❝ ကိုလူချောတို့ ပြန်လေပြီ ❞
( ဗဂျီအောင်စိုး )
[ ရွှေအမြုတေမဂ္ဂဇင်းတွင် “ ရွှေဝတ္ထုများကို ပြန်လည်တူးဖော်ခြင်း ” ခေါင်းစဉ်ဖြင့် ဝတ္ထုဟောင်းများကိုသာ ဖော်ပြခဲ့သော်လည်း ယခုလတွင် ကွယ်လွန်သူ ပန်းချီဆရာ ၊ စာရေးဆရာ ၊ သရုပ်ဆောင် ဗဂျီအောင်စိုး ရေးသားခဲ့ပြီး ၁၉၈၅ ခုနှစ် ၊ မေလထုတ် သဘင်မဂ္ဂဇင်းတွင် ဖော်ပြပါ ရှိခဲ့သည့် “ ကိုလူချောတို့ ပြန်လေပြီ ” ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါသည် ။ ယင်းဆောင်းပါးအား ရှာဖွေပေးပို့ ကျေးဇူးပြုခဲ့သော ဆရာ မင်းလူ အား ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည် ။
▢ အယ်ဒီတာ ]
••••• ••••• •••••
ကဗျာဆရာ ဒေါင်းနွယ်ဆွေ မရှိတော့ပြီ ။ ဒေါင်းနွယ်ဆွေ ( ခေါ် ) ကျွန်တော့်ငယ်သူငယ်ချင်း အောင်ဆွေ အကြောင်း တစေ့တစောင်းမှတ်မိသမျှကို ရေးဖို့ အခွင့်အရေး ဖန်လာသည် ။
“ ဆရာဒေါင်းဟာ အစ်ကို့ သူငယ်ချင်းပဲ ။ ပြီးတော့ တစ်ချိန်တည်း တစ်ဆက်တည်း ဆိုသလို ခေတ်ပြိုင်ထွန်းပေါက် လာတဲ့ အနုပညာရှင် နှစ်ယောက် ။ နောက် ဆရာ ဒေါင်းရဲ့ ကဗျာတွေကို အစ်ကို အစဉ်တစိုက် သရုပ်ဖော်ပုံတွေ ရေးခဲ့တာ ဆိုတော့ အစ်ကို ရေးနိုင်ရင် သိပ်အဆင်ပြေမယ် ” ဆိုသည့် သဘင်မဂ္ဂဇင်းအယ်ဒီတာအဖွဲ့၏ အဆိုပြုချက်ကို ကျွန်တော် ငြင်းပယ်ခြင်းငှာ မစွမ်းသာသဖြင့် သူငယ်ချင်းအောင်ဆွေ့ အကြောင်းကို ခရေစေ့တွင်းကျ အသေးမစိတ်နိုင်ဘဲ တစ်ပိုင်းပုံလောက် မျှသာ ရေးနိုင်သည်ကိုတော့ ခွင့်လွှတ်ကြစေချင်ပါသည် ။ အမှန်တော့ အောင်ဆွေ့ အကြောင်းကို သည် စာတို စာစမျှလောက်ဖြင့် ပြည့်စုံမည် မဟုတ်ပါ ။ တကယ် စေ့ငုလေ့လာ၍ ရေးမည်ဆိုလျှင် စာတစ်အုပ်ကျမ်းတစ်စောင် ဖြစ်လာမည်မှာ မလွဲ ။
••••• ••••• •••••
အောင်ဆွေနဲ့ ကျွန်တော်ဟာ ရန်ကုန်မြို့အနောက်ပိုင်း လမ်းမတော်သားတွေ ဖြစ်ပါတယ် ။ ရန်ကုန် အနောက်ပိုင်းဟာ ဆိုရင် ဟိုတစ်ခေတ် လူမိုက်များ လွှမ်းမိုးချိန်က နာမည်ကြီးလူမိုက် အမြောက်အမြား ထွက်တဲ့ အရပ် ဖြစ်ပါတယ် ။ ဒါကြောင့်လား မပြောတတ် ၊ အောင်ဆွေ နဲ့ အောင်စိုး ဆိုတဲ့ နှစ်ယောက်ဟာလည်း ခပ်မိုက်မိုက်ပါပဲ ။
ဒါပေမဲ့ ကျွန်တော်တို့ မိုက်တဲ့ အမျိုးအစားကတော့ ဟိုလူမိုက်ကြီးများ လိုတော့ မဟုတ်ပါ ။ ကျွန်တော်တို့ မိုက်တဲ့ အမျိုးအစားကတော့ အနုပညာအတွက် ၊ ပြည်သူအတွက် ၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ကိုယ်စားပြုတဲ့ ခပ်မိုက်မိုက် လုပ်ရပ်တွေပါပဲ ။ အောင်ဆွေ က ကဗျာတွေ ရေးဖွဲ့တယ် ။ ကျွန်တော်က ပန်းချီ ရေးတယ် ။ ငွေရပြီး ချမ်းသာဖို့ ၊ သူဌေး ဖြစ်ဖို့ ဆိုတာတွေ ကျွန်တော်တို့မှာ မရှိပါ ။ နားမလည် ခဲ့ကြပါ ။ ပြည်သူကို အကျိုးပြုဖို့ ၊ အလုပ်အကျွေးပြုဖို့ ဆိုတဲ့ ရည်ရွယ်ချက် တစ်ရပ်နဲ့ အနုပညာလမ်းကို ခပ်မိုက်မိုက် လျှောက်ခဲ့ကြသူတွေ ဖြစ်ပါတယ် ။ ဒီနေရာမှာ အောင်ဆွေ က ကျွန်တော့် ထက် ပိုမိုက်တယ်လို့ ဆိုရပါမယ် ။ အောင်ဆွေ သည် နိုင်ငံရေး ခံယူချက်ပါ ပြင်းထန်စွာ ယုံကြည်သူ တစ်ယောက်ပဲ ။ ဒါကြောင့်လည်း ၁၉၅၁ ခုနှစ်က သူ အထိန်းသိမ်းခံရတယ် ။ ကျွန်တော်ကတော့ နိုင်ငံရေး နားလည်သူ မဟုတ်ပါ ။ နိုင်ငံရေး ကိစ္စများမှာ ကင်းရှင်းသူ တစ်ယောက်ပဲ ။ ဒါပေမဲ့ အောင်ဆွေ နဲ့ ကျွန်တော်ဟာ အနုပညာခံယူချက်ချင်းကျတော့ အတူတူပဲ ။ တစ်လမ်းတည်း လျှောက်နိုင် သူတွေလို့ ဆိုနိုင်ပါတယ် ။ ကျွန်တော်က မော်ဒန်အတ်ကို စရေးကြည့်တယ် ။ အောင်ဆွေက မော်ဒန်ပိုထရီတွေ စရေးတယ် ။
အောင်ဆွေ့ အနေနဲ့ ကဗျာတွေကို ပီသအောင် ၊ ကာရန်မလွတ်အောင် မှန်အောင်ရေးနိုင်ပေမဲ့ ကာရန်မဲ့ ကဗျာတွေလည်း ကြိုက်နှစ်သက်တာပဲ ။ အောင်ဆွေ ဟာ အဟောင်းထဲမှာ နစ်မနေဘဲ အသစ်ကိုလည်း လက်ခံနိုင်သူ တစ်ယောက်ပဲ ။ ဒီနေရာမှာ ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ အသစ်အသစ်သော အနုပညာပုံသဏ္ဌာန်ကို နှစ်သက် ကြသူချည်းပါပဲ ။
အတုယူသင့်တဲ့ ပိုက်ထွေးထားသင့်တဲ့ အဟောင်း အဟောင်းများကို မပစ်ပယ်သလို တီထွင်ခြင်း ၊ ဖန်တီးခြင်း ပြုရမယ့် အသစ်အသစ်များကိုလည်း ကြိုဆိုကြတာပဲ ။ အောင်ဆွေ ကဗျာ အပေါ်ခံယူတဲ့ သဘောထားဟာ လည်း အလွန်မတန် ပြင်းထန်တယ် ။ ခံစားချက်ဟာလည်း ပီပြင် ပြင်းထန်လွန်းတယ် ။ သူ့ကဗျာ တော်တော်များများတွေဟာ ဒေါသ ယမ်းအိုးတွေ စုပြုံပေါက်ကွဲနေသလို ဒေါသတွေ လွှမ်းနေတာကိုလည်း ဖတ်ကြရပေလိမ့်မယ် ။ ဒါကြောင့်လည်း ဆရာတက်တိုးက အောင်ဆွေ့ ကို Angry Young Poet လို့ မှတ်ချက်ချဖူးတယ် ။ တစ်ခါတစ်ရံ သူ့အယူအဆတွေဟာ တော်တော်ကြောက်စရာ ကောင်းနေတတ်တယ် ။ သူ့ ကဗျာ အမြောက်အမြားကို ကျွန်တော် သရုပ်ဖော်ပုံများ ရေးဆွဲခဲ့ရဖူးတယ် ။ သူ မသေခင် နောက်ဆုံးရေး ခဲ့တဲ့ ကဗျာတွေအထိပဲ ဆိုပါတော့ ။ ဒီနေရာမှာ သူ့ကဗျာ သရုပ်ဖော်ပုံ အများဆုံး ရေးဆွဲပေးခဲ့ရသည့် ကျွန်တော့်ကို သူ မှာကြားဖူးတဲ့ စကားများကို သတိရသည် ။
“ ဟေ့ အောင်စိုး ငါ့ကဗျာတွေ သရုပ်ဖော်ပုံ ဆွဲရင် ကဗျာမဆန်စေနဲ့ ကဗျာကို ကဗျာလိုပဲ ဆွဲပေးပါ ” တဲ့ ။ သူ့အမှာစကားကို ကျွန်တော် ချက်ချင်း သဘောပေါက်တယ် ။ လောကမှာ အလှကဗျာတွေ ရှိကြသလိုပဲ ၊ အရုပ်ဆိုးတဲ့ ကဗျာတွေလည်း ရေးကြသီဖွဲ့ကြမှာပဲ ။ ရုပ်ဆိုးတာကိုလည်း ပီပြင်အောင် ရေးဆွဲနိုင်ရင် လှသည် ဆိုတဲ့ သဘောပါပဲ ။ အရုပ်ဆိုးတဲ့ ကဗျာအား အရှိကို အရှိအတိုင်း ၊ အဟုတ်ကို အဟုတ် အတိုင်း မရေးဆွဲဘဲ ပန်းချီဆရာက လှအောင် ဆိုပြီး စိတ်ကူးယဉ် ရေးလိုက်ရင်တော့ အဲဒီ ကဗျာ ပျက်စီးမှာ မုချ ။
ဒါကို သူ ဆိုလိုတာပါ ။ ကျွန်တော်ကတော့ လှတာတွေ ၊ စိတ်ကူးယဉ်တာတွေထက် အရုပ်ဆိုးတာကို အရှိကို အရှိအတိုင်း ၊ အဟုတ်ကို အဟုတ်အတိုင်းပဲ ရေးဆွဲချင်တယ် ။ စိတ်ကူးယဉ်ကဗျာဆန်အောင် မရေးဆွဲတတ်ဘူးလေ ။ ဒီအကြောင်းကို ရေးမည်ဆိုရင် စာရှည်ရှည် တစ်ပုဒ် ဖြစ်နိုင်တယ် ။ ကဗျာဆန်တာနဲ့ ကဗျာဟာ ကွဲပြားခြားနား ကြောင်း ကဗျာဖတ်သူများ ရိပ်စားမိကြမှာပါပဲ ။ ကြည့် ၊ အောင်ဆွေ့ကဗျာတွေ ထဲမှာ ဆိုရင် ခံစားချက်တွေကို အနိဋ္ဌာရုံ ပဲဖြစ်ဖြစ် ၊ အရှိကို အရှိအတိုင်း ၊ အဖြစ်ကို အဖြစ်အတိုင်း ရေးဖွဲ့ပြထားတာပဲ ။ ဘဝခံစားချက်တွေကို ၊ ဝေဒနာတွေကို ကြောက်ခမန်းလိလိ ဖြစ်လာအောင် ၊ မြင်လာအောင် ရေးဖွဲ့ သွားတာ များတယ် ။ ဒါကို ကျွန်တော် ဘယ်လို စိတ်ကူးယဉ်နိုင်မလဲ ။
သူ့ ကဗျာတွေဟာ ကျွန်တော့် စိတ်ကို ဘယ်လောက် ချောက်ချားစေသလဲ ဆိုရင် သူက သွေးတွေလို့ ဆိုလိုက်တာနဲ့ ကျွန်တော်က ကျွန်တော့် လက်မောင်းကို ဓားနဲ့ ခွဲပြီး ထွက်လာတဲ့ သွေးစိမ်း ရှင်ရှင်တွေနဲ့ ပန်းချီရေးပြီး “ ဟေ့ အောင်ဆွေ ဒီမှာ ကြည့် ငါ့သွေးအစစ်နဲ့ ရေးထားတာ ရော့ ” ဆိုပြီး ပေးလိုက်မိတဲ့ အထိပင် ဖြစ်ပါတယ် ။ နောက်တစ်ချက်က ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ လက်ဝှေ့ကို ဝါသနာပါကြတယ် ။ သိုင်းကစားတာကိုလည်း ကြိုက်နှစ်သက်ကြတယ် ။ အရင်က အခုလို ရာတေး ၊ အာကီဒို ၊ ကွန်ဖူးတို့ သိပ်ခေတ်မစားသေးပါ ။
မြန်မာ့သိုင်း ၊ ဓားသိုင်း ၊ တုတ်သိုင်းလောက်ပဲ သိကြသေးတယ် ။ အဲဒီ အချိန်မှာ အောင်ဆွေက လွမ်းလိပ်ပြာတောင် ဆိုတဲ့ ကဗျာရှည်ကြီးထဲ မှာ မြန်မာ့ဓားသိုင်း အကွက်တွေကို ကွက်ကွက်ကွင်းကွင်း ပေါ်လာအောင် ရေးဖွဲ့သွားဖူးသည် ။ မည်မျှလောက် သရုပ်ပေါ်သလဲ ဆိုရင် နားထဲမှ ဓားခတ်သံတွေ ၊ ချွင်ခနဲ ချက်ခနဲတောင် ကြားယောင် လာမိလောက်အောင်ပါပဲ ။ ဒီကဗျာထဲက သရုပ်ဖော်ပုံတွေကို ကျွန်တော်ပဲ ရေးဆွဲပေးရပါတယ် ။
ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ လက်ဝှေ့ ဝါသနာ ပါသလို လက်ဝှေ့ပွဲကြိုက်ကြသူတွေ ဖြစ်ပါတယ် ။ နိုင်ငံကျော် လက်ဝှေ့သမား နှင့် နောင် နည်းပြဆရာ ဒိုင်လူကြီး ဖြစ်လာတဲ့သူ တစ်ဦးနဲ့လည်း အင်မတန်ခင်ကြတယ် ။ သူကတော့ ကွယ်လွန်သူ ကျားဘညိမ်း ပဲ ။ ကျားဘညိမ်း ဟာ ကျွန်တော်တို့ အိမ်တွေ ကိုလည်း အခေါက်ပေါင်းများစွာ ရောက်ဖူးသလို ကျွန်တော်တို့ ကလည်း သူ့လက်ဝှေ့ကြိုးဝိုင်းတွေကို ရောက်ဖူးတယ် ။ တခြား လက်ဝှေ့ကျော်တွေနဲ့လည်း သိကျွမ်းရ ပြန်တယ် ။ အေးကို ၊ ကြည်ထွန်း ၊ မြေပွေး သိန်းမောင် တို့ပဲ ။
တစ်ခါတစ်ခါလည်း ကျွန်တော်ကိုယ်တိုင် လက်ဝှေ့ဒိုင်လူကြီး လုပ်ခဲ့ဖူးတယ် ။ အဲဒီအခါမှာ အောင်ဆွေ က ကြိုးဝိုင်းအောက်မှာ သူကျွမ်းသည့် ကာရန်တွေ ၊ နဘေတွေနဲ့ ရန်သူခေါ် ကြိမ်းချင်းတွေ အော်ဟစ်ပြီး ကြေညာတဲ့ သူ ဖြစ်ပြန်ရော ။ ကြုံတုန်း ပြောရဦးမယ်ဆိုရင် အောင်ဆွေ နဲ့ ကျွန်တော် ဟာ လက်ဝှေ့ဝါသနာပါရုံမက ၊ ကြိုးဝိုင်းထဲမှာ ရော ၊ အပြင်မှာပါ လက်ဝှေ့ရေးပြခဲ့ဖူးတယ် ။ နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက် သိပ်ခင်ကြ ချစ်ကြပေမဲ့ မကြာခဏ အကြီးအကျယ် ရန်ဖြစ်ကြ ပြီး သ,တ်သည် ၊ ပုတ်သည် အထိ ဖြစ်ကြတာပဲ ။ ကျွန်တော့် ဘယ်လက်ဖျံမှာ အောင်ဆွေ နှစ်တစ်လက်မ တုတ်နဲ့ ရိုက်လို့ သေအထိပါမယ့် ဒဏ်ရာကြီး ရှိသလို ကျွန်တော် ထိုးလို့ အောင်ဆွေ နှာခေါင်းရိုး ကျိုးသွားတာ သူသေတော့ ပါသွားရောပဲ ။
ကျွန်တော်တို့ ဟာ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပဲ ။ ဒါက မမူးခင် ။ အရက်ဝင်လို့ မူးပြီ ဆိုတာနဲ့ ချစ်တာတွေ ဘယ်ရောက်ကုန်မှန်း မသိတော့ ။ သူသေကိုယ်သေ ရိုက်ကြသ,တ်ကြ တော့တာပဲ ။ ဖြစ်တုန်းက ဖြစ်ကြပေမဲ့ ပြီးသွားရင် နှစ်ယောက်သား ဖက် ငိုချင် ငိုကြတာပဲ ။
အောင်ဆွေ ၊ အောင်လင်း ၊ အောင်စိုး တို့ သုံးယောက် ဟာ အောင် သုံးအောင်ပဲ ။ အနုပညာခံယူချက်တွေက ပြင်းထန်သည် ။ မိမိတိုင်းပြည်နဲ့ မိမိလူမျိုးကို အသည်းထဲနှင့် အောင် ချစ်ကြသူတွေ ။ ဘယ့်နှယ်ဘယ့်နှယ် လူမိုက်တွေ ဖြစ်ကုန်ကြသလဲ မသိတော့ပါ ။ ဆရာဦးသုခက မိုက်တယ် ဆိုတာ လွယ်ပါတယ် ဆိုပြီး ကားတစ်ကားရိုက်တယ် ။ မကြည့်လိုက်ရလို့ ကားအကြောင်းတော့ မသိပါ ။ ကျွန်တော့်အဖို့တော့ “ လိမ္မာတယ်ဆိုတာ လွယ်ပါတယ် ” လို့ပဲ ကား တစ်ကား ရိုက်ချင်တယ် ။ မိုက်တယ်ဆို တာ အင်မတန်မှ ခက်ပါတယ် ။ မလွယ်ပါဘူး ။ မိမိကိုယ်တိုင် မမိုက်ဖူးရင် မိုက်တယ်ဆိုတာ လွယ်ပါတယ်လို့ ထင်မှာပါ ။ လိမ္မာတယ် ဆိုတာ ကတော့ ကျွန်တော်တို့ ငယ်စဉ်က မိုက်ချင်တိုင်းမိုက် ၊ ဆိုးချင်တိုင်းဆိုးပြီး ပေတေခဲ့ပေမယ့် အခု ကျွန်တော်တို့ လိမ္မာကြပါပြီ ။ သုံးယောက်စလုံး ပုတီးတွေကိုယ်စီနဲ့ ဖြစ်ကုန်ကြပါ ပြီ ။ ဒီအခါကျမှပဲ အောင်ဆွေ နဲ့ အောင်လင်း တို့ မရှိတော့ဘူး ။
အောင်လင်း လည်း သေပြီ ။
အောင်ဆွေ လည်း သေပြီ ။
ကျွန်တော် တစ်ယောက်တည်း ကျန်နေရတဲ့ အခါ သူတို့ နှစ်ယောက်စလုံးကို တမ်းတရပါတယ် ။ ဒီတော့မှ အဖော် ဆိုတဲ့ အနှစ်သာရကို လေးလေးနက်နက် သဘောပေါက်ရပါတယ် ။ အထူးသဖြင့်ကတော့ ကျွန်တော် နဲ့ နှစ်ကိုယ့်တစ်စိတ် အောင်ဆွေ ကို ပိုလို့ တမ်းတရတယ် ။ အောင်ဆွေ ဟာ ကျွန်တော် ဆေးရုံအစုံ လျှောက်တက်နေရတဲ့ အချိန်မှာ ကျွန်တော် သေရင် ကျွန်တော့်အကြောင်း ရေးဖို့ ဆိုပြီး ရောက်ရောက် လာတတ်တယ် ။
အခု သူ ဆေးရုံရောက်နေတဲ့ အချိန်မှာ ကျွန်တော့်ဇနီး ကို မှာတယ် ။ ကျွန်တော် လာမကြည့်ပါစေနဲ့ တဲ့ ။ သူ နေကောင်းပါတယ်တဲ့ ကျွန်တော်က သူ့လောက် စိတ်ဓာတ် မခိုင်မာဘူး ။ ဝမ်းနည်းတတ်လို့ နေမှာပါပဲ ။
ကျွန်တော် သေရင် ကျွန်တော့်အကြောင်း ရေးမယ်ဆိုတဲ့ အောင်ဆွေ ကတော့ ကျွန်တော့်အကြောင်း ရေးမသွား နိုင်ရှာတော့ဘူး ။ ကျွန်တော် ကသာ သူ့အကြောင်း ရေးနေရပြီ ။
ကျားဘညိမ်း ...
အောင်လင်း ...
အောင်ဆွေ ...
မင်းဏီ ...
စတဲ့ ကိုလူချောတို့ ကတော့ တစ်ယောက်ပြီး တစ်ယောက် ပြန်နှင့် ကြပြီ ။
အောင်ဆွေရေ ...
မင်းရေးတဲ့ ...
အလှကိုရှာ
ဘယ်မှာမှ မတွေ့ ။
တစ်နေ့ အချိန်တန်တော့
ဆူညံညံ ငိုသံကြားရတယ်
ရထားရွေ့ ရွေ့ ။ ။
နောက်ဆုံးရထား ကဗျာလေးလိုပဲ မင်းရဲ့ နောက်ဆုံး ရထားကတော့ တရွေ့ရွေ့ ထွက်ခွာသွားပြီ ။ အလိမ္မာ ကြွယ်ဝလှတဲ့ လူ့လောကထဲမှာ ကျန်ရစ်ခဲ့တဲ့ အသက်ခြောက်ဆယ်ကျော် လူမိုက်အဘိုးကြီး ကပဲ လက်ပြနှုတ်ဆက် လိုက်ရပါတယ် သူငယ်ချင်းရေ ... ။
▢ ဗဂျီအောင်စိုး
📖 သဘင် မဂ္ဂဇင်း
မေလ ၊ ၁၉၈၅ ခုနှစ်
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
မေလ ၊ ၂ဝ၁ဝ ပြည့်နှစ်

No comments:
Post a Comment