❝ မ ... မီ ❞
( ညိုညိုတင်လှ )
မှန်ထဲမှ ရုပ်ကို သေချာ စူးစိုက်ကြည့်မိသည် ။ ပါးပေါ်မှ အရေးအကြောင်း တချို့နှင့် မျက်ကွင်းညိုများ ၊ ဖြူစပြုနေသော ဆံမျှင် ၊ စူစပြုနေသော ဗိုက်နှင့် ပြားကပ်ကပ် တင်ပါးများ ။ ကျွန်မ မျက်နှာလွှဲလိုက်မိသည် ။ တကယ်ဆို ဒီထက် ကျွန်မ နုပျိုသင့်သည်ပေါ့ ။ ဘာဖြစ်လို့များ ... ခုလောက် ... ။
ဒီနေ့ ဝတ်ဖို့ အင်္ကျီ ၊ လုံချည် မရွေးရသေး ။ ဗီရိုထဲမှ အရောင်သွေးစုံသော အဝတ်အထည်များက ကျွန်မကို မျက်စပစ်နေကြသည် ။ အဝါလေး .. အဝါရောင်လေး ဆိုရင် ကောင်းမှာနော် ။ ကျွန်မ ကိုယ်မှာ ကပ်ကြည့်လိုက်သည် ။ အဆင်မပြေ ။ အစက်အပြောက်ဝမ်းဆက်လေး ဆိုရင်ကော ... ။ ဟင့်အင်း ။
နောက်ထပ် အပြာ ၊ အနီ ၊ အစိမ်း ၊ မီးခိုး ၊ အပွင့် ၊ အခက် ၊ အတုံး ။ ခုတင်ပေါ်မှာ အဝတ်တွေ အပုံလိုက် ။ ဘယ်ဟာများ ကျွန်မအကြိုက် ဖြစ်ပါ့မလဲ ။ နာရီကို ကြည့်လိုက်မိသည် ။ အချိန် သိပ်မရှိတော့ ။ ပထမဆုံး ထုတ်လိုက်သော အဝါရောင်လေး ကိုပင် ဝတ်လိုက်ရသည် ။
ဘယ်လိုပင် ကျွန်မကိုယ် ကျွန်မ စိတ်တိုင်းမကျသော်လည်း တခြား အရာရှိများနှင့်စာလျှင် ကိုယ်က တော်သေးသည် အောက်မေ့သည် ။ ဟိုဌာနက တစ်ယောက်ဆို အသားက သွေးမရှိသလို ဖြူဆွတ် ၊ ဝလွန်း၍ လည်ပင်းက နှစ်ထပ် ၊ ရယ်လိုက်လျှင် ကိုယ်ကြီးက လှုပ်ယမ်းသွားသေးသည် ။ နောက်တစ်ယောက်ကရော ပိန်လွန်းလို့ ဝါးခြမ်းပြားကို အဝတ် ပတ်ထားသလို ဖြစ်ရသည် အထဲ ပါးစပ်ပြဲပြဲနှင့် အသံက ကျယ်လွန်းသည် ။ ဝတ်စားဆင်ယင်မှုက အဆင် မပြေ ။ အပေါ်ကျား အောက်ပွင့်နှင့် မြင်သူ မူးလောက် သည် ။ ကျွန်မ ကိုတော့ ရုံးသူရုံးသား ကြီး,ငယ်မဟူက “ မြင့် ... သိပ်တင်တာပဲနော် ” “ မမမြင့်တို့များ ဘာလေးဝတ်ဝတ် ကြည့်ကောင်းနေတာပဲ ” အဲသလို ဆိုကြသည် ။ ငါးဆယ်ကျော်စမှာ ခန္ဓာကိုယ်ရဲ့ ယိုယွင်းမှုဟာ ပိုထင်ရှား လာသလား ။ ကျွန်မဖြင့် ယောက်ျား ပို့သော အလှကုန်များဖြင့် သူတို့ အလယ်မှာ ဝင့်ထည်ရစမြဲပါပဲ ။
ဆွဲခြင်းထဲကို ထမင်းဘူးနှင့် ဓာတ်ဘူး ထည့်လိုက်သည် ။ ဒီနေ့တော့ ထမင်းက ဘယ်လိုမှ စားကောင်းမှာ မဟုတ်ဘူး ။ ကိုယ့်ဟင်းစပ်ကို ကိုယ် စိတ်တိုင်းမကျ ။ မနက် က သောက်သည့် ကော်ဖီ မှာလည်း ပုံမှန် အချိုးအဆထက် ပိုထည့်မိသည်လား မသိ ။ ချို ၊ ပျစ် ၊ ခါး ကာ လျှာထဲ၌ ချွဲတဲတဲ ။
မီးလုံး ၊ မီးချောင်း ၊ ပန်ကာများ ပိတ်ပြီး, မပြီး စစ်ဆေးသည် ။ စိတ်ပျက်စရာနော် ။ ပြတင်းပေါက်တွေ ဖွင့်ခဲ့ပြန်ပြီ ။ ကျွန်မ သားက တံခါးတွေကို မမေ့မလျော့ ဖွင့်မြဲဖြစ်ပြီး ပိတ်ဖို့ကိုတော့ သူ့ကိစ္စ မဟုတ်သလို ။ ဤကိစ္စနှင့် သားအမိ စကားများရသည့်အကြိမ်လည်း မရေနိုင်တော့ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ ဒေါသထွက်စဉ်ခဏ သားက ပိတ်မည် လျင်လျင်မြန်မြန် ကတိပေးပြီး နောက်နေ့တွေကျတော့ မေ့လျော့ထားမြဲ ။
ပြတင်းပေါက် ပိတ်ဖို့ လက်အလှမ်းမှာ သံပန်းက ဖုန်များ ကျွန်မအင်္ကျီကို ပေကျံကုန်သည် ။ တံခါးဆောင့် အပိတ်၌ မှန်တစ်ချ ပ်အက်သွားသည် ။ ကုန်ပါပြီ ။
ဒီလိုပဲ ကျွန်မ တစ်အိမ်လုံးမှာ ဘယ်နေရာကိုပဲ ထိလိုက် ထိလိုက် ဖုန်တွေနဲ့ မိတ်ဖွဲ့ ရမြဲ ။ ကျွန်မ အနေနဲ့ ဒီဖုန်တွေကို နိစ္စဓူဝ မလှည်းကျင်းနိုင် ။ ကျွန်မလို လူတစ်ယောက် ၊ အရာရှိတစ်ယောက် ၊ နုနယ်သူတစ်ယောက် အနေဖြင့် နေ့စဉ် လှည်းကျင်းဖို့ အလုပ်မဟုတ်ဘူး ထင်သည် ။ ဝယ်ခြမ်း ၊ ချက်ပြုတ် ၊ လျှော်ဖွပ်ရခြင်းမှာပင် ကျွန်မ စိတ်ပျက်ငြီးငွေ့ လှပြီ ။ အိမ်ဖော်မိန်းမများသည်လည်း ကျွန်မ အိမ်မှာ နှစ်လ ထက် ပိုမကြာတတ် ။ လူရာမဝင်သော ၊ ပညာမတတ်သော ၊ ပိုက်ဆံချို့တဲ့သော အိမ်ဖော်များသည် နေစရာ ၊ ဝတ်စရာ ၊ စားစရာ မပူရသော ကျွန်မ အိမ်၌ မပျော်ကြဘူးဟု ဆိုသည် ။ သူတို့လို အဆင့်အတန်းမျိုးနှင့် ဘယ်လို ပျော်စရာများကို မျှော်မှန်းနေကြသလဲ ။ စိတ်ပျက်ဖို့ ကောင်းလှသည် ။ တလောတုန်းက ပွဲစားတစ်ယောက်က ၁၇ နှစ်အရွယ် ကလေးမလေး တစ်ယောက် လာပြသည် ။ ရုပ်ရည်လေး သနားကမား ၊ ရိုရိုကျိုးကျိုးပုံစံပေမဲ့ ကျွန်မ ငြင်းလိုက်ရသည် ။ ကျွန်မမှာက သားလူပျို ရှိသည် ။ ပြီး ကျွန်မက အိမ်မှာ အမြဲ နေနိုင်သည် မဟုတ် ။ အလုပ် မဝင်ရသေးဘဲ အားလပ်နေသော ကျွန်မသားနှင့် နီးစပ်သွားလျှင်ဖြင့် ... ။ ဒီခေတ်က မလွယ် ၊ မလွယ်ရေးချမလွယ် ။ ဒီလိုနဲ့ ကျွန်မ ကိုယ်တိုင် ပျင်းရိလုပ်ကိုင်ရမြဲ ။
တံခါးတွေကို နောက်တစ်ခေါက် စစ်ဆေးလိုက်သည် ။ တံခါးမကြီးကို သော့နှစ်ထပ်ခတ်ပြီး သုံးလေးချက် ဆွဲကြည့် ။ ခြံတံခါးဆီ ကျွန်မ လျှောက်နေစဉ်ပင် လမ်းမှ ဖုန်မှုန့်များ တောင်လေနှင့်အတူ ကျွန်မဆီ အပြေးအလွှား ရောက်လာကြသည် ။ ကျွန်မ၏ အသံတိတ်ဆဲရေးမှုကို ဖုန်များက ဂရုမပြုကြ ။ ခြံထဲရှိ အပင်များသည်လည်း ပြုစု ယုယသူ ကင်းမဲ့ကာ ခြောက်သယောင်းနေသည် ။ ဖုန် အလိမ်းလိမ်း ကပ်နေသော ရွက်ဝါများ ၊ ပေါင်းမြက်ရှုပ်ထွေးများ ။ အိမ်ကို တစ်ချက် ပြန်ကြည့်မိသည် ။ လွန်ခဲ့သော ၁၅ နှစ်ခန့်က ဆောက်ထားသော ကျွန်မအိမ်သည် ဆေးသားများ လွင့်ကာ မှုန်ညစ်ညစ် ဖြစ်နေပြီ ။ သားနှစ်ယောက် ကလည်း ဘာမှ အားမကိုးရ ။ အချိန်ပြည့် နိုင်ငံခြားမှာ အလုပ် လုပ်ပြီး ပြန်လာချိန်လေးပင် အိမ်၌ မနေချင်ကြ ။
“ မေမေ နေကောင်းရဲ့လား ။ ဆရာဝန်နဲ့ သေချာပြဦးနော် ။ ဆေးမှန်မှန်ရော သောက်ရဲ့လား ။ ဘုရားသွားရင် သားလိုက်ပို့ပေးမယ် ”
ဒီလိုမျိုးတော့ ကျွန်မ သည်းမခံနိုင် ။ ကျွန်မများ သားတွေကရော သူတို့ အဖေကပါ ရောဂါသည်များ အောက်မေ့နေသည်လား မသိ ။ တွေ့သည်နှင့် နေကောင်းလား ၊ ဥပုသ် စောင့်ပါလား ၊ တရားထိုင်ပါလား ဆိုကာ ဆရာလု ပ်ချင်ကြသေးသည် ။ ကျွန်မ ဆူပူလွန်းသည်လို အကြောင်းပြကာ သားငယ်က မိုးလင်းမိုးချုပ် ကားတစ်စီးနှင့် အပြင် ထွက် ။ သားကြီး ကလည်း သူပိုင် တိုက်ခန်းဝယ်ကာ သီးသန့်နေသည် ။ ကျွန်မက အမေတစ်ယောက် အနေနှင့် ဆိုဆုံးမစရာရှိ ဆုံးမရမည်ပေါ့ ။ ခုတော့ ..
ခြံတံခါးကို သော့နှစ်ဆင့် ခတ်သည် ။ လေးငါးချက် ဆွဲကြည့်ရသည် ။ ရုံးသွားနေချိန်အတွင်း ဘယ်လိုမှ အိမ်ကို စိတ်မချ ။ လူတွေကို ဘယ်လိုမှ မယုံကြည် ။ လူတွေက အမြီးရ အမြီးစား ၊ ခေါင်းရ ခေါင်းစား ။ လောကကြီးထဲ မသမာသူတွေပဲ လွှမ်းမိုးတာများသည် ထင်သည် ။ တလောကပင် ချေးထားသော ပိုက်ဆံနှစ်သိန်းကို အတိုးရော အရင်းပါ မပေး၍ ကျွန်မနှင့် စကားများရသေးသည် ။ ကျပ် ၁ဝဝ ကို ၁ဝ ကျပ်တိုးနှင့် ကျေကျေနပ်နပ် ယူထားကြပြီး အခုမှ အတိုးများသည် ဘာသည် ဆိုတာတော့ လွန်လွန်းသည် ထင်သည် ။ ကတိပျက်ကြလို့လည်း သူတို့ ရှက်တတ်ကြခြင်း မရှိ ။ ကျွန်မသာ တရားတပေါင် ဖြစ်လျှင် ကိုယ်ပဲ အရှက်ရ ၊ ရှေ့နေငှားခ ကုန်နှင့် စိတ်ဆင်းရဲရမည်မို့ စကားချိုချိုနှင့် ကိုယ်ပိုက်ဆံ ကိုယ် နည်းနည်းချင်း ပြန်တောင်းနေရသည် ။
ဘတ်(စ်)ကားဂိတ်က အိမ်နှင့် မဝေး၍ တော်သေး သည် ။ ကိုယ်ပိုင်ကား ရှိသော်လည်း မစီးရသည့် ကျွန်မဘဝ ။ မကြာခဏ မူးတတ်သဖြင့် ကားမောင်း၍ မဖြစ် ။ ဒရိုင်ဘာ ငှားရလောက်အောင်ကလည်း ကျွန်မ လမ်းမများတတ် ။ ရုံးသွားရုံးပြန်နှင့် ဈေးသွားပဲ ရှိသည် ။ သားတွေကလည်း ကျွန်မနှင့် လမ်းထွက်ရမည်ကို ကျားမြီးဆွဲရမှာထက် ကြောက်ကြသည့်ပုံနှင့် ။ နောက် ဒရိုင်ဘာ တချို့က ဓာတ်ဆီ ခိုးရောင်းကြသေး ဆိုသည် ။ ပြီး ကျွန်မအိမ်မှာ နေ့လယ်ဘက် ဘယ်သူမှ မရှိတတ်ကြတာ တစ်ယောက်ယောက် သိသွားမှာ စိုးသည် ဆိုတော့ ကျွန်မ ဘတ်စ်ကားကိုသာ အားကိုးရတော့သည် ။
ကားတွေက ကျပ်လွန်းလှသည် ။ ကျွန်မ ကားခကို အသင့် ကြိုထုတ်ထားသည် ။ ကားခကို ၁၀ ကျပ်တန် ၊ ၄၅ ကျပ်တန် မပေးရအောင် ကျွန်မ အမြဲတမ်း ဂရုစိုက်သည် ။ ကားခ တောင်းဖို့ ဝီရိယ ရှိကြပြီး ပြန်အမ်းဖို့ မေ့တတ်ကြသည့် တချို့ စပယ်ယာများကြောင့် စကားပြောရပေါင်း များလှပြီ ။ ကားပေါ်မှာက ခါးပိုက်နှိုက်နှင့် လူမသမာများ ကိုလည်း သတိထားရသေးသည် ။ မွန်းမတည့်မီကပင် ချေးနံ့ ၊ ချွေးနံ့ နှင့် ကားမီးခိုးနံ့ ပေါင်းကာ အနံ့ပေါင်းစုံ ရနှင့်နေပြီ ။
ရုံးခန်းကို ဖြည်းဖြည်းချင်းပဲ တက်သည် ။ ခုတလော လူက မောချင် မူးချင်နဲ့ ။ ဆရာဝန်နှင့် ဆေးစစ်ကြည့်တော့လည်း ဘာမှမဖြစ် ဟု ဆိုသည် ။ အိပ်ရေးပျက်၍ အားနည်းသည် ဆိုကာ အားဆေးသာ ပေးသည် ။ ကျွန်မမှာ နှလုံးရောဂါ ဒါမှမဟုတ် သွေးတိုးရောဂါ တစ်ခုခု ဖြစ်နေတာ ကျွန်မ သေချာ သိသည်ပဲ ။ ဘယ်လို ဆရာဝန်တွေလည်း မသိ ။ ဒီတစ်ခေါက်တော့ တခြား ဆရာဝန် ပြောင်းပြမှ ဖြစ်တော့မည် ။
ရုံးခန်းတံခါးကို ခုချိန်ထိ မဖွင့်ရသေး ။ ကျွန်မ ဘယ်လောက်ပင် ဆူဆူ ပြောပြော ကျွန်မထက် စောပြီး လာကြဖို့ ဘယ်သူမှ အားမထုတ်ကြ ။ ကျွန်မ မလာခင် အဆင်သင့် ဖုန်လှည်း ၊ တံခါးဖွင့်ထားသည် မရှိ ။ နောက်ကျ၍ မင်နီတားမည်ဟု သတိပေးလျှင် မျက်နှာတွေက မသာမယာ ။ ဒါကြောင့် သင်းတို့ မကြီးပွားကြခြင်းဖြစ်မည် ။ အလုပ်ချိန်ကို လေးစားရကောင်းမှန်း မသိ ။ ကလေး နေမကောင်း ၊ အဖေ နေမကောင်း ၊ ယောက်ျား နေမကောင်း အကြောင်းပြချက် မျိုးစုံနှင့် ခွင့်ယူချင်ကြသေးသည် ။ ဒီနေ့တော့ လူစုံချိန်မှာ နည်းနည်းတော့ ဆူပစ်လိုက်ဦးမှ ဖြစ်မည် ။
ဟော ... လူမရောက်သေး ။ ဖုန်းက ရောက်နှင့်ပြီ ။
“ ဟုတ်ကဲ့ ”
အင်း ... ။ နေ့လယ် ၂ နာရီမှာ အစည်းအဝေးတဲ့ ။ ဒီညနေ ကိုတော့ ပျင်းပျင်းရိရိနှင့် ကုန်ဆုံးပစ်ရပေဦးတော့မည် ။ တစ်ခါတစ်လေတော့လည်း ဆုံးဖြတ်ချက် မပေးနိုင်သည့် တစ်ယောက်တပေါက် ပြောသံများ ကြားမှာ ကျွန်မ အိပ်ငိုက်မိမြဲ ။ အနားက တစ်ယောက် လက်တို့ သတိပေး လျှင် သဘာပတိ မျက်နှာမှာ ကျွန်မ မျက်လုံးထဲ သုံးလေးခု ဖြစ်နေတတ်သေးသည် ။ လူ့ဘဝကြီးသည် ငြီးငွေ့ဖွယ်ရာ များနှင့် ပြည့်နေသည်လား မသိ ။ ကျွန်မ ဌာနက လူတွေ တခြားလူတွေထက် ပိုပြီး စကားပြောနိုင်သည်လား မသိ ။ ရောက်ကတည်းက ဒိုင်ယာနာ နှင့် ချားလ်စ်မင်းသား ၊ မိုက်ကယ်ဂျက်ဆင် နှင့် ပရက်စလေ မင်းသမီး ၊ ခိုင်ခင်ဦးနှင့် သူ့ယောက်ျား ၊ ဒွေး ပါသည့် ဗွီဒီယို ၊ စိုးသူ နှင့် စိုးမြတ်သူဇာ ၊ ဈေးထဲက ပါတိတ်ဆင်တွေ စုံတကာစေ့အောင် တပျော်တပါး ပြောကြသည် ။ ထိုအခါတွင် သူတို့ကို ဆူမည်ဟု မဲတင်းထားသော ကျွန်မ စိတ်တွေ လျော့ပါးသွားလျက် ဇီးထုပ်စားပြီး ကြော်ငြာသည့် မေသန်းနု ၊ ပုံစံအမျိုးမျိုးနှင့် ရန်အောင်၏ ဆေးလိပ်ကြော်ငြာ စသည် စသည် ဝင်ရောက် ပြောဖြစ်သည် ။
အစည်းအဝေးသည် ထုံးစံအတိုင်း ညနေ ၅ နာရီ မှသာ ပြီးလေသည် ။ ဧည့်ခံကျွေးမွေးသော ကော်ပြန့်လိပ်သည် အေးစက်တင်းမာ၍ လက်ဖက်ရည်ကလည်း ဖန်တွတ်တွတ် ။ ဒီကြားထဲ .. ဌာနမှ ဦးကက်နက် က လေချို သွေးသေးသည် ။
“ မမမြင့်တို့များ အလှတွေကို ထိန်းသိမ်းထားတုန်းပဲနော် ”
ဘယ်လိုမှန်းမသိ ။ အကြည့်တစ်မျိုးနှင့် ခပ်တိုးတိုး ကပ်ပြောသဖြင့် ရှက်ပြီး လက်ဖက်ရည် သီးမလို ဖြစ်သွား ရသေးသည် ။ ဒီနေ့တော့ အဝါရောင်လေး ရွေးချယ်ဝတ်ရ ကျိုးနပ်ပြီ ထင်သည် ။
အိမ်မှာ ကျွန်မကို အမြဲတမ်း ဆီးကြိုသည်က သော့ခလောက်တွေသာ ဖြစ်သည် ။ တစ်ခါတလေ အိမ်မှာ မနေဘဲ တစ်နေရာရာကို ထွက်သွားချင်စိတ် ဖြစ်မိတတ်သည် ။ လွတ်ရာကျွတ်ရာပေါ့ ။ ခက်သည်က ဘယ်ကို သွားချင်မှန်း မသိ ။ ဘယ်နေရာ လွတ်ကျွတ်မှန်း မသိ ။
ရေချိုးခန်းထဲမှာ မီးက ဖွင့်ရက် ။ ဂရုတစိုက် စစ်ဆေးခဲ့ရက်နဲ့ ။ မီတာခက ဈေးကြီးရသည့် အထဲ ။ မီးတစ်လုံးက ကျန်ဖြစ်အောင် ကျန်နေသေးသည် ။ လူလည်း မီတာခ ၊ ဘာခ ၊ ညာခ ပေးရင်းနဲ့ လုံးပါးပါးတော့မည်လား မသိ ။ စိတ်ညစ်စရာ ။
၁ဝ နာရီ ကျော်ပြီ ။ သားရော ကားပါ ပြန်မလာသေး ။ ဒီညတော့ အိမ်ကို ပြန်မအိပ်တော့ဘူး ထင်သည် ။ ဘယ်နေရာကမှန်း မသိ ။ တကျွတ်ကျွတ်နှင့် အိမ်မြှောင်စုတ်ထိုးသံ ကို ကျွန်မ မုန်းတီးလှသည် ။ အပြင်ဘက်မှ လေသည် ခုလောက် ပြင်းပြင်းတိုက်ဖို့ မကောင်း ။ အိမ်ထဲမှာပင် တဝေါဝေါအသံများကို ကျွန်မ ကြားရသည် ။ ခုအချိန် တစ်ယောက်ယောက် နှင့် ကျွန်မ စကားစမြည် ပြောချင်သည် ။ ဖုန်းနဲ့ပဲ ဖြစ်ဖြစ်ပေါ့ ။ ဘယ်မိတ်ဆွေကမှ ကျွန်မ ဆီ ဖုန်းဆက်ဖို့ သတိ မရကြ ။ အလကားဟာတွေ ။ ကျွန်မ တစ်ယောက်ယောက်နှင့်တော့ စကားပြောရမှ ဖြစ်မည် ။ ဟုတ်ပြီ ။ ကျွန်မယောက်ျား နိုင်ငံခြား မသွားခင်က ကျွန်မကို ဆေးကုပေးဖူးသော ဒေါက်တာညိုထွန်းလူ ရှိသည် ။
သူက ကျွန်မကို အနုံအ,အ မှတ်၍လား မသိ ။ ကျွန်မ သောက်ဖို့ ဆိုကာ စိတ်ငြိမ်ဆေးများ ပေးဖူးသည် ။ ဘယ်ရပါ့မလဲ ။ ဒါ ရူးတဲ့သူတွေမှ သောက်ရတာ ။ ယောက်ျား မသိအောင် လွှင့်ပစ်လိုက်သည်ပေါ့ ။ ဒါပေမဲ့ ဆရာဝန်က ကျွန်မ ပြောသမျှကို စိတ်ရှည်လက်ရှည် နားထောင်တတ်သည် ။ ကျွန်မ ယောက်ျားလို “ တော်ပါတော့ ” ဆိုပြီး အော်မပစ်တတ် ။ အကူအညီ လိုရင် သူနဲ့ ဆက်သွယ်ဖို့ ဖုန်း နံပါတ် ပေးထားသည်ပဲ ။ ဘာကိစ္စမှ မရှိဘဲ အာလာပ သလ္လာပ ပြောရုံနဲ့ ဖုန်းဆက်လို့ ကောင်းပါ့မလား ။ နေကောင်းကြလား မေးရအောင်ကလည်း သူက ဆရာဝန် ။
ဟင် ... မီးပြတ်သွားပြီ ။ အမှောင်ထဲမှာ ရပ်ရင်း ကျွန်မ ယောက်ျားကို ကျိန်ဆဲပစ်လိုက်သည် ။ အခွ န်းတစ်ထောင် လောက်ပြောမှ တစ်ခွန်းလောက် ပြန်အော်တတ်သည့် ကျွန်မယောက်ျားသည် ဘယ်လိုမှ ကျွန်မ နှင့် သဟဇာတ မဖြစ် ။ မထုံတက်သေးနှင့် ။ အိမ်ထောင်ကျခါစက ဖုန်းမှန်မှန် ဆက်တတ်သော ၊ စာမှန်မှန် ရေးတတ်သော ၊ တစ်နှစ် တစ်ခေါက်လောက် မှန်မှန် ပြန်လာရသည်ကိုပင် ချစ်လို့ လွမ်းလို့ မဆုံးနိုင်သော ယောက်ျားသည် အခုတော့ လေး , ငါးနှစ်မှ တစ်ခေါက်သာ ပြန်လာတတ်သည် ။ အလုပ် သိပ်များတယ်ဟု ဆင်ခြေပေးကာ စာမရေးတော့ဘဲ သုံးလ တစ်ခါလောက်သာ ဖုန်းဆက်တော့သည် ။
မလိုသူတွေက “ မြင့်ယောက်ျားကို လွှတ်မထားနဲ့ နော် ။ ဟိုမှာ မိန်းမတစ်ယောက် ထပ်ယူထားတယ် ကြားတယ် ” ဆိုလျှင် သူနှင့် ကျွန်မ ရန်ဖြစ်မဆုံးနိုင် ။ သူက “ အဓိပ္ပာယ် မရှိ ” လို့ တစ်ခွန်းတည်း ပြောကာ ကျွန် မပြောသမျှ မကြားမလို နေတတ်သေးသည် ။ ဟုတ်မှာပါ ။ ကျွန်မ ကိုပဲ ကြင်ကြင်နာနာ မရှိတာ ဆယ်စုနှစ် တစ်ခုပင်မက လောက်ပြီ ။ ဖုန်းထဲမှ နေကောင်းရဲ့လား ၊ ဘာလိုချင်သေး လဲ ၊ ခွင့်မရသေးဘူး ဆိုတာလောက်သာ အပ်ကြောင်းထပ်အောင် ပြောတတ်သည် ။ ကျွန်မတစ်ယောက်တည်း ဘယ်လောက် ချောက်ချားရကြောင်း မပြောပြနိုင်မီ ငိုယို ရန်တွေ့မိသည်က များပြီး အားရပါးရ မပြောရမီပင် ဖုန်းလိုင်းက ပြတ်တောက်သွားမြဲ ဖြစ်သည် ။ ကျွန်မ အမှောင်ထဲမှာ ခဏခဏ ပျောက်ဆုံးရကြောင်း ၊ ကျွန်မယောက်ျား ကို ပြောချင်စိတ်ဖြင့် ကျွန်မ အာခေါင်များ ရှတတ ဖြစ်လာသည် ။
ဘုရားစင် ရှေ့၌ လက်အုပ်ချီပြီး ဘုရားစာ ရွတ်နေသည့်အသံသည် ကျွန်မ အသံမှဟုတ်ရဲ့လားဟု သံသယ ဝင်သည် ။ အာရုံတွေကို ဘယ်လိုမှ စုစည်းလို့ မရ ။ ကျက် မှတ်ထားသော ဂါထာများသည်လည်း ကပေါက်တိ ကပေါက်ချာ ဖြစ်ကုန်သည် ။ ဘယ်ဆီကမှန်း မသိ ။ ဆွဲဆွဲငင်ငင် နှင့် မဆုံးနိုင်အောင် အူနေသော ခွေးကို တစ်ခုခု ထလုပ်ပစ်လိုက်ချင်သည် ။
နာရီသံတွေ .. နာရီသံတွေ ။
ဒီနာရီတွေ အားလုံး ပေါက်ခွဲပစ်လိုက်မှ အေးမည် ထင်သည် ။ တစ်ပြိုင်နက်တည်း သံစုံမြည်ဟည်းကာ လူကို အထိတ်တလန့် ဖြစ်စေလွန်းသည် ။ ကျွန်မ ဘာဖြစ်လို့များ တိုင်ကပ်နာရီ ၈ လုံးလောက် အိမ်မှာ ထားမိပါလိမ့် ။ အိပ်ခန်း ၊ ဧည့်ခန်း ၊ ထမင်းစားခန်း ၊ အဝင်ဝနေရာများ၌ တေးသံ ပေးနိုင်သော နာရီများကို ချိတ်ဆွဲထားမိသည် ။ တစ်နာရီ တစ်ခါ မြည်ဟီးတတ်သော နာရီများကို ဘယ်သူကများ တီထွင်ခဲ့ပါလိမ့် ။ ဘက်ထရီ အားနည်းနေပြီဖြစ်သည့် တချို့ နာရီများကလည်း ကြောင်တစ်ကောင်လို အသံပေးကာ ကျွန်မကို နှိပ်စက်နေပြန်သည် ။
“ မြင့်ယောက်ျား က ( ) ကုမ္ပဏီက မန်နေဂျာလား ။ သူ့ သားတွေလည်း နိုင်ငံခြားမှာပေါ့ ”
“ မြင့် ဝတ်ထားတာ သားတွေ ပို့လိုက်တာလား ။ လှတယ်နော် ။ မြင့်တို့များ သိပ်ကံကောင်းတာပဲ ”
နာရီသံများသည် ကျွန်မ စိတ်ချမ်းသာအောင် ခဏခဏ ပြောတတ်သော ယောက်ျားပို့သည့် ကုန်ပစ္စည်းများကို ပြန်ဝယ်တတ်သော ဒေါ်ကေတီ၏ အသံလို မချိုဘဲ ကျယ်လောင်လောင်နှင့် ။
ကျွန်မ ဘယ်လောက်များ ကံကောင်းနေပါလိမ့် ။
“ မြင့် မကြိုက်တဲ့နေ့ ကွာနိုင်တယ်နော် ” ဟု ရက်စက် ပြတ်တောက်စွာပြောသော ယောက်ျားဖြစ်သူ၏ စကားများကို သူတို့ ကြားလျှင် ကျွန်မကို ဘယ်လောက်များ ကဲ့ရဲ့ လိုက်လေမလဲ ။ မဖြစ်နိုင် ။ ကျွန်မ ယောက်ျားကို ဘယ်တော့မှ မကွာနိုင် ။
“ မမမြင့်ရဲ့ ယောက်ျားက ( ) ကုမ္ပဏီ မှာလေ ။ စင်္ကာပူ နဲ့ ဟောင်ကောင် ကိုတော့ ရှော့ပင်း နှစ်ခါ ထွက်ပြီးပြီ ။ သိပ်လည်း မပျော်လှပါဘူး ။ သားတွေကလည်း ခဏခဏ လိုက်လည်ဖို့ ခေါ်တယ် ။ မမ ကလည်း ခရီးထွက်ရမှာ သိပ်ပျင်းတာ ။ ပြီးတော့ ရုံးမှာက မမ မရှိရင် မဖြစ်ဘူးလေ ။ အလုပ်တွေက ပုံနေတာ ”
ဒီလို ပြောတိုင်း အထင်ကြီးတဲ့ စိတ်နဲ့ လင်းလက်လာတဲ့ လူတွေရဲ့ မျက်လုံးတွေ ကြားမှာ ကျွန်မ သာယာသည် ။ ဒေါ်ခင်ဝင်းဝင်းမြင့် ဘဝဟာ သိပ်ကို ကျေနပ်စရာကောင်းတယ်လို့ လူတွေ မြင်ပစေ ။ အိမ်မြှောင်စုတ်ထိုးသံကို ကြောက်တဲ့အကြောင်း လူတွေ မသိပါစေနဲ့ ။ အမှောင်နဲ့ အရိပ်တွေကို လန့်တဲ့အကြောင်း လူတွေ မရိပ်မိစေနဲ့ ။ ယောက်ျားနဲ့ ကလေးတွေက ဂရုမစိုက်တဲ့အကြောင်း လူတွေ မမြင်စေနဲ့ ။ ခေါင်းက တဆစ်ဆစ်နဲ့ ကိုက်ပြန်ပါပြီ ။ မိုးမြန်မြန်လင်းပါ ။ ရောင်နီမြန်မြန်လာပါ ။ ဆုတောင်းကာမှ အမှောင်သည် ကျွန်မကို ဖုံးအုပ်တော့မလို ထုနှင့်ထည်နှင့် ကပ်လာသည် ။
▢ ညိုညိုတင်လှ
📖 မဟေသီ မဂ္ဂဇင်း
၁၉၉၅ ၊ အောက်တိုဘာ

No comments:
Post a Comment