Monday, December 8, 2025

သိုးကျောင်းသား နှင့် ဝံပုလွေ

 

❝ သိုးကျောင်းသား နှင့် ဝံပုလွေ ❞
           ( ပုံပြင် )

တရံရောအခါက တိုနီ ဆိုသော ဂရိသူငယ်ကလေး တစ်ယောက် ရှိလေ၏ ။ တိုနီသည် အသက် တစ်ဆယ့်နှစ်နှစ် အရွယ်မျှ ရှိ၍ သူအဖေ၏ သိုးများကို ကူ၍ ကျောင်းပေးလေ့ ရှိသည် ။ တစ်နေ့သ၌ တိုနီ၏ အဖေသည် တစ်ညအိပ် ခရီးသွားမည် ဖြစ်သဖြင့် သူ့သားအား ခေါ်၍ “ တိုနီ အဖေ တစ်ညအိပ်လောက် ခရီးသွားမယ်လို့ ၊ မင်း ငါ့သိုးတွေကိုကြည့်ပြီး ကျောင်းလိုက်ပါ ၊ သိုးတွေကို တောင်ပေါ်မှာ တင်ပဲ ကျောင်း ၊ တောစပ်ကို မသွားကြစေနှင့် ၊ တောထဲမှာ အင်မတန် ရဲတဲ့ ဝံပုလွေကြီး တစ်ကောင် ရှိတယ် ၊ ငါ့သိုးတွေကို လာပြီး ချီသွားမှာ စိုးရတယ် ” ဟု ပြောကာ မှာထားခဲ့လေ၏ ။

တိုနီသည် သူ့အဖေ မှာထားခဲ့သည့် အတိုင်း သိုးများကို တောင်ပေါ်မှာ ကျောင်းနေ လေသည် ။ တောင်သည် အတန်ငယ် မြင့်၍ အောက်ခြေရှိ ရွာထဲသို့ လှမ်းမြင်နိုင်လေသည် ။ တိုနီသည် သိုးကျောင်း နေခိုက် တောင်ခြေရှိ သူ့ သူငယ်ချင်းတို့ကို လှမ်းမြင်ရသည် ။ သူ သူငယ်ချင်းတို့ ကလည်း တိုနီ သိုးကျောင်းနေရာသို့ လာ၍ လည်ကြသည် ။ သူတို့သည် တစ်နေ့ လုံး သိုးကျောင်းရင်း ကစား နေကြသည် ။ ညနေ ခြောက်နာရီထိုးသောအခါ တိုနီ၏ သူငယ်ချင်းတို့ ပြန်သွားကြလေတော့သည် ။

ညမိုးချုပ်လာသောအခါ၌ တိုနီ တစ်ယောက်တည်း သိုများကို သိမ်းကာ အလွန်ပျင်းနေလေသည် ။ အေးလည်း အေး၍ မှောင်လည်း မှောင်လာသောကြောင့် တိုနီသည် တောင်ခြေ ရှိ ရွာကလေးဆီမှ လူများကို လှမ်းမမြင်နိုင်တော့ချေ ။ သို့ရာတွင် မီးလက်လက်ကို မြင်နိုင်လေသည် ။ တိုနီသည် သူ တစ်ယောက်တည်း ပျင်းသဖြင့် တောင်ခြေရှိ သူ့သူငယ်ချင်းတို့ ရှိရာသို့ လှမ်းမျှော်ကြည့်ရင်း အကြံထုတ်နေလေသည် ။ ခဏကြာသောအခါ တိုနီသည် ရုတ်တရက် ထ၍ “ ကယ်ကြပါဦး ခင်ဗျာ ၊ ကယ်ကြပါ ၊ ဟောဒီမှာ ဝံပုလွေကြီး လာနေပါတယ် ၊ လာကြပါ ၊ လာကြပါ ” ဟု အသံကုန်ဟစ်၍ အော်လိုက်လေ၏ ။ ထိုသို့ အော်လိုက်သံကို တောင်ခြေမှ လူများက ကြားရသဖြင့် တောင်ပေါ်သို့ ပြေးတက် လာကြလေသည် ။ “ တိုနီကလေး တစ်ယောက်တည်း ဝံပုလွေ အကိုက် ခံရတော့မယ် ” ဟု သူတို့ စိုးရိမ်ကြသဖြင့် ချက်ချင်း ပြေးတက်လာကြခြင်းဖြစ် လေသည် ။ ရွာထဲမှ လူများ ရောက်လာသောအခါ “ ဘယ်မှာလဲ ဝံပုလွေ ၊ ဘယ်မှာလဲ ” ဟု ပျာပျာသလဲ မေးကြရာ တိုနီက ရယ်မောလျက် “ ဝံပုလွေ မဟုတ်ပါဘူး ၊ ကျွန်တော် တစ်ယောက်တည်း ပျင်းတာနဲ့ သူငယ်ချင်းတွေ လာအောင်လို့ ပြောင်အော်လိုက်တာပါ ” ဟု ပြန်ပြောလေ၏ ။ ထိုအခါ လူများက စိတ်ဆိုးပြီးလျှင် “ ဟေ့ ... ငါတို့ အခုမှ အားလို့ အနားယူ နေကြရတယ် ၊ တစ်နေ့လုံး အလုပ်ခွင်မှာ ပင်ပန်းနေကြရတာ ၊ ဒီလို မပြောင်ပါနှင့် ” ဟု ပြောကာ ပြန်ဆင်း သွားကြလေ၏ ။ လူများ ပြန် ကုန်ကြသောအခါ တိုနီ၏ ခွေးကလည်း ထိုလူများ နောက်သို့ ပြေးလိုက်သွားလေ၏ ။

တိုနီသည် တစ်ယောက်တည်း ထိုင်ကာ စောင့်နေစဉ် ညသည် အေးသည်ထက် အေးလာလေ၏ ။ ခွေးကလည်း တောင်ပေါ်မှာ မရှိတော့ဘဲ တိုနီတစ်ယောက်တည်းသာ ဖြစ်နေရာ စောစောက ထက်ပင် ပျင်းလာလေ၏ ။ တောင်အောက်သို့ ကြည့်လိုက်သော အခါ၌လည်း အိမ် ကလေးများမှာ မီးလက်လက် ထွန်းလျက် ရှိသည်ကို မြင်ရလေ၏ ။ အိပ်ကလေးများ ရှိရာသို့ ကြည့်ရင်း တိုနီ အကြံရလာပြန်၏ ။ တိုနီလည်း ထိုင်ရာမှ ထ၍ “ လာကြပါ ၊ လာကြပါ ၊ ဧရာမ ဝံပုလွေကြီး လာနေပါတယ် ၊ ကျွန်တော့် သိုးတွေကို ကိုက်နေပါပြီ ၊ ကယ်ကြပါ ၊ ကယ်ကြပါ ” ဟု အော်လိုက်ပြန်လေ၏ ။ ထိုသို့ တိုနီ၏ အော်လိုက်သော အသံကြောင့် ရွာထဲမှ လူများသည် တုတ်များကို ကိုင်သူ ကိုင်ကာ တောင်ပေါ်သို့ ပြေးတက် လာကြလေ၏ ။ လူများက “ ဟေ့ ... ဘယ်မှာလဲ ဝံပုလွေ ၊ ဘယ်မှာလဲ ” ဟု မေးကြလေ၏ ။ တိုနီ ကလည်း ရယ်မောလျက် ” ဝံပုလွေ မလာပါဘူးခင်ဗျာ ၊ ကျွန်တော် ပျင်းလို့ သူငယ်ချင်းတွေကို တွေ့ချင်တာနဲ့ အော်လိုက်တာပါ ” ဟု ပြန်ပြောလေ၏ ။ လူများကလည်း စိတ်ဆိုးကြကာ “ တယ် ... ဒီကောင်လေး ၊ ဒါ ရယ်စရာ မဟုတ်ဘူးကွ ၊ ငါတို့ အခုပဲ အိပ်ကြတော့မလို့ ၊ နောက်စရာ မဟုတ်ဘူး ” ဟု ကြိမ်းမောင်းကာ ပြန်ဆင်းသွားကြလေ၏ ။ တိုနီ လည်း တစ်ယောက်တည်း သိုးများကို စောင့်နေလေ၏ ။ ညသည် နက်သည်ထက် နက်လာလေ၏ ။ အေးလည်း ပို၍ အေးလာလေ၏ ။ တိုနီသည် တောင်အောက်သို့ ကြည့်လိုက်သောအခါ ရွာကလေးမှာ အိပ်မောကျ သကဲ့သို့ ငြိမ်သက်လျက် ရှိသည်ကို မြင်ရလေ၏ ။ မီးလက်လက်ကလေးများလည်း မရှိတော့ချေ ။ တိုနီလည်း အိပ်ချင်လာသည်နှင့် အိပ်ရာ၌ ဝင်၍ အိပ်မည်ပြုစဉ် တောင်ပေါ်သို့ တက်လာနေသော ခြေသံ တစ်စုံတစ်ခုကို ကြားလိုက်ရလေ၏ ။ တိုနီလည်း မအိပ်သေးဘဲ ခေါင်းထောင်၍ ကြည့်လိုက်စဉ် သူ့အဖေ ပြောသော ဝံပုလွေကြီး တောင်ပေါ်သို့ တက်လာနေသည်ကို မြင်ရလေ၏ ။ တိုနီလည်း ဝံပုလွေကြီး ကို ကြောက်ကြောက်နှင့် တအားကုန်း အော်လိုက်လေ၏ ။ “ လာကြပါဦးဗျို့ ၊ ဟောဒီမှာ ဝံပုလွေကြီး လာနေပါတယ် ၊ ကျွန်တော့် သိုးတွေကို ကိုက်စားပါတော့မယ် ၊ လာကြပါ ၊ လာကြပါ ” ဟု အော်ရင်း ဘေးလွတ်ရာသို့ ပြေး၍ ပုန်းနေရလေ၏ ။ တိုနီလည်း ဝံပုလွေကြီးကို ချောင်းကြည့် နေစဉ် သိုးတစ်ကောင်ကို ချီကာ ကိုက်စားနေသည်ကို မြင်ရလေ၏ ။ ခြံထဲမှ သိုးများကလည်း ကြောက်ကြသဖြင့် လန့်၍ အော်ကြလေရာ ဆူညံ သွားလေ၏ ။ တိုနီလည်း တောင်အောက်မှ ကြားနိုင်သော အသံဖြင့် တအား အော်လိုက်ရာ ရွာထဲမှ လူများက ကြားသော်လည်း တိုနီ အော်သည်ကို မယုံကြတော့ဘဲ “ အလကားဟာပါကွာ ၊ ဒီကောင်ကလေး အင်မတန် နောက်တယ် ၊ ဟေ့ ... ဒီတစ်ခါငါတို့ အမော မခံနိုင်တော့ဘူး ၊ အိပ်မှာသာ အိပ်ကြ ” ဟုလှမ်း၍ ပြောကြရင်း အိပ်ကုန်ကြလေ၏ ။

ဝံပုလွေကြီးသည် တိုနီ၏ သိုးများကို တစ်ညလုံး ငါးကောင်တိတိ စားပစ်လိုက်ပြီးလျှင် မိုးလင်းခါနီးလောက်မှ တောင်အောက်သို့ ပြန်ဆင်း သွားလေတော့သည် ။ တိုနီ လည်း ဝံပုလွေ ပြန်သွားတော့မှ ပုန်းနေရာမှ ထွက်လာဝံ့လေတော့သည် ။ နေ့လယ်ခင်း၌ တိုနီ၏ အဖေ ပြန်လာလေ၏ ။ တောင်ပေါ်၌ သိုးများ အစုံ မရှိကြတော့ဘဲ ညက ဝံပုလွေကြီး လာ၍ ငါးကောင် စားသွားကြောင်းကို သိရသောအခါ တိုနီအား စိတ်ဆိုးလေ၏ ။ တောင်အောက်မှ လူများကလည်း ညဦး က တိုနီက နောက်ပြောင်  သဖြင့် တကယ် ဝံပုလွေ လာသောအခါ မသွားဖြစ်ကြတော့ကြောင်းကို ပြန်ပြောကြရာ တိုနီအား ပို၍ စိတ်ဆိုး လာလေ၏ ။ တိုနီလည်း သူ့အဖေ စိတ်ဆိုးနေသည်ကို သိရသောအခါ သူ၏ မိုက်မှားခြင်းကို ပြန်၍ သတိရကာ “ ကျွန်တော် နောက်ကို မမိုက်တော့ပါဘူး အဖေ ၊ မဟုတ်ဘဲနှင့် နောက်ပြောင်ပြီး မပြောတော့ပါဘူး ၊ လိမ်လိမ်မာမာ နေပါတော့မယ် ” ဟု ဝန်ခံလိုက်လေတော့သတည်း ။

( ဘာသာပြန် )

〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၃ ၊ ဩဂုတ်

No comments:

Post a Comment