❝ ကျွဲလူးအိုင် ❞
( ပိုင်ဒွေး - သင်္ချာ )
၁ ။
ဆောင်းဝင်တော့မည်လား မသိ ။ မျှဉ်းမျှဉ်းမျှ လေနုအေးသည် အခန်းထဲသို့ ဝေ့လာ၏ ။ လှုပ်ရုံသာ ရှိသော ပိတ်စိမ်းပါး ခန်းဆီးစကို တစ်ဖက်သို့ ဆွဲသိမ်းလိုက်၏ ။ ကောင်းကင်တွင် တိမ်တို့ ကင်းလျက် ။ ကြယ်စင်များ အကြား လ , က တည်ငြိမ်စွာနှင့် ။ သစ်ရွက်ခတ်သံပင် မကြားရသော ညသည် အလင်းရောင် အောက်၌ တိတ်ဆိတ်နေ၏ ။ သန်းခေါင်ယံ ထိတိုင် မလေးသည့် မျက်ခွံကြောင့် မှန်ပြတင်းကို လှစ်ဟထားဆဲ ။ နာကျင်အတွေးများဖြင့် အပြင် သရုပ်ဆီ ငေးမိလေတိုင်း ဒဏ်ရာ မရှိသော ဝန်းကျင်က လက်ယပ် ခေါ်နေသလို ။ သို့သော် တွေ့ဖူးနေကျ မြင်ကွင်းကို ကျော်လွန်၍ မရောက်နိုင်ခဲ့ ။ ခြေလှမ်းနှင့် စိတ်ကူးသည်လည်း တုံ့ဆိုင်းနေမြဲ ။
“ ဒေါက် ဒေါက် ... ဒေါက် ”
ဤအသံကို မှတ်မိသည် ။ အမေက လွဲ၍ မည်သူမျှ မဖြစ်နိုင် ။ ညင်သာခြင်း၏ နောက်မှ “ သား ... အိပ်တော့လေ ၊ ညဉ့်နက်နေပြီ ” ဟူသော ဂရုတစိုက်ဖြင့် ပြောလာမည့် ကြင်နာခြင်းမျိုးကို မျှော်လင့်ချင်၏ ။ မပြည့်လာမှန်း နားလည်လျက် အမှောင်၌ မသိသာသော မျက်ရည်အား ဖယ်ပစ်လိုက်သည် ။ စိုနေမည့် လက် ကိုတော့ အမေ သိနိုင်လိမ့်မည် မထင်ပါ ။
“ သား အမေ့ကို ကျွဲရိုင်း သုံးဘူးလောက် ခဏပေးဦး ၊ ရော့ ဒီမှာ မနက်ဖြန်သုံးဖို့ ”
မုန့်ဖိုး ဟု အမေ မဆို ။ ထိုစကားလုံး၏ ကြည်နူးခြင်းကို အမေ မရခဲ့လေသလားကျွန်တော် မရဲတရဲ မေးချင်လှသည် ။
ကျွန်တော် လိုချင်သည့် နွေးထွေးမှုက စက္ကူပေါ် ကိန်းဂဏန်းတစ်ခု ရိုက်နှိပ် ဖော်ပြပြီး တန်ဖိုးအလိုက် သင့်တင့်ရာ ပြန်ရမည့် တုံ့ပြန် ခြင်းတွေမှ မဟုတ်သည်ပဲ ။ အထက်တန်းကျောင်းသား ဘဝ အလယ်မှာပင် လျော့ပါး သွားသည့် အနက်အဓိပ္ပာယ် အတွက် ကျွန်တော် ဝမ်းမနည်းချင်သော်လည်း မျက်ဝန်း ပင်လယ်သည် ရှိုက်သံလှိုင်း သဲ့သဲ့နှင့် အတူ လှုပ်ခါလာတော့၏ ။ ဆုပ်ကိုင်ထားဆဲ ငါးထောင်တန် တစ်ရွက်က မုန့်စားဆင်းချိန်၌ အသုံးတည့်ရန် ခက်ခဲနေမည်မှာ အမှန် ။ ပွင့်လျက်သား ရေခဲသေတ္တာကို ကြည့်မိ၏ ။ လှပသော အအေးဘူးလေးများက ရင်ကို မအေးမြ ။
••••• ••••• •••••
၂ ။
စိတ်သည် မလန်းဆန်း ။
ခြေဖမိုး ၊ လက်ဖဝါးတို့ ကလည်း ပူနွေးနေ၏ ။ ရေမချိုးဖြစ်ဘဲ အဖြူအစိမ်း ဝတ်ကာ ထွက်လာခဲ့သည် ။ သည် အချိန်ဆို အမေ မနိုးသေး ။ အောက်ထပ်တွင် အဆင်သင့် စောင့်နေသော အိမ်ဖော် ဒေါ်သောင်းက ထမင်းချိုင့် ကမ်းပေး၏ ။ တမင် ရှောင်ယူ လိုက်သော်လည်း လက်ချင်း ထိသွား၏ ။ ဒေါ်သောင်း မျက်နှာမှာ အထိတ်တလန့် ။
“ ငါ့တူလေး နေရော ကောင်းရဲ့လား ”
ကျွန်တော် ခေါင်းညိတ်ခြင်းကို ဒေါ်သောင်း မယုံကြည်ချင် ။ ဟန်ဆောင်ထားသော အရိပ်သည် ဒေါ်သောင်း ရှေ့၌ မကွာကျခင် အိမ်ဘေးသို့ လှမ်းလာခဲ့သည် ။
“ သွားတော့မလား မောင်နိုင် ”
“ ဟုတ်ကဲ့ ”
တကယ်တမ်း တွက်လျှင် မြို့စွန်တွင် ရှိသော အိမ်သည် ကျောင်းနှင့် မဝေးလှ ။ လမ်းလျှောက် သွားပါက နာရီ ဝက်အတွင်း ရောက်နိုင်သည် ။ ထိုခရီးကို ကားဖြင့် မသွားချင် ။ အမေသည် မည်သည့် ရည်ရွယ်ချက်နှင့် ဒရိုင်ဘာ ခန့်ထားမှန်း ကျွန်တော် စဉ်းစားမရ ။ မိခင်တစ်ယောက်၏ စေတနာမေတ္တာ ကို မပြစ်မှား လိုသော်လည်း
ကားပေါ်မှ ဆင်းလိုက်သည့် အခါတိုင်းတွင် စူးစူးရဲရဲ ကြည့်ကြမည့် အထင်ကြီး လေးစားအားကျခြင်း မပါသော မျက်လုံးပေါင်းစုံတို့ကို ခံပြင်းမိ၏ ။ ရင်မဆိုင်လိုပါလျက် ကြုံတွေ့နေရခြင်းက မဖြေသာသည့် ရင်တွင်း ဒိုင်ယာရီဟု အမည်ပေးချင်သည်လေ ။ လူတစ်ယောက်၏ အဆင့်အတန်းအား မည်သည့် စံနှုန်းများဖြင့် တိုင်းတာကြသည်ကို သိထားသူများ အဖို့တော့ “ မောင်နိုင် ” ဆိုသော ကျွန်တော့် အပေါ် ငဲ့ကွက်ဖြေလျှော့ တွက်ချက်ပေးလိမ့်မည် မဟုတ်ပါ ။ ပကတိ ဖြစ်စဉ် အတိုင်း ဝေဖန်သုံးသပ်ခြင်းကို ငြင်းချက်ထုတ်ရန်လည်း ကိုယ့်မှာ လုံလောက်သည့် အကြောင်းအမှန် မရှိသည်ပဲ ။
“ဦးမောင် ဆေးဆိုင်တွေ့ ရင် ခဏ ရပ်ပေးနော် ”
“ အေး ... အေး ”
တစ်မိနစ်ပင် မပြည့်လိုက် ။ ဦးမောင် သည် ကားကို အသာအယာ ရပ်၏ ။ ဖွင့်ခါစ အိမ်ဆိုင်လေး ထဲမှ ကျောင်းသူတစ်ဦး နှင့် လူကြီးတစ်ယောက် ထွက်လာသည် ။
“ အမေ သမီး ကျောင်းသွားတော့မယ်နော် ”
“ အေး .. အေး သမီး ၊ နေ့လယ်မှ အမေ မုန့်လာပို့ ပေးမယ် ။ အဖေကြီးလည်း ဆိုင်ကယ် ဖြည်းဖြည်းမောင်းဦး ”
“ အေးပါကွာ ၊ ငါ့သမီး ပါနေတာ ထိခိုက်ခံပါ့မလား ”
စကားသံများတွင် ကျွန်တော် လိုက်ပါ စီးမျောသွား၏ ။ နွမ်းလျကြေကွဲ နေမိသလို ချစ်ခြင်းဖြင့် ဖွဲ့တည်သော အိမ်ကလေးသည် အကျဉ်းအကျယ်နှင့် ပစ္စည်းဥစ္စာ ပြည့်စုံခြင်းတို့၏ ပြဿနာကို အခြေခံ၍ ရင်းနှီးထားခြင်း မဟုတ်ကြောင်း ကျွန်တော် လက်ခံမိ၏ ။
တရွေ့ရွေ့သွားနေသော ဆိုင်ကယ်လေးနောက် ခဏတာ လိုက်ပါမိစဉ် အသည်းနှလုံးတစ်ခု ဆွဲနုတ် ယူသည့်နှယ် လူကလည်း ယိုင်လဲလု မတတ် ။
“ ကောင်လေး ဘာဝယ်မလို့လဲ ”
“ ကျွန်တော် နေမကောင်းချင်လို့ ဆေးလေးတစ်ခွက် ၊ နှစ်ခွက်လောက် စပ်ပေးပါလား အန်တီ ၊ ပြီးတော့ ဘာမီတွန်လည်း တစ်ပြား ၊ နှစ်ပြား လောက် ”
••••• ••••• •••••
၃ ။
ဆေးအရှိန်ကြောင့် အိပ်မောကျခွင့်ရသည့် ညက အိပ်မက်ပင် မမက် ။ နှလုံးခုန် လျက် ခေတ္တသေဆုံးခြင်း၌ မွန်းကျပ်မှု ရင်ခွင်သည် အတိတ်တစ္ဆေအား မေ့ပစ်နိုင်ခဲ့၏ ။ အနာဂတ်တွင် ခြောက်လှန့်လာမည့် နိမိတ်လည်း ပေါ်မလာခဲ့ ။ ငွေကျပ် လေး ငါးရာဖြင့် ဤသို့ ငြိမ်းချမ်းခြင်းမျိုးကို လိုချင်သော်လည်း ထာဝရတော့ မရနိုင် ။ ဘာကိုမှ သတိမရသော ရှစ်နာရီသာသာ အချိန်ထက် ပို၍ နေချင်ခဲ့၏ ။ သို့သော် အကျင့် တစ်ခုက ရောင်နီလာချိန်ကို သိနှင့်သည် ။ အိပ်ရာမဝင်ခင် ဆေးတစ်ခွက် သောက်ရင်း ကျစ်ဆံမြီးနှစ်ခွပေါ် ဖဲကြိုးဝါလေး စည်းထားသော ကျောင်းသူအကြောင်း တွေးဖြစ်ခဲ့သေးသည် ။ ယခုလည်း အမှတ်မထင် အာရုံထဲ ပြန်ဝင်လာ၏ ။ ကြည်နူးစိတ်နှင့် နိုးထ,ရင်း တံခါးဖွင့်လိုက်စဉ် လွင့်ကျလာသော ငါးထောင် တန် တစ်ရွက်ကို တွေ့လိုက်ရ သည့်အခါ ကျွန်တော့် နံနက်ခင်းသည် နဂိုအတိုင်း ပြန် လည်ပတ်ခဲ့ပြီဟု ဆို့နင့်နှင့် ခံစားရ၏ ။ မချည်နှောင် ထားပါလျက် ရုန်းထွက်ရန် ခက်ခဲသော ဘဝ၌ မျိုသိပ်ခြင်းမှ တစ်ပါး အခြား ဆန္ဒများကို ရွေးချယ်ဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ပါ ။ ကျွန်တော့် အတွက် သီးခြား ပြဋ္ဌာန်းပေးလိုက်သည့် ကန့်သတ်ချက်များကို မလိုက်နာ၍ မရ ။ ကိုယ်ကိုယ်တိုင် ချမထားသော စည်းဝိုင်းများကလည်း ချိုးဖျက်ရန် အသက်ရှိသမျှ မကြိုးစားချင်မိသဖြင့် အဝေး သို့ ငေးရုံမှ အပ မတတ်နိုင် ။
“ ဒေါက် ... ဒေါက် ”
အသံပေးရင်း ဒေါ်သောင်း ရပ်နေ၏ ။
“ ..... ”
“ ငါ့တူလေး မောင်နိုင် နေကောင်းလား ၊ ဒေါ်သောင်း ဘာလုပ်ပေးရမလဲ ”
“ ထမင်းချိုင့်ပဲ ပြင်ထားပေး ဒေါ်သောင်း ၊ ဦးမောင် ကိုတော့ စောစော သွားမယ်လို့ ”
“ ဪ ... အေး ... အေး အောက်မဆင်းလာနဲ့ဦးနော် ”
“ ဟုတ်ကဲ့ ကျွန်တော် သိပါတယ် ”
သည်အချိန်က ဝေလီဝေလင်း ။ အဆီပြန်သော မျက်နှာများနှင့် နှုတ်ဆက်သံ ၊ သံယောဇဉ် မပါဘဲ လမ်းခွဲကြသူတို့မှ လွမ်းဆွတ်သံ ၊ မိတ်ကပ် မပြယ်သူတို့၏ ခိုးခိုးခစ်ခစ် ရယ်သံတို့သည် အောက်ထပ်တွင် မကြားချင်မှ အဆုံးပင် ။ ဆေးလိပ် ၊ ရေမွှေးတို့ ကြားမှ ချဉ်စုတ်အောက်သက်သည့် အနံ့များ မွှန်ထူ နေလိမ့်မည် ။ အလျှိုအလျှိုဖြင့် ခေါင်းငုံ့ကာ ပြန်ကြမည့် ကျောပြင်ကို ကျွန်တော် မကြည့်ချင် ။ ကား ၊ ဆိုင်ကယ်များ အလျင်စလို မောင်းနှင်သူတွေက အလိုဆန္ဒ ပြည့်သွားကြပါလျက် ဘယ့်အတွက် ကြောင့်ကြနေကြမှန်း နားမလည်ပါ ။
အရင်ကဆိုလျှင် ကျွန်တော်သည် နေ့နေ့ညည အိမ်အောက်ထပ်တွင် အနေများခဲ့၏ ။ ကိုယ့်အဒေါ် ၊ အစ်မ ၊ အစ်ကို ၊ ဦးလေးအရွယ် လူကြီးများနှင့် ပျော်မွေ့ရင်း သူတို့ ခိုင်းသမျှ လုပ်ပေးလျှင်
ရတတ်သည့် မုန့်ဖိုးလေးကို စုဆောင်း၍ လိုချင်သည်များ ဝယ်ဖြစ်ခဲ့သည် ။ နောက်ပိုင်း ၌ ရှက်တတ်လာပြီး မကောင်းသည့် အလုပ်ဟု မြင်လျက် ကင်းကင်း နေခဲ့ရင်းမှ အထီး ကျန်ခြင်းသို့ ရောက်ရှိခဲ့သည့် အပြင် အကျည်းတန်သော ရိုက်ခတ်မှုက ကျွန်တော့်ကို အားမနာတမ်း နှိပ်စက်နေ တော့သည်လေ ။
••••• ••••• •••••
၄ ။
“ ဦးမောင် .. မနေ့က ခဏရပ် ဆေးဆိုင်လေးမှာ ပေးဦး ”
ဆိုင်ကလေးနှင့် ဓာတ်တိုင် နှစ်တိုင်ခန့် အလို၌ ကျွန်တော် သတိပေးမိသည် ။ ဆေးဝယ်ပြီးခါမှ မေ့ကျန်ခဲ့သော ပိုက်ဆံကို ပြန်ယူလျှင်လည်း ကျောင်းမမီမှာ စိုးသဖြင့် တောင်းပန်ခဲ့ရသည့် အဖြစ်ကို ဦးမောင် အား မပြောပြခဲ့ ။ အချက်ပြမီးသံ ပေါ်လာ၏ ။ ဦးမောင် သည် ကိုယ် သွားချင်သည့် လမ်းကြောင်းထဲ အရှိန်လျှော့ကာ မျှောဝင်သွားသည် ။ ဦးမောင် ကားမောင်းပုံက ညင်သာလှ၏ ။ ကျွမ်းကျင်ခြင်းနှင့် ကြမ်းတမ်းခြင်းကို ခွဲခြားတတ်သဖြင့် စီးရသည့် အခါတိုင်း စိုးရိမ်မှု မရှိခဲ့ ။ ဘရိတ်ကို ဆောင့်နင်းရသည် ဟူ၍လည်း မမြင်ဖူးခဲ့ ။ “ သေရေး ရှင်ရေးက ဘာမှ မရှိဘူး ၊ အချိန်တန် အန္တရာယ်မဖြစ်ဘဲ ရောက်သွားဖို့က အဓိက ” မှာဦးမောင် လက်သုံးစကား ။
“ အန်တီ ... ကျွန်တော် ဆေးဖိုး လာပေးတာ ၊ ဈေးဦးတော့ မလန်ပါဘူးနော် ”
“ ဪ ... အေး ... အေး ၊ မင်းက ကတိတည်သားပဲ ။ အေးလေ မင်းတို့လို သူဌေးသားတွေမှ ကတိ မတည်ရင် ဘယ့်နှယ် လုပ်တော့မလဲ ”
ကျွန်တော့် ရင်ထဲ မျက်ခနဲ ။ ဒုတိယအကြိမ် ရောက်ရှိခြင်းက ဝေဒနာ ပိုတိုးစေခဲ့သည် ။ လောကကြီးကို အရွဲ့တိုက် လွန်ခဲ့ရာက အိတ်မစိုက် ၊ မပင်ပန်းသည့် ငွေတွင်းကြီး အပေါ် သဘောတွေ့လာရင်း ရေကြည်အခါခါ ခပ်သောက်ကာ ဘယ်အရာမှ ထီမထင် တော့သော ရွှေတွဲလွဲ ၊ ငွေတွဲလွဲနှင့် မိန်းမကြမ်းကြီးက မွေးဖွားပေးလိုက်သူ ကျွန် တော်သည် အဆင်းရဲဆုံး လူသားမှန်း သိမည် မထင်ပါ ။ ကဲ့ရဲ့ပြစ်တင် ရှုတ်ချသံများ ကြားရှိ နားနှစ်ဖက်ကိုလည်း အကောင်းပကတိဟု တွေးနိုင် ပါသည် ။ တရားမျှတခြင်း အတွက် မသိချင်ယောင် ဆောင်တတ်သည့်အပြင် အာ သာမပြေသူများ ရှိနေသရွေ့ ဆုံးရှုံးနစ်နာရသူတို့၏ တောင်းဆိုချက်အား အမေ့ငွေ စာရင်းခေါင်းစဉ်က ထည့် သွင်းတွက်ချက်ပေးလိမ့်မည် မဟုတ်မှန်း အဖြေရရှိပြီးသား ကျွန်တော့်အဖို့ လူရာဝင် ချမ်းသာခြင်းဟု အမြင်ဖြင့် တဒင်္ဂ မှတ်ချက်ပြုလာသည် ကိုတော့ လိပ်ပြာ လန့်မတတ်ပင် ။
“ ဒါနဲ့ မင်းက ဘယ်သွားမလို့လဲ ”
“ ကျောင်းသွားမှာလေ အန်တီ ”
“ ဒီနေ့ စနေ မဟုတ်ဘူးလား ”
“ ဟင် ”
ဆိုင်ထဲမှ ပြက္ခဒိန်ကို အလန့်တကြား ကြည့်မိ၏ ။ နှစ်ထောင်တစ်ဆယ့်ခြောက် ခုနှစ် ၊ နိုဝင်ဘာ နှစ်ဆယ် နေ့စွဲရက်က အနီရောင်ခြယ် စာလုံးလေး ထင်းလျက် ။
••••• ••••• •••••
၅ ။
“ မင်းစိတ်က အိမ်မှာ မနေချင်ဘူးလေ ၊ ပြီးတော့ သိမ်ငယ်နေတယ် ၊ ကြိုးစားပြီးလည်း ထွက်ပေါက်ရှာဖို့ အရွယ် မရောက်သေးဘူး ။ ဒီ မနက် ဒေါ်သောင်း ကို မင်း ဘာပြောခဲ့တယ် ဆိုတာ မှတ်မိမှာပေါ့ ။ ငါ့ကို တအံ့တသြနဲ့ လာပြောပြတယ် ။ အဲဒါနဲ့ တိုင်ပင်ပြီး မင်းအလိုကို လိုက်ခဲ့တာ မောင်နိုင် ။ သိသိကြီးနဲ့ မတားရက်ခဲ့ဘူး ။ မင်းကို ငါတို့က သနားနေတာ ”
ကျွန်တော် စဉ်းစားနေမိသည်က လိမ်ညာခေါ်ဆောင်လာခြင်းအကြောင်း မဟုတ် ။ တစ်နေ့ ငါးထောင် ပေးပြီး ကျောင်းပိတ်ရက် ကိုတောင် မသိတော့ဘဲ ကျောင်းသား တစ်ယောက် ကျောင်းသွားပုံ အား ထ , မကြည့်နိုင်သည့် မိခင်တစ်ယောက်၏ သံယောဇဉ်သည် မည်ကဲ့သို့ဟု ရင်နာစွာဖြင့် မေးခွန်းထုတ်နေခြင်း ဖြစ်သည် ။
“ မင်းအမေလည်း ဒီလောကထဲ သာယာသွားပြီလေ ။ တားလို့ မရတော့ဘူး ။ ရပ်လိုက်ရင်တောင်မှ အမည်က အဖတ်ဆယ်လို့ မရတော့ဘူး ။ ငါတို့လို ပေါ့ကွာ ”
“ ဘယ်လို ဦးမောင် ”
“ ဟုတ်တယ် မောင်နိုင် ၊ ငါနဲ့ ဒေါ်သောင်း ရော မင်း အမေလို ဘဝထဲ ကျင်လည်ခဲ့ဖူးတယ် ။ အမြင်မှန် ရခဲ့ချိန်မှာ ရိုးရိုးသားသား လုပ်ကိုင်စား သောက်ချင်ပေမဲ့ ငါတို့မှတ် တမ်းက ဆန်းနေတယ် မောင်နိုင် ။ အရင်က ဘာလုပ်ခဲ့သလဲ ဆိုတဲ့ အမေးကို ငါ မဖြေရဲဘူး ။ နောက်ဆုံးတော့ အကြောင်းသိ အစဉ်းသိတဲ့ မင်းအမေ ဆီပဲ ပြန်ရောက်လာခဲ့တာ ”
ကျွန်တော် ဘာမှ မပြောလိုတော့ပေ ။ ဒေါ်သောင်း ထည့်ပေးလိုက်သည့် ထမင်းချိုင့်လေးကို တစ်ချက်ကြည့်မိသည် ။ စတီးလ်ရောင်က လက်နေ၏ ။ လက်သုတ်ပဝါ မှာ သစ်လွင်တောက်ပပြီး ကိုင်း၌ ချည်ထားပုံက သပ်သပ်ရပ်ရပ် ။ အထဲမှ ထမင်းသည် ဖြူဖွေးပျော့ပျောင်းနေ လိမ့်မည် ။ ဘယ်အခါ ဖြစ်ဖြစ် ကျွန်တော် ကြိုက်တတ်သည့် ဟင်းတစ်ခွက်ကို မညည်း မညူ ချက်ပေးတတ်သည့် ဒေါ်သောင်း၏ လက်တစ်စုံ က ယခုအချိန်တွင် စင်ကြယ်ခြင်းဘက် ကူးခဲ့ပြီဟု အကြွင်းမဲ့ ယုံ၏ ။ ဦးမောင် ကိုလည်း ထို့အတိုင်းပင် ။ ပြုပြင် ပြီးသည့်တိုင် ပစ်ပယ်ခံနေရသောသူများ ၊ အမှန်ကို လျှောက်နေသော်ငြား မျက်ကွယ်ပြုခြင်း ခံရသူများ မည်မျှ ရှိကြမည်နည်း ။ ကိုယ့်ဘက် ပြန်မလှည့်သည့် လက် ညှိုးများတွင် ကျွန်တော် အပါအဝင် အခြားသူတွေ အတွက်ပါ စာနာစိတ် ထားစေချင်သည်လေ ။
“ မင်း ဘယ်သွားချင်လဲ မောင်နိုင် ”
တောတောင် ရေမြေ အနှံ့ ခြေဆန့်လိုက်ချင်သည် ။
“ မြို့ပြင်ဘက်ကိုပဲ ပို့ပေးပါလား ဦးမောင် ”
••••• ••••• •••••
၆ ။
လယ်ကွင်းဘေး ကားလမ်းမနှင့် နီးလျက်ရှိသော မြက်ခင်းစပ်၌ အဖြူအစိမ်းဝတ် ကျောင်းသားတစ်ဦး ထိုင်နေ၏ ။ စိတ်နှင့် ကိုယ်သည် မကပ် ။ တစ်ခါတစ်ရံ လွင့်ချင်ရာ လွင့်နေသည့် တိမ်စိုင်များနောက် အကြည့် ရောက်သည့်အခါလည်း ရှိ၏ ။ မျက်စိရှေ့မှ စပါးပင်များကို မမြင်ရသည်လည်း ရှိ၏ ။ ထွေပြားခြင်းကား လေးလံ ထိုင်းမှိုင်းမှုကို ဖြစ်စေသည်လား ၊ တွေဝေခြင်းက တက်ကြွမှုကို အဆုံးသတ်စေသည်လားဟု ကွဲကွဲပြားပြား ခွဲခြား မရတော့သော ကျွန်တော်သည် တစ်ကိုယ်လုံး တောင့်တင်း အေးစက်လျက် အကြောများ ဆိုင်းသွား သကဲ့သို့ တုတ်တုတ် မလှုပ် ။ ထိုသို့ အလစ်အငိုက်တွင် အမှတ်မထင် တွေ့လိုက်ရသော အရာတစ်ခုကြောင့် တံစို့ဖြင့် ရင်သို့ ရုတ်တရက် သပ်ရိုက်သွင်း ခံရသည့်နှယ် ပျော့ခွေပြိုလဲ စေခဲ့ပြီလေ ။
ရွှံ့စေးနှင့် ရေတို့ ရောစပ်ထားသည့် အလား ပျစ်ချွဲချွဲ အိုင်ငယ် တစ်ခု ။ ကျွဲများ တစ် ကောင်ပြီး တစ်ကောင် ဆင်း သွားကြသည် ။ တချို့က လဲ လျောင်းလူးလွန့်နေ၏ ။ နှင်တံ ကိုင်ထားသော ကောင်လေးက ကုန်းပေါ် ရပ်စောင့်လျက် ။ ဇိမ်ခံ အာသာပြေ သွားသည့် အကောင်တို့ ပြန်တက်လာသည့်အခါ စိုစေးစေး အရည်များ ကပ်ပါလာ၏ ။ ခေါင်းခါ နှာမှုတ် ခါချသော်လည်း ကွာမကျ ။ ပြောင်စင် မသွား ။ မည်းနေသော အရောင်ထက် ပို၍ ညစ်ထည်းနေသည့် ကျွဲတွေက မည်သို့သော အမှတ်ဖြင့် အိုင် နားမှ မခွာရက်ဘဲ အဖန်ဖန် ပြန်ဆင်းရခြင်း အကြောင်းကို တွေးရင်း ကျွန်တော်သည် လမ်းမထက်၌ အရူးတစ်ယောက် ပမာ အော်ဟစ်ပြေးလွှားနေမိတော့သည်တကား ။ ။
⎕ ပိုင်ဒွေး ၊ သင်္ချာ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇွန် ၂၀၂၀

No comments:
Post a Comment