Monday, December 29, 2025

အတောင်ပါတိုင်း ငှက်ဆိုလျှင်


 

❝ အတောင်ပါတိုင်း ငှက်ဆိုလျှင် ❞
             ( ဖော်ဝေး )

တွေ့ကြသေးတာပေါ့လေ ။

မိန်းမလှတို့ မုန်းပြီ ဆိုမှဖြင့် တေး၍ မှတ်၍ပင် မဆုံးနိုင် ။ ခုလည်း ကြည့်လေ ၊ အေးအေးမာ တစ်ယောက် မျက်နှာက တင်းနေသည် ။ မာနေသည် ။ စဉ်းစားရင်းကပင် သည်လောက် ဖြစ်နေသည် ဆိုတော့ ရင်ဆိုင်တွေ့ကြပြီဆို တွေးရန်ပင် မဝံ့ ။ အေးအေးမာ အဖို့တော့ ဒါက ဘဝက ပေးအပ်လာသည့် ပြဿနာ ။ တစ်သက်လုံး လူတကာ အပေါ် အနိုင်ယူခဲ့သမျှ အထိနာခဲ့ရသော သည်အစိုင်အခဲကို အေးအေးမာ မွေးမြူထားသည်မှာ ကြာပြီဟုတော့ ဆိုနိုင်သည် ။ ဆိုကြပါစို့ သုံးနှစ် ။ တကယ်တော့လည်း သုံးနှစ် ဆိုသည့် အချိန်သည် လုပ်ရင်းကိုင်ရင်း သွားရင်း လာရင်း ၊ ကုန်လွယ်မြန်လွယ်သည် ဟုလည်း ပြောနိုင်ပါသည် ။ သို့ပေမဲ့ သည်သုံးနှစ် အတွင်း သည်အစိုင်အခဲ ကတော့ အေးအေးမာ ရင်ထဲ ဘယ်တော့မှ ကျေပျက်သွားသည် မရှိ ၊ မတွေးမိရင်တော့လည်း အကောင်းသား ။ တိုက်တိုက်ဆိုင်ဆိုင် တွေးမိ စဉ်းစားမိလျှင်ဖြင့် အခံရ ခက်လို့ပင် မဆုံးနိုင် ။ အမှန်လည်း သည်လို သာမန်ကိစ္စရပ်ကလေးများ ကိုသာ ကြီးကြီးကျယ်ကျယ် လုပ်နိုင်ရှာသည့် သည်လိုပတ်ဝန်းကျင်မျိုးက မိန်းကလေးမို့ သည်လိုသာ ဖြစ်ရမှာပဲ ။ အေးအေးမာ တစ်ယောက်တည်း ကိုသာ ကွက်၍ အဖြစ်ဆိုးလျှင်တော့လည်း မတရားပါ ။ ပြောကြစတမ်း ဆိုလျှင် ဒါက ရာဇဝင်လာ ထုံးစံ ။

ဦးမြသောင်း နှင့် လက်ထပ်ပြီးကတည်းက သည်မြေမှ အေးအေးမာ ခွာခဲ့ချေသည် ။ သည်အချိန်တုန်းကတော့ သည်မြေက ခွာခဲ့ရသည့်အတွက် အေးအေးမာ တစ်စက် ကယ်မှ ဝမ်းမနည်း ၊ မကြေကွဲ ။ အမေ့ကို ခွဲခဲ့သည့် အတွက်မူ စိတ်မကောင်းဖြစ်မိရသေးသည် ။ ဒါပေမဲ့ အမေက အေးအေးမာ တို့ဆီ တစ်လှည့် သူ့အိမ် တစ်လှည့် ပြန်နေသည်မို့သာ ဖြေသာပါသည် ။ ဦးမြသောင်း နှင့် လက်မထပ်ခင်ကတော့ သည်မြေ သည်ရေကို အေးအေးမာ အချစ်ဆုံး ။ အခင်တွယ်ဆုံး ။ သည်မြေကို မုန်းခဲ့ရသည်က လက်မထပ်ခင် လပိုင်းလေး အလိုကမှ ။

အဓိကတရားခံကတော့ မောင် ။ ဟုတ်သည် ။ မောင် ကြောင့် ။ မောင် သာ မရက်စက်လျှင် အေးအေးမာ တစ်ယောက် သည်အရပ်သူသာ ဖြစ်ရမည် ။ သည်လိုသာ အေးအေးမာ စွဲယူသည် ။ တကယ်တော့ အေးအေးမာ မှာ သည်အရပ်ကို တကယ်ချစ်သည် ။ ခင်တွယ်သည် ။ သို့မို့ကြောင့်လည်း ပြန်လည်း ပြန်ချင်သည် ။ မပြန်လည်း မပြန်ချင် ။ ပြန်ချင်သည်ကလည်း ‘ မောင် ’ ကြောင့် ။ မပြန် ချင် သည်ကလည်း ‘ မောင် ’ ကြောင့် ။ မပြန်ချင်တာကလည်း မုန်းသူ နာသူ မျက်နှာကို မကြည့်လို၍ ၊ ပြန်ချင် တာကလည်း မုန်းသူ နာသူကို လက်စားချေလို၍သာ ဖြစ်သည် ။ သည် ချင်ခြင်းက အေးအေးမာ ရင်ထဲ စွဲဝင်သည်မှာလည်း ကြာပြီ ။ ယခုတော့မူ အေးအေးမာ အလို ပြည့်ပေတော့မည် ။

မနေ့ကမူ မေမေ အသည်းအသန်ဖြစ်ကြောင်း ကြေးနန်း ရောက်လာသည် ။ သည်တော့ အေးအေးမာ မပြန်၍ မဖြစ် ။ ဦးမြသောင်း ကလည်း ခွင့်ယူနိုင်သည်မို့ အေးအေးမာ ကို လိုက်ပို့ပေးမည့်သူ ရှိသည် ။ သည်တော့ သုံးနှစ်ကြာ ခွဲခွာခဲ့ရသော မြေကို အေးအေးမာ ပြန်ဖြစ်ရတော့သည် ။

ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ခွာလာကတည်း က အေးအေးမာ အသိထဲ အသည်းအသန် ဖြစ်နေသော မိခင် ကွယ်ပျောက်သွားသည် ။ သည်မြေတွင် ‘ မောင် ’ က ရှိသည်မို့ ရင်တော့ နည်းနည်းတုန်မိသား ။ သို့ပေမဲ့ အနိုင်ယူနိုင်သည့် အချက်တွေက ကိုယ့်ဘက်က တစ်လှေကြီး မို့ အေးအေးမာ ကျေနပ်သည် ။ ရင်ကို ကော့၍ မော့လိုက် မည်ဟု ရင်ထဲက ကျူးရင့်သည် ။ သည်တစ်ခါတော့ အေးအေးမာ ဘက်က အနိုင်ပဲ ။

ရထားက တရိပ်ရိပ် ပြေးနေသည် ။ သည်လမ်း ၊ သည်ခရီးကို တစ်ချိန်ကတော့ အေးအေးမာ အခေါက်ခေါက် အခါခါ သွားလာခဲ့ဖူးသည် ။ အေးအေးမာ တို့ ရန်ကုန် ဆရာအတတ်သင်သိပ္ပံသို့ လာတက်စဉ် ကျောင်းပိတ်တိုင်း သည်လမ်းက ရထားနှင့်ပဲပြန်သည် ။ ကျောင်းဆင်းပြီး ဆရာမ ဖြစ်တော့လည်း ရန်ကုန်ကို မကြာမကြာ ရောက်သည်မို့ သည်လမ်းကတော့ ကိုယ့်ဆွေကိုယ့်မျိုးလမ်း ။ ခုတော့လည်း သုံးနှစ်ကျော် ခွဲခွာခဲ့ရသည်မို့ နည်းနည်းတော့ သစ်ဆန်းနေသား ။

“ အဝေးကြီးကျန်သေးတာပဲ မာ ၊ မေမေ့အတွက် သည်လောက်လည်း စိတ်ပူမနေစမ်းပါနဲ့ ၊ လူကြီးရောဂါဟာ သည်လိုပဲပေါ့ မာရယ် ၊ ကဲ ... နည်းနည်း မှိန်းလိုက်ပါဦး အားရှိသွားအောင် ”

“ နေပါစေ ကိုကို ၊ မာ မအိပ်ချင်ပါဘူး ၊ ကိုကိုသာ အိပ်ပါဦး ၊ ညက ကိုကို အိပ်ပျက်ထားတာ ”

အေးအေးမာသည် ခင်ပွန်းသည်ကို တစ်ချက်မျှသာ လှည့်ကြည့်၍ ငြိမ်သွားပြန်သည် ။ ရထားမှန်ပြတင်းပေါက်မှ ကျော်၍ အဝေးရှုခင်းကိုသာ ငေးကြည့်နေသည် ။ ရင်တွင်းမှာတော့ စောစောက အတွေးတွေ လှိုင်းထဆဲ ။

သည်အချိန်မှာပဲ မိုးတွေက ညိုလာသည် ။ ကောင်းကင်တစ်ပြင်လုံး ညိုမှိုင်းနေသည် ။ ဟိုအဝေး တောင်ခြေ ဆီမှာတော့ မိုးရွာနေပေပြီ ။ မကြာခင် သည်မိုးက ကူးလာတော့မည် ။ အေးအေးမာသည် တောင်ခြေဆီမှ ပြေးလာသော မိုးဖွဲတွေကို ကြည့်ရင်း ငိုင်နေမိသည် ။

သည်လို အချိန်မျိုးပေပဲ ။ ‘ မောင့် ’ မျက်နှာကို စေ့စေ့ ကြည့်ပြီး မောင့်အပါးမှ ငိုပြေးခဲ့ရသည့်အဖြစ် ။ အေးအေးမာ သည် မသိမသာ အသက်အောင့်ထားလိုက်မိသည် ။ ကြေကွဲသလို ဖြစ်မိရာမှ အေးအေးမာ အသိပြန်ဝင်လာသည် ။ သည်တော့ အေးအေးမာ မျက်နှာက အလိုလို ပြန်တင်းလာပြန်သည် ။ ဒင်းကြောင့် ဟုတ်သည် ။ ဒင်းကြောင့် ။

ဟိုတုန်းကလည်း

“ ချေးထဲက လောက် ချေးထဲပဲ ပျော်နေတာပေါ့ ”

သည်လိုသာ အေးအေးမာ ဆိုခဲ့ဖူးသည် မဟုတ်လား ။

“ မဟုတ်ဘူးမောင် ၊ မဟုတ်ဘူး ၊ အေး ကို မောင် သက်သက် အထင်လွဲနေတာ ၊ အေး ဂုဏ်မမက်ဘူး ဆိုတာ မောင် သိပါတယ် မောင်ရယ် ၊ ခုဟာက အားလုံးအတွက် မောင် ဒီလောက်တော့ လိုက်လျောသင့်ပါ တယ် ”

အေးအေးမာ ၏ မျက်နှာသည် ပြောရင်းက ညိုလာသည် ။ ငိုတော့မလို ။ ကိုကျော်မောင် ကတော့ အေးအေးမာ ကို တစ်ချက်သာ လှည့်ကြည့်ရင်း ငါးစာ ပြန်တပ်နေသည် ။ ပြီးမှ ရေလယ်သို့ ငါးမျှားချိပ်ကို ပစ်ချလိုက်သည် ။

“ အေး ဂုဏ်မမက်ဘူး ဆိုတာ မောင် ယုံပါတယ်အေး ၊ ဒါပေမဲ့ ခုဟာက မောင့်ကို အေးတို့ အသိုင်းအဝိုင်းက အထင်ကြီးလှတဲ့ ဂုဏ်မျိုး ရှာခိုင်းနေတာ မဟုတ်လား ၊ စဉ်းစားကြည့်ပါ အေး ၊ မောင့်ပညာအရည်အချင်းနဲ့က ရလှမှ မူလတန်းကျောင်းဆရာလောက် ၊ အောက်တန်းစာရေးလောက် ဖြစ်မှာပေါ့ ။ ဒါတွေလည်း မောင် မလုပ်ချင် ဘူးဆိုတာ အေး သိပါတယ် ။ အရင်ကတော့ အေး ဘာမှ မပြောခဲ့ဘဲနဲ့ ခုမှ ဒါကို အတင်း လုပ်ခိုင်းတာကတော့ကော ဘာကြောင့်လဲ အေး ၊ မောင့်ကို ဒီလို အကျပ်မကိုင် သင့်ပါဘူး အေးရယ် ”

ကိုကျော်မောင် အသံက တုန်နေသလို ရှိသော်လည်း ပီသပြတ်သားသည် ။ အေးအေးမာ မျက်နှာကတော့ ညိုမှိုင်းဆဲ ။ သည်တော့ ကိုကျော်မောင် သည် တည်တည် ငြိမ်ငြိမ်ပင် မတ်တတ်ရပ်သည် ။

“ ကဲ ... အေး ၊ မောင်တို့ ဟိုလယ်တဲလေးထဲ သွားရအောင်လား ၊ ဒီမှာက စိုစိုစွတ်စွတ်နဲ့လာ ”

ချစ်သူနှစ်ဦးသည် တစ်လှမ်းချင်း တဲငယ်ဆီသို့ ထွက်ခွာသွားနေကြသည် ။ နှစ်ဦးစလုံးပင် ခေါင်းတွေက စိုက်စိုက် ။

အမှန်တော့ သည်ပြဿနာကို သယ်ဆောင်လာသူက အေးအေးမာ ။

မနေ့ညက အေးအေးမာတို့ အိမ်တွင်းတိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့သည် ။ အေးအေးမာ ၏ အမေသည် အေးအေးမာ ကို သူသဘောတူသည့် သူနှင့် သည်တစ်ခါတော့ အကျပ်ကိုင်လာသည် ။ ဟိုအစောပိုင်းကတည်းက သည်ပြဿနာ ရှိနေသည် ။ သည်တုန်းကတော့ တစ်မြို့လုံး သိနေသည် ။ ကိုကျော်မောင် နှင့် မိမိအကြောင်းကို ဖွင့်ပြောလိုက်သည် ။ အမေ သည် သည်သတင်းကို ကြားထားပြီး ဖြစ်သဖြင့် ထူးထူးခြားခြားတော့ မဖြစ် ။

“ အမေ သိပါတယ် သမီး ၊ အမေနဲ့ သမီး ဒီနှစ်ယောက်တည်း ရှိတဲ့ အိမ်ထောင်မှာ အမေ့သမီးက အမေ့ ကို ရှိတယ်လို့တောင် မထင်ဘဲ ထင်ရာစိုင်းခဲ့ပေမဲ့ အမေ မပြောခဲ့ပါဘူး ၊ ဒီတစ်ခါတော့ အမေ ပြောရမယ်သမီး ၊ သမီး ငယ်ငယ်ကတည်းက သမီးအဖေ ဆုံးခဲ့တာ အမေ ဟာ နောက်အိမ်ထောင် မပြုဘဲနဲ့ သမီးလေးမျက်နှာငယ်မှာစိုးလို့ ဘယ်လောက် ထိန်းသိမ်းခဲ့တယ်ဆိုတာ သမီး သိပါတယ် ။ အမေ သမီးကို ဒီလောက်ချစ်တယ်လို့ တိုင်းတာပြတာ မဟုတ်ပါဘူး ။ စကားနဲ့ ပြောလို့မရတဲ့ အထိ သမီးကို အမေ ချစ်တယ်ဆိုတာ သမီးယုံပါ ။ သမီး လုပ်ချင်တာ လိုချင်တာတွေ အားလုံးအတွက် အမေ လိုက်လျောခဲ့ပြီးပြီ ။ ဒီတစ်ခါတော့ အမေ့သဘောကို သမီး လိုက်လျောလိမ့်မယ်လို့ အမေ ယုံထားတယ် သမီးရယ် ”

အမေ့ ဆီက ဒီလို တုံ့ပြန်လာတော့လည်း အေးအေးမာ တစ်ယောက် ငိုင်ချက်သား ကောင်းနေသည် ။ သည်တစ်ခါတော့ သည်လိုနှင့်ပင် သည်ပြဿနာ လိပ်ခဲ တည်းလည်း ဖြစ်ခဲ့သည် ။ ဒါပေမဲ့ အမေ သဘောတူသူ ကလည်း ဆိုင်းမနေချင်တော့ ။ သည်အမေ သဘောတူသူ ဆိုသူကလည်း အေးအေးမာ နှင့် ကျွမ်းဝင်ပြီးသား ။ အမေနှင့် ညီအစ်မ လို ခင်ကြသည့် ဒေါ်မြနှစ် ၏ သား ကိုမြသောင်း ၊ အေးအေးမာ တစ်ယောက် ဆရာအတတ်သင် လာတက် ကတည်းက ကိုမြသောင်း တစ်ယောက် အေးအေးမာ ထံမှောက် အခစား ရောက်ရသည် ။ အမေသည် ကိုယ်တိုင် လိုက်၍ အေးအေးမာ ကို ကိုမြသောင်း လက်ထဲ အပ်သည် ။ သည်တုန်းကတော့ သည်လောက် အထိ ဖြစ်လာလိမ့်မည်ဟု အေးအေးမာ မတွေးမိခဲ့ပါ ။ အေးအေးမာ ရင်ထဲ မောင် က လွဲလို့ ဘယ်သူမှ မရှိ ။ ယောင်လို့မှလည်း စိတ်မလှုပ်ရှားမိ ၊ တဖြည်းဖြည်းနှင့် ကိုမြသောင်း တစ်ယောက် အကဲမလှတော့ပြီကို အေးအေးမာ သိခဲ့ပါသည် ။ ဒါကြောင့်လည်း အေးအေးမာ ရှောင်ခဲ့ သည် ။ ကိုမြသောင်း ကတော့ ဝတ္တရားကြီးစွာ ကျောင်းသို့ လာမြဲ ၊ သည်တော့လည်း သုံးလေးခါလောက် လာမှဖြင့် တစ်ခါလောက်မျှ ဆင်းမတွေ့လျှင် မဖြစ်သည်မို့ ဆင်းတွေ့ဖြစ်ရသည် ။ တကယ်တော့ ကိုမြသောင်း လည်း ချစ်ကြောင်းဖွင့်ဟ ပြောလာသည် မဟုတ်တော့ အေးအေးမာ က မောင် နဲ့ သူတို့ အကြောင်း ပြောမပြဖြစ်ခဲ့ ။ ကိုမြသောင်း ကတော့လည်း သူမသိ ငါပိုး ။

ကိုမြသောင်း တစ်ယောက် ကိုင်မယ့် ကိုင်တော့လည်း အညှာ ကိုမှ ကိုင်ခဲ့သည် ။ အမေ ကိုယ်တိုင်က အစကတည်းက သဘောကျပြီးသားမို့ ကိုမြသောင်း ၏ ကမ်းလှမ်းချက်ကို တပြုံးပြုံး ဖြစ်နေသည် ။

သည်အချိန်တုန်းကလည်း မောင် က

“ ဒါက အေး အပေါ် မူတည်တာပေါ့ အေးရယ် ၊ မောင့် ဘက်ကတော့ အေး မြင်တဲ့အတိုင်းပေါ့ ။ မောင် ဘာမှ ထင်မြင်ချက် မပေးလိုဘူး ၊ အေး သတ္တိရှိတဲ့နေ့ မောင့်ဆီ လာခဲ့ပါ ။ မောင် နေသလိုတော့ နေရမယ် အေး ၊ အမေ ကတော့ မောင့်ကို လုံးလုံးသဘောမတူနိုင်ဘူး ဆိုတာ မောင် နားလည်ပါတယ် ၊ အေးပဲ ဆုံးဖြတ်ပါ အေး ”

ဒီလိုသာ ပြောခဲ့သည် ။ သည်တော့လည်း အေးအေးမာ ...

“ စိတ်ချပါမောင် နောက်ဆုံး အမေက အတင်းအကျပ် လုပ်လာရင် မောင့်ဆီ အေးပြေးခဲ့မှာပါ ၊ အေး ကို ယုံပါ မောင် ၊ အေး ဘဝမှာ မောင် ပဲ အေးရဲ့ အရှင်သခင် ဖြစ်ရမယ် ”

ဒီလို ပြောခဲ့သေးသည် ။

သည်ည ကျမှ အမေက အဆုံးစွန်သော စကားကို ဆိုလာသည် ။

“ အမေ့လည်း အသက်ကြီးပြီ သမီး ၊ သမီး စိတ်ထဲ ဘယ်လိုဖြစ်နေတယ် ဆိုတာ အမေ သိပါတယ် ။ ဒါပေမဲ့ သမီး သိပ်ပြီး စိတ်ကူးယဉ်နေတယ် သမီးလေး ၊ သမီးရဲ့ မောင်ကျော်မောင် ကိုတော့ အမေ လုံးလုံး သဘောမတူနိုင်ဘူး သမီး ၊ ခုထက်ထိ ဒီအသက်အရွယ်နဲ့ ကလေကချေ လုပ်နေတုန်းပဲ ။ သူ့ပညာလောက်နဲ့လည်း တို့ မြို့လေးလိုမှာ ဂုဏ်မငယ်လှပါဘူး ။ အလုပ် တစ်ခုခုလောက်တော့ လုပ်သင့်ပါတယ် ။ အမေ နောက်ဆုံး ပြောမယ် သမီး ၊ မောင်ကျော်မောင် ဒီအချိုးကို ပြင်ပြီး အလုပ် တစ်ခုခုကို လုပ်ပြီ ဆိုရင် အမေ သမီးတို့ ချစ်ခြင်းကို မကန့်ကွက်တော့ဘူး ။ သမီးတို့ သဘောပဲ ”

အမေ့ သဘောကလည်း မဆိုးလှပါဘူး ။ သည်လိုသာ အေးအေးမာ စိတ်ထဲ မှတ်ယူခဲ့သည် ။ အေးအေးမာ တစ်ယောက် မျှော်လင့်ချက်ရောင်ခြည် လက်ခနဲ တွေ့လိုက်ရသည်မို့ ပျော်တပြုံးပြုံး ဖြစ်သွားရသည် ။ အေး ကို ချစ်လွန်းသည့် မောင်မို့ အေးပြောလျှင် မောင် သည် လောက်တော့ အေးရော မောင့်အတွက် ဝမ်းပန်းတသာ ဆောင်ရွက်ပေလိမ့်မည်ဟု အေးအေးမာ ထင်သည် ။

မေမေ က ပြောလည်း ပြောချင်စရာ ။ အေးအေးမာ တစ်ယောက် အတွေးများက ဟိုသည် လူးလာခတ်နေသည် ။ မောင့်ကို အလုပ်လုပ်ဖို့ အေးအေးမာ ကိုယ်တိုင် ကတော့ တစ်ခါမှ မတိုက်တွန်းစဖူး ။ တစ်ခါကတော့ သူငယ်ချင်းတွေက နောက်ပြောင်ကြသဖြင့် အေးအေးမာ က ကိုကျော်မောင် ကို ပြန်ပြောဖူးသည် ။

“ သူတို့ အမြင်ကျတော့ သည်လိုပဲ ဖြစ်မှာပေါ့ အေး ၊ ဒီအတိုင်းလည်း မောင်တို့ မြို့ကလေးမှာက ရှိခဲ့ဖြစ်ခဲ့တာကိုး ။ ကိုးတန်း ၊ ဆယ်တန်းလောက် အောင် , အောင် သင် ၊ တက္ကသိုလ် မတက်နိုင်ရင် ကျောင်းဆရာလေး ၊ စာရေးလေး ဝင်လုပ် ၊ ဒါပဲပေါ့ ။ လူကြီးတွေကလည်း သူတို့ သားသမီးတွေကို ဒီလိုမှ မမြင်ရင် ဂုဏ်ငယ်တယ် ထင်ကြတာပဲ ။ လူငယ်တွေကလည်း ဘာအစွမ်းအစမှ ကြိုးစား မထုတ်ချင်တော့ ချော်လဲ ရောထိုင်ကုန်ကြတာပေါ့ အေး ၊ မောင် ကတော့ ဒါမျိုး ဝါသနာမပါဘူး ။ မောင် မီးရထားဘူတာနဲ့ ကားဆိပ်မှာ စာအုပ်တွေ လက်ပွေ့ ရောင်းနေတုန်းက တချို့ မိန်းကလေးသူငယ်ချင်းတွေများ မောင့်ကို မြင်တာတောင် မခေါ်ကြတော့ဘူး ။ သူတို့က ဆရာမကြီး စာရေးမကြီးတွေ ဖြစ်နေပြီကိုး ။ ဂုဏ်ငယ်သွားကြမယ်လို့ ထင်တယ် ထင်ပါရဲ့ ။ ခု စာအုပ်ဆိုင်လေး ဖွင့်နိုင်မှပဲ နည်းနည်း အပြောအဆို အဆက်အဆံ လုပ်လာကြတယ် ။ တကယ်တော့ ရယ်စရာကောင်း လှသပေါ့ ။ မောင် မရယ်ရက်ပါဘူး ။ ဒါတွေက သူတို့ အပြစ်တွေချည်းပဲ မဟုတ်ဘူး ၊ ဒီမြို့လေးရဲ့ ဘိုးဘေး အစဉ်အဆက်ကကို သင်ပေးထားတာပါ ။ ခု မောင် စာအုပ်ဆိုင် ဖွင့်တယ် ၊ စာအုပ် ရောင်းတယ် ၊ သတင်းစာ ပို့တယ် ၊ ဒါကို မောင့်ကို အစိုးရအလုပ် မလုပ်လို့ ဆိုပြီး အလုပ် မလုပ်တဲ့ လူလို့ ပြောကြတယ် မဟုတ်လား အေး ၊ အေး ကကော ဒီလိုပဲ ထင်သလား ၊ ဒါတွေကမှ တကယ့် ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ လုပ်တာ အေး ၊ မောင်ပြောထားသားပဲ အေးရယ် ၊ မောင့် ဝါသနာက စာရေးချင်တာ ၊ ခုဆို မောင့် မှာ စာရေးဖို့ အချိန်တွေ ရတယ် ။ ဒီတော့ ရေးလည်း ရေးဖြစ်တယ် ။ မအောင်မြင်သေးဘူးပေါ့ ။ မအောင်မြင်သေး ခင်တော့ အေးတို့ လည်း မောင့်ကို ဒီလိုပဲ အထင်သေးနေမှာပဲ ”

ကိုကျော်မောင် က သည်လို ရှည်ရှည်လျားလျား ပြန်ပြောဖူးသည် ။ သည်တော့လည်း အေးအေးမာ ဘာမှ ပြန်မပြောသာ ။ ပြောလည်း မပြောနိုင် ။ အမှန်ကတော့ ဒါတွေ အေးအေးမာ သိပြီးသား ။ မောင်က ပြောတော့လည်း အေးအေးမာ ခေါင်းညိတ်ရသည်သာ ။ သူငယ်ချင်းတွေ နှင့် လူကြီးတွေ အလယ်ကျတော့လည်း “ မောင့်မှာ တကယ့် လူတေလေကြီး ” ၊ သည်အခါလည်း အေးအေးမာ မောင့်ဘက်က ရပ်နိုင်ခဲ့သည် မဟုတ် ။ အမှန်တော့ အေးအေးမာ ကိုယ်တိုင်ကလည်း သည်လို စတိုင် နှင့် ပါဝါ နဲ့ သွားလာ ဝတ်စားလုပ်ကိုင်ရသည်ကိုမှ သည်မြို့ က အရေးတယူ ပြုသည်ကို ကြုံခဲ့ ၊ သိခဲ့ ၊ ကျွမ်းခဲ့ပြီးသူမို့ ဘာသားနဲ့ ထုထားတာမို့လည်း ၊ ဒီတော့ အေးအေးမာ ကိုယ်တိုင်ကလည်း သည်အတိုင်းပါပဲ ။ အဲ .. ကိုကျော်မောင်နဲ့ တွေ့ကြပြန်တော့လည်း ငေးရ ၊ ငိုင်ရ ၊ တွေဝေရစမြဲ ။

“ ကဲ ... ထိုင်ပါဦး ၊ ဖြည်းဖြည်းပြောကြတာပေါ့ ”

ကိုကျော်မောင် က တဲငယ် ထဲသို့ အရင် ဝင်ပြီး အေးအေးမာ ထိုင်သာအောင် နေရာ ပြင်ပေးသည် ။ အေးအေးမာ ကလည်း ငူငူငိုင်ငိုင်နှင့် ထိုင်လိုက်သည် ။

“ မောင်တို့မှာ သည်လို ပြဿနာမျိုး ပေါ်လာလိမ့်မယ်လို့ မောင် အစောကတည်းက ခန့်မှန်းမိတယ် အေး ၊ အေး ကိုယ်တိုင်ကကို မောင့် အပေါ် မပြတ်သားခဲ့ဘူး ။ မောင် အလုပ် မဝင်ခဲ့လို့ အေး ကလည်း တစ်မျိုး မြင်ထား တာပဲ ။ ရှေးရှေးကတော့ မောင့် ကို အေး က ကြိုးရှည်ရှည်နဲ့ လှန်ကြည့်ထားတဲ့ သဘောပဲ ။ သည်စကားမျိုးတွေ မပြော ချင်ပေမဲ့ ခုတော့လည်း ပြောရတော့မယ် အေး ၊ အေး မေမေ ကိုယ်တိုင်က အကွက်ရိုက်ပြီး စီစဉ်တဲ့အတိုင်း အေး က ဝမ်းပန်းတသာ ကခဲ့တာပဲမဟုတ်လား ။ အေး မောင့်ကို ချစ်တယ်ဆို ။ မောင် ဟာ သားမယားကို မလုပ်ကျွေးဘဲ မယားလုပ်စာ ထိုင်စားချင်တဲ့ အရှက်မဲ့ လူမျိုး မဟုတ်ဘူး အေး ။ မောင် လုပ်နေတဲ့ အလုပ်ကလည်း ခါး သာ မရှိလှမယ် ဝမ်းဝအောင်တော့ မောင် တတ်နိုင်ပါတယ် ။ ဘာလို့ သည်လောက်ကြောက်နေရတာလဲ သတ္တိရှိစမ်းပါ အေးရယ် ”

ကိုကျော်မောင် မျက်နှာကတော့ တည်ငြိမ်လှသည် ။ အထုအထောင်း အနှိပ်စက်ခံရလွန်းသည့်အခါ သည်မျက်နှာမျိုးတွေကို လူတွေ ပိုင်ဆိုင်လာတတ်စမြဲ ။ အေးအေးမာ သည် မျက်ရည်ရွှဲနေသော မျက်နှာဖြင့် မော်ကြည့်သည် ။

“ အေး ကို သနားပါဦး မောင် ၊ အေး တော့ ရူးမလို ဖြစ်နေပြီ ။ အမေက တစ်မျိုး ၊ မောင်က တစ်မျိုး ။ အမေကတော့ ညက အပြတ် ပြောတယ် မောင် ၊ မောင် အလုပ် တစ်ခုခု ဝင်မလုပ်ရင် လုံးလုံး သဘောမတူနိုင်ဘူးတဲ့ ၊ သည်တစ်ခါတော့ အေး အလိုကို လိုက်လျောပါဦး မောင် ရယ် ၊ အစိုးရအလုပ် လုပ်ရင်လည်း မောင် စာရေးလို့ရတာ  ၊ ဥစ္စာ ၊ စဉ်းစားပါဦး မောင်ရယ် ”

“ မောင် မညာချင်ဘူး အေး ၊ မောင် အေးကို ဘယ်လောက် ချစ်တယ်ဆိုတာ အေး သိတယ် ၊ မောင် အေးကို စောင့်ခဲ့ရတာ ကြာလှပါပြီ အေးရယ် ၊ အေး သတ္တိ နည်းနေ လို့သာ မောင် သည်လောက်ကြာ စောင့်နေခဲ့ရတာ ၊ မောင် ဆယ်တန်းအောင်ကတည်းက ဆုံးဖြတ်ထားတာ အေး ၊ ကိုယ်စွမ်းကိုယ်စ နည်းတဲ့ သတ္တိနည်းလှတဲ့ လူငယ်တွေကိုလည်း မောင် နမူနာပြမယ်လို့ကို မောင် အဓိဋ္ဌာန်ချထားတာ ။ အေးတို့ ပြောတဲ့ အလုပ်မျိုးတော့ မောင် တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး ။ မောင် တောင်းပန်ပါတယ် အေး ရယ် ၊ မောင့် ဝါသနာအတိုင်းသာ ဘယ်သူ့ မျက်နှာကိုမှ ကြည့်မနေရ ၊ ဘာကိုမှ ထောက်မနေရတဲ့ ဘဝနဲ့ပဲ မောင် စာအေးအေး ရေးချင်တယ် ”

အေးအေးမာ သည် အသံထွက်၍ပင် ရှိုက်လာသည် ။ ဝမ်းနည်းလွန်းသည်မို့ မျက်ရည်ကလည်း မစဲ ။ တစ်ကိုယ်လုံးလည်း ဆတ်ဆတ်တုန်နေသည် ။

“ ဒီတစ်ခါတော့ ခက်ပြီ မောင် ။ မောင် မှ မလိုက်လျောရင် မေမေ ကတော့ သူသဘောကျ အတင်းစီစဉ်တော့မယ် ။ ဒါကို မောင် ပဲ တတ်နိုင်ပါတယ် ၊ အေး ကို ပစ်မထားပါနဲ့ ၊ အေး ကို ကယ်ပါဦး မောင်ရယ် ”

ရှိုက်သံက ရောလာသည်မို့ အေးအေးမာ ၏ အသံ မှာ မပီသတော့ ။ ကိုကျော်မောင် မှာ မျက်မှောင်ကိုကြုတ်၍ အေးအေးမာ ကို စိုက်ကြည့်လိုက်သည် ။

“ ဘယ်လိုလဲ အေး ၊ ဒီလိုဆိုတော့ အေး အရှုံးပေးတော့မယ့် သဘောပေါ့ ၊ ကောင်းလှပါတယ် အေး ၊ နှစ်ပေါင်းများ စွာ ဟန်ဆောင်ထားခဲ့သမျှ အေးရဲ့ မျက်နှာဖုံး ကွာကျခဲ့ပြီ အေး ၊ တကယ်တော့ ဒီပြဿနာကို ဖြေရှင်းနိုင်တာ မောင် မဟုတ်ဘူး အေးပဲ ။ အေးပဲ ဆုံးဖြတ်ပါလို့ မောင် ခဏခဏ ပြောခဲ့တယ် ။ အခုတော့ အေး အဆုံးအဖြတ်ကို မောင် သိပါပြီ ၊ ဝမ်းသာပါတယ် အေး ၊ မောင် ကြားပါတယ် ၊ အေး အမေ သဘောကျတဲ့ အေး နဲ့ လက်ဆက်ရမယ့် သူဟာ အရာရှိတစ်ယောက် ဆိုတာလေ ။ အေး ... မင်းတို့ တစ်တွေ သံယောဇဉ်ကြီးလှတဲ့ ဒီဂုဏ်မျိုးကိုတော့ မောင် မပေးနိုင်ဘူး ၊ မင်းတို့ ဘာသာ ရှာယူကြ ပါတော့ ၊ ဒါနောက်ဆုံးပါပဲ အေး ”

အေးအေးမာ သည် ကိုကျော်မောင် ၏ မျက်နှာကို ငိုင်၍ ကြည့်နေမိသည် ။ မျက်ရည်က မစဲ ၊ မျက်တောင်က မခတ် ၊ ကိုကျော်မောင် သည် အေးအေးမာ ကို နောက်ဆုံး ကြည့်ခြင်းဖြင့် စိုက်ကြည့်လိုက်သည် ။ အေးအေးမာ ၏ မျက်လုံးမှာ ပြူးကြောင်ကြောင် ဖြစ်နေသည် ။

“ ဟင် အေး အေး ”

ကိုကျော်မောင်က အေး၏ ပခုံးကို လှုပ်၍ ခေါ်သည် ။

“ ဟင် ”

အေးအေးမာ သည် အသံတစ်ချက် ထွက်ကာ တစ်ချက် ရှိုက်လိုက်သည် ။ နောက်မျက်နှာကို အုပ်၍ ကိုကျော်မောင် အပါးမှ ထွက်ပြေးသွားသည် ။

“ ဟေ့ ... အေး နေဦး ”

ကိုကျော်မောင် က ပြေးလိုက်သည် ။ အေးအေးမာ သည် ငိုရှိုက်ရင်း မြို့တွင်းဆီသို့ တစ်ရှိန်ထိုး ပြေးသွားသည် ။ တစ်ချက်မှ မရပ်မနား ၊ ကိုကျော်မောင် တစ်ယောက်ကတော့ ငိုင်လျက်သား ။

••••• ••••• •••••

“ ဟင် ”

မိုးဖွဲများက မျက်နှာကို လာစင်မှ အေးအေးမာ တစ်ယောက် သူ့ကိုယ်သူ ပြန်လည်တွေ့ရှိသွားသည် ။ သည်အခါမှ မျက်နှာပေါ်မှာ မျက်ရည်ကြောင်းတွေ ထင်နေမှန်း သတိထားလိုက်မိသည် ။ သည်တော့ မျက်နှာကို လက်ကိုင်ပဝါဖြင့် ကမန်းကတန်းသုတ်၍ ဘေးသို့ လှည့်ကြည့် မိသည် ။

ခင်ပွန်းသည် ဦးမြသောင်း ကတော့ အိပ်ပျော်နေဆဲ ။

အေးအေးမာ စိတ်သက်သာရာ ရသွားသည် ။ သည်တော့ စောစောက သတိလက်လွတ် ဖြစ်သွားရသည်ကို မကျေမနပ် ဖြစ်ရပြန်သည် ။ မကျေမနပ်စိတ်က သည်တော့မှ ဝင်ရောက်လာသည် ။ မွေးရပ်မြေ မှ မာနကြီးလွန်းသူကို အေးအေးမာ သည်လို စိတ်ပျော့စိတ်ညံ့ဖြင့် ရင်မဆိုင်ချင် ။ ကော့၍ မော့၍ တွေ့ချင်သည် ။ ခုတော့ လည်း အေးအေးမာ ဘက်က နိုင်စရာတွေက အများကြီး ။ ကိုကျော်မောင် က လွတ်လွတ်လပ်လပ် စာရေးချင်လို့ ဒီအလုပ်မျိုး မလုပ်တာတဲ့ ။ အေးအေးမာ အဖို့ ဒီစကားကို ခုတော့ ရယ်မောစရာသာ ဖြစ်ချေပြီ ။ ကြည့်လေ ခုလည်း အေးအေးမာ ကိုယ်တိုင်က စာရေးဆရာကြီးကတော် တစ်ဦး မဟုတ်လား ။ စာရေးဆရာ ကမှ ပါချီပါချက် မဟုတ် ။ ဒါကို အေးအေးမာ သေသေချာချာ သိသည် ။ ခင်ပွန်းသည် ဦးမြသောင်း ၏ စာရေးခ ကပင် အေးအေးမာတို့ အတွက် စားသောက်ရုံမက ပိုများ တောင် ပိုသေးသည် ။ ဘာကြောင့်ဆို တက္ကသိုလ်ကျော်ဟိုး အမည်ခံ ဦးမြသောင်း၏ စာအုပ်များ ဆိုင်ပေါ် တင်လျှင် သုံးရက်ထက် ပိုမကြာ ၊ ဒုတိယအကြိမ် ပြန်မရိုက် ရသည့် စာအုပ် မရှိသလောက် ။ ဒီကြားထဲ သတင်း ဂျာနယ်တို့တွင် သုံးရက်ခြား လေးရက်ခြား ဝင်ရေး၍ ရသည့် ဆောင်းပါးခ ကပင် မုန့်ပဲသရေစာဖိုး ရသေးသည် ။ ထုတ်ဝေသူတွေ ကိုယ်တိုင် အေးအေးမာ တို့ အိမ်သို့ ရက်ဆက် ဆိုသလို လာရောက် တွေ့ဆဲ ၊ တောင်းပန် နေကြသည့် အဖြစ်မျိုးကတော့ မဆန်းလှတော့ ။

ရယ်စရာတောင် ကောင်းလှသေး ။ ကိုကျော်မောင် ကျတော့ မဂ္ဂဇင်း ၊ ဂျာနယ်ထဲ သူ့ဆောင်းပါးလေး တစ်ပုဒ်လောက် ပါဖို့ပင် နှစ်နှင့်ချီ စောင့်ရသည် ။ လုံးချင်းဝတ္ထု ကော အေးအေးမာ သိသလောက် တစ်ခါမှ မထုတ်ဝေဖူးသေး ။ အေးအေးမာ ကိုယ်တိုင်က ကိုကျော်မောင့် ကို အလုပ် ဝင်လုပ်ပါ ။ နောင် ရေးချင်တာ ရေးပါဟု တောင်းပန်ခယလိုက်သည်မှာ မောရော ။ ကိုကျော်မောင် ကတော့ မာနက အလွန်ကြီးသည် ။ သူကိုယ်တိုင်က အောင်မြင် နေသည် ဆိုလျှင် ထားဦး ။ ခုတော့ ရုံးလုပ်ငန်း တစ်ဖက် ၊ စည်းဝေးပွဲတွေ တစ်ဖက်နှင့် ကြားက ခင်ပွန်းသည်မှာ သည်လို နာမည်ကျော် စာအုပ်တွေကို ရေးထုတ်နိုင်သေးသည် ။ အင်မတန် မာနကြီးလွန်းသူက စာရေးရန် ဆိုပြီး အလုပ် မလုပ် ၊ ခုတော့ ဘယ်မှာ နာမည် ထွက်လို့လဲ ။ စာအုပ်ဘယ်နှအုပ် ရေးနိုင်လို့လဲ ၊ အေးလေ အရည်အချင်းက သိပ်ကွာနေတာ ရှိမှာပေါ့ ။ နောက်ဆုံးတော့ အေးအေးမာ သည်လိုသာ မှတ်ယူထားလိုက်သည် ။ စာရေးဖို့ အစိုးရ အလုပ် ဝင်မလုပ်ဘဲ ချစ်သူကို စွန့်ခွာ လိုက်သူကို ကျကျနနကြီး ပြလိုက်ဦးမည်ဟု အေးအေးမာ ကြုံးဝါးနိုင်အောင်လည်း တက္ကသိုလ်ကျော်ဟိုးက နာမည်ကြီးလှသည် ။ ဒါကြောင့် အေးအေးမာ ဂုဏ်ယူနိုင်ပြီ ၊ ဝင့်ဝါနိုင်ပြီ ။

သည်လို စဉ်းစားတော့လည်း သည်မြေကို ပြန်ရကျိုး နပ်သည်ပေါ့ ။

••••• ••••• •••••

ရထား ထိုးဆိုက်လိုက်သည်နှင့် အေးအေးမာ သည် ခေါင်းပြု၍ အပြင်သို့ ထွက်ကြည့်သည် ။ လာကြိုသူတော့ ရှိမထင် ။ အကြောင်းကြားထားသည်လည်း မဟုတ်တော့ မည်သူမှ သိမည် မဟုတ် ။

အထုပ်အပိုးတွေကို အလုပ်သမားနှင့် သယ်တုန်း မြင်းလှည်းသမား ရောက်လာသည် ။ သည်လူတွေက အေးအေးမာ၏ အသိအကျွမ်းများပင် ။ ငယ်သူငယ်ချင်းတွေ ချည်းသာ ။

“ လာဟေ့ အေးအေး ၊ နင်လည်း ကျွဲပွဲက ခွာသွား တည်းက တစ်ခါမှ ပေါ်မလာတော့ဘူး ၊ လာ အထုပ်တွေကို အလုပ်သမားတွေ သယ်လာပါလိမ့်မယ် တက် ”

အေးအေးမာ သည် ဦးမြသောင်း ကို အရင် တက်ခိုင်း သည် ။ ဦးမြသောင်း က မြင်းလှည်းစီးသည့် အတွေ့အကြုံ နည်းသည်မဟုတ်လား ။

အိမ်ရောက်တော့လည်း အမေသည် ထင်ထား သလောက်ကြီး မဟုတ် ။ နည်းနည်းပြန်သက်သာလာသည်ဟု ဆိုသည် ။ သမီးကို တွေ့ချင်လွန်း၍ လွမ်းဖျား ဖျားတာလည်း ပါပေမည် ။ ခုတော့လည်း အမေ့မျက်နှာက တပြုံးပြုံး ။

“ လမ်းလျှောက်ရအောင် မာရေ ... အိမ်ထဲချည်း ထိုင်နေ ငြီးလှတယ် ၊ စာအုပ်ဆိုင်လေး ဘာလေး ကြည့်ရင်းပေါ့ ”

သည်စကားကို ခင်ပွန်းသည် ထံမှ စောင့်နေသည်မှာ ကြာပြီ ။ ရောက်ကတည်းက အေးအေးမာ သွားချင်နေသည် ။ စာအုပ်ဆိုင် ကိုပါပဲ ။ ဒါက အေးအေးမာ ၏ အပြင်းပြဆုံးသော ဆန္ဒ ။ သည်ကို လာဖို့ ရှိကတည်းက ဒီအတွေးက ဝင်ပြီးသား ။ စာရေးဆရာ ဖြစ်ချင်လွန်း၍ မိမိကို စွန့်ခွာခဲ့သော သူကို အေးအေးမာ ကိုယ်တိုင် စာရေး ဆရာ ဆိုတာ ဘယ်လိုဟု ပြလိုက်ချင်သည် ။ အေးအေးမာ အဖို့ ကိုကျော်မောင် ၏မျက်နှာတွင် နောင်တရိပ် မြင်ရလျှင် ကျေနပ်ပြီ ။

“ ဟော ... ဟိုမှာ စာအုပ်ဆိုင်ပဲ ကိုကို ။ ကျွဲပွဲမှာတော့ စာအုပ်ဆိုင်က ဒီတစ်ဆိုင်ပဲ ရှိတယ် ၊ စာအုပ်တော့ စုံမလား မသိဘူး ၊ ကိုကို ဝင်ကြည့်ရင် ကြည့်လေ ၊ နောက်ပြီး မိတ်လေး ဘာလေးလည်း ဆက်ရတာပေါ့ ။ စာရေးဆရာ တစ်ယောက် ရောက်နေမှန်း သိရင် သူတို့ သိပ်ဝမ်းသာကြမှာပေါ့ ”

“ ဟုတ်တယ် မာ ၊ ကိုကိုတို့ စာမရေးခင်တုန်းကလည်း စာရေးဆရာတွေကို သိပ်မြင်ချင်တွေ့ ချင်တာပဲ ။ တွေ့လို့ စကားပြောရရင်လည်း သိပ်ဝမ်းသာတာပဲ ။ ခုလည်း ရောက်တုန်းပေါက်တုန်း စာအုပ်ဆိုင် ဝင်ပြီး စကားလေး ဘာလေး ပြောကြည့်တာပေါ့ ။ နောက်ပြီး ကိုယ့်စာအုပ် ဘယ်လို အခြေအနေရှိတယ် ဆိုတာ အကဲခတ်ရတာပေါ့ ”

ပြောပြောဆိုဆို ဆိုင်ပေါက်ဝသို့ ရောက်လာသည် ။

     နေဝန်းနီနီ စာအုပ်ဆိုင်

သက်ငယ်မိုး ၊ ထရံကာနှင့် အဆောက်အဦ ။ ဒါပေမဲ့ သပ်သပ်ရပ်ရပ်တော့ ရှိသည် ။ စာအုပ်တွေကို စနစ်တကျ စီထားသည် ။ အလယ်တွင်လည်း စာအုပ်တွေကို ဘေးက လှည့်ပတ် ကြည့်ရှုနိုင်အောင် စင်ရှည်ကြီးဖြင့် တင်ထားသည် ။ ဆိုင်၏ အလယ်ပိုင်းတွင်တော့ စားပွဲတစ်လုံး ရှေ့ချ၍ စာထိုင်ရေးနေသော လူရွယ်တစ်ယောက် ။

အေးအေးမာ တို့ ဆိုင်တွင်း ဝင်လာသည်အထိ ထိုလူရွယ်သည် ခေါင်းမဖော်သေး ။ စာကို ငုံ့၍ ရေးနေဆဲ ။ အေးအေးမာ ရင်ထဲတွင်မတော့ တုန်လာသည် ။ အသက် ရှူလည်း မြန်လာသည် ။ မခံချင်လွန်း၍သာ စွန့်၍ လာရပေမဲ့ ချစ်ခဲ့ လေးစားခဲ့ သူတစ်ဦး၏ ပိုင်နက်တွင်းသို့ ရောက်လာပြီမ ဟုတ်လား ။

“ ဪ ... စာအုပ် ကြည့်ကြမလို့လားခင်ဗျား ၊ ကြည့်ပါ ကြည့်ပါ ”

ထိုလူရွယ်သည် ခြေသံကြောင့် ခေါင်းမော် ကြည့်ရင်း ရပ်နေသူများကို မြင်သဖြင့်နှုတ်ဆက်လိုက်ရသည် ။

အေးအေးမာသည် အံကိုကြိတ်၍ ထားလိုက်သည် ။

တစ်ချိန်တုန်းက “ မောင် ” ကိုကျော်မောင် ။ ဘာဆို ဘာမျှ မပြောင်းလဲ ။ ပိန်သွားသည်ပဲ ပြောစရာ ရှိသည် ။ ကိုကျော်မောင် မျက်လုံးများ ဒေါသရောင်ထသွားသည်ကို အေးအေးမာ မြင်လိုက်ရသည် ။ သို့သော် အေးအေးမာ ပမာမခန့် ။

တွေ့ကြလေပြီပဲ ။

“ ဆိုင်ရှင်က ဒီကပဲ ထင်ပါရဲ့ ”

ဦးမြသောင်း က ကိုကျော်မောင် ဘက် လှည့်၍ ပြောသည် ။

“ ဟုတ်ပါတယ်ခင်ဗျား ၊ လူကြီးမင်းတို့ လိုရာကို အမိန့်ရှိပါ ”

ကိုကျော်မောင်သည် ပြောပြောဆိုဆို ထလာသည် ။ ဦးမြသောင်း ကတော့ စာအုပ်စင်ပေါ်သို့ မျက်နှာပြန် ရောက်သွားပြန်သည် ။ အေးအေးမာ သည် ဦးမြသောင်း ဘေးမှ ကပ်၍ လိုက်သည် ။ ကိုကျော်မောင့် မျက်နှာကို မကြည့် ။ မျက်နှာကိုတော့ တင်းမာထားသည် ။ ဘာကိုမှ ဂရုမစိုက်သည့် ပုံ ။

“ ဪ .... ဒါနဲ့ ခင်ဗျား ဟိုတက္ကသိုလ်ကျော်ဟိုးရဲ့ ဒီလထုတ် စာအုပ်တစ်အုပ်မှ မတွေ့လို့ပါ ၊ မရောက်သေးလို့ပါလား ခင်ဗျာ ”

“ ဪ မဟုတ်ပါဘူးခင်ဗျား ၊ မမှာတာပါ ။ လူကြီးမင်းအနေနဲ့ တက္ကသိုလ်ကျော်ဟိုးရဲ့ စာအုပ်တွေ ရှာတာ ဆိုရင်တော့ ကျွန်တော်တို့ ဆိုင်မှာ မရနိုင်ပါဘူးခင်ဗျာ ”

ကိုကျော်မောင်က လေးလေးစားစား ရှင်းပြသည် ။ ဦးမြသောင်း တစ်ယောက် မျက်နှာ နည်းနည်း နီလာသည် ။

“ တစ်ဆိတ်ပေါ့ ခင်ဗျာ ၊ ဟိုလေ တက္ကသိုလ်ကျော်ဟိုး ရဲ့ စာအုပ်ကို ဒီဆိုင်မှာ ဘယ်လိုကြောင့် မတင်ဖြစ်သလဲဆိုတာ သိခွင့်ရှိရင်ပေါ့ ခင်ဗျာ ”

“ ဟုတ်ကဲ့ သိရပါတယ် ။ ဒါကတော့ ကျွန်တော့်ဆန္ဒ အလျောက်ပါပဲ ။ ဒါနဲ့ မတ်တတ်ကြီးဗျာ ။ ဝင်ထိုင်ပါဦး ။ လူကြီးမင်း အနေနဲ့ ဆန္ဒရှိရင်တော့ ကျွန်တော် ရှင်းပြပါမယ် ”

သည်တော့လည်း ကိုကျော်မောင် ကော ဦးမြသောင်းပါ ကုလားထိုင်များပေါ် ထိုင်ဖြစ်သည် ။ အေးအေးမာ မျက်နှာကတော့ နည်းနည်း တည်ငြိမ်နေသည် ။ မထိုင်ဘဲ စာအုပ်တွေ လှန်ကြည့်နေသည် ။

“ ကျွန်တော်တို့ နေဝန်းနီစာအုပ်ဆိုင်က သူငယ်ချင်း သုံးယောက် စုပြီး ထောင်ထားတာပါ ။ ကျွန်တော်တို့ စာအုပ်ဆိုင် ထောင်ကတည်းက ရည်ရွယ်ချက်လည်း ရှိပါ တယ် ။ ကျွန်တော်တို့ အတွက် အမြတ်အစွန်းချည်းပဲ မကြည့်ဘဲ လူငယ်တွေ အတွက် အဆိပ်ကျွေးသလို ဖြစ်မယ့် စာအုပ်မျိုးတွေကို ဆိုင်မှာ မတင်ဖို့လည်း ဆုံးဖြတ်ထားကြပါတယ် ။ ဒီအတိုင်းပါပဲ ။ တက္ကသိုလ်ကျော်ဟိုး ရဲ့ ဝတ္ထု ဆိုရင် အဆိပ်မှ အင်မတန် ဆိုးရွားတဲ့ အဆိပ်လို့ ကျွန်တော်တို့ ဆုံးဖြတ်မှတ်ယူထားကြပါတယ် ခင်ဗျား ။ ရုတ်တရက် ကြည့်ရင်တော့ ဒီစာရေးဆရာရဲ့ စာတွေဟာ ဘာမှ ဘေးဥပဒ် မရှိသလိုဘဲ ရေရှည်ကျတော့ အင်မတန် ဆိုးလွန်းလှပါတယ် ။ လူငယ်တွေရဲ့ တက်ကြွတဲ့ အားမာန်တွေကို အညွန့်တုံးအောင် ဘာမဟုတ်တဲ့ ကိစ္စတွေထဲ တစ်သက်လုံး နစ်နေအောင် လုပ်ထားတာလို့ ကျွန်တော်တို့ မြင်ပါတယ် ။ ခုထိတော့ တက္ကသိုလ်ကျော်ဟိုး ရဲ့ ဝတ္ထုဟာ စိတ်ကူးယဉ်တဲ့ အရွယ်ကို အသုံးချပြီး လူငယ်လေးတွေကို ဖျက်ဆီးနေတဲ့ အထိပဲ ရှိသေးတယ် ”

ကိုကျော်မောင် ကတော့ ဒါမျိုး ဆွေးနွေးရလျှင် ထမင်းမှန်း ဟင်းမှန်း သိသူမဟုတ်လေတော့ ဆွေးနွေးခွင့်ရသည်နှင့် စိတ်ထဲ ရှိတာ ပြောချလိုက်သည် ။ သူ့ ရှေ့မှ ပုဂ္ဂိုလ်သည် မည်သူမည်ဝါ ဟူ၍လည်း သိပုံ မရ ။ ဦးမြသောင်း တစ်ယောက် မျက်စိမျက်နှာ ပျက်နေသည်ကိုလည်း အကဲမခတ်မိ ။ ဒါတောင် ကိုကျော်မောင်၏ စကားမှာ မဆုံးသေး ။

“ နောက်ကို ပြင်လာရင်တော့ မသိဘူးပေါ့ဗျာ ။ ခုနေလို စာမျိုးတော့ ကျွန်တော်တို့ဆိုင် တင်ဖို့ ဝေးလို့ ဝယ်ဖတ်ချင်တဲ့ လူငယ်တွေ ရှိတောင် မဖတ်ဖြစ်အောင် ကျွန်တော်တို့နဲ့ လက်လှမ်းမီသမျှ စည်းရုံးတာပဲ ၊ လူကြီးမင်းတော့ ဘယ်လို ယူဆတယ် မသိပါဘူး ၊ ကျွန်တော်တို့ကတော့ တက္ကသိုလ်ကျော်ဟိုး ကို စာရေးဆရာလို့ကို အသိအမှတ် မပြုပါဘူး ။ ခပ်ရိုင်းရိုင်း ဆိုရရင် ကလေးတွေကို လူညွန့်တုံးအောင် ၊ လမ်းလွဲလမ်းမှားကို ပြပြီး ဖျက်ဆီးသူမို့ ယုတ်မာတဲ့ လူသ,တ်သမားလို့ပဲ ပြောချင်တယ် ”

“ ဟင် ”

အေးအေးမာ ၏ နှုတ်အစုံမှ တစ်လုံးတည်းသော အသံသာ ထွက်လာသည် ။ အေးအေးမာ မျက်နှာမှာ ညို ညစ်မည်းပုပ်နေသည် ။ နှုတ်ခမ်းအစုံကလည်း တဆတ်ဆတ်တုန်နေသည် ။

“ ရှင် ... ရှင် လူယုတ်မာ ၊ ဒါ သက်သက် အရှက်ခွဲဖို့ ရှင် ကြံစည်ထားတာ မဟုတ်လား ၊ ကျွန်မ ယောက်ျားဟာ တက္ကသိုလ်ကျော်ဟိုး မှန်း ရှင် အစောကြီးကတည်းက သိထားလို့ ဒီလို ပြောတာမဟုတ်လား ။ ရှင်သာ မတောက်တခေါက်လေး ရေးပြီး ဘဝမြင့်နေ ။ ရှင် တစ်သက်လုံး စာ ရေးလို့ ရတာ ကျွန်မတို့ စာအုပ်တစ်အုပ်ထုတ်စာ တောင် မရှိဘူး ။ စာတစ်အုပ်တောင် မထုတ်ဖူးသေးတဲ့ သူက စာရေးဆရာကို စော်ကားလိုက်သေးတယ် ။ ရှင် လူယုတ်မာပဲ ”

အေးအေးမာ မထိန်းသိမ်းနိုင်တော့ ။ မျက်ရည်ကလည်း ထွက်လွယ်လိုက်ပါဘိ ။ စိတ်ဆိုးလွန်းသဖြင့် အသံက ထစ်ငေါ့နေသည် ။

“ ကဲ ... သွားမယ် ကိုကို ၊ ဒီလို လူမျိုးတွေဆီ ကိုကို့ကို မာ ခေါ်လာမိတာ မှားတာပဲ ”

အေးအေးမာ က လက်မောင်းကို အတင်းဆွဲ၍ ခေါ်သဖြင့် ဦးမြသောင်း တစ်ယောက် ကောက်ကောက်ပါအောင် ထလိုက်သွားရသည် ။ ဒရောသောပါး ဆိုင်ထဲမှ ထွက်ခွာသွားကြသူ နှစ်ယောက်ကို ကြည့်၍ ကိုကျော်မောင် တစ်ယောက်ကတော့ ပါးစပ်အဟောင်းသား ။

နောက်ဆုံးတော့ ကိုကျော်မောင် သည် ဇာတ်ရည်လည်သွားသည်မို့ ညင်သာစွာ ပြုံး၍ ရေရွတ်လိုက်သည် ။

“ ဪ ... အေးရယ် ၊ အတောင် ပါတိုင်းလည်း ငှက် မဟုတ်ဘူး ဆိုတာ မင်း မသိရော့လား ”

▢  ဖော်ဝေး
📖 မိုးဝေ မဂ္ဂဇင်း
      မေ ၊ ၁၉၇၁

No comments:

Post a Comment