❝ ကျေးဇူးတင်ပါသည် ❞
( မင်းရှင် )
ညက တစ်ညလုံး “ မိုးနဲ့ မြေ ” အခန်းဆက် ဝတ္ထုရှည် စတုတ္ထပိုင်းကို ရှုမဝ မဂ္ဂဇင်း ဖောင်ပိတ်အမီ ရေးပေးရန် စာရေးစားပွဲ၌ ကြိုးစားပမ်းစား ခြင်ကိုက်ခံ၍ ထိုင်မိသော်လည်း စာမျက်နှာ တစ်မျက်နှာ ပြည့်အောင် မရေးနိုင်ဘဲ နံနက် ၃ ချက်တီးခဲ့ရသောကြောင့် တရေးတမော အိပ်လိုက်ဦးမည်ဟု အိပ်ရာထက်သို့ ပြန်တက်မိပါသည် ။
သို့သော် အိပ်၍ မရနိုင်တော့ဘဲ မျက်စိများ ကြောင်ကာ ဝတ္ထု အကြောင်းကိုသာ စဉ်းစားချင်ရာ စဉ်းစားနေမိ၏ ။ ထိုအခါ ကျွန်တော့်မှာ ပို၍ အိပ်မရနိုင်တော့ဘဲ မျက်လုံးကြောင်တောင်နှင့်ပင် မိုးစင်စင် လင်းခဲ့ရပြီးလျှင် စာမရေးနိုင်သည့် ကိုယ့်အဖြစ်ကိုယ် တစ်ယောက်တည်း မကျေမချမ်း ပြန်လည် စဉ်းစားနေမိပါတော့သည် ။
သည်လိုပဲ တစ်ခါတစ်ရံ စာရေး၍ မရနိုင်သောအခါများတွင် ဘာရယ်လို့ မဟုတ် ၊ စာတစ်မျက်နှာ ရေးဖို့ မဆိုထားဘိ ၊ စာတစ်ကြောင်း ပြီးစီးဖြစ်မြောက်အောင် ရေးဖို့ အလွန်တရာ ခက်ခဲနေတတ်၏ ။ ဦးနှောက်ထဲ၌ ဇာတ်ကွက် ဇာတ်လမ်း စီကာစဉ်ကာ ရှိထားပြီး ဖြစ်ပေမယ့်လည်း ထို အစီအစဉ်ကို စာဖွဲ့ဖို့ရာ အကျပ်အတည်း အမျိုးမျိုးနှင့် ကြုံကြိုက်ရတတ်၏ ။
ထိုရောအခါများဝယ် စာရေးခြင်း အတတ်သည်ကား မလွယ်ကူပါကလားဟု အားငယ် စိတ်ပျက်မိရင်းက စာရေးဆရာဘဝနှင့် အသက်မွေး ဝမ်းကျောင်း ပြုနေရသည်ကိုပင် ကြောက်ရွံ့လာမိသည် ။
ထိုအခါမျိုးတွင် ကျွန်တော်သည် မိမိနှင့် အနီးကပ်ဆုံး နေထိုင်လျက်ရှိသည့် သူငယ်ချင်း စာရေးဆရာ မိုးဝေ ထံမှ စိတ်ဓာတ်အကူအညီ ယူတတ်စမြဲ ဖြစ်သည့်အတိုင်း ၊ ထိုနေ့ မနက်ကလည်း ရှုမဝတိုက်သို့ သွားရန် ရေမိုးချိုး ၊ အဝတ်အစားများ ဝတ်စားပြီးနောက် ဝတ္ထုအကြောင်း တိုင်ပင်နှီးနှောမည်ဟု ရည်ရွယ်ကာ သူတို့အိမ်ဘက်သို့ လျှောက်ခဲ့မိလေ၏ ။
ပဏ္ဍိတလမ်းအတိုင်း တဖြည်းဖြည်း လျှောက်လာခဲ့၍ ဦးချိုလမ်း နှင့် ဒယ်အိုးစက်လမ်း နှစ်ခုဆုံရာ လမ်းကြားကလေးသို့ ရောက်ခါနီးတွင် - “ ထင်းဗျို့ ၊ ထင်း ထင်း ” ဟူသော တကြော်ကြော် အော်သံနှင့်အတူ ကျွန်တော့်ရှေ့ ခပ်လှမ်းလှမ်းမှ ထင်းတွေ အပြည့်နှင့် သုံးဘီးတပ် လက်တွန်းလှည်းကလေး တစ်ခုကို တွန်းသွားကြသည့် ထင်းသည် သားအမိအား တွေ့လိုက်ရသည် ။
ထို ထင်းသည် မိသားစုကား ဆင်းရဲနွမ်းပါးလှစွာ ဝတ်စားထားသည့် အသက် ( ၄ဝ ) ကျော် ယောက်ျားကြီး တစ်ဦး ၊ ၃၀ - ၃၅ နှစ်ရွယ်ရှိ မိန်းမ တစ်ယောက်နှင့် လက်တွန်းလှည်းပေါ်ရှိ ထင်းပုံကြီးထိပ်က နှပ်တွဲလောင်းဖြင့် ထိုင်၍ လိုက်ပါလာသော အခါလည်သားအရွယ် ကလေးငယ်တို့ ဖြစ်ကြ၏ ။
သူတို့ မိသားစုသည် ဘယ်အချိန်ကစ၍ ထင်းရောင်းထွက်လာခဲ့ကြသည် မသိ ။ ယောက်ျားကြီးရော မိန်းမတို့ပါ ဆံပင်ခေါင်းစုတ်ဖွားနှင့် ရှိကြပြီး ယောက်ျားလုပ်သူမှာ အင်္ကျီစွပ်ကျယ် မပါ ။ ကိုယ်ခန္ဓာအောက်ပိုင်း လုံရုံမျှ မွဲတေညစ်ထည်းလှသော လုံချည်ကိုသာ တိုတိုပါအောင် ဝတ်ထားလေ၏ ။ ထိုနည်းတူစွာပင် မိန်းမ လုပ်သူမှာလည်း ထဘီကို ရင်ရှားထားပြီးမှ အပေါ်က ဗရပွ စုတ်ပြတ်နေသော ချေးအထပ်ထပ်နှင့် အင်္ကျီကလေးကို ဝတ်ထားခြင်း ဖြစ်၏ ။
အခါလည်အရွယ် ကလေးငယ်မှာလည်း အအေးဓာတ် ထွေးပတ်ဆဲ ဤလို နံနက်ခင်း အချိန်မျိုး၌ အင်္ကျီမပါ ကိုယ်လုံးတီးကလေးနှင့် ဖြစ်ချေသည် ။
သူတို့ လက်တွန်းလှည်းကလေးမှာ ထင်းတွေ အပြည့်အလျှံရှိနေတုန်း ပင် ဖြစ်သည်နှင့်အညီ -
“ ထင်း ... ထင်း ... ထင်းဗျို့ ” ဟူသော ထင်းသည် ယောက်ျားကြီး၏ အသံမှာလည်း ပို၍ ကျယ်လောင်သည်ဟု ထင်ရသည် ။
ကျွန်တော်လည်း သူတို့တစ်တွေ နောက်နားကပင် ကပ်၍ လိုက်ပါ လာခဲ့မိရင်း ဦးချိုလမ်းနှင့် ဒယ်အိုးစက်လမ်းနားသို့ မရောက်မီ မြောင်းကူး တံတားကလေး တစ်ခု အလွန်တွင် ထင်းသည် လင်မယားမှာ သူတို့ ထင်းလှည်းကလေးကို ဆက်မတွန်းနိုင်သည့် အခြေသို့ ဆိုက်ရောက်နေကြောင်း တွေ့လိုက်ရတော့၏ ။
ထို လင်မယားသည် ထင်းလှည်းကလေးကို တံတားပေါ် ကျော်ဖြတ် တွန်းသွားပြီးသည့်နောက် ရှေ့တည့်တည့်တွင် ရင်ဆိုင် ကာဆီးနေသည့် မတ်စောက်လှသော ကုန်းမြင့်ထက်သို့ ဆက်မတွန်းနိုင်တော့ဘဲ ရပ်တန့်သွား ခြင်း ဖြစ်၏ ။
ထိုနေရာတွင် လမ်းကလေးသည် သိသိသာသာကြီး မြင့်တက်သွားလေရာ ၊ လက်တွန်း သုံးဘီးလှည်းကလေးမှာ အမောက်အလျှံ တင်ဆောင်လာသော ထင်းများ၏ အလေးချိန်ကြောင့် လည်းကောင်း ၊ လှည်းဘီးများမှာလည်း လွယ်လင့်တကူ မလိမ့်နိုင်သည့် သံထည်ဘီးများ ဖြစ်နေ၍ လည်းကောင်း ထို ကုန်းမြင့်ကို ရှောရှောရှူရှူ မတက်နိုင်ဘဲ ရှိလေသည် ။
ထင်းသည် ယောက်ျားကြီးသည် ရိုးရိုးတန်းတန်း တွန်းရုံဖြင့် မရနိုင်တော့ကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် “ ဟေ့ .. နေဦး ” ဟု ပြောပြောဆိုဆို လက်တွန်းလှည်း လက်ကိုင်တန်းအောက်သို့ ခေါင်းကြီး ငုံသွင်းလိုက် ပြီးနောက် နွားတစ်ကောင် လှည်းထမ်းပိုးကို ဘို့ဖြင့် တွန်းရုန်းဘိသကဲ့သို့ သူ့ကျောကုန်းကြီးဖြင့် တွန်းရန် ကြိုးစားနေတော့၏ ။
လင် ဖြစ်သူက နွားလို ရုန်းသည်နှင့် တစ်ချိန်တည်းမှာပင် မယား လုပ်သူကလည်း ဝိုင်း၍ တွန်းရှာလေ၏ ။
ထင်းလှည်းကလေးသည် ကုန်းမြင့် တစ်ဝက်နားအထိ ရောက်ရှိသွား ပြီးခါမှ တွန်းသူ လင်မယားနှင့် တစ်ပါတည်း ပြန်၍ လျှောဆင်းလာသည် ။ ယောက်ျားကြီးသည် စိတ်အား အနည်းငယ်မျှ မလျော့ဟန်ဖြင့် နောက် တစ်ချီ နွားကဲ့သို့ပင် လှည်းလက်ကိုင်တန်းကို ကျောကုန်းနှင့် တအား တွန်း၍ ရုန်းပြန်ပါသည် ။ မယားလုပ်သူကလည်း အင်အားကုန် ညှစ်ထုတ်ကာ ဝိုင်း၍ တွန်းပေးရှာသည် ။
ထင်းလှည်းကလေးသည် ခုနကအတိုင်းပင် အနည်းငယ်မျှ ရွေ့လျား သွားပြီးနောက် လှည်းရော လူတွေပါ ပြန်လည် လျှောဆင်းလာပြန်၏ ။
လှည်းပေါ်မှ ကလေးငယ်ကား မိဘနှစ်ပါး ချွေးတဒီးဒီးနှင့် တွန်းနေကြသည့် အဖြစ်ကိုပင် သဘောကျစွာ စိုက်ကြည့်နေလေ၏ ။ ကျွန်တော်လည်း နောက်ထပ် ဆက်၍ ကြည့်မနေရက်တော့ပါ ။
စောစောကတော့ သူတို့ လင်မယား၏ ကြိုးပမ်းချက်ကို ကြည့်နေရခြင်းသည်ပင် စိတ်ဝင်စားဖွယ် ကောင်းလှဘိ၏ ။
ယခုတော့ ချွေးသီးချွေးပေါက်များကို လက်ညှိုးဖြင့် သပ်ချလိုက်ရင်း ဟောဟဲ .. ဟောဟဲနှင့် မောနေရှာသူ ထင်းသည် မိန်းမကြီးအား လည်းကောင်း ၊ လက်တွန်းလှည်း လက်ကိုင်တန်းအောက်မှ ခေါင်းကြီးကို ပြန်ထုတ်၍ လုံချည် ခါးပုံစဖြင့် မျက်နှာမှ ချွေးများကို သုတ်လိုက်ရာက -
“ ထင်းတစ်ချောင်းမှလည်း ဈေးဦးမပေါက်သေးပါဘူးကွာ ၊ ဒီထင်းတွေနဲ့တော့ ဒီကုန်းပေါ် တို့ တွန်းနိုင်မှာ မဟုတ်ပါဘူး ။ တခြားလမ်းကပဲ လှည့်သွားကြရအောင်ကွာ ” ဟု လက်လျှော့ ညည်းတွားလိုက်သော ထင်းသည် ယောက်ျားကြီးအား ၎င်းနောက်နားမှ ကြည့်နေမိရင်းကပင် “ ငါ့နှယ် သူများ ဒုက္ခကို စောစောကတည်းက ဝင်မကူညီဘဲ ကြည့်နေရက်မိလေခြင်း ” ဟု ကျွန်တော့်ကိုယ် ကျွန်တော်ပင် ပြစ်တင် နောင်တ ရနေမိပါတော့သည် ။ သို့နှင့် ကျွန်တော်လည်း သူတို့လင်မယား အနီးသို့ လျှောက်သွားပြီးလျှင် -
“ ကဲ ... နောက်တစ်ချီ တွန်းကြစမ်းပါဦးဗျာ ၊ ကျွန်တော်ပါ ဝိုင်းပြီး တွန်းပေးပါ့မယ် ” ဟု ပြောပြောဆိုဆို သူတို့နှင့်အတူ ထင်းလှည်းကလေးကို ဝင်ရောက်ကူညီ တွန်းပေးလိုက်ပါသည် ။
ဤတစ်ချီ၌ကား ထင်းသည် ယောက်ျားကြီးက စောစောတုန်းကအတိုင်း လှည်းလက်တန်းအောက် ခေါင်းကြီး လျှို၍ နွားကဲ့သို့ ရုန်းသလိုပင် သူ့ဇနီးသည်နှင့် ကျွန်တော်တို့ကလည်း ဝိုင်းဝန်း တွန်းပေးလိုက်ကြသောကြောင့် ထင်းလှည်းကလေးမှာ တဖြည်းဖြည်းနှင့် ကုန်းမြင့်ထက်သို့ ရောက်ရှိသွားတော့၏ ။
ကျွန်တော့်မှာ လူနှစ်ယောက် အင်အားကို အနည်းငယ် ဖြည့်တင်းပေး လိုက်ရရုံမျှနှင့်ပင် မောချင်သလို ဖြစ်သွားမိပါသည် ။ နဖူး၌ အနည်းငယ် စို့လာသည့် ချွေးကို သုတ်ရန် အပေါ်အင်္ကျီအိတ်ထဲမှ လက်ကိုင်ပဝါကို ထုတ်လိုက်မိစဉ် အချိန်တွင်ကား ကျွန်တော့်အဖို့ အံ့အားမသင့်ဘဲ မနေနိုင်သည့် ဖြစ်ရပ်တစ်ခုနှင့် ရင်ဆိုင်လိုက်ရတော့၏ ။
ထို ဖြစ်ရပ်သည်ကား အခြားမဟုတ် ။ ထင်းလှည်းကလေး ကုန်းမြင့် ထက်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ထင်းသည် လင်မယားသည် သူတို့ ဒုက္ခအခက်အခဲကို ကူညီ ဖြေရှင်းပေးသော ကျွန်တော့် တစ်ယောက်လုံး ကိုပင် လုံးဝ ဂရုစိုက်ဖော် မရတော့ဘဲ လမ်းနှစ်ခွရှိသည့်အနက်မှ လက်ယာဘက်လမ်း ဖြစ်သော ဒယ်အိုးစက် လမ်းကြားအတိုင်း သူတို့ ထင်းလှည်း ကလေးကို ဆက်တွန်းသွားကြခြင်းပင် ဖြစ်ပါသည် ။
ထိုအခါကျမှပင် ကျွန်တော့်မှာ ဒေါသ ထောင်းခနဲ ထွက်သွားရာက မိုးဝေတို့ အိမ်ဘက်သွားရာ လက်ဝဲဘက်လမ်းကို ဆက်မလျှောက်နိုင်သေးဘဲ မကျေချမ်းသော မျက်လုံးများဖြင့် ထင်းသည် လင်မယားအား စိုက်ကြည့်လိုက်မိ၏ ။
တကယ်ဆိုတော့ သူတို့သည် ကျွန်တော့်အား ကျေးဇူးတင်စကားလေး တစ်ခွန်းလောက်ကိုတော့ ပြောသွားသင့်ပါသည် ။ အပေါ်အင်္ကျီ ၊ ဘန်ကောက် လုံချည်တို့ဖြင့် သားသားနားနား ဝတ်ဆင်လာပါလျက်နှင့် ဤကဲ့သို့ အလိုက်သိတတ်စွာ ကူညီပေးခြင်းအတွက် ကျေးဇူးသိတတ်ဖို့ ကောင်းပါသည် ။ ကျွန်တော်သည် ဤမျှ ကျေးဇူးမသိတတ်သူတွေကိုမှ အပင်ပန်းခံ၍ ကူညီမိလေခြင်းဟု ရင်ထဲ၌လည်း မကျေနိုင် မချမ်းနိုင် ဖြစ်သွားမိလေ၏ ။
ထိုအခိုက် ထင်းသည် လင်မယားသည် ကျွန်တော်နှင့် ခပ်လှမ်းလှမ်းသို့ အရောက်တွင် ကျွန်တော့်ထံသို့ လည်ပြန်ကြီးတွေ လှည့်ကြည့်နေကြသည်ကို မြင်လိုက်ရ၏ ။
ကျွန်တော့်မှာလည်း သူတို့အား စိတ်ပျက် ဒေါသထွက်ကာ ကိုယ့်လမ်း ခရီးကိုယ် ဆက်လျှောက်သွားတော့မည် လုပ်ပြီးခါမှ ဤကဲ့သို့ လှည်းကို ရပ်၍ နှစ်ယောက်သား ကျွန်တော့်အား လှမ်းကြည့်လိုက်ကြသည်ကို ဂရုမပြုဘဲ မနေနိုင်အောင် ဖြစ်သွားမိပါတော့သည် ။
သူတို့ လင်မယား နှစ်ယောက်စလုံး၏ အကြည့်သည်ကား သာမန် အကြည့်မျိုးနှင့် လုံးဝ မတူ ။ သူတို့ အပေါ်တွင် ခံပြင်းစိတ်ဖြင့် စူးစူးဝါးဝါး လှမ်းကြည့်ခဲ့မိသည့် ကျွန်တော်၏ မျက်လုံးများနှင့်လည်း အလျှင်း မဆိုင် ။ သူတို့ အကြည့်တွင် သန့်စင်နူးညံ့သော သဘောထားများသာ ဖုံးလွှမ်း ပေါ်လွင်လျက် ရှိပေ၏ ။
ထိုအကြည့်များကို မြင်လိုက်ရသော အခါတွင်မှ စောစောပိုင်းက ကျွန်တော့် ရင်ထဲ၌ ဗလောင်ဆူလျက် ရှိခဲ့သည့် ခံစားမှု မှန်သမျှလည်း လွင့်စဉ် ကွယ်ပျောက်သွားကုန်၏ ။ ထိုအခါကျမှပင် သူတို့တစ်တွေ၏ စိတ်ရင်း သဘောထားကို နားလည်သလိုလို ရှိလာမိသည်နှင့်အမျှ မိမိကိုယ် မိမိလည်း အတော်ကြီး ရှက်သွားမိပါသည် ။
ဤထင်းသည် လင်မယား ကဲ့သို့သော လူတန်းစားမျိုးအဖို့ စောစောက ကျွန်တော် အငမ်းမရ ကြားချင်နေသည့် “ ကျေးဇူးတင်ပါသည် ” စကားမျိုးကို တုံ့ပြန်ဖို့ရာ မဆိုထားဘိ ၊ ပြောသင့် ပြောအပ်သည်ကိုပင် နားလည်ချင်မှ နားလည်ကြပေမည် ။
သူတို့ဘဝ အခြေအနေမျိုးတွင် ကျွန်တော်တို့ တစ်တွေကဲ့သို့ ဟန်ဆောင်သော အပြုံးတို့ဖြင့် “ ကျေးဇူးတင်ပါသည် ၊ ကျန်းမာ ချမ်းသာပါရဲ့လား ၊ တွေ့ရတာ အလွန်တရာမှ ဝမ်းသာလှပါသည် ” စသည်ဖြင့် ပြောစကောင်းသည် ဟူ၍လည်း လေ့ကျင့် နားလည်ထားခြင်း မရှိ ။
လူတစ်ယောက်က တစ်ယောက်ကို ကူညီစောင်မခြင်းသည် ကျေးဇူး အတုံ့အပြန်ကို ရယူလို၍ ပြုလုပ်ခြင်း မဟုတ်ကြောင်းကို သူတို့ကမှ ကျွန်တော့်ထက် ပို၍ သဘောပေါက်ကြဟန် တူသေး၏ ။
“ ကျေးဇူးတင်ပါသည် ” ဟူသော စကားမျိုး သူတို့ နှုတ်ဖျားမှ ထွက်မလာငြားသော်လည်း သူတို့ မျက်လုံးကြီးများကပင် ပြောကြားလျက်ရှိခြင်း ဖြစ်ပေလိမ့်မည် ။ ခုနက သူတို့၏ အကြည့်သည်ကား ကျွန်တော့် အပေါ်ဝယ် ကြည်ညိုလေးစားမှု ၊ ကျေးဇူးတရား သိတတ်မှုတို့ကို နှုတ်အားဖြင့် ထုတ်ဖော် ပြောပြမည့်အစား မျက်နှာရိပ် မျက်နှာကဲ ဖြင့်သာ ဖော်ပြကြသည့် အကြည့်မျိုး ဖြစ်ချေလိမ့်မည် ။
သူတို့ လင်မယားသည် ဤထင်းတွေကို တစ်နေကုန် တစ်နေခန်း ရောင်းချပြီးနောက် မောကြီးပန်းကြီးနှင့် အိမ်ပြန်ရောက်ကြသော အခါတွင်မှ နှစ်ယောက်သား စကားစပ်မိကြရင်း ကျွန်တော့် အပေါ်ဝယ် ထားရှိအပ်သည့် ကျေးဇူးတရားများကို သူတို့ နားလည်သော စကားတို့ဖြင့် တတွတ်တွတ် ပြောချင်လည်း ပြောနေကြလိမ့်မည် ။
မည်သို့ပင်ဖြစ်စေ ကျွန်တော့်မှာကား ကိုယ်တွေ့ ဖြစ်ရပ်ကလေး တစ်ခုပေါ်မှ နေ၍ အသိဉာဏ် အချို့ကို ရရှိလိုက်ခြင်းကြောင့် လည်းကောင်း ၊ ညလုံးပေါက် ထိုင်၍ စာတစ်မျက်နှာ ရေးမရဘဲ အားငယ်လျက်ရှိစဉ် ထို ဖြစ်ရပ်ကလေးကို ယခုလို တစ်ထိုင်တည်းနှင့် ရေးဖြစ်သွားခြင်းအတွက် လည်းကောင်း သူတို့တစ်တွေအား -
“ ကျေးဇူးတင်ပါသည် ”
▢ မင်းရှင်
📖 မြဝတီ မဂ္ဂဇင်း
ဇွန် ၁၉၆၁

No comments:
Post a Comment