Friday, December 12, 2025

မိကျောင်းကြီး နှင့် ယုန်သူငယ်

 ❝ မိကျောင်းကြီး နှင့် ယုန်သူငယ် ❞

            ( ပုံပြင် )


ရှေးလွန်လေပြီးသော အခါက အိုကီ အမည်ရှိ ကျွန်းကလေး တစ်ကျွန်း ရှိခဲ့လေသည် ။ ထိုကျွန်းကလေးပေါ်တွင် ယုန်ကလေး တစ်ကောင် ရှိ၏ ။ ယုန်ကလေးသည် သူ့တစ်ကိုယ်တည်း ကျွန်းပေါ်တွင် နေလာရ၍ ပျင်းလာသောကြောင့် အခြား တစ်ဖက်ကမ်းရှိ ကျွန်းတစ်ကျွန်းသို့ ပြောင်းရွှေ့နေထိုင်လိုစိတ် ပေါ်လာ၏ ။ ထို့ကြောင့် တစ်နေ့တွင် ယုန်ကလေးသည် သူ ပြောင်းရွှေ့လိုသော ကျွန်းကလေး ရှိရာသို့ ပင်လယ်ပြင်ကြီးကို ဖြတ်၍ စိတ်ကူးယဉ်လျက် ရှိသည် ။ ယုန် ကလေးသည် ကမ်းခြေတွင် ထိုင်လျက် ရှိနေစဉ် ပင်လယ်ပြင်မှ ရုတ်တရက် ခေါင်းဖော်လျက် မိကျောင်း တစ်ကောင် ပေါ်လာလေသည် ။ ၎င်းမိကျောင်းသည် ယုန်ကလေးအား စားတော့ဝါးတော့မည့် အသွင် စူးစူးဝါးဝါး စိုက်ကြည့် နေသောကြောင့် -


ယုန်ကလေးသည် “ အသင် မိကျောင်း ၊ အကျွန်ုပ်အား အဘယ်ကြောင့် စူးစိုက်၍ ကြည့်နေဘိသနည်း ” ဟု မေးလျှင် ...


မိကျောင်းက ဟက်ဟက်ပက်ပက် ရယ်လျက် -


“ အသင်ယုန်ကလေး ရူးလှချည်လား ” ဟု လှောင်ပြောင် သရော်လိုက်ပြန်သည် ။ ထိုအခါ ယုန်ကလေးက ဒေါသူပုန်ထကာ


“ အသင်မိကျောင်း ၊ ကျွန်ုပ်သည် ဤကျွန်းမှ ဘုရင်တစ်ဆူ ဖြစ်သည် ။ အဘယ်ကြောင့် စော်ကားမော်ကား ဆိုဘိသနည်း ။ ဤကျွန်းပေါ်မှ ကျွန်ုပ် အဖော်အသင်းများ သိလျှင် အသင့်အား ရန်မူကြတော့မည် ။ အသင် ပြန်လော့ ” ဟု ယုန်ကလေးသည် ကြွားဝါရင်း ခြောက်လှန့် လိုက်ပြန်သည် ။


မိကျောင်း ကလည်း “ အသင် ယုန်ငယ် ၊ သင့်မှာ ရှိသလို ကျွန်ုပ်တွင်လည်း အဖော် ရှိသည် ။ အသင့် အင်အားကို ကျွန်ုပ် မကြောက် ၊ မခြောက်ပါလင့် ” ဟု မိကျောင်းကလည်း အားကျမခံ ပြန်ပြောလိုက်သောအခါ ....


ယုန်ကလေးက “ ကဲ ... အသင် မိကျောင်း ၊ သင်နှင့် ကျွန်ုပ် အင်အားပြိုင်ကြအံ့ ၊ များ သောသူက ကျွန်ခံစတမ်း ကတိပြုကြရမည် ” ဟု ယုန်ကလေးက ပြောလိုက်လျှင် မိကျောင်း သည် ရေထဲသို့ ငုပ်ဆင်း သွားလေသည် ။ အတန်ကြာလျှင် မိကျောင်း ပြန်၍ ပေါ်လာသည် ။ ၎င်း နောက်တွင် တစ်ဆက်တည်း ဆက်တိုက် ရေပြင် ပေါ်တွင် ပေါ်လာသော မိကျောင်းတို့ကား ပင်လယ်ပြင် တစ်ခုလုံးအား ပြည့်စေလေသည် ။ များပြားလှသော မိကျောင်းတို့ကြောင့်  ပင်လယ်ရေပြင်ကို မမြင်ရတော့ဘဲ မိကျောင်းများ၏ ကျောများ ကိုသာ မြင်ရလေသည် ။


ပထမဆုံး ပေါ်လာသော မိကျောင်းက “ ဘယ့်နှယ့်ရှိစ အသင် ယုန်ငယ် ၊ ဤမျှလောက်သော မိကျောင်းတွေကို အသင် မြင်ဖူးရဲ့လား ” ဟု မိကျောင်းက မေးလျှင် ယုန်ကလေးသည် အားကျမခံ “ မြင်တော့ မမြင်ဖူးပါဘူး ၊ ဒါပေမယ့် ကျွန်ုပ် ယုန်တွေ လောက်တော့ မများသေးပါဘူး ” လို့ ပြန်ဖြေလိုက်သည် ။


မိကျောင်း က “ ဒါဖြင့် အသင့် ယုန် အင်အား ကိုလည်း သိပါရစေတော့ ” ဟု ပြောလျှင် ယုန်ကလေးသည် စဉ်းစားရ ကြပ်သွားကာ ခဏမျှ တွေဝေ နေပြီးလျှင် “ သိရမှာပေါ့ ၊ သင်တို့ အင်အားကိုလည်း ရေတွက်ပါရစေဦးလေ ၊ သင်တို့က ရေပေါ်တွင် ကျောဖော်၍ တန်းစီနေ ကျွန်ုပ် လျှောက်၍ တွက်ကြည့်မည် ” ဟု ယုန်ကလေးက မိကျောင်းများအား ရေပြင်ပေါ်တွင် တန်းစီ ခိုင်းလိုက်သောအခါ မိကျောင်းများသည်ပင်လယ်ရေပြင် တစ်ခုလုံး မိကျောင်းများချည်း ဖြစ်နေသောကြောင့် ပင်လယ် ဟိုဘက်ကမ်း နှင့် သည်ဘက်ကမ်း သည် ဆက်လျက် ရှိနေ၏ ။


ထိုအခါ ယုန်ကလေးသည် မိကျောင်းများ၏ ကျောပေါ်သို့ ခုန်ဆွခုန်ဆွနှင့် ပြေးလွှား ရင်း ရေတွက် လေတော့သည် ။ “ တစ် ... နှစ် ... သုံး ” ဟု ယုန်ကလေးက အော်ရေလျှင် မိကျောင်းများ ကပါ လိုက်၍ အော် ရေတွက်ကြသည် ။ နောက်ဆုံး မိကျောင်း ကျောပေါ်သို့ ယုန်ကလေး ရောက်လျှင် “ တစ်ရာ့နှစ်ဆယ် ” ဟု အော်လိုက်၍ နောက်ပိတ်ဆုံး မိကျောင်း၏ ကျောပေါ်တွင် နားလျက် အမောဖြေ နေလေ၏ ။ ယုန်ကလေးသည် မိမိ သွားလိုသော ကျွန်းပေါ်သို့ ရောက်လုနီး ဖြစ်နေသည် ။ ယုန်ကလေးသည် မိမိ အနှစ်နှစ် အလလက မျှော်မှန်းခဲ့သော ကျွန်းကလေးသို့ ရောက်တော့မည် ဖြစ်၍ ဝမ်းသာနေသည် ။


ယုန်ကလေးသည် ကျွန်းပေါ်သို့ မခုန်ပြေးမီ ဟားတိုက်ရယ်လျက် “ ဟယ် ... ငမိုက်သား မိကျောင်းတို့ ၊ နင်တို့သည် ငါ့အား ဤကျွန်းသို့ ကူးရန် နင်တို့ ကိုယ်ဖြင့် တံတား ခင်းပေးကြခြင်း မဟုတ်လော ” ဟု အော်၍ ခုန်လိုက်လျှင် မိကျောင်းသည် ဒေါပွကာ ယုန်ကလေးအား လှမ်း၍ ကိုက်လိုက်သည် ။ သို့သော် ယုန်ကလေးသည် လျင်မြန်ဖျတ်လတ်သောကြောင့် တစ်ကိုယ်လုံးကို မကိုက်မိတော့ဘဲ ယုန်ကလေး၏ အမြီး တစ်ဝက်ကိုသာ မိကျောင်း ကိုက်မိလိုက်လေသည် ။


ယုန်ကလေးသည် လည်း အမြီးငုံးတိုနှင့်ပင် မိမိ သွားလိုသော ကျွန်းသာယာသို့ ရောက်သွားလေတော့သည် ။


ထို့ကြောင့် ယနေ့တိုင် ယုန်ကလေးများ၏ အမြီးသည် အခြား ကြောင်မြီး ၊ ခွေးမြီးများ ကဲ့သို့ မရှည်ဘဲ ငုံးတိုလေး ဖြစ်၍ နေလေတော့သည် ။


( ဘာသာပြန် )


〇 မင်းကြည်  

📖ရှုမဝ မဂ္ဂဇင်း

     ၁၉၆၄ ၊ ဇွန်

No comments:

Post a Comment