❝ မြတ်မလား ဆားသိပ် အစိတ်လျော့ ❞
( အယ်ကော် )
လှလှခင်တို့ နေတဲ့ ရွာဟာ အဉ္စနနဒီမြစ်ညာပိုင်းက ရွာတစ်ရွာရယ်ပါ ။ ရွာ တည်နေပုံက မြစ်ကမ်းနံဘေးမှာ တောင်မြောက် သွယ်တန်း လဲလျောင်းလျက် ရှိနေတယ် ။ သူတို့ရွာ အပါအဝင် အခြား ရွာတွေကလည်း ဥယျာဉ်ခြံမြေစိုက်ကြ ၊ လယ်ယာလုပ်ကြ ၊ ကိုင်းထွန်ကြနဲ့ပေါ့ ။ လယ်ယာ ဆိုပေမဲ့ လယ်က နည်းနည်းပဲ ရှိတယ် ။ လယ် မရှိရင် ယာလုပ်ကြတယ် ။ ဆောင်းသီးနှံကိုတော့ အဉ္စနနဒီမြစ်ကောမှာ သယ်ပိုးထားတဲ့ ကျွန်းမှာ မြေပဲ အပါအဝင် သီးနှံတွေ စိုက်ပျိုး အသက်မွေးကြရဲ့ ။ လုပ်စားစရာ မြေ မရှိသူတွေမှာတော့ လှေတစ်စီးနဲ့ မြစ်အောက်ပိုင်းကို ဆင်းပြီး မိမိ ဒေသထွက် သီးနှံတွေကို ရောင်းစားကြတယ် ။ အချို့ဆိုရင် ဆလုံတွေလို လှေပေါ်မှာပဲ မိုးနွေဆောင်း ရာသီမရွေး နေထိုင်သူတွေလည်း ရှိကြတယ် ။ အချို့ကတော့ အထူးသဖြင့် တက်လူလူငယ်လေးတွေက ဝါးဖောင်စီး အလုပ်လုပ်ကြတယ် ။ အဉ္စနနဒီမြစ်နေ ပြည်သူတွေဟာ မြစ်ဖျားကို တက် ၊ သစ်ဝါးခုတ် ရောင်းဝယ် ဖောက်ကားတတ်ကြတယ် ။ ဒီထဲမှာ လှလှခင် တို့ ရွာကတော့ မျိုးရိုးစဉ်လာအရ ဝါးလုပ်ငန်းလုပ်သူတွေ ရှိတယ် ။ အထူးသဖြင့် ရခိုင်မြောက်ပိုင်း တစ်ခွင်အတွက် ဝါးဟာ အဉ္စနနဒီမြစ်ညာကပဲ ထွက်တာကလား ။ ဒီဝါးတွေကို မြို့ပေါ် တက်ပြီး ရောင်းဝယ် ဖောက်ကားတာက လှလှခင်တို့ ရွာက လူတွေသာ ဖြစ်တယ် ။ ငွေကြေး အတော်အတန် အရင်းအနှီးရှိသူတွေဟာ ဝါးအရောင်းအဝယ် လုပ်တဲ့ အလေ့အထဟာလည်း လှလှခင်တို့ ရွာဓလေ့ တစ်ခု ဆိုပါတော့ ။
ဒီမှာ လှလှခင်တို့ဟာ အစဉ်အလာအရ ဝါးလုပ်ငန်းလုပ်သူထဲမှာ ပါတယ် ။ လယ်ယာမရှိပေမဲ့ ကိုင်း ကတော့ ရှိတယ် ၊ ဥယျာဉ် ရှိတယ် ။ ဒါနဲ့ ရွာ အတိုင်းအတာအရ လူကုံထံစာရင်းဝင်ထဲမှာ ပါတယ်လို့ ဆိုရမှာပါပဲ ။ လှလှခင်တို့ မှာ မွေးချင်းငါးယောက်ရှိတယ် ၊ သမီးမိန်းမချည်းပါပဲ ။ ခန္ဓာဖွဲ့စည်းပုံအရ ထွားကျိုင်းတဲ့ မျိုးဗီဇကြောင့် အရွယ်နဲ့ မလိုက် ကြီးထွားနှုန်း မြန်တယ် ။ ဒါကြောင့် လှလှခင်တို့ အစ်မတွေဟာ စောပြီး အိမ်ထောင်ကျသွားရော ဆိုပါတော့ ။ လှလှခင် ကတော့ အငယ်ဆုံး ၊ အထွေးဆုံးမို့လို့ ရွာက တွဲဖက်အလယ်တန်း ကျောင်းမှာ ရှစ်တန်းလောက် ကို သင်ယူပြီး ပညာရေးနိဂုံးချုပ်သွားတယ် ။ ရွာက စက်ချုပ်ဆရာမ ဆီမှာ စက်ချုပ်သင်တယ် ။ လက်မှုပညာဘက်မှာ လှလှခင် တစ်ယောက် အတော့်ကိုသွက်လက်တယ် ဆိုရမယ်ထင်ပါ ရဲ့ ။ စက်ချုပ်တာ စောပြီးပြီးသွားတယ် ။ ဆရာမရဲ့ လက်ရာကို မီတယ် ။ ဆရာမလက်ရာလို လက်ရာကောင်းတယ် ။ ဆရာမ ဆီက ခွဲထွက် လာချိန်မှာ လှလှခင် ဟာ တကယ့် စက်ချုပ်ဆရာမ တစ်ယောက် အဖြစ် ရပ်တည်နိုင် တယ် ။ ဒါနဲ့ ဆရာမဆီက လျှံထွက်လာတဲ့အထည်တွေဟာ လှလှခင် ဆီပဲ ရောက်တယ် ။ ဒါကြောင့် လှလှခင် မှာ သုံးနိုင်ဖြုန်းနိုင်မှု အင်အားက ပိုပြီး ပြည့်ဝတယ် ။
မိဘမှာလည်း ကျေးလက် အတိုင်းအတာအရ ပြည့်စုံသူ ၊ သူကိုနှိုက်ကလည်း ဝင်ငွေရှိနေသူ ဆိုတော့ လှလှခင် က ရွာမှာ ပိုထင်ပေါ်တာ ကလား ။ ဘယ်သူ့မှာမှ စကတ်မဝတ်ရဲတဲ့ အချိန်မှာ လှလှခင် သူ့ဟာသူ ချုပ်ဝတ်တယ် ။ ဘယ်သူမှ ဘောင်းဘီ ဖင်ကျပ်မဝတ်ရဲသေးချိန်မှာ လှလှခင် ဝတ်တယ် ။ ဝတ်စ ကတော့ တိုးတိုးတိုးတိုး သဖန်းပိုးပေါ့ ။ ဒါပေမဲ့ နောက်တော့ လှလှခင် ကို အားကျပြီး ဝတ်လာကြတယ် ။ ကာဆီးထားတဲ့ ဝတ်စားဆင်ယင်မှု ရေကာတာဟာ ခေတ်ရေစီး အရှိန်အဟုန်ကြောင့် ဝေါခနဲ ကျိုးပေါက်သွားကရော ။
အခုတော့ လှလှခင်တို့ ရွာဟာ ကိုရီးယားမင်းသမီးတွေ ဝတ်စားဆင်ယင်မှုကို လိုက်တုနေကြပြီကော ။ ပြောကြစို့ဆိုရင် လှလှခင်တို့ ရွာမှာ လှလှခင် ဟာ စတားပဲ ဆိုပါတော့ ။
လှလှခင်တို့ ရွာဟာ သူတို့ဒေသ ဂန္ထဝင်မြို့နဲ့ သိပ် အဝေးကြီးရယ်တော့ မဟုတ်လှ ။ ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ နီးရက်နဲ့ ဝေးနေရတာသာ ။ အဉ္စနနဒီမြစ်ညာမှာ လှလှခင် တို့ ရွာဟာ အိမ်ခြေနှစ်ရာကျော် ရှိရွာမို့ ရွာကြီး တစ်ရွာလို့ ဆိုနိုင်တယ် ။ ပြီးရင် မြစ်ထဲက သောင်ပေါ်မှာ ရှိတဲ့ သောင်ကျောက်ခေါ်တဲ့ ကျောက်စရစ်တွေ ထွက်တဲ့နေရာ ။ ဒါတွေ ဒါတွေကြောင့် အကျဉ်းဦးစီးဌာနက ကျောက်ထုတ်လုပ်ဖို့အတွက် ဌာနခွဲတစ်ခု လာပြီး အခြေစိုက်တယ် ။ သူတို့နဲ့အတူ လုံခြုံရေးယူရတဲ့ ဝန်ထမ်းတွေ ပါလာတယ် ။ ဒီမှာ လှလှခင်တို့ ရွာကလေး ဟာ ပိုပြီးစည်ကားလာတယ် ။ မူလလူဦးရေထဲ ဧည့်သည်လူဦးရေတွေ ရောလိုက်တော့ ပိုပြီးတော့ လှုပ်ရှားလာတယ် ဆိုရမယ် ထင်ပါရဲ့ ။
ကျောက်ထုတ်လုပ် ရေးစခန်းလာဖွင့်တာဟာ လှလှခင် ရဲ့ဘဝကို တစ်စုံတစ်ရာ သက်ရောက်စေတာကတော့ အမှန်ရယ် ။
ပြောကြစို့ဆိုရင် လှလှခင်ရဲ့အမေ ဒေါ်စိန်မြက ပင့်ကူအိမ်တစ်အိမ်ဖွဲ့ယှက်မယ့် စိတ်ကူးပေါ်လာပုံရတယ် ။ ဒါကြောင့် လုပ်ငန်းသဘောအရ အရာရှိတွေ ပါလာတတ် စမြဲဆိုတော့ ဒေါ်စိန်မြတို့ က “ မစိန်မြတို့အိမ်မှ လှိုက်လှဲစွာကြိုဆိုပါ၏ ” လို့ ဆိုင်းဘုတ် မတင်ရုံတစ်မည် ။ အရာရှိတွေက ဝင်ထွက်သွားလာနဲ့ ။ ဒေါ်စိန်မြတို့က ဒါကိုပဲ ရင်လေးက ကော့ကော့နဲ့ ရွာထဲမှာ ပြောမဆုံးပေါင် တောသုံးထောင် ။
တစ်ဖက်မှာလည်း သူ့ယောက်ျား ဦးသာလှ ကို ဦးမြသိန်း က အနိုင်ကျင့်တာကို ခံထားရတာကြောင့် ရာထူးရာခံ ရှိသူ မိသားစုထဲမှာ တစ်ယောက်ယောက် ရှိနေဖို့ လိုအပ်တာကို သတိပြုမိပုံရတယ် ။
ဦးသာလှ ဟာ အသောက်အစား ကင်းရှင်းသူ တစ်ယောက်ရယ်သာ ။ ဒါပေမဲ့ ဝိုင်းဖွဲ့တဲ့အခါမှာတော့ မပါချင်လည်း ပါရတတ်တာမျိုးတော့ ရှိတယ် ။ ဦးမြသိန်း ကျတော့ ဇိုးသမား ၊ သောက်လို့ မူးလာရင် ဂျီကျတတ်တယ် ။ စကားအကျ ကောက်ပြီး ရန်မူတတ်တယ် ။ ဒီမှာ ခပ်အေးအေးသမား ဦးသာလှ နဲ့ ဦးမြသိန်း တွေ့ကြရော ။ ဦးသာလှက တစ်ချက် ထိုးလိုက်တယ် ။ ဒီမှာ ပွဲက ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ် ။ ဒီမှာ ဘယ်သူမှန်း မသိသူ တစ်ယောက်က ရန်ပွဲကို ဖျန်ဖြေရင်း ဦးမြသိန်း ကို ဝင် တွယ်လိုက်တယ် ။ ဒီမှာ ဦးမြသိန်း ကွဲပြဲရော ။ ဒီကိစ္စ ဒီမှာတင် ပြီးရောလားဆိုတော့ ဟင့်အင်း ၊ မပြီးဘူး ။ ရုံးရောက်ဂတ်ရောက် ဖြစ်ရော ။ ဦးမြသိန်း ခေါင်းမှာ ရတဲ့ ဒဏ်ရာကို ဆေးကုသဖို့ ကိုယ့်မြို့နယ်က ဆရာဝန်ဆီ မသွားဘူး ။ ဦးမြသိန်း မယားရဲ့ ညီမလင် ဆရာဝန်ဆီ သွားပြတယ် ။ အဲဒီက ဆေးလက်မှတ်တွေနဲ့ ရုံးတင်တယ် ။ ကြီးသောအမှု ငယ်စေ မဟုတ်ဘဲ ငယ်သောအမှု ကြီးစေ ဖြစ်သွားရော ။ တိုတိုပဲ ပြောကြပါစို့ ။ ဦးသာလှ ထောင်နန်းစံရရော ဆိုပါတော့ ။
အဲသလို လုပ်တာလည်း ဦးသာလှကို ပြန်မလာ ရအောင်ဆိုတဲ့ အငြိုးအတေးဖွဲ့ပြီးလုပ်တာ ။ ထောင်ရောက်တော့ ထောင်မှာ ဦးမြသိန်းနဲ့ ဆွေမျိုးစပ်သူရှိတယ် ။ သူ့ဆီ အကြောင်းကြားထား ။ ထောင်ထဲမှာ ပညာသားပါပါ နှိပ်စက်ပြီး ရွာကို ပြန်မလာစေရဘူးဆိုတဲ့ ကြွေးကြော်သံနဲ့ ထောင်ထဲ ရောက်အောင် လုပ်တာ ။
ဦးသာလှဟာ ထောင်ထဲ နေစဉ် ရဲဘက်စခန်းပါတယ် ။ ရဲဘက်စခန်း ပါတော့ သူ့သမက်တပ်ကြပ်ကြီးက ထောင်ဝင်စာ သွားတွေ့ ။ အဲဒီ မှာ ဦးမြသိန်းရဲ့ မူလစီမံကိန်း တွေ အငွေ့ပြန်ကုန်ရော ။ ရဲဘက်စခန်းမှာ ဦးသာလှ နိဂုံးချုပ်ရေး အကောင်အထည်မဖော် လိုက်ဘဲ ဦးသာလှထောင်သက်စေ့ပြီး ထွက်လာတယ် ။
ဒါဟာ ဦးသာလှ အဖို့ ဘဝအတွက် အကာအကွယ် အဖြစ် တစ်ခုခုတော့ လိုအပ်လာပြီလို့ ဘဝပေးအသိတစ်ခု ရလာတယ် ။ ထို့အတူ ဒေါ်စိန်မြကလည်း နားလည်လာတယ် ။ ဒါနဲ့ ဒေါ်စိန်မြ ဟာ ပင့်ကူအိမ်တစ်ခုကို ရက်ရှယ်လိုက်တယ်ဆိုပါတော့ ။
ကျောက်ထုတ်စခန်း အတွက် လုံခြုံရေးပေးသူတွေထဲမှာ အရာရှိငယ်တွေပါတယ် ။ ထိုသူတွေကို ဒေါ်စိန်မြတို့က သိမ်းသွင်းယူကာ အိမ်ပေါ်တင် မွေးမြူတယ်ဆို မမှားဘူး ။ စခန်းမှာက ယောက်ျားဘသားတွေဆိုတော့ ချက်တာပြုတ်တာတွေ က ကျကျနန မဖြစ်တတ်ဘဲကိုး ။ ကသီလင်တ ချက်ပြုတ် စားသောက်ကြတော့ အခုလို အိမ်ပေါ်မှာ ကျကျနန တင်ယူ ကျွေးမွေးရင် ဘယ်သူကောင်းသားကများ ငြင်းပယ်ကြမှာ လဲလေ ။ အဲသလိုနဲ့ အရာရှိငယ်တွေဟာ တစ်ယောက်ပြီး တစ်ယောက်လွဲလွဲသွားတယ် ။ ပြောင်းပြောင်းသွားတယ် ။
အရာရှိငယ် ကိုအောင်စိန် တစ်ယောက်လည်း တာဝန် အရ ရောက်လာရော ။ သူက ယောက်ျားဆို စုံမှ ဆိုတဲ့ “ စုံမှဝါဒ ” ကို လက်ကိုင်ထားပုံရတယ် ။ အသောက်အစားရှိတယ် ။ သို့သော်လည်း ဇိုးသမားလို့ တံဆိပ်ကပ်ရလောက်အောင်တော့ မဟုတ်ပေဘူး ။ ကစားတယ် ။ ဒါကတော့ အမှန်ပဲ ။ တိုးတိုးတိတ်တိတ် ကစားဝိုင်းတွေ ရှိရာက သူ ရောက်လာချိန်မှာ ပေါ်ပေါ် ထင်ထင်ပဲ ။ သူဟာ ကစားသမား ပီသတယ် ။ ထိုင်မိရင် မထတော့ဘူး ။ မိုးလင်းက နေတဝင် ။
ကစားသမား ထုံးစံပေါ့လေ ။ နှဲသမားပါးလို ဖောင်းလိုက်ပိန်လိုက်နဲ့ပေါ့ ။ ကိုအောင်စိန့် အိတ် လေခတ်လို့ ရေငတ်နေချိန်မှာတော့ ဒေါ်စိန်မြတို့ကလည်း ရတော့ ပြန်ဆပ်ပေါ့ဆိုတဲ့ မူနဲ့ ချေးငှားတတ်တယ် ။
အဲသလို ... အဲသလိုနဲ့ ပြန်ဆပ်တာလည်းရှိ ၊ မဆပ် တာလည်း ရှိနဲ့ ။ အကုန် လုံးထွေးကုန်ပါတော့တယ် ။ ကိုအောင်စိန်တစ်ယောက် မိခင်စခန်း ရှိရာမှ ကျောက်ထုတ် စခန်းဆီ ရောက်လာခိုက်မှာ မသိုးမသန့် အနံ့အသက်တွေ ထွက်လာစပြုတယ် ။
ဖြစ်ပုံက စခန်းရှိရာ တောင်ကုန်းခြေရင်းမှ ရှောက်ခြံထဲမှ စထွက်တယ် ။ ကိုအောင်စိန့် တပည့်တွေ ကလည်း ဒီတဲဟာ စားအိမ် သောက်အိမ်ဝင်ထွက်သွားလာမှုများတဲ့ ကွန်းခိုရာ ။ ကိုအောင်စိန် ကလည်း လှလှခင်တို့ ဆီ မရောက်ရင် ဒီတဲ ဝင်ဖြစ်တယ် ။ အိပ်တော့လည်း ရံဖန်ရံခါ အိပ်ဖြစ်တယ် ။
တစ်နေ့မှာ အပိုဝင်ငွေလေး မြိုးမြိုးမြက်မြက်ရ လိုက်တဲ့အတွက် ရှောက်ခြံထဲမှာ အပျော်ချက်စားကြတယ် ။ ထုံးစံအတိုင်း အသောက်အစားလေးလည်း ပါပေသပေါ့ ။ သောက်စားမူးယစ်ပြီး ညအိပ်ချိန်မှာ တဲရှင် ကိုအေးဖေက ကိုအောင်စိန် ဆိုတဲ့ လူဟာ ဘာလဲဆိုတာကို သိလိုက်ရတယ် ။ ကိုအေးဖေဟာ ဘာလုပ်ရမှန်း မသိအောင်ကို ဖြစ်သွားရတဲ့ အထိပဲတဲ့ ။ ဒါပေမဲ့ ဒါဟာ ကိုအေးဖေနဲ့ ကိုအောင်စိန် နှစ်ဦးသာ သိခဲ့တဲ့ ဖြစ်ရပ် ။ နောက်တစ်ကြိမ်မှာတော့ ကိုအောင်စိန် ဟာ ရုံးကိစ္စနဲ့ မြို့ ကို သွားရတယ် ။ ဒီစဉ်မှာ ကိုအေးဖေ ကို ပါအောင် ခေါ် ယူသွားတယ် ။ ကိုအေးဖေ ကို ဟိုရောက်တော့ ကျကျနန ကျွေးမွေးတယ် ။ ပြီးတော့ ရင် ညပိုင်းမှာ ရှောက်ခြံတုန်း က စခဲ့ဖူးတဲ့ အလုပ်မျိုးကို စတယ် ။ ကိုအေးဖေ တစ်ယောက် ဒီမှာတင် ကိုအောင်စိန် ဆိုတာ မူမမှန်တဲ့ ယောက်ျား တစ်ယောက်ပါလား ဆိုတာ သိလိုက်ရတယ်တဲ့ ။
ဒါကို ရွာရောက်တော့ ကိုအေးဖေ တစ်ယောက် ရင်ထဲ သိမ်းထားလို့ မဖြစ်နိုင်တော့ ။ အရင်းနှီးဆုံး ကိုကြက်တောကို ပြောဖြစ် ၊ အဲဒါက စပြီး တစ်စတစ်စ ... ။ မသိုးမသန့် ကြားလာကြရတယ် ။ နောက်တစ်ကြိမ်ကတော့ ကိုကျော်နိုင့် ဆီက ထွက်လာတဲ့ ရနံ့ ။ ကိုကျော်နိုင် တစ်ယောက် ဘာမှ မဟုတ်ဘဲနဲ့ သူခိုးလို့ အယိုးစွပ်ခံရတယ် ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုအောင်စိန့် ဆီ ရောက်ရော ။ ဒါကို ကိုကျော်နိုင့် အိမ်မှာ ပြောကြဆိုကြတယ် ။ ဒီမှာလည်း စားကြ သောက်ကြနဲ့ပေါ့ ။ ကိုအောင်စိန် တစ်ယောက်ကတော့ စားပြီးသောက်ပြီး စခန်းကို မပြန်တော့ဘဲ ကိုကျော်နိုင့် အိမ်မှာ ကိုကျော်နိုင်နဲ့ အတူ အိပ်ဖြစ်တယ် ။ ဒီမှာတင် ကိုကျော်နိုင်တစ်ယောက် ကျားသားမိုးကြိုး လန့်ဖျပ်ပြီး အိမ်ပေါ်က ဆင်းပြေးသွားတယ် ။ ဒီမှာလည်း ရနံ့ဆိုးက လှိုင်ခနဲ ထွက်ပေါ်လာခဲ့တယ် ။ အဲသလို ရနံ့ဆိုးတွေ ထွက်လာတာကို ဒေါ်စိန်မြ တစ်ယောက်က ဆတ်ဆတ်ခါ နာသံကြားရတယ် ။ ရွာက လူတွေကို ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြောတယ် ။ အိုးက မပူ စလောင်းပူတဲ့ သဘောမျိုး ။ ကိုအောင်စိန် ကတော့ ဘာမှ မဖြစ်လိုပါပဲ ။ အပြစ်မဲ့တဲ့ ယုန်သူငယ်မျက်နှာမျိုးနဲ့ ။
ကိုအောင်စိန် တစ်ယောက် တာဝန်ကျ အချိန်ပိုင်း ကုန်ဆုံးလို့ ပြန်ရတော့မယ် ။ သူ့မိခင်စခန်းဆီ ပြန်ရမှာက ဝါတွင်းချိန်ခါကြီး ။ ဝါခေါင်လအတွင်းမှာကိုအောင်စိန် မပြန်ခင် တစ်ပတ်လောက် အတွင်းမှာ လှလှခင်နဲ့ လက်ထပ်လိုက်ကြတယ် ။ ဒါမျိုး ဖြစ်လာလိမ့်မယ်ဆိုတာ မျှော်လင့်ပြီးသားမို့ ရွာက လူတွေက ဘာမှ တအံ့တသြမဖြစ်ကြဘူး ။ မင်္ဂလာဆောင်တဲ့နေ့ က လှလှခင် တစ်ယောက် ဝတ်စားထားတာဟာဖြင့် တီဗွီ မှာ ရွှေဆိုင်ကြော်ငြာသလား ထင်ရရဲ့ ။ သိုက်နန်းက ထွက်လာတဲ့ သိုက်မလေးတစ်ယောက်လို့ ဆိုရင်လည်း ရမလားပဲလေ ။
ဝတ်လို့စားလို့ ထားပေမဲ့ လှလှခင် တစ်ယောက်အဖို့တော့ အသက်မဲ့နေသလားပဲ ။ အေးတိအေးစက်နဲ့ရယ် ။ ထို့ အတူ ကိုအောင်စိန် ပုံကလည်း လှိုက်လှဲပျော်ရွှင်ပုံ မပေါ် ။ ဒါပေမဲ့ တကယ်တော့ ယူဖြစ်လိုက်တာက အမှန်ပါပဲ ။
ကိုအောင်စိန်ဟာ မိခင်စခန်းကို ပြန်သွားတဲ့ အခါမှာ တော့ လှလှခင် တစ်ယောက် နှေးကွေးထုံထိုင်းစွာဖြင့် သျှောင် နောက် ဆံထုံးပါ သွားလေရဲ့ ။ သီတင်းဝါလကျွတ် ၊ တန်ဆောင်မုန်းလ လောက်မှာ လှလှခင် တစ်ယောက် တစ်ယောက်တည်း ပြန်လာတယ် ။ သူ ပြန်လာချိန်မှာ လက်ဝတ်လက်စားအချို့ သွားတုန်းကလောက် ပါလာတာ မတွေ့ရဘူး ဆိုတာ ရွာသားတွေ သတိပြုမိနေကြတယ် ။ ဒါပေမဲ့ ပြောတော့ မပြောဖြစ်ကြဘူး ။
လှလှခင် ဟာ အိမ်မှာ တမေ့မောကြီး နေချိန်မှာ ကိုအောင်စိန် ရောက်လာတယ် ။ နယ်ပြောင်းရမယ်တဲ့ ။ အပြောင်းအရွှေ့က ကိုအောင်စိန်တို့ မွေးဇာတိဘက်ဆီကို တဲ့ ။ လှလှခင် က ကိုယ့်ရပ် ကိုယ့်ရွာနဲ့ ဝေးဝေးလံလံ ဆိုလို့ ကိုအောင်စိန်တို့ မိခင်စခန်းရှိ ရာ နယ်စပ်မြို့ကလေးဆီ ရောက်တာ ပထမအကြိမ်ပါ ပဲ ။ အခုကတော့ ရေလည်း မတူ ၊ မြေလည်း တခြားစီ သွားရမယ် ။ ပြီး အပူပိုင်းဒေသ ၊ မိုးခေါင်ရေရှားရပ်ဝန်းဆီ ။
မလိုက်လိုလှသော်လည်း မအေရဲ့ ရုပ်သေးရုပ်မလေး လှလှခင် တစ်ယောက် လင့်တစ်မျက်နှာ တစ်ရွာ ထင်ပြီး လိုက်သွားတယ် ။ အဲဒီ မိုးခေါင်ရေရှားဒေသရောက် သွားတော့ ရာသီဥတုအပူ ဒဏ် ၊ လင်ဖြစ်သူရဲ့ အပူဒဏ်တွေကို ခါးစည်းခံရပုံပဲ ။ ဒါနဲ့ အိမ်ကို ကြေးနန်းတစ်စောင် ရောက်လာတယ် ။ “ သမီး နေ မပျော်ဘူး ။ လာခေါ်လှည့်ပါ ” တဲ့လေ ။
ဒါနဲ့ ဦးသာလှ တစ်ယောက် သမီးဆီ လိုက်သွားတယ် ။ မူလနေရာမှာ မရှိတော့ဘဲ ရန်ကုန်က ဦးလေးအိမ်ကို ရောက်နေတယ် ။ အဲဒီကမှ ရွာကို ရောက်လာတာ ။
လှလှခင် တစ်ယောက် ရဲ့ ရုပ်ရည်ဟာ နဂိုရုပ်ကို ရှာမရတော့ ။ အညာအပူဒဏ် ၊ လင့် အပူဒဏ်တွေကြောင့် အိုစာမှုဒီဂရီဟာ ပိုပြီး မြင့်တက်သွားတယ် ။ နောက် တစ်ခုက ဝတ်စားဆင်ယင် သွားတဲ့ လက်ဝတ်လက်စား ခပ်များများ ပြန်ပါမလာတော့ ။ ကိုအောင်စိန် ရဲ့ ဖဲရေလျဉ်ထဲ စီးမျောပျောက်ပျက်ကုန်တယ် လို့ လှလှခင် ရဲ့ ရင်ဖွင့်သံကို ကြားရတယ် ။ နောက်တစ်ချက်က ကိုအောင်စိန် ဆိုသူဟာ “ အသွင်တူချင်း တပ်မက်သူ ” တစ်ယောက်ဖြစ်နေတာကြောင့် သားမယားကို တွယ်တာမြတ်နိုးစိတ် မရှိ ။ သားမယားပင်လျှင် သူ့အတွက် အနှောင့်အယှက် အဖြစ် ယူဆတယ် ။ ဒါကြောင့် သားမယားကို လုံးဝ ဂရုတစိုက် မရှိဘဲ ပစ်ထားတယ်လို့ ဖွင့်ဟလာတယ် ။
ဒီတော့မှ ဒေါ်စိန်မြတစ်ယောက် မြတ်မလား ဆားသိပ်ကာမှ အစိတ်သား လျော့ပါကလားလို့ တဖျစ်တောက်တောက် ပြောနေလေရဲ့ ။
▢ အယ်ကော်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဩဂုတ် ၂၀၁၄

No comments:
Post a Comment