Thursday, December 18, 2025

အမေတောလား


 

❝ အမေတောလား ❞
    ( ကျော်ရင်မြင့် )

သာမန် ရုံးစာရေးကလေးမျှသာ ဖြစ်တဲ့ ကျွန်တော့်ရဲ့ လုပ်ငန်းရာထူး အပေါ်မှာ အမေ ကတော့ တော်တော် အထင်ကြီးရှာ ၊ ဂုဏ်ယူရှာတာကလား ။

ရွာက အမေ့သူငယ်ချင်းတွေကို “ အမေ့သား စာရေးကြီးက ၊ အမေ့သား စာရေးကြီးက ” နဲ့ ခပ်မိန့်မိန့် ပြောနေတတ်တာ ။ သူ့သား သူ ဝန်ရှင်တော်မင်းကြီး လောက် ထင် နေသလားပဲ ။ ကျွန်တော် ဝတ်တာ စားတာ ညှိုးနွမ်းနေတာ မြင်ရင် အသစ်အလတ်နဲ့ အမေက အမြဲ လဲဝတ်ခိုင်းတယ် ။ “ သားရယ် ... တောင်းမှာ အကွပ် ၊ လူမှာ အဝတ် တဲ့ ။ ကိုယ်က ရာထူးရာခံနဲ့ ဆိုတော့ သင့်တင့်အောင်တော့ ဝတ်စားမှပေါ့ကွယ် ” လို့ ပြောတတ်တာ ။

သူ့သား ကျွန်တော်က ရုံးထဲမှာ ရာထူး အငယ်ဆုံးထဲ ကပါ ။ ကျွန်တော့် အောက်မှာ ရုံးလုလင်လို့ ခေါ်တဲ့ ပြာတာ တစ်ယောက်ပဲ ရှိတော့တာ ။ တစ်ခါတစ်ခါ ရုံးလုလင်မလာရင် ကျွန်တော်က လူကြီးတွေ ၊ ဧည့်သည်တွေ အတွက် လက်ဖက်ရည် သွားဝယ်ပေးရတာ ၊ ရုံး စားပွဲတွေကို ကြက်မွေး နဲ့ လိုက်သုတ်ပေးရတာတွေ အမေ မသိစေချင်ပါဘူး ။ ကျွန်တော် ပြောလည်း မပြောပြချင်ဘူး ။

ကျွန်တော် ရုံးက ပြန်ရောက်လာရင် အမေ့မှာ လဲစရာ အဝတ် ယူပေးရတာနဲ့ ၊ ရေအေးအေးလေး ခပ်တိုက်ရတာနဲ့ ။ “ ကျွန်တော်တော့ ငရဲကြီးတော့မှာပဲ အမေရာ ” လို့ ပြောတိုင်း “ ဘယ်ဟုတ်မှာလဲ သားရယ် ၊ သား ရှာကျွေးတာနဲ့ အမေတို့က စားနေရတာ ။ အမေ့သား ခမျာ တစ်နေကုန် ရုံးမှာ ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်လာရတာ ၊ အမေက အိမ်နေလူ ဘာပန်းလို့လဲ ” တဲ့ ။ ကျွန်တော့်လခက ကျွန်တော် သုံးတာနဲ့တောင် မလောက်င တာ ။ ရုံးထဲမှာ တစ်နေကုန် လေပန်းပြီး အိမ်ပြန်လာရတာ ။ တစ်ခါတလေ စခရဘယ် ( scrable ) တို့ ၊ ကျား တို့ ကစားနေခဲ့တာတွေ ပြန်စဉ်းစားမိရင်တော့ အမေ ခပ်ပေးတဲ့ ရေကို သောက်ရတာတောင် လည်ချောင်းက နင်ပါတယ် ။

ကျွန်တော့်ချည်းမှတော့ မဟုတ်ပါဘူး ။ ညီမလေး ကိုလည်း ဒီလိုပဲ အမေက ပြုစုတယ် ။ “ အမေ့သမီးလေး ပန်းရှာတယ် ၊ စာသင်ရင်း မြေဖြူမှုန့်တွေ ပါးစပ်ထဲ မဝင်အောင် သတိထားနော် .. ။ တီဘီဆိုလား ဖြစ်တတ်တယ် ” တဲ့ လို့ အမေက ခဏခဏ ပြောတာ ။ ညီမလေး အိပ်ပျော်နေရင်တောင် ယပ်ခတ်ပေးနေတတ်တာ ။ မြို့ ဆိုတော့ အိမ်တွေကလည်း ပြွတ်သိပ်နေတော့ လေက မရဘဲ ပူလောင်အိုက်နေတာကိုး ။ ဒီထဲ ခြင်တွေကလည်း တွယ်သေး ။ ညီမလေးက ကျောင်းဆရာမ ဆိုတော့ ကျွန်တော်တို့လို ရုံးသမားတွေ ထက်တော့ ပန်းရှာမှာပါ ။

ကျွန်တော်တို့ ငယ်စဉ် ကတည်းက ပြုစုပျိုးထောင်ပေးခဲ့တဲ့ အမေဟာ အခု အရွယ်ထိ ကျွန်တော်တို့ကို ပြုစုတုန်း ။ လုပ်ရိုးလုပ်စဉ် အလုပ်တွေကို မပင်မပန်း လုပ်ပေးနေတုန်း ။

နွေရာသီ ရောက်ရင် ကျွန်တော်တို့ အရပ်ထဲက ရေကန်တွေက ရေခန်းတတ်တယ် ။ လူတွေက ပူပူအိုက်အိုက်နဲ့ ရေကို တွန်းချိုးကြတော့ ကျွန်တော်တို့ ရုံးက ပြန်လာချိန်ဆိုရင် ကန်ထဲမှာ ရေက မကျန်တော့ဘူး ။ အဲဒီတော့ အမေက အိမ်မှာ ရှိတဲ့ ရေအိုးတို့ ၊ ပေပါပြတ် တို့ကို ရေပြည့်အောင် တစ်နေကုန် တစ်နေခန်း ကူသယ်ခေါက်သယ် ရေခပ်ထားတယ် ။ ကျွန်တော်တို့ ရုံးက ပြန်ရောက်ရင် အိမ်ထဲမှာ ချိုးရေက အသင့် ။ “ နေပူလိုက်တာ အမေရာ ၊ ခပ်မထားပါနဲ့ ” လို့ ပြောလည်း မရ ။ ကျွန်တော် တို့မှာလည်း တခြား ရေက မရှိတော့ အမေ ခပ်ထားတဲ့ ရေကိုပဲ ချိုးကြရတာပါပဲ ။ “ ရွာမှာသာ ဆိုရင် မြစ်ရေအေးအေးလေးကို တစ်ကိုယ်လုံး စိမ်ချိုးလိုက်ရရင် သားတို့ တော်တော် ဇိမ်ကျမှာ ။ အခုတော့ လှောင်ရေပူပူတွေပဲ ချိုးနေကြရတော့ အမေ စိတ်မကောင်းပါဘူး ” လို့ အမေက ပြောသေးတာ ။

ကျွန်တော်တို့မှာ ညီအစ်ကိုမောင်နှမ ရှစ်ယောက် တောင်ရှိတာ ။ အားလုံး အလုပ်တွေ ကိုယ်စီနဲ့ ။ အစိုးရ အလုပ်ပေါ့ ။ ကြီးကြီးမာစတာတော့ တစ်ယောက်မှ မဖြစ်ဘူး ။ အဖေကလည်းမရှိ ၊ အမေကလည်း တောသူမကြီး ဆိုတော့ ကိုယ့်ထူးကိုယ်ချွန် အလုပ်အကိုင် ရှာကြရတာ ။ စာရေးတို့ ၊ ကျေးရွာမန်နေဂျာတို့ ၊ မူလတန်းဆရာတို့ ချည်းပါပဲ ။

အမေနဲ့တော့ ကျွန်တော်နဲ့ ညီမလေး ပဲ ရှိတော့တယ် ။ ကျန်တဲ့ ညီအစ်ကို မောင်နှမတွေက ရပ်ဝေးမှာ အိမ်ထောင်ရက်သားတွေ ကျကုန်ကြပါပြီ ။ အမေ့ဆီ ပုံမှန်ရောက်ဖို့ အသာထား ၊ မာကြောင်း သာကြောင်း စာတောင် မရေးဖြစ်ကြတော့ပါဘူး ။ အရင်ကတော့ အမေ့ ကို လစဉ် စုကန်တော့ကြမယ်လို့ လုပ်ကြသေးတယ် ။ အမေက တောင်သာပါတယ်လေ ဆိုပြီး မကန်တော့ဖြစ်ကြပါဘူး ။

အမေ ကတော့ အနေ ဝေးနေတာကို သူ့ စိတ်ထဲမှာ နီးနေအောင် ထင်ပါရဲ့ ၊ သားသမီးတွေ အကြောင်းချည်းပဲ အမြဲ ပြောနေတာ ။ ဘယ်သူ ငယ်ငယ်ကဖြင့် ဘယ်လိုပေါ့ ဆိုတာ အမေ့မှာ ပြောစရာချည့် ။

“ အမေ့သားသမီးတွေ အားလုံး ပညာတွေ တတ်ကြပြီး ရာထူးရာခံတွေနဲ့ ဆိုတော့ အမေတို့ မြို့မှာ ပြောင်းနေရ ကျိုးနပ်ပါတယ် ” လို့ အမေက ပြောလေ့ရှိတယ် ။

အမေ့ခမျာ ကျွန်တော်တို့ ဆန္ဒကို လိုက်လျောပြီးသာ မြို့ကို လိုက်ပြောင်းရတာ ။ သူ တွယ်တာတဲ့ မိမွေဖမွေ မြေကောင်းယာကောင်းတွေကို အပြတ် ရောင်းပစ်ခဲ့ရတာ ဆိုတော့ စိတ်ချမ်းသာပုံ မရဘူး ။ အမေက မြေကို တွယ်တာတယ် ။

ကျွန်တော်တို့ အရွယ်ရောက်စမှာ ရွာက မြို့ကို ပြောင်းနေကြတာတွေက တော်တော် ခေတ်စားကြတယ် ။ သူများတွေ ပြောင်းတော့ ကျွန်တော်တို့လည်း မြို့သား ဖြစ်ချင်ကြရော ။ ဒါနဲ့ အမေ့ကို မရမက ကပ်နှူးကြတယ် ။ ကျွန်တော်တို့ချည်း မြို့မှာ ပညာသင်ရအောင် ထားဖို့လည်း အမေက စိတ်မချဘူး ။ မြေတွေ ယာတွေ ရောင်းရစွန့်ရမှာလည်း အမေက လက်တွန့်နေတာ ။ ပြီးတော့ အဖေ ခေါင်းချခဲ့တဲ့ အရပ်မို့ နောက်ဆံငင်နေတာလည်း ပါမှာပေါ့ ။

“ အမေ့ မြေတွေနဲ့ ကျွန်တော်တို့ ပညာရေး ၊ အမေ ဘယ်ဟာကို တန်ဖိုးပိုပြီး ထားသလဲ ” လို့ ပညာရေးနဲ့ လှည့်လိုက်တော့ အမေလည်း လက်လျှော့ရတယ် ။ အမေ့မြေတွေက နေရာကောင်း ၊ မြေဆီမြေနှစ်ကောင်း ၊ အထွက်ကောင်းတွေ ဆိုတော့ ဝယ်ချင်ကြသူတွေက ဝိုင်းဝိုင်းလည်လို့ ။ ကျွန်တော်တို့ကလည်း အမေ စိတ်လည် တုန်း ဇွတ်တိုက်တွန်းပြီး မြေတွေကို ရောင်းခိုင်းကြတယ် ။ မြို့မှာ အိမ်ယာမြေဝယ်ပြီး အိမ်ဆောက်လိုက်ကြတယ် ။

ဆူညံပွက်နေတဲ့ သီချင်းသံ ၊ ဖြိုးဖြိုးဖျတ်ဖျတ် မီးရောင်စုံတွေ ၊ ပြိုးပြောင်တောက်ပတဲ့ ဝတ်ကောင်းစားလှတွေ ၊ စည်ကားပြည့်သိပ်နေတဲ့ တိုက်တာပွဲလမ်းတွေနဲ့ ပြည့်ကျပ်နေတဲ့ မြို့ကို ကျွန်တော်တို့က ပျော်နေပေမဲ့ အမေက မောနေခဲ့တာတဲ့ ။

မြို့မှာ အမေ မပျော်တာကို ကျွန်တော်တို့ သတိ မထားမိခဲ့ကြဘူး ။ ငယ်တဲ့အရွယ်တွေ ဆိုတော့ အသစ်အဆန်းတွေကို ငေးမျှော်ကြည့်ရင်း အနားမှာ ကပ်နေတဲ့ အမေ့ကို ပြန်ကြည့်ဖို့ မေ့နေခဲ့ကြတယ် ။

အမေက ရွာမှာ မီးမြင်းမိုရ်ထွန်းတဲ့ ညရဲ့ အလှ ၊ ရောင်စုံမီးပုံးလေးတွေကို အပျိုလေးတွေ ကိုင်ပြီး မီးကြာ လှည့်ကြတဲ့ လသာညတွေ အကြောင်း ပြန်ပြောတဲ့အခါ တော့ ကျွန်တော်တို့တောင် ရွာကို လွမ်းတယ် ။

အမေကတော့ အမြဲ လွမ်းနေမှာပေါ့  ။

ကြည်စင် ပြာလဲ့လဲ့ ကောင်းကင်ပြင်ကြီးထဲမှာ စွန်တွေ ပျံဝဲနေကြပုံ ၊ မြစ်ရေတက်ပြီး ပြန်ကျသွားတော့ ကျန်နေရစ်တဲ့ နုန်းမြေနုနုကို တစွတ်စွတ် နင်းပြီး အင်းတဲတွေ က ဆည်မှာ ငါးကောက်သွားကြတာတွေ ၊ နေဝင်ရိုးရီ တိမ်ပန်းချီတွေ အလှဆင်တဲ့အချိန်မှာ လှေကလေးနဲ့ သပြေသီးမှည့် သွားကောက်ကြတဲ့အကြောင်း ၊ ဆောင်း ညချမ်းချမ်းတွေမှာ သစ်မြစ်ဆုံကြီးကို မီးထည့်လှုံရင်း အာလူးခင်းထဲက အာလူးတွေကို လတ်လတ်ဆတ်ဆတ် ဖော်ယူပြီး မီးဖုတ်စားကြတဲ့ အကြောင်းတွေ ပြန်ပြောပြရင်း အမေ့ မျက်လုံးအိမ်မှာ မျက်ရည်ကြည်တွေ သီသီဝေ့ နေသလိုလို ။

မြို့ကို မပျော်တိုင်း ရွာပဲ စိတ်ကူးနဲ့ ပြန်ပြန်နေတာ ရှိမှာပေါ့ ။

တစ်ခါက ကျွန်တော်တို့ အရပ်ထဲက လူတစ်ယောက် ဆုံးလို့ အသုဘ လိုက်ပို့ကြရင်း သင်္ချိုင်း မီးသင်္ဂြိုဟ်စက် ရှေ့မှာ အမေက ပြောဖူးတယ် ။

“ အမေသေရင် ဒီစက်ကြီးထဲ မထည့်ရဘူးနော် ” တဲ့ ။

အမေက ပူမှာကို ကြောက်နေသလား ။ “ သေမှတော့ မသိနိုင်တော့ပါဘူး ” လို့ ကျွန်တော်က ရယ်ရွှန်းပတ်ရွှန်းနဲ့ အမေ့ကို စတယ် ။

အမေကတော့ မရယ်ဘူး ။ မီးရှို့စက် ခေါင်းတိုင်ဖျားက ထွက်သွားတဲ့ မီးခိုးမည်းမည်းတွေကို လိုက်ကြည့်နေတယ် ။

“ လူတစ်ယောက်ကို အမှိုက်တွေ မီးရှို့သလို မီးရှို့ ပစ်လိုက်တာမျိုး ၊ စွန့်ပစ်လိုက်တာမျိုးကို အမေ မကြိုက်ဘူး ” လို့ တိုးတိုးညင်ညင်လေး ပြောတယ် ။

ကျွန်တော်တောင် ငိုင်သွားတယ် ။

“ အမေရယ် ... မြို့ မှာတော့ နေရာက မရှိဘူးလေ ။ မြေမြှုပ်ဖို့ ၊ ဂူတည်ဖို့ ဆိုတာကလည်း မလွယ်တော့ဘူး မဟုတ်လား ။ ဒါက အကောင်းဆုံးနည်းလေ ”

ကျွန်တော့်စကားကို နားထောင်ပြီး အမေ ငေးနေသေးတယ် ။ ပြီးမှ “ အမေတော့ ရွာပြန်ပြီးပဲ အေးအေးချမ်းချမ်း သေချင်တယ် ” တဲ့ ။

ကုက္ကိုပင်ကြီးတွေနဲ့ အုပ်ဆိုင်းပြီး အေးစိမ့်တိတ်ဆိတ်နေတဲ့ ရွာသင်္ချိုင်းက အဖေ့အုတ်ဂူကို သတိရလာတာနဲ့ “ အဖေ့နံဘေးမှာပေါ့ ဟုတ်လား .. ” ပြုံးပြုံးကြီး ခေါင်းညိတ်တယ် ။ ကျွန်တော်ကတော့ ရင်မောမောနဲ့ သက်ပြင်းလေပူပူကြီးကို မှုတ်ထုတ်လိုက်ရတယ် ။ အမေ့ ဆန္ဒ ပြည့်ဝတန်ကောင်းပါရဲ့လို့သာ အောက်မေ့ရတော့တာပဲ ။

ကျွန်တော်တို့ အတွက် အသေးအဖွဲ့ကလေးက အစ အမေက ဂရုတစိုက် ရှိပေမဲ့ အမေ့မှာ ရောဂါစွဲလာတာကို ကျွန်တော်တို့ သတိမပြုမိခဲ့ကြဘူး ။ စဖြစ်ခါစက မေ့တတ်တာကို ရောဂါလို့ မသိကြဘူး ။ ကျွန်တော် ဧည့်သည်တစ်ယောက် ရောက်လာပြီး မှာသွားခဲ့တာကို အမေ က ပြောဖို့ မေ့နေရင် အမေ့ကို အပြစ်တင်သေးတာ ။

နည်းနည်း လကြာလာတော့ ကျွန်တော်တို့ ပစ္စည်းတွေကို အမေက ယူယူ သိမ်းပြီး ထားမိတဲ့ နေရာကို မေ့ရော ။ အရေးတကြီး လိုလို့ မရရင် ကျွန်တော်တို့က စိတ်တိုကြ ၊ ပစ္စည်းတွေကို အမေ မယူနဲ့ ၊ မကိုင်နဲ့ မှာထားပေမဲ့ အမေက မေ့ပြီး သိမ်းလိုက်မိပြန်ရော ။ ကျွန်တော်တို့ ဒေါသတွေ ထွက်ကြ ။

အမေ ကတော့ မျက်ရည်ကလေး တလည်လည်နဲ့ “ မေ့သွားလို့ပါ သားရယ် ၊ သမီးရယ်နဲ့ .. နောက် မကိုင်တော့ပါဘူး ” ပြောပေမဲ့ အမေကတော့ ပုံမှန် မေ့မြဲ ။

အအိပ်အနေတွေ နည်းလာတဲ့ အထိ ဒါကို ရောဂါ များလားလို့ ကျွန်တော်တို့ မစဉ်းစားမိကြသေးဘူး ။ ညညဆို အမေက မအိပ်ဘဲ ထထ ထိုင်နေတတ်တယ် ။

အိပ်ဖို့ ပြောရင်လည်း “ ကားသံတွေက ဆူတယ် ၊ အိပ်မပျော်ဘူး ။ လူစိမ်းတွေ အိမ်ရှေ့ကို ဖြတ်လျှောက် သွားရင်း အိမ်ထဲကို လှမ်းကြည့်ကြည့်သွားတာ မင်းတို့ မသိဘူးနော် ။ အိပ်လို့ မဖြစ်သေးပါဘူး ” နဲ့ ။ မျက်စိ ညောင်းရင် အိပ်လိမ့်မပေါ့လေ ဆိုပြီး ကျွန်တော်တို့က တော့ အိပ်ရာထဲ ဝင်ခဲ့တာပါပဲ ။ နံနက်လင်းတော့ အမေ အိမ်ရှေ့မှာ ငုတ်တုတ် ။

နောက်တော့ အမေက အဝတ်တွေကို အထုပ်ကြီး ထုပ်ပြီး “ ရွာပြန်မယ် ၊ အမေ ကြောက်တယ် ” လို့ ပြောတယ် ။ ချော့မော့ပြီး အမေ့အထုပ်ကြီးကို ယူကာ ဖြေသိမ်းထားလိုက်လည်း မကြာဘူး ။ အမေ့မှာ အထုပ်ကြီးနဲ့ ။ “ ရွာပြန်စို့လေ ၊ လှေ မရောက်သေးဘူးလား ” မေးမေး နေတော့တယ် ။

အမေ့စိတ်တွေ တယ်မဟုတ်တော့ဘူး ထင်တယ် ။ အဝေးက ညီအစ်ကိုတွေ မှာကြဦးစို့လို့ ကျွန်တော်တို့ မောင်နှမ တိုင်ပင်ရတယ် ။ နှလုံးငြိမ်ဆေး ၊ သည်းခြေဆေး တွေ ကောင်းတယ် ကြားရင် ဝယ်လာပြီး အမေ့ကို သောက်ခိုင်းရတယ် ။

ကျွန်တော်တို့ကလည်း အလုပ်တစ်ဖက်နဲ့မို့ ဂရုတစိုက် ဆေးမတိုက်ဖြစ်ပါဘူး ။ မေ့တတ်တဲ့ အမေကလည်း ဘယ်မှာ ဆေးကို မှန်မှန် သောက်လိမ့်မလဲ ။

တစ်နေ့နံနက် အိမ်က အမေ ပျောက်သွားတယ် ။ သိသိချင်း လိုက်ရှာကြတော့ ဝေးဝေး မရောက်သေးဘူး ။ အထုပ်ကြီး တစ်ထုပ်ကို ရွက်လို့ ။ လမ်းမလယ်ကောင်မှာ အိပ်မက်ထဲ လမ်းသွားသလို စမ်းတမ်းတမ်းနဲ့ ။ တစ်ရွေ့ချင်း လမ်းလျှောက်နေတယ် ။

“ ရွာပြန်မလို့ ” တဲ့ ။

အိမ်ပြန်ခေါ်လည်း မလိုက်ချင်ဘူး ငြင်းတယ် ။ ရွာ ပြန်တော့မယ်ချည်းပဲ ပြောတယ် ။ “ သားတို့နဲ့ မြို့မှာနေပါ အမေရယ် ” ဆိုတော့

“ သားတို့ မြို့ကို အမေ ကြောက်တယ် ၊ မပျော်ဘူး ။ ပြီးတော့ သိပ်ဆူတာပဲ ။ အမေ အိပ်မရဘူး ” တဲ့ ။ ချီချီပွေ့ပွေ့ အမေ့ကို ခေါ်ယူရတယ် ။

စိတ်ကုရောဂါကုဆေးရုံသို့ သွားပြဖို့တော့ သင့်ပြီ ။ အဝေးက ညီအစ်ကိုတွေကလည်း သူတို့နဲ့ ဘာမှ မဆိုင်သလိုပဲ ။ မလာကြသေးဘူး ။ အစ်မကြီးက “ ငါ့မောင်တို့ ရှိသားပဲကွယ် ။ သင့်သလို ကုလိုက်ကြပါ ” လို့ စာရေးတာတောင် ကျွန်တော်က အားကိုး မျှော်တုန်း ။

မရေရာတာတွေကို ရမယ်ဖွဲ့ပြီး ကျွန်တော်လည်း နှောင့်နှေးနေဆဲ ။ ညီမလေးကလည်း ကျောင်းတစ်ဖက် နဲ့မို့ ကျွန်တော့်ကိုပဲ လွှဲချနေ ။ ကျွန်တော် ကလည်း မိန်းမဖော် ပါမှ ဆေးရုံက လက်ခံမှာ လိုလိုနဲ့ ရှောင်ဖယ် ရှောင်ဖယ် လုပ်နေကြရင်း ရက်တွေ ထပ်ကြာပြန်တယ် ။ ( တကယ့် စိတ်ရင်းကတော့ ဆေးရုံတွေ ၊ ရုံးတွေ ဆက်ဆံရမှာ ကျွန်တော် ကြောက်နေတာ ။ )

ဒီလိုနဲ့ တစ်ညနေခင်း ကျွန်တော်တို့ ရုံးက ၊ ကျောင်းက ပြန်လာကြတော့ အိမ်မှာ အမေ မရှိပြန်ဘူး ။ ကြည့်ပေးပါလို့မှာထားတဲ့ အိမ်နီးချင်းကလည်း အမေ ထွက်သွားတာ မသိလိုက်ဘူး ။

တစ်ညနေခင်းလုံး ဒေါင်းတောက်အောင် ရှာကြရတယ် ။ အမေက ကြောက်တတ်ရှာတော့ ချောင်ကလေး တစ်ခုခုမှာ သူ့အထုပ်ကို ပွေ့ပြီး ကုတ်ကုတ်ကလေး ထိုင်နေရှာမှာလား ။ အိမ်အပြန်လမ်းကို သူ စွမ်းသလောက် သတိလေးနဲ့ စမ်းတဝါးဝါးလိုက်ရှာနေမှာလား ။ ကားတွေ ၊ ဆိုင်ကယ်တွေက ရမ်းရမ်း ၊ အမေက မကျွမ်းမကျင် နဲ့ ။ ဘုရား ဘုရား ရင်ခွဲရုံ ၊ ခေါင်းကို ခါရမ်းပြီး အတွေးစ ကို ဇွတ်ဖြတ်လိုက်ရတယ် ။

ဆေးရုံ ၊ ရဲစခန်းတွေ လိုက်စုံစမ်းကြတယ် ၊ မရှိ ။

မြင်းလှည်းတစ်စီး ငှားပြီး လမ်းကြိုလမ်းကြားပါ မကျန် အသံချဲ့စက်ကို လိုက်အော်ရတယ် ။

“ အသက်ခုနစ်ဆယ့်သုံးနှစ် အရွယ် ၊ စိတ်ရောဂါသည် အဘွားကြီးတစ်ယောက် ပျောက်ဆုံးနေပါသဖြင့် ”

စိတ်ရောဂါသည် ...

အဘွားကြီးတစ်ယောက် ...

အမေ့ကို ကျွန်တော်တို့ ပေးလိုက်နိုင်ကြတဲ့ ဝိသေသနစကားစု နဲ့ အမေ မြို့ကို ပြောင်းနေရကျိုးနပ်ပါတယ် ဆိုတဲ့ အမေ့စကား ၊ နားထဲမှာ ရောထွေးပဲ့တင် ထပ်နေတယ် ။

အလင်းရောင်တွေက တစ်စတစ်စ ယုတ်လျော့လာနေတယ် ။ အလင်းရောင်ကလည်း ကုန်လွယ်လွန်းပြီး အမှောင်က သိပ်သည်းသည်ထက် သိပ်သည်းလာခဲ့ပြီ ။

▢  ကျော်ရင်မြင့်
📖 ရွှေဝတ်မှုန် မဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၁၉၉၂

No comments:

Post a Comment