❝ ကျွန်တော့်မိန်းမ ဆွဲကြိုးပျောက်တဲ့ကိစ္စ ❞
( တိုးနှောင်မိုး )
တကယ်တော့ ဘာမှ မဟုတ်ဘူး ။ ဟုတ်လား ဆိုတော့လည်း ဟုတ်တယ် ။ ဘယ်လို ပြောရမလဲ ။ တကယ်တော့ ဆီးပင် ပင်စည်က ဆီးပင်ကို ကိုင်လှုပ် သလိုပေါ့ ။ ဆီးသီး သီးနေတဲ့ အပင် ဆီးသီးတွေ ကြွေကျသလို တဝေါဝေါ တဖြုတ်ဖြုတ် ကြွေကျခဲ့ပါတယ် ။ အဲဒီအချိန် ၊ အဲဒီကာလ တစ်ခုမှာပေါ့ ။ ကြေကွဲခြင်း ၊ ဝမ်းနည်းခြင်း ၊ ဝမ်းသာခြင်း ၊ ကြည်နူးခြင်း ဆိုတာတွေဟာ နေ့နဲ့ ညလောက်တောင် မကြာရှည်ဘူး ။ စက္ကန့် အပိုင်းအစလေးများ အတွင်းမှာပဲ ပြောင်းလဲ ဖြစ်ပျက်သွားပါတယ် ။ ဖြစ်ပုံက ဒီလို ။
••••• ••••• •••••
ကျွန်တော့်မိန်းမက မနက် ဈေးထွက်တိုင်း ဆွဲကြိုး ဆွဲနေကျ ။ အမြဲ ဆွဲတာတော့ မဟုတ်ဘူး ။ ချွတ်ထားလိုက် ၊ ဆွဲထားလိုက် ။ သူ့စိတ်ကူးရရင် ရသလို ဆွဲလိုက် ၊ မဆွဲလိုက်ပါပဲ ။ ပြီးတော့ ကျွန်တော်တို့ လင်မယားနှစ်ယောက် ပိုင်ဆိုင်မှုက အဲဒီ ဆွဲကြိုးလေး တစ်ကုံးပဲ ရှိတာကိုး ။ သားမယား ဝတ်စားထားရင် လင်ဂုဏ်ရှိတယ် ဆိုပြီး ကျွန်တော်က ထုတ်ဝတ်ခိုင်းရင်းက ဝတ်ဖြစ်တာ ။ အဲဒီလိုနဲ့ မိန်းမလည်း ဝတ်ဖြစ်တယ် ဆိုပါတော့ ။
အခု အဖြစ်အပျက် ဖြစ်နေတုန်း အဲဒီတုန်းက ကျွန်တော့်သူငယ်ချင်း ဧည့်သည်တစ်ယောက် အိမ်မှာ ရောက်နေတယ် ။ ဧည့်သည် ရောက်နေတော့ ညဆို ကျွန်တော်တို့ သောက်ဖြစ်ကြတယ် ။ မနက် ဈေးခင်းရတော့ မနက်ဆို မနည်းထ,ယူရတယ် ။
အရက်သောက်တာကို ဘယ်မအေ ၊ ဘယ်ဇနီးမယား ၊ ဘယ်သားသမီးမှ မကြိုက်ဘူး ။ အဲဒီတော့ ဧည့်သည်သူငယ်ချင်းနဲ့ အရက်သောက်တာကို ကျွန်တော့်အိမ်သူ သက်ထားက မကြိုက်ဘူး ။ ဖွင့်တော့ မပြောဘူး ။ အမူအရာက သိသာတယ် ။ တစ်ခါတလေဆိုတဲ့ အတွက်ကြောင့်သာ ။ ဒီမနက် ဈေးခင်းတော့ လင်မယား နှစ်ယောက် သိပ်အဆင်ပြေလှတယ် မဟုတ်ဘူး ။ ဒီလိုနဲ့ ဈေးခင်းပြီးတိုင်း ကျွန်တော်တို့လင်မယား ဈေးထဲမှာပဲ မနက်စာ ထမင်းကြမ်း စားလေ့ရှိတယ် ။ အမြဲတမ်း ဈေး ထွက်ဖြစ်တိုင်း အဲလိုပဲ ။ မနက်စာကို ဈေးထဲမှာပဲ စားတာ ။ ပြီးတော့မှ သမီးလေး သွားခေါ် ၊ အမြဲတမ်း အဲလိုပဲ ။
ခု ဧည့်သည် ရောက်နေတော့ မနက်စာ ထမင်းကြမ်း စားပြီး ဧည့်သည် သူငယ်ချင်း အတွက် မနက်စာကျွေးဖို့ အိမ်ပြန်တယ် ။ ပြီးတော့ သမီး ပြန်ခေါ် ၊ ကျွန်တော့် သူငယ်ချင်းနဲ့ ကျွန်တော် လက်ဖက်ရည်ဆိုင် ထိုင်ပေါ့ ။ လက်ဖက်ရည်ဆိုင်က အပြန် ဈေးဝင်ပြီး ဟင်းချက်စရာယူ ၊ ပြန်ချက်ပြုတ်ပြီး ဈေးသိမ်းခါနီးမှ ဈေးပြန်သွားပြီး ဆိုင်သိမ်းပေါ့ ။ လင်မယားနှစ်ယောက် ဆိုင်သိမ်းပြီးမှ အိမ်ပြန်ပေါ့ ။ တစ်နေ့တာ ဈေးတစ်မနက်က အဲဒီလို ။
အိမ်ရောက်တော့ ကျွန်တော်တို့ ထမင်းစားကြတယ် ။ ကျွန်တော့်သူငယ်ချင်းနဲ့ ကျွန်တော် ထမင်းစား နေတာ ။ ကျွန်တော့်မိန်းမက ကလေးကို ထမင်းကျွေး ၊ ကျွေးပြီး ရေချိုးပေးနေတယ် ။ ကျွန်တော်တို့ ထမင်းဝ ပြီးတော့ မှပဲ ကလေး ရေချိုးပေးနေတဲ့ မိန်းမဆီက အာမေဍိတ်သံ ထွက်လာတယ် ။
အဲဒီအချိန်မှာ ကျွန်တော့် ယောက္ခမကြီးက အိပ်နေတယ် ။ ကျွန်တော်တို့ အိမ်မှာ အတူနေ မိန်းမရဲ့ ဦးကြီးနဲ့ အဒေါ်လည်း ရှိတယ် ။ ခုဖြစ်သွားတာ လူစုံတုန်းကာလလို့ ပြောရင်ရတယ် ။
အဲဒီအချိန်မှာပဲ မိန်းမဆီ က သူ့လည်ပင်း စမ်းပြီး -
“ အဲ ... ဆု ဆွဲကြိုး ဘယ်မှာ ကျပျောက်သွားပါလိမ့် ”
ထိုစကားကို ကြားတော့ နားထင် မိုးကြိုးပစ်လိုက်သလိုပဲ ။
ကျွန်တော်တို့ လင်မယား ချမ်းသာသရွေ့ ဒါပဲ ရှိတာ ။ မိန်းမဆီက သွားပြီ မရှိတော့ဘူး ဆိုတာ တစ်ခွန်းတည်းရယ်ပါ ။ ကျွန်တော့် ရင်ထဲက အဲခိုးလ်သံက မရပ်တော့ဘူး ။ သေရောပဲ ။ နှစ်ကျပ်သားလောက် ရှိတဲ့ ဆွဲကြိုး ။ ဆွဲသီး တင်တစ်မတ်သားလောက် ရှိတယ် ။
မိန်းမက ကျပျောက်ပြီ ဆိုတာနဲ့ ရှာတွေ့ဖို့က မလွယ်တော့ဘူး ။ လမ်းမှာ ထွက်ကျလည်း မလွယ်တော့ဘူး ၊ ပြန်ရဖို့က ။ လမ်းပေါ်က လူသွားလူလာက မနက် ၃ နာရီ ကတည်းကလေ ။ ရေအဆုံး ကုန်းအဆုံးပဲ တွက်ဆရမှာပဲ ။ ပြန်တွေ့ဖို့က ဝေးဝေးဝေး ။
ပြီးတော့ ကျွန်တော့် မိန်းမအကြောင်း ပြောရဦး မယ် ။ သူကလည်း ခေသူ မဟုတ် ။ ခေသူ မဟုတ်ဘူး ဆိုတာ ကျန်တာ မဟုတ်ဘူး ၊ ရွှေဖျောက်တာ ။ အပျိုတုန်း ကလည်း သူ့အမေလက်စွပ် ယူဝတ်တာ ပျောက်ပြီးပြီ ။
ပြီးတော့ နားတောင်းက ယမ်းယမ်းလေးလည်း ကျွန်တော်နဲ့ အိမ်ထောင်ကျပြီးမှ ပျောက်တာ နှစ်ခါရှိပြီ ။ ပြန်တွေ့လို့ပေါ့ ။ ပထမတစ်ခါက ကျွန်တော့် သူငယ်ချင်း ပြည် က ကျူရှင်ဆရာ ငဇော့် အိမ်မှာ ။ တော်သေးတာ ရေချိုးခန်းထဲ ပြန်တွေ့လို့ ။
နောက်တစ်ခါက ပုတီးကုန်း အိမ်မှာ ။ နောက်ဖေးအိမ်သာမှာ ပြန်တွေ့လို့ ။ အဲဒီလို ပစ္စည်းပျောက် ထူးချွန်တဲ့ မိန်းမ ။
ခုလည်း ဆွဲကြိုး ပျောက်ပြန်ပြီ ။ အိမ်ရောက် နေတဲ့ ဧည့်သည် သူငယ်ချင်း လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ် ။ အဲဒီကောင့် နေရာမှာ ကျွန်တော်ဆို ပြတင်းပေါက်က ထွက်ပြေးမိမှာ ။ သူလည်း အဲဒီလို ထွက်ပြေးချင်စိတ် ပေါက်နေလောက်ပြီ ။
ကျွန်တော့်မိန်းမ တော်တော်လေးကို ပျာယာခတ်နေတယ် ။ အိမ်မှာလည်း နှံ့နေအောင် မွှေနှောက်ရှာနေတယ် ။ ဒီမှာ ချွတ်ထားပြီး ဒီကနေ့ မနက်က ဝတ်လိုက်တယ် ဆိုတာချည်းပဲ ။
ကျွန်တော်လည်း ပူလောင်နေတာကနေ ခေါင်းအေးအေးထား စဉ်းစားမိတော့ ကျွန်တော်တို့ လင်မယား မနက် ထမင်းကြမ်းစားကတည်းက အမှတ်တမဲ့ မိန်းမလည်ပင်းမှာ ဆွဲကြိုး မတွေ့မိဘူး ။ ကျွန်တော်က ချွတ်ထားတယ်ပဲ ထင်တာပေါ့ ။ အဲဒီကတည်းက ဆွဲကြိုးဟာ ကျပျောက်နေပြီ ။ အဲဒါ မိန်းမကို ပြောတော့ မိန်းမက မနက် စောစောကတည်းက ကျပျောက်တာပေါ့တဲ့ ။ သွားပြီ ။ အဲဒါဆို မလွယ်တော့ဘူး ။ ဈေးထဲမှာ ၊ လမ်းမှာ ကျပျောက်ရင် ကိစ္စက ပြီးပြီ ။ မိန်းမလည်း အဲဒါကို တွေးမိသား ဖြစ်နေတော့ ရူးမတတ် ဖြစ်သွားတယ် ။ အိမ်ထဲမှာ ကျပျောက်ရင် ပြန်ရတတ်သေးတာပေါ့ ။
ဈေးထဲမှာ ၊ လမ်းပေါ်မှာ ကျပျောက်ရင် တစ်ဦးဦးက တွေ့သွားမှာ အသေချာပဲ ။ ပြန်ရစရာကိန်းကို မရှိတော့ဘူး ။ ရတဲ့သူက ပွတာပဲ ။ အဟောင်းဈေးနဲ့ ရောင်းတောင် ၁၅ သိန်းလောက် စိုပြည်သွားမှာ ။ ကျွန်တော့် မိန်းမဦးကြီးက ဆူတယ် ။ ယောက္ခမလည်း နိုးလာပြီး သွေးတိုးလာလို့ ဆေးရုံပြေး လိုက်ရသေးတယ် ။
ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ ဈေးထဲ ပြန်ရှာပြီးပြီ ။ ဘယ်လိုမှ မတွေ့ဘူး ။ မိန်းမလည်း ငိုတစ်လှည့် ၊ ရယ်တစ်လှည့် ရင်ဘတ်စည်တီး ငိုပါလေရော ။ ဟုတ်တယ် ။ မိန်းမ ဆိုတာ ကျိုက်ထီးရိုးက ဝယ်တဲ့ သေနတ်လိုပဲတဲ့ ။ အသား မနာပေမဲ့ နားငြီးတယ် ဆိုတဲ့ စကားမှန်ပေါ့ ။ ကျွန်တော် ကတော့ နှမြောတာပဲ ရှိတယ် ။ သိပ်ပြီး စိတ်ဒုက္ခ မပေးတော့ဘူး ။ ဆုံးပြီလို့ပဲ သတ်မှတ်ထားတယ် ။ အိမ်အနှံ့ ရှာတာတောင် တွေ့မှ မတွေ့ရတာကိုး ။
သူငယ်ချင်း ဧည့်သည်လည်း ဘာလုပ်ရမှန်း မသိဘူး ။ ငူငူကြီး ထိုင်နေတယ် ။ ထိုင်မရ ၊ ထ,မရ အနေအထား ။ ထိုင်ရမလို ၊ ထ,ရမလို အဖြစ် ။ သူ့ကို မယုံသင်္ကာ ဖြစ်စရာ မရှိပေမဲ့ ကျပျောက်တာ မဟုတ်ဘဲ သူများ ယူရင် ဆိုတဲ့ အမြင်ပွားစရာတွေ ဖြစ်လာနိုင်တယ် ။ ဒီအိမ်မှာ သူစိမ်းဆိုလို့ သူပဲ ရှိတာကိုး ။
ပြီးတော့ ချဲရှုံးနေတဲ့ ဦးလေးကြီး အပေါ်ကိုလည်း ကျွန်တော့် မိန်းမက တစ်မျိုး ထင်နေသေးတယ် ။
ကျွန်တော် ကတော့ ဥစ္စာပျောက် ငရဲရ ဆိုသလို ဘယ်သူကိုမှ ယိုးစွပ်ဖို့ မစဉ်းစားတော့ဘူး ။ ညနေစောင်းတာနဲ့ ရေမိုးချိုးပြီး သူငယ်ချင်း ဧည့်သည်ကို ခေါ်ပြီး အရက်ဆိုင် ခေါ်လာခဲ့တယ် ။ သူငယ်ချင်း ကလည်း စိတ်မကောင်းဖြစ်နေတယ် ။ အိမ်က လူတွေက ကိုယ့်အပူ ကိုယ်စီနဲ့ပေါ့ ။
ကျွန်တော်နဲ့ သူငယ်ချင်း အရက်ဆိုင်ကနေ အိမ်ကို ပြန်တော့ ညခုနစ်နာရီ ထိုးနေပြီ ။ လူကလည်း ထွေနေပြီကိုး ။ မိန်းမကတော့ အိပ်ခန်းထဲမှာ အိပ်နေတယ် ။ ယောက္ခမနဲ့ အဒေါ်က TV ရှေ့မှာ တုံးလုံးကြီး ။ ဦးလေးက ညစောင့်မို့ အလုပ် သွားပြီ ။ အိမ်ဟာ TV ဖွင့်ထားတာက လွဲပြီး တိတ်ဆိတ်နေတယ် ။ တကယ်တော့ တိတ်ဆိတ်နေတယ် ဆိုတာထက် ခြောက်ကပ်နေတယ် ။
ဒါနဲ့ ကျွန်တော်က သူငယ်ချင်းကို အယောင်ပြပြီး ထမင်းစားဖို့ မျက်စပစ် လိုက်တယ် ။ စားပွဲပေါ်မှာ ထမင်း ၊ ဟင်း အဆင်သင့် ။ ကျွန်တော်က သူငယ်ချင်းနဲ့ ထမင်းစားနေရင်း အမေ ထမင်းစားပြီးပြီလားလို ယောက္ခမကို လှမ်းမေးလိုက်တော့ ယောက္ခမက မစားရသေးဘူးတဲ့ ။ မိန်းမကို လှမ်းမေးလိုက်တော့ ဘာအသံမှ မကြားရဘူး ။ နှစ်ခါ ၊ သုံးခါလောက် မေးမိမှ မစားရသေးဘူး ဆိုတဲ့ စကားပြန်ရတယ် ။
အိမ်မှာ ဥစ္စာပျောက်နေတာ စိတ်တွေ ငရဲကျနေပြီ ။ အဲ့အတိုင်း ၊ တစ်အိမ်လုံး ငရဲ ကျနေတဲ့အတိုင်း ခြောက်ကပ်နေတယ် ။
ကျွန်တော်နဲ့ သူငယ် ချင်း ထမင်းစားနေကြပါတယ် ။ ကျွန်တော်တို့ နှစ်ယောက်လည်း တိတ်ဆိတ်စွာ ထမင်းစားနေပါတယ် ။ တစ်ယောက်နဲ့ တစ်ယောက် စကား မပြောဖြစ်ဘူး ။ အဲဒီအချိန် ထမင်းစားနေတုန်း ဖုန်းဝင်လာလို့ ဖုန်းသံက အတော်ကျယ်လောင်စွာ ထွက်လာတယ် ။ ကျွန်တော်က ဖုန်းစကားပြောရင်း ထမင်းစား နေတယ် ။ အဲဒီအချိန်မှာ အိပ်ခန်းထဲက မိန်းမရဲ့ သက်ပြင်းသံတွေ အခန်းအပြင် လျှံကျလာမလား ထင်ရတယ် ။ ပူလောင်သော မီးတွေ လောင်နေတာ ။
ကျွန်တော်လည်း ဖုန်းပြောပြီး ထမင်း ဆက်စားနေတယ် ။
ထိုစဉ်မှာပဲ သူငယ်ချင်းက ဟိုမှာ ဆိုပြီး လက်ညှိုးထိုး ပြတယ် ။ သူညွှန်တဲ့ နေရာ ကျွန်တော် ကြည့်လိုက်တယ် ။ ပြီးတော့ သူ့ကို ပြန်ကြည့်ပြီး နှစ်ယောက်သား အံ့အားသင့်နေတယ် ။
ကျွန်တော် ဖုန်းပြောရင် နိုးတတ်တဲ့ သမီးလေးက အိပ်ရာက နိုးလာပြီး သနပ်ခါးခုံ နားမှာ သူ့ဟာသူ ဆော့နေတာ ။ ထမင်းဝိုင်းနဲ့ သိပ်ဝေးတာ မဟုတ်ဘူး ။ အဲဒီမှာ သမီးလေး ပန်ပန် ဆော့နေတာ ။
သမီးလေး ပန်ပန် ဆော့နေတဲ့ အရာကို မြင်မိပြီး အံ့အားသင့်နေတယ် ။ စိတ်ထဲလည်း တစ်မျိုးကြီး ။ သမီးလေး ပန်ပန် ဆော့နေတဲ့ အရာက ကျွန်တော့်မိန်းမ ဆွဲကြိုး ၊ ပျောက်သွားတဲ့ ဆွဲကြိုး ။
ပါးစပ်က ဘာပြောရမှန်း မသိဘူး ။
သမီးလေးက ဆွဲကြိုးကို စိတ်ဝင်တစားနဲ့ ဆော့နေတယ် ။
အဲဒီမှာ ကျွန်တော်ကပဲ မိန်းမရေ ... ဆုရေ ဆိုပြီး လှမ်းခေါ်လိုက်တယ် ။ အခန်းထဲက မိန်းမအသံက မီးယပ်ပိန်မီးယပ်ခြောက်အသံနဲ့ ချည့်နဲ့ နေတယ် ။
နင့်သမီး ဘာနဲ့ ဆော့နေသလဲ ကြည့်လိုက်စမ်း ဆိုပြီး ထပ်ပြောလိုက်တယ် ။ အဲဒီမှာ မိန်းမက ဝုန်းဆို ထထွက်လာတယ် ။ အိပ်ရာထဲက ထွက်လာတာ ဆံပင်စုတ်ဖွားနဲ့ပေါ့ ။ ယောက္ခမနဲ့ ဒေါ်လေးလည်း TV ရှေ့ကနေ ရောက်လာကြတယ် ။
သမီးလေး ပန်ပန် ဆီမှာ သူတို့ အကြည့်တွေ ။
သမီးလေးက အေးချမ်းစွာ ကစားနေတာ ။ အပြစ် ကင်းစင်တဲ့ အရိပ်အငွေ့တွေ နဲ့ ။ သူ ဘာမှ မသိဘူး ။ အဲဒီမှာ လူကြီးတွေက သူ့ဆီ ဝိုင်းအုံ ရောက်လာတော့ နည်းနည်း တစ်မျိုးတော့ ဖြစ်သွားတယ် ။ ပြုံးပြပြီး သူ့ဟာသူ ဆက်ဆော့ နေပါတယ် ။
ဟုတ်တယ် ။ အခု သမီးလေး ပန်ပန် ဆော့နေတာ ကျွန်တော့်မိန်းမ ဆွဲကြိုး ။ တကယ့် ကျွန်တော့်မိန်းမ ဆွဲကြိုး ။ အခုမှ အားလုံး စိတ်တွေ တုံးတုံးချတော့တယ် ။
မိန်းမက ဆွဲကြိုးကို တစ်နေရာမှာ တင်ထားလိမ့်မယ် ။ အဲဒါကို သမီးလေးက ယူဆော့တာ ဖြစ်လိမ့်မယ် ။ သူ့ ကစားစရာတွေနဲ့ အတူ ယူထားတော့ ဘယ်သူမှ မသိဘူး ဖြစ်နေတာ ။ သမီးလေး ကစားစရာတွေ ထည့်ထားတဲ့ ခြင်းကလေးက အနားမှာ ။ သမီးက ဆွဲကြိုးကို ကစားစရာ ထင်ပြီး ဆော့နေခြင်းသာဖြစ်တယ် ။
ကျွန်တော်တို့ သက်ပြင်းချမိ ။ တော်သေးတယ် ။
ခုချိန်မှာတော့ ပစ္စည်း တွေ့သွားပြီ ။ အရာရာ အားလုံး ပြီးသွားပါပြီ ။ ဒါပေမဲ့ ယောက္ခမကြီး ကတော့ ဝမ်းသာအားရ ဖြစ်ပြီး သွေးပြန် တိုးလာလို့ သွေးကျဆေး သောက်လိုက်ရသေးတယ် ။ ထိုနေ့ည တိမ်ကင်းစင် သွားတယ် ။ လမင်းကို ဝင်းဝင်းပပမြင်လိုက်ရသလို ခံစားမိတယ် ။ သမီးလေးက မိသားစု ပျော်ရွှင်မှုကို ပြန်ခေါ်လာတယ်လို့ ဆိုရမလား ။ သေချာတာကတော့ အိမ်ထဲက ငရဲအပူအငွေ့တွေ အပြင်ကို ရွေ့ထွက်သွားတာတော့ အမှန် ။
••••• ••••• •••••
နောက် နှစ်ရက်လောက် ကြာတော့ သူငယ်ချင်း ဧည့်သည် ပြန်သွားတယ် ။ သူ ပြောသွားတဲ့ စကားက မှတ်သားစရာပါ ။ ခင်ဗျားတို့ အိမ်က ဆွဲကြိုးပျောက်တာကလည်း တစ်ခန်းရပ်ပြဇာတ် ကျနေတာပဲတဲ့ ။ ရထား မထွက်ခင် ပြောသွားတာ ။
ကျွန်တော်က ထပ်တွေးပါတယ် ။
အဲလိုပဲ တစ်ခန်းရပ် ပြဇာတ်ဖြစ်တာ ကောင်း ကောင်းလို့ ။ အိမ်ထောင်ရေး ဆိုတာ စာအုပ်တွေထဲကလို မဟုတ်သလို တစ်ဦး အိမ်ထောင်ရေးနဲ့ တစ်ဦး တူမှ မတူတာကိုလို့ ။
▢ တိုးနှောင်မိုး
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
စက်တင်ဘာ ၊ ၂၀၁၇

No comments:
Post a Comment