Saturday, December 13, 2025

ပြောင်းခဲ့သော ဆောင်း


 

❝ ပြောင်းခဲ့သော ဆောင်း ❞ 
( အေးထူအောင် - အဏ္ဏဝါ )

ပတ်ဝန်းကျင် တစ်ခုလုံး အေးစက်နေသည် ။ နှင်းမှုန် ခပ်သည်းသည်းသည် အပြင်ဘက်တွင် မင်းမူနေရုံမက မြောက်ပြန်လေနှင့် ရော၍ ကျိုးတိုးကျဲတဲ ထရံပေါက်တို့မှ တစ်ဆင့် တဲအိမ် ယိုင်နဲ့နဲ့ အတွင်းသို့ ခပ်စိမ့်စိမ့် တိုးဝင်လျက် ရှိသည် ။ အချိန်သည် မနက်လေးနာရီခန့် ။ ဆောင်းရာသီ၏ အအေးဆုံးတို့ ပေါင်းစုံတိုက်ခိုက်နေသောဒဏ်ကို အညာစောင် ခပ်ပါးပါးက ခုခံနိုင်စွမ်း နည်းလှသည် ။ သူ ခြေထောက်ကို ကွေးသည် ။ လက်နှစ်ဖက်ကို ပူးကပ်၍ ကိုယ်ကို ကျုံ့နိုင်သမျှ ကျုံ့သည် ။ မရပါ ။ လက်နှစ်ဖက်သာ နွေးသွားသဟန် ရှိပြီး ကျန်တစ်ကိုယ်လုံးမှာမူ တဆတ်ဆတ် တုန်ခါနေဆဲ ။

စောင်အခင်း မရှိသောကြောင့် သင်ဖြူးဖျာသည် အနွေးဓာတ် ကင်းမဲ့နေသည် ။ အေးစိမ့်ခြင်းကို ထပ်လောင်းကာ အားပေးကူနေသကဲ့သို့ ရှိနေ၏ ။

ထို့ကြောင့် ကိုယ်နှင့် ခပ်ပြားပြားဖိထားရင်း နှာခေါင်း ရှုံ့မိသည် ။ ပိတ်ပါးခြင်ထောင်သည် ဆောင်း၏ အအေးကို မခုခံနိုင် ။ ထို့ကြောင့် တိုးဝင်လာသော လေတို့သည် ခြင်ထောင်၏ ဟန့်တားမှုကို လှောင်ပြောင်၏ ။ ထိုစဉ် နှင်းရည်တစ်စက်သည် သူ၏ နဖူးပေါ်သို့ တောက်ခနဲ ကျသည် ။ သူ့တစ်ကိုယ်လုံး အင့်ခနဲ တွန့်သွားသည် ။

အိပ်ပျော်လုဆဲ အခိုက်အတန့်တွင် ကျလာသော နှင်းစက်ကို ဟန့်တားနိုင်ခြင်းမရှိသောကြောင့် သက်မဲ့ ခြင်ထောင်သည် သူ၏ ဒေါသကို ဆွပေးသကဲ့သို့ ရှိသည် ။ သူ အံကို လေးငါးခြောက်ချက် ကြိတ်ပစ်သည် ။ ထို့နောက် အိပ်ပျော်နိုင်အောင် ဆက်လက်ကြိုးစားသည် ။ အမွေးထူထူ ဂွမ်းစောင်ကို သူ့စိတ်ထဲ တောင့်တမိသည် ။ ထို့နောက် နွေးထွေးသော ရင်ခွင်တစ်စုံ ။ သူ့ အတွေးတို့သည် မဖြစ်နိုင်သော စိတ်ကူးယဉ်ဆန်ဆန်များသာ ဖြစ်နေသည့်အတွက် အတွေးစကို ကြိုးစားကာဖျောက်ဖျက်၍ အိပ်ပျော်အောင် မျက်လွှာကို တင်းတင်းစေ့လိုက်သည် ။ ထိုစဉ် ပူနွေးနွေး အရည်တို့သည် သူ့မျက်လုံးထဲမှ တိုးထွက်ရန် ကြိုးစားသည် ။ သူကမူ ထိုအရည်တို့ အတွက် မျက်လွှာ တံခါးကို ဖွင့်မပေးတော့ ။

“ အောက် ... အီး .. အီး .. အွတ် ”

ထိုအသံသည် သူ၏ အကြံအစည်များအားလုံးကို တစ်စစီ ရိုက်ချိုးပစ်သည် ။ သူ့အတွက်မူ ထိုအသံသည် သာယာနာပျော်ဖွယ် ဂီတသံ မဟုတ် ။ စိတ်အားသစ်တို့ မွေးဖွားပေးသော နိဗ္ဗာန်ဆော်သံ မဟုတ် ။ ငရဲသို့ သွားတော့ဟု အချက်ပေးနေသော စက်ဆုပ်ဖွယ် အသံသာ ဖြစ်သည် ။ အသံသည် အေးစက်စက် ၊ သနားကြင်နာမှု မရှိ ၊ ညှာတာငဲ့ညှာခြင်း မရှိ ။ သူ့ဘဝ၏ ငရဲကျခဲ့သော နေ့ရက်တို့ကို ဖန်တီးပေးသော အသံတစ်ခု ဖြစ်သည် ။ မှန်သည် ။ သူသည် နေ့စဉ်ရက်ဆက် ငရဲထဲသို့ သွားနေရသည် ။ သို့သော် ငရဲပူတော့ မဟုတ် ။ ငရဲအေး ဖြစ်သည် ။ သူ့ငရဲကို တစ်ခါတစ်ရံတွင် ပူစေချင်လွန်းလှသည် ။ သို့သော် ငရဲကမူ အေးစက်မြဲ အေးစက်သည် ။ သူ တောင်းဆိုခဲ့ဖူးသော အပူကို ငရဲသည် တစ်ကြိမ်တစ်ခါမျှပင် လိုက်လျောပေးခဲ့ခြင်း မရှိ ။ အပူဆုံးဖြစ်သော နွေခေါင်ခေါင်၏ လလယ်များတွင်ပင် ငရဲသည် အအေးမပြတ် ။ ကြာ သောအခါ အေးမြမှု ၊ အေးချမ်းမှု ဟူသော စကားလုံးများကိုပင် သူ မုန်းတီးလာရသည် ။

“ အောက် ... အီး ... အီး ... အွတ် ”

ဒုတိယအကြိမ် ဖြစ်သည် ။ ဤအကြိမ်သည် သတိပေးသော အမိန့် ဖြစ်ပြီး အသံနှင့် တစ်ဆက်တည်း ငုတ်တုတ်ထ,ထိုင်ရမည်မှာ သူ၏ အလုပ်ဖြစ်သည် ။ နေ့စဉ် လုပ်နေကျဖြစ်သော်ငြား နေ့စဉ် မလုပ်ချင်ဆုံးမှာလည်း ဤအလုပ်ပင် ဖြစ်သည် ။ ကွေးထားသော ခြေထောက်ကို ဦးစွာဆန့်သည် ။ ကိုယ်ကိုပါ ဆန့်သည် ။ အညာစောင် ပါးကို အသာအယာ ခွာသည် ။ ဤတွင် ရှိရှိသမျှသော အအေးတို့သည် သူ့ထံသို့ အလုအယက် ဝင်ရောက်လာ ကြသည် ။ တဆတ်ဆတ် ခါသော တုန်ယင်ခြင်းဖြင့် ပြန် လည်ခုခံခြင်းမှ တစ်ပါး တခြားသောနည်းလမ်း သူ့တွင် မရှိ ။ ထို့နောက် လက်ကို ထောက်၍ ငေါက်ခနဲ ထ, ထိုင်လိုက်ရသည် ။ တစ်ကိုယ်လုံး စိမ့်ခနဲ ဖြစ်သွားသည် ။ သူ့ခေါင်းထဲတွင် ရီဝေဝေ ဖြစ်လာသည် ။ သူ မမှုတော့ပါ ။ မိနစ်ပိုင်းအတွင်း ထိုရီဝေဝေသည် အလိုအလျောက် ပျောက်ကွယ်သွားမည်ကို သူသိပြီး ဖြစ်သည် ။

ထို့နောက် မထချင်ထချင်နှင့် မတ်တတ်ရပ်လိုက်သည် ။ လက်နှစ်ဖက်ကိုမူ အအေးဒဏ်ကို တချို့တလေ ကာကွယ်ရန်အလို့ငှါ ပူးကပ်ထားရသည် ။ လက်ဖဝါးတို့သည် နွေးနေပါလျက် လက်ဖမိုးတို့သည် ထုံကျဉ်နေ၏ ။ ထို့နောက် အိပ်ရာကို သိမ်းရသည် ။ အညာစောင် ၊ ခေါင်းအုံးစုတ် ၊ သင်ဖြူးဖျာနှင့် ပိတ်ပါးခြင်ထောင်တို့နှင့် ဖွဲ့စည်းထားသော အိပ်ရာကို လုံးထွေးထားလိုက်သည် ။ ပုရစ်အော်သံအချို့နှင့် ကားလမ်းဘက်မှ ကားသံအချို့ ခြောက်သွေ့သွေ့ အသံများမှ လွဲ၍ ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေသည် ။ ဆိတ်ငြိမ်လွန်းသော ဆောင်း၏ ဤအချိန်တွင် လှုပ်ရှားနေသော သူမှာ သူတစ်ယောက်သာ ရှိလိမ့်မည်ဟု သူ ကွေးသည် ။ သို့သော် သူ့အတွေး မှန် မမှန် ကိုမူ သူ စိတ်မဝင်စား ။ လုပ်စရာ ရှိသည်ကိုသာ ဆက်လုပ်သည် ။

လက်နှစ်ဆန့်ခန့်သာ ကျယ်သော တဲအိမ်လေးပေါ်မှ ဆင်းလိုက်သည်နှင့် ထုံကျဉ်မှုသည် သုံးလေးဆ ပိုလာရသည် ။ ဒူးများ တဆတ်ဆတ် တုန်လာသည် ။ မေးစေ့သည် အငြိမ်မနေဘဲ လှုပ်ရွနေသောကြောင့် ကိုယ့်နှုတ်ခမ်း ကိုယ် မကိုက်မိအောင် သတိထားနေရသည် ။ တောင်ဘက်စွန်းစွန်းသို့ ကြည့်လိုက်သောအခါ အိမ်ကြီး၏ ခြံထောင့်တွင် မီးလုံးလေး လင်းနေပြီဖြစ်သည် ။ သူ၏ တဲအိမ်အောက်ရှိ တုတ်နှစ်ချောင်းပေါ်တွင် စွပ်ထားသော လည်ရှည်ဖိနပ်ကို သူ စီးသည် ။ ထို့နောက် ခြေလှမ်းများကို မီးလုံးလင်းရာ အိမ်ကြီးဆီ ဦးတည်လိုက်သည် ။ မြက်ပင်များကို နင်းသော အသံမွဲမွဲသည် တိတ်ဆိတ်သော အမှောင် မနက်စောစောကို အုပ်မိုးသွားသည် ။ သူသွားရာ၏ ဘယ်ဘက် ခပ်လှမ်းလှမ်းမှ ခွေးဟောင်သံ စူးစူးတို့ကို သူ အထူးတလည် သတိမထားမိတော့ ။

ခြံဝသို့ ရောက်သည်နှင့် တံခါးကို အသာအယာ တွန်းဖွင့်ပြီး ဝင်လိုက်သည် ။ တံခါး၏ ခေါင်းလောင်းခြူသံသည် သူ အသာအယာတွန်းဖွင့်နေသည်ကိုမှ မထောက် ၊ အသံသဲ့သဲ့ ထွက်ပြနေသေးသည် ။ သို့သော် ထိုအသံကို ကြားသူမှာ သူမှ လွဲ၍ အခြားမရှိ ။ ခြံထဲသို့ ခပ်ကုပ်ကုပ် ဝင်သွားပြီး အိမ်ဘေးသို့ လျှောက်သွားလိုက်သည် ။ ထို့နောက် အိမ်ထောင့် နံရံတစ်နေရာရှိ အဖီလေးအောက်သို့ လျှိုဝင်လိုက်သည် ။ ဝါးတန်းလျားပေါ်တွင် လွှားထားသော မိုးကာကို ခြုံသည် ။ ခေါင်းပတ်ဓာတ်မီးကို နဖူးတွင် စည်းသည် ။ ပလိုင်းကို ခါးတွင်နိုင်နိုင်ချည်လိုက်သည် ။ ထို့နောက် အိမ်နောက်ဖေးတွင် လမ်းကြားမှတစ်ဆင့် ငရဲဟု သူယူဆသော ခြံကြီးထဲသို့ ဆက်လျှောက်သွား လိုက်သည် ။ မိုးကာကို ခန္ဓာကိုယ်တွင် ခြုံလိုက်သောကြောင့် အနည်းငယ် နွေးသွားဟန်ရှိသော်လည်း ထို အနွေးသည် မကြာခင် ငရဲခြံထဲ၌ ပျောက်ကွယ်တော့မည် ဖြစ်သည် ။ အချမ်းပြေရန် အလို့ငှာ လေအချို့ကို မှုတ်ထုတ်လိုက်သည် ။ ဓာတ်မီးရောင်အောက်တွင် အငွေ့များကို သူ အလွန်မုန်းတီးပါသည် ။

နောက်ဖေးခြံထဲသို့ ရောက်သည်နှင့် တစူစူ ထွက်နေ သော အပင်ပေါ်မှ အဖူးများသည် သူ့ကို စောင့်ဆိုင်းနေသဟန် ၊ သူ့အတွက်မူ ထိုအဖျားသည် ပြူတစ်ပြူတစ် နှင့် လွန်စွာမှ မြင်ပြင်းကတ်စရာ ကောင်းနေသည် ။ ပထမဆုံး အပင်မြောင်းသို့ အရင်စဝင်သည် ။ သူ၏ ခန္ဓာကိုယ်သည် အပင်များနှင့် စတင်ထိတွေ့သည်နှင့် သိမ့်ခနဲခါသွားသည် ။ အပင်များပေါ်တွင် တွဲလွဲခို ဟီးလေးထ,နေသော နှင်းရည်စက်များသည် သူ၏ ကိုယ်နှင့် လာရောက် ပွတ်သပ်သည် ။ မိုးကာသည် သူ့ကိုယ်နှင့် ရေမစိုအောင် စွမ်းဆောင်နိုင်သော်ငြားလည်း အအေးဒဏ်ကိုမူ မကာကွယ်ပေး ။

ပထမဆုံးသော အဖူးကို ထုံကျဉ်နေသော လက်ဖြင့် ခပ်သွက်သွက် ခူးပစ်လိုက်သည် ။ သူ၏ လက်သည် ထုံကျဉ်နေသကဲ့သို့ သူ၏ အတွေးတို့သည်လည်း သုန်မှုန်နေခဲ့သည် ။ မျက်ဝန်းအိမ်မှ မျက်ရည်တစ်ပေါက်သည် အလိုလို စီးကျလာသည် ။ မျက်ရည်သည် ပူနွေးသော် ငြားဖြတ်သန်းရသော ပါးပြင်ကမူ အေးစက်စက် ၊ တတိယအကြိမ်မြောက် ကြက်တွန်သံကို ခပ်ယဲ့ယဲ့ ကြားလိုက်ရသည် ။ ထိုအသံကြောင့်ပင် သူ့အတွေးတို့သည် လှုပ်ရှားနေသော ခန္ဓာကိုယ်ကို ပစ်ခွာ၍ တဝဲလည်လည် ခွဲထွက်သွားသည် ။

••••• ••••• •••••

ဟုတ်သည် ။ သူ့ဘဝ၏ ရွှေရောင်နေ့ရက်များကို ပိုင်ဆိုင်ခွင့် ရခဲ့စဉ်က ထိုအသံလေးသည် ကြည်နူးဖွယ် အတိနှင့် ကျက်သရေရှိလွန်းခဲ့သည် ။ ဤအချိန်မျိုးတွင် သူ့အမေ၏ မီးဖိုချောင်ထဲမှ ဥဒဟိုအသံနှင့်အတူ ကော်ဖီ ပူပူတစ်ခွက်သည် သူ့အိပ်ရာဘေးတွင် အမြဲတမ်း ရောက်လာခဲ့စမြဲ ။ သူ့အဖေသည် တတိယကြက်တွန်သံကြား သည်နှင့် သူ့ကို လာပွေ့ ဖက်ဆဲ ။ အဖေ လာပွေ့ဖက်လျှင် သူ ထရတော့မည်ကို သိသော်ငြား စိတ်ညစ်ညူးခြင်းဟူသည် သူ့တွင် မရှိခဲ့ ။ အဖေ ရောစပ်ပေးထားသော မျက်နှာသစ်ရန် ရေနွေးနွေးသည် ချမ်းအေးနေသော ဆောင်းကို ကာကွယ်ပေးခဲ့သည် ။ စားပွဲပေါ်မှ ဝါကြင့်ကြင့် မီးရောင်လေးသည် သူ၏ ကျောင်းစာအုပ်များကို ဖတ်ချင်စဖွယ် ဖြစ်အောင် အမြဲတမ်း လွှမ်းခြုံပေးခဲ့သည် ။ အေးခဲနေသော ပတ်ဝန်းကျင်ကို အဖေ လုပ်ပေးထားသော မီးလင်းဖိုလေးက ကြံ့ကြံ့ခံ အန်တုပေးခဲ့သည် ။ တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို ထိုးဖောက်ချင်ကြသည့် ပုရစ်သံ ၊ ကားသံတို့ သည် သူ၏ စာကျက်သံကို ဖောက်ထွက်၍ သူ့ဆီ ရောက်မလာခဲ့ ။ သူ့ဘဝတွင် မနက်ခင်းတိုင်းသည် ပြည့်စုံလွန်းခဲ့သည် ။

မနက် နေရောင်မပေါ်မီ အရှေ့ဘက်ဆီမှ ပုစွန်ဆီ ရောင်တို့ ယှက်သန်းလာသော အချိန်၌မူ မီးဖိုချောင်မှ အမေ့အသံသည် ဘုရားခန်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည် ။ အမေ့ အသံနှင့်အတူ တွဲဖက်၍ ပါလာတတ်သည်ကား ကြေးစည်သံလွင်လွင် ။ ထိုအသံတို့သည် စာပြီး၍ ရွှင်ပျနေသော သူ၏ စိတ်အစဉ်ကို အားဖြည့်ပေးခဲ့သည် ။ ရောင်နီပေါ်လာသောအခါတွင် ဖြူလွလွ အားကစားဝတ်စုံ ပြည့်ဖြင့် စောင့်ဆိုင်းနေသော ခြံဝမှ အဖေ့ ဆီသို့ သူနှင့် အမေ အတူတူ ပြေးသွားခဲ့ကြသည် ။ နှစ်မိုင်ခန့်ဝေးသော အသွားအပြန်ခရီးကို သူတို့ မိသားစုသုံးယောက် နေ့စဉ် နေ့တိုင်း လမ်းလျှောက်၍ လမ်းဘေးရှိ သင့်တော်ရာ ဆိုင်တစ်ခုခုတွင် မနက်စာကို မြိန်ရေရှက်ရေ စားသောက် ခဲ့ကြသည် ။ ထိုအချိန်က ယခုကဲ့သို့ ဖြစ်နေသော သူ၏ ဘဝနှင့် ပုံစံတူသည့် အရွယ်တူကလေးများကို ငေးမော ကြည့်မိခဲ့ဖူးသည် ။ သို့သော် သူတို့ နေရာမှ နေ၍ မခံစားမိဖူးခဲ့ ၊ သည်အတိုင်း ငေးကြည့်ခဲ့ဖူးရုံသာဖြစ်သည် ။

အဖြူအစိမ်း ခပ်ကော့ကော့ကို အဆင်သင့် ဝတ်ဆင်၍ အဖေ၏ ဆိုင်ကယ်နောက်မှီ တွယ်လိုက်ပါပြီး ကျောင်းတက်ခဲ့ရသော နေ့ရက်များကိုမူ သူအထူး သတိရသည် ။ ကျောင်းတက်ခေါင်းလောင်းထိုးသံသည် သူ့အတွက် ရင်ခုန်ဖွယ်ရာများသာ ။ လှပသေသပ်သော သူ၏ အိမ်စာများကို ချီးကျူးပေးတတ်သည့် ဆရာ ၊ ဆရာမများ၏ စကားသံတို့သည် ကျောင်းတက်ခေါင်းလောင်း ထိုးပြီးသည်နှင့် သူ့နားတွင် ဝေ့ဝဲလာရစမြဲ ။ စာမေးလျှင် ဒိုးခနဲ ဒေါက်ခနဲ သွက်လက်ချက်ချာစွာ ပြန်ဖြေတတ်သည့် သူ၏ အမူအရာတို့ကို ဘယ်တော့မှ ပြန်ရနိုင်တော့မည် မဟုတ်ကြောင်း တွေးမိတိုင်း သူ၏ ဘယ်ဘက်ရင်အုံသည် တဆတ်ဆတ် နာကျင်လာရသည် ။ စံပြကျောင်းသားဟူသော ဂုဏ်ကို သူ၏ အလယ်တန်းဘဝတစ်လျှောက်တွင် ပြိုင်ဘက်မရှိ ပိုင်ဆိုင်ခဲ့ဖူးသည် ။ တိတိကျကျ ပြောရလျှင် မနှစ်က ဤအချိန်မျိုးထိ ပိုင်ဆိုင်ခဲ့ရသေးသည်ဟု သူဝမ်းနည်းစွာ တွေးမိသည် ။

မမြဲသောတရား ဟူသည် သူ လွန်စွာမှ မုန်းတီးသည် ။ ထိုတရားကို မြဲအောင် ပြုလုပ်နိုင်စွမ်းရှိသူများကို တစ်ခါတစ်ရံ သူ့စိတ်ထဲ၌ ရောက်တတ်ရာရာ ရှာဖွေမိ သည် ။ သို့သော် သူ မတွေ့ခဲ့ ။ ထိုတရားသည် သူ၏ မိဘနှစ်ပါးကို သူ့ထံမှ တိတ်တဆိတ် ခေါ်ဆောင်သွားခဲ့သည် ။ ကံကြမ္မာဟု နှုတ်မှ တဖွဖွ ပြောနေကြသော လူများသည် သူ နေထိုင်ရာ စံအိမ်လေးပေါ်တွင် လူးလာ လှုပ်ရှားလာခဲ့ကြသည် ။ သူတို့ အချင်းချင်း သူ နားမလည်သော စကားများကို သွက်သွက်ခါအောင် ပြောခဲ့ကြသည် ။ တစ်ခါတစ်ရံတွင် သူတို့ မျက်နှာသည် နီမြန်းနေသည် ။ တစ်ခါတစ်ရံတွင် အပြုံးတုများကို ပန်ဆင်ထား၍ တစ်ခါတစ်ရံ၌ ခက်ထန်ကြမ်းတမ်းသော စကားများကို ပြောဆိုကြသည် ။ သူ ကမူ ထောင့်တစ်နေရာတွင် ထောင်ထားသော မိဘနှစ်ပါး၏ ဓာတ်ပုံကို ဝေဝါးစွာကြည့်နေခြင်းမှ တစ်ပါး သူတို့ ပြောဆိုနေကြသည်ကို ဂရုမစိုက်နိုင် ၊ သတိမပြုမိခဲ့ ။ သို့သော် ထိုကဲ့သို့သော သတိမမူခဲ့ခြင်းသည်ပင် သူနှင့် သူ့ စံအိမ်လေးကို အပြီးအပိုင် နှုတ်ဆက်စေခဲ့သည် ။ “ အကြွေး ” ဟူသော စကားတစ်ခွန်းကို သုံးနှုန်း၍ သူတို့သည် သူ့မိဘနှစ်ပါး၏ ရှိရှိသမျှသော ပစ္စည်းများကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင် တစ်ခုပြီး တစ်ခု သယ်ယူသွားခဲ့ကြသည်ကို သူ့ မျက်လုံးထဲတွင် မြင်ယောင်မိနေသေးသည် ။

မိဘနှစ်ပါး မရှိတော့သည့်နောက်ပိုင်း သူ့အိမ်လေးတွင် နေခဲ့ရသည်မှာ ၇ ရက်တိတိမျှသာ ဖြစ်သည် ။ ထို ၇ ရက် ပြီးဆုံးသည်နှင့် သူ၏ ဘဝလည်း ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည် ။ သူ့အတွက် ကံကောင်းခြင်းလော ၊ ကံဆိုးခြင်းလော သူ မသိ ။ ထိုကာလအတွင်း လူကြီးပိုင်းအရွယ် တစ်ယောက်သည် ယောင်ချာချာ သူ့ကို စကားလုံးအချို့ လာပြောခဲ့သည် ။ ထိုစကားလုံးများထဲတွင် သူတစ်ခါမျှ မကြားဖူးသော စား ၊ ဝတ် ၊ နေရေးအကြောင်းပါသည် ။ အလုပ်ဟူသော စကားလုံးပါသည် ။ ထို့နောက် အချို့အချို့သော သူနှင့် ရင်းနှီးကျွမ်းကျင်မှု မရှိသည့် အကြောင်းအရာများပါသည် ။ အားလုံးကို သူ နားမလည်သော်ငြား သူ နားလည်သိရှိလိုက်သည်က သူ၏ မွေးရပ်မြေကို စွန့်ခွာရတော့မည့် အကြောင်းပင် ဖြစ်သည် ။

ဘေးဘီကို သူ လှည့်မကြည့်တော့ ။ ကြည့်လျှင်လည်း ဆွေမျိုးအရင်းအချာ မရှိသည့် သူ့ကို သူစိမ်းဆန်သော မျက်နှာများက သနားဟန် ပြု၍ ပြန်ကြည့်ကြမည်မှ လွဲ၍ တခြားသော ထူးထူးခြားခြားကို တွေ့မြင်ရမည် မဟုတ် ။ ထိုသူ၏ ဆိုင်ကယ်နောက်တွင် လိုက်ပါနေရသော်လည်း အဖေ့ရင်ခွင် ကိုယ်စား အခြား ရင်ဘတ်တစ်ခုက နေရာယူထားသောကြောင့် သူ၏ လက်နှစ်ဖက်ကို နောက်မှ ကိုင်စရာ တစ်ခုဆီသို့သာ ပို့ထားခဲ့သည် ။ ဤသည်ကို သူမှ လွဲ၍ အခြား မည်သူကမျှ သတိမထားမိခဲ့ကြ ။

နှစ်ထပ်အိမ် နှင့် တဲပုတ် ၊ မွေ့ရာ နှင့် သင်ဖြူးဖျာ ၊ ဂွမ်းစောင် နှင့် အညာစောင် ၊ မီးအိမ် နှင့် ဖယောင်းတိုင် ။ အရာအားလုံးသည် သူ၏ စိတ်ကို ပေါက်ကွဲလုမတတ် ပြောင်းလဲပစ်သည် ။ သူ အသံမထွက်အောင် ရှိုက်ငိုသည် ။ သို့သော် အသံကမူ ထိန်းနေရင်း ကြားမှပင် ထွက်သွား သည် ။ သူ မြင်တွေ့ရသော သူ့အိမ်နှင့် ခပ်ဆင်ဆင် အိမ်ကြီးကို သူ နာကြည်းစွာ ကြည့်သည် ။ ထိုအိမ်ကြီး၏ ပြတင်းပေါက် တစ်ခုမှ ခေါင်းပြူထွက်၍ ပြူးကြည့်နေသော သူနှင့် ရွယ်တူ ကောင်မလေးကမူ သူ့ပုံစံ မည်သို့ဖြစ်မည် ကို ရိပ်စားမိမည် မဟုတ်ခဲ့ ။ စင်စစ် သူ နှင့် တဲပုတ် မိတ်ဖက်ခဲ့ရသည်မှာလည်း ထိုကောင်မလေး၏ ပယောဂနှင့် မကင်းကြောင်း သူ တွက်ဆမိခဲ့သည် ။

“ မနက်ခင်း တစ်ချိန်ပါပဲ ”

လူကြီးသည် စကားကို ခပ်ပေါ့ပေါ့သာ ပြောသည် ။ ထိုသို့ ပြောစဉ်က သူ သတိမထားမိခဲ့သေး ။ သို့သော် လက်တွေ့တွင်မူ ထိုမနက်ခင်း ဟူသည်မှာ တစ်ညတာထက် ပင် ပို၍ တာရှည်သလို သူ ခံစားရသည် ။ မနက်ခင်းကို ဖြတ်ပြီးလျှင်မူ သူသည် အသစ်တစ်နေရာသို့ သွားရသည် ။ အသွင်သစ် ၊ အမြင်သစ် စသော အသစ်အသစ်တို့ဖြင့် ဖုံးလွှမ်းထားသော်လည်း ဟောင်းနွမ်းနေသည်မှာ သူ၏ ပုံပန်းသွင်ပြင်ပင် ဖြစ်သည် ။ စတစ်ကော်လာ ဖြူလွလွကို သူ သတိရသည် ။ ဘဲခေါင်းစိမ်းပုဆိုးကို သူ လွမ်းမောသည် ။ အတန်းရှေ့ဆုံးတွင် အများက မော်ကြည့်ခံခဲ့ရဖူးသော သူသည် နောက်ဆုံးက ထောင့်ခုံတွင် အများ၏ လျစ်လျူ ရှုခြင်းကို ခံရသည် ။ သို့သော် ဆရာမ အကြွေးစာရင်း အော်သော အခါတွင်မူ လျစ်လျူရှုတတ်သော ထိုမျက်လုံး များသည်ပင် သူ့ထံ စုပြုံလာတတ်သည် ။ အစပိုင်းတွင် ခံနိုင်ရည် မရှိခဲ့သော်လည်း နောက်ပိုင်းတွင်မူ ထိုအပြုအမူများကို သူ အရေထူလာသည် ။ သွက်သွက်လက်လက် သူ့ပုံစံကို မှုန်ကုပ်ကုပ်ဖြင့် အစားထိုးလိုက်သောအခါ ပတ်ဝန်းကျင် အသစ်သည် သူ့ကို နေသားကျလာစေသည် ။ အရာအားလုံးကို သူ၏ ဆန့်ကျင်ဘက်များနှင့် လိုက်လံ ဖြည့်တင်းကြည့်မိသောအခါ ယခင်က ပုံရိပ်ဟောင်းတို့သည် တစ်စတစ်စနှင့် ပျောက်ကွယ်ခဲ့ပြီ ဖြစ်သည် ။

••••• ••••• ••••• 

အရှေ့ဘက်စွန်းစွန်းမှ နေရောင်သည် အပင်စိမ်း စိမ်းများကြားမှ ဖြတ်၍ သူ့မျက်နှာပေါ်သို့ ဖျတ်ခနဲ ထိုးသည် ။ သူ၏ အတွေးစတို့သည် ကျိန်းသွားသော မျက်လုံးနှင့်အတူ တစ်စစီ လွင့်စဉ်သွားသည် ။ သို့သော် သူ ကျေနပ်သည် ။ နေရောင်ပေါ်လာလျှင် သူ၏ နေ့စဉ် တာဝန်သည် ပြီးဆုံးစမြဲ ဖြစ်သည် ။ အဖူးများသည် ကုန်လုနီးပါး ဖြစ်လာသည် ။ အစိမ်းရောင် အခင်းကြီးသည် တစ်ဧကနီးပါး ကျယ်သည်ဖြစ်ရာ သူ့အဖို့ တစ်ယောက်တည်း ခူးရန် ပမာဏ များလွန်းသည် ။ သို့သော် အတွေ့အကြုံတို့ကြောင့် မြန်ဆန်လာပြီ ဖြစ်သော သူ့လက်ချောင်း များသည် ထုံကျဉ်မှုကို ဒွန်တွဲ၍ ခပ်သွက်သွက် လှုပ်ရှားနိုင်ခဲ့သည် ။ နေမြင့်လာသည်နှင့်အမျှ အချမ်းသည်လည်း လျော့လျော့လာသည် ။ အဖူးချောင်းလေးများကို စု၍ သားရေကွင်းနှင့် စည်းသည် ။ ပါလာသော ပလိုင်းသည် တစ်တောင်းပြီး တစ်တောင်း ပြည့်ပြည့်လာသည်မို့ ခြံထောင့်က ဂုန်နီအိတ်ထဲသို့ တစ်ခါပြီး တစ်ခါ သွားသွား ထည့်ရသည် ။ အိတ်သည် ပြည့်လုနီးပါး ပြည့်နေပြီ ဖြစ်သည် ။ ချမ်းနေသည့် ကြားမှပင် သူသည် ကျေနပ်စွာ ပြုံးသည် ။ လက်ချောင်းများသည် ပဲကြီးရေတွန့်နေသည် ။ တစ်နေ့တာအဖို့ ငရဲခန်းမှ ကင်းဝေးတော့မည့် လက္ခဏာပင် ဖြစ်သည် ။

နောက်ဆုံးလက်ကျန် တစ်မြောင်းကို အားယူပြီး ခူးသည် ။ အချို့ အဖူးများသည် နေရောင်နှင့် ထိတွေ့၍ အပွင့်ဘဝသို့ အသွင်ကူးပြောင်းခဲ့ပြီဖြစ်သည် ။ အပွင့် ပီပီ ရနံ့တို့နှင့် သင်းပျံ့သည် ။ ဖြူဖွေး၍ လည်ဆံလေးကမူ ဝါဖျော့သည် ။ ထို့ကြောင့်လည်း ဘုရားစင်ထက်တွင် အမြဲနေရာရခြင်းဖြစ်မည်ဟု သူတွေးမိသည် ။ မွှေးလျှင် ထိပ်သို့ ရောက်ရသည် ။ နံလျှင်မူ မြောင်းအတွင်း သက်ဆင်းရသည် ။ သူ့ဘဝကို သူ အနံ မခံချင်ပါ ။ သို့သော် ဘဝကမူ သူ့ကို နံစေချင်နေပြီလား သူ မပြောတတ် ။ မနံစေရန် ကြိုး စားရမည်ဟု သူ စိတ်အားတင်းသည် ။ တစ်ခါတလေတွင်မူ ဤအခင်းထဲသို့ စေလွှတ်ခဲ့သော လူကြီးကို သူ ကျေးဇူးတင်မိသည် ။ တစ်စည်း ၁ဝ ကျပ် ဟူသော ခူးသည့် အခကို မွေးစားထားရခြင်းဟူသော အကြောင်းပြချက်ဖြင့် မပေးဘဲ မနေခဲ့ ။ အဖြူအစိမ်း ခပ်နွမ်းနွမ်းကို ဝတ်ဆင်ရ၍ ယခင်ဘဝနှင့် လုံးဝကွာခြားနေခြင်း ဟူသော လမ်းဘေး၌ ယောင်ချာချာ ဖြစ်ပျက်ရခြင်းနှင့် ယှဉ်က များစွာ တော်ကာ ကျသေးသည် ။ အမေ့မီးဖိုချောင်လေးကို သူ လွမ်းသည် ။ အဖေ့ဆိုင်ကယ်လေးပေါ် သူ ဘက်စီးချင်မိသေးသည် ။ သို့သော် ဤတသမှုတို့သည် သူ့အတွက်မူ အိပ်မက်များသာ ။

တစ်ခါတစ်ရံ သူ့အနေနှင့် တစ်ခါမျှပင် မတွေးမိဖူး သော “ ငယ်ကျပ် ၊ ကြီးချောင် ” ဟူသော စကားလုံးကိုပင် သူ ခင်တွယ်မိအောင် ကြိုးစားသည် ။ ထိုအခါမျိုးတွင် သူ၏ စိတ်သည် ပေါ့ပါးစွာ ပျော်သည် ။ လွတ်လပ်စွာ ကခုန်သည် ။ ဝမ်းနည်းခြင်းကို နင်းချေသည် ။ ပို၍ ပူနွေး လာသော နေရောင်အောက်ဝယ် ပန်းပွင့် အချို့ကို ခူး၍ အပိုပါလာသော ပလတ်စတစ်အိတ် အပိုထဲသို့ အသာအယာ ထည့်လိုက်သည် ။ တစ်ဝက်သည် လူကြီးမင်းတို့ အိမ်ရှိ ရွှေရောင်ပျပျ ဘုရားစင်ထက်တွင် နေရာယူပေလိမ့်မည် ။ တစ်ဝက်သည် သူ၏ တဲပုတ်ခေါင်းရင်းထက်တွင် သီကြိုးတစ်ခုနှင့် တွဲလျောင်းရှိနေမည် ဖြစ်သည် ။ တစ်မနက်တာ လှုပ်ရှားမှု ပြီးသောအခါ လူကြီးတို့ အိမ်မှ ထမင်းချိုင့် တစ်ခုကို ယူ၍ သူ၏ တဲပုတ်ဆီ ခပ်သုတ်သုတ် ပြန်သည် ။ အမေ့၏ ကော်ဖီခွက်နှင့် မနက်စာများ အစား ထမင်းကြမ်းခဲအေးအေးကိုသာ တွေ့မြင်ရမြဲ ဖြစ်သည် ။ ထိုထမင်းချိုင့်လေးကို တဖြည်းဖြည်းနှင့် ရင်းနှီးလာအောင် သူ ကြိုးစားကြည့်သည် ။ မနက်စာနှင့် နေ့ခင်းစာကို တစ်ခုတည်း အဖြစ် သတ်မှတ်ထားသော သူ့အတွက် နေ့ခင်း အားချိန်သည် စာသင်ခန်းထောင့် တစ်နေရာတွင် မျှော်လင့်ချက်တို့ကို မွေးမြူပေးသည့် စာကျက်ချိန်ပင် ဖြစ်သည် ။ သူ၏ အရောင်ပြောင်းသွားသော ဆောင်းနှင့်အတူ ခက်ထန်ကြမ်းတမ်းသော ဘဝသည် နောင်တစ်ချိန်တွင် နှင်းမှုန်များ အလား နေမြင့်လာသည်နှင့်အမျှ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားမည်ဟု သူ ယုံကြည်စိတ်ကို တထစ်ချ သွင်းသည် ။ ထိုသို့ နှလုံးသွင်းလေတိုင်း လှိုက်ခနဲ လှိုက်ခနဲမြူးကြွလာသည်မှာလည်း အမြဲတမ်း ဝမ်းနည်းကြေကွဲနေတတ်သည့် သူ၏ ဘယ်ဘက်ရင်အုံလေးပင် ဖြစ်သည် ။

▢  အေးထူအောင် ( အဏ္ဏဝါ )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      စက်တင်ဘာ ၊ ၂၀၁၆

No comments:

Post a Comment