Monday, December 1, 2025

ပင်ညိုရိပ်တို့ တေးဆိတ်ချိန်


 

❝ ပင်ညိုရိပ်တို့ တေးဆိတ်ချိန် ❞
            ( အဇ္ဈတ )

ချမ်းသာကြီး ဟု ဘယ်သူက နာမည် ပေးလိုက်သည် မသိ ။ လူနှင့် နာမည် လိုက် - လိုက်လွန်းတော့သည် ။ အရပ်တကာက စွန့်ကြဲလိုက်သော စုတ်ပြတ်ပေရေကာ အရောင် မထွက်တော့သည့် အဝတ် အစား ၃ ၊ ၄ စုံ သူ့မှာ ရှိသည် ။ သူ နေထိုင်ရာ သစ်နှစ်ပင်ကြား ချုံပုတ်လေးအောက် ကမူလေးမှာ ခင်းထားသော ကြော်ငြာဗီနိုင်း တစ်ချပ်ရှိသည် ။ လက်ကြားမှာက ဘယ်တော့ကြည့်ကြည့် မီးသေနေသည့် ဆေးပေါ့လိပ်တစ်တို ။ သူ ပိုင်ဆိုင်သမျှက ဒီမျှသာ ။ မိုး နှင့် ဆောင်း အခါများမှာတော့ တစ်ယောက်ယောက် လာစွန့်သွားသည့် စောင်အစုတ်များ တိုးလာသည် ။ စောင်များ မလိုအပ်သည့် အချိန်ကျတော့ ချမ်းသာကြီး က ဒီစောင်များကို သိမ်းမထား ။ အမှိုက်ပုံမှာ သွားပစ်လိုက်သည် ။ ဘုန်းတော်ကြီးများ နေ့စဉ်ဆွမ်းခံ ထွက်သလို ချမ်းသာကြီးလည်း စားသောက်ဆိုင်တွေ ၊ ဈေးတန်းတွေမှာ နေ့စဉ် အချိန်မှန် ထမင်း ၊ ဟင်း လိုက်တောင်းတတ်သည် ။ ထမင်း ၊ ဟင်း တောင်းသည့် အချိန်နှင့် မိုးတွင်း မိုးရွာချိန်တို့မှ တစ်ပါး သူ နေထိုင်ရာ ဘုံဗိမာန်လေးကို ချမ်းသာကြီး ဘယ်တော့မှ စွန့်ခွာ မသွားတတ် ။ ဒီနေရာလေးကို ချမ်းသာကြီး ရောက်ရှိလာပုံက တိမ်တစ်စလို ညင်သာလွန်းလေတော့ သူ့ဟာသူ နေသည့် ရပ်ကွက် ကို ထားတော့ ၊ ပေ ၅ဝ လောက်ပင် မဝေးသည့် လမ်းမဘေးမှာ ကွမ်းယာ ရောင်းသော ကျွန်တော် ကိုယ်တိုင်တောင် မသိလိုက် ။ စ , သိလိုက်သော အချိန်မှာ ဒီ နေရာလေးနှင့် ချမ်းသာကြီး က အတော်ပင် အသားကျနေ ပြီ ။ လိုက်တောင်းရာက ပြန်လာသည့် ချမ်းသာကြီး လက်ထဲမှာ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော ထမင်းဟင်းတွေက ည ၊ မနက် ဗိုက်ရိုက် စားလို့ရသည် ။ လမ်းဘေး သောက်ရေအိုးစင် အရိပ်မှာ ထမင်းစားသည် ။ ရေသောက်သည် ။ ပြီးသည်နှင့် သူ့ ကမူလေးပေါ်မှာ ထမင်းလုံးစီ ငိုက်မျဉ်းရင်း မနာလိုစရာ ကောင်းလောက်အောင်ပင် တခူးခူးဖြင့် နှစ်ခြိုက်စွာ အိပ်စက်လိုက်သည်မှာ နေ့လယ် တစ်ခင်းလုံး ။ ရေချိုးတော့ မီးသတ်ကန်မှာ အဝတ်အစားတွေ မချွတ်ဘဲဆင်းစိမ်သည် ။ ရေလည်း ချိုး ၊ အဝတ်လည်း လျှော်သည့်သဘော ။

“ ဟေ့ ... ညီလေး နိုင်တီတူးနဲ့ ငါးရာဖိုး ထုပ်စမ်းကွာ ။ ဒါနဲ့ ဒီလမ်းက ဘာလမ်းလဲ ”

“ ဖိုးရာဇာလမ်း ဆရာ ၊ ဘယ်သူ့ဆီ သွားမလို့လဲ ဆရာ”

“ မသွားပါဘူးကွာ ၊ လမ်းဘေးမြောင်းတွေဆယ်ရမယ်ဆိုလို့ နေရာလိုက်မှတ်နေတာ ”

ကွမ်းဝယ်သူက စည်ပင်အရာရှိ ဖြစ်ပုံရသည် ။ သူ့ နောက်မှာက ထီးကိုင် ၊ အိတ်ကိုင် တပည့် ၃ ၊ ၄ ယောက်နှင့် ။ ဒီအရာရှိက လက်ညှိုး တထိုးထိုး ညွှန်ကာ ပြောသမျှ ဘေးမှ တစ်ယောက်က စာအုပ်တစ်အုပ်မှာ ဂရုတစိုက် ရေးမှတ်သည် ။ နောက်တစ်ယောက်က ဒစ်ဂျစ်တယ်ကင်မရာလေးဖြင့် လက်ညှိုး တထိုးထိုးနှင့် သူ့ဆရာကိုရော ၊ လမ်းနှင့် လမ်းဘေး ရေမြောင်းကျယ်ကြီးကိုရော ဓာတ်ပုံများ ရိုက်ယူသည် ။ ကွမ်းယာနေရင်း သူတို့ စကားတွေကို ကျွန်တော် ကြားနေရသည် ။

“ ဟေ့ကောင် ကု,လား ၊ ငါ့ပုံ ရိုက်မယ်ဆို ပြောဦးဟ ၊ ဟိုကောင် မောင်ချစ် မင်း ကလည်း ကုလားဓာတ်ပုံ ရိုက်မယ်ဆို ဘေးဖယ်နေ ။ ထီးမိုးထားတဲ့ပုံ ပါသွားရင် မင်းအမေ့လင် ဘိုးတော်က ဆဲလိမ့်မယ် ။ ဘိုးတော်က နေပူတာတွေ ၊ မိုးရွာတာတွေ သိတာ မဟုတ်ဘူး ”

“ ဆရာ နေ့လယ် ၂ နာရီ အစည်းအဝေးနော် ”

“ ငါ သိတယ် ကု,လား ။ မောင်ချစ်ရေ ကားလှမ်းခေါ် လိုက်တော့ ။ တို့ ဒီလိုလုပ်မယ် ။ ကု,လားနဲ့ ဘိုကံ မင်းတို့က ဒီမှာ ကျန်တာ ဆက်လုပ် ၊ ဟိုကောင် ဘိုကံ မြို့နယ်ရုံးက မြေပုံ ပြီးရင် သွားယူ ။ မြေပုံနဲ့ တိုက်ပြီး လမ်းတောက်လျှောက် အကုန်လိုက်စစ် ။ မှတ်စရာရှိတာ သေချာမှတ် ။ ကု,လားကို မင်းတွေ့သမျှ အကုန်ရိုက်ခိုင်း ။ ညနေ ရုံးဆင်းအမီ ငါ့ဆီ ပုံတွေအပ် ”

“ ဓာတ်ပုံထုတ်ပေးရမှာလား ဆရာ ”

“ ဟ ... ထုတ်ပေးရမှာပေါ့ ခွေးမသားလေးရဲ့ ။ ဒီပုံတွေနဲ့ ဘိုးတော်ကို တင်ပြရမှာ ”

သူတို့ ကျွန်တော့်ဆိုင်နားက ရေတမာရိပ်လေးမှာ ခိုရင်း ကားစောင့်သည် ။ မကြာခင် ခရမ်းပြာရောင် ဟိုင်းလပ်ဆာ့ဖ်ကားတစ်စီး ရောက်လာသည် ။ ဆရာသမားတို့ ပြန်သွားတော့မှ ကျန်ခဲ့သည့် ကု,လားနှင့် ဘိုကံ ဆိုသူတို့ကို ဘာကိစ္စလဲဟု မေးမြန်းတီးခေါက်ကြည့်မိသည် ။

“ ဆရာတို့က တိုင်းကလား ”

“ ဟုတ်တယ် ၊ ကိုယ်တိုင် ကွင်းဆင်းရမယ် ဆိုလို့ဗျာ ”

“ ဘာစီမံကိန်းများလဲ ဆရာ ”

“ ဪ အင်း .. အခုက မိုးကျတော့မယ်လေ ။ မနှစ်က ရေစီးရေလာတွေ မကောင်းလို့ ရပ်ကွက်တွေ ရေနစ်တယ်လေဗျာ ။ ဒီ မြောင်းကြီးတွေ ပိတ်နေရင် ရပ်ကွက်ထဲက မြောင်းတွေ ရှိတယ်မလား ။ အဲဒီမြောင်းတွေပါ ပိတ်ပြီး မိုးများရင် ရေလျှံတယ်ဗျာ ။ ရေမစီးတော့ ခြင်တွေပေါက်ပြီး သွေးလွန်တုပ်ကွေးတွေ ဖြစ်ရော ။ အဲဒါ နိုင်ငံတော်က အခုကတည်းက ရေနုတ်မြောင်းတွေ ဆယ်ဖို့ ညွှန်ကြားလို့ဗျ ”

“ ဟာ ... ဆရာရေ ကျွန်တော်က ဒီရပ်ကွက်သား ဗျ ။ ကျွန်တော် တစ်ခု တင်ပြချင်တယ် ။ ဆရာတို့လည်း သိမှာပါ ။ အခု ဒီမြောင်းကြီ က ရေခန်းနေတာ ဆရာ တွေ့တယ် မဟုတ်လား ။ ရပ်ကွက်ထဲက မြောင်းတွေထဲတော့ ရေက အပြည့်ပဲ ။ ဆရာ မယုံရင် လိုက်ကြည့် ”

“ သိပါတယ်ဗျာ ၊ ကျုပ်တို့လည်း ဒီလို ရပ်ကွက်ထဲ နေနေတာပဲဥစ္စာ ။ လူတွေ ကိုယ့်အိမ်ရှေ့ ကိုယ်အပိုင်စား ရပြီ ဆိုပြီး မြောင်းပိတ်ပြီး ဈေးဆိုင်တွေ ဆောက် ၊ အဆောင်တွေဖွင့် လုပ်ချင်တိုင်းလုပ်တော့ မြောင်းပိတ်ပြီး ရေက ပုပ်တောင်နေတာ ။ ညဘက်ဆို မြောင်းပုပ်ရေနံ့က လှိုင်နေတာပဲ ။ အဲဒါတွေက ရပ်ကွက်တာဝန်ရှိသူတွေ လုပ်ရမယ့် အပိုင်းဗျ ။ ကျုပ်တို့က ဝင်မပြောချင်ဘူး ။ အခုလည်း အထက်က ဒါဆို ဒါပဲလုပ်ရတာ ။ ခင်ဗျား ကြားဖူးတယ် မဟုတ်လား ။ ရေဘူးပေါက်နဲ့ ရေပါအောင် ခပ်နေရတဲ့ ခေတ်ဗျ ” 

ကျွန်တော် ဘာမျှ ဆက် ပြောစရာစကား မရှိတော့ ။ သူတို့က ကိုယ့်ထက် သိနေ ၊ တတ်နေသူတွေလေ ။ သူတို့ နှစ်ယောက် လမ်းမကြီးအတိုင်း ဓာတ်ပုံတွေ ရိုက်ရင်း တရွေ့ရွေ့ ထွက်ခွာ သွားသည် ။ တက္ကစီကားတစ်စီး ဂိတ်ထိုးလာ၍ ကြည့်လိုက်တော့ ဒီလမ်းဆုံလေးမှာ လာ ဂိတ်ထိုးနေကျ ကိုတာ ဖြစ်နေသည် ။ ကားပေါ်က ဆင်းလာသော ကိုတာ က ပုဆိုးတိုတို ၊ စွပ်ကျယ်လက်ပြတ် အပြင် မျက်နှာသုတ်ပဝါ အလတ်စားတစ်ထည်ကိုပါ ပခုံးနှစ်ဖက်ပေါ် ခွတင်ထားလေတော့ ကားဆရာပုံ မပေါ် ဘဲ ဆိုက်ကားဆရာပုံပေါက်နေသည် ။ ဒီလောက် လေတဟူးဟူးနှင့် ကားမောင်းနေသည့် ကြားက ကိုတာ့ ခမျာ ချွေးတွေရွှဲလို့ ။

“ ဟား .. ပူလိုက်တာ ကိုအောင်ကြီးရာ ခင်ဗျားပဲ ကောင်းတယ် ၊ အရိပ်အောက်မှာ လေလေး တဖြူးဖြူးနဲ့ ”

“ ဟင်းဟင်း နေရာချင်း လဲမလား ။ ခင်ဗျားက မမောင်းချင်ရင် မအားဘူး ပြောပြီး အိပ်နေလို့ရတယ် ။ ကျုပ်မှာ ပူပူအေးအေး ဒီခုံက ခွာလို့ မရဘူးဗျ ”

“ အေးဗျာ ခုနေ အဲကွန်းခန်းလေးထဲ ပေါင်တိုမလေး နဲ့ နှပ်နေလိုက်ရ ဘယ်လောက် ကောင်းမလဲ ။ အိမ်က စပီကာကြီးနဲ့ ပြန်ကို ပေါင်းချင်တော့မှာ မဟုတ်ဘူး ”

“ ခင်ဗျားက နှပ်ချင် နှပ်လို့ရတယ် ကိုတာရယ် ၊ ကိုယ့်ကား ကိုယ် မောင်းနေရတဲ့ ဘောစိပဲ ။ ကျုပ်တို့ ရှာတာ ခင်ဗျားကား တစ်ကြောင်းစာ ရှိတာ ”

“ ခင်ဗျား မသိဘူးဗျ ၊  ခင်ဗျားမှာက သမီးလေး တစ်ယောက်တည်း ၊ ကျုပ်မှာ လေးယောက် ။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းမ ယူမိတာ မှားတာပဲဗျာ ။ ရူးရူးမိုက်မိုက်နဲ့ ။ ဂန်းမ သူသာ ငြင်းရင် ကျုပ် ခိုးပြေး ဖြစ်မှာ မဟုတ်ဘူး ဟားဟား ဟားဟား ... ”

ကိုတာက ပါးစပ်ကသာ ပေါက်ကရ လျှောက်ပြော သူ ၊ လက်တွေ့မှာတော့ အပို ကုန်မှာစိုး၍ ထမင်းချိုင့် အိမ်က ထည့်ယူလာသည် ။ ရေနွေးဓာတ်ဘူးနှင့် ကော်ဖီမစ် ၄ ၊ ၅ ထုပ် အိမ်က အပြီးယူ လာသည် ။ သောက်တော့ ရှမ်းစတားဆေးပေါ့လိပ် တစ်ထုပ် ၁ဝဝ တန် ။ တစ်ထုပ်မှာပါသည့် ၁၀ လိပ်ကို ၂ ရက် သောက်သည် ။ တစ်ခါတစ်ခါ ကျွန်တော်က “ ကိုတာ လက်ဖက်ရည်တိုက် ” ဆိုလျှင် ကိုလန်ဘားဆိုင်မှာ လိုက်တိုက်သည် ။ သူကတော့ မသောက် ။ အင်မတန် ခြိုးခြံတတ်သူဖြစ်သည် ။ ဒါပေမဲ့ သူက ချမ်းသာကြီး အတွက် တော့ မိန်းစပွန်ဆာ ။ အခုလည်း ကားပေါ်က ဆင်းလာသည့် သူ့လက်ထဲမှာ ပုဆိုးဟောင်းလေး ၂ ထည် ပါလာသည် ။ ကျွန်တော် မေးစရာ မလို ။ ဒါချမ်းသာကြီး အတွက် ။

“ ကဲ ကိုအောင်ကြီး ကျုပ်တို့ ချမ်းသာကြီး ကတော့ ချမ်းချမ်းသာသာနဲ့ကို အိပ်တုန်းနေမှာ ။ ဒါလေးတွေ ခင်ဗျားဆီမှာပဲ ထားခဲ့မယ် ။ လက်ဖက်ရည်သောက်ဦးမလား ”

“ ဘာလဲ ခင်ဗျားက ကျုပ်ကို ချမ်းသာကြီးများ မှတ်နေလား ”

“ ဟားဟား ဟားဟား မဟုတ်ပါဘူးဗျာ ။ ခင်ဗျား သောက်ရင် တိုက်မလို့ပါ ။ အေးဗျာ ၊ ချမ်းသာကြီး ဆိုလို့ သူ့အကြောင်းပြောရဦးမယ် ။ တစ်လောတုန်းက သူ့ချုံလေး မှာ ငှက်မည်းမည်းလေး နှစ်ကောင် လာနေတယ်တဲ့ဗျ ။ ဘာငှက်လေးတွေလဲ လိုက် ကြည့်ပေးပါဆိုတာနဲ့ ကျုပ် လိုက်သွားကြည့်သေးတယ် ။ ဘာငှက်မှ မတွေ့ဘူးပါဗျာ ။ သူက အဲဒီငှက်လေးတွေ စား ဖို့တဲ့ ၊ ကြွပ်ကြွပ်အိတ်လေးနဲ့ ဆန်လေးတောင်းလာတယ် ”

“ ဟုတ်လား စိတ်မနှံ့ပေမဲ့ ဒီလူ့မှာ စိတ်ကောင်းနှလုံး ကောင်းလေးရှိတယ်ဗျ ။ ကျွန်တော်လည်း သတိထားမိတယ် ။ သူက ရယ်တာပြုံးတာ မရှိပေမဲ့ သူ့ရုပ်က ကြမ်းတမ်းမနေဘူးဗျ ။ ဘယ်လို ပြောရမလဲ မသိဘူးဗျာ ”

“ ဟိုဟာလေ အကြည်ဓာတ် ၊ အကြည်ဓာတ် ဆိုတာလေဗျာ ”

“ ဟာ ဟုတ်တယ် ဟုတ်တယ် ။ စကားမပြော ဘာမပြော သူ့ဟာသူ တွေးနေပေမဲ့ ခင်ဗျားပြောတဲ့ အဲဒီ အကြည်ဓာတ်က သူ့မျက်နှာပေါ်မှာ အမြဲ ရှိနေတာဗျ ။ အခု ကိုတာ့ ကို ပြောတယ် မဟုတ်လား ၊ ငှက်ကလေးနှစ်ကောင် ဆိုတာလေ ။ အဲဒီငှက်ကလေးနှစ်ကောင်က သူ့စိတ်ကူးထဲက ငှက်ကလေးတွေ နေမှာဗျ ”

“ အင်း ဖြစ်နိုင်တယ် ။ အံမယ် ... ငှက်ကလေးတွေ အဖြူ ၊ အမည်းနှစ်ရောင်စပ် တဲ့ ။ အရောင်ပါ သူက ပြောလိုက်သေး ။ ပြီးတော့ ချစ်သူတွေတဲ့ ။ ဟားဟားဟားဟား ”

သူ့အကြောင်း ပြောနေသည်ကို ချမ်းသာကြီး ကတော့ မကြားနိုင် ။ သူ့ နေ့စဉ် ဝတ္တရားအတိုင်း စားသောက်ပြီး ညို့မှိုင်းမှိုင်း သစ်နှစ်ပင်ရိပ်အောက်မှာ လောကကြီးကို မေ့လျော့စွာ အိပ်မောကျနေလေပြီ ။ အိပ်မက်ထဲမှာ ငှက်ကလေးများနှင့် ခွန်းတုံ့ စကားများပင် ဆိုနေမည်လားမသိ ။

••••• ••••• •••••

ဆူညံလှသော အင်ဂျင်စက်သံနှင့်အတူ သစ်ပင်သစ်ကိုင်းတို့၏ တဖြောင်းဖြောင်း ကျိုးကြေသံ ၊ မြေပြင်ပေါ် ပြိုလဲကျသံတို့က ဆူညံစွာ ထွက်ပေါ်နေသည် ။ အဝါရောင် ဘက်ဟိုးကြီး၏ ကဏန်းလက်မကြီးလို မောင်းတံကြီးဖြင့် ပုတ်ချလိုက်တိုင်း လမ်းဘေးမြောင်း ပေါင်ပေါ်မှာ ပေါက်ရောက် နေသည့် ရေတမာပင် ၊ ကုက္ကို ၊ မလေးရှားပိတောက်နှင့် ပိတောက်ပင်တို့၏ ကိုင်းတက်ကိုင်းလက်များ ဟက်ခနဲ ဟက်ခနဲ ကျိုးပဲ့ကာ ပေါ်ပြိုကျကုန်သည် ။ ပင်စည်တိုင်သာ ကျန်တော့သည့် အခါမှာလည်း ဘက်ဟိုးကြီး က အမြစ်ကနေ ကုတ်ထုတ်ပစ်လိုက်သည် ။ အချိန်တို အတွင်းမှာပင် ယခင် နေ့ပေါင်းများစွာတုန်းက စိမ်းစိုနေသောသစ်ပင်တို့ အမြစ်က နေ ဖြိုလှဲခံလိုက်ရတော့သည် ။

အသက်နှင့် ခန္ဓာမမြဲတော့သည့် သစ်ပင်အကိုင်းအခက်များကို ယူနီဖောင်းဝတ်များက လက်ကိုင်လွှစက်ဖြင့် တဝေါဝေါ ပိုင်းဖြတ်ပြီး အသင့်ပြင်ထား သည့် ထော်လာဂျီများ ၊ အမှိုက်ကားများပေါ် ဆွဲ တင်ကြသည် ။ အားလုံး ရှင်း လင်းသွားချိန်မှာပဲ ဘက်ဟိုးကြီးက မြောင်းဖော်ခြင်း အလုပ်ကို စတင်လုပ်ဆောင်ကြသည် ။ မြန်မာလူမျိုးတို့ ထုံးစံအတိုင်း ဝိုင်းအုံကြည့်ကြ ၊ တီးတိုးပြောကြနှင့် ထို နေရာတစ်ဝိုက်မှာ စည်ကား ၍ နေတော့သည် ။ အခြေအနေအရပ်ရပ်ကို မှန်းဆ ကြည့်ပြီး ကျွန်တော့်ရင်ထဲ တဖြည်းဖြည်း စိုးရိမ်လာသည် ။ တစ်ယောက်ယောက် ကို မေးချင်ပေမဲ့ သက်ဆိုင်သူ အားလုံးက လုပ်ငန်းခွင်ထဲ မှာဆိုတော့ ကျွန်တော် အတော်ကြာအောင် မေးခွင့် မရ ။ ဘက်ဟိုးမောင်းသည့် ဆရာကြီး ကွမ်းလာဝယ်တော့မှ ကျွန်တော့် ရင်ထဲ အောင့်ထားသည့် မေးခွန်းကို မေးခွင့်ရတော့သည် ။

“ ဒီမှာ ကားဆရာကြီး မြောင်းဖော်ဖို့က ဒီဘက်ခြမ်းရောပါလား ”

“ ပါတယ် ၊ ဒီနေ့တော့ ဒီဘက် မရောက်ပါဘူး ။ နက်ဖြန်တော့ အစ်ကိုတို့လည်း နေရာရွှေ့ပေးရမယ်ထင်တယ် ”

“ ရွှေ့ဆိုလည်း ရွှေ့ပေးရမှာပေါ့ဗျာ ။ ကျွန်တော် မေးချင်တာက ဒီရေတမာပင်လေးတွေကိုရော လှဲပစ်မှာလားလို့ပါ ”

“ မလွတ်ရင်တော့ လှဲပစ်ရမှာပဲ အစ်ကိုရ ၊ ဟိုဘက်လိုပေါ့ ။ လွတ်တဲ့ အပင်ကတော့ ကျန်မှာပေါ့ ။ ဘယ်အပင် ကျန်မလဲတော့ မသိဘူး ”

ကျွန်တော် ဘုရား တ , ရပြီ ။ ဟိုလူတွေ လာစစ်သွားတုန်းက ဒီလောက်ကြီး ဖြစ်လိမ့်မည်ဟု ကျွန်တော် လုံးလုံး မထင်ထားခဲ့ ။ အခုတော့ ကျွန်တော် လုံးဝ ထင်မှတ်မထားခဲ့သောအရာများက ထင်မှတ်မထားလောက် အောင် မျက်ဝါးထင်ထင် လျင်မြန်စွာ ဖြစ်လာပြီ ။ ဒီနားလေးမှာ ကျွန်တော့်လိုပဲ အရိပ်ကောင်းသည့် အပင်လေးများကို အမှီသဟဲပြုပြီး ကွမ်းယာ ၊ ဆေးလိပ် လမ်းဘေးဆိုင်လေး ဖွင့်စားသူ ၄ ၊ ၅ ဦး ရှိသည် ။ ကံဆိုးသူ မောင်ရှင် စာရင်းထဲ မည်သူတွေ ပါလေမည်မသိ ။ ပါလို့ ကတော့ တခြား တစ်နေရာရာ ရွှေ့ဖို့သာ ပြင်ပေတော့ ။ တခြား တစ်ယောက် အပိုင် စားရထားသည့်အပင်ရိပ်ကို သွားကျူးကျော်၍ မရ ။ ဒါ လမ်းဘေးဈေးသည်တို့၏ ပဋိညာဉ် ။

ထိုတစ်နေ့လုံး ညနေ လုပ်ငန်းမသိမ်းခင်အထိ တဒီးဒီး ခုတ်မောင်းနေသည့် ဘက်ဟိုးစက်သံကြီးက ကျွန်တော်တို့ လမ်းဘေးဈေးသည်များ၏ နှလုံးသားများ ကို ကြိတ်ခြေနေသကဲ့သို့ပင် ။ ဈေးရောင်းရတာ စိတ်မပါ တော့ ။ ကိုယ့်အပင်ရိပ်လေး ပဲ့ပါသွားလျှင် ဘယ်နေရာသစ်ဆီ ပြောင်းရွှေ့ရပါ့ဆိုပြီး မီးသင့်အတွေးတို့က အမျှင်မပြတ် ။ စိတ်တွေ နောက်ကျုနေသောကြောင့် မှောင်စပျိုး ချိန်မှာပဲ ဆိုင်ခုံအခွံသာကျန် သည်အထိ သိမ်းဆည်းပြီး အိမ်ပြန်ခဲ့သည် ။ မပြန်ခင် လက်တံ ကွေးကြီးအောက် စိုက်ပြီး ငိုက်မျဉ်းစ ပြုနေသည့် ဘက်ဟိုးကြီး ဘက် တစ်ချက် လှမ်းကြည့်လိုက်တော့ ဘက်ဟိုးလက်တံကြီးကို အနီးကပ် မော့ကြည့်နေသူ တစ်ယောက် ။ လက်ထဲမှာ ကိုင်းဖျားကိုင်းနားများကို ပွေ့ပိုက်လို့ ။ ထိုသူမှာ ချမ်းသာကြီး ပင်တည်း ။

••••• ••••• •••••

နောက်တစ်နေ့ ... ။ ဘက်ဟိုးကြီးက တအိအိနှင့် လုပ်ကွက်သစ်ဆီ ရွေ့လျားလာသည် ။ ဘက်ဟိုးမောင်းရင်း ဝိုင်းကြည့်နေသူများဘက် ဝေ့ဝဲကျလာသည့် ဘက်ဟိုးမောင်း ဆရာကြီး၏ အကြည့် နှင့် ကျွန်တော် အကြည့်ချင်း ဆုံမိသည် ။ ဘက်ဟိုး ဆရာကြီး၏ အကြည့်များထဲမှာ ကျွန်တော့ကို မှတ်မိနေသည့် အဓိပ္ပာယ်လေး အနည်းငယ် ပါဝင်သလို ထင်မိတော့ ကံစမ်းမဲ ပေါက်သလို ဝမ်းအသာကြီးသာမိသည် ။ ဒါပေမဲ့ ဘက်ဟိုးကြီးက ကျွန်တော့် အပင်လေးရှေ့မှာ တုံ့ခနဲ ရပ်လိုက်တော့ ကျွန်တော် မျက်လုံးများ ပြာဝေသွားသည် ။ သွားပြီ ... သွားပြီ ။ မကြည့်ရက်တော့၍ ကျွန်တော် လှည့် ထွက်မည် အလုပ်မှာ ဘက်ဟိုးကြီး၏ စက်သံက တိခနဲ ရပ်သွားသည် ။ ကျွန်တော့် နားထဲ အသံတွေအားလုံး တိတ်ဆိတ် သွားသလိုလို ။

“ ဟေ့ကောင်တွေ အတွင်းလမ်းကို သွားပိတ် လိုက်တော့ ။ ဖြတ်သွားဖြတ်လာတွေထိမိရင် ရှင်းရမှာကွ ။ ဟိုကမူလေးပေါ်က ချုံထဲမှာ မနေ့က လူဝင်အိပ်နေတာ တွေ့တယ် ။ သွားကြည့် ။ တွေ့ရင် တစ်ခါတည်းဖယ် ခြင်း ။ မြန်မြန်လုပ်ဟေ့ ၊ နေ တက်လာပြီ ”

ဒါ ဘက်ဟိုးဆရာကြီး ၏အသံ ။ ဟုတ်ကော ဟုတ်ရဲ့လား ။ ကျွန်တော် ဆတ်ခနဲ ပြန်လှည့်ပြီးကြည့်လိုက်တော့ ဒီဆရာကြီး၏ အသံမှ ဒီဆရာကြီး၏ အသံစစ်စစ် ။ မျှော် င့်ချက်က အညှောက်လေး ပြန်ပေါ်လာသည် ။ ကျွန်တော် မပြန်နိုင်တော့ ။ ဘက်ဟိုးဆရာကြီးက သူ့လူတွေ အလုပ်လုပ်သည်ကို တစ်အောင့်စောင့်ကြည့်ပြီး ဘက်ဟိုးပေါ် ဖတ်ခနဲ တွယ်တက်လိုက်တော့ ကျွန်တော့်ရင်မှာလည်း လှပ်ခနဲ ။ ဝေါခနဲ နိုးထလာသည့်စက်သံနှင့်အတူ ကျွန်တော့် ရင်ထဲမှာ လည်း တဒိတ်ဒိတ် တုန်ခါ နေသည် ။ ငြိမ့်ခနဲ ဘီးလှိမ့်ပြီး ကျွန်တော့် အပင်လေးကို လွန်သွားချိန်မှာတော့ ကျွန်တော် ထ,ခုန်မိ မတတ် ပင် ။ ကျွန်တော့် အပင်လေး လွတ်လေပြီလား ။ ဒီတော့မှ စိတ်အမောများ အနည်းငယ် ပြေကာ ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း ချမ်းသာကြီး ဘုံဗိမာန်ဆီ အကြည့် အရောက် ကျွန်တော် အံ့လည်းအံ့သြ သွားသည် ။ ရယ်လည်း ရယ်ချင်မိသည် ။ ပြီးတော့ ကရုဏာလည်း သက်မိသည် ။

ဪ ... ဒါကြောင့် သူ မနေ့ညက ကိုင်းဖျားကိုင်းနားတွေ လိုက်ကောက်နေတာကိုး ။ ချမ်းသာကြီးက သူ ကောက်ထားသည့် ကိုင်းဖျား ကိုင်းနားများကို ခြံစည်းရိုးလို မြေမှာ စိုက်ပြီး သူ့ဘုံဗိမာန်လေးကို ကာကွယ်ထားသည် ။ ဒီလို ခြံကာလိုက်ရုံနှင့် သူ လွတ်ပြီလို့ တထစ်ချ ယုံကြည်ထားသည် ။ ချမ်းသာကြီး ဘုံဗိမာန်လေးကို ကြည့်ပြီး တချို့က ရယ်ကြသည် ။ တချို့က ကရုဏာ စကားဆိုကြသည် ။ တချို့က ချမ်းသာကြီး ဘယ်နေရာ သွားနေမလဲ စိတ်ပူကြသည် ။

“ ချုံထဲမှာ ချမ်းသာကြီး တော့ မရှိလောက်ပါဘူးနော့ ”

“ မရှိဘူး ၊ မရှိဘူး ။ ဒီအချိန်က သူ အလှူခံထွက်တဲ့ အချိန်လေဗျာ ။ ဈေးတန်းထဲ ရောက်နေပြီ ၊ ကျွန်တော် တွေ့ခဲ့တယ် ”

“ ချမ်းသာကြီးကျွန်းတော့ မုန်တိုင်းကျပြီဟေ့ ။ ချမ်းသာကြီးတော့ ဒီတစ်ခါ တကယ် ချမ်းသာပြီ ဟား ဟား ဟားဟား ”

“ မရယ်ကြပါနဲ့ကွာ ၊ ချမ်းသာကြီးက ဒီနေရာလေး မှာ နေလာတာ ၃ ၊ ၄ နှစ် တောင် ရှိပြီ ။ ဘာပဲပြောပြော ဒီနေရာလေးကိုတော့ ခင်တွယ်နေမှာပဲ ။ သူ့ဟာသူကွာ အေးအေးဆေးဆေးလေး နေတာ အခုတော့ ဘယ်သွားနေ ရှာရဦးမလဲ မသိဘူး ”

“ ဟာ ဦးလေးကလည်း ချမ်းသာကြီးက ဒီလောက် ချမ်းသာတဲ့ ဥစ္စာ ။ ဘယ်နားနေနေ သူက အေးဆေးပဲ ။ ကျွန်တော်တို့တောင် သူ့လောက် နေစရာ မချမ်းသာဘူး ။ ဦးလေး ပူမနေနဲ့ ။ ဦးလေးကိုတောင် သူက နေစရာ ပြန်ပေးလိုက်ဦးမယ် ။ ဟားဟား ဟားဟား ”

ဒီကောင်လေး ပြောတာလည်း ဟုတ်တော့အဟုတ်သား ဆိုတော့ ကျွန်တော်လည်း ရောယောင် ရယ်မိသည် ။ ရယ်သံတွေက ဘက်ဟိုးမောင်းသံကြီးနှင့် အပြိုင် ။ အသက်ဝင်လာသည့်ယန္တရားကြီး ကတော့ သူ့တာဝန် သူ စတင် ထမ်းဆောင်နေလေပြီ ။ ယန္တရားလက်တံကြီးက သူ နှင့် မလွတ်သည့် သစ်ပင် ၊ သစ်ကိုင်းတွေကို တဖြောင်းဖြောင်း ထိုးဆွချိုးခြေပစ်သည် ။ မြင်ကွင်းက ယမန်နေ့က အတိုင်းပင် ရုတ်ရုတ်သဲသဲ နိုင်လှသည် ။ ဘက်ဟိုးလက်တံကြီး ကျွန်တော့်သစ်ပင်လေးနားက ဝဲခနဲ ၊ ဝဲခနဲ ဖြတ်သန်းသွားလေတိုင်း ကျွန်တော့် ရင်ထဲ ထိတ်ခနဲ ၊ ထိတ်ခနဲ ။ ပွတ်ဆွဲလိုက်ရုံနှင့် သစ်ပင်လေးက ဘဝပျက်သွားနိုင်သည် ။ ဒီသစ်ပင်ရိပ်လေး အောက်က ကျွန်တော့်၏ ကွမ်းယာသည်ဘဝလေးကရော ... ။

ဝင်ဝင်ချင်း အပုတ်ခံ လိုက်ရလို့ ကျွန်တော့်ဘဝတူများ၏ အပင် ၃ ၊ ၄ ပင် ဇက်ပြတ်ကာ တုံးတိကြီးကျန်ခဲ့သည် ။ ထိုဘဝတူတွေ ခေါင်းငိုက်စိုက်ချ ပြန်သွားတာကို ကျွန်တော် ဘယ်လို အားပေးရမှန်း မသိ ။ ကျွန်တော် ကိုယ်တိုင်က ရင်တမမ ။ ဘက်ဟိုးကြီး၏ အစွမ်းကို ပရိသတ်ထုက ဝိုင်းငေး ကြည့်နေချိန်မှာပဲ လူအုပ်ကြီးနား ချမ်းသာကြီး ရောက်ချလာသည် ။ ပြီးတော့ “ မလုပ်နဲ့ မလုပ်နဲ့ ” ဟု အသံနက်ကြီးနှင့် အော်ကာ ဘယ်သူမျှ မတားနိုင်ခင် သူ့ဘုံဗိမာန်လေး ရှိရာဆီ ပြေးဝင်သွားသည် ။ ဘက်ဟိုးအသွားကြီး က သူ အမှီပြုရာ အပင်ကြီးနှစ်ပင်၏ ကိုင်းတက်များကို စ , ချိုင်နေပြီ ။ တဒင်္ဂအတွင်း အော်ဟစ်တားမြစ်သံများ တစ်ခဲနက် ဟိန်းထွက်သွားသည် ။ ယူနီဖောင်းဝတ် ၄ ၊ ၅ ယောက် လိုက်ဆွဲပေမဲ့ ချမ်းသာကြီး ကို မမိ ။ မောင်း တံကြီးဆီ ပြေးဝင်လာသည့် ချမ်းသာကြီး ကို ဘက်ဟိုး ဆရာကြီး ရိပ်ခနဲ မြင်လိုက်ပုံရသည် ။

ကျယ်လောင်သော ဘရိတ်အုပ်သံကြီးနှင့်အတူ လက်တံကြီးက လေထဲ တုံ့ခနဲ ရပ်ကာ တဆတ်ဆတ် ခါနေသည် ။ ချမ်းသာကြီးက အကိုင်းအခက်များအောက်တွင် ပိနေသော ချုံကို ဖြဲရဲကာ တစ်စုံတစ်ခုကို လှည့်ပတ်ရှာသည် ။ ပြီးတော့ တစ်ခုခု တွေ့သွားဟန်နှင့် ချုံတွေ ကြားထဲ အတင်းဝင်တိုးသည် ။ ယူနီဖောင်းဝတ်များက နောက်က အတင်းဆွဲ ထုတ်တော့ ချမ်းသာကြီး က ကျိုးကျနေသည့် ကိုင်းတစ်ကိုင်းကို ကောက်ကိုင်ကာ ရိုက်မည် တကဲကဲ လုပ်တော့ သူတို့ ရှောင်ပြေးကြသည် ။ အရမ်း ဝင်မဆွဲရဲတော့ ။ ဒီတော့ မှ ချမ်းသာကြီး က ချုံကြားထဲ ခုနက နေရာကနေ ပြန်တိုး ဝင်ကာ သူရှာနေသောအရာကို ခက်ခက်ခဲခဲ ထုတ်ယူပြီး ရင်ဘတ်မှာ ပိုက်ကာ ကုန်းကုန်းကွကွနှင့် လူအုပ်ကြီး ရှိရာဘက် ပြန်လျှောက်လာသည် ။ ခုနက လွတ်ကျသွားသည့် ထမင်းထုပ်ကို ပြန်ကောက်သည် ။ လမ်းပေါ် ဖိတ်နေသည့် ထမင်းကို လက်တစ်ဖက်ဖြင့်ကျုံးပြီး အိတ်ထဲပြန်ထည့်သည် ။ ချမ်းသာကြီး ထံမှာ တစ်ခါမျှ ဒီလို ရိုင်းရိုင်းစိုင်းစိုင်း အပြုအမူမျိုး မတွေ့ခဲ့ဖူးလေတော့ ရုတ်တရက် ဘယ်သူမျှ အနား မကပ်ရဲကြ ။

ချမ်းသာကြီးက ဘယ် သူ့ကိုမျှ စိတ်မဝင်စား ။ သူ ယူလာသည့် အရာလေးကို ရင်ဘတ်ထဲက ထုတ်ပြီး လမ်းဘေး ရေအိုးစင်လေး ပေါ်တင်လိုက်တော့မှ ငှက်သိုက်လေး ဖြစ်ကြောင်း ကျွန်တော်တို့ သိရတော့သည် ။ ပြီးတော့ ထမင်းထုပ်ကို ဖြေစားသည် ။ ကားဆရာကိုတာ့ ကို ချက်ချင်း ပြေးခေါ်ကာ ပြလိုက်ချင်သည် ။

“ သူ့မှာ ငှက်ကလေး ၂ ကောင် ရှိတယ်လို့ သူက ကားဆရာ ကိုတာ့ ကို ပြောဖူး တယ် ။ ကိုတာ က လိုက်ကြည့်တော့ မတွေ့ဘူးတဲ့ ။ အဲဒါနဲ့ ကျွန်တော်တို့က ချမ်းသာကြီး စိတ်ကူးယဉ်ပြီး ပြောတာလို့ ထင်ထားတာ ။ အခုမှ သူ တကယ်ပြောမှန်း သိတော့တယ် ”

“ ရှိတော့ရောကွာ ၊ ငှက် ပဲ သူ့အန္တရာယ် သူ လွတ်အောင်ပျံပြေးနိုင်ပါတယ် ။ အခုတော့ ငှက်ကို ကယ်တာ အကြောင်း မဟုတ်ဘူး ။ လူက ကံကောင်းလို့မသေတာ ”

“ ဒါကတော့ အဘရယ် သူက ဦးနှောက်ပဲ ဥစ္စာ ။ ငှက်တွေ ပျံပြေးနိုင်မှန်း သူ ဘယ်သိမှာလဲ ၊ ဟားဟားဟား ”

ဒီစကားကို ကျွန်တော် ပြောလိုက်ခြင်း မဟုတ်ပါ ။ ဘေးနားက လူငယ်တစ်ယောက် ဝင်ပြောလိုက်ခြင်းဖြစ်သည် ။ ကျွန်တော် ချမ်းသာကြီးအတွက် ရင်နာမိသည် ။ ချမ်းသာကြီးကို လှမ်းကြည့်လိုက်တော့ ဘာကိုမျှ စိတ်မဝင်စားဘဲ သူ့ထမင်း သူ စားနေသည် ။ မျက်နှာပေါ်မှာတော့ ခုနက ဖြစ်ပေါ်ခဲ့သည့် ရုန့်ရင်းကြမ်းတမ်းမှုများ ကွယ်ပျောက်ကာ အကြည်ဓာတ်တို့ ပြန်လည် စွန်းထင်းစ ပြုလေပြီ ။ ဒီတော့မှ သူ့အတွက် ကိုတာ လာပေးထားသည့် ပုဆိုးဟောင်းလေး ၂ ထည်ကို ဖြတ်ခနဲ သတိရမိ၍ ကျွန်တော် ချက်ချင်း အိမ်ပြန်ယူလိုက်သည် ။ ပြီးတော့ ချမ်းသာကြီးကို သွားပေး တော့ သူက ထမင်းစား နေရာကနေ တစ်ချက် မော် ကြည့်သည် ။ ပြီးတော့ သူ့ ထမင်းသူ ဆက်စားသည် ။

“ ကားမောင်းတဲ့ ကိုတာ က ခင်ဗျားဝတ်ဖို့ ပေးသွားတာ ... ရော့ ။ ဒါနဲ့ ငှက်ကလေးတွေရော ဘာဖြစ်သွားသေးလဲ ”

သူက ခေါင်းခါပြသည် ။ ပြန်ဖို့ အထမှာ ကျည်ကျည်ကျာကျာအသံလေးတွေ ကျွန်တော့် နားထဲ တိုးဝင်လာသည် ။ ကျွန်တော့် အကြည့်က သောက်ရေအိုးစင်ပေါ်က ငှက်သိုက်လေးဆီ အလိုလို ရောက်သွားသည် ။ အထဲမှာ လှုပ်စိလှုပ်စိနှင့် ။ ကျွန်တော် အသေအချာ ကြည့်လိုက်တော့မှ အမွေးမည်းမည်းလေးတွေ ကျိုးတိုးကျဲတဲနှင့် မွေးခါစ ငှက်ကလေး ၃ ကောင် ။ ကျွန်တော် အံ့သြရပြန်သည် ။ ပြီးတော့ ရင်ထဲမှာလည်း အမျိုးအမည် မသိ ဝေဒနာတစ်ခုကို တငြိမ့်ငြိမ့် ခံစားမိလာသည် ။ ချစ်သူ ငှက်အကျားလေး နှစ်ကောင်၏ သားသမီးတွေ မဟုတ်ပါလား ။

“ လူကြီးတွေ မရှိဘူး ၊ အစာရှာထွက်နေကြတုန်း ”

ကြားရခဲသော ချမ်းသာကြီး၏ နှုတ်ထွက်စကား ။ ကျွန်တော့် နှလုံးသား ဖြတ်ခနဲ တုန်ခါသွားသည် ။ ဪ ချမ်းသာကြီး ချမ်းသာကြီး ။ ချမ်းသာကြီး ချမ်းသာတာဘာတွေလဲ ဆိုတာ ကျွန်တော့် နှလုံးသားက သိလိုက်မိပြီကော ။

••••• ••••• ••••• 

ကံကောင်းထောက်မစွာ ကြွင်းကျန်ရစ်သော ဘတ်စ်ကားမှတ်တိုင်အနီး ရေတမာပင်ရိပ်လေး ၂ ရိပ် အောက်မှာ ကားစောင့်ရင်း ပြွတ်သိပ်အရိပ်ခိုနေသူတွေကို ကြည့်ကာ ကျွန်တော် ချမ်းသာကြီးကို လွမ်းမိသည် ။ အရင်က သစ်ရိပ်လွှမ်းသော လမ်းမကြီးကိုလည်း ပြန်မြင်ယောင်ကာ လွမ်းမိသည် ။ အခုတော့ နွေလယ်နွေ၏ တံလျပ် တရိပ်ရိပ်အောက်မှာ နေပူဒဏ်ကို ကျောစင်းခံနေရသော လမ်းမကြီးက ခြောက်လွန်းစွာ ။ ကျွန်တော့် နောက်ဘက် မြောင်းထဲက ချမ်းသာကြီး၏ ဘုံဗိမာန်လေး ပြိုပျက်သွား သကဲ့သို့ တိမ်မျှင်တွေလို့ တိတ်ဆိတ် ညင်သာစွာ ရောက်ရှိလာသည့် ချမ်းသာ ကြီး တစ်ယောက်သည်လည်း တိမ်တစ်စလိုပင် ပြန်လည် ပျောက်ကွယ်သွားသည်ကို ကျွန်တော်တို့ အချိန်အတော်ကြာမှ စိတ်မကောင်းခြင်းကြီးစွာဖြင့် သိလိုက်ရသည် ။ သစ်ပင်တို့ သီခေါင်ရာ အရပ်မှာ ချမ်းသာကြီး ပျော်ပိုက်ဟန် မတူ ။

ထို့ကြောင့် သည်အရပ်နှင့် ဝေးရာ ၊ သစ်ပင်သစ်တောတို့ စိမ်းလမ်းစိုပြည်ရာ အရပ်ဆီသို့ ငှက်ကျားလေးများ၏ မိသားစုလေးနှင့် အတူ လိုက်ပါပျံသန်းသွားလေရော့လား မသိ ။

▢  အဇ္ဈတ္တ
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     အောက်တိုဘာ ၂၀၁၅

No comments:

Post a Comment