❝ သူဌေးကြီး နှင့် မင်းကတော် ❞
( ပီမိုးနင်း )
ဘထွန်းကုမ္ပဏီသူဌေး ကိုဘထွန်းသည် မိမိ၏ ခမ်းနားသော အိမ်ရှေ့ဧည့်ခန်း၌ ပက်လက်ကုလားထိုင်မှာ ထိုင်ကာ သတင်းစာ ဖတ်၍ နေလေ၏ ။ ၄င်း၏ မျက်လုံးများသည်ကား သတင်းစာကော်လံများ၌ ငြိမ်သက်စွာ မနေနိုင် ။ အိမ်ရှေ့ ဘောလိန်းလမ်းကျယ်ကြီး တစ်ဖက် မိမိ၏ အိမ်ကဲ့သို့ သားနားသော အိမ်၌ မငြိမ်မသက်သွားလာလုပ်ကိုင် ခင်းကျင်းပြင်ဆင် သုတ်သင် လှည်းသိုကာ အလုပ်များ၍ နေသော မင်းကတော် မကြော့ ၏ ကြော့ရှင်းသော သဏ္ဌာန် ရှိရာသို့သာ ကျော်လွှားကူးသန်း မွတ်သိပ်ခြင်းနှင့် ပင်ပန်း၍ နေကြရှာလေသတည်း ။
ထိုလမ်းသို့ သူဌေးမင်း ကိုဘထွန်း ပြောင်းရွှေ့လာရောက်ပြီး ထိုသားနားသော အိမ်ကို ငှားရမ်းနေထိုင်ခဲ့သည်မှာ သုံးလနီးနီး ကြာခဲ့လေ၏ ။ ထိုသားနားသော အိမ်ကား ချုံဖြစ်၏ ။ မင်းကတော် မကြော့သည်ကား ချောမောလှပသော ယုန်မကလေး ဖြစ်လေ သတည်း ။ ထိုယုန်မကလေးကို မြင်သဖြင့် ထိုချုံကို တွင်ခဲ့ခြင်း ဖြစ်လေ၏ ။
မကြော့မှာ အချို့က မင်းကတော် ဟု ခေါ်ကြ၏ ။ အချို့က ဘိုကတော် ဟု ခေါ်ကြ၏ ။ ထိုအခေါ် နှစ်ခုလုံးမှာ မမှားမယွင်းချေ ။ အကြောင်းကို ဆိုသော် ကွယ်လွန်သော လင်ယောက်ျားမှာ အင်္ဂလိုအင်ဒီယန် ဘိုကပြား ရာဇဝတ်ဝန်ကလေး ဖြစ်ခဲ့လေ၏ ။
ကိုဘထွန်းသည် မကြော့ အကြောင်းကို ကြားသိပြီးနောက် ရုပ်လည်း ချောသည် ။ ရွယ်တူချင်းလည်း ဖြစ်သည် ။ ရာဇဝတ်ဝန်မင်း သေသောအခါ ပစ္စည်းများစွာ ကျန်ရစ်သည် ဟူ၍လည်း ပြောကြသည် ။ သူ့အိမ်မှာ ခင်းကျင်းထားလိုက်တာ အင်မတန် ခမ်းနားတာပဲ ။ ပြောကြတဲ့အတိုင်း ဧကန်မှန်မှာပဲ ။ သင်းကို ရရင် ဘထွန်းကုမ္ပဏီနာမည်ဟာ ကမ္ဘာကျော်ကြား အဟုတ်တကယ် ကြီးပွားဖို့ပဲစသည့် စိတ်ကူးများနှင့် ယခု မိမိ နေသော သားနားသော အိမ်ကို ငှားခဲ့ခြင်း ဖြစ်လေ၏ ။ ဘထွန်းကုမ္ပဏီမှာကား စာတိုက်သေတ္တာနံပါတ်နှင့် စာပေးစာယူ ပုံစံများသာ ရှိ၍ ဒိစတြိတ်နယ် အရပ်ရပ်မှ ကုန်ပစ္စည်း မှာစာရောက်ကာမှ ငနောက် ခေါ်သော တပည့်ကျော်ကို ဘိုင်စကယ်ကလေးနှင့်လွှတ်ကာ အခြား ဆိုင်များမှ ကုန်ပစ္စည်းများကို တစ်ဆင့် ယူ၍ ပို့ရသော ကုမ္ပဏီ ဖြစ်လေ၏ ။ သို့ဖြစ်၍ ထိုသားနားသော အိမ်ကြီးကို ငှားပြီး အိမ်ကြီး၏ ခမ်းနား ကြီးကျယ်ခြင်းနှင့် ညီညွတ်အောင် အိမ်ထောင်ပစ္စည်းကိုမျှ မထားနိုင် ။ ဖျင်ပက်လက် ကုလားထိုင်ကလေးတစ်ခုနှင့် အိပ်ရာကလေး တစ်ခုသာ ရှိလေရာ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဟူသော စကားအတိုင်း တစ်သဝေမတိမ်း နေထိုင်သူ တစ်ယောက် ဖြစ်လေ၏ ။
ထိုအိမ်ကြီးမှာ သားနားသော်လည်း မြို့စွန်ကျသောကြောင့် လခမှာ အစိတ်မျှပေးရလေရာ စီးကရက်နှင့် နံနက် လက်ဖက်ရည် ပေါင်မုန့်အစား ဝံသာနုဆေးပေါ့လိပ်နှင့် လက်ဖက်ရည်ကြမ်း ၊ ထမင်းကြမ်း ၊ စားတော်ပဲပြုတ်ကို သုံးလျှင် အစိတ်မျှသော အိမ်လခကို ဧကန်မှန်မှန် ပေးနိုင်ရုံမက အိမ်ထောင်ပစ္စည်းတောင် တဖြည်းဖြည်း ပြည့်၍လာမှာပဲဟု အားခဲ၍ ကြံခဲ့ခြင်း ဖြစ်လေ၏ ။ သို့သော်လည်း ကံမလှ ဉာဏ်လှတိုင်း ဂွ - ကျတတ်လေရာ လွန်ခဲ့သောလ ကတည်းက မိတ်ဆွေတစ်ယောက် ထံမှ ဘန်ကောက်ပုဆိုးနှင့် ပိုးအင်္ကျီရင်ဖုံးကို ငှားပြီး ဘိုကတော် မကြော့ တို့နှင့်အတူ မင်္ဂလာဆောင်တစ်ခုကို သွားပြီး အိမ်သို့ ပြန်ရောက်ကာမှ မကြော့ နှင့် ခဏကလေး မျက်နှာချိုသွေးကာ စကားပြောရသဖြင့် အားရဝမ်းသာ မိုးမမြင်လေမမြင် ဖြစ်ပြီး ခြေလှမ်းသွက်သွက်နှင့် စတိုင်တင်းကာ မိမိ အိမ်လှေကားကို အပြေးတက်ရာတွင် ဘန်ကောက်ပုဆိုးကို ဝင့်လိုက်ရာ ဆေးပေါ့လိပ်နှင့် ဘန်ကောက်ပုဆိုးစ နပန်းသတ်မိသောကြောင့် ပုဆိုးပိုင်ရှင်မယားက ဆူသည့်အတွက် ငွေအစိတ် လျော်ကြေး ပေးလိုက်ရလေ၏ ။ သို့ဖြစ်သောကြောင့် အဟောင်းဆိုင် တစ်ခုမှာ မျက်စောင်းထိုး၍ထားသော ကုလားထိုင် ဆိုဖာစားပွဲ စသည် “ ဆွတ် ” တစ်စုံကို မဝယ်နိုင်ရုံမက ထိုလမှာ အိမ်လခကိုပင် အနိုင်နိုင်ကြံ၍ ပေးခဲ့ရလေ၏ ။ သို့ဖြစ်လေရာ မကြော့ ၏ အိမ်၌ ခင်းကျင်းထားသော သားနားသော စားပွဲကုလားထိုင် စသည်တို့ကို မြင်ကာ ဒီလိုများ သားနားရင် မကြော့ကို ငါ အိမ်ပေါ်အရောက် ဖိတ်ရဲပါရဲ့ ။ မသကာ ဘုရားကိုးဆူ ပူဇော်ပြီး ဖိတ်ရင် လာရမှာပဲ ။ လာလို့ သားသားနားနား ခင်းကျင်းထားသမျှတွေကို မြင်ရင် အိမ်ကလည်း သားနား ။ အခင်းအကျင်းကလည်း ပြည့်စုံ ။ သူဌေးဂုဏ် ထင်ရှားပြီး အများကြီးဟန်ကျဖို့ ရှိတာပဲ စသည်ဖြင့် တွေးတောကာ စိတ်ထဲမှာ မချမ်းမသာ ဖြစ်၍ နေလေ၏ ။ ထိုအခိုက် တွင် ငနောက် သည် စာတစ်စောင်ကို လာ၍ ပေးလေရာ စာကို ယူပြီး ဖောက်၍ ကြည့်လေ၏ ။ စာမှာ အောက်ပါအတိုင်းပေတည်း ။
မိတ်ဆွေ အရင် တိုင်ပင်သော စက်နဲ့ ပတ်သက်၍ ဝါးခယ်မ က ကု,လားသူဌေးကြီး ရက်များ မကြာမီ လာပါလိမ့်မည် ။ မိတ်ဆွေ နေသော နေရာလိပ်စာကို ကျုပ် ပြောခဲ့ပါသည် ။ သူဌေးကြီး ယုံကြည်လောက်အောင် သားသားနားနား အိမ်မှာခင်းကျင်း စီမံထားပါ မိတ်ဆွေ ။ ဘထွန်းကုမ္ပဏီသူဌေး ကိုယ်တိုင် ဖြစ်ကြောင်း ယုံကြည်အားထားလောက်ကြောင်း ကျုပ် သေသေချာချာ ပြောပြီးပါပြီ ။ မိတ်ဆွေပြောသလောက် ဖြစ်မှာပဲ ။ စရန်ငွေ သုံးထောင်ထက် မနည်းစေနဲ့ ။ စက်အကြောင်းတော့ သေချာပြီး ဖြစ်၍ စိတ်ချပါ ။ ဂျာမဏီ က ရောက်ပြီး ကတည်းက သူတို့ မသုံးတတ်လို့ ပစ်ထားပါသည် ။ ကျုပ် စစ်ဆေးကြည့်တော့ ဘာမှ မချို့ယွင်းဘူး ။ သုံးလအတွင်း ဂျာမဏီက ရောက်မည် ပြောထားပါ ။ သည်အတွင်းမှာ အသစ်ဖြစ်အောင် ကျုပ် လုပ်မယ် ။ စရန်ငွေ သုံးထောင်ထက် မနည်းပါစေနှင့် ။ အိမ်မှာ သားနားနိုင်သမျှ သားနားပါစေ ။
မောင်ဆိုင်
သူဌေးမင်းသည် စာကို ထပ်ကာထပ်ကာ ဖတ်လေ၏ ။ မောင်ဆိုင် နှင့် ထိုအလုပ်ကို ကြံစည်ခဲ့ရာ အတော်ကြာပြီးနောက် ဖြစ်မည် မထင်သဖြင့် မေ့လျော့၍နေရာ ယခုတကယ် နေရာကျတော့ မှာပါကလား ။ အင်း အိမ်ရှေ့က ရှင်မ - တော့ သေမ - ဖြစ်တော့မှာပဲ ။ ဒါထက် ကျိန်းသေတာ မရှိဘူး ။ စက်က သုံးရာထဲနဲ့ ရမှာ ။ စရန်ငွေက သုံးထောင် ။ နောက် ငါးထောင် ၊ ရှစ်ထောင် ။ တစ်ယောက် လေးထောင်စီ ။ ဘထွန်းကုမ္ပဏီ ဖူလုံပြီ ဆိုတာ ကျနေပါကလား ။ အင်း ကြော့ကြော့ ၊ ကြော့ကြော့ ။ ဘုရားကိုးဆူ နီးပြီ ကြော့ရဲ့ ၊ မင်း ငါ့အိမ်ပေါ်ကို ရောက်ရတော့မှာပါကလား စသည်ဖြင့် တွေးကာ တစ်ယောက်တည်း ပြုံးပြီး မင်းကတော် မကြော့၏ အိမ်ဘက်ကို ကြည့်ကာ ကျောခိုင်း၍ နာရီသော့ပေး နေသော မကြော့ကို မျက်စပစ်လေ၏ ။
ထို့နောက် ဟင် အိမ်ကို သားနားအောင် ခင်းကျင်းရမယ် ဆိုပါကလား ။ သူဌေးနဲ့တူအောင် လုပ်ရမှာပါကလား ။ အဲဒါက အခက်ကလေးပါကလား ။ ကြွေးဝယ်လို့လည်း ရမှာ မဟုတ် ။ မကြော့အိမ် သွားပြီး ငှားရင်လည်း ငါ့ထုပ်ကို ဖြေပြသလို ဖြစ်တော့မှာပါကလား ။ သူ့အိမ်က ပစ္စည်းအားလုံးကို တင်ရရင်တော့ ပီယာနိုးနဲ့ ဘာနဲ့ သိပ်စတိုင်ကျမှာပဲ ။ မဖြစ်ပါဘူးလေ ။ ငါ ဘယ်လို ကြံရပါ့မလဲ ။ ကု,လားသူဌေးကြီး မတော်တဆ ဖြုန်းခနဲ ရောက်လာရင် အခက်ပဲ ။ ငါ့ကို အခုလို မြင်ရရင် ဂေါ်ရှော်လို့ အောက်မေ့မှာပဲ ။ အေး ဟုတ်လည်း ဟုတ်ပေသား ကလားလေ ။ အောက်မေ့ရင်လည်း စိတ်ဆိုးဖို့တော့ မရှိပါဘူး ။ ငွေမရမှာ ခက်တာပဲ ။ အင်း အခုအနေများ ကြောနဲ့ နေရာကျရင် ငွေလေးငါးထောင် ပက်ခနဲ ရမှာ စသည်ဖြင့် တွေးလေတွေးလေ မိမိ၏ မျက်စိထဲမှာ မကြော့ ထင်ပေါ်လေလေ ။ မက်စရာကောင်းလေလေ သနားစရာကောင်းလေလေ ချစ်စရာကောင်းလေလေ ဖြစ်၍ လာလေ၏ ။ သို့ဖြစ်၍ ငွေလေးငါးထောင်သာ ရှိလျှင် မကြော့ မှာ အများ ပြောကြသလို မဟုတ်လို့ ဆင်းရဲ၍ပင် နေစေကာမူ ယူပါရဲ့ဟု အောက်မေ့လေ၏ ။ ရှေးဦးပထမ မကြော့၏ စည်းစိမ်ထက် မကြော့ ကို ပိုမို၍ မက်၏ ။ အသိအကျွမ်း ဖြစ်ပြီးသော အခါ၌ကား အရွယ်ကောင်းသော မိန်းမချောမုဆိုးမကလေးမှာ ဝမ်းပျဉ်းသရက်သီးနှင့် တူသော အပျိုတို့လို မဟုတ် ။ အုပ်ပြီးသော အမှည့်နှင့် တူလေရာ ဘထွန်းမှာ မကြော့၏ ရမက် ကြောင့် အူယားကာ အားယူ၍သာ နေခဲ့ရှာလေသတည်း ။
ထိုနေ့မှစ၍ ဘထွန်းသည် အိမ်ထောင်ပစ္စည်း အဟောင်းဆိုင်တွေကို လှည့်လည်စုံစမ်း၏ ။ လေလံတွေကို သွား၍ ကြည့်၏ ။ သို့သော်လည်း ရကိန်း မမြင်သဖြင့် အခက်ကလေးမှာ အခက်ကြီး ဖြစ်၍လာလေ၏ ။ ကု,လားသူဌေးကြီး မတော်တဆ ရောက်၍ လာမှာကိုပင် စိုး၍နေလေသတည်း ။
သို့နေခိုက်တွင် ကု,လားသူဌေးကြီး နက်ဖြန်နံနက် စောစောရောက်မည့်အကြောင်း မောင်ဆိုင် ထံမှ စာတစ်စောင် ရောက်၍ လာလေရာ ဘထွန်း မှာ အဲဒါမှ အခက်ပဲ ။ ငွေမရတဲ့ အပြင် ငါတော့ အရှက်ကွဲတော့မှာပဲ ။ မောင်ဆိုင် လည်း ငါ့ကို ဆဲတော့ မှာပဲ ။ ငါ ပြေးမှ တော်မှာ ထင်ပါရဲ့ဟု တွေးကာ ဦးခေါင်းကို ကုတ်ရင်း ဝရန်တာမှာ အပြန်အလှန် လမ်းလျှောက်လေ၏ ။ ထိုအခိုက်တွင် အိမ်ရှေ့အိမ်၌ မိမိကဲ့သို့ မငြိမ်မသက်ဖြစ်၍ နေဟန်ရှိသော မကြော့ ကို မြင်လေ၏ ။ မကြော့ သည် အိမ်ရှေ့ခန်း၌ ပျာလောင်ခတ်၍ နေလေ၏ ။ တစ်ခါတစ်ခါ ရပ်ကာ သက်မကြီး ချလေ၏ ။ ဘထွန်းသည် တစ်စုံတစ်ရာကို တွေးမိသဖြင့် အိမ်ပေါ်မှ ဆင်းပြီး မကြော့ ထံ ရောက်၍ သွားလေ၏ ။
“ မင်းကတော် ကျုပ်ကို တဆိတ် မကူနိုင်ဘူးလား ” ဟု အရေးတကြီးမေး၏ ။
မင်းကတော်လည်း မသာယာသောမျက်နှာကို ပြုပြင်ကာ “ ဘယ်လို ကူညီရမလဲ သူဌေးမင်းရဲ့ ။ ထိုင်ပါ ” ဟု သားနားသော ကု,လားထိုင်ကို ပြလေ၏ ။ နှစ်ယောက်သား ရင်ဆိုင်ထိုင်ကြ၏ ။ မင်းကတော်၏ ကိုယ်မှ ထွက်သော မွှေးကြိုင်သောရနံ့သည် ဘထွန်း၏ ရင်ထဲသို့ ဝင်ရောက်လေရာ ဘထွန်း၏ အသည်းနှလုံး မှာ ဘိုတို ဘိုတို ဟု သမင်လို မြည်လေ၏ ။
“ ဒီလိုပါ မင်းကတော်ရဲ့ ။ ကု,လားသူဌေးကြီး တစ်ယောက် ကျုပ်အိမ်ကို အရေးကြီးတဲ့ ကိစ္စနဲ့ နက်ဖြန်မနက်ကို လာမည် သတင်းကြားတယ် ။ မင်းကတော် သိတဲ့အတိုင်း ဒီမှာတော့ကာ လူပျိုတစ်ကိုယ်တည်း နေရတော့ အိမ်မှာ လှလှပပ ဆင်ပြင် မထားရ ၊ အိမ်ထောင်ပစ္စည်းတွေ များသလောက် ရှုပ်ပွေ နေတာပဲ ။ သည့်အတွက် မင်းကတော် အိမ်မှာ တစ်အောင့်လောက် ဧည့်ခံပါရစေ ။ မင်းကတော်က ဘာမှ မပြောဘဲနေဖို့သာ ရှိတာပဲ ။ တိုတိုပြောမယ် ။ မင်းကတော်ရယ် ကျွန်တော့် အိမ်လိုပေါ့လေ ၊ မင်းကတော် ရိပ်မိမှာပေါ့ ”
မကြော့၏ မျက်နှာမှာ နီ၍ သွား၏ ။ အကြောင်းမူကား သားနားသော အိမ်ကြီးကို တစ်ယောက်တည်း ငှား၍ နေသော လူပျိုသူဌေးမင်းတစ်ယောက် အပေါ်၌ အကျွမ်းဝင်ကတည်းက အတော်အတန် မေတ္တာစိတ်ညွတ်သလိုလို ဘာလိုလိုညာလိုလို ဖြစ်၍နေခဲ့သည်မှာ မိမိသာ အသိဖြ စ်လေ၏ ။
“ သူဌေးမင်းအိမ် အကျယ်ကြီးပဲ ”
“ ကျယ်ပေမယ့် အိမ်ထောင်ပစ္စည်းတွေ များပြီး ရှုပ်လို့ ဖုန်ထွေးတွေနဲ့ မင်းကတော်ရဲ့ ”
မကြော့သည် တအောင့်မျှ စဉ်းစား၍နေလေ၏ ။ ထို့နောက်မှ
“ သူဌေးမင်း ဧည့်သည်က ဘယ်လောက် ကြာမှာလဲ သူဌေးမင်းရဲ့ ။ ညဉ့်အိပ်ညဉ့်နေ ဆိုရင် ကျွန်မလည်း တစ်ယောက်တည်းရယ် ။ အစေခံမကလေး နှစ်ယောက် ရှိတာပဲ ”
“ မကြာပါဘူး ၊ နာရီဝက်လောက်ပါ ။ မင်းကတော်ရောင်ရတာပေါ့ ”
မကြော့သည် တစ်ဖန် စဉ်းစားပြီး
“ မကြာရင်တော့ ကိစ္စ မရှိဘူး ။ သူဌေးမင်း အိမ်လိုပဲ သဘောထားနိုင်ပါတယ် ”
“ ကျေးဇူး အင်မတန်တင်ပါတယ် မင်းကတော်ရယ် ။ ဝန်ကြီး ကျသွားတာပါပဲ ။ သည့်ပြင်လည်း တောက ဧည့်သည်တွေ နက်ဖြန် ရောက်မယ်လို့ ကြားရတော့ ရှုပ်တဲ့အပေါ်မှာ တောဧည့်သည်တွေ ထပ်ရောက်တော့ ဧည့်ကောင်းစောင်ကောင်းနဲ့ စကားပြောဖို့ ကိစ္စမှာ အနှောင့်အယှက်ပဲ မင်းကတော်ရဲ့ ။ အလုပ်က တစ်သိန်းဖိုး နှစ်သိန်းဖိုးအလုပ်နဲ့ ပတ်သက်ပြီး ပြောရမှာကိုး ။ တစ်ယောက်တည်း နေရတာ အဲဒီလိုအခါကျမှ ဒုက္ခပဲ မင်းကတော်ရဲ့ ”
“ မြန်မြန် မိန်းမယူပါလား သူဌေးမင်းရဲ့ ”
“ သားစိတ် မယားစိတ်နဲ့တော့ ဝေးပါသေးရဲ့ ။ အလုပ်အကိုင် အကြံအစည်သမားမှာ ဒါတွေကို မတွေးအားဘူး မင်းကတော်ရဲ့ ။ ဒီလိုဖြင့် စိတ်ချပါရစေနော် ။ ကျွန်တော် စောစောပဲ လာထိုင်နေပါရစေ ။ ဧည့်သည်ကတော့ ကျွန်တော့်အိမ်ကို သွားမှာပဲ ။ ဒီကိုတစ်ဆင့် ညွှန်ဖို့ ငနောက် ကို မှာထားရမှာပဲ ” စသည်ဖြင့် ပြောပြီး ပြန်၍လာလေ၏ ။
နောက်တစ်နေ့နံနက် ကု,လားသူဌေးကြီး ရောက်လေရာ မင်းကတော်၏ ခမ်းနားသော ဧည့်ခန်းမှာ သားနားစွာ ဧည့်ခံလေ၏ ။ အလုပ်အကြောင်းကို ပြောကြရာတွင် ကု,လားသူဌေးကြီးက အခြေအနေကို မမြင်သဖြင့် များစွာယုံကြည်လေရာ ဘထွန်း ပြောသမျှကို ကျေနပ်လေ၏ ။
ထိုအခိုက်တွင် ဒူ - ဒူ ဟူသော မောင်းကွဲသံကို အိမ်ရှေ့မှ ကြားရလေရာ ဘထွန်းမှာ ထိတ်ခနဲ ဖြစ်ပြီး မျက်နှာပျက်သွားလေ၏ ။ ထို့နောက် ဣန္ဒြေရရ စကားပြောလေ၏ ။
ဒူ - ဒူ - ဒူ ဟု ထပ်၍ ဖြစ်ပြန်၏ ။ မကြော့၏ မျက်နှာနှင့် ဘထွန်း၏ မျက်နှာ ဆိုင်မိကြလေ၏ ။ ဘထွန်းသည် ကု,လားသူဌေးကြီးအား “ တဆိတ် အခွင့်ပေးပါ ” ဟုပြောပြီး လှေကား ထိပ်၌ ရပ်၍နေသော မကြော့ထံ သွား၍မေးလေ၏ ။
“ ဘယ့်နှယ် မင်းကတော်ရဲ့ ဘာဖြစ်တာလဲ ”
“ ကျွန်မ အိမ်လခ ကိုးလ တင်နေလို့ ပစ္စည်းတွေကို လေလုံ့တင်တာ ထင်ပါရဲ့ ။ ကျွန်မက ဒီလောက်မြန်မယ် မထင်ဘူး ”
“ အားလုံး ဘယ်လောက်လဲ ။ အဲဒါမှ အခက်ပဲ ”
“ သုံးရာနီးနီးလောက် ရှိမှာပဲ ။ ကျွန်မ ပစ္စည်းတွေက အများကြီး တန်ပါတယ် ”
ဘထွန်းမှာ အများကြီး အကြံရကြပ်၍ နေလေ၏ ။ ကု,လားသူဌေးကြီး ကလည်း တောင်မြောက်လေးပါး ကြည့်လေ၏ ။ မကြော့ မှာ မျက်ရည်လည်၍ လာ၏ ။ ဘထွန်းက ဧည့်သည် မမြင်အောင် အခန်းထဲကို အမြ န်အဝင်ခိုင်းလေရာ မကြော့ သည် အခန်းထဲကို ဝင်လေ၏ ။ ဘထွန်းသည် အိမ်ပေါ်ကို တက်လာသူ များကို ဆီး၍ “ ခေတ္တနေပါဦး ။ မောင်းကို ရပ်ပါဦး ” စသည်ဖြင့် ဧည့်သည် မမြင်အောင် တောင်းပန်ရလေ၏ ။ ဘီးလစ်နှင့် အဖော်များကလည်း မဆိုင်းနိုင်ကြောင်း ပြောကြရာ ဘထွန်းသည် ဘာကို လုပ်ရမည် မသိတော့ချေ ။ ထို့နောက်မှ အကြံတစ်ခုကို ရသဖြင့် ဧည့်သည်ထံ လျင်မြန်စွာ လာပြီး သူဌေးမင်း ခဏ သည်းခံပါ ။ အောက်ထပ်က အိမ်လခ မပေးနိုင်လို့ လေလံပစ်နေတယ် ။ ကျွန်တော့်မိတ်ဆွေမို့ ကူညီပြောဆိုပေးရပါဦးမယ် ။ မသကာ ကျွန်တော်ကပဲ ဆွဲတန်ဆွဲပြီး သူ့ခမျာ ပြန်ပေးရမှာပဲ ။ သနားစရာ ဖြစ်နေလို့ပါ ။ သူဌေးမင်း တဆိတ်သည်းခံပါ ” ဟု ပြောပြီး မကြော့၏ အခန်းဝသို့သွားပြီး “ အဟင်း ဒီမှာလေ ၊ ငွေသုံးရာ ပေးစမ်းဟေ့ ” ဟု ပြောပြီး ဝင်၍ သွားလေ၏ ။ မကြော့ က အံ့အားသင့်လျက် မျက်လုံးပြူးကာ ကြည့်၍နေ၏ ။
“ မင်းကတော် အသာနေပါ ” ဟု ပြောပြီး စက္ကူ အစအနများကို အသံမြည်အောင်ချေကာ အင်္ကျီအိတ်ထဲကို ထည့်ရင်း အခန်းထဲမှ ထွက်ပြီး ဧည့်သည်ကို ကြည့်ကာ “ ခဏကလေးပါ သူဌေးမင်း ” ဟု ပြောပြီး ဆင်းသွားလေ၏ ။ အောက်သို့ရောက်သောအခါ ဘီးလစ်နှင့် စကားပြောပြီး အကုန် မိမိအမည်နှင့် လေလံဆွဲလိုက်လေ၏ ။ အတန်ကြာလျှင် မောင်းသံ ရပ်စဲလေ၏ ။ ဘထွန်းလည်း အိမ်ပေါ်ကို ပြန်၍ ရောက်လေ၏ ။
“ ကံကြီးလို့ သူဌေးမင်း ကျွန်တော် ရှိပေလို့ ။ မရှိရင် မတန့်အတန်နဲ့ အကုန်ဆုံးတော့မှာ ။ လက်မတင်ကလေး ” ဟု ပြောပြီး အလုပ်စကား ဆက်လေ၏ ။ ကု,လားသူဌေးကြီးလည်း ငွေသုံးထောင် စရန်ပေး၍ သွားလေသတည်း ။
ပစ္စည်းများကို လေလံဆွဲပြီး ငွေချေမှ ချေနိုင်ပါ့မလားဟု တထိတ်ထိတ် ဖြစ်၍နေသော အလုံးကြီးသည် ဘထွန်း၏ ရင်ထဲမှ သက်လျော၍သွားသဖြင့် တစ်ယောက်တည်း ထိုင်ကာ ငွေစက္ကူများကို ရင်၌ ကပ်ပြီး မျက်လုံးများမှေးလျက် အသည်းထဲမှာ နွေး၍ နေလေ၏ ။
“ မင်းကတော် အပြင်များ ထွက်ပါဦး ။ ဒီလောက် ပူမနေပါနဲ့ ”
မင်းကတော်၏ မျက်နှာမှာ မျက်ရည်စများနှင့် နီမြန်း၍ နေလေ၏ ။
“ ကိုင်း ထိုင်ပါဦး ။ အခု ဘယ်လို စိတ်ကူးသလဲ ။ ဘယ်ကို ပြောင်းမလဲ ”
“ ကျွန်မလည်း မကြံတတ်ဘူး ။ ပစ္စည်းတွေ ... ”
“ ဒီပစ္စည်းတွေ ကျုပ် ဆွဲလိုက်ပြီ ။ သို့သော်လည်း မယူပါဘူး ။ မင်းကတော်ကို ပြန်ပေးမှာပါပဲ ”
“ ပြန်ပေးလည်း ကျွန်မမှာ ထားစရာ အိမ်မရှိဘူး ”
“ ဒီလိုဖြင့် မင်းကတော်မှာ ပစ္စည်းရှိလျက် အိမ်မရှိ ။ ကျုပ်မှာတော့ အိမ်ရှိပါလျက်နဲ့ ပစ္စည်းက ဘာမျှ မရှိလို့ ။ ကု,လားသူဌေးကြီးကို ဒီနေရာ ခေါ်ပြီး အခမ်းအနားနဲ့ လှန့်ရတာပဲ ” ဟု ပြောကာ ငွေစက္ကူများကို ပြလေ၏ ။
မင်းကတော်သည် အံ့အားသင့်လျက် “ ကျွန်မက သူဌေးမင်း အိမ်မှာ ပစ္စည်းတွေ အများကြီးရှိတယ် အောက်မေ့မိတယ် ”
“ ကျုပ်ကလည်း မင်းကတော် ငွေတွေ အများကြီး ဘဏ်တိုက်မှာ ရှိတယ်ထင်နေတာပဲ ”
“ ဒီလိုဖြင့် နှစ်ယောက်စလုံး မှားကြတာပေါ့ ။ သို့သော်လည်း ကျွန်မကို ကူညီသည့်အတွက် ဘယ်လို ကျေးဇူး ဆပ်ရမယ် မသိဘူး ”
“ ကျုပ်ကို မင်းကတော် ကူညီတာက သာပြီး ကြီးကျယ်ပါတယ် ။ ငွေရှစ်ထောင် အလုပ်ကြီး ဖြစ်မြောက်သွားတာပဲ ။ ကိုင်း ဒါထက် ဒီလိုလုပ်ရရင် မကောင်းဘူးလား ”
“ ဘယ်လိုလဲ သူဌေးမင်းရယ် ”
“ အင်း အင်း ခေါ်တော့ - ခေါ်တော့ ။ လိပ်ပြာ တော်တော်ကလေး သန့်လာပြီ ။ သူဌေးပဲ ဆိုပါတော့ ။ ကျုပ် လုပ်ချင်တာက မင်းကတော်ကို .... အင်း ... ဒီလိုပါလေ ။ မင်းကတော်ကို ကျုပ် အိမ်မှာပဲ ခေတ္တ နေပါလို့ ပြောချင်တာပဲ ။ ကျုပ်က အိမ်ရှိတယ် ။ အိမ်ထောင်ပစ္စည်း မရှိဘူး ။ မင်းကတော် မှာတော့ အိမ်ထောင်ပစ္စည်း ရှိလျက်နဲ့ အိမ်က မရှိ ။ သည်တော့ မရှိနှစ်ခု ပေါင်းတော့ အရှိ မဖြစ်နိုင်ဘူးလား ”
မင်းကတော်၏ မျက်နှာမှာ တိုး၍ ဝင်းထိန်ပြီး ဆယ်နှစ် ကျော်လောက် ငယ်၍ သွားသည်ဟု ဘထွန်း၏ စိတ်၌ မှတ်ထင်သဖြင့် မင်းကတော်၏ အပါးသို့ တိုး၍ ကပ်ကာ လက်နှစ်ဘက်ကို ကိုင်ဆွဲပြီး “ ပြောနေ ကြာတယ်လေ ။ သူဌေးကတော်ပဲ လုပ်လိုက်ပါတော့ ဟုတ်လား ” ဟု ပြုံးစစနဲ့ ။ ချိုရဲရဲ ။ စပ်ဖြဲဖြဲ ပြောလိုက်လေရာ မင်းကတော်သည် ရှက်ကိုးရှက်ကန်း တွန့်ကာရွံ့ကာ စွန့်ရမှာ ခက်သလိုလို လွယ်သလိုလို ဖြစ်၍ နေပြီးမှ အထပ်ထပ် သူဌေးမင်းက ကပ်ကပ်ပြီး နှူးလေရာ အချစ်ပန်း အချစ်သီးတို့ကို ခူးဆွတ်၍ စားရအောင် နူးညွတ်၍ သွားရှာလေသတည်း ။
▢ ပီမိုးနင်း
📖 သူရိယရုပ်စုံ သတင်း
အတွဲ ၃ ၊ အမှတ် ၁၇
၂၄ ၊ ဇူလိုင် ၊ ၁၉၃၂

No comments:
Post a Comment