချိန်မှာ ကာရန်မဲ့ကဗျာ အကြောင်းကပဲ တိုက်ရိုက် စ မေးလိုက်မိပါတယ် ။
••••• ••••• •••••
“ ဒီနေ့ ကဗျာလောကမှာ ကာရန်မဲ့ကဗျာနဲ့ ပတ်သက်ပြီး တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်လာကြပါတယ် ဆရာ ။ ဆရာနဲ့ ပတ်သက်ပြီး ကျွန်တော် လေ့လာလို့ ရခဲ့သလောက် အထဲက ပြောရရင် ကာရန်မဲ့ ကဗျာ ကို ဆရာက စ ခဲ့တာလို့ သိရပါတယ် ။ ဒီတော့ ကာရန်မဲ့ ကဗျာကို ဘာကြောင့် ဆရာ ဖန်တီးခဲ့တာလဲ ဆိုတာက စပြီး သိချင်ပါတယ် ဆရာ ”
“ ကိုဝင်းငြိမ်းက ကျွန်တော် သိပ်ပြောချင်တဲ့ အကြောင်းက စလိုက်တော့ ပြောရတာပေါ့ ။ ကာရန်မဲ့ကဗျာနဲ့ ပတ်သက်ပြီး သိပ်ပြောချင်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလ ထွက်တဲ့ အထူးထုတ်မဂ္ဂဇင်းကြီး တစ်ခုထဲမှာ ကာရန်မဲ့ကဗျာကို တော်တော် အားပေးတယ် ဘာညာ ပြောထားတယ် ။ တကယ် ဖတ်ကြည့်တော့ ကာရန်မဲ့ တစ်ပုဒ်မှ မပါဘူး ။ ကာရန်တွေ ချိတ်ထားတဲ့ ကာရန်ပျက်ကဗျာတွေပဲ တွေ့တယ် ။ ကာရန်မဲ့ကဗျာ ဆိုတာ ကာရန်တစ်လုံးမှ မပါရဘူး ။ ဒါမှ ကာရန်မဲ့ ခေါ်တယ် ။ အခုဟာက ကာရန်တွေ ချိတ်သုံးထားကြတာ တွေ့ရတယ် ။
ကျွန်တော် ပြောချင်တဲ့ ကာရန်မဲ့က ဒါ မဟုတ်ဘူး ။ ကာရန် မပါတဲ့ အတွက်ကြောင့် သူက ပိုပြီး ခက်ခဲတယ် ။ ကာရန်မဲ့ ကဗျာကို ကျွန်တော် ဘယ်တုံးက စ သုံးခဲ့သလဲ ဆိုတော့ ၁၉၅၉ ခုနှစ်က ရှုမဝတိုက် ကနေ “ ကဗျာ့ ပုလဲကုံး ” ဆိုတဲ့ စာအုပ် ထုတ်တယ် ။ ကဗျာ ၊ ဝတ္ထုတွေ ရေးရတာ ငြီးငွေ့တုန်း အာရှ - အာဖရိက စာရေးဆရာ ညီလာခံအတွက် ကျွန်တော် ဆိုဗီယက် ကို ပါသွားတယ် ။ အဲဒီမှာ ကာရန်မဲ့ကဗျာ ဖန်တီးဖို့ စခဲ့တာပဲ ။
ဟိုမှာ ဘာတွေ့ရသလဲ ဆိုတော့ စန္ဒရားဆရာမကလေး တစ်ယောက် စန္ဒရား တီးပြတယ် ။ သီချင်း မဟုတ်ဘူး ။ သူ တီးချင်တာ တီးနေတာပဲ ။ မုန်တိုင်း တိုက်တယ် ၊ သစ်ရွက်ကြွေတယ် ၊ လေတွေ ငြိမ် သွားတယ် ၊ မြင်းခွာသံ တွေ ဖြစ်ချင်ဖြစ်လာမယ် ။ ပြောရရင် Song Without Words ပေါ့ ။ ကျွန်တော်တို့ မြန်မာဂီတ မှာလည်း တယော နဲ့ ပတ်သက်ပြီး ရှိပါတယ် ။ ဘိုးတံအဖျားကနေ အရင်းအထိ ထိုးချင်သလို ထိုးသွားတာ ၊ နွဲ့သွားတာ ၊ ဘယ်လူးညာလှည့် ဝင်ချင်သလို ဝင်လာတာတွေ ။ စန္ဒရား မှာ သူ အဲဒီလို လုပ်ချင်သလို လုပ်သွားတယ် ။
နောက်တစ်ခါ ဘာတွေ့ရပြန်သလဲ ဆိုတော့ ဘဲလေးကကွက် ။ ကချင်တာ ကသွားတာပဲ ၊ ဇာတ်လမ်း မရှိဘူး ။ Bellet Without Plot ပေါ့ ။ ဘဲလေးကကွက်တော့ ဟုတ်တယ် ၊ ဒါပေမဲ့ ဇာတ်လမ်း မရှိဘူး ။ နောက်ဆုံး ကျတော့မှ ဒီကကွက်ရဲ့ နာမည်ကို စာတန်းထိုးပြလိုက်တယ် ။ Thief တဲ့ ။ သူခိုးပေါ့ ။
Painting Without Subject ဆိုတာလည်း ရှိတယ် ။ အကြောင်းအရာမဲ့သော ပန်းချီကားပေါ့ ။ နောက် Sculpture Without Object , ပန်းပုရုပ်တော့ ပန်းပုရုပ်ပဲ ။ ဒါပေမဲ့ ဘာရုပ်မှန်းတော့ မသိဘူး ။ Abstract ဆန်ဆန်ပေါ့ ။ အကြောင်းအရာတွေ ပျောက်သွားတယ် ။ ဒါပေမဲ့ လွတ်လပ်စွာ ကွန့်မြူးခွင့် ဆိုတာတော့ ပါတယ် ။ နောက် Country Without Border နယ်နိမိတ်မဲ့သောနိုင်ငံ ဆိုတာတွေလည်း ရှိသေးတယ် ။
အဲဒီအကြောင်းအရာတွေကို ကျွန်တော် သဘောကျပြီးတော့ ကဗျာမှာ တီထွင်ကြည့်ချင်လို့ ပြန်လာတော့ ( ရှုမဝ ) ဦးကျော် ကို ပြောပြတယ် ။ ကျွန်တော် ဒီလို ရေးချင်တယ်လို့ ၊ ဦးကျော် ကလည်း ရေးပါဆိုတာနဲ့ ကျွန်တော် ရေးဖြစ်သွားတယ် ။ “ မိုးသောက်ပန်းကဗျာများ ” ဆိုပြီး သီးသန့်ကဏ္ဍ ထည့်ထားပါတယ် ။ အဲဒီမှာ ကဗျာတွေ အောက်က ဘာကြောင့် ဒီကဗျာ ဖန်တီးတယ် ဆိုတာ မှတ်ချက်တွေ ထည့်ခဲ့ပါတယ် ။ “ စောင်းသမား နှင့် မုန်တိုင်း ” ဆိုတဲ့ ကဗျာ အောက်မှာ ကျွန်တော် ဒီလို ရေးခဲ့ပါတယ် ။ ( ကာရန် မပါသော ကဗျာစာတမ်းနု ကို ဝတ္ထုကဲ့သို့ ရေးသားသီဖွဲ့သဖြင့် ဤကဗျာကို ကာရန်မဲ့ကဗျာ ဟု စမ်းသပ် အမည်ပေးခြင်း ဖြစ်ပါသည် ) အဲဒီလို ရေးခဲ့တယ် ။
ဒီတုန်းက ဝိုင်းဆဲခဲ့ကြတာ ခေါင်းတောင် မဖော်နိုင်ခဲ့ပါဘူး ။ ဒါ ၁၉၅၉ ခုနှစ်က အဖြစ်အပျက် ။ ဒီနေ့ ၁၉၈၄ ခုနှစ် ဆိုတော့ နှစ်အစိတ် ရှိခဲ့ပါပြီ ။ အခု ကာရန်မဲ့ကဗျာ ပြန်ပေါ်လာတယ် ။ ဒါပေမဲ့ ဟိုလူ လုပ်သလိုလို ၊ ဒီလူ လုပ်သလိုလို ဖြစ်နေတယ် ။ အမှန်က မှတ်တမ်းမှတ်ရာနဲ့ ရှိခဲ့တာပဲ ။ သူတို့ ဆက်လုပ်လာကြတာ တွေ့ရတော့ ကျွန်တော် ဝမ်းသာပါတယ် ။ ဒါပေမဲ့ သူတို့ လုပ်နေကြတာတွေက ကာရန်မဲ့ကဗျာ ဆိုပြီး ကာရန် တွေ ချိတ်နေတယ် ။ ကာရန်ပျက်တွေ ဖြစ်နေတယ် ။ ကလေးတွေ လိုက်ရေးရင် ဒုက္ခရောက်ကုန်မယ် ။ လွယ်လွယ်ကူကူနဲ့ ရေးတာမျိုးတွေ ဖြစ်နေတယ် ။
ကာရန်ပျက်ကဗျာတွေရဲ့ အန္တရာယ်က တော်တော်ကြီးပါတယ် ။ ကာရန်မဲ့ ဆိုတာ ကျွန်တော် ပြောပြမယ် ။ ဟောဒါ ကာရန်မဲ့ ။ ကဗျာနာမည်က “ မွှေးလွန်းသောအဆိပ် ” ။ ကာရန် တစ်လုံးမှ မပါဘူး ။ ကျွန်တော် ဖတ်ပြမယ် ။
အချစ်ဟာ ငါရဲ့ နန်းတော်
အချစ်ဟာ ငါ့ရဲ့ ရဲတိုက်
အချစ်ဟာ ငါ့ရဲ့ ရထား
အချစ်ဟာ ငါရဲ့ လှေကား
အချစ်ဟာ ငါရဲ့ တံခါး
အချစ်ဟာ ငါရဲ့ ပလွေ
အချစ်ဟာ ငါရဲ့ သီချင်း
အချစ်ဟာ ငါရဲ့ စမ်းချောင်း
အချစ်ဟာ ငါရဲ့ အိပ်မက်
အို ... အချစ်ဟာ သေမင်း လက်ထဲက
ငါ့အတွက် မွှေးကြိုင်ဆုံး အဆိပ်ပန်း ။
ဘယ်မှာလဲ ... ကာရန် ၊ တစ်ခုမှ မပါပါဘူး ။ အခု ရေးနေကြတဲ့ ကာရန်မဲ့ကဗျာ ဆိုတာတွေက ကာရန်တွေ ပါနေကြတယ် ။ ဒီကြားထဲမှာ ကာရန်မဲ့ကဗျာကို “ လွတ်လပ်ကာရန် ” ဆိုပြီး ခေါ်တဲ့လူက ခေါ်တယ် ။ “ ဗလာကဗျာ ” လို့ ခေါ်သူက ခေါ်သေးတယ် ။ ဆောရီးပါပဲ ။ ကျွန်တော် ယူကတည်းကိုက အင်္ဂလိပ်စာလုံး Without ဆိုတာကို တိုက်ရိုက် ဘာသာပြန် ယူထားတာပဲ ။ တခြားစကားလုံး အစားထိုးလို့ ဘယ်နည်းနဲ့မှ မရနိုင်ပါဘူး ။ Free Verse ဆိုတာလည်း ကျွန်တော် လက်မခံပါဘူး ။ Free Verse ဆိုတာ မရှိဘူး ။ Blank Verse ပဲရှိတယ် ။ ဂျပန်မှာလည်း လုပ်တော့ လုပ်ခဲ့ကြသေးတာပဲ ။
အဲဒီတော့ ကျွန်တော် ပြောချင်တာက ကာရန်မဲ့ကဗျာ ဆိုရင် ကာရန်လုံးဝ မပါပါဘူး ။ ကာရန်ချိတ် ရေးပြီး ကာရန်မဲ့ ကဗျာ ပါလို့ ပြောရင် ပြောတဲ့သူလည်း မှားတယ် ။ ရေးတဲ့သူလည်း မှားတယ် ။ ကာရန်ကို မလိုချင်လို့ ကာရန်မဲ့ကဗျာ ကို ရေးခါမှ ဘာကိစ္စ ကာရန်က ပါလာရမှာလဲ ။
ကာရန်မဲ့ကဗျာ ကို စောစောက ပြောသလို ၁၉၅၉ ခုနှစ်ကတည်းက ကျွန်တော် ထွင်ခဲ့တယ် ။ အောင်မြင်ချင်လည်း အောင်မြင်မယ် ၊ မအောင်မြင်ချင်ရင်လည်း မအောင်မြင်ဘူး ၊ ဒါပေမဲ့ ဒီနေ့ ကာရန်မဲ့ ကိစ္စ လှိုင်းဂယက် ထလာတယ် ဆိုတော့ ကျွန်တော် အောင်မြင်တယ် ဆိုရမှာပေါ့ ။
ကာရန်မဲ့ကဗျာ ဆိုပြီးမှ ကာရန် ပါလာရင် ကဗျာမှာ ဂုဏ်သိက္ခာ အကျဆုံးပဲ ။ ကျွန်တော်တို့ ကာရန် စည်းကြပ်ထားတဲ့ အထဲက ကာရန်ကို မတတ်သာလို့ ချိုးဖောက်တယ် ဆိုရင် ဒါက တစ်မျိုး ။ အခုဟာက လွယ်လွယ် နဲ့ လျှောက်လုပ်နေပြီး ကာရန်မဲ့ကဗျာပါလို့ တပ်လာရင်တော့ ဆောရီးပဲ ။ ကာရန်မဲ့ကဗျာက ပိုခက်တယ် ။ စောစောက ပြောခဲ့သလို ကဗျာဝတ္ထုရှည်တွေ အများကြီး ရေးခဲ့ပြီးမှ ကာရန်မဲ့ကဗျာ ကျွန်တော် ရေးခဲ့တာပါ ။
ရေးတဲ့နေရာမှာ ကိုယ့် အတွေးအခေါ်ကို မှတ်တမ်းရေးသလို ရေးနိုင်တယ် ။ ဒါ သက်ငယ်အတွက် ကာရန်မဲ့ ကဗျာပဲ ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒီလိုပဲ ရေးခဲ့တာပဲ ။ ဒုတိယ အဆင့်မြင့်လာတာက အတွေးအခေါ် မြင့်မြင့်ကို ကာရန်မဲ့ကဗျာ အဖြစ် ရေးချင်ပြီ ဆိုရင် Theme ကြီးကြီးကို ရေးရမယ် ။ ထုထည် ရှိတဲ့ ၊ အစိုင်အခဲ ရှိတဲ့ အားရော မာန်ပါ ထည့်ရေးရတယ် ။ ဥပမာတွေ ၊ ရူပကတွေ ၊ အလင်္ကာတွေ အများကြီး ထည့်ပြီး ရေးရတယ် ။
အထူးသဖြင့် လူတွေ မသိတာက ကာရန်မဲ့မှာ အသံစီးထားတယ် ဆိုတာပဲ ။ ကာရန် ရှိပေမယ့် အသံစီးတယ် ။ သို့သော် အသံပျောက်တယ် ။ အဲဒီ အသံဩဇာကို စီးနိုင်ရင် ကာရန် ခံနိုင်တာနဲ့ အတူတူပဲ ။ ဒါတွေကို တော်တော်များများ မသိကြလို့ ကာရန်ပါတဲ့ ကာရန်မဲ့ကဗျာ ဖြစ်နေကြတာပဲ ။ Without လို့ သုံးထားတဲ့ အတွက် “ လုံးဝ ” ကာရန်ပါလို့ မဖြစ်ပါဘူး ။ ထင်ရှားအောင် ကဗျာတစ်ပုဒ် ကျွန်တော် ထပ်ပြမယ် ။
◾ကုရာမဲ့ ဝေဒနာ
( ၁ )
အချစ်ဟာ
သမားတော်လည်း ဖြစ်တယ် ။
( ၂ )
အချစ်ဟာ
ဆေးတစ်ပါးလည်း ဖြစ်တယ် ။
( ၃ )
အချစ်ဟာ
ဝေဒနာလည်းဖြစ်တယ် ။
( ၄ )
ဒါပေမဲ့
အချစ်သမားတော်ဟာ
အချစ်ဆေးနဲ့
အချစ်ဝေဒနာသည်ကို
ဘယ်တော့မှ ပျောက်အောင်
ကုမပေးနိုင်ရှာဘူး ။
ဒီမှာ ကာရန် မပါဘူး ။ သို့သော် Theme ကျတော့ နက်တယ် ။ အဲဒါကို ကာရန်မဲ့ ကဗျာလို့ ကျွန်တော် ခေါ်တယ် ။ ကာရန်မဲ့ကဗျာ သဘော ပိုပြီး နားလည်သဘောပေါက်အောင် ပန်းချီဘက်က လှည့်ပြောရရင် ပီကာဆို ဟာ ပန်းချီ အခြေခံပညာကို ကျေညက်ပြီး Fine art ပေါင်း များစွာ ၊ Portrait ပုံတူပန်းချီပေါင်း များစွာ အကုန်လုံးကို တတ်ပြီးမှ ချိုးငှက်ကလေး တစ်ကောင်ရဲ့ ပုံကို ရေးခဲ့တယ် ။ ပျံနေတဲ့ ချိုးကလေး တစ်ကောင် ။ ဒီချိုးက တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားတယ် ။ သိန်းသန်းချီပြီး တန်သွားတယ် ။ ဘယ်လို ချိုးလဲ ၊ ကာရန်မဲ့ ကဗျာ ပုံသဏ္ဍာန် ကွန့်မြူးထားတဲ့ ချိုး ။ ဒါကို သူက အခြေခံပညာတွေ တတ်ပြီးမှ ရေးတာ ။ ကျွန်တော် ဆိုလိုချင်တာက ကာရန်မဲ့ ရေးတော့မယ့်သူဟာ အခြေခံကို ပိုင်နိုင်ပြီးမှပဲ ရေးနိုင်ပါတယ် ။
ခုလိုပုံနဲ့ ကာရန်ပျက် ကဗျာတွေဟာ ဆက်ပြီး ကြီးစိုးသွားမယ် ဆိုရင် လူငယ်တွေ ပျက်စီးကုန်ကြလိမ့်မယ် ။ နောင်တစ်ခေတ်မှာ လူတိုင်းဟာ ကာရန်မဲ့ ကဗျာဆရာလို့ ဖြစ်လာကြလိမ့်မယ် ။ ဒါ မဖြစ်နိုင်ပါဘူး ။ ကာရန်မဲ့ ကဗျာ ရေးနိုင်ဖို့ အတွက် သူ့ရဲ့ talent , သူ့ရဲ့ ကြိုးစားမှု ၊ သူ့ရဲ့ ဆည်းပူးမှု ၊ သူ့ရဲ့ အတွေ့အကြုံ ၊ ပါရမီ ၊ ဘာညာပေါ့ ။ နောက် အလင်္ကာ ။ ဒါတွေ တတ်ဖို့ အများကြီးလိုပါတယ် ။
ကျွန်တော်က ဒီလို ပြောလိုက်တော့ လူငယ်တွေ ကာရန်မဲ့ကဗျာ မရေးကြရတော့ဘူးလားလို့ မေးစရာ ရှိလာမယ် ။ မပိတ်ပင်ပါဘူး ။ ရေးကြပါ ။ သို့သော် စည်းမျဉ်း ကလနားလေးနဲ့ ရေးကြမှ ဖြစ်လိမ့်မယ် ။ ကာရန် တစ်လုံးစ နှစ်လုံးစ ပါသွားရင် ကာရန်မဲ့ရဲ့ အခြေခံ Fundamental လုံးဝ ပျောက်သွားလိမ့်မယ် ။
လူကြီးတွေ တော်တော်များများကတော့ ဒီ ကာရန်မဲ့ကိစ္စကို ရှောင်ကြတယ် ။ သူတို့ စ လာတဲ့သူ မဟုတ်တော့ တရားခံ အဖြစ် မခံနိုင်ကြဘူးလေ ။ ကျွန်တော်တို့ ကတော့ စ လုပ်ခဲ့ပြီ ဆိုတော့ တရားခံ ဖြစ်ချင် ဖြစ်ပါစေတော့ ၊ ပြောရတော့မှာပဲ ။ ကိုယ် စ ခဲ့တဲ့ ဇာတ်ကို ကိုယ်ပဲ ရှင်းရတော့မှာပေါ့ ”
“ ဆရာ ရေးခဲ့တဲ့ စစ်နဲ့ ပြည်သူ ကဗျာဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဆုရကဗျာလို့ သိရပါတယ် ။ ဘယ်လို အထိမ်းအမှတ် နဲ့ ပေးခဲ့တာပါလဲ ။ ဆရာကရော ဒီကဗျာကို ဘယ်လို ခံစားချက်နဲ့ ရေးခဲ့တာပါလဲ ”
“ ဒီကဗျာက တော်တော် စောပါတယ် ။ ၁၉၅၄ ခုနှစ်က ရေးခဲ့တာပါ ။ ငြိမ်းချမ်းရေး ညီလာခံမှာ ရေးခဲ့တာပေါ့ ။ ကျွန်တော်တို့က နယ်ချဲ့ဖက်ဆစ် ကာလမှာ ကြီးပြင်းခဲ့ရတာကိုး ။ ပြီးတော့ ပြည်တွင်းစစ်ကာလ စစ်တွေ ရဲ့ အနိဋ္ဌာရုံကို မြင်ပြီး ဒီကဗျာကို ရေးခဲ့တာပါ ။ အဲဒီတော့ ကိုဝင်းငြိမ်း မေးတဲ့ ဆုကိစ္စ ပြောရရင် ကျွန်တော် ရခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဆုက ပထမဆုံး ပေးတဲ့ဆု ။ ပြီးတော့ ဒီတစ်ဆုပဲ ရှိတယ် ။ အဲဒီ ဆုကို တခြား ဘာဆုနဲ့မှ ကျွန်တော် မလဲနိုင်ပါဘူး ။ ဒီဆု ရတာ ကမ္ဘာ့နိုဗယ်လ်ဆုရ သလောက် ကျွန်တော် မြတ်နိုးပါတယ် ။
ဒီကဗျာ ကြောင့်ပဲ ကျွန်တော့် ပုလဲကုံး ကဗျာစာအုပ်က ဆုနဲ့ လွဲခဲ့ရတယ် ။ ဟိုခေတ် တုန်းကတော့ ဒီကဗျာကို ကွန်မြူနစ်ကဗျာလို့ မြင်ကြတာကိုး ။ ဒီနေ့ ခေတ်ကျတော့ ဒါ ဆိုရှယ်လစ်ကဗျာ ဖြစ်သွားပြန်ရော ”
“ ဆရာနဲ့ ခေတ်ပြိုင် ရေးခဲ့ကြတဲ့ ကဗျာဆရာတွေ ဘယ်သူတွေ ရှိပါသလဲ ဆရာ ။ အဲဒီခေတ်က ကဗျာလောက အခြေအနေကို ဒီနေ့ လူငယ်တွေ သိရအောင် ပြောပြစေချင်ပါတယ် ”
“ ကျွန်တော်နဲ့ ခေတ်ပြိုင် ရေးခဲ့ကြတဲ့သူတွေကတော့ ဂုဏ်ဝင်း ၊ နောင် ၊ နွယ် ( စစ်တွေ ) ၊ စစ်ကိုင်းနွယ်မြင့် ။ အဲဒီ ခေတ်တုန်းကတော့ ကျွန်တော် ဘာတွေ ရေးသလဲဆိုတော့ မေးဒေး ကဗျာတွေ ရေးတယ် ။ တော်လှန်ရေး ကဗျာတွေ ရေးတယ် ။ အောက်တိုဘာတော်လှန်ရေးတို့ ဘာတို့ပေါ့ ။ အဲဒါတွေ ရေးတော့ ကျွန်တော်တို့ကို “ အနီ ” တွေ ဘာတွေ အပြောခံရတယ် ။ သို့သော် ကျွန်တော်တို့ ကတော့ လှိုင်းဂယက် ရိုက်ခတ်မှုမှာ မရွေ့ လျားဘူး ။ အဲဒီတော့ ကျွန်တော်တို့ ကဗျာတွေက တောတောင်ရေမြေကို ဖွဲ့ဆို နေကြရာကနေ နိုင်ငံရေး နယ်ပယ်ကို ၊ လူ့ဘဝ ၊ ပြည်သူထဲကို ရောက်လာတာပေါ့ ။ တော်လှန်ရေးအကြောင်း ရေးတော့ မီးလောင် ငုတ်တိုတို့ ၊ သွေးတို့ ပါလာတာပေါ့ ။ ဒီတုန်းက ဘာပြောကြသလဲဆိုတော့ ဒေါင်းနွယ်ဆွေ ရေးရင် မီးလောင်ငုတ်တိုတို့ ၊ သွေးတို့ချည်းပဲ ။ အနိဋ္ဌာရုံတွေချည်းပဲပေါ့ ။ ဒီကောင် ဒါက မတက်တော့ဘူးလို့ ပြောကြတယ် ။
အဲဒီမှာ ကျွန်တော်က “ မာန် ” တို့ ဘာတို့ အလှအပ ကဗျာတွေ ရေးပြလိုက်တယ် ။ ကျွန်တော်တို့ ခေတ်ပြိုင်တွေ အားလုံး သာမန်ပုံစံ ကဗျာတွေ ထက် ကျော်ပြီး အတွေးအခေါ်ကို ယူဆောင်လာကြတယ် ။ အားလုံး အတွေး ပီပြင်ကြတယ် ။ အရေးရဲတယ် ။ ဘာပဲပြောပြော တစ်ယောက်နဲ့ တစ်ယောက် သန့်သန့်ရှင်းရှင်း ရှိကြတယ် ။ ခုတ်တာ ထစ်တာ မပါဘူး ။ ဝိုင်းဝန်းကူညီကြတာပဲ ရှိတယ် ။ ကဗျာဆရာ ဆိုတာလည်း အခုလောက် မပေါသေးဘူး ။ ကဗျာဆရာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖို့ကို တော်တော် ချိန်းယူရတယ် ။
ကဗျာအပုဒ် နှစ်ရာ ၊ သုံးရာလောက်က အလကား ရေးခဲ့ကြရတာချည်းပဲ ။ ကဗျာဆရာ အသင်းက ဒီကဗျာ စာမူ ကိုတော့ စာမူခ ပေးသင့်ပါတယ် ဆိုမှ ဆယ့်ငါးကျပ် လောက်က စ ရတာ ။ ဒါလည်း တော်တော် တိုက်ယူ ခဲ့ကြရတာပါ ။
နောက် ကျွန်တော်နဲ့ ခေတ်ပြိုင်လို့ ပြောလို့ရတာ တစ်ယောက် ရှိသေးတယ် ။ နေသွေးနီ ။ သူက ကျွန်တော်တို့ထက် အသက်တော့ ငယ်တယ်ဗျ ။ ဒါပေမဲ့ ခေတ်ပြိုင်လို့ ပြောလို့ရပါတယ် ”
“ ဆရာ့ ကဗျာတွေမှာ စာလုံးတူ ကာရန်အစပ်တွေ တော်တော် တွေ့ရပါတယ် ။ ဥပမာ - “ ရွက်ဝါကြွေ လွေလွေ လွင့်လောင်းလောင်း ” တို့ ဘာတို့ပေါ့ ။ အဲဒီလို အစပ်မျိုးတွေကို ဘယ်လို ခံစားပြီး ရေးခဲ့တာ လဲ သိပါရစေ ”
“ ဟုတ်တယ် ။ ပထမပိုင်းမှာ ကဏ္ဍ သုံးခုလောက် ရှိတယ် ။ တစ်ခုက ဘာလဲဆိုတော့ ရိုးရိုး စကားလုံးနဲ့ လေးလုံးစပ် ရေးတယ် ။ နောက်တော့ စကားလုံး ကွန့်မြူးလာတယ် ။ နောက်တစ်ခုက အတွေး ကွန့်မြူးလာတယ် ။ အတွေး ကွန့်မြူးလာတယ် ဆိုတဲ့ အပိုင်းကျတော့ အကြောင်းအရာ ပါလာတယ် ။ ကျွန်တော်တို့ စကားလုံးနဲ့ ပတ်သက်လို့ကတော့ မြန်မာစကားမှာ စကားလုံး နှစ်လုံးထပ် သုံးတာ တော်တော် များပါတယ် ။ ဥပမာ - အင်္ဂလိပ် မှာတော့ The grass is tall လို့ပဲ ရှိတယ် ။ The grass is tall tall မရှိဘူး ။ ကျွန်တော်တို့ မှာကျတော့ “ ရွာရွာလေမဆုံး ၊ အုန်းအုန်းရယ် ငြိမ့်ငြိမ့် ၊ ခြိမ့်ခြိမ့်သဲသဲ ” ဘာညာဆိုပြီး စကားလုံးတွေ ထပ်လို့ ရတယ် ။
အဲဒီအချိန်မှာ စောစောက ကိုဝင်းငြိမ်း ပြောတဲ့ ရွက်ဝါကြွေ လွေလွေလွင့်လွင့် လောင်းလောင်းတို့ ၊ လှိုင်းတွေ တလိမ့်လိမ့်လူး တို့ကို လက်တည့်စမ်းတဲ့ သဘောနဲ့ ယူလာခဲ့တာပဲ ။ သို့သော် ဒီဥစ္စာတွေကို ကျွန်တော်တို့က တစ်နေရာမှာ သုံးခဲ့တယ်ဆိုတာ ကွန့်တဲ့ သဘောပေါ့ ။ စကားလုံး ထပ်သုံးခြင်းအားဖြင့် အား ပိုရှိစေတယ် ။ မြားတစ်စင်း ပစ်ပြီးတဲ့ နေရာကို ထပ်ထပ် ပစ်တဲ့ သဘောပါ ။ ဒါတွေကတော့ ရှေးအစဉ်အလာပါ ။ မထိရောက် ဘူးလား ဆိုတော့ ထိရောက်ပါတယ် ။ တစ်ချက် တစ်ချက်မှာ ဒါလေး သုံးလိုက်တာက လှသွားတယ် ၊ ထိသွားတယ် ၊ ထပ်ဆင့်ပြီး ထိုးလိုက်တဲ့ လက်သီးချက်တွေလိုပါပဲ ။
ဒါတွေက နုစဉ် အခါက သုံးခဲ့တာတွေပါ ။ ဒီလို ပြောလိုက်လို့ ကြီးတဲ့ အခါမှာကော မသုံးရဘူးလား ဆိုတော့ သုံးရပါတယ် ။ ကြီးတဲ့အခါမှာ သုံးတော့ စကားလုံးက ပိုတောင်လှသေးတယ် ။ ကတဲ့ အကွက်ကလေးကို ပန်းချီ စုတ်ချက် တင်သလိုပေါ့ ။ ကျွန့်မြူးချက်ပါပဲ ”
“ ဆရာ ကဗျာဝတ္ထု ဘယ်နှပုဒ် ရေးခဲ့ဖူးသလဲ ”
“ လေးပုဒ် ရေးခဲ့ဖူးပါတယ် ။ မာန် ၊ လွမ်းလိပ်ပြာတောင် ၊ အညတြ မြင်းခွာနွယ် ၊ နောက် ကလျာ မိမိမုန်း ကတော့ ကဗျာနဲ့ စကားပြေ ရောရေးထားပါတယ် ”
“ ဆရာ ဝတ္ထု ဘယ်နှပုဒ်လောက် ရုပ်ရှင် ရိုက်ပြီးပြီလဲ ”
“ အသည်းနဲ့ထပ်တူ ၊ အသည်းထဲကဆူး ၊ မင်း ဘယ်ပြေးမလဲ မိချိုသဲ ၊ ချစ်တဲ့ရက်ကို ကြိုနေမယ် တို့ ရိုက်ပြီးပါပြီ ။ မျက်ရည်စိမ်း က ကျော်ဟိန်း နဲ့ ရိုက်ဖို့ စီစဉ်နေတယ် ”
“ ဝတ္ထုတွေကို ရုပ်ရှင် ရိုက်တော့ စာပေရသပိုင်းနဲ့ အနှစ်သာရချင်း ဘယ်လို ကွာခြားသွားတယ်လို့ ထင်သလဲ ”
“ အခု နောက်ဆုံး ရိုက်သွားတဲ့ “ ချစ်တဲ့ရက်ကို ကြိုနေမယ် ” တစ်ကားပဲ အားရတယ် ။ အကယ်ဒမီ သုံးယောက် ပါတယ်လေ ။ ဇာတ်ကောင် နေရာ ထားတာက ကျွန်တော်နဲ့ တော်တော်လေး ညှိနှိုင်းပါတယ် ။ ကျန်တာတွေကတော့ မမီဘူးဗျ ။ ကျွန်တော် ထင်တယ် ဆယ့်ခြောက်ပုံ တစ်ပုံတောင် မမီနိုင်ဘူး ။ မမီတဲ့ အပြင် ဇာတ်အမြွှာတွေ ထပ်ဖြည့် ဟာသတွေ လုပ်ရနဲ့ ဝတ္ထုရဲ့ ရသ ပျက်သွားတာပဲ ။ ဒါတော့ အပြစ်တင်လို့ မရဘူးလေ ။ နည်းစနစ်ချင်း ကွာကြတာကိုး ”
“ အားနာနာနဲ့ပဲ မေးခွန်း တစ်ခု မေးပါရစေ ဆရာ ”
“ မေးပါ ကိုဝင်းငြိမ်း မေးပါ ”
“ ပထမပိုင်းတုန်းကတော့ အပစ်အခတ် အညှစ်အသတ် ဝတ္ထုတွေကို ဆရာ တော်တော်လေး ရှုတ်ချခဲ့ပါတယ် ”
“ ဟုတ်ပါတယ် ”
“ နောက်ပိုင်းမှာ ဆရာကိုယ်တိုင် အဲဒီ ဝတ္ထုမျိုးတွေ ဝင်ရေးလာတာ တွေ့ရတယ် ။ ဘာကြောင့်ပါလဲ ”
“ တိုတို ဖြေရရင်တော့ စီးပွားရေးကြောင့်ပါ ။ အယူအဆ ပြောင်းလာတာလည်း ရှိပါတယ် ။ ကျွန်တော်ကိုက ဥပမာ ... မာန် ဆိုပါတော့ ။ ရင်ကိုခွဲပြီး အသည်းကို ထုတ်ပြီးမှ ဂူကို ပတ်တယ် ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာဘဲ ။ သဘာဝယုတ္တိကို လွန်ကဲပြီး သွေးနဲ့ သံနဲ့ ရေးရတာကို ကျွန်တော် တော်တော် ရေးခဲ့တယ် ။ လောကမျက်ကန်း မှာ ဆိုလည်း မျက်လုံးဖောက် ချောက်ထဲ ချတာတောင် မသေဘဲ သူက ပြန် လက်စားချေတာကို ရေးခဲ့တယ် ။ လွမ်းလိပ်ပြာတောင် မှာလည်း ခေါင်းဖြတ်တာတို့ ၊ ဘာတို့ ရေးခဲ့တယ် ။ အဲဒီလို သွေးသံရဲရဲ ဇာတ်တွေကို နှစ်သက်တယ် ။ လက်တွေ့ ဘဝ မှာလည်း အတိုက်အခိုက် ၊ အသတ်အပုတ်တွေ အားပေးရတာ ဝါသနာပါတယ် ။ ဒါတော့ ကိုဝင်းငြိမ်း သိတဲ့အတိုင်း ဆရာကျား ( ကျားဘညိမ်း ) ရှိတုန်းက လက်ဝှေ့ခုံနားမှာ ကျွန်တော် အမြဲရောက်ခဲ့တာပဲ မဟုတ်လား ။
တစ်ဖက်က ကျွန်တော် စီးပွားရေး လုပ်ရပါတယ် ။ ကျွန်တော် စိုက်ချင်တာကတော့ နှစ်ရှည်လများ မွှေးကြိုင်နေမယ့် စန္ဒကူးပင် ပါပဲ ။ ဒါပေမဲ့ လောလောဆယ် စားဖို့ အတွက် ချဉ်ပေါင်ပင် လည်း စိုက်ရပါသေးတယ် ။ ကဗျာ သာ ရေးစားရမယ် ဆိုရင် ကိုယ့် သားမယားကို ကျွေးဖို့ ထားလို့ ပုရွတ်ဆိတ် ကိုတောင် ကျွေးဖို့ လောက်မှာ မဟုတ်ပါဘူး ။
ဟိုတုန်းကဆို ကဗျာ တစ်ပုဒ် ဆယ့်ငါးကျပ် ၊ နှစ်ဆယ်ပဲ ရတာပါ ။ ခုမှ ပေဖူးလွှာ လို မဂ္ဂဇင်းကြီးတွေက ပိုမို ချီးမြှင့်တာကိုး ။ ဒါပေမဲ့ ကျွန်တော် ကဗျာစာအုပ် ဆယ့်တစ်အုပ် ထုတ်ခဲ့ပါတယ် ။ ကဗျာနဲ့ ပိုက်ဆံလည်း တော်တော် ရခဲ့ပါတယ် ။
ထမင်းစားဖို့ အတွက် ဘာရေးရမလဲ စဉ်းစားတော့ ထုတ်ဝေသူတွေက အထိုးအသတ် သွေးသံရဲရဲတွေ ရေးခိုင်းတယ် ။ ဆရာဒေါင်း ရေးမယ် ဆိုရင် ဖြစ်နိုင်ပါတယ်လို့ ဝိုင်းပြောကြတယ် ။ အဲဒီမှာ ချဉ်ပေါင်ရွက်ပင် စိုက်လိုက်တာပါပဲ ။ အငှားဆိုင်တွေရဲ့ တံခါးကို ဖွင့်နိုင်ဖို့ အတွက် ကျွန်တော် သဘာဝဝတ္ထု ရေးကြည့်တယ် ၊ မရဘူး ။ အထိုးအသတ် နဲ့ ဖွင့်တော့မှပဲ ရတော့တယ် ။ အဲဒါပါပဲ ”
“ ဆရာ အခု ဝတ္ထုတွေ ဘာဖြစ်လို့ ဆက် မရေးတော့တာလဲ ”
“ အသက်အရွယ် ကြောင့်ရယ် ၊ တခြား အကြောင်းတွေကြောင့်လည်း ရှိတာပေါ့လေ ။ ဒီအသက် ဒီအရွယ်ကျမှ အချစ်ဝတ္ထု ဆိုတာ ကလည်း ရေးလို့ မကောင်းတော့ဘူး ။ အထိုးအသတ်တွေလည်း မရေးချင်တော့ဘူး ။ ရေးတုန်းက ရေးခဲ့ပြီပဲ ။ အခု ကျွန်တော် ကဗျာပဲ ရေးချင်တော့တယ် ။ စန္ဒကူးပင် ပဲ စိုက်ချင်တော့တယ် ။ ကျွန်တော့် ဘာသာ ကဗျာကဏ္ဍ မှာပဲ နေချင်တော့တယ် ။ ကဗျာနဲ့ပဲ တိုင်းပြည်အကျိုး ကျွန်တော် သယ်ပိုးချင်တော့တယ် ”
“ ဆရာက အသက်အရွယ် ကြီးလာလို့ အချစ်ဝတ္ထု မရေးချင်တော့ဘူးလို့ ဆိုလိုက်တယ် ။ အတွေ့အကြုံ ရင့်ကျက်လာတဲ့ ဒီအရွယ်မှ အချစ်ဝတ္ထုတွေက ပိုပြီး ပီပြင်တယ်လို့ အနောက်တိုင်းက ဆရာတွေက ဆိုကြတယ် ။ ဆရာ ဘယ်လို သဘောရသလဲ ”
“ အရှေ့နဲ့ အနောက် မတူဘူးလေ ။ ဆမ်းမားဆက်မော ( မ် ) က အသက် ခုနစ်ဆယ်ကျော် အထိ အချစ်ဝတ္ထု ရေးတယ် ဆိုပေမယ့် ဟိုက အနောက်ပဲ ။ အရှေ့မှာ ဒါမျိုး မဖြစ်နိုင်ဘူး ။ ကျွန်တော် အချစ်ဝတ္ထု တစ်ပုဒ် ထွက်ပြီး မြို့ထဲ သွားတော့ လူငယ်လေးတွေ ဝေဖန်နေသံ ကြားရတယ် ။ အဘိုးကြီးနှယ်ကွာ ... နှုတ်ခမ်းမွေး မှ အားမနာ ၊ ဒီအသက် ဒီအရွယ်ကြီးနဲ့ အချစ်ဝတ္ထု ရေးနေလိုက်တာတဲ့ ။ ကျွန်တော် တော်တော် ရှက်သွားပါ တယ် ။ အရှေ့နဲ့ အနောက် စရိုက်ချင်း မတူတဲ့ အတွက် ဒီအသက် ဒီအရွယ် ရောက်မှ အချစ်ဝတ္ထုတွေလည်း မရေးချင်တော့ပါဘူး ။ ရေးရမယ် ဆိုရင်လည်း သန့်ရှင်းစင်ကြယ်တဲ့ မေတ္တာ အကြောင်းပဲ ရေးချင်ပါတော့တယ် ”
“ ကျေးဇူးပါပဲ ဆရာ ၊ ကျွန်တော် မေးချင်တာလေးတွေတော့ တော်တော် မေးပြီးပါပြီ ။ ကလောင်နာမည်နဲ့ ပတ်သက်ပြီး သိချင်ပါတယ် ။ ဆရာ “ ဒေါင်း ” ဆိုတာကို ဘာဖြစ်လို့ ခံယူတာပါလဲ ”
“ ဒီလိုဗျ ကိုဝင်းငြိမ်း ရ ။ ပထမ ကျွန်တော့် ကလောင်နာမည် က “ ဒေါင်းဒင် ” လို့ ယူထားတယ် ။ “ ဒဒွေး ” နှစ်လုံးပေါ့ ။ ရှင်မဟာရဋ္ဌသာရရဲ့ ပျို့တွေ သိပ်ဖတ်လွန်းတော့ ဒီပျို့တွေ လွှမ်းမိုးခံရပြီး စာလုံးတူတွေ သိပ်ကြိုက်ခဲ့တယ် ။ ကျွန်တော့် ဆရာက “ ဟေ့ကောင် ၊ ဒေါင်းဒင် ဆိုတာ တံငါတွေ လှေနံကို ခေါက်တဲ့အသံကွ ၊ ဘာမှ အဓိပ္ပာယ် မရှိဘူး ” လို့ ပြောတယ် ။ ဘဒင် ဆိုတာလည်း လူမိုက်နာမည် ခပ်ဆန်ဆန်မို့ မယူချင်ဘူး ။ ကျွန်တော့် အဘိုးက ဒေါင်းတွေ မွေးတယ် ။ ဒေါင်းတွေကို ကျွန်တော် သိပ်ချစ်တယ် ။ နောက်ပြီးတော့ ဆရာကြီးရွှေဥဒေါင်းရဲ့ နာမည် ကိုလည်း သိပ်ကြိုက်တယ် ။ ကျွန်တော့် နာမည် တကယ် ပြောရရင်တော့ “ ရွှေ ဥဒေါင်း ” နဲ့ “ မဟာဆွေ ” နှစ်ခုကို ညှပ်ယူထားတာပါပဲ ။
နေထဲမှာ ဒေါင်းတံဆိပ် ၊ မြန်မာအလံမှာ ဒေါင်းတံဆိပ် ... ဒါတွေကို အစွဲပြုပြီး ယူခဲ့တာလည်း ပါပါတယ် ။ “ စင်ထရယ်လ် ” ကျောင်းမှာ နံရံကပ်စာစောင်တွေ စ ရေးကြတော့ ဒေါင်းဒင် နဲ့ပဲ ။ နောက်တော့မှ ဒေါင်းနွယ်ဆွေ ဖြစ်သွားတာပါ ။ ၁၉၄၈ ခုနှစ်က စတာပေါ့ ”
“ ကျွန်တော် မှတ်တမ်းတင်ထားလို့ ရအောင် ဆရာ စာပေနယ်ထဲ ရောက်လာခဲ့ပုံ ပြောပြပါဦး ဆရာ ”
“ စာပေလောကထဲ ရောက်အောင် ပထမဆုံး လှုံ့ဆော်ပေးခဲ့သူကတော့ ကျွန်တော့် အဘွားပဲ ။ အဘွားက ဇိနတ္ထပကာသနီ တွေ ဖတ်ပြတယ် ။ ပုံတွေ ပြောပြတယ် ။ မှတ်မှတ်ရရ ပထမဆုံး ဖတ်တတ်ခဲ့တဲ့ စာကတော့ “ ကိုပြုံးချို ” ဝမ်းနုတ်ဆေး ကြော်ငြာပဲ ။ အဘွားရေ ကျွန်တော် စာဖတ်တတ်ပြီလို့ ပြောတော့ အဘွား က ရယ်လိုက်တာ ။
နောက် ဂျပန်ခေတ် ရောက်လာတော့ ကျွန်တော့် ဘကြီး တစ်ယောက် ဆီက ဒဂုန်မဂ္ဂဇင်းတွေ ဖတ်ရတယ် ။ အဲဒီက ကဗျာတွေ စ လေ့လာတာပဲ ။ ဗုံးတွေ ချနေတဲ့ ကြားကပဲ ကဗျာ စ ရေးခဲ့တယ် ။ ကိုယ့်ကိုယ် ကိုယ်တော့ ဟုတ်လှပြီပေါ့ ။ ကျွန်တော့်ကို ကဗျာ မတတ်ဘူးလို့ လူရှေ့မှာ ပြောလိုက်လို့ အရှက် ရဖူးတာ ရှိတယ် ။ ပြောလိုက်တဲ့ လူက “ ဟံသာဝတီ ဦးဘရင် ” ပေါ့ ။ ဒီလူကြီးက ခေါင်းတုံးကြီးနဲ့ ဂျပန်ခေတ်မှာ ပွဲစား လုပ်နေတာကိုး ။ သူ လာတော့ မေမေက သားရေ မင်းကဗျာတွေ ပြလိုက်ပါဦး ဆိုတာနဲ့ သူ့ကို ပြလိုက်တယ် ။
ဂျပန်စက္ကူ တစ်ဖက်လွတ်မှာ လျှောက်ရေးထားတဲ့ ကဗျာတွေ အများကြီး ရှိတယ် ။ ကာရန် မပါဘူး ။ ကျွန်တော့်ကိုယ် ကျွန်တော်တော့ ကဗျာသမားပေါ့ ။ ဥပမာ - ဗိုလ်ချုပ်အောင်ဆန်း ၊ သူ့လမ်းစဉ်မှာ ၊ နိုင်ငံရေး သတ္တိ ... ဘာညာနဲ့ ရေးထားတာ တစ်လုံးမှ ကာရန် မချိတ်မိဘူး ။ ဆရာက ရယ်တယ် ။ မင်းဟာ ကဗျာမှ မဟုတ်ဘဲတဲ့ ။ ဟာ ... ဘယ့်နှယ် မဟုတ်ရမှာလဲ ၊ ဒီမှာ လေးလုံးစပ် ရေးထားတာပဲလို့ ဆရာနဲ့ ခံငြင်းတယ် ။ ဆရာက အဲဒီတော့မှ လေးလုံးစပ် ရေးတိုင်း ကဗျာ မဖြစ်တဲ့အကြောင်း ၊ ကာရန်ကြိုး ခတ်တာတွေ ၊ နွယ်တာတွေ ပါရမယ့် အကြောင်း ပြောပြတယ် ။ ဒါကြောင့် ကျွန်တော့် ပထမဆုံး ဆရာဟာ ဟံသာဝတီ ဦးဘရင် ပဲ ။ တကယ့်တကယ် ပြောရရင်တော့ အဘွား နဲ့ ဒဂုန်မဂ္ဂဇင်း က စ ခဲ့တာပေါ့လေ ။
ဒုတိယဆရာက “ သပြေညို ” ပဲ ။ ဆရာမင်းသုဝဏ် ရဲ့ ကဗျာလေ ။ ကျွန်တော်တို့ ကျောင်းမှာ ဒီကဗျာ သင်ရ တော့ အတန်းထဲမှာ ကျွန်တော်က ထထ ရွတ်ပြရတယ် ။ ကဗျာ ရွတ်တာကို ကျွန်တော် ဝါသနာပါတယ် ။
ပြီးတော့ တစ်ခါ ကျွန်တော့် ကဗျာတွေကို ပါအောင် ထည့်ပေးလိုက်တာက စာရေးဆရာမ “ ငွေတာရီ ” ပဲ ။ ငွေတာရီ က ကျွန်တော့် ကဗျာတွေကို ဟံသာဝတီသတင်းစာမှာ ထည့်ပေးခဲ့တယ် ။ ဒါကတော့ ကျွန်တော့် ကဗျာလမ်းကြောင်း ပါပဲ ။ ၁၉၄၆ ခုနှစ်လောက်က စပြီး ကျွန်တော့် ကဗျာတွေ မဂ္ဂဇင်းတွေမှာ ပါခဲ့ပါတယ် ”
“ ကျေးဇူးတင်ပါတယ် ဆရာ ၊ ခုလို ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် ဆရာ ”
“ ကိုဝင်းငြိမ်း ကသာ ပြည့်ပြည့်စုံစုံလို့ ပြောနေတာ ကျွန်တော် ကတော့ အားမရသေးဘူးဗျ ”
“ ဟုတ်ပါတယ် ဆရာ ။ ပြောမယ် ဆိုရင် နောက်ထပ် ပြောချင်စရာတွေ အများကြီး ရှိပါလိမ့်ဦးမယ် ။ ကျွန်တော်တို့ ဘက်က နေရာ အခက်အခဲကြောင့် ကန့်သတ်ချက် ထားရတာမို့ ကျွန်တော်လည်း ဒါလောက် နဲ့ပဲ လက်စသတ်ရတာပါ ။ နောက်တစ်ကြိမ် ဆုံခွင့်ရဦးမယ် ဆိုရင်တော့ ဒီထက် ပြည့်စုံတဲ့ အကြောင်းအချက် တွေ ပြောကြသေးတာပေါ့ ဆရာ ”
“ လာသာ လာခဲ့ပါဗျာ ။ ကျွန်တော့်ဘက်ကတော့ အဆင်သင့်ပါပဲ ”
⎕ ဝင်းငြိမ်း
📖ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၄၁
အောက်တိုဘာလ ၊ ၁၉၈၄ ခုနှစ်

No comments:
Post a Comment