Saturday, December 6, 2025

ဒီဇင်ဘာ ချစ်ပုံပြင်


 

❝ ဒီဇင်ဘာ ချစ်ပုံပြင် ❞
          ( ကံချွန် )

ဒီဇင်ဘာနံနက် မြို့သစ်မှာ နှင်းများက ပိန်းပိတ်အောင် ကျနေသည် ။ နှင်းများ ကြားမှာ ဘ ၏ တေးသံကို ကြားရသည် ကလည်း ဆောင်းနှင်းနှယ် အေးမြနေပါသည် ။

“ ဆောင်းရယ် ... နှင်းရယ် ... ကိုယ့်ချစ်သူရယ် အတူတူပါပဲကွယ် ။ ဟီးဟီး ... ၊ စောစောအိပ်လို့ စောစောထလို့ တာဝေးအပြေးသမားလောကလူသား ”

ဘ မှာ စိတ်ကူးတည့်ရာ အော်ဟစ်သီဆိုရင်း လျှောက်လာရာမှ -

“ ဟေး .... သာဝတို့ ၊ ပေတလူတို့ ၊ စံဗျောတို့ မထကြသေးဘူးလား ”

“ ထနေပါပြီကွ ”

ဦးစံဗျောတို့ အဖွဲ့က လမ်းသွယ်ထဲမှ ထွက်လာကြသည် ။ဘတို့သည် ၆၂ လမ်း အတိုင်း သိပ္ပံလမ်းဆုံ ထိလျှောက်ကြမည် ။ သိပ္ပံလမ်းဆုံ ရောက်လျှင် ၆၆ လမ်းဘက်မှ လှည့်တာ ပြန်ကြမည် ။ ဈေးထိပ် ရောက်လျှင် လက်ဖက်ရည်သောက်မည် ။ မနော်ဟရီလမ်းဆုံ ရောက်လျှင် ဆန်ခေါက်ဆွဲသက်သတ်လွတ် စားကြမည် ။

၆၂ လမ်းထိပ်မှ အကြော်သည် ဒေါ်ဘုမ သည် ဘတို့ အဖွဲ့ကို ကြည့်ကာ ပီတိဖြစ်နေသည် ။

“ အဘိုးကြီးတွေ ကြည့်ရတာ စိတ်ချမ်းသာစရာ ကောင်းတယ်နော် ။ အမြဲ ပျော်နေတာပဲ ”

“ နောက်မှ ပျော်နေ ၊ အကြော်တွေ တူးကုန်ဦးမယ် ဆယ်ဦး ”

“ မတူးပါဘူး ဖွားရဲ့ ”

ဒေါ်ဘုမ က အကြော်များကို ဆယ်ပြီး ဖွားမယ်မ ၏ ခြင်းထဲ ထည့်ပေးလိုက်သည် ။ ဖွားမယ်မ သည် ကောက်ညှင်းပေါင်း နှင့် အကြော်များ ထည့်ထားသော လက်ဆွဲခြင်းလေးကို တံတားအုတ်ခုံပေါ် တင်ကာ ဒေါ်ဘုမ အား အကြော်ဖိုးပေးရန် ပိုက်ဆံကို နှိုက်နေစဉ် ...

လမ်းလျှောက် ထွက်လာသော ဘ ၏ ချိုင်းကြားမှ တုတ်ကောက်က လမ်းဘေးအုတ်ခုံပေါ်မှ ဖွားမယ်မ ၏ အကြော်ခြင်း ကို အံကျ ချိတ်ဆွဲယူလာသလို ဖြစ်သွားသည် ။

“ ဟိုက် .... ငါ့တုတ်ကောက် လေးသွား သလိုလိုပဲ ”

ဘ က တုတ်ကောက်ကို ရှေ့ဘက်သို့ ယူလိုက်သည် ။ အကြော်ခြင်းမှာ ကရိန်းမှ ကုန်သေတ္တာအား ဆွဲယူလာသည့်နှယ် ဘ ရှေ့သို့ ပါလာသည် ။ ဘ ဘေးမှ ယှဉ်၍ လျှောက်လာသော ဦးသာဝ က ....

“ ဟေး ... စံဗျော ၊ ဒီမယ် ဘ က တို့မသိအောင် အကြော်နဲ့ ကောက်ညှင်းပေါင်း ဝယ်လာတယ်ကွ ”

“ နေဦးလေ - နေဦး ၊ ငါပြောဦးမယ် ”

“ ပြောမနေနဲ့ စံဗျော ၊ ပေတလူ စားဟ မြန်မြန် ။ ဒါမျိုးက အေးသွားရင်ကောင်းတာမဟုတ်ဘူး ။လက်နှေးရင် ခံရမယ်နော် ”

ဦးပေတလူ ကလည်း ဝင်နှိုက်သည် ။ ကောက်ညှင်းပေါင်း နှင့်အကြော်များမှာ မျက်စိရှေ့မှာတင် ပျောက်ခြင်းမလှ ပျောက်သွားတော့သည် ။ ဖွားမယ်မ သည် ပိုက်ဆံပေးပြီး၍ လက်ဆွဲခြင်း ကို လှည့်ကြည့်လိုက်ရာ လက်ဆွဲခြင်းမှာ အဘိုးကြီး တစ်သိုက် လက် ရောက်နေပြီကို တွေ့လိုက်ရသောကြောင့် -

“ ဟင် ... ”

“ ဟင်း ဟင်း .... တွေ့ကြသေးတာပေါ့ ”

ဖွားမယ်မ က ဒေါသနှင့် အဘိုးကြီးများ အနီးသို့ ကပ်သွား ပြီး -

“ ဒီမယ် - ဒီမယ် ”

ဦးပေတလူ၏ ခါးကို လက်တို့ လိုက်သည် ။ ဦးပေတလူ က -

“ ခဏနေပါဦး ၊ ဒါလေး လက်စသတ်လိုက်ပါဦးမယ် ”

ဖွားမယ်မ က -

“ တော်တို့ ဒါလောက် ငတ်နေရသလား ဟင် .... ” 

ဖွားမယ်မ၏ အမေးကို ဦးစံဗျော က ဝင်ဖြေလိုက်သည် ။

“ မငတ်ပါဘူးကွာ ၊ ပူပူနွေးနွေး ဆိုတော့ စားကောင်းလို့ပါ ”

ဖွားမယ်မ က ဦးစံဗျော လက် မှာ ရောက်နေသော လက်ဆွဲခြင်းကို လှမ်းဆွဲရင်း -

“ ခု ကျုပ်ကို ပေးပါ ”

“ ဟာ .... မင်းက ကုန်မှ လာတောင်းနေတယ် ”

“ ဟုတ်ပါ့ စားချင်ရင် စောစောက ပြောရောပေါ့ ”

“ တော် - တိတ် ”

ဖွားမယ်မ က သံကုန် ဟစ်လိုက်ပြီး -

“ ကျုပ် မုန့်တွေလည်း ယူစားသေးတယ် ။ ကျုပ်ကို လည်း စော်ကားသေးတယ် ”

“ ဟေ ”

“ ဟင် ”

“ ဘယ်လို ”

ဦးသာဝ ၊ ဦးစံဗျော ၊ ဦးပေတလူ တို့မှ အံ့အားသင့် စကားက သံပြိုင်ထွက်လာသည် ။ ဦးသာဝ က ဘ ဘက်သို့ လှည့်ကာ -

“ ဘ - ဒါ ခင်ဗျား ယူလာတာ မဟုတ်ဘူးလား ”

“ ဟုတ်ဘူး ၊ တုတ်ကောက်မှာ ချိတ်ပါလာတာကွ ”

“ ဟာ ... ခင်ဗျား ရှင်းအောင်ပြောဖို့ ကောင်းပါတယ် ”

“ ပြောဖို့မှ အချိန် မရလိုက်တာ ”

ဖွားမယ်မ မှာ ဘတို့ အဖွဲ့၏ အမူအယာများကို ကြည့်ကာ -

“ အသက်ကြီးပြီး အချိန်မစီးတဲ့ဟာတွေ ”

“ ပိန်တာကိုးကွ ”

ဖွားမယ်မ က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ကာ

“ ဟင်း ဟင်း ”

“ ဒီမယ် ဒါလောက် ဒေါသ ဖြစ်မနေနဲ့ မင်း အကြော်ဖိုး ပြန်လျော်ပေးမယ် ”

“ ဟုတ်တယ် ”

“ လျော်မယ် ”

“ ကဲ ... လျော်မယ် ဆိုရင် ပေး ”

ဘ က -

“ စံဗျော မင်းဆီ ပါသလား ”

“ ဟင့်အင်း သာဝ ဆီ မေးကြည့် ”

“ ငါ့ဆီလည်း လက်ဖက်ရည်ဖိုးပဲ ပါတာ အပိုမပါဘူး ”

ဘ က ဖွားမယ်မ နှင့် မျက်နှာချင်းဆိုင် လိုက်ကာ -

“ အားလုံး နိုးမားနီး ပဲ ခြင်းပဲ ပြန်ယူနှင့် နေ့လည် ကျတော့ မင်းအိမ် လာပေးမယ် ”

“ အိမ် မဟုတ်ဘူး တိုက် ၊ တိုက် ”

ဖွားမယ်မက ဒေါသတကြီးနှင့် အော်ပြီး ဆောင့်အောင့် ယူလိုက်သည် ။

ဧည့်ခန်းဝယ် ဘ မှာ တဟားဟားနှင့် သဘောကျနေသည် ။ ကိုကို က ဘ ကို သေသေချာချာ ကြည့်လိုက်ပြီး -

“ ဘ ကတော့ ပြဿနာ မရှိ ပြဿနာ ရှာတတ်တယ် ”

“ တမင်သက်သက် လုပ်တာ မဟုတ်ပါဘူးကွာ ၊ တုတ်ကောက် မှာ ချိတ်ပါလာတာပါ ။ တကယ် မတော်တဆပါ ”

“ မယုံဘူး ”

“ မြေးအဖိုးချင်း အလကား လိမ်ပါ့မလားကွ ၊ ကဲပါ သွား ဒီပိုက်ဆံငါးဆယ် သွားပို့ချည် ”

“ ဟာ ... ကျွန်တော် မသွားချင်ဘူး ။ အဲဒီအဘွားကြီး က လွယ်တာ မဟုတ်ဘူး ။ ကျွန်တော်နဲ့ မဖြစ်ပါဘူး ။ ညီညီ လွှတ်လိုက် ”

ထိုစဉ် ညီညီ က အခန်းတွင်း ဝင်လာသည် ။

“ ဘာလဲ ဘ ”

“ ကောင်မလေးဆီ ပိုက်ဆံ အပို့ခိုင်းမလို့ ”

“ ချောရဲ့လား ”

“ ချောမှချော ချောပြီးရင်းချော ”

“ ရတယ်လေ ”

ညီညီ က ပိုက်ဆံကို ယူကာ လိပ်စာမေးပြီး ထွက်သွားသည် ။

ညီညီ သည် ခြံရှေ့သို့ ရောက်သောအခါ ခြံတွင်းသို့ လှမ်းကြည့်လိုက်သည် ။ တိုက်ရှေ့ ပန်းပင်များ ကြားမှာ ဖွားမယ်မ၏ မြေး မိုမို ကို တွေ့လိုက်ရသည် ။

“ တော်သေးရဲ့ ကောင်မလေးနဲ့ တိုက်ရိုက် တွေ့လို့ အဘွားကြီးနဲ့ တွေ့ရင် မလွယ်ဘူး ”

ညီညီ က ခြံတွင်းသို့ ဝင်သွားကာ

“ ဒီမယ် - ဒီမယ် ”

“ ရှင် ဘာကိစ္စ ရှိလို့ပါလိမ့် ”

ညီညီ က မိုမို ကို အနီးကပ် ကြည့်ရင်း သိဝိဘုရင် ဥမ္မာဒန္တီ ကို မြင်၍ ရူးသွားခြင်းမှာ ဖြစ်နိုင်ကြောင်း စိတ်ထဲမှ ထောက်ခံလိုက်သည် ။

“ မေးနေတယ်လေ ဘာကိစ္စလဲလို့ ”

“ ဟို - ဟို ညီမကို မုန့်ဖိုး ပေးချင်လို့ ”

“ အို ... ရှင် လူကိုများ ဘယ်လို အစားထဲက မှတ်နေသလဲ ”

“ ဗျာ ”

“ ရှင် အူကြောင်အူကြောင် မလုပ်ပါနဲ့ ခုထွက်သွားပါ ”

“ ဟို - ဟို ”

“ ရှင် မသွားသေးဘူးလား ၊ လူကို ဘာများ မှတ်နေသလဲ ကဲ ”

“ ဖျမ်း ”

“ ဟင် ”

ညီညီ၏ ခေါင်းသည် ချာခနဲ လည်ထွက်သွားသည် ။

“ ဟဲ့ - ဟဲ့ ဘာဖြစ်တာလဲ ”

ဖွားမယ်မ က တိုက်ထဲမှ ပြေးထွက်လာ၏ ။ မိုမို က

“ မိုမို တစ်ယောက်တည်း ရှိနေတုန်း ဝင်လာပြီး အူကြောင်ကြောင်နဲ့ ရိသဲ့သဲ့ လုပ်နေလို့ ဖွား ”

မိုမို ၏ စကားကြောင့် ညီညီ က ကပျာကယာ -

“ မဟုတ်ရပါဘူး ခင်ဗျ ၊ ကျွန်တော်က သူ့ကို ”

“ အို ... ရှင့်ကို ကျွန်မ မသိဘူး ၊ ဘာမှ ပတ်သက်စရာ မရှိဘူး ”

ညီညီ မှာ ဘာဆက်ပြောရမှန်း မသိ ဖြစ်သွားသည် ။

ဖွားမယ်မ က

“ ဒီမယ် မောင်ရင် ၊ မင်း ဆက်မနာချင်ရင် အမြန်ဆုံး ထွက်သွားပါ ”

ညီညီ က လှည့်ထွက်ခဲ့သည် ။

“ ဟင်း - မိန်းမသားတွေချည်း နေတယ် ဆိုပြီး စော်ကားချင်တာ ”

“ မလိုပါဘူး ဖွားရယ် ၊ မိုမို့ လာစမ်းရင် ကွဲသွားမှာပေါ့ ”

ညီညီ မှာ လှည့်ပင် မကြည့်ရဲတော့ပါ ။

ဧည့်ခန်းထဲမှာ ထိုင်နေကြသော ဘ နှင့် ကိုကို မှာ အခန်းတွင်း ဝင်လာသော ညီညီ ကို ကြည့်ရင်း -

“ ဟ ... ဘယ်လို ဖြစ်လာတာလဲ ။ မှောက်လဲ လာတာလား ၊ နှုတ်ခမ်းထောင့်စွန်းလည်း သွေးတွေ ပေလို့ ”

ညီညီ က မအီမလည် မျက်နှာဖြင့် -

“ ဘ ခိုင်းလို့ မုန့်ဖိုး သွားပေးတာ ရိုက်လွှတ်လိုက်တယ်လေ ။ လက်သံတော့ ပြောင်သလား မမေးနဲ့ ခေါင်းကို လည်ထွက်သွားတာပဲ ”

“ ဘာလို့ ရိုက်ရတာလဲ ”

“ ဘယ်သိမလဲ ”

“ ဒါ တမင်သက်သက် စော်ကားတာပဲ ။ လာ ခု သွားရှင်းမယ် ။ ဘယ် ဒီလိုလုပ်လို့ ဖြစ်မှာလဲ ”

“ ဘ တစ်ယောက်တည်း သွားချင်သွား ။ ကျွန်တော်တော့ မလိုက်ရဲတော့ဘူး ”

“ မင်း မလိုက်ရဲရင်နေ ငါ ကိုကို့ ကို ခေါ်သွားမယ် ”

“ ညီညီ အခြေအနေကို မြင်ပြီးကတည်းက ဆုံးဖြတ်ချက် အခိုင်အမာချ လိုက်ပြီးပြီ ။ ဆောရီးပဲ ဘ ၊ ကျွန်တော့် ပါးက ညီညီ ထက် ပိုနုတယ် ”

ဘသည် မျက်မှောင်ကုပ် ကြည့်လိုက်ပြီး -

“ ရတယ် တစ်ယောက်တည်းလား မေးတော့ ဘ တစ်ယောက်တည်းပါ ပေါ့ကွာ ချီတက်မယ် ”

ဘသည် ခြေလှမ်းတိုင်း ဒေါသပြင်းပြင်းနှင့် ဖွားမယ်မ ၏ တိုက်ဆီသို့ ချီတက်ခဲ့ပါပြီ ။ ခြံတံခါးဝက ပိတ်ထားသည် ။ ဘ က တံခါးကို တဗုံးဗုံး ရိုက်လိုက်ပြီး -

“ ဟိတ် - ဘယ်သူ ရှိလဲ အမြန် ထွက်လာပါ ”

ဘ ၏ အော်သံကြောင့် တိုက်ထဲမှ ဖွားမယ်မ က ထွက်လာသည် ။

“ အော် - တော်ကိုး ၊ ဘာလဲ မုန့်ဖိုး လာပေးတာလား ”

ဖွားမယ် က မေးလိုက်မှ ညီညီ ထံမှ ပိုက်ဆံကို မယူခဲ့မိကြောင်း သတိရသွားသည် ။ ထို့ကြောင့် -

“ ကျုပ် အပေးခိုင်းလိုက်တယ်လေ မင်းတို့က မယူတာပဲ ”

“ တော် မလိမ်ပါနဲ့ ခုပေးပါ ”

“ အင်း - အဲ ငါ့ဆီ ခုတော့မပါဘူး ”

“ ဟင် - ဖိုးတွမ်တီး အကြီးစား လူလိမ် ။ ဘယ်သူမှ လာမပေးဘူး ။ ဒီမယ် အဘိုးကြီး မပေးနိုင်ရင်လဲ ရှင်းရှင်း ပြောပါ ”

“ တောက် နေဦး ငါ အပေးခိုင်းတဲ့ လူကို သွားခေါ်လိုက်ဦးမယ် ”

“ ခေါ်ခဲ့ပါ တံခါးဖွင့်ပြီး စောင့်နေမယ် ၊ ဖိုးတွမ်တီးရဲ့ ”

“ ညီညီ ရော ညီညီ ”

“ ရှိပါတယ် ဘ ”

“ မင်းကြောင့် ငါ့ကို ဖိုးတွမ်တီး အခေါ် ခံလိုက်ရပြီ ”

“ ဗျာ ”

“ ဗျာမနေနဲ့ ပြောစမ်း ၊ ငါ ပေးစရာ ခိုင်းတာကို မင်း ယူထားချင်လို့ လုပ်ကြံဇာတ်ခင်းတာ မဟုတ်လား ”

“ ဟာ ... မဟုတ်ရပါဘူး ”

“ မဟုတ်ရင် မင်း သွားပေးတော့ အဖွားကြီး ရှိသလား ”

“ ရှိတယ် ”

“ သေချာတယ်နော် ”

“ သေချာတယ် ”

“ ဒါဖြင့် လာ သွားရှင်းမယ် ၊ မင်း မလိုက်ရဲရင် မင်း လိမ်တာပဲ ”

သို့ဖြင့် ဘ နှင့် ညီညီ တို့မှာ ဖွားမယ်မ၏ တိုက်သို့ ဒုတိယအကြိမ် ရောက်ရပြန်ပြီ ။ ယခုတစ်ခါတွင်မူ ခြံတံခါး က အသင့် ဖွင့်ပြီးသား ဘ နှင့် ညီညီ တို့ တိုက်တံခါးဝ ရောက်သည် နှင့် ဘ က -

“ ကဲ - ရှင်းရအောင် အစောက ကျုပ် မြေးကို အပေး ခိုင်းလိုက်တာလေ ”

ဖွားမယ်မ နှင့် မိုမို မှာ အံ့အားသင့်နေကြသည် ။ ဘ က

“ ကဲ - ရော့ မုန့်ဖိုး ။ ကျုပ် မြေး နောက်ထပ် အရိုက်မခံရခင် ပြန်ပါရစေတော့ ။ ကျုပ်က ဘယ်သူ့မှ မတရား မလုပ်ဖူးပါဘူး ။ မစော်ကားဖူးပါဘူး ။ မတော်တဆ ဖြစ်ရတဲ့ ကိစ္စမှာ ဒါလောက် အညှိုးတကြီး လုပ်လိမ့်မယ်လို့ မထင်မိခဲ့ဘူး ။ ကဲ ကျေနပ်ကြပါတော့ ”

ဘ သည် ညီညီ လက်ကို ဆွဲကာ တိုက်ထဲမှ ထွက်သွားလေ၏ ။ ဖွားမယ်မ တို့မှာ တောင်းပန်ချိန်ပင် မရလိုက်ပါ ။ မိုမို မှာလည်း သူ့အမှား အတွက် စိတ်မကောင်း ဖြစ်လျက် -

“ ကဲ - ဒေါ်မိုမိုတို့ လုပ်လိုက်ပုံက ဘယ်လောက် အားနာဖို့ ကောင်းသလဲဟင် ၊ စကားကို လိပ်ပတ်လည်အောင် မမေးပဲ ပါးချလွှတ်လိုက်တာ တွေ့လား ပါးကြီးတစ်ဖက်ကို ယောင်နေတာပဲ ”

“ မို တောင်းပန် မလို့ပါ ။ သူတို့က ချက်ချင်း ပြန်သွားကြတော့ ... ”

“ ဟွန်း .. ပြောမပြောချင်ဘူး ။ ကျုပ်တို့ စွာတာက သူများ အပြောအဆို ခံရအောင် စွာတာ မဟုတ်ဘူး ။ မတရား လုပ်ဖို့ စွာတာ မဟုတ်ဘူး ။ မစဉ်းမစား စွာတာ မဟုတ်ဘူး ။ မဟုတ်မခံ စွာတာ ။ မြင်မြင်သမျှ လိုက်ဟောင် မနေဘူး ။ ဒါပဲ ညည်း သူ့ အိမ်ထိ ပြန်လိုက် တောင်းပန်လိုက် ”

ဘ သည် ပြတင်းပေါက်မှ အပြင်သို့ ငေး နေရာမှ -

“ ကိုကို ငါ ထင်တဲ့အတိုင်းတော့ ဖြစ်လာပြီ ။ ဟိုမယ် လာနေပြီ ”

“ ဒီတော့ ”

“ ငါအပြင် ခဏသွားမယ် ၊ ဟိုကောင်ရော ”

“ ခြံထဲမယ် ”

“ ငါ မျှော်လင့်သလို ဖြစ်လာရင် စံဗျော ဆီ လှမ်းဖုန်း ဆက်ပေတော့ ငါ အဲဒီမှာ ရှိနေမယ် ”

ဘ သည် ထရပ်သည် ။ ထိုစဉ် မိုမို က ဝင်လာပြီး -

“ ဘ ”

“ ဟေ - ထိုင်လေ ။ ကိုင်း ပြော ကိစ္စ ရှိသေးသလား ။ ဘ က ဆေးဆရာစံဗျော ဆီ သွားမလို့ ညီညီ လိမ်းဖို့ လိမ်းဆေး ယူချီမလို့ ”

“ ကျွန်မ ကိုညီညီ ကို တောင်းပန်ဖို့ လာတာပါ ”

“ ကိုကို ခေါ်ပေးလိုက်ပါကွယ် ။ ကဲ ဘ သွားဦးမယ် ”

“ ထိုင်ပါဦး ကျွန်တော် သွားခေါ်ပေးပါ့မယ် ၊ ခြံထဲမှာ ”

ကိုကို က ခြံထဲသို့ ဆင်းသွားပြီး ညီညီ ထိုင်နေရာ သစ်ပင်အောက်သို့ လျှောက်သွားသည် ။

“ ညီညီ ”

“ ဗျာ ”

“ သူ ရောက်လာပြီ ။ ငါ ဒီကို လွှတ်လိုက်မယ်နော် ။ အစောက ဘ ပြောထားသလို .... ”

“ ဟာ ... မလုပ်ပါနဲ့ဗျာ ၊ နောက်ထပ် အရိုက်ခံနေရပါမယ် ”

“ ဒီမှာ ”

ကိုကို က လက်မ ထောင်ပြပြီး အိမ်ဆီသို့ ပြန်လျှောက် သွားလိုက်သည် ။ ကိုကို သည် ဧည့်ခန်းထဲသို့ ရောက်သောအခါ -

“ ဆောရီးဗျာ ၊ သူ ခင်ဗျားကို အတော် ကြောက်နေတယ် ။ ကြောက်နေတဲ့ အတိုင်းလေးပဲ နေပါရစေတဲ့ ”

“ သူ ဘယ်မှာလဲဟင် ၊ ကျွန်မ သူ့ဆီ လိုက်သွားပြီး တောင်းပန်ပါ့မယ် ”

“ ခြံထဲက သစ်ပင်အောက်မှာ ”

မိုမို သည် ထရပ်သည် ။ ပြီးတော့ ကိုကို ကို တစ်ချက် ကြည့်ပြီး ခြံထဲသို့ ဆင်းလိုက်သွားတော့၏ ။

“ ကိုညီညီ ”

ညီညီ က လှည့်ကြည့်လိုက်သည် ။ ပြီးတော့ မျက်နှာလွှဲလိုက်၏ ။ မိုမို က ညီညီ နှင့် မျက်နှာချင်းဆိုင်မှာ ရပ်လိုက်ပြီး -

“ ကျွန်မကို စကား မပြောချင်လောက်အောင် စိတ်ဆိုးနေပြီလားဟင် ”

“ မဆိုးပါဘူး ၊ ကျွန်တော် ကြောက်သွားတာပါ ”

“ မိုမို တောင်းပန်ပါတယ်ရှင် ၊ မိုမို့ကို ခွင့်လွှတ်ပါ ”

“ ကျွန်တော် ဘယ်တုန်းကများ စိတ်ဆိုးတယ်လို့ ပြောမိလို့လဲ ”

မိုမို က ညီညီ ၏ မျက်နှာကို စူးစိုက် ကြည့်လိုက်ပြီး -

“ ကြောက်လည်း မကြောက်ပါနဲ့ရှင် ”

မိုမို က ခုံတန်းမှာ ဝင်ထိုင်လိုက်သည် ။

“ မိုမို တကယ် နောင်တရမိတာပါ ။ ခု ပြောတဲ့ စကားတွေဟာ နှုတ်ဖျားက စကားတွေ မဟုတ်ပါဘူးရှင် ၊ ရင်ထဲက စကားတွေပါ ”

ညီညီ က သက်ပြင်းချလိုက်ပြီး -

“ ကြောက်နေပါရစေ မိုမိုရယ် ၊ ကြောက်နေရတာပဲ ကောင်းပါတယ် ။ မကြောက်ရင် ပြောမှားဆိုမှားတွေ ထပ် ဖြစ်ပြီး နောက်ထပ် ပါးချခံနေရမှာ စိုးလို့ပါ ”

“ အဲလိုတော့ မပြောပါနဲ့ရှင် ကျွန်မကို ပြန်ပြီး ရိုက်နိုင်ပါတယ် ။ စိတ်ရဲရဲနဲ့ ရိုက်ပါ ”

မိုမို က မျက်နှာချင်းဆိုင်မှာ ထရပ်သည် ။ ညီညီ ကလည်း ရပ်သည် ။ မိုမို က မျက်စိမှိတ်ပြီး မော့ထားလိုက်သည် ။ ကိုကို က တယ်လီဖုန်း မှ နံပါတ်များကို နှိပ်လိုက်သည် ။

“ ခင်ဗျား သိပ်ဆိုးတာပဲဗျာ ၊ ကြောက်လို့သာ တော်တော့တယ် ”

မိုမို က မျက်စောင်းထိုးသည် ပါးကို ပွတ်သည် ။ မျက်စောင်းထိုး ကြည့်နေရာမှ မိုမို ပြုံးသွားပြီး

“ ယောက်ျားလေး ဖြစ်ပြီး နှုတ်ခမ်းနီတွေ ဆိုးထားသေးတယ် ”

နှစ်ယောက်လုံး ပြုံးလိုက်မိသည် ။ ထိုစဉ် -

“ ကဲ - မယုံရင် ကြည့်ပါ ။ သူတို့ချင်း ချစ်နေကြပါပြီလို့ ကျုပ် ပြောသားပဲ ။ ဒီနေ့ခေတ် လူငယ်များက ကျုပ်တို့တုန်းကလို သုံးနှစ်ခေတ် မဟုတ်ဘူး ။ သုံးမိနစ်ခေတ် ”

“ အင်း - ကျွန်မလည်း စိတ်အေးချင်တာနဲ့ အတော်ပဲ ။ သူတို့ချင်း ချစ်နေမှတော့ ”

ဘတို့ အသံကြောင့် ညီညီ နှင့် မိုမို က လှည့်ကြည့်လိုက်သည် ။

“ ဟင် ”

“ အို ”

ဖွားမယ်မ က လှည့်ထွက်သွားပြီ ။ ဘ က မျက်စိတစ်ဖက် မှိတ်ပြလိုက်၏ ။

▢  ကံချွန်
📖 ကလျာ မဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၁၉၉၉

No comments:

Post a Comment