Tuesday, December 30, 2025

အရောင်မဲ့ ... လိပ်ပြာ


 

❝ အရောင်မဲ့ ... လိပ်ပြာ ❞ 
         ( သွန်းသစ္စာ )

ညနေခင်း လေညင်းကလေးက ဝေ့ဝေ့ဝဲဝဲ တိုက်ခတ်လျက်ရှိသည် ။

ကျွန်တော်သည် တစ်ယောက်တည်း လမ်းလျှောက်ရင်း ပြုံးနေမိသည် ။ မန်နေဂျာက ဒီနေ့မှ စိတ်ကောင်း ဝင်နေ၍ ရုံးကို စောစီးစွာ ပေးဆင်းလေသည် ။ ထို့ကြောင့် ကျောင်းလာကြိုရန် ခဏခဏ ပူဆာနေသော သား၏ ဆန္ဒကို သည်နေ့တွင် ဖြည့်ဆည်းပေးရမည် ။ သား အကြောင်း တွေးမိသည်နှင့် အလိုလို တက်ကြွ၍ ခြေလှမ်း များ ပေါ့ပါးသွက်လက်လာသည် ။

မထင်မှတ်ဘဲ ကျွန်တော့်ကို မြင်လျှင် တအံ့တသြ ဖြစ်သွားပြီး သွားကျိုးကလေးများ ပေါ်သည်အထိ အရယ် မရပ်နိုင်ဘဲ ပျော်နေမည်မှာ မလွဲ ။

“ တစ်ရက်တလေလောက် ရှင် စောစောပြန်လာပါ လား ။ သားကို ကျောင်းသွားကြိုတဲ့အချိန် အဖေတစ်ယောက်တည်းကို အိမ်မှာ ထားခဲ့ရတာ ကျွန်မ စိတ်မချဘူး ”

မနက် အလုပ်သွားခါနီး ပြောလိုက်သော သား အမေ၏ စကားကြောင့် ဒုတိယမြောက် ကျွန်တော် ပြုံးမိပြန်သည် ။ အိမ်အပြန်နောက်ကျတတ်သည့် ကျွန်တော့်ကို ချော့တစ်ခါ ၊ ခြောက်တစ်လှည့် သားအမေက စည်းရုံးလျှင် သားက သူ့အမေဘက်က စစ်ကူဝင်တိုက်ပေးသည် ။

“ ဟုတ်တယ် ... ဖေဖေရ ။ ဂျစ်တူးတို့ အဖေနဲ့ ပြန်တဲ့နေ့ကဆို ဆရာမက ဒါ သားအဖေလားလို့တောင် မေးတယ် ။ သားကို ဖေဖေ လာကြိုပါလားဟင် ”

ကျွန်တော့် ပေါင်ပေါ်တွင် ထိုင်ပြီး နှုတ်ခမ်းစူကာ ပြောခဲ့သော သား၏ စကားကြောင့် ကျွန်တော်တို့ လင်မယားနှစ်ယောက် အတောမသတ် ရယ်ရသေးသည် ။ အိမ်မှုကိစ္စများသာမက မကျန်းမာသော ကျွန်တော့် ယောက္ခထီး၏ ဝေယျာဝစ္စများနှင့်ပါ လုံးချာလည်လိုက်နေသော သား၏ အမေသည် သားအနား အချိန်ပြည့် ကပ်မနေနိုင်ချေ ။ ထို့ကြောင့် အလုပ်မှ လွဲ၍ အိမ်၌ အမြဲ ရှိသော ကျွန်တော့်ကိုပင် သားက ပို၍ ခင်တွယ်သည်ဟု ထင်သည် ။ ည အိပ်ရာဝင်ပြီ ဆိုလျှင်လည်း ကျွန်တော် မှ ကျွန်တော်ပင် ။

“ ဖေကြီးရေ ... ရှင့်သားက ကျွန်မ ပြောတဲ့ ပုံပြင် နားမထောင်ချင်ဘူး .. တဲ့ ။ ရှင်ပြောပြမှတဲ့ ။ ကဲ ... ကြွတော် မူပါဦး ”

သားက အခြားကလေးတွေလို အမေချော့တေးတွေကို မကြိုက် ။ ကျွန်တော်ပြောပြသည့် ပုံပြင်များနှင့်သာ အိပ်တတ်သည် ။ ထို့ကြောင့် သားအား ညတိုင်းလိုလို ပုံပြင်ပြောပြရသည် ။

“ သူများကလေးတွေ ဆိုရင် မအေမှ မအေ ၊ သူ့ကျမှ ဖအေကို ခင်တွယ်နေလိုက်တာ မပြောချင်ဘူး ။ သားအဖ နှစ်ယောက်စလုံး အမြင်ကိုကတ်တယ် ”

ချစ်စဖွယ်မျက်စောင်းကလေး ထိုးကာ ပြောလာသော သူ့အမေ၏ စကားကြောင့် ပုံပြင်နားထောင်နေသည့် သားက ကျွန်တော့် ရင်ခွင်ထဲတိုးကာ တခစ်ခစ်ရယ်နေလေသည် ။

ကျွန်တော့်မျက်လုံးထဲတွင် သွားကျိုးကလေးနှင့် စပ်ဖြဲဖြဲလုပ်နေတတ်သည့် သား၏မျက်နှာကို မြင်ယောင်လာသည် ။ သားထံသို့ ရောက်ချင်သည့်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည် ။ ထို့ကြောင့် ခြေလှမ်းများကို မှတ်တိုင်ဆီသို့ ဦးတည်၍ ခပ်သွက်သွက်လှမ်းလိုက်မိသည် ။

••••• ••••• •••••

ရုံးဆင်းချိန်မို့ ကားထဲ၌ ခရီးသည်များ ကျပ်ညပ်နေသည် ။

“ ဘုန်းကြီးလမ်း ပါလား ။ ဆင်းမယ့်လူတွေ ထွက်ထားနော် မှတ်တိုင်ကျော်သွားရင် တာဝန်မယူဘူး ”

စပယ်ယာ၏ ချဉ်တူးတူး စကားသံအဆုံး၌ ကျပ်ညပ်နေသော လူအုပ်ထဲမှ ခရီးသည်တချို့ အလုအယက် တိုးထွက်လာသောကြောင့် အပေါက်ဝတွင် လူများ စုပြုံနေသည် ။

“ အမယ်လေး ဒုက္ခပါပဲ ။ ခါးပိုက်နှိုက်ခံလိုက်ရပြီ ”

အမျိုးသမီးတစ်ဦး၏ ထိတ်ထိတ်ပျာပျာ စကား ကြောင့် “ ဟာ ” ၊ “ ဟင် ”  ၊ “ ဟယ် ” “ ခါးပိုက်နှိုက်ခံရလို့တဲ့ ”  ၊ “ ဒုက္ခပါပဲ ” ။ ကားပေါ်မှ လူအကုန်လုံး စိုးရိမ်တကြီးဖြင့် လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည် ။ ကျွန်တော်လည်း ပတ်ဝန်းကျင်ကို ကြည့်ရင်း သက်မကို အသာချလိုက်ရသည် ။

“ ဟုတ်လို့လားဗျာ ၊ သေသေချာချာလည်း ကြည့်ပါဦး ”

စပယ်ယာ၏ စကားကြောင့် ခရီးသည်အားလုံး၏ အကြည့်များက ထိုအမျိုးသမီးထံသို့ စုပြုံရောက်ရှိသွားကြသည် ။

“ ဟုတ်တယ်ရှင် ၊ ဒီမှာကြည့် ။ ဓားနဲ့ခွဲသွားတာ ။ ဒုက္ခပါပဲရှင် ” ဟုဆိုကာ အိတ်ကိုငုံ့ကြည့်ရင်း ပြောနေသည့် အမျိုးသမီး၏ အသံသည် ငိုသံ ရောစွက်နေသည် ။

“ ဟယ် သနားပါတယ် ”

“ ကောင်မလေးတော့ ဒုက္ခပါပဲ ”

ကားပေါ်ရှိလူများ၏ ကရုဏာသက်ဖွယ်စကားများကလည်း တီးတိုးတီးတိုးဖြင့် နေရာပေါင်းစုံမှ ကားစက်သံနှင့် ရော၍ ထွက်လာသည် ။

“ ကျွန်မပိုက်ဆံအိတ် ပြန်မရရင်တော့ ရဲစခန်းကိုသာ မောင်းပေး ”

ရုတ်တရက် ပြောလိုက်သော အမျိုးသမီး၏ စကား ကြောင့် ကျွန်တော့်ရင်ထဲ ထိတ်ခနဲဖြစ်သွားသည် ။

“ ဟဲ့ ရဲစခန်းမောင်းပေးတဲ့ ”

“ ဟာ ... ရဲစခန်းတော့ မသွားချင်ပါဘူး ”

“ အရေးထဲ ငါတို့တော့ နောက်ကျတော့မှာပဲ ”

ကားထဲ၌ ညည်းညူသံများ ပွက်လောရိုက်ကုန်သည် ။ လက်မှနာရီက ကျောင်းဆင်းရန် ဆယ့်ငါးမိနစ်သာ လိုတော့သည်ဟု ညွှန်ပြနေသည် ။ ရင်တွေပူ၍ ဇောချွေး များပင် ပြန်လာသည် ။ ပိုက်ဆံအိတ်ပျောက်သည့် အမျိုးသမီး၏မျက်နှာသည် ပြိုတော့မည့်မိုးလို အုံ့မှိုင်းကာ မည်းညိုလာသည် ။

“ ယူထားရင်လည်း ပြန်ပေးလိုက်ပါဗျာ ။ ရဲစခန်းကို မောင်းရင် ကျွန်တော်တို့လည်း အလုပ်ပျက်မယ် ၊ ခင်ဗျားတို့လည်း ကသီလင်တ ဖြစ်မယ် ”

စပယ်ယာက တောင်းဆိုသော်လည်း မည်သည့် အသံမျှ ထွက်မလာ ။ ထို့ကြောင့် စပယ်ယာက ...

“ ရဲစခန်းသာ မောင်းဆရာ ”

ဟူသော ယတိပြတ်စကားက ကျွန်တော့်ခေါင်းကို မိုးကြိုးပစ်လိုက်သလိုပင် ။ ကားပေါ်ရှိ လူအားလုံးလည်း စိတ်မသက်မသာ ဖြစ်သွားကြသည် ။ ကားသည် မှတ်တိုင် တွေတွင်လည်း မရပ် ၊ ခရီးသည်လည်း ဆက်မတင် ၊ တစ်ယောက်မှလည်း အဆင်းမခံတော့ဘဲ တံခါးကို ပိတ်ကာ သွားလိုသည့်အရပ်ကိုသာ ဦးတည်၍ မောင်းနှင်နေတော့သည် ။

••••• ••••• •••••  

လူမမာတစ်ယောက်ကဲ့သို့ ချည့်နဲ့စွာ သွားနေသော ကားသည် ခေမာသီလမ်းဘက်သို့ ချိုးကွေ့ မောင်းဝင်သွားသည် ။

“ ဘယ်တုန်းက ပျောက်တာလဲ ၊ ကြာပြီလား ။ အများကြီး ပါသွားလား ”

စပယ်ယာနှင့် အမျိုးသမီးတို့ ပြောနေကြသည့် စကားသံများ မှလွဲ၍ ကျန်လူများက ကိုယ့်အာရုံနှင့်ကိုယ် တိတ်ဆိတ်နေကြသည် ။ ကျွန်တော်သည်လည်း အနားရှိ ခရီးသည်များကို လှည့်ပတ်ကြည့်ရင်း စိတ်ထဲတွင် မွန်းကျပ်လာသည် ။

ကားမှန်ပြတင်းကို ကျော်၍ အပြင်လောကဆီသို့ အကြည့်ကို ပို့လွှတ်လိုက်မိသည် ။ သို့သော် လွတ်မြောက် မသွားဘဲ စိတ်က ချည်တိုင်၌ မိနေသော နွားတစ်ကောင် ကဲ့သို့ အတွေးတွေက ကားထဲတွင် ဥဒဟိုပြေးလွှားနေသည် ။ ဤကားပေါ်၌ ခါးပိုက်နှိုက်ပါနေသည် ။ ကားထဲရှိ ခရီးသည်တွေက တစ်ယောက်ကို တစ်ယောက် သံသယ မျက်လုံးများနှင့် ကြည့်နေကြသည် ။ မယုံကြည်ကြတော့ ။

တစ်ဝမ်းတစ်ခါးအတွက် ဖြစ်စေ ၊ မိသားစုအတွက် ဖြစ်စေ စာရိတ္တနှင့် လဲလှယ်ပြီးမှရသော ထိုငွေအတွက် ရဲစခန်း ရောက်လျှင် မည်သို့ ပြုလုပ်မည်နည်း ။ မည်မျှ အချိန်တွေ ကြာဦးမည်နည်း ။ ကျောင်းဆင်းလာသော သားငယ်က ကြိုမည့်သူကို မတွေ့လျှင် မည်မျှ စိတ်ထိခိုက်ရှာမည်နည်း ။ “ ဟူး .. ” ကျွန်တော် တွေးရင်း စိတ် လေးလာမိသည် ။ ထို့နောက် အိပ်ရာဝင်ပုံပြင်အဖြစ် သားလေးအား ပြောခဲ့ဖူးသော ပုံဝတ္ထုတစ်ပုဒ်က မှတ်ဉာဏ် ထဲသို့ လှစ်ခနဲဝင်ရောက်လာခဲ့သည် ။

••••• ••••• •••••  

တက္ကသိုလ်ပြည်ရှိ ဒိသာပါမောက္ခဆရာကြီး၏ တပည့်များသည် အလွန်တရာ ချောမောလှပသော ဆရာကြီး၏ သမီးတော်လေးအား နှစ်သက်သဘောကျကြသည် ။ ဤသည်ကို ရိပ်မိပြီး ပညာဉာဏ်ကြီးသော ဆရာကြီးက တပည့်များအား မိမိတို့အိမ်မှ တစ်စုံတစ်ရာသော ပစ္စည်းများအား မည်သူမျှမသိအောင် ယူဆောင်လာရမည် ။ ထိုပစ္စည်းများထဲမှ အဖိုးအထိုက်တန်ဆုံး ယူဆောင်လာနိုင်သူအား သမီးတော်လေးနှင့် လက်ဆက်ပေးမည် ဟု ကြေညာလိုက်သည် ။

နောက်တစ်နေ့ မိုးသောက်သောအခါတွင် တပည့် အသီးသီးက ခိုးယူလာကြသော ပစ္စည်းအသီးသီးကို ဆရာကြီးထံ အပ်နှံကြသည် ။ သို့သော် တစ်ယောက်သော တပည့်က အပ်နှံခြင်းမပြုသောကြောင့် ဆရာကြီးက “ သမီးတော်ကလေးအား မစုံမက်၍ မခိုးယူသလော ။ သို့မဟုတ် ခိုးယူစရာ ပစ္စည်းမရှိ၍ မခိုးယူခဲ့သလော ” ဟု မေးမြန်းသောအခါ တပည့်ဖြစ်သူက ..

“ ဆရာကြီး၏ သမီးတော်ကလေးအား အလွန်အမင်း စုံမက်မြတ်နိုးပါသည် ။ သို့သော် သမီးတော်ကလေးအား နှစ်သက်ခြင်းကြောင့် ခိုးယူခြင်းဟူသော မကောင်းမှုကိုတော့ဖြင့် မကျူးလွန်နိုင်ပါ ”

ဟု ပြန်လည်ဖြေကြားခဲ့ပါသည် ။ ဆရာကြီးက ရိုးသားသော တပည့်ကလေးအား သဘောကျနှစ်ခြိုက်၍ သမီးတော်ကလေးနှင့် ထိမ်းမြားလက်ဆက်ပေးလိုက်သည် ။

••••• ••••• •••••  

ပုံပြင်ထဲတွင် ရိုးသားခြင်းကြောင့် တပည့်ကလေး က သမီးတော်ကို ပိုင်ဆိုင်ပြီး ကောင်းကျိုးချမ်းသာကို ခံစားခဲ့ရသည် ။ ယခုတော့ စာရိတ္တမကောင်းသည့် လူတစ်ယောက်ကြောင့် မစည်ကားအပ်သည့်အရပ်သို့ ရောက်ရပေဦးတော့မည် ၊ ထို့ကြောင့် သက်ပြင်းကို ခပ်လေးလေး ချလိုက်မိသည် ။

“ ဟင်း ... ”

ကားက ရုံးမှတ်တိုင်ကို ကျော်လာလေပြီ ။ နာရီကို ငုံ့ကြည့်ပြီး သားလေး ကျောင်းဆင်းတော့မည်ဟူသော အသိက ကျွန်တော့် ရင်အစုံကို လှုပ်ရှားရုန်းကန်စေသည် ။

“ ကျွီ ... ”

အမှတ်မထင် ကားဘရိတ်ကို ဆောင့်အုပ်လိုက်သောကြောင့် ခရီးသည်များ ဟန်ချက်ပျက်ကာ အရှေ့ဘက် သို့ ယိုင်လဲကုန်ကြသည် ။

“ ကားမမောင်းတတ်ဘူးလားကွ ၊ မင်းနားမလည်ဘူးလား ။ ငါ ... ”

ကားစပယ်ယာ၏ ဖရုဿဝါစာ စကားများနောက်တွင် ..

“ ကံကောင်းလို့နော် ၊ ဒရိုင်ဘာ အရှောင်မြန်လိုက်လို့ ”

“ လန့်လိုက်တာ ၊ ရင်တွေတောင် တုန်သွားတာပဲ ”

“ ဟုတ်ပါ့ ၊ ကျွန်မလည်း နံကို အောင့်သွားတာပဲ ၊ မမောင်းတတ်ဘဲနဲ့ လမ်းပေါ်တက်လာတာ ၊ သေချင်လို့နေမယ် ”

ကားပေါ်ရှိ ခရီးသည်များ အထိတ်တလန့်နှင့် တစ်ဖက်ကားသမားအား တစ်ယောက်တစ်ခွန်း မေတ္တာပို့သသံများ ဆူညံသွားသည် ။ ကျွန်တော်လည်း သက်မကို အသာချရင်း အပြင်သို့ လှမ်းကြည့်မိသည် ။ ကားဘီးများ က ရဲစခန်းရှိရာသို့ ပြန်လည်ဦးတည်၍ ထွက်ခွာစပြုပြီ ။

ထိုစဉ် ... ။

“ ဟယ် ..  ဟိုမှာ ပိုက်ဆံအိတ်မဟုတ်လား ”

“ ဟုတ်တယ် ဟုတ်တယ် ”

“ ပိုက်ဆံအိတ် ပြန်တွေ့ပြီဟေ့ ”

အတက်အဆင်းတံခါးနားတွင် ရုတ်တရက် တွေ့လိုက်ရသော ပိုက်ဆံအိတ်ကြောင့် ကားပေါ်မှ လူအများ၏ ဝမ်းသာအယ်လဲအသံများက ကားတစ်စီးလုံး လျှံထွက်သွားတော့သည် ။ ပိုက်ဆံအိတ်ပျောက်သည့် အမျိုးသမီးကလည်း သူ့အိတ်ပြန်ရသွားသဖြင့် အတုန်တုန် အယင်ယင် ဖြစ်ကာ အထဲတွင် ပါသမျှကို စစ်ဆေးနေသည် ။ မျက်ရည်များပင် ဝဲနေသေးသည် ။

“ ကဲ... ခင်ဗျားအိတ်လည်း ပြန်ရပြီဆိုတော့ ရဲစခန်း မသွားတော့ဘူး ။ ခရီးဖင့်တယ် ။ ကားပြန်လှည့်ဆရာရေ ”

စပယ်ယာ၏ စကားကြောင့် ခရီးသည်အားလုံး သက်မကိုယ်စီ ချလိုက်ကြသလို ထင်ရသည် ။

••••• ••••• •••••

နီးစပ်ရာမှတ်တိုင်၌ မှတ်တိုင်ကျော်သူများနှင့် ရော၍ ဆင်းလိုက်ရသည် ။ ကျွန်တော် ရှေ့မှ မြင်နေရသော ဆိုင်ကယ်ကယ်ရီကို ဈေးပင်မဆစ်နိုင်တော့ဘဲ ငှားလိုက် ရသည် ။ ဆိုင်ကယ်၏ အရှိန်က ကျောင်းရှိရာ ဦးတည်နေသော်လည်း ကျွန်တော့်စိတ်က ပို၍ မြန်နေသယောင် ထင်ရသည် ။

ပတ်ဝန်းကျင်ရှိ အရာဝတ္ထုတွေက ရိပ်ခနဲ ရိပ်ခနဲ ကျန်ရစ်ခဲ့သည် ။ သားလေး ကျောင်းလွှတ်နေပြီလား ။ ကြိုနေကျ သူ့အမေကို မတွေ့လျှင် သားလေး စိတ်မချမ်းသာ ဖြစ်တော့မည် ။

“ ညီလေးရယ်... ဒီ့ထက်မြန်မြန်မောင်းလို့ မရတော့ဘူးလား ”

ရှေ့မှ လေတိုးသံများကို ဆန့်ကျင်ပြီး ဆိုင်ကယ်သမား၏ နားကိုကပ်ကာ အသံမြှင့်ပြောလိုက်သော ကြောင့် ဆိုင်ကယ်မောင်းသမားလေးက ...

“ ဟာ ... အစ်ကိုကလည်း ဒီ့ထက်မြန်မြန်မောင်းရင် တိုက်ကုန်တော့မှာပေါ့ ။ အရေးထဲ ရှေ့မှာ ကားချင်းငြိနေပြီထင်တယ် ။ ကားတွေ ပိတ်နေတယ် ”

ပိတ်နေသော ကားတန်းဘေးမှ ဆိုင်ကယ်ကို ရှောင်တိမ်း၍ ဖြည်းဖြည်းမောင်းရင်း ကျောင်းကို မြန်မြန် ရောက်ဖို့ စိတ်စောနေမိသည် ။ ဘေး၌လည်း ဈေးသည်များ ၊ ဆိုင်ကယ် ၊ ဆိုက်ကားများနှင့် လူသွားလူလာများ ရှုပ်ယှက်ခတ်ပြီး အော်ဟစ်ဆူညံနေသည် ။ အနံ့အသက် ကလည်း မကောင်းလှ ။ ရှေ့ဘက် မျက်နှာချင်းဆိုင်လမ်း ၌ ဈေးသည်များ စွန့်ပစ်ပစ္စည်းများဖြင့် အလျှံပယ်ဖြစ်နေသော အမှိုက်ပုံကြီးက လမ်းနံဘေးတွင် မေးတင်နေသည် ။ ထိုအမှိုက်ပုံကြီးဘေးတွင် ညစ်ထေးစုတ်ပြတ်နေသော အဝတ်အစား ခပ်နွမ်းနွမ်းဖြင့် ကလေးနှစ်ယောက်က ပခုံးထက်ဆီတွင် ဆာလာအိတ်တစ်လုံးစီ ကျောပိုးထားလျက် အယုတ္တအနတ္တစကားလုံးများကိုသုံးကာ မိုးမွှန်အောင် ဆဲဆိုနေကြသည် ။ လက်တွေကလည်း မြန်မာတံဆိပ်ကပ် ဘီယာပုလင်းခွံတစ်လုံးကို တစ်ယောက်တစ်ဖက်စီ ဆုပ်ကိုင်ပြီး သူ့ဘက် ကိုယ့်ဘက် အပြိုင်လုဆွဲနေကြသည် ။ တစ်ယောက်က အမှတ်မထင် ဆောင့်တွန်းလိုက် ရာ ကျန်ကလေးက နောက်ပြန်လဲကျသွားသည် ။ ဘီယာ ပုလင်းခွံကို ရရှိထားသော ကောင်လေးက သူ့ကျောပေါ်က ဆာလာအိတ်ထဲသို့ နောက်ပြန်ပစ်ထည့်ပြီး အောင်နိုင်သူပီပီ ကျောခိုင်းထွက်ခွာသွားသည် ။

လဲကျသွားသော ကလေးက ကြိုးစားကုန်းထပြီး အနိုင်ပိုင်းလုသွားသော ကောင်လေး၏ နောက်ကျောကို လှမ်းကြည့်ရင်း ဖရုဿဝါစာပြောရင်း ကျန်ရစ်ခဲ့သည် ။ ထိုမြင်ကွင်းကို ကြည့်ရင်း ကျွန်တော့် ရင်ထဲ၌ သားလေး ကို သတိရလိုက်မိပြန်သည် ။

••••• ••••• •••••

ဆိုင်ကယ်က ကျောင်းရှေ့တွင် ထိုးရပ်လိုက်တော့ ကျောင်းလွှတ်ပြီး၍ ကျောင်းထဲမှ ထွက်လာသောကလေး တွေပင် လျော့ပါးနေပြီ ။ လက်မှနာရီကို ငုံ့ကြည့်လိုက်တော့ ၅ နာရီ ထိုးပြီး၍ ဆယ်မိနစ်ဖြစ်နေပြီ ။ ဆိုင်ကယ်သမားကို ပိုက်ဆံအမြန်ရှင်းပေးပြီး ကျန်နေသေးသော ကျောင်းသားများ ကြားထဲမှ သားကို အသည်းအသန် လိုက်ရှာရသည် ။ သစ်ပင်တစ်ပင်အောက်တွင် ငါးနှစ်သားအရွယ် ကျွန်တော့်သားလေးသည် မျက်လုံးပြူးကလေးဖြင့် တောင်ကြည့်လိုက် ၊ မြောက်ကြည့်လိုက်ဖြင့် အမျိုးသမီးများ ရှိနေသော နေရာများကို လိုက်ကြည့်နေသည် ။ ကျွန်တော်သည် သားဆီသို့ အမြန်ပြေးသွားကာ ရှေ့တည့်တည့်မှာရပ်ပြီး “ သား .. ” ဟု ညင်ညင်သာသာ ခေါ်လိုက်သည် ။ မျှော်လင့်မထားသောကြောင့် မျက်လုံးပြူးကလေးက ကျွန်တော့်ကို ဇဝေဇဝါနှင့် မော့ကြည့် လိုက်သည် ။ ပြီးမှ “ ဖေဖေ ” ဟုဆိုကာ ပြေးဖက်လေသည် ။

“ မသိပါဘူးကွာ ၊ ဖေဖေ့ကိုများ မသိတော့ဘူးလားလို့ ။ ပေး .. ပေး ... ဖေဖေ့ကို ကျောပိုးအိတ် ”

ကျွန်တော့်စကားကြောင့် သားက ကျောပိုးအိတ်ကို ချွတ်ပေးရင်း သွားကျိုးကလေးများပေါ်သည်အထိ ရယ်နေတော့သည် ။ သားက ကျွန်တော့်လက်ညှိုးကို သူ့ လက်ချောင်းလေးများနှင့် ဆုပ်၍ လွှဲကာလွှဲကာ လျှောက်နေသည် ။ ထုံးစံအတိုင်း တစ်လမ်းလုံးမြင်နေသမျှကို လက်ညှိုးတထိုးထိုးနှင့် မေးမြန်းနေသေးသည် ။ လမ်းထိပ် သို့အရောက်တွင် လက်ဖက်ရည်ဆိုင်မှ ပျံ့လွင့်လာသော ပူတင်းနံ့လေးကြောင့် သားကို ငုံ့ကြည့်လိုက်တော့ ကျွန်တော့်ကို မော့ကြည့်နေတဲ့ သား၏ မျက်ဝန်းတစ်စုံနှင့် တိုးနေသည် ။ သို့နှင့် ကျွန်တော်တို့ သားအဖနှစ်ယောက် လက်ဖက်ရည်ဆိုင်ထဲသို့ ခြေဦးလှည့်လိုက်မိကြသည် ။

••••• ••••• •••••

ပူတင်း စားနေသော သားကို စောင့်ရင်း ကျွန်တော် လည်း လက်ဖက်ရည်တစ်ခွက်ကို ဇိမ်ဆွဲ၍ သောက်နေမိသည် ။ ဆိုင်အပြင်ဘက်ရှိ လမ်းမပေါ်တွင် ဥဒဟိုပြေး လွှားနေသော ကားများကို ငေးနေစဉ် အတွေးတချို့က ကစဉ့်ကလျား ဝင်ရောက်လာခဲ့သည် ။

ကားပေါ်တွင် တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်နှင့် အမှိုက်ပုံဘေး၌ မြင်ခဲ့ရသည့် ကလေးနှစ်ယောက်တို့၏ ပုံရိပ်များသည် ကျွန်တော်၏ အာရုံထဲတွင် လာငြိနေသည် ။ ထိုအချိန်တွင် ကျွန်တော့် မြင်ကွင်းထဲသို့ ကယ်ရီသမားတစ်ယောက်နှင့် မိန်းမကြီးတစ်ယောက်တို့၏ လှုပ်ရှားမှုတွေက တိုးဝင်လာခဲ့သည် ။ မျက်နှာအဆီတဝင်းဝင်း နှင့် ရုပ်ရည်အားဖြင့် အနည်းငယ်ကြမ်းသော ထိုမိန်းမကြီးသည် ဈေးခြင်းတောင်းတစ်ခုနှင့် ကားမှတ်တိုင်အနီးရှိ ကယ်ရီဂိတ်တွင် ကယ်ရီငှားနေပုံရသည် ။ ဈေးစကား ပြောနေကြသော်လည်း အဆင်ပြေပုံ မရသည်ကို ခန့်မှန်းမိသည် ။ အနားတွင်လည်း အခြားဆိုင်ကယ် မရှိ ။ ထို တစ်စီးတည်းသာ ။ ထိုအမျိုးသမီးကြီးက ဆိုင်ကယ်သမား နှင့် စကားပြောနေရင်း ကားလမ်းမ၏ ဘယ်ဘက်အခြမ်း သို့လည်း မကြာခဏ မျှော်ကြည့်တတ်သေးသည် ။ ထိုအချိန်တွင် မိန်းမကြီးသည် လက်ထဲမှ ဆွဲခြင်းကို ဆိုင်ကယ်နောက်မြီးပေါ် တင်လိုက်ပြီး ဟိုလျှောက်လိုက် ၊ သည်လျှောက်လိုက်ဖြင့် ဖုန်းပြော နေပြန်သေးသည် ။

ဖုန်းပြောနေရင်း အသံတဖြည်းဖြည်း မြင့်လာပြီး ကျွန်တော် ထိုင်နေသည့် လက်ဖက်ရည်ဆိုင်ထဲသို့ပင် တစ်ချက်တစ်ချက် အသံတွေ လွင့်စဉ်လာသေးသည် ။ ထို့နောက် အမျိုးသမီးကြီးက ချိုင်းကြားထဲမှ အိတ်မည်းမည်းကြီးကို ဆိုင်ကယ်ပေါ်တင်ပြီး ဒေါနှင့်မောနှင့် ဆက်ပြောနေသေးသည် ။ ထိုအချိန်တွင် အဲကွန်းကားတစ်စီး က မှတ်တိုင်မရောက်မီလေးမှာပင် ရုတ်တရက် ရပ်လိုက်သည် ။ နောက်ကား ပါလာပုံရသဖြင့် အသည်းအသန် လူတင်နေသော စပယ်ယာကြောင့် မိန်းမကြီးသည် ဖုန်းပြောနေရာမှ ဆိုင်ကယ်ပေါ် တင်ထားသော ဆွဲခြင်းကို ဆွဲကာ ကားပေါ်သို့ အပြေးအလွှား တက်သွားတော့သည် ။

အဲကွန်းကားကြီးသည် လေကို ခွင်းလိုက်သည့် မြားတစ်စင်းလို အရှိန်ပြင်းပြင်း မောင်းထွက်သွားသည် ။ ထို မြင်ကွင်းကို ကြည့်နေရင်း ကျွန်တော် အံ့သြနေမိသည် ။ ဆိုင်ကယ်ဘေးနားတွင် ရပ်နေသော ကယ်ရီသမားနှင့် ဆိုင်ကယ်နောက်ခုံပေါ်တွင် ဣန္ဒြေရရရှိနေသော အမျိုး သမီးကြီး ကျန်ခဲ့သည့် အမည်းရောင်အိတ်ကလေး ။ ကျွန်တော် ကြည့်နေတုန်း ဆိုင်ကယ်သမားက လျှပ်တစ်ပြက် လှုပ်ရှားလာသည် ။ ဆိုင်ကယ်ပေါ်ရှိ ပိုက်ဆံအိတ်ကလေးကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သေးသည် ။ ပြီးနောက် လမ်း၏ တစ် ဖက်ခြမ်းသို့ ထွက်သွားသည် ။ မိန်းမကြီးကို ပိုက်ဆံအိတ် လိုက်ပေးတော့မည်ဟု ကျွန်တော် ထင်လိုက်သေးသည် ။ သို့သော် သူ လိုက်ပေးမည် ဆိုလျှင် ဆိုင်ကယ်နှင့် လိုက်ရမည် ။ ယခု လမ်းကူးသွားပုံထောက်တော့ .. ။ ကျွန်တော် ဆက်မတွေးချင်တော့ ။ မြင်ကွင်းထဲတွင်တော့ ထိုဆိုင်ကယ်သမား၏ လှုပ်ရှားမှုတို့က ရှိနေတုန်းပင် ဖြစ်သည် ။

ခဏအကြာတွင် ကျွန်တော် မြင်လိုက်ရသည်က လေထဲသို့ မြောက်တက်လာသော အိတ်ကလေးသည် တံတားကို ကျော်ကာ ခပ်လှမ်းလှမ်းရှိ ချောင်းကလေးထဲသို့ ဦး စိုက်၍ ဆင်းသွားရှာလေသည် ။ ဆိုင်ကယ်သမားကလည်း သည်ဘက်သို့ ပြန်လည်လမ်းကူးလာပြီး သူ့ဆိုင်ကယ် ပေါ်တက်ကာ တစ်ရှိန်ထိုး မောင်းထွက်သွားသည် ။ သို့ သော် မိန်းမကြီး ပါသွားသော အဲကွန်းကားကြီးနှင့် ဆန့်ကျင်ဘက်အရပ်သို့ မောင်းထွက်သွားခြင်းသာ ဖြစ်ပါသည် ။ ကျွန်တော့် မြင်ကွင်းထဲတွင် ထိုဆိုင်ကယ်သမား ၏ ပုံရိပ်မှာ တဖြည်းဖြည်း သေးငယ်မှုန်မွှား သွားသည် ။ စိတ်ထဲ မတင်မကျ ရှိလာသည်နှင့် လက်ဖက်ရည်ဖိုး ရှင်းပေးပြီး သားကို လက်ဆွဲ၍ ထပြန်လာခဲ့သည် ။ ခေါင်းထဲတွင် ကားပေါ်၌ ကြုံခဲ့ရသည့်ဖြစ်ရပ်နှင့် ဆိုင်ကယ်သမားတို့၏ ပုံရိပ်များသည် ရွှေစွန်ညိုကဲ့သို့ တဝဲလည်လည် ဖြစ်နေတော့သည် ။ ထိုအကြောင်းတွေကို လွယ်လွယ်နှင့် မေ့ဖျောက်ပစ်၍ ရနိုင်မည် မဟုတ် ။ ထိုကဲ့သို့ စာရိတ္တ ချို့တဲ့သူများအကြောင်းကို အိပ်ရာဝင်ပုံပြင်များ အဖြစ် သားလေးအား ပြောပြချင်ပါသေးသည် ။

သို့သော် ရဲစခန်းသို့အသွားတွင် ကားဘရိတ် အုပ်လိုက်ချိန်၌ ကျွန်တော် ပစ်ချလိုက်သည့် ပိုက်ဆံအိတ်ကလေးကို မည်သူမျှ မမြင်လိုက်သည့် အကြောင်းကိုတော့ ပုံပြင်ထဲတွင် သားအား ထည့်ပြောနိုင်ရန် အလွန်အမင်း အားမွေးရပေဦးမည် ။

▢  သွန်းသစ္စာ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၂၀၁၇

No comments:

Post a Comment