Wednesday, December 10, 2025

ကျွန်တော်တို့ ဘက်က ရော တာဝန် ကျေရဲ့လား


 

❝ ကျွန်တော်တို့ ဘက်က ရော တာဝန် ကျေရဲ့လား ❞
         ( မင်းသစ် )

ရသစာပေ ကျဆင်းနေပြီဆိုတဲ့ အလန့်တကြား အော်နေကြတဲ့ အသံတွေဟာ ကြာလာတော့လည်း ဆီသည်မ လက်သုတ်ဖတ် ဖြစ်နေပါပြီ ။ ဘာစာပေပဲ ဖြစ်ဖြစ် စာတစ်အုပ် ဖြစ်ဖို့ဆိုရင် ရေးသူ ၊ ထုတ်သူ နဲ့ ဖတ်သူတို့ရဲ့ အသိုင်းအဝိုင်း တစ်ခုတည်းမှာပဲ ဖြစ်ပေါ်လာတာပါ ။ အဲဒီမှာ ထုတ်သူ ဆိုတာကတော့ ဖတ်သူ ရှိမှ ထုတ်တာပါ ။ ဒီတော့ ထုတ်သူကို ဖယ်ထားလိုက်ပါ ။ ရေးသူ နဲ့ ဖတ်သူတွေ အတွက်ပဲ စဉ်းစားကြည့်ကြရအောင် ။

   •••••   •••••   •••••

မြင်သိရ သလောက်ကတော့ ရသစာပေ ကျဆင်းမှုနဲ့ ပတ်သက်လာရင် လူတွေ ဖတ်အား ကျသွားလို့ ဆိုတဲ့ ကောက်ချက်မှာပဲ လမ်းဆုံးသွားတာ များပါတယ် ။ အဲဒီတော့ နံပါတ် တစ် တရားခံက စာဖတ်သူ ပေါ့ ။ အကြောင်းပြချက်တွေကလည်း E - Media တွေ ဖြစ်တဲ့ Internet , Facebook တို့ကို လက်ညှိုးထိုး ကြတာပါပဲ ။ တကယ်တော့ အဲဒါတွေက ရသစာပေ နဲ့ တိုက်ရိုက် မသက်ဆိုင်ပါဘူး ။ အဲဒါတွေကို သုံးတဲ့ လူတွေကလည်း ရသစာပေ ဆိုတာကို ကြားဖူးမှာ မဟုတ်ပါဘူး ။ ဖြစ်ရပ် အမှန်က ရသစာပေ ကျဆင်းနေတာ မဟုတ်ပါဘူး ။ ရသစာပေ ပျောက်ဆုံးခါနီး ဖြစ် နေတာပါ ။ အဓိက တာဝန်ရှိသူတွေကတော့ စကားလုံး အသုံးအနှုန်းကို လျှော့ရေးလိုက်တာပါ ။ ရသစာပေ ဖန်တီးနေတဲ့ ကျွန်တော်တို့ တစ်တွေပါပဲ ။

   •••••   •••••   •••••

မြန်မာနိုင်ငံ ပညာရေး လောကမှာ ဆရာ မျိုးဆက် ပြတ်နေသလို စာပေလောကမှာလည်း ရသ စာရေးဆရာ မျိုးဆက် ပြတ်တောင်း ပြတ်တောင်း ဖြစ်နေတာ ကြာပါပြီ ။ စာဖတ်သူတွေဟာ စာ တကယ် ကောင်း ရင် ဖတ်ပါတယ် ။ ဒါကြောင့် တစ်ခေတ်တစ်ခါက အောင်လင်း ၊ ခင်နှင်းယု ၊ တက္ကသိုလ်ဘုန်းနိုင် တို့ ရဲ့ဝတ္ထုတွေကို စောင်ရေ သောင်းချီပြီး အကြိမ်ပေါင်း များစွာ ရိုက်ခဲ့ကြရတာပေါ့ ။ ခုတော့ အုပ်ရေ ၁ဝဝဝ လောက် ကုန်ရင် ဘက်ဆဲလား ( Best Seller ) လို့ ခေါ် ရတဲ့ ခေတ် ရောက်နေပါပြီ ။

စီးပွားရေး ကျပ်တည်းလို့ ၊ ပြည်သူတွေ စားဝတ်နေရေးနဲ့ လုံးချာလည် လိုက်နေလို့ စာအုပ် မဝယ်နိုင်ကြလို့ပါ ဆိုတဲ့ ဆင်ခြေကလည်း သိပ် မခိုင်လုံလှပါဘူး ။ မီးပွိုင့်မှာ ဈေး ရောင်းနေကြသူတွေက လည်း ဖုန်း ကိုယ်စီနဲ့ပါ ။ စာအုပ်တစ်အုပ် အတွက် ကုန်ကျစရိတ်က ဖုန်းငွေဖြည့်ကတ် တစ်ကတ် ဖိုးလောက် မရှိပါဘူး ။

   •••••   •••••   •••••

မြန်မာ ရသစာပေဟာ တစ်ခေတ်ပြီး တစ်ခေတ် ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ လက်ဆင့်ကမ်း ပြောင်းလဲ လာခဲ့တာပါ ။ အင်းဝခေတ် မှာ ပျို့ ၊ တောင်ငူ ၊ ညောင်ရမ်းခေတ် မှာ ရတု နဲ့ ကုန်းဘောင်ခေတ် မှာတော့ အချိုးတွေ ၊ အချင်းတွေ ၊ တေးထပ်တွေ နဲ့ အဆင့်ဆင့် ပုံသဏ္ဌာန်တွေ ပြောင်းပြီး ဖွံ့ဖြိုး လာခဲ့တာပါ ။

ကိုလိုနီခေတ်ဦး မှာတော့ ဓားပိန် ယိမ်းဆရာ ဦးမောင်ကြီး ၊ ပုဇွန်တောင် ဆရာ ( ? ) ၊ ရွှေတောင် ဆရာလွမ်း ( သခင်ကိုယ်တော်မှိုင်း ) တို့ ရဲ့ ဗုဒ္ဓဝင် နောက်ခံ ၊ ဒဏ္ဍာရီ နောက်ခံ ထိုးဇာတ်တွေဟာ စမတ် ( အင် ) မူကာဒင် လို စာအုပ်တိုက်ကြီးတွေရဲ့ ထုတ်ဝေမှုကြောင့် ကျေးလက်ပြည်သူတွေ အထိ စောင်ရေ သိန်း ချီပြီး ပျံ့နှံ့ခဲ့ပါတယ် ။

ဒီလိုနဲ့ ဓမ္မကြောင်း ၊ လောကကြောင်း နောက်ခံ ထားပြီး ရေးဖွဲ့ခဲ့ကြတဲ့ ရသစာပေတွေဟာ လောကကြောင်း နဲ့ အတူ ဘဝအကြောင်းကိုပါ ရေးဖွဲ့ကြတဲ့ ရသစာပေ ပုံသဏ္ဍာန်အသစ် ဝတ္ထု အဆင့်ကို တိုးတက်ပြောင်းလဲ လာခဲ့ပါတော့တယ် ။ ဒီနေရာ မှာ စကားစပ်ပြီး ပြောရရင် “ မြန်မာဝတ္ထု အစ ပါရာယန က ” ဆိုတဲ့ ရှေးပညာရှိတွေရဲ့ အဆိုကို နှောင်းပညာရှင်တွေက လက်မခံကြတော့ပါဘူး ။ စာရေးသူလည်း ဥပစာ ( ခ ) Inter ( B ) အခုခေတ် အခေါ် တက္ကသိုလ် ဒုတိယနှစ် တုန်းက အဲ ဒီပါရာယန ကို သင်ခဲ့ရ ပါတယ် ။ ဟုတ်ပါတယ် ။ ဝတ္ထု အစစ် မဟုတ်ပါဘူး ။ ပျို့ ပုံသဏ္ဌာန် နဲ့ ရေးရမယ့် အစား အဲဒီ ခေတ်က မတည်ငြိမ်သေးတဲ့ မြန်မာစကားပြေ နဲ့ ဖျစ်ညှစ် ရေးထားတာပါ ။ ပါရာယန ကို ဝတ္ထု လို့ ဇွတ် သတ်မှတ်ကြမယ် ဆိုရင်တော့ စာရေးသူ ရှင်မဟာသီလဝံသ ဟာ မြန်မာစာပေ သမိုင်းမှာ အညံ့ဆုံး ဝတ္ထုရေး ဆရာ တစ်ယောက် ပါပဲ ။

မြန်မာဝတ္ထု ရယ်လို့ ပီပီပြင်ပြင် ဖြစ်လာတာကတော့ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ၊ ဣန္ဒနီ ၊ ရွှေစကြာဦးစိုးမြင့် တို့ ရဲ့ဝတ္ထုတွေ ပါပဲ ။ ဒါပေမဲ့ သူတို့လည်း ခေတ်ဟောင်း ပုံစံ မပျောက်သေးပါဘူး ။ လင်္ကာ ၊ စကားပြေ နှစ်ထွေ ရောရာတွေပါပဲ ။ ကိုလိုနီခေတ် နှောင်းပိုင်းကျမှ ပီမိုးနင်း ၊ ရွှေဥဒေါင်း ၊ ဒဂုန်ရွှေမျှား ၊ မဟာဆွေ ၊ မောင်ထင် ၊ သိပ္ပံမောင်ဝ ၊ ဇော်ဂျီ ၊ မင်းသုဝဏ် နဲ့ ခေတ်စမ်းစာပေသမားတွေ နဲ့ အတူ ကနေ့ ခေတ်သစ် မြန်မာကဗျာ ၊ ဝတ္ထုရဲ့ ရှေ့ပြေး ကဗျာ ၊ ဝတ္ထု တွေ ပေါ် လာတာပါ ။

ဒုတိယကမ္ဘာစစ် အပြီးမှာ တော့ မြန်မာဝတ္ထု နဲ့ ကဗျာတွေဟာ နိုင်ငံတကာ အဆင့်မီလာပြီး ပိုပီပြင်လာပါတော့တယ် ။ အဲဒီ အထဲမှာ ( ကဗျာ ရော ၊ စကားပြေ ပါ ရော ပြောပါ့မယ် ) ဇော်ဂျီ ၊ မင်းသုဝဏ် ၊ ဒေါင်းနွယ်ဆွေ ၊ နေသွေးနီ ၊ နောင် ၊ နွယ် ( စစ်တွေ ) ၊ ဓနုဖြူ ကျော်ထွန်း ၊ ဗန်းမော် ညိုနွဲ့ ၊ ဘုတလင်ချစ်လေး ၊ ကြည်အေး ၊ တင်မိုး ၊ ကြည်အောင် ၊ ကိုလေး ( အင်းဝ ဂုဏ်ရည် ) ၊ မောင်ယဉ်မွန် ၊ မောင်လေးအောင် နဲ့ မောင်သင်းခိုင် ၊ မောင်သွေးသစ် ၊ မောင်ခိုင်မာ စတဲ့ သူတွေရဲ့ ကဗျာသစ်တွေ ပေါ်ထွက်လာပါတယ် ။

စကားပြေ မှာလည်း ကြယ်နီ ၊ မင်းရှင် ၊ ကျော်အောင် ၊ ကြည်လင် ၊ မြသန်းတင့် ၊ ဗန်းမော်တင်အောင် ၊ သော်တာဆွေ ၊ သန်းဆွေ ၊ တင့်တယ် ၊ အောင်လင်း ၊ တက္ကသိုလ်ဘုန်းနိုင် ၊ ဂျာနယ်ကျော် မမလေး ၊ ခင်နှင်းယု ၊ ခင်ဆွေဦး စတဲ့ စာရေးဆရာ ၊ ဆရာမ ပေါင်းစုံ ပေါ်ထွက် လာပါတယ် ။ ဘက်ဆဲလား ( Best Seller ) ဆိုတာ အဲဒီ ခေတ်ကမှ အစစ်အမှန်တွေပါ ။ ဝတ္ထု တစ်အုပ်ကို စောင်ရေ သောင်းချီပြီး သုံးလေးကြိမ် ပြန်ရိုက်ကြရတာပါ ။

   •••••   •••••   •••••

တစ်ပြိုင်နက်တည်းမှာ ဘက်ဆဲလားတွေ မဟုတ်တဲ့ ၊ မဂ္ဂဇင်းတွေ မှာပဲ ရေးနေကြရတဲ့ ကဗျာဆရာတွေနဲ့ ဝတ္ထုတို ရေးသမားတွေလည်း အပြိုင်းအရိုင်း ပေါ်လာကြပါတယ် ။ ရှေ့ ဆရာ ၊ ဆရာမများရဲ့ နှောင်းပိုင်းမှာ ပေါ်လာတဲ့ ခင်လှိုင်ကြူ ၊ ကြူကြူသင်း ၊ စမ်းစမ်းနွဲ့ ( သာယာ ဝတီ ) ၊ စိန်စိန် ၊ မစန္ဒာ ၊ မိုးမိုး ( အင်းလျား ) ၊ ဂျူး ၊ နုနုရည်အင်းဝ ၊ ၀င်းဝင်းလတ် နဲ့ မြတ်သင်း ၊ ဖေမြင့် ၊ မာန်မြင့် ၊ သုမောင် ၊ မောင်ဝဏ္ဏ ၊ မင်းလူ စတဲ့ ဝတ္ထုတို ရော ၊ ဝတ္ထုရှည် မှာပါ စူးရှ ထက်မြက်တဲ့ သူတွေ ပေါ် လာပါတယ် ။

လုံးချင်း ဝတ္ထုရှည်မှာ လည်း ငြိမ်းကျော် ၊ မောင်စိန်ဝင်း ( ပုတီးကုန်း ) ၊ နွမ်ဂျာသိုင်း ၊ မင်းသိင်္ခ ၊ ချစ်ဦးညို စတဲ့ ဘက်ဆဲလားတွေ ပေါ် လာပါတယ် ။ အဲဒီ ကလောင်ဟောင်းတွေထဲမှာ တချို့ ကွယ်လွန်ကြ ရှာပါပြီ ။ မသေဘဲ ကျန်ခဲ့တဲ့ လက်ဟောင်း ၊ လက်ကောင်းတွေ ကလည်း “ စီးရင် Jet , သောက်ရင် Black နဲ့ ဟောရင် One Lakh ”  ဆိုတဲ့ ကြွေးကြော်သံတွေ နဲ့ အတူ ဟောပြောပွဲတွေ မှာ စင်ကူး ကြမ်းနေကြလေရဲ့ ။ ကြည့်လိုက်တော့ ကိုယ့်လူတွေချည်းပါပဲ ။

အခုတော့ အချစ်ဝတ္ထု မှာ တစ်လ တစ်အုပ်နှုန်း နဲ့ မှန်မှန် ချီတက်နေတဲ့ စာရေးဆရာမလေး သုံး လေးယောက် တော့ ရှိပါသေး ရဲ့ ။ ရုပ်ရှင် ၊ ဗီဒီယို ရိုက်ဖို့ ရည်ရွယ် ရေးတဲ့ ဝတ္ထုလေး တွေ ပါ ပဲ ။ မိန်းကလေးတွေ နဲ့ ဗမာ ရုပ်ရှင် ဒါရိုက်တာ တွေ အကြိုက်ပါပဲ ။

အချစ်အကြောင်း မပြောနဲ့ ၊ ဖေတော့ မောင်တော့ တောင် ပီပြင်အောင် မရေး နိုင်တဲ့ ဆရာမလေးတွေ ( ဆရာလေးတွေလည်း ဖြစ်ချင် ဖြစ်နေမှာ ) အဲဒါမျိုးတွေ ကလည်း တစ်လ တစ်အုပ် နှုန်းနဲ့ ချီတက်ကြလျက်ပဲ ခင်ဗျ ။ အငှားဆိုင်တွေမှာ နက္ခတ္တရောင်ခြည် နဲ့ တန်းတူ ငှားကြရ ဆိုပဲ ။

   •••••   •••••   •••••

ရသစာပေ ကျဆင်းနေပြီ ဆိုတဲ့ ခေါင်းစဉ် အောက် မှာ ဒီတစ်ခါတော့ ကဗျာ နဲ့ ဝတ္ထုတို ကိုပဲ ဇောင်းပေးပြီး ပြောနိုင် မှာပါ ။ ကဗျာ ကတော့ ညီအစ်ကို မသိတသိ အချိန်မှာ ဆိုတော့ ထဲထဲဝင်ဝင် ပီပီပြင်ပြင် မပြောနိုင်သေးပါဘူး ။ Online ကဗျာဆရာတွေ ရော ၊ On Page ကဗျာဆရာတွေကိုရော ဝေဖန်ထောက်ပြဖို့ အချိန် မရောက်သေးပါဘူး ။

ဒါပေမဲ့ အဲဒီ ကဗျာတွေကို ရွေးချယ် ဖော်ပြနေကြတဲ့ မဂ္ဂဇင်း အယ်ဒီတာ တချို့ကိုတော့ ပြောချင်ပါတယ် ။ အယ်ဒီတာ အများစုဟာ ကဗျာတွေ ရော ၊ ကဗျာဆရာတွေ ကိုပါ ကြောက်နေကြရှာ ပါတယ် ။ အဓိက အချက်ကတော့ ကဗျာ တစ်ပုဒ်ကို မရွေးရင် “ မော်ဒန်ကဗျာ ကို နားမလည်ဘူးလို့ အထင်ခံရမှာ ကြောက်နေကြလို့ပါပဲ ။

ဒီတော့ တချို့ မဂ္ဂဇင်းတွေမှာ ကဗျာ မထည့်ကြတော့ပါဘူး ။ ကဗျာ နာတာပေါ့ ။ အဲဒီလို ပဲ စာရေးဆရာ က အက်ဆေး လို့ ပြောရင် အက်ဆေး လိုက်တာပါပဲ ။ ဆောင်းပါး ဆိုရင်လည်း ဆောင်းပါး လို့ ခေါင်းစဉ် တပ် ပေးနေကြရ ရှာတာပါပဲ ။

   •••••   •••••   •••••

ဝတ္ထုတို ကတော့ ခေတ် အဆက်ဆက် ကောင်းခဲ့တာပါ ။ ဒါပေမဲ့ အခုတော့ ပျက်ချင်ချင် ဖြစ်နေပြီဗျ ။

၁၉၈၀ ကနေ ၁၉၉ဝ အတွင်း မှာတော့ ကလောင်သစ်တွေ နဲ့ အတူ ဝတ္ထုတို ရွှေခေတ်လို့ ခေါ်ရတဲ့ ခေတ်အထိ ရောက် ခဲ့ရဖူးပါတယ် ။ ရှုမဝ ၊ မိုးဝေ ၊ သဘင် ၊ ပေဖူးလွှာ နဲ့ မဟေသီမဂ္ဂဇင်း တွေမှာ လစဉ် ဝတ္ထုတို ကောင်းတွေ ဖတ်ရပါတယ် ။

ဝတ္ထုတို ပေါင်းချုပ်တွေကလည်း အပြိုင်အဆိုင် ထွက် ခဲ့ကြတာပါပဲ ။ မှတ်မိသလောက် ပြောရရင် မြတ်သင်း ၊ ဖေမြင့် ၊ ဝင်းဖေ ၊ မောင်ညိုပြာ ၊ ဆောင်းဝင်းလတ် ၊ မောင်ဝဏ္ဏ ၊ သုမောင် ၊ မင်းလူ ၊ လင်း ( ဆေး - ၁ ) ၊ ပြေ ( ဆေး - ၂ ) ၊ မောရူးဆိုး ၊ ရဲဘုန်းခေါင် တို့ နဲ့ မန္တလေး က ညီပုလေး ၊ သိုက်ထွန်းသက် ၊ ရဲသျှမ်း ၊ ညိုထွန်းလူ ၊ ဂျိုဇော် ၊ စုထား ၊ မေမောင် ၊ မကို ၊ ဝင်းဝင်းမြင့် ( နန်းတော်ရှေ့ ) ၊ ယဉ်ယဉ်နု ( မန္တလေး ) နဲ့ နှင်းဆီအောင် တို့ ပါပဲ ။ စာရေးသူရဲ့ မစေ့စပ်မှု ကြောင့် ကျန်ရစ်ခဲ့တာတွေလည်း ရှိပါလိမ့်မယ် ။

နောက်ပိုင်းမှာ အဲဒီ ဆရာ ၊ ဆရာမတွေရဲ့ ဝတ္ထုတိုတွေ ပျောက်ကုန်ပါတယ် ။ မရေးကြတော့လို့ပါ ။ တစ်နည်း မရေးနိုင်ကြလို့ မရေးရဲကြလို့ပါ ။

မရေးဖြစ်ကြတာကတော့ ပေးရမယ့် ဆင်ခြေက တော်တော် အောက်တန်းကျပါတယ် ။ မြန်မာနိုင်ငံမှာ ကဗျာ နဲ့ ဝတ္ထုတို စာမူခကို ကလေး မုန့်ဖိုး ပေးသလောက်ပဲ ပေးကြတဲ့ မဂ္ဂဇင်းတွေ ကြောင့်ပါ ။ ဒါကြောင့် ဝတ္ထုတိုဆရာ အများစု ဟာ စာရေးဆရာတွေရဲ့ သင်္ချိုင်း ဖြစ်တဲ့ အယ်ဒီတာ စားပွဲကို ရောက်ကုန်ကြတယ် ။ တချို့က နေ့စဉ် သို့မဟုတ် အပတ်စဉ် စာမူခ မှန်မှန်ရတဲ့ သတင်းစာ နဲ့ ဂျာနယ် ဆောင်းပါးရှင်တွေ ဖြစ်ကုန်ကြတယ် ။ တချို့က ဂျာနယ် ထုတ်ဝေသူတွေ ဖြစ်ကုန်တယ် ။ ရသစာပေသမားတွေ ဆိုတော့ သူတို့ရဲ့ ဂျာနယ်တွေ ကလည်း ကြာကြာ မခံပါဘူး ။ ပြုတ်ကုန်ကြတာပါပဲ ။

မရေးနိုင်ကြတာကတော့ ဝမ်းစာ လည်း ကုန် ၊ ခြေ လည်း ကုန် ၊ လက် လည်း ပန်း ကုန်ကြလို့ပါ ။ စားဝတ်နေရေးကလည်း တစ်ဖက် ဆိုတော့ ကုန်သွားတဲ့ ဝမ်းစာကို ပြန်ဖြည့်ဖို့ အချိန်ကလည်း ဆင်းရဲသွားလို့ပါ ။

တချို့ကတော့ နိုင်ငံခြား စာအုပ်တွေကို ဘာသာပြန်မှီငြမ်းပြီးတော့ တက်ကျမ်းတွေ နဲ့ အလုပ်ဖြစ် သွားကြတယ် ။ ဥပမာ ဆရာဖေမြင့် ၊ အခု ဆိုရင် ပိုတောင် ဆိုးဦးမယ် ။ အချိန် အားမှာမဟုတ် တော့ဘူး ။ တိုင်းပြည် အတွက် ဝန်ကြီးတစ်ပါး ရ လိုက်ပေမဲ့ စာပေလောက အတွက် ရသ စာရေးဆရာ ကောင်း တစ်ယောက် ဆုံးရှုံး လိုက်ရတာပါပဲ ။ မရေးရဲကြတာကတော့ ဖတ်သူ ရေးသူတွေ ဝိုင်း ချီးကျူးခဲ့ကြတဲ့ အရင် ဝတ္ထုတိုတွေကို မမီတော့ မှာ စိုးပြီး မရေးကြတော့ တာ ။ ဥပမာ - မြတ်သင်း ၊ မင်းသစ် ။

ဆရာမြတ်သင်း ဆိုတဲ့ ကျွန်တော့် ငယ်သူငယ်ချင်းကြီး ကိုမျိုးညွန့် ကလည်း “ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ ဥပဒေခုံရုံး ဥက္ကဋ္ဌ ” တဲ့ ခင်ဗျ ။ Congratulations နဲ့ Sorry ကို တစ်ပြိုင်တည်း ပြောရမယ့် ပုံပါပဲ ။

အဲဒါ စာရေးဆရာ ဟောင်း မျိုးဆက် ပြတ်ခြင်းပါပဲ ။

ကဲ ကျွန်တော်တို့ ဘက်က ရော တာဝန်ကျေရဲ့လား ။

   •••••   •••••   •••••

ဒါပေမဲ့ ကြာကြာ မစောင့်လိုက်ရပါဘူး ။ ကယ်တင်ရှင် ပေါ် လာပါတယ် ။ ၁၉၈၉ တစ်ဝိုက်မှာ ရွှေအမြုတေ မဂ္ဂဇင်း ထွက် လာပါတယ် ။ ၂ဝဝဝ ပြည့်နှစ် ဝန်းကျင် မှာ အယ်ဒီတာချုပ် ဆရာ ကိုဝင်းငြိမ်း က “ ရွှေအသစ် ” ဆိုပြီး ကလောင်သစ်တွေကို တသီးတသန့် တစ်ကဏ္ဍ ၊ တစ်နေရာ ပေးပြီး စင်တင် ပေးပါတယ် ။ လာသမျှကို ဒိုင်ခံ ဖတ်ပေးရရှာသူက အစောပိုင်းမှာ ကိုဦးဆွေ နဲ့ နောက်ပိုင်းမှာ မသီတာ ( စမ်းချောင်း ) ပါ ။ နောက်ဆုံး ဆန်ခါတင် ရွေး တာက ဆရာ ဝင်းငြိမ်း ပါ ။

တစ်နိုင်ငံလုံးက ကလောင်သစ်လေးတွေဟာ အနှစ်နှစ် အလလ အောင့်အည်း မျိုသိပ်ထားရ သမျှကို အိတ်သွန်ဖာမှောက် ရေးကြပြီး ရွှေအမြုတေ ကို ပို့ကြတော့တာပါပဲ ။ ဒိုင်ခံ ဖတ်ရရှာတဲ့ မသီတာ ( စမ်းချောင်း ) ကိုတောင် သနားမိကြပါသေးတယ် ။

ကျွန်တော်လည်း ၁၉၉၀ - ၉၁ တုန်း က မင်းသစ်ဝတ္ထုတို ဆု ဆိုပြီး ခါချဉ် က တောင်ကြီး ဖြိုမယ့် အလုပ် လုပ်ခဲ့သေးတယ်ဗျ ။ သုံးလပဲ လုပ်နိုင်တယ် ခင်ဗျ ။ မောင်သစ်ဆင်း ၊ မောင်စိမ်းနီ နဲ့ မောင်ညိုပြာ တို့ကို ဆုလည်း ပေးပြီးရော ပွဲသိမ်းလိုက်ရတာပါပဲ ။ လစဉ်ထုတ် မဂ္ဂဇင်းတွေက ဝတ္ထုတိုတွေကို ကြာတော့ ကျွန်တော် တစ်ယောက်တည်း မဖတ်နိုင်တော့လို့ပါပဲ ။ ဒါကြောင့် ရှက်ရှက် နဲ့ ရပ်လိုက်ရပါတယ် ခင်ဗျ ။ ကိုယ်တိုင် မအောင်မြင်ခဲ့တဲ့ အလုပ်မို့ ဆရာကိုဝင်းငြိမ်း သာ မက ဆရာမ မသီတာ ( စမ်းချောင်း ) ကိုပါ ကျေးဇူး တင်ရတာပါ ။ အဲဒီ ကဏ္ဍကို တာဝန်ယူတဲ့ အယ်ဒီတာ နှစ်ယောက် ရဲ့အပင်ပန်းခံ အားထုတ်မှု နဲ့ စည်းစနစ် ကျနမှုကြောင့် ရဲရဲတောက် ကလောင်သစ်တွေ ပေါ် လာပါတယ် ။ သူတို့ရဲ့ လက်ရာတွေဟာ ကလောင်ဟောင်းကြီးတွေတောင် မော့ကြည့်ရတဲ့ အထိပါပဲ ။

အဲဒါဟာ အယ်ဒီတာ ကောင်းတွေရဲ့ စားပွဲကို ဖြတ်သန်းရခြင်းရဲ့ အကျိုးရလဒ်ပဲ ဆိုတာ မီဒီယာပေါင်းစုံမှာ ရေး နေတဲ့ ကလောင်သစ်တွေ သတိထားစေချင်တယ် ။

နောင်မှာ ဆရာဝင်းငြိမ်း ရဲ့ အသက် ၆ဝ ပြည့်က စပြီး ကျင်းပတဲ့ ရွှေအမြုတေ စာပေဆုပေးပွဲမှာ ရွှေအမြုတေ အကောင်းဆုံးဝတ္ထုတိုဆု အပြင် ရွှေနှလုံးသား နဲ့ ရွှေအသစ် စတဲ့ ကလောင်သစ် ဝတ္ထုတို ဆုတွေကိုပါ ထိုက်ထိုက်တန်တန် ချီးမြှင့်လာတော့ ကလောင်ဟောင်း ရော ၊ ကလောင်သစ် ပါ ကြိုးစား လာကြတယ် ။ ဆယ်စုနှစ် တစ်စု နီးပါး ရွှေအမြုတေ တိုက်ထွက် ဝတ္ထုရေး ဆရာ ၊ ဆရာမတွေ လွှမ်းမိုး နိုင်ခဲ့ကြပါတယ် ။

ဆရာကိုဝင်းငြိမ်း ဟာ ကျွန်တော့်ထက် အသက်အရွယ် ငယ်ပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ သုံးလပဲ လုပ်ပြီး ဆက် မလုပ်နိုင်တဲ့ အဲဒီ တာဝန်ကြီးကို နှစ်ပေါင်း ၂ဝ နီးပါး ထမ်းဆောင်နေတာကတော့ လေးစားကြည်ညိုလို့ မဆုံးရလောက်အောင်ပါပဲ ။

ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ် ၊ ၃ နှစ် အတွင်းမှာတော့ အဲဒီ ရဲရဲတောက် ကလောင်လေးတွေဟာ လျော့ရိလျော့ရဲ ပျော့စိ ပျော့ဖပ် ဖြစ်လာကြပါတယ် ။ ဘာကြောင့်လဲ ။

၁ ။ ကျေနပ်ရောင့်ရဲ သွားကြလို့ပါပဲ ။

၂ ။ ဆရာသမားများရဲ့ ကျေးဇူးကြောင့် ဝတ္ထုတို ရေးနည်း ၊ နိဿရည်းသစ် ကို ရသွားကြလို့ပါပဲ ။ ဒါပေမဲ့ အဲဒီ အတတ်ပညာကို အလွယ်တကူ အသုံး ချပြီး စက်နဲ့ လှည့်ထုတ် သလို ရေးနေကြလို့ပါပဲ ။

၃ ။ ကုန်သွားတဲ့ ဝမ်းစာကို ပြန် မဖြည့်ကြလို့ပါပဲ ။

၄ ။ ပထမအပုဒ် လောက် ဒုတိယအပုဒ်က မကောင်းမှာ ၊ အဆင့်မမီမှာကို ရှေးက ကလောင်ဟောင်းကြီးတွေလို မရှက်တတ်ကြလို့ ပါပဲ ။

၅ ။ စာတစ်ပုဒ် လောက် အချီးကျူး ခံလိုက်ရတာနဲ့ “ ငါဟာ တစ်သက်လုံး စာရေးဆရာ ဖြစ်ပြီ ” လို့ ထင်သွားကြလို့ပါပဲ ။

ဒါတွေ အားလုံးဟာ ကာယကံရှင် ကိုယ်တိုင် ကိုယ့်အားကိုယ်ကိုးပြီး ပြင်ကြရမှာတွေပါ ။

ကဲ ၊ ကျွန်တော်တို့ ဘက်ကရော တာဝန်ကျေရဲ့လား ။ ဆက် ကောင်းမြဲ ၊ ဆက် ကြိုးစား အားထုတ်ဆဲ ကလောင် တစ်ပတ်ရစ်လေးတွေကို တော့ ဆက်အားပေးရ မှာပါ ။ ကျွန်တော်က အများစု ချွတ်ခြုံကျကုန်တာကို ပြောတာပါ ။

   •••••   •••••   •••••

ဆရာ ကိုဝင်းငြိမ်း ခင်ဗျား ၊ လိုအပ်ရင်တော့ နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ရေးခဲ့ သလို သုံးကြောင်းရေး နှစ်ကြောင်းခြစ် လို့ တစ်ပုဒ်လောက် ထပ်ရေးပြီး သွန်သင်ပဲ့ပြင်ပေးပါဦး ဆရာ ။

◾ မင်းသစ်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ၂၀၁၆ ၊ စက်တင်ဘာ

No comments:

Post a Comment