Thursday, December 4, 2025

သစ္စာတောင်မောင်နှမ

 

❝ သစ္စာတောင်မောင်နှမ ❞
             ( ပုံပြင် )

ဟိုရှေးရှေးတုန်းက မွန်ဂိုလီယာလွင်ပြင်ကြီး ထဲမှာ ဖြတ်သန်း စီးဆင်း နေတဲ့ အလွန် ကြည်လင်အေးမြတဲ့ မြစ်တစ်သွယ် ရှိသတဲ့ ။ အဲဒီမြစ်ဟာ ကြည်လင်အေးမြရုံတင် မဟုတ်ဘူး ။ ကျယ်လည်း အလွန် ကျယ်သတဲ့ ။ အဲဒီ မြစ်ရဲ့ အနောက်ဘက်ကမ်းမှာ ရှူလာ ဆိုတဲ့ အလွန် လှပပြေပြစ်တဲ့ မိန်းကလေး တစ်ယောက် ရှိသတဲ့ ။ သူဟာ သူ့ရဲ့ မိခင်အိုကြီးနဲ့ အေးချမ်းသာယာစွာ နေရှာသတဲ့ ။ မြစ်ရဲ့ အရှေ့ဘက်ကမ်း မှာတော့ ရှင်ဘုရင်တပါး နဲ့ သူ့ရဲ့သစ္စာတော်ခံ ကျေးတော်မျိုး ၊ ကျွန်တော်မျိုးတွေ နေကြသတဲ့ ။

အဲဒီ ရှင်ဘုရင်ရဲ့ နန်းတော်မှာ အလွန် ဆင်းရဲတဲ့ မြင်းထိန်း အမျိုးအနွယ်ထဲက ဆင်းသက်တဲ့ လူငယ် တစ်ယောက် ရှိသတဲ့ ။ သူဟာ ငယ်ငယ် ကတည်းကပဲ မိဘမဲ့ ဖြစ်ပြီး ဘုရင်ကြီး ရဲ့ မြင်းတွေကို ထိန်းနေရသတဲ့ ။ သူ့ကို လူတွေက “ မြင်းထိန်းကလေး ” လို့ပဲခေါ်ကြသတဲ့ ။ မြင်းထိန်းကလေးဟာ နေထွက်က နေဝင်အထိ မြင်းတွေကို ပင်ပင်ပန်းပန်း ထိန်းကျောင်း နေရပေမယ့် ထမင်းကျတော့ ဝဝတောင် မစားရရှာဘူးတဲ့ ။ ဒီအထဲ မြင်းတင်းကုပ်မှူး က သူ့ကို မကြာခဏ နှိပ်စက်သေးသတဲ့ ။

တစ်နှစ်တော့ နွေဦးပေါက် ရာသီကလေးမှာ မြင်းထိန်းကလေးဟာ အဲဒီ မြစ်နား ရောက်တော့ ရှူလာကလေး ကို မြင်ရသတဲ့ ။ ရှူလာကလေး က သူ့ကို မြင်တော့ ပြုံးပြုံးကလေးနဲ့ ကြည့်နေရှာသတဲ့ ။ နောက်နေ့တွေ ကျတော့လည်း ရှူလာကလေးက ပထမ စတွေ့တဲ့ နေ့က လိုပဲ မနက်စောစော သူလာမယ့် လမ်းဆီ မျှော်ပြီး ပြုံးနေသတဲ့ ။ ညနေကျတော့လည်း သူပြန်မယ့် လမ်းဆီကို မျှော်ပြီး သူ့ကို ပြုံးကြည့်ပြန်တာပဲတဲ့ ။ ပထမတော့ မြင်းထိန်းကလေးဟာ အမှတ်တမဲ့ နေတာပဲတဲ့ ။ နောက်တော့ သူကလည်း ရှူလာကို ဂရုတစိုက် ကြည့်မိ ... ကြည့်မိပြီး သူတို့ နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်စုံမက် သွားကြသတဲ့ ။

တစ်ညနေချမ်း အခါမှာ ရှူလာကလေးက မြင်းထိန်းကလေး ပြန်လာချိန်ကို စောင့်ကြိုပြီး သန္တာစေ့ကလေးတွေနဲ့ ထိုးထားတဲ့ ပိုက်ဆံအိတ်ကလေး တစ်လုံးကို မြင်းထိန်းကလေး ဆီ ကို ပစ်ပေးလိုက်သတဲ့ ။ မြင်းထိန်းကလေး ကလည်း အဲဒီ အလွန်လှပတဲ့ အိတ်ကလေးကို အမြတ်တနိုး သိမ်းထားပြီး မကြာခဏ မြစ်အနောက်ဘက်ကမ်းကို ကူးကူးပြီး ရှူလာတို့ သားအမိနေတဲ့ တဲကလေးကို သွားသွား စကားပြောလေ့ရှိသတဲ့ ။

အဲဒီကြားထဲ တစ်နေ့တော့ ရှင်ဘုရင်ကြီးဟာ မြစ်ကမ်းနားမှာ မြင်းစီးပြီး သွားရင်း မြစ်ကမ်းရေစပ်မှာ ရေချိုးမယ်လို့ အဝတ်လျှော် နေတဲ့ ရှူလာကလေးကို မြင်တော့ ရှူလာကလေးကို သိပ်ကြိုက်သွားသတဲ့ ။ အဲဒီနေ့ ညပဲ သူ့ရဲ့ ကျွန်ယုံတွေကို မြစ်အနောက်ဘက်ကမ်းကို လွှတ်ပြီး ရှူလာကို နန်းတော်ဆီ အတင်းခေါ်ခိုင်းလိုက်သတဲ့ ။ နန်းတော်ထဲ ရောက်တော့ သူ့အပျိုတော်တွေ ၊ မောင်းမမိဿံတွေက ရှူလာကလေးကို ရှင်ဘုရင်ကြီးရဲ့ မိဖုရားငယ် အဖြစ် နေဖို့ တိုက်တွန်းကြသတဲ့ ။ ရှူလာကလေးက ရှင်ဘုရင်ကြီးကို မကြိုက်နိုင်ဘူးလို့ ပြန်ပြောသတဲ့ ။ နောက်ဆုံး ရှင်ဘုရင်ကြီး ကိုယ်တိုင် လာပြီး သူ့ကို မိဖုရားငယ် အဖြစ်နဲ့ နေဖို့ပြောတော့ ရှူလာကလေးက ဒေါသဖြစ်ဖြစ်နဲ့ ကျိန်ဆဲလိုက်သတဲ့ ။ ရှင်ဘုရင်ကြီး ကလည်း အလွန်ရှက်ပြီး ရှူလာကလေး ကို သ,တ်ပစ်မယ် ဆိုပြီး နန်းတော်ထဲက အခန်း တစ်ခန်းမှာ ချုပ်ထားခိုင်းသတဲ့ ။

ဒါနဲ့ ရှူလာကလေးဟာ သူ့ကို ချုပ်ထားတဲ့ မည်းမှောင်နေတဲ့ အခန်းကလေး ထဲမှာ ငို နေတော့တာပဲတဲ့ ။ ဒီအကြောင်းကို ကြားတဲ့ မြင်းထိန်းကလေးဟာ ညဉ့်သန်းခေါင်ကျော် အချိန် မှာ အချုပ်ခန်းကို စောင့်နေတဲ့ လူပျိုတော်သား အိပ်မောကျ နေခိုက်မှာ တိတ်တိတ်ကလေး ရှူလာကို ဝင်ခိုးပြီးတော့ သူ အသင့်ပြင်ထားတဲ့ မြင်းပေါ်မှာ တင်ပြီး ထွက်ပြေးတာပဲတဲ့ ။ အဲဒီ အတောအတွင်းမှာ ဘုရင်ကြီးရဲ့ အမဲလိုက်တဲ့ ခွေးတွေက နိုးပြီး ထဟောင် လိုက်တော့ အစောင့်ကျတဲ့ လူပျိုတော်သားဟာ နိုးပြီး ရှူလာကလေး အချုပ်ခန်းထဲမှာ မရှိတဲ့အကြောင်း ၊ နန်းတော်ကြီး အတွင်းမှာ စောင့်နေကြတဲ့ အဆောင်ကိုင်တွေ ၊ အဆောင်မှူးတွေကို သွားပြီး ပြောပြတာပေါ့ ။ နောက်ဆုံး ဘုရင်ကြီး ကိုယ်တိုင်လည်း ဒီကိစ္စကို သိပြီး အကြီးအကျယ် ဒေါသ ဖြစ်တာပေါ့ ။ ညတွင်းချင်း သူ့ကိုယ်ရံတော် မြင်းတပ်ကို ဆင့်ခေါ်ပြီး ရှူလာတို့ကို အတင်း လိုက်ခိုင်းသတဲ့ ။ မြင်းထိန်းကလေး နဲ့ ရှူလာကလေးတို့ စီးကြရတဲ့ မြင်းဟာ နှစ်ယောက်ကို တင်ပြီး ပြေးရတော့ ဘုရင့် မြင်းတပ်သားတွေကို လွတ်အောင် မပြေးနိုင်တော့ဘဲ နံနက်လင်းချိန်မှာ သူတို့ နှစ်ဦးဟာ ဘုရင်ကြီး ရဲ့မြင်းတပ်သားတွေရဲ့လက်ထဲကို ပါသွားကြရရှာသတဲ့ ။

နန်းတော် ရောက်လို့ သူတို့ နှစ်ယောက်ကို ဘုရင်ကြီးရဲ့ ရှေ့တော်သွင်းတဲ့ အခါမှာ ဘုရင်ကြီးဟာ အကြီးအကျယ် ဒေါသဖြစ်ပြီး မြင်းထိန်းကလေးကို လက်ဝါးကပ်တိုင်မှာ ချည်ထားခိုင်းပြီး သူ့ရဲ့ အမဲလိုက်တဲ့ အခါမှာ အသုံးပြုတဲ့ ခွေးဝံပုလွေတွေကို ကျွေးစေလို့ အမိန့်ချသတဲ့ ။ ရှူလာကလေးက ရှင်ဘုရင်ကြီး ခြေထောက်ကို ဖက်ပြီး မြင်းထိန်းကလေး ရဲ့ အသက်ကို ချမ်းသာပေးဖို့ တောင်းပန်သတဲ့ ။ ဒါပေမယ့် ကာမဂုဏ်စိတ်ရိုင်းနဲ့ အရူးကြီးဖြစ်နေတဲ့ ဘုရင်ကြီး က ချမ်းသာ မပေးဘူးတဲ့ ။ ဒါနဲ့ ရှူလာကလေးဟာ ခွေးဝံပုလွေတွေရဲ့ ဟိန်းသံဟောက်သံနဲ့ မြင်းထိန်းကလေးရဲ့ အော်သံဟစ်သံတွေကို ကြားရတာနဲ့ ရင်ကွဲနာကျပြီး သေတော့တာပဲတဲ့ ။ သူ မသေခင် ရှင်ဘုရင်ကြီး ဟာ လိပ်ဖြစ်မှ သူတို့ နှစ်ဦးကို ခွဲနိုင်ပါစေလို့ ဆုတောင်းပစ်ခဲ့သတဲ့ ။

ဒါနဲ့ ရှူလာကလေးရဲ့ အလောင်းကို သူ့အမေကြီး က လာယူပြီး မြစ်ရဲ့ အနောက်ဘက်ကမ်းမှာ မြှုပ်လိုက်သတဲ့ ။ မြင်းထိန်းကလေးရဲ့ အလောင်း ကိုတော့ ဆင်းရဲတဲ့ လယ်သမားကြီး တစ်ယောက်က ယူပြီး အရှေ့ဘက်ကမ်းမှာ မြှုပ်ထားလိုက်သတဲ့ ။ နောက်တစ်နေ့ကျတော့ သူတို့ အလောင်းတွေ မြှုပ်ထားတဲ့ နေရာက တောင်တစ်လုံးဆီ ပေါ်ပေါက် လာပြီး အဲဒီတောင် နှစ်လုံးဟာ ထူးထူးဆန်းဆန်း မြစ်ပေါ်က ကျော်ကိုင်းပြီး တောင်ထိပ်ချင်း ထိနေကြသတဲ့ ။ ဒီလို အထူးအဆန်း ဖြစ်နေတာကို မြင်ကြရတဲ့ တိုင်းသူပြည်သားတွေက တစ်ယောက်နဲ့ တစ်ယောက် ဒီတောင် နှစ်လုံး အကြောင်းကို ပြောကြရင်း နောက်ဆုံး ဘုရင်ကြီး နားကို ဒီသတင်း ပေါက်ကြားသွားသတဲ့ ။ ဘုရင်ကြီး ကိုယ်တိုင် ဒီသတင်း ကြားလို့ သွားကြည့်တဲ့ အခါကျတော့ ရှူလာကလေး နဲ့ မြင်းထိန်းကလေးတို့ ဖြစ်မှာပဲ ဆိုတာ သိပြီးတော့ သူ့ရဲ့ တပ်သားတွေကို တောင်ထိပ်တွေပေါ် တက်ပြီး ထိပ်ချင်း မထိအောင် ပေါက်ပြားတွေ ၊ တူရွင်းတွေနဲ့ တောင်ထိပ်တွေကို အဖြိုခိုင်း သတဲ့ ။ ဒါပေမယ့် ထိနေတာပဲတဲ့ ။

ဘုရင်ကြီးဟာ သူ့ရဲ့ တပ်သားတွေကို ကြိမ်းမောင်းပြီး သူကိုယ်တိုင် တောင်ထိပ်တွေကို တက်ဖြိုသတဲ့ ။ ဒီလို တက်ဖြိုရင်း သူဟာ တောင်ပေါ်ကနေ ရေထဲကို လိမ့်ကျသွားသတဲ့ ။ သူ့ ရဲ့ တပ်သားတွေက သူ့ကို ဆယ်ဖို့ သွားကြတော့ ရေထဲကနေပြီး လိပ်ကြီး တစ်ကောင် ပေါ်လာသတဲ့ ။ ဒီလိပ်ကြီးကို ကုန်းပေါ်လည်း တင်လာလိုက်ရော ဒီလိပ်ကြီးဟာ သက်ရှိလိပ်ကြီး အဖြစ်က နေပြီး သက်မဲ့ ကျောက်လိပ်ကြီး ဖြစ်သွားသတဲ့ ။ အဲဒီ တောင်နှစ်လုံး ကတော့ အဲဒီ မြစ်ရဲ့ကမ်း နှစ်ဖက်မှာ အခုထက်ထိ သစ္စာတောင်မောင်နှမ ဆိုတဲ့ နာမည်နဲ့ တည်ရှိနေကြပေမယ့် ရှင်ဘုရင်ကြီး က ဖြစ်သွားရတဲ့ ကျောက်လိပ်ကြီး ကတော့ မြစ်ကမ်းစပ်မှာ တဖြည်းဖြည်း ရေစားသွားတာ နဲ့ ငယ်ငယ်သွားတာ အခု ဘာမှ မရှိတော့ဘူးတဲ့ ။ အဲဒီတော့ လောကမှာ ချစ်ခင်ခြင်းတို့ ၊ သစ္စာရှိခြင်းတို့ ဆိုတဲ့ တရားတွေဟာ တောင်ကြီးတွေလို တည်မြဲ နေတတ်ကြသလို ရက်စက်ခြင်း ၊ ဒေါသဖြစ်ခြင်းတို့ ဆိုတဲ့ တရားတွေဟာ ကြာတော့ ကြေမွပျက်စီးသွားကြရတယ်ဆိုတာကို တူ တူမလေးတို့ မှတ်သားကြပေါ့ကွယ် ။

( ဘာသာပြန် )

〇 ဦးလေးကိုကိုကြီး
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၂ ၊ ဇူလိုင်

No comments:

Post a Comment