Wednesday, December 10, 2025

အဗ္ဗဒူကာစင် နှင့် ဖိနပ်

 

❝ အဗ္ဗဒူကာစင် နှင့် ဖိနပ် ❞
             ( ပုံပြင် )

ဟိုရှေးရှေးတုန်းက အီဂျစ်ပြည်မှာ အဗ္ဗဒူကာစင် ဆိုတဲ့ ကုန်သည်ကြီး တစ်ယောက် ရှိတယ် ။ သူနေတဲ့ မြို့မှာ ဆိုရင် သူက အချမ်းသာဆုံးပဲ ။ သူ့မှာ ရွှေသေတ္တာ ၊ ငွေသေတ္တာတွေ ရှိတယ် ။ သူ့ ဂိုဒေါင်တွေမှာ ဆိုရင် အဖိုးတန် ပစ္စည်းတွေနဲ့ ပြည့်နေတာပဲတဲ့ ။ ဒါပေမယ့် သူဟာ သိပ် ကပ်စေးနည်းပြီး စွန်ပလွန်သီး နဲ့ ပေါင်မုန့်ပဲ နေ့တိုင်း စားတယ် ။ သူ့အဝတ်တွေ ကလည်း သူတောင်းစား တစ်ယောက်လောက်တောင် မပြောင်ဘူး ။ အဝတ် တစ်ထည် ဝယ်ပြီးရင် အဲဒီ တစ်ထည်တည်း ကိုပဲ ဆယ်နှစ် ဝတ်တယ် ။ သူ စီးထားတဲ့ ဖိနပ်ကြီးဆိုတာ အနှစ် သုံးဆယ်လောက် ရှိပြီတဲ့ ။ ဖိနပ်မှာ အပေါက်ကလေး တစ်ပေါက် ဖြစ်လာရင် ဖိနပ်ပြင်တဲ့ လူဆီ သွားပြီး သားရေအစ နဲ့ အပေါက်ကို ဖာခိုင်းတယ် ။ အပေါက် ပေါက်တိုင်း ပေါက်တိုင်း သားရေစနဲ့ ထပ်ထပ်ဖာထားလို့ မြို့ထဲမှာဆို သူ့ဖိနပ်ဟာ အကြီးဆုံးပဲ ။ သူ့ကို လူတွေက မြင်ရင် ရယ်မောကြတယ် ။ “ ကြည့်စမ်းပါဦး ၊ အဗ္ဗဒူကာစင် က တစ်ဝက် ၊ ဖိနပ်က တစ်ဝက်ပဲ ” လို့ လှောင်ပြောင်ကြသတဲ့ ။

အဲဒီလို ပြောင်လှောင်ကြတာကို ကြားရတော့ သူ့မိတ်ဆွေကုန်သည် တစ်ယောက်က စိတ်မကောင်းဘူး ။ ချမ်းသာတဲ့ ကုန်သည် တစ်ယောက် မဝတ်ထိုက်တဲ့ ဖိနပ်ကို မဝတ်တတ်အောင် အဗ္ဗဒူကာစင် ကို သင်ခန်းစာ ပေးဦးမှပဲလို့ တွေးပြီး မိတ်ဆွေကုန်သည်ဟာ ဈေးထဲကို ထွက်ခဲ့ပါတယ် ။ ဈေးထဲက အပျော့ပျောင်းဆုံး သားရေကို ရွှေချည်ငွေချည်နဲ့ ချုပ်ထားတဲ့ ဖိနပ် တစ်ရံဝယ်ပြီး အဗ္ဗဒူကာစင် နောက်ကို လိုက်ခဲ့တယ် ။ အဲဒီအချိန်မှာ အဗ္ဗဒူကာစင် ဟာ ဘုရားရှိခိုးကျောင်းထဲကို ဝင်သွားပြီး သူ့ဖိနပ်ကို အပြင်မှာ ချွတ်ထားတော့ မိတ်ဆွေကုန်သည်က အဗ္ဗဒူကာစင်ဖိနပ် နေရာမှာ သူဝယ်လာတဲ့ ဖိနပ် အသစ်ကို ထားလိုက်တယ် ။ အဗ္ဗဒူကာစင် ရဲ့ ဖိနပ်ကြီးကိုတော့ ယူပြီး ပြန်ထွက်လာခဲ့သတဲ့ ။

ဘုရားရှိခိုးပြီး ထွက်လာတော့ သူ့ဖိနပ်ကို မတွေ့လို့ အဗ္ဗဒူကာစင်ဟာ တော်တော် ဒေါသ ဖြစ်သွားတယ် ။ သူ့ဖိနပ် ကိုတော့ သူခိုး ခိုးသွားပြီပေါ့ ။ ဒါပေမယ့် လူတွေအားလုံး ပြန်သွား တဲ့အခါ ဖိနပ်အသစ် တစ်ရံ ကျန်နေတာကို တွေ့ရတော့ တစ်ယောက်ယောက်တော့ ဖိနပ်မှား စီးသွားတာပဲလို့ ထင်ပြီး ကျန်တဲ့ ဖိနပ်ကို ဝတ်ကြည့်တယ် ။ ဖိနပ်ဟာ သူ့ခြေထောက်နဲ့ အတော်ပဲ ။ ဖိနပ်မှားတဲ့ လူဟာ အတော် နမော်နမဲ့ နိုင်တာပဲလို့ ထင်ပြီး အဲဒီ ဖိနပ်ကိုပဲ စီးလာခဲ့တယ် ။ လမ်းကျတော့ ချိုင့်တွေ ကမူတွေ ရှိလို့ နှမြောပြီး မစီးရက်လို့တောင် ဖိနပ်ကို ချွတ်ကိုင်ခဲ့သတဲ့ကွယ် ။ မိတ်ဆွေကုန်သည်လည်း ဖိနပ်ကြီးကိုင်ပြီး ဘာလုပ်ရပါ့မလဲလို့ တွေးလာရင်း သူတောင်းစား တစ်ယောက်ကို တွေ့တော့ အဲဒီ ဖိနပ်ကြီးကို ပေးလိုက်တယ် ။ သူတောင်းစားက သူ စီးထားတဲ့ ဖိနပ် လောက်တောင် မကောင်းလို့ အဲဒီ ဖိနပ်ကြီးကို မယူလိုက်ဘူးတဲ့ကွယ် ။ ဒါနဲ့ မိတ်ဆွေ ကုန်သည်လည်း ဖိနပ်ကြီးကို ကိုင်ပြီး ဆက်လာလိုက်တာ လက်တွေတောင် ညောင်းလာလို့ အဲဒီ ဖိနပ်ကြီးကို အိမ်ဝင်း တစ်ခုထဲ ပစ်ထည့်လိုက်သတဲ့ ။

နေ့လယ်နေ့ခင်း ဆိုတော့ လူတွေဟာ အမောအပန်း ဖြေနေကြလို့ မြို့ကြီးဟာ တိတ် ဆိတ်နေတယ် ။ ဖိနပ်ကြီး ပစ်ထည့်ခဲ့တဲ့ အိမ်ကြီးဟာလည်း တိတ်ဆိတ်နေသတဲ့ ။ အဲဒီအိမ်ကြီးက ကုန်သည်ကြီး ဆိုရင် ညနေကျမှ အိမ်ပြန်လာတယ် ။ ညနေ ရောက်လို့ ကုန်သည်ကြီးလည်း အိမ်ပြန်လာရော ၊ သူ့ ဝင်းထဲမှာ ဖိနပ်စုတ်ကြီး တစ်ရံကို တွေ့တော့တာပဲ ။ ဒီဖိနပ်ဟာ ဘယ်သူ့ ဖိနပ်လည်း ဆိုတာ ကောင်းကောင်း သိတော့ ဖိနပ်ကြီး ကောက်ပြီး အဗ္ဗဒူကာစင် ဆီကို လာတော့တာပဲတဲ့ ။ အိမ်ရှေ့လမ်းပေါ်မှာ ထွက်နေတဲ့ အဗ္ဗဒူကာစင် ကိုလည်း တွေ့ရော မုတ်ဆိတ်မွေး ဆွဲပြီး ကုန်သည်ကြီးက ရိုက်တော့တာပဲ ။ ဘေးက လူတွေက ဖြန်ဖြေပြီး “ မရိုက်ကြပါနဲ့ ၊ တရားသူကြီးဆီ သွားကြပါ ” လို့ ပြောပြီး တရားသူကြီးထံ လွှတ်လိုက်ကြသတဲ့ ။

တရားသူကြီးထံ ရောက်တော့ ဖြစ်ပျက်ပုံကို ပြောပြကြတယ် ။ ဖိနပ် ကောက်လာတဲ့ ကုန်သည်ကြီးက ဦးစွာ ပြောပြတယ် ။ အဗ္ဗဒူကာစင်ဟာ သူ့ အိမ်ထဲကို ဝင်ပြီး မကောင်းကြံစည်ပါတယ် ။ သူ ပြန်လာတာ ကြားတာနဲ့ ထွက်ပြေးတာ ဖိနပ်ကြီးကို မသယ်နိုင်လို့ ထားခဲ့ပါတယ်လို့ ပြောပြီး ဖိနပ်ကြီးကို တရားသူကြီးအား ပြလိုက်တယ် ။ အဗ္ဗဒူကာစင် ကလည်း ဘုရားရှိခိုးကျောင်းမှာ သူ့ဖိနပ်ကြီး ပျောက်သွားတဲ့ အကြောင်းနဲ့ ဖိနပ်သစ်တစ်ရံ တွေ့တဲ့အကြောင်းကို ပြောပြပါတယ် ။ တရားသူကြီး ကတော့ အဗ္ဗဒူကာစင် ပြောပြတာကို မယုံဘူး ။ ကုန်သည်ကြီး ပြောတဲ့ အတိုင်းပဲ ထွက်ပြေးတဲ့အခါ မသယ်နိုင်လို့သာ ဖိနပ်ကြီး ကျန်ခဲ့တာပဲလို့ ယူဆပြီး အဗ္ဗဒူကာစင် ကို ကြိမ်ဒဏ် ငါးဆယ်ပေးဖို့ အမိန့်ချလိုက်တယ် ။ တရားသူကြီးရဲ့စစ်သားတွေက အဗ္ဗဒူကာဝစင်ကို ကြိုးနဲ့တုပ်ပြီး ကြိမ်နဲ့ အချက်ငါးဆယ် ရိုက်ကြတယ် ။ ကုန်သည်ကြီးလည်း ကြိမ်နဲ့ ရိုက်တာကို ကျေနပ်စွာ ကြည့်ပြီးနောက် မကောင်းတာ မလုပ်ဖို့ ပြောသွားလိုက်သေးသတဲ့ ။ အဗ္ဗဒူကာစင် ဟာ မျက်ရည်တွေတွေ ကျပြီး ပြန်လာရင်း မကောင်းကျိုးပေးတဲ့ ဖိနပ်ကြီးကို အမှိုက်ပုံမှာ လွင့်ပစ်ခဲ့တယ် ။ အိမ်ရောက်တော့ မောမောပန်းပန်းနဲ့ အိပ်ရာပေါ် လှဲလိုက်တာ တစ်ခါတည်း အိပ်ပျော်သွားပါရော ။

အဗ္ဗဒူကာစင် မှာ ခွေးတစ်ကောင် ရှိသတဲ့ ။ သူက အစာမကျွေးလို့ အဲဒီ ခွေးဟာ အမှိုက်ပုံ သွားသွားပြီး အစာရှာ စားရရှာတယ် ။ အဲဒီနေ့က အစာသွား ရှာတဲ့အခါ အဗ္ဗဒူကာစင်ရဲ့ ဖိနပ်ကြီးကို တွေ့ရတယ် ။ အဗ္ဗဒူကာစင် က အစာ မကျွေးပေမယ့် ခွေးကတော့ သူ့ကို ခင်နေရှာသတဲ့ ။ ခွေးဟာ အစာတောင် မရှာသေးဘဲ အမှိုက်ပုံမှ ဖိနပ်ကြီး တစ်ဖက်ကို ချီလာပြီး အဗ္ဗဒူကာစင် ရဲ့ အိပ်ရာဘေးမှာ ထားလိုက်တယ် ။ နောက်တစ်ခေါက် သွားပြီး ကျန်တဲ့ တစ်ဖက်ကိုလည်း ချီလာပြီးမှ အစာရှာဖို့ အမှိုက်ပုံကို ပြန်သွားသတဲ့ ။ အဗ္ဗဒူကာစင် နိုးတော့ အိပ်ရာဘေးမှာ သူ့ဖိနပ်ကြီး ကိုလည်း မြင်ရော တော်တော်ပဲ ထိတ်လန့်သွားတယ် ။ ဒီဖိနပ်ဟာလည်း သူ့ဘာသာသူ ပြန်လာတတ်ပါလားလို့လည်း တွေးပြီး အံ့ဩ သွားတယ် ။ ဖိနပ်ကြီး ရှိရင်တော့ မကောင်းကျိုးပေးဦးတော့မှာပဲလို့ ကြောက်ပြီး ဖိနပ်ကြီးကိုကိုင်ကာ အိမ်ဝင်းထဲကို ဆင်းခဲ့တယ် ။ အမှိုက်တွေ စုပုံ မီးရှို့ပြီး ဖိနပ်ကြီး ကိုလည်း မီးပုံထဲ ပစ်ထည့်လိုက်ရောတဲ့ ။

အဗ္ဗဒူကာစင် အိမ်ထဲက မီးခိုးတွေဟာ အလိပ်လိုက် အလိပ်လိုက် ထွက်လာတာကို မြင်ကြလို့ အိမ်နီးချင်းတွေဟာ ပြေးလာကြတယ် ။ ရေတွေ ခပ်လောင်းပြီး မီးပုံကြီးကိုလည်း သတ်လိုက်ကြတယ် ။ မီးပုံကြီးမှာ မီးတွေ သေသွားပေမယ့် အိမ်ရှေ့မှာ ထိုးထားတဲ့ ကု,လားဖျဉ်း ကိုတော့ မီးစွဲသွားသတဲ့ ။ ကု,လားဖျဉ်း ကနေ အိမ်ကိုလည်း မီးကူးပြီး လောင်တာကိုတော့ မသတ်နိုင်ကြတော့ဘူး ။ အိမ်မီးလောင်ကျသွားလို့ အဗ္ဗဒူကာစင် ဟာ စိတ်ပျက်လက်ပျက် ဖြစ်နေရင်း ဖိနပ်ကြီး မီးမလောင်ဘဲ ကျန်နေတာကိုလည်း မြင်ရော အသည်းတွေအူတွေ တုန်အောင် ကြောက်သွားရှာတယ် ။ အိမ်နီးနားချင်းတွေ မီးလာသတ်တော့ မီးပုံထဲမှာ မီးမလောင်သေးတဲ့ ဖိနပ်ကြီးကို ဆယ်ခဲ့ကြတာကိုး ။

အမှိုက်ပုံထဲ လွှင့်ပစ်လို့လည်း မရ ၊ မီးရှို့လို့လည်း မရတဲ့ ဖိနပ်ကြီးကို ဘယ်လိုဖျောက် ဖျက်ပစ်ရပါ့မလဲလို့ အဗ္ဗဒူကာစင် ဟာ ကျောင်းဆရာကြီးတစ်ယောက်ကို သွားမေးတယ် ။ ဆရာကြီးက မြို့ပြင်ထွက်ပြီး မြေကြီးထဲ မြှုပ်လိုက်ရင် ပျောက်ပျက်သွားမှာပဲလို့အကြံပေးလိုက်တာနဲ့ အဗ္ဗဒူကာစင် ဟာ ဖိနပ်ကြီး ကိုင်ပြီး မြို့ပြင် ထွက်ခဲ့တယ် ။ တော်တော်လေး ဝေးလာတော့ တွင်း တစ်တွင်း တွေ့တာနဲ့ အဲဒီ တွင်းထဲကို ဖိနပ်ကြီး ထည့်ပြီး မြေဖို့လိုက်တယ် ။ ဖိနပ်ကြီးကတော့ သူ့ ကို ဒုက္ခပေးတော့မှာ မဟုတ်ဘူးလို့ တွေးပြီး စိတ်အေးလက်အေးနဲ့ အိမ်ပြန်လာခဲ့တယ် ။

စိတ်အေးလက်အေးနဲ့ တစ်ရက်ပဲ နေရပါသေးတယ် ။ တရားသူကြီးရဲ့ စစ်သားတွေ လာဖမ်းတာနဲ့ အဗ္ဗဒူကာစင်ဟာ တရားသူကြီးရုံးကို တဖန် ရောက်ရပြန်တယ် ။ ရုံးရောက်တော့ တရားသူကြီး ထံမှာ သူ့ဖိနပ်ကြီးကို တွေ့ရပြန်တယ် ။ ဖိနပ်ကြီး မြင်တာနဲ့ အဗ္ဗဒူကာစင်ဟာ ဘယ်လောက်များကြောက်သွားသလဲဆိုရင် သူ့ရဲ့ မျက်လုံးတွေဟာ ပြာသွားပြီး ပတ်ဝန်းကျင် ကိုတောင် ဘာမှ မမြင်သလို ဖြစ်သွားရှာသတဲ့ ။ ဖိနပ်ကြီးဟာ မြေကြီးထဲက ဘယ်လိုများ ထွက်လာခဲ့ပါလိမ့်နော် ။

လွန်ခဲ့တဲ့ သုံးရက်လောက်က တခြားမြို့က ကုန်သည် နှစ်ယောက်ဟာ ဒီမြို့ကို ရောက် လာကြသတဲ့ ။ မြို့ထဲမှာ သူခိုးတွေရှိမှာပဲလို့ တွေးပြီး သူတို့နဲ့ ပါလာတဲ့ ရွှေဒင်္ဂါးတွေကို မြို့ပြင်မှာ တွင်းတူးပြီး မြှုပ်ခဲ့ကြတယ် ။ အဲဒီလို မြှုပ်တာကို သူခိုးတစ်ယောက်က စောင့်ကြည့်ပြီး ကုန်သည် နှစ်ယောက်လည်း မြို့ထဲဝင်သွားရော ရွှေဒင်္ဂါးတွေကို ဖော်ယူလိုက်သတဲ့ ။ ကုန်သည်တွေလည်း မြို့ထဲမှာ သုံးရက် နေကြပြီး အပြန်မှာ သူတို့ ရွှေဒင်္ဂါးတွေကို ပြန်ဖော်တော့ ရွှေဒင်္ဂါးတွေကို မတွေ့တော့ဘဲ ဖိနပ်စုတ်ကြီး တစ်ရံသာ တွေ့လို့ အဲဒီ ဖိနပ်ကြီးကို တရားသူကြီး ထံ ယူလာပြီး အမှုတိုင်ကြတာကိုး ။ တရားသူကြီးလည်း ဖိနပ်ကြီးကို မြင်ရင်ပဲ သူခိုးကို သိတယ်ဆိုပြီး အဗ္ဗဒူကာစင် ကို အဖမ်း ခိုင်းလိုက်တော့တာပဲ ။ ရွှေဒင်္ဂါးတွေ ယူတဲ့ သူခိုး ဖော်သွားတဲ့ တွင်းမှာ အဗ္ဗဒူကာစင်ဟာ သူ့ဖိနပ်ကြီးကို မြှုပ်မိခဲ့ပေသကိုး ။

တရားသူကြီးက “ ယခင် အမှု အတွက်တော့ ကြိမ်ဒဏ် ငါးချက်သာ အပြစ်ဒဏ်ကို လျှော့ပေးခဲ့ပေမယ့် နောက်တစ်ခါ အပြစ် ထပ်မံ ကျူးလွန်တဲ့ အတွက် ဒီတစ်ခါတော့ အပြစ်ဒဏ်ကို လျှော့မပေးနိုင်ဘူး ။ အဗ္ဗဒူကာစင်ဟာ ရွှေဒင်္ဂါးတွေ ခိုးကြောင်း ၊ သက်သေခံ ပစ္စည်းလည်း ရှိနေတဲ့အတွက် ရွှေဒင်္ဂါး တစ်ထောင်လည်း ပေးလျော်ရမယ် ။ သူခိုး ဖြစ်မှန်း လူတွေသိအောင် လည်း အဗ္ဗဒူကာစင် ရဲ့ ညာဘက်လက်ကို ဖြတ်ပစ်ရမယ် ” လို့ ပြင်းပြင်းထန်ထန် အမိန့်ချမှတ် လိုက်သတဲ့ ။

အဗ္ဗဒူကာစင် က ဘယ်လိုပဲ ရှင်းပြပေမယ့် တရားသူကြီးက မယုံကြည်ဘူး ။ တောင်း ပန်လို့လည်း မရတော့ဘူး ။ တရားသူကြီးရဲ့ စစ်သားတွေက သူ့ကို ချုပ်ပြီး ညာဘက်လက်ကို ဖြတ်ပစ်လိုက်ကြတယ် ။ ရွှေဒင်္ဂါး တစ်ထောင် ကိုလည်း ပေးလျော်လိုက်ရရှာတယ် ။

အိမ်ပြန် ရောက်တော့ အိမ်လည်း မီးလောင်သွားပြီ ။ လက် တစ်ဖက်လည်း အဖြတ် ခံရတယ် ။ ဒီမြို့မှာ နေရင်ဖြင့် ဖိနပ်ကြီးက အန္တရာယ် ပေးဦးမှာပဲလို့ တွေးကြောက်ပြီး ကျန်တဲ့ရွှေ ဒင်္ဂါးတွေ ထုပ်ပိုးကာ တစ်မြို့တစ်ရွာ ပြောင်းသွားဖို့ ထွက်ခဲ့တယ် ။ သူဟာ လှေကလေး တစ်စင်း ကို ရွက်တိုက်လာခဲ့တယ် ။ လေပြင်းပြင်း တိုက်လာတဲ့ အခါမှာတော့ ကျန်တဲ့ ဘယ်လက်တစ် ဖက်တည်းနဲ့ ရွက်ကို မထိန်းနိုင်ဘဲ လှေမှောက်ပါရော ။ လှိုင်းတွေကလည်း ကြီး ၊ လက်တစ်ဖက် တည်းမို့ ရေလည်း ကောင်းစွာ မကူးနိုင်ဖြစ်ပြီး အဗ္ဗဒူကာစင် ဟာ ရေထဲ မြုပ်သွားပါလေရောကွယ် ။

နောက်တစ်နေ့မှာ လှိုင်းတွေက ပုတ်လို့ အဗ္ဗဒူကာစင် ရဲ့ ကိုယ်ဟာ ကမ်းစပ်မှာ လာ တင်နေတယ် ။ မြစ်ဆိပ် ဆင်းလာတဲ့ လူတွေက မြင်တော့ သူ့ကိုယ်ကို မြေမြှုပ်သဂြိုဟ်ဖို့ လုပ်ကြတယ် ။ ဒီတော့ လူတစ်ယောက်က ပြောတယ် ။ “ လူသေလို့ မြေမြှုပ်ရင် ကိုယ်လက်အင်္ဂါ အပြည့်အစုံ ရှိရတယ် ၊ အဗ္ဗဒူကာစင် ကို လည်း သူ့ညာဘက်လက်နဲ့အတူ မြှုပ်ရမယ် ၊ ဖြတ်ထားတဲ့ သူ့လက်ကို သွားရှာကြရအောင် ” တဲ့ ။ တခြားတစ်ယောက် ကလည်း ပြောပြန်တယ် ။ “ အဗ္ဗဒူကာစင် ဟာ သူ့ညာဘက်ကို ဘယ်တော့မှ အသုံး မပြုခဲ့ဘူး ၊ ဆင်းရဲသားတွေကို တစ်ကြိမ် တစ်ခါမှ မပေးကမ်း မစွန့်ကြဲခဲ့ဘူး ၊ သူ့ဖိနပ်ကြီးသာ သူ့ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်း တစ်ခုပဲ ။ အဲဒီဖိနပ်ကြီး ဟာ သူ မွေးကတည်းက ဝတ်လျက် ပါလာတဲ့ ဖိနပ် ဖြစ်ရင်ဖြစ်မယ် ။ သူ့ကို ဒီဖိနပ် မပါဘဲနဲ့ ဘယ်သူကမှ တစ်ခါမျှ မမြင်ဖူးဘူး ။ သူ့အသက် ကြီးကြီးလာသလို ၊ ဖိနပ်ဟာလည်း ကြီးကြီးလာတာပဲ ” လို့ ပြောတာနဲ့ သူ့ဖိနပ်ကြီးကို သွားရှာကြတာ သူ့အိမ်ထဲမှာပဲ တွေ့ကြတယ် ။ ဖိနပ်ကြီးကို ယူလာပြီး အဗ္ဗဒူကာစင် ခြေထောက်မှာ ဝတ်ပေးကြတယ် ။ နောက်ပြီး တစ်ကိုယ်လုံးကို ပိတ်ဖြူ နဲ့ပတ်ပြီး သင်္ချိုင်းကို သယ်ယူလာကြတယ် ။ လမ်းမှာ တွေ့သူတွေက “ ဘယ်သူ့ အသုဘကို ပို့ ကြတာလဲ ” လို့ မေးကြတော့ သူတို့ ပို့တာ အဗ္ဗဒူကာစင် က တစ်ဝက် ၊ ဖိနပ် က တစ်ဝက်လို့ ဖြေကြသတဲ့ကွယ် ။

( ဘာသာပြန် )

〇 တင်ကြီး
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၃ ၊ အောက်တိုဘာ

No comments:

Post a Comment