Thursday, December 25, 2025

အဘိုးအိုစမ်းချောင်း

 ❝ အဘိုးအိုစမ်းချောင်း ❞

            ( ပုံပြင် )


တရုတ်ပြည် အနောက်တောင်ပိုင်း လာပူတောင်ခြေရှိ ချီမာတိုင်းတွင် မာအိုလူများ နေထိုင်ကြလေသည် ။ ထို လာပူတောင်မှ တစ်နှစ်ပတ်လုံး စီးဆင်းနေသော တောင်ကျစမ်း ချောင်းတစ်ခု ရှိသည် ။ ထိုစမ်းချောင်းမှ စီးဆင်းသော ရေမှာ လယ်များ အတွက် အကျိုးဖြစ်ထွန်း ရုံမက လယ်ကွင်းများ ထဲတွင် မွေးမြူထားသော ငါးများ၏ ရှင်သန်တိုးပွားမှုကိုလည်း အကျိုးပြုခဲ့၏ ။ မာအိုများမှာ အလုပ်ကို ကြိုးစားလုပ်တတ်ပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်ကြသူများလည်း ဖြစ်လေသည် ။


ထို ချီမာတိုင်းမှ မဝေးကွာသော နေရာတွင် အလွန်လောဘကြီးသော သူဌေးတစ်ယောက်ရှိ၏ ။ သူသည် လယ်သမား ဆင်းရဲသားများ အပေါ်တွင် နိုင်ထက်စီးနင်း ပြုမူလေ့ရှိ၏ ။ မတရားသော နည်းဖြင့် သိမ်းယူထားသောလယ်မြေများမှ နှစ်စဉ် ဆန်စပါး အမြောက်အများ ရရှိခဲ့လေရာ တစ်နှစ်ထက် တစ်နှစ်ပို၍ ချမ်းသာကြွယ်ဝခဲ့လေသည် ။


ဤမျှ ချမ်းသာ သော်လည်း သူသည် ရောင့်ရဲတင်းတိမ်မှု မရှိ ။ အကယ်၍ သူသည် သူ၏ မိဘဘိုးဘွားတို့၏ အုတ်ဂူများကို သာလွန် ကောင်းမွန်သောနေရာသို့ ရွှေ့ထားနိုင်ပါက ပိုမို ချမ်းသာ လာလိမ့်ဦးမည် ဟု အတွေး ပေါက်မိပြန်သည် ။


တစ်နေ့တွင် ဗေဒင်ဆရာ တစ်ဦးကို ခေါ်၍ နေရာကောင်း အရှာထွက်ခဲ့ရာ လာပူ တောင်ခြေသို့ ရောက်လာကြ၏ ။ ဗေဒင်ဆရာက


“ ဒီနေရာဟာ သူဌေးကြီး အလိုရှိတဲ့ နေရာမျိုး ဖြစ်ပါတယ် ၊ ဒါပေမယ့် ဟောဒီ စမ်း ချောင်း ရှိနေတာတော့ သိပ်မကောင်းလှပေဘူး ၊ အမြဲမပြတ် စီးဆင်းနေတဲ့ ရေထဲမှာ သင့်ရဲ့ ကောင်းတဲ့ ကံကြမ္မာတွေ မျောပါသွားနိုင်ပါတယ် ၊ သို့သော်လည်း ရေမစီးနိုင်အောင် စမ်းချောင်းကို ဖြတ်ပြီး သင့်ရဲ့ပုံတူ သံရုပ်တုကြီး တစ်ခု တည်ဆောက်နိုင်မယ် ဆိုရင်တော့ သိပ်ကောင်းမှာပဲ သူဌေးကြီး ” ဟု သူဌေးကြီးအား ပြောဆို အကြံပေးလေ၏ ။


သူဌေးကြီးသည် မဆိုင်းမတွပင် တောင်သူလယ်သမားများထံမှ ကြေးနှင့်သံထည် ပစ္စည်းကိရိယာများကို သိမ်းယူရန် မိမိ၏ လူများကို အမိန့်ပေးတော့သည် ။ ထို့နောက် ပန်းဘဲ ဆရာများကိုလည်း သူ၏ သံရုပ်တုကြီး တည်ဆောက်ရေးတွင် ပါဝင်လုပ်ဆောင်ကြရမည်ဟု အတင်းအကြပ် ခိုင်းစေလေသည် ။


တစ်နှစ်ခန့် ကြာသော် ကြီးမားသော သံရုပ်တုကြီး ပြီးစီးသွား၏ ။ စမ်းချောင်းမှ ရေများသည် လယ်ကွင်းများ ထဲသို့ မစီးဆင်းနိုင်တော့ပေ ။ ထို့ကြောင့် စပါးပင်များ ရေမရသဖြင့် ညှိုးနွမ်းကာ ငါးများသည်လည်း သေကြေပျက်စီးကြရလေသည် ။ မာအိုတို့မှာ အငတ်ဘေးနှင့် ရင်ဆိုင်ရလေ၏ ။


မာအိုလူများ ထဲတွင် မုတ်ဆိတ်မွေးများပင် ဖြူနေသော အဘိုးအို တစ်ယောက် ရှိ၏ ။ သူသည် မိမိလူများ ဒုက္ခရောက်နေသည်ကို မကြည့်ရက်နိုင် ။ ထို့ကြောင့် သားဖြစ်သူအား ခေါ်၍ “ လူကလေး ၊ မင်းဟာ မာအိုတို့ရဲ့ သားကောင်း ဖြစ်တယ်ဆိုရင် သံရုပ်တုကြီးကို သွားပြီး ဖြိုခွဲပါလား ၊ဒါမှ ရေတွေ လယ်ကွင်းထဲကို စီးဆင်းနိုင်လိမ့်မယ် ”


သားသည် တူနှင့် စို့ကို ယူ၍ လာပူတောင်သို့ ထွက်ခဲ့၏ ။ ရောက်လျှင် စို့နှင့် တူကို အသုံးပြု၍ သံရုပ်တုကြီးကို ထုနှက် ဖြိုခွဲလေသည် ။ ရက်ပေါင်း တစ်ရာတိုင် ကြာခဲ့သော်လည်း အချည်းနှီးပင် ။ ဤအကြောင်းကို သူဌေးကြီး ကြားလျှင် မိမိ၏ အစေခံများကို လွှတ်၍ အဘိုးအို ၏ သားအား ဆူးတင်းပုတ်များဖြင့် ရိုက်သ,တ်စေ၏ ။


သားသေဆုံးကြောင်း ကြားသောအခါ အဘိုးအို၏ ဝမ်းနည်းကြေကွဲမှုကား ပြောစရာ မရှိပြီ ။ သို့သော် အများ၏ ကောင်းစားရေး အတွက် ဖြစ်၍ ဂုဏ်ယူလေသည် ။ ထို့ကြောင့် တစ်နေ့ တွင် သူ၏ မြေးဖြစ်သူအား စေလွှတ်ပြန်ရာ ရက်ပေါင်းတစ်ရာ အကြာတွင် ဖခင်နည်းတူ အသ,တ်ခံရပြန်၏ ။


သံရုပ်တုကြီးမှာ စမ်းချောင်းကို ပိတ်ဆို့ထားနိုင်တုန်းပင် ။ အဘိုးအိုတွင်မူကား သား နှင့်မြေးတို့၏ အသက်ဆုံးရှုံးခဲ့ရ၏ ။ မျက်ရည်များ မျိုသိပ်ထားရန်မှ တပါး အဘိုးအိုမှာ ဘာမျှ မတတ်နိုင် ။ မိမိ မှာရုပ်တုကြီးကို ဖြိုခွဲနိုင်ရန် အားနည်းနေပြီ ဖြစ်၏ ။ထို့ကြောင့် သူသည် မိမိလယ် ကွင်းများ အနီး၌ မိုးရေ သိုလှောင်ရန်အတွက် ရေအိုင်တစ်ခုကို တူး၏ ။


တစ်နေ့ ရေအိုင်တူးနေစဉ် ရွံ့ထဲတွင် လူးလွန့်နေသော ငါးတစ်ကောင်ကို တွေ့ရှိရာ ဖမ်းယူ၍ မြစ်ထဲသို့ လွှတ်လိုက်၏ ။ “ ငါး ” သည်ကူးခတ်၍ ပြန်လှည့်လာပြီး အဘိုးအို အား ...


“ အသင်အဘိုးအို ပင်လယ်အောက်ခြေမှာ နဂါးမင်းရဲ့နန်းတော် ရှိပါတယ် ၊ နန်းတော် ရဲ့ အချုပ်ထောင်တံခါးက သံမဏိမင်းတုံးကို ယူဆောင်ပြီး တူနဲ့ စို့ကို ပြုလုပ်ပါ ။ အဲဒီ လုပ်ယူရရှိတဲ့ တူနဲ့ စို့ကသာ သံရုပ်တုကြီးကို အစိတ်စိတ်အမြွာမြွာ ဖြစ်သွားအောင်ဖြိုခွဲနိုင်ပါလိမ့်မယ် ” အဘိုးအိုသည် သံရုပ်တုကြီးကို ဖျက်ဆီးနိုင်မည့် နည်းလမ်းအား ကြားသိရသည့် အခါ အတိုင်းမသိ ဝမ်းမြောက်လေသည် ။ သို့သော် အဘိုးအိုသည် မည်သို့သောနည်းနှင့် ပင်လယ်အောက်ခြေရှိ နဂါးမင်း၏ နန်းတော်သို့ သွားနိုင်ပါအံ့နည်း ။


ထိုအခိုက် “ ငါး ” သည် ပုလဲတစ်လုံးကို အန်ထုတ်လိုက်ကာ ...


“ ဟောဒီ ပုလဲလုံးကို မျိုချလိုက်ပါ ၊ သင်ဟာ ကျွန်ုပ်လို ငါးတစ်ကောင် ဖြစ်လာလိမ့် မယ် ၊ သံမင်းတုံးကို ကမ်းသို့ ဆောင်ယူပြီးနောက် ပုလဲလုံးကို အန်ထုတ်လိုက်ပါက လူ့ဘဝသို့ ပြန်လည် ရောက်ရှိသွားလိမ့်မည် ”


တဖန် အဘိုးအိုသည် မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ပုလဲလုံးကို ယူကာ ပင်လယ်ကမ်းစပ်သို့ သွား၏ ။ မိမိသည် လူ့ဘဝသို့ အသွင် မကူးပြောင်းနိုင်ဘဲ သံရုပ်တုကြီးအား မဖြိုခွဲနိုင်မည်ကိုလည်း စိုးရိမ်ပူပန်မိ၏ ။ ထိုအခိုက် ပင်လယ်တွင်းမှ လှိုင်းလုံးများ လိမ့်၍ တက်လာသည် ။ မိမိသား နှင့် မြေးငယ်တို့၏ မျက်နှာ ၊ မာအိုတို့၏ ငတ်မွတ်နေသော မျက်နှာများကို မြင်ယောင်လာ၏ ။ ချက်ချင်း စိတ်ပိုင်းဖြတ်လိုက် ပြီးလျှင် ပုလဲလုံးကို တစ်ခါတည်း မျို၍ ချလိုက်၏ ။ ခဏချင်း ငါးဘဝ သို့ ကူးပြောင်းသွားကာ ပင်လယ်အောက်ဆီသို့ ကူးခပ်ငုပ်လျှိုးသွားလေသည် ။ မကြာမီ နဂါးမင်း၏ နန်းတော်သို့ ရောက်သွား၏ ။ နဂါးမင်းသည် ငါးတစ်ကောင်အား ပုလဲနှင့် အဖိုးတန် အခြားကျောက်မျက်ရတနာများကို အန်ထုတ်ပေးရမည်ဟု ဆိုပြီးလျှင် ရိုက်နှက်လျက် ရှိ၏ ။ ထိုမြင်ကွင်းအား ငါးဘဝသို့ ရောက်နေသော အဘိုးအိုသည် ကြောက်ရွံ့တုန်လှုပ်မိလေသည် ။ ထို့ကြောင့် “ ထောင်တံခါး ” ရှိရာသို့သာ အမြန် ကူးခတ်သွားလေ၏ ။


ရောက်လျှင် သူသည် တံခါးသော့အား အင်အားရှိသမျှ ရိုက်ချိုးတော့၏ ။ တံခါးပွင့် သောအခါ “ အကျဉ်းသမားငါးများ ထံ သံမင်းတုံးကို ဝိုင်းဝန်း သယ်ဆောင်ပေးရန် အကူအညီ တောင်းလေသည် ။ ကျေးဇူး သိတတ်သော ငါးများက ကူညီ ပို့ဆောင်ပေးကြ၏ ။


ကမ်းစပ်သို့ ရောက်လျှင် သူသည် ရေထဲမှ ခုန်တက်၍ ပုလဲလုံးကို အန်ထုတ်လိုက်ရာ လူအဖြစ်သို့ ပြန်လည် ကူးပြောင်းသွားလေသည် ။ အဘိုးအိုလည်း ငါးများကို နှုတ်ဆက်၍ သံမင်းတုံးကို ထမ်းကာ ရွာသို့ ပြန်ခဲ့၏ ။ ရွာသို့ ရောက်လျှင် ပန်းပဲဖို တစ်ခုအား ပြုလုပ်၍ တူနှင့် စို့ကို စတင် လုပ်ကိုင်လေသည် ။


မနားမနေ ပြုလုပ်ရာ ရက်ပေါင်းတစ်ရာတိတိ ကြာလျှင် တူနှင့် စို့မှာ ပြုလုပ်ပြီးစီး၍ သွားပြီဖြစ်၏ ။ မီး၏ အပူရှိန်ကြောင့် အဘိုးအိုတစ်ကိုယ်လုံး မီးမြိုက် ခံထားရပြီးလျှင် မျက်လုံးများမှာလည်း ရဲရဲနီလျက်ရှိတော့၏ ။ အဘိုးအိုသည် ကြီးမားသော တူကြီးကို ပခုံးပေါ်တွင် ထမ်း ၊ စို့ကိုကိုင်စွဲ၍ လာပူတောင်သို့ ခရီးအပြင်း နှင်ခဲ့လေသည် ။


ရောက်လျှင် အဘိုးအိုသည် သံရုပ်တုကြီးအား “ ဟဲ့ ... အသုံးမဝင်တဲ့ အရုပ်ကြီး ၊ ကဲ ဘုရားသာ တပေတော့ ” ဟု အော်ဟစ်ပြောဆိုကာ ရုပ်တုကြီးအား စို့တင်၍ တူကြီးနှင့် အားကုန် ထုနှက်လေတော့သည် ။ ငါး ပြောသည့် အတိုင်းပင် သုံးနေ့နှင့် သုံးည ကြာသောအခါ ရုပ်တုကြီး ကွဲအက်စ ပြု၍လာ၏ ။ ထိုသတင်းကို သူဌေးကြီး ကြားသွားသောအခါ နောက်လိုက်နောက်ပါ တစ်စုနှင့် ချက်ချင်းပင် ရောက်ရှိလာ၏ ။ အဘိုးအိုအား ကျောက်ခဲနှင့် ပေါက်သ,တ်ကြရန် အမိန့် ပေးလေသည် ။


ကျောက်ခဲများသည် ပလူပျံကာ အဘိုးအိုအား လာရောက် ထိမှန်ကြလေသည် ။ ခဲ မှန်သော ဒဏ်ရာများမှ ထွက်သော သွေးတို့မှာလည်း တစ်ကိုယ်လုံး မြင်၍ပင် မကောင်းတော့ပေ ။ သို့သော် “ ဒေါင်ဒင် ... ဒေါင် ... ဒင် ” ဟူသော တူထုသံမှာ တစ်စက္ကန့်မျှပင် ရပ်နားခြင်း မရှိပေ ။


ထို့ကြောင့် သူဌေးကြီး၏ နောက်လိုက်များသည် “ ဆူးတင်းပုတ်များ ” ကို ဆွဲကိုင်ကာ အဘိုးအို ထံသို့ ပြေးသွားကြ၏ ။ ထိုအခိုက် ပြင်းထန်သော မြည်ဟီးသံကြီးနှင့် အတူ သံရုပ်တုကြီး ပြိုကွဲ၍ သွားသတည်း ။ အနှစ်နှစ်အလလက အောင်းနေသော ရေများမှာ အရှိန်ပြင်းစွာ ပန်း၍ ထွက်လာကြ၏ ။ ဒလဟော စီးဆင်း လာသော ရေစီးတွင် သူဌေးကြီးနှင့် သူ၏ နောက်လိုက် နောက်ပါများသာမက အဘိုးအိုလည်း မျောပါသွားလေသည် ။


လျင်မြန်သော ရေအလျဉ်သည် သူတို့ အားလုံးအား ပင်လယ်ထဲသို့ ရောက်သည့် တိုင် သယ်ဆောင်၍ သွား၏ ။ ထိုအခါ ပင်လယ်ထဲရှိ ငါးများသည် မျောပါလာသော သူဌေးကြီး နှင့် သူ့လူများကို ဝိုင်း၍ စားသောက်ကြ၏ ။ သို့သော် သူတို့၏ ကျေးဇူးရှင် အဘိုးအိုကိုမူကား ပင်လယ်ကမ်းစပ်သို့ သယ်ဆောင်သွားကြလေသည် ။ ကမ်းသို့ ရောက်လျှင် သတိလစ်နေသော အဘိုးအိုအား ငါးနီကြီး တစ်ကောင်က သတိပြန်ရအောင် အသက်သွင်းပေး၏ ။


အဘိုးအိုသည် မကြာမီ သတိပြန်လည် ရရှိလာသောအခါ သူ၏ ဆင်းရဲဒုက္ခ အတွေ့ အကြုံများကို ငါးများအား ပြောပြလေသည် ။ ထိုအခါ ငါးကြီး တစ်ကောင်က ပုလဲတစ်လုံးကို ပေး၍ ...


“ အသင်ဟာ ကိုယ့်လူမျိုး အတွက် အလွန်ပင် အနွံတာခံခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါ တယ် ၊ ဟောဒီ ပုလဲလုံးကို မျိုချလိုက်ပါ ၊ သင်ဟာ လူငယ်တစ်ယောက် ဖြစ်လာပါလိမ့်မယ် ၊ အိမ်ထောင်ပြုပြီး မိသားစု အသစ်ကို ထူထောင်နိုင်သေးတာပေါ့ ” ဟု အဘိုးအိုအား ပြောကြားလေသည် ။


အဘိုးအိုသည် ငါးကြီး ပေးသော ပုလဲလုံးကို မျိုချလိုက်ရာ ဖြူဖွေးသော ဆံပင်နှင့် မုတ်ဆိတ်များသည် ပြန်လည် မည်းနက်ကာ အသက်လေးဆယ်အရွယ်သို့ ရောက်ရှိသွား၏ ။ ကျန်ငါးများကလည်း ပုလဲတစ်လုံးစီ ပေးကြလေသည် ။


အဘိုးအိုသည် ငါးများ ထံမှ ခွဲခွာခဲ့ပြီးနောက် မိမိ၏ အိမ်ကို နေရာ အနှံ့အပြားတွင် ရှာဖွေသော်လည်း မတွေ့ရှိပေ ။ နောက်ဆုံး မြို့ကလေး တစ်မြို့သို့ ရောက်ရှိ သွားလေသည် ။ သူ သည် မိမိတွင်ပါသော ပုလဲအချို့ကို ရောင်းကာ ပန်းပဲဖို တစ်ခုကို တည်ထောင်လိုက်၏ ။ များမကြာမီပင် အိမ်ထောင်ပြုလိုက်လေသည် ။


အဘိုးအို ပြန်လာမည့် နေ့ရက်ကိုသာ စောင့်စားနေသော ရွာသူရွာသားများသည် နောက်ဆုံး လက်လျှော့ကာ သူ တိုက်ပွဲဝင်ခဲ့သော စမ်းချောင်းကလေးအား “ အဖိုးအိုစမ်းချောင်း ” ဟု မှည့်ခေါ်လိုက်ကြတော့သည် ။


တစ်နှစ်တွင် မာအိုများသည် လာပူတောင် တွင် ပေါက်သော ဝါးများကို ခုတ်၍ ဖောင်များဖွဲ့ကြ၏ ။ ထို့နောက် မြစ်စဉ် အတိုင်း စုန်ဆင်းကာ ဝါးများကို ရောင်းချကြလေသည် ။ တစ်နေ့တွင် ဝါး ရောင်းချပြီးသော လူငယ် တစ်ဦးသည် မြို့ကလေး တစ်မြို့အတွင်းသို့ လှည့်လည်ကြည့် ရှုလျက်ရှိ၏ ။ သူသည် ပန်းပဲဖိုတစ်ခု၏ အနီးသို့ ရောက်ရှိ သွားသောအခါ မြင်ဖူးသလိုလို ရှိသော လူတစ်ယောက်အား တွေ့ရှိသဖြင့် တွေဝေ ငေးမော၍ နေမိလေသည် ။ အချိန်အတော်ကြာက ပင် ပျောက်ဆုံးသွားသော အဘိုးအိုနှင့် တူသလိုလို ရှိ၏ ။ သို့သော် လူငယ် အံ့ဩနေခြင်းမှာ ဤ ပန်းပဲဆရာသည် သူ သိရှိသော အဘိုးအိုထက် အတော်ပင် ငယ်ရွယ်၍ နေခြင်းနှင့် မည်းနက်သော ဆံပင်နှင့် မုတ်ဆိတ်မွေးများ ရှိနေခြင်းပင် ဖြစ်၏ ။


လူငယ်သည် ပန်းပဲဆရာအား သေချာစွာ ကြည့်လေလေ သူ၏ ရွာမှ ပျောက်ဆုံး နေသော အဘိုးအိုနှင့် တူလေလေပင် ။ နောက်ဆုံး လူငယ်က ...


“ ခင်ဗျား အမှန်ပဲနော် ” ဟု နှုတ်ဆက်လိုက်၏ ။


“ မင်း ယခုထက်ထိ ငါ့ကို မှတ်မိတုန်းပဲလားကွယ့် ” ဟု အဘိုးအိုက ပြန်လည် မေးမြန်းလိုက်၏ ။ 


လူငယ်သည် အလွန် ဝမ်းမြောက်လျက် ပန်းပဲဆရာအား ရွာသို့ ပြန်လည် လိုက်ပါရန် တောင်းပန်လေသည် ။


ပန်းပဲဆရာ က “ ကောင်းပါပြီကွယ် ၊ ငါ ပြန်လိုက်ပါ့မယ် ၊ ဒါပေမယ့် ငါ့ဖောက်သည်တွေ အပ်ထားတဲ့ ပစ္စည်းတွေ ငါ လုပ်ပေးရဦးမယ် ၊ နောက်လာမယ့် နွေဦးမှာ ငါ လာခဲ့မယ် ” ဟု ပြောဆို၏ ။


ထို့နောက် လူငယ်အား သူ လုပ်ထားသော လယ်ယာသုံး ပစ္စည်းများကို ရွာသူရွာသားများ အတွက် လက်ဆောင် အဖြစ် ပေးအပ်လိုက်လေသည် ။


လူငယ်သည် ရွာသို့ သတင်းလက်ဆောင်များနှင့် ရောက်ရှိသွားရာ ရွာသူရွာသားများမှာ ပျော်ရွှင်၍ မဆုံးတော့ပေ ။ သူတို့သည် လာပူတောင်ကြီး၏ အခြား တစ်ဖက်ရှိ မြို့ကလေး ဆီသို့ မျှော်ကြည့်ရင်း “ နောက်လာမယ့် နွေဦးမှာ တို့ရဲ့ ကောင်းကျိုးဆောင် အာဇာနည်ကြီး တို့နဲ့ အတူ ရှိပေဦးတော့မည် ” ဟု တစ်ဦးကို တစ်ဦး ဂုဏ်ယူဝင့်ကြွားစွာ အားပါးတရ ပြောဆိုနေကြသတည်း ။


( ဘာသာပြန် )


〇 မောင်လှသွင် 

📖ရှုမဝ မဂ္ဂဇင်း

     ၁၉၆၈ ၊ ဖေဖော်ဝါရီ

No comments:

Post a Comment