Sunday, December 14, 2025

အကြွားလွန်သော တံငါသည်ကြီး

 ❝ အကြွားလွန်သော တံငါသည်ကြီး ❞

           ( ပုံပြင် )


တစ်ခါတုန်းက ပြင်သစ်ပြည် မားဆေးမြို့တွင် အလွန် ကြွားဝါတတ်သော တံငါသည်ကြီး တစ်ယောက် ရှိလေသည် ။ တစ်နေ့သ၌ ထိုတံငါသည်ကြီးသည် မြစ်ဆိပ်တွင် ထိုင်၍ ငါးမျှား နေလေရာ တစ်နေကုန်သော်လည်း တစ်ကောင်မျှ မရသဖြင့် အလွန်ပဲ စိတ်ပျက် သွားလေ၏ ။ လက်ချည်း အိမ်ပြန်လျှင် မယား၏ အဆူအပူ ၊ အငြိုငြင် ခံရမည် ကိုလည်း တစ်ဖက်၌ တွေး၍ ပူပန်မိလေ၏ ။ “ ငါ့ ကံပဲလေ ၊ တစ်နေ့လုံး တစ်ကောင်မှ မရတော့လည်း မတတ်နိုင်ဘူး ၊ တစ်ခါမှလည်း ဒီလို အဖြစ်မျိုး မရောက်ခဲ့ဘူး ၊ ငါ ဒီကနေ့ ဘာအပြစ်များ ကျူးလွန်ခဲ့လို့လဲ ” ဟု တစ်ယောက်တည်း ရေရွတ်ရင်း ကိုယ့်ကိုယ်ကို စစ်ဆေးနေလေ၏ ။ ထိုအခိုက် ငါးကလေး တစ်ကောင် ထ၍ ခုန်လိုက်၏ ။ ပထမ၌ ငါးသည် ခေါင်းကို အနည်းငယ် ပြူ၍ အပေါ်သို့ ကြည့်လိုက်ပြီးလျှင် အမြီးကို လှုပ်ရမ်း၍ အပေါ်သို့တစ်ချက်ခုန်လိုက် ပြီးလျှင် ရေထဲသို့ ပြန်ငုပ်သွားလေ၏ ။


တံငါသည်ကြီးသည် ငိုင်တွေးနေရာမှ ငါးကို မြင်သည့် တစ်ပြိုင်နက် တစ်မျိုး အားတက်သွား၏ ။


“ ငါးတစ်ကောင်မှ မရပေမယ့် ငါးကလေး တစ်ကောင် မြင်လိုက်ရတာ အမြတ်ပဲ ” ဟု ပြော၍ အိမ်သို့ ထပြန်ခဲ့လေ၏ ။


လမ်း၌ အမယ်ကြီး တစ်ယောက်နှင့် တိုးမိလေ၏ ။


“ ဘယ့်နှယ်လဲ ၊ ဒီနေ့ ဘယ်နှစ်ကောင် ရခဲ့သလဲ ” ဟု အမယ်ကြီးက မေးလိုက်၏ ။ “ တစ်ကောင်မှ မရခဲ့ဘူး ၊ ဒါပေမယ့် ဖမ်းပြီးမှ လွတ်သွားတဲ့ ငါးကြီးကိုတော့ အမယ် ကြီး မြင်စမ်းစေချင်တယ် ၊ နှာခေါင်းက အမြီးအထိ သုံးပေလောက်ရှည်တယ် ” ဟု ကြွားလိုက်၏ ။ အမယ်ကြီးက အဟုတ်မှတ်ပြီး “ ဟုတ်လား ၊ ဒါဖြင့် ငါ သွားကြည့်လိုက်ဦးမယ် ” ဟု ပြော၍ ထွက်သွားလေ၏ ။ တဖန် သင်္ဘောသား နှစ်ယောက်နှင့် တွေ့ပြန်လေ၏ ။ သူတို့သည် ကုန်တင်ရန် ရောက်နေသော နိုင်ငံခြားသင်္ဘောကြီးမှ သင်္ဘောသားများဖြစ်ကြလေသည် ။


“ ဒီနေ့ ရခဲ့ရဲ့လား ” ဟု တစ်ယောက်က မေးရာ တံငါသည်က “ မရခဲ့ပါဘူး ၊ ဒါပေမယ့် ဒီ ဆိပ်ကမ်းရဲ့ အင်မတန် ထူးဆန်းတဲ့ ငါးကိုတော့ ခင်ဗျားတို့ မြင်စမ်းစေချင်တယ် ၊ အရှည်က ကိုးပေလောက် ရှိတယ် ၊ ဒီလိုငါးမျိုး တစ်ခါမှ မမြင်ဖူးဘူး ” ဟု ကြွားလိုက်ပြန်၏ ။


“ ဟုတ်လား ၊ ဒီလိုဆို သွားကြည့်ကြမယ် ” ဟု ပြော၍ ထွက်သွားကြ ပြန်လေသည် ။ တော်တော်ကလေး လျှောက်လာပြီးနောက် ဘုန်းကြီးတစ်ပါးနှင့် တွေ့ပြန်လေ၏ ။ “ ဘယ်နှစ်ကောင် ရခဲ့သလဲ ဒကာကြီး ” ဟု ဘုန်းတော်ကြီးက မေးပြန်၏ ။


“ တစ်ကောင်မှ မရခဲ့ပါဘူးဘုရား ၊ ဒါပေမယ့် ဒီဆိပ်ကမ်းရဲ့ ငါးကိုတော့ အရှင်ဘုရား ရှုစားစေချင်တယ် ၊ ဘယ်လောက် ရှည်သလဲ ဆိုရင် မြို့တော်ဝန်ရဲ့ လှေလောက် ရှိပါတယ် ၊ ပြီးတော့ တော်တော်လည်း အရုပ်ဆိုးပါတယ်ဘုရား ” ဟု ဘုန်းကြီးပင် မရှောင်ဘဲ မုသား သုံးလိုက်ရာ ဘုန်းတော်ကြီးက အဟုတ် မှတ်ပြီး ခေါင်းညိတ်ရင်း ထွက်သွားလေ၏ ။


ယခုဆိုလျှင် တံငါသည်ကြီးသည် တောင်ပေါ်သို့ ရောက်လာ၍ ငါးစိမ်းတန်းကို ဝင်ပြီး ငါးကလေး အနည်းငယ် ဝယ်လိုက်၏ ။ ဤငါးနှင့်ပင် အိမ်ကမယားကို မျက်နှာ လုပ်ရပေတော့မည် ။ “ ဘယ်လိုလဲ ၊ ဒီနေ့ တစ်ကောင်မှ မမိခဲ့ဘူး ဟုတ်စ ” ဟု ငါးစိမ်းသည်များက ဝိုင်းမေးကြရာ တံငါသည်ကြီး တစ်ယောက်လုံးက ငါးတစ်ကောင်မှ မမိဘူး ဆိုလျှင် ရာဇဝင် ရိုင်းသွားမည် စိုး၍ ..


“ ရပြီးမှ လွတ်ထွက် သွားတာ ၊ သိပ်အသည်းနာဖို့ ကောင်းတယ် ၊ ဘယ်လောက်ရှည် သလဲဆိုရင် ဒီကနေပြီး ဘုရားရှိခိုးကျောင်းလောက်ရှိမယ် ၊ ပြီးတော့ တစ်ကိုယ်လုံး ပြာပြီး အချိန်ပေါင် ၁၀၀၀ - လောက် ရှိမယ် ၊ ဒီလို ငါးမျိုးတွေကို နင်တို့လို ငါးကလေး ရောင်းတဲ့ ငါးစိမ်းသည်တွေ မြင်စမ်းစေချင်တယ် ” ဟု အရှက်ပြေ တကယ့် အိန္ဒြေကြီးနှင့် ဖြီးလိုက်ရာ အားလုံးက ပါးစပ် အဟောင်းသားနှင့် ကြည့်နေကြလေသည် ။


ပြီးနောက် “ ဟုတ်လား ၊ ဒါဖြင့် လာကြဟေ့ ၊ သွားကြည့်ရအောင် ” ဟု ဆိုပြီး အုပ်ချီ၍ ဆင်းသွားကြလေသည် ။


တံငါသည်ကြီးသည် ငါးများကို ကြိုးနှင့် သီ၍ အိမ်သို့ ပြန်လာရာ လမ်းပေါ်၌ ဆော့ ကစားနေကြသော ကလေး အချို့ကို မြင်မိလေ၏ ။ ကလေးတို့လည်း သူ့အား မြင်သည်နှင့် ဝိုင်းအုံလာကြ၏ ။


“ ခင်ဗျားကြီး ၊ ဒီနေ့ မျှားတာ ဒါပဲ ရသလားဗျ ” ဟု အားလုံးက ဝိုင်း၍ သရော်ကြ၏ ။ “ ငါ ဒါမျိုးတွေ မဖမ်းပါဘူးကွာ ၊ ဖမ်းပြီးမှ လွတ်သွားတဲ့ ငါးကိုသာ မင်းတို့ မြင်ရရင် သိပ် အံ့ဩကြမှာ ၊ တောက် ... မင်းတို့ မြင်စမ်းစေချင်တယ် ၊ ဘယ်လောက်ရှည်သလဲ ဆိုရင် ဒီလမ်း လောက်ရှိတယ် ၊ အမြီးဟာ ဈေးကြီးလောက် ကျယ်တယ် ” ဟု တကယ့် တွေ့ဟန်မျိုးနှင့် ဝါးလိုက် ရာ ကလေးတို့သည် အဟုတ်မှတ်၍ အချင်းချင်း အဖော်ညှိပြီး ကျောက်ခဲများကို ပစ်ရင်း ပြေးဆင်းသွားကြလေ၏ ။


ဟိုတယ် တစ်ခုနားသို့ ရောက်သောအခါ စားပွဲတစ်ခုကို ပတ်ပတ်လည် ဝိုင်းထိုင်၍ ပုံတိုပတ်စများကို ပြောရင်း တသောသော ရယ်နေကြသော လူတစ်စုက လှမ်း၍ မေးလိုက်ကြပြန်၏ ။ “ ဒီနေ့ ဘာမှ မရခဲ့ဘူး ဦးကြီးတို့ရေ ၊ ဒါပေမယ့် ဒီဆိပ်ကမ်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ ငါးကိုတော့ ဦးကြီးတို့ ကြည့်စေချင်တယ် ၊ တကယ့်ကို ဧရာမကြီးတဲ့ ငါးပဲ ၊ ခေါင်းက အမြီး အထိ ပင်လယ်ထဲ ခုတ်မောင်း နေတဲ့ သင်္ဘောကြီး လောက် ရှည်တယ် ” ဟု ကြွားလုံး ထုတ်လိုက်ရာ လူအုပ်ကြီးက အဟုတ် မှတ်၍ အဖော်ညှိပြီး ထွက်သွားကြလေသည် ။


တစ်လမ်းလုံး၌ လူအမျိုးမျိုးကို ကြွားလုံးဖြီးလုံး အမျိုးမျိုး ထုတ်ခဲ့သဖြင့် ရေငတ်လာ ရာ နီးရာ အရက်ဆိုင်ထဲ ဝင်၍ အရက်တစ်ခွက် မော့လိုက်၏ ။ ပြီးနောက် နေရာတစ်ခု ရှာပြီး တရေးတမော အိပ်လိုက်လေ၏ ။


နိုးလာသော အခါဝယ် တစ်မြို့လုံး အုတ်အော်သောင်းနင်း ဖြစ်နေသည်ကို မြင်မိလေ၏ ။ လှည်းနေလှေအောင်း မြင်းဇောင်းပါ မကျန် လူများသည် စုရုံး၍ သင်္ဘောဆိပ်ကမ်းသို့ ရှေးရှု သွားနေကြသည်ကို မြင်မိသဖြင့် အလွန့်အလွန် အံ့အားသင့်မိလေ၏ ။ နွားသတ်သမား အစ စာတိုက်စာရေး အလယ် ၊ ဆရာဝန် အဆုံး အထိ များပြားသော လူထု အဆောက်အအုံကြီးကို ငေးကြည့်ရင်း စဉ်းစားနေ၏ ။


“ ဘယ်လိုများ ဖြစ်နေပါလိမ့် ၊ ဒီလူတွေ ဘယ်များ သွားနေကြပါလိမ့် ” ဟု တစ်ယောက် တည်း ရေရွတ်ရင်း တောင်မြောက်လေးပါးကို အကဲခတ် ကြည့်ရှု နေလေ၏ ။


ယင်းအချိန်၌ သူ့မိန်းမသည် အူယားဖားယားနှင့် ပြေးလာသည်ကို မြင်မိသဖြင့် လှမ်း ၍ခေါ်လိုက်၏ ။


“ ဒီလူတွေ ဘယ်သွား နေကြသလဲ ၊ ဘာလဲ တရုတ်ပြည်က သင်္ဘောများ ရောက်နေလို့လား ” ဟု မေးလိုက်၏ ။


“ ရှင် တော်တော်လည်း ရူးသေးတာပဲ ၊ ဒါလောက် အုတ်အော်သောင်းနင်း ဖြစ်နေတဲ့ ကိစ္စကို ရှင် မသိတာ အံ့ပါရဲ့ ၊ ဒီလိုရှင့် ၊ ဒီလို ဟို ... ဟို ... ဆိပ်ကမ်းမှာ အင်မတန် ကြီးတဲ့ ငါး တစ်ကောင် ရောက်နေသတဲ့ ၊ ဘယ်လောက် ကြီးသလဲ ဆိုရင် သူ့အမြီးဟာ နှာခေါင်းတစ်ဖက် ကိုတောင် လာပြီး ထိနိုင်သတဲ့ ၊ ကမ္ဘာက လူတွေတောင် သွားကြည့်ကုန်ကြပြီ ၊ ကျွန်မလည်း သွားကြည့်လိုက်ဦးမယ် ” ဟုပြော၍ လှည့်ထွက်သွားလေ၏ ။


ဤတွင် တံငါသည်ကြီးသည် မိမိ အကြွားလွန်သွားသည်ကို ပြန်၍ သတိရလာမိ၏ ။ အမှတ်မထင် ကြွားဝါမိသဖြင့်တစ်မြို့လုံးရှိ လူတွေ အလုပ်ပျက် အကိုင်ပျက်နှင့် အရူးဖြစ် ခံရသည်ကို တွေး၍ ယူကျုံးမရ ဖြစ်မိလေ၏ ။


သို့ရာတွင် မတတ်နိုင်တော့ပေ ။ လွန်ပြီးသော ကိစ္စကို ပြန်ပြင်၍ မရသဖြင့် နောက်နောင်ကို ထိုသို့သော အမှုမျိုး နောက်ထပ် မကျူးလွန်ရန် ပိုင်းဖြတ်ပြီးနောက် ငါးကလေးကို ဆွဲရင်း အိမ်သို့ ပြန်သွားရှာလေတော့သတည်း ။


( ဘာသာပြန် )


〇 ပုသိမ် - မင်းလွင် 

📖ရှုမဝ မဂ္ဂဇင်း

     ၁၉၆၅ ၊ ဇန်နဝါရီ

No comments:

Post a Comment