❝ ဇရပ်ဒကာ ❞
( တိုးနှောင်မိုး )
သုသာန်ထဲက သွပ်တပြောင်ပြောင်ဖြင့် ခံ့ညားထည်ဝါသစ်လွင်နေသော ဇရပ်ကို ကြည့်ပြီး ကျွန်တော် ဝမ်းသာရမလား ၊ ဝမ်းနည်းရမလား မသိအောင် ဒွိဟတွင်တွင် ဖြစ်နေသည် ။ ဆရာတော်တွေကို ရေစက်ချပြီး ဆင်းလာသော အဖေက ဘုရှိုးတစ်ချက် ရှိုးပြီး ဇရပ်ပေါ်တွင် သိမ်းစရာရှိတာတွေကို သိမ်းတော့ဆည်းတော့ဟူသော အကြည့်ဖြင့် ကြည့်သွားသေး၏ ။ ကျွန်တော်က -
“ ဟို ၊ အဖေပြန်တော့မှာလား ”
ဖေဖေက တစ်ချက်တွေ၍ ရပ်ပြီး အမေ့ကို လှမ်းကြည့်ကာ ဇဝေဇဝါဖြင့် -
“ မပြန်လို့ ငါက ဒီမှာ နေရမှာလားကွ ”
“ ဟို မဟုတ်ဘူးလေ ။ ဘိုးဘွားတွေ ရည်စူးပြီး အလှူရှင်နာမည်နဲ့ အပ်ထားတဲ့ ကမ္ပည်းစာက တော်ကြာမှ ရောက်မှမို့ပါ ။ အဲ့ဒါ ကောင်းမြတ်တို့ ပြန်အလာထိ စောင့်ဦးမလားလို့ပါ ”
အဖေ့မျက်နှာ ချက်ချင်း ရဲတက်သွားပြီး ဒေါသအခိုးအငွေ့များ ဆူပွက်ကာ အထွတ်အထိပ် ရောက်သွားတာ ကျွန်တော် သိလိုက်သည် ။ အချိန်တိုလေး အတွင်းမှာပဲ အလျင်အမြန် အဖေ့နားက ကျွန်တော် ရွှေ့လိုက်ရ၏ ။ မလစ်လျှင် အဖေရဲ့ ငါးပိဿာလောက် ရှိသော လက်သီး ကျွန်တော့် မျက်နှာပေါ် ကျောက်ချ သွားနိုင်သည် ။
“ ဟေ့ကောင် အောင်သူထက် ”
အဖေ့အသံ အတော်ကျယ်၏ ။ အနားက လူများပင် လန့်သွားသည် ။ တာလမ်းပေါ်မှာ လျှောက်ပြန်သွားသော ဆရာတော်များပင် လှည့်ကြည့်၏ ။ အမေက အဖေ့ကို လက်ဆွဲ၍ ခေါ်သွားသည် ။ အဖေ့ ပါးစပ်က ခွေးကောင်ဆိုတာတွေ ဆဲရေး မှုတွေ ငါလခွီးထပ်နေ၏ ။ ကျွန်တော့် ဘော်ဒါဘော်ချက် တွေကတော့ ဇရပ်ပေါ်က ပစ္စည်းပစ္စယတွေကို ထိတ်လန့်စွာ သိမ်းနေသည် ။ အဖေ့ ဒေါသကို သူတို့လည်း အသိ ။
ကျွန်တော် ယခု ရောက်နေသောနေရာက သင်္ချိုင်းကုန်း ဖြစ်သည် ။ အလှူတော့ အလှူ ဇရပ်ရေစက်ချသော အလှူ ။ ဘုန်းကြီးကိုပင် မနည်း ပင့်ယူရ၏ ။ ကျောင်းတွင် ရေစက်ချလို့ ရသားပဲ ဆိုပေမဲ့ ကျွန်တော်က ဒီနေရာ မှာပဲ လုပ်ချင်သောကြောင့် ပို၍ ခက်ခဲခြင်းလည်း ဖြစ်သည် ။ အကျွေးအမွေးကို ဘယ်သူမျှ မစားရဲ ။ ဧည့်သည်တွေ ဖိတ်တော့ မလာ ။ ကိုယ့်ဆွေမျိုးနှင့် ကိုယ် ဝန်းဝိုင်းလိုက်ရ၏ ။ ဘော်ဒါတွေပင် မနည်းခေါ်ရသည် ။
အဖေ ဒေါသဖြစ်မည် ဆိုလျှင် ဖြစ်ချင်စရာ ။ အလှူအတန်း မပြုအပ်သော နေရာတော့ မဟုတ် ၊ စည်စည်ကားကား မရှိသင့်သောနေရာတွင် ကျွန်တော်က အလှူ လာ လုပ်သလို ဖြစ်နေသည် ။ ယခုနေရာက မြို့မဟုတ် တောရပ် ။ အယူရှိကြ၏ ။ မထူးတော့ ပေါက်တဲ့နဖူး မထူးတော့ဘူးဟု ဆိုကာ အဖေနှင့် အမေတို့က ဇွတ်လုပ်ပေးရတော့၏ ။ လုပ်မပေးလို့လည်း မရ ။ မင်းမှာ ကတိ လူမှာ သစ္စာ ၊ စိတ်ထဲတွင်တော့ မိဘနှစ်ဦးစလုံး အလိုကျလိမ့်မည်ဟု မထင် ။
ဟုတ်လည်း ဟုတ်သည် ။ ကျွန်တော့် လုပ်ပုံကလည်း ကြည့်ဦး ။ သင်္ချိုင်းကုန်းတွင် အလှူ လာလုပ်သည် ။ တစ်မြို့လုံး ပြောစမှတ်တွင်သွား၏ ။ မြို့ ဆိုပေမဲ့ တိုက်နယ် ဆိုတော့ တောဆန်သည် ။ တရားပေးတဲ့ ဆရာတော်တောင် ဆွမ်းမစားဘူး ။ ဆွမ်းဟင်းတွေ ကျောင်းမှာပဲ ကပ်ခဲ့တဲ့ ။ တရားပေးပြီး ဇရပ် ရေစက်ချသည် ။ ပြီးတာနှင့်တန်း ပြန်ကြွသွား၏ ။
တစ်မြို့လုံး ဩချပြီး ဖိတ်စာ ၃၀၀ လောက် ရိုက်ဖိတ်တာ လူလေး ၁၅ ယောက် မပြည့်ချင် ။ ကျွန်တော်ကတော့ အောင်သူထက် ဆိုသည့် နာမည် ပျောက်သွားသည့်အပြင် ဇရပ်ဒကာ ဆိုသည့် ဂုဏ်ထူးလေးက ကြက်တစ်ပွင့်လို လင်းလက် တောက်ပလာခဲ့၏ ။
ကောင်မလေးတွေကတောင် ဇရပ်ကိုကို တဲ့ ။ ဖြစ်ပုံက ဒီလို ။
••••• ••••• •••••
နွေရာသီကျောင်းပိတ်ရက် ဆိုလျှင် သားကိုတို့ ညီအစ်ကို ၊ ကျော်လေးတို့ ညီအစ်ကို ၊ ညီအစ်မတွေပါ နယ်မြို့လေးကို ပြန်လာကြသည် ။ ကျွန်တော် ငယ်ငယ် နှပ်ချေးတွဲလောင်း အရွယ်ကတည်းက ညီအစ်ကို ဝမ်းကွဲတွေ နွေ ကျောင်းပိတ်ရက်တိုင်း နယ်မြို့လေးတွင် ဆုံကြသည် ။
နယ်မြို့လေးက ချစ်စရာကောင်းသည် ။ ပြည်မြို့ နှင့် ၁၂ မိုင်ခန့်သာ ဝေး၏ ။ သစ်ကြီးဝါးကြီးများ ရှိသောကြောင့် လည်းကောင်း ၊ နွေစပါးကို နယ်မြို့လေးပတ်ဝန်းကျင်လယ်ကွင်းများ၌ စိုက်ပျိုးသောကြောင့် လည်းကောင်း လေက နွေ လေပူ မဟုတ် ၊ မြမြအေးရှိန်းနေသည် ။
ကျွန်တော်က နယ်မြို့လေးတွင် နေသောကြောင့် နယ်ခံ ။ ကျွန်တော့်အိမ်တွင် ညီအစ်ကိုတွေ စုံနေကြသည် ။ ဆုံကြသည် ။ အဘွားအိမ်နှင့် အဒေါ်အိမ် ကူးချည်သန်း ချည်ဖြင့် ပျော်စရာ ကောင်းသည် ။ ဈေးနှင့် နီးသော ကြောင့် သရေစာလည်း ပေါကြွယ်ဝသည် ။ ကျွန်တော်တို့ ခြံဝန်းထဲ၌ ဆန်စက်ရှိသောကြောင့် ဖွဲပုံရှိသည် ။ နွားမွေးသောကြောင့် ကောက်ရိုးပုံလည်း ရှိသည် ။ ထိုအရာများ က ကျွန်တော်တို့အတွက် တကယ့် Happy World ပဲ ။ စက်မလည်သော ရက်တို့တွင် စက်ထဲ၌လည်း မျောက်ရှုံးအောင် ဆော့ကြသည် ။
မာလကာပင် ၊ သရက်ပင် ၊ မန်ကျည်းပင်စုံ၍ သရေ စာလည်း ပေါသည် ။ မြို့က လူတွေ လာမည်ဖြစ်သောကြောင့် ကျေးလက်မုန့်ပဲသရေစာ မပြတ်သလို မြို့က ယူလာသော မုန့်တွေလည်း အလျှံအပယ် ။ စက်ဘီး ကိုယ်စီဖြင့် လျှောက်သွားကာ ငှက်ပစ် ၊ လယ်ကွင်းထဲ ပုစွန်လုံးနှိုက် ရသော အရသာကလည်း ထူးခြားပျော်ရွှင်ဖို့ကောင်းသည် ။ ကျွန်တော်တို့ကို ဦးလေး အငယ် ကိုပေါက်က ထိန်းရ၏ ။ ကိုပေါက်က လူပျိုကြီး ဇိုးသမား ဆိုတော့ မုန့်ဖိုးထဲက ကော်မရှင် ယူ၍ ကျွန်တော်တို့ ကို လွှတ်ထားတာများသည် ။ ဦးလေး ကိုပေါက်က ရီဝေဝေဖြင့် အရိပ်ကောင်းကောင်းတွင် နှပ်နေတာက များ၏ ။
ကျွန်တော်က မြို့တွင် ခြင်းခတ် ၊ ဘောလုံးကန် ဘောလီဘောပုတ် အစုံပါသည် ။ မသိသူ မရှိ ။ ပွဲဆူပြီဆို ကျွန်တော် ပါပြီးသား ။ မြို့တွင်း တစ်နှစ်တစ်ခါ လှည့်သော ပွဲတော်တွင်သီချင်းဆို ဂစ်တာတီးသေး၏ ။ တီးဝိုင်း ခေါင်းဆောင် ။ ဒါ့ကြောင့် အောင်သူထက် ကို မြို့က မသိသူ မရှိ ။
မျက်နှာ ပုဆိုးခြုံလမ်းလျှောက်တောင် တစ်မြို့လုံးက အောင်သူထက် ဟု သိကြ၏ ။ ညမှောင်မှောင် အသံကြားရုံဖြင့် အောင်သူထက် အသံဟု လူတိုင်းသိကြသည် ။ မြို့က ကျဉ်းကျဉ်းလေး ။ ကျွန်တော်က ထိုကဲ့သို့သော အောင်သူထက် ဖြစ်သည် ။ ပြီး တော့ ကျွန်တော်က တိုင်းကျော်ပြည်ကျော် အောင်သူထက် လည်း ဖြစ်သေးသည် ။ ဆိုကြမယ် ပျော်ကြမယ် နဲ့ ဂီတတံခါးလေး ဖွင့်ပါဦး ဆိုသည့် ရုပ်/သံအစီအစဉ်တွေ မှာလည်း ဝင်ပြိုင်ဖူးတာကို ။ အဲဒီတော့ ဒီမြို့လေးမှာ အသိအမှတ်ပြုအောင် သိထိုက်သူထဲ အော်တို ကျွန်တော်က ပါပြီးသား ။
••••• ••••• •••••
ယခုနှစ်တော့ ဆယ်တန်း ၃ နှစ် ဖြေပြီး အောင်သောနှစ် ဖြစ်သည် ။ ကျွန်တော့် ထက် အနည်းငယ်ငယ်သော သားကိုနှင့် အတူတူ ဆယ်တန်း အောင်သည် ။ တက္ကသိုလ်ဝင် တန်း အောင်သည်ဟု ဆိုပါတော့ ။ ကျန်သည့် ညီတွေက ခုမှ ရှစ် ၊ ကိုး ၊ တစ်ဆယ် ။ ကျွန်တော်နှင့် သားကို သာ ကျောင်းမတက်ရသေးသော ဂျက် , ကွင်း , ကင်းတွေ ။ စာမေးပွဲ ပြီးသောအခါ ယခင်နှစ်တွေလိုပဲ ရောက်လာကြ၏ ။ ယခုကဲ့သို့ ရောက် လာကြပေမဲ့ အရွယ်တွေက လူပျိုပေါက်တွေ ဖြစ်နေတော့ သိပ်မဆော့တော့ ။ လက်ဖက်ရည်ဆိုင်ထိုင်သည် ။ Game ကစားသည် ။ အင်တာနက် ထိုင်သည် ။ ခွေကြည့်သည် ။ ဘောလုံးပွဲကြည့်သည် ။ဆိုင်ကယ်ပတ်စီးသည် ။ ညနေဆိုလျှင် ခြင်းခတ် ဘောလုံးကန် သေးတာတော့ ရှိသေး၏ ။
နေ့ခင်းနေ့လယ် ၌ လည်းကောင်း ၊ ညပိုင်း၌ လည်းကောင်း မန်ကျည်းပင်ရိပ်တွင် ဘယ်သူ့ကို ရည်ရွယ် ပြီးဆိုသော မသိခြင်းသီချင်းများဖြင့် ဂစ်တာတဒေါင်ဒေါင်လုပ်သည် ။ ကောင်မလေးတွေကို စိတ်ဝင်စား၍ မိန်းကလေးတွေအကြောင်း ပြောသည် ။ ဆေးလိပ်ခိုး သောက်သည် ။ ကျွန်တော်တို့ အန်တာတိတ်မန့်ချ်တွေ ထဲမှာ ဆော့ကစားခြင်းက ပါးလျားသွား၏ ။
ထိုကဲ့သို့ ပါးလျားသွားပေမဲ့ ညနေတိုင်း ၂ သင်းခွဲ ၍ ဂျပန်ဂိုးကျဉ်းကန်သည် ။ အရွယ်တို့၏ ပြောင်းလဲမှုတွင် ကျွန်တော်တို့အသက်ရှင်နေ ဆိုင်မှုကလည်း ရွေ့လျားပြောင်းလဲသွားကြ၏ ။ ဘကြီးအိမ်က စာကြည့်ခန်းထဲက စာအုပ်တွေ ယူဖတ်သည် ။ မဂ္ဂဇင်းဟောင်းတွေထဲ ကဗျာတွေ စာတွေ ဖတ်ပြီး ကဗျာတွေကို ရင်ခုန်ကာ ကဗျာလေးတွေနှင့် စာစပ်သင်ချင်နေသည် ။ သားကို က ကျွန်တော်တို့ ညီအစ်ကိုထဲတွင် အသိပို၏ ။ ဉာဏ်ကြီးသည် ။ ဆေးတက္ကသိုလ် တက်မည့်သူဆိုတော့ ဦးဆောင်နိုင်ပြီး စီမံခန့်ခွဲနိုင်၏ ။
သူ့ကြောင့် ကျွန်တော် သည် နိုင်ငံခြားသီချင်းတွေ နားထောင်ကာ စကားလုံး တွေ အစားသွင်း၍ ဂစ်တာ တစ်လက်ဖြင့် သံစဉ်ရှာရင်း သီချင်း ရေးနေသည် ။ ထိုကဲ့သို့ ရေးပြီးသော သီချင်းကို ညပိုင်း၌ ညီအစ်ကိုတွေ ဝိုင်းပြီး ဆိုကြသည် ။ ပျော်ဖို့တော်တော် ကောင်း၏ ။ အရသာ ရှိသည် ။
အဲဒီလိုကနေ သားကို ကပဲ အရက်ကို အနည်းငယ်တော့ စမ်းသောက်သင့်သည် ဟူသော အဆိုကို ပြုလာသောကြောင့် အမျိုးတစ်ဦး အိမ်တွင် ခိုး၍ သောက်ကြည့်ကြသေး၏ ။ ထိုကဲ့သို့သော ကိစ္စမျိုးကို ဦးလေးကိုပေါက်ဖြင့် ညှိနှိုင်းတိုင်ပင်မှ အဆင်ပြေသည် ။ ဒီကိစ္စက ဦးလေးကိုပေါက် ၏ မေဂျာ ။ ကျွန်တော်တို့ အရက် ခိုးသောက်မည့် အစီအစဉ်အား ဦးလေးကိုပေါက်ပဲ စီစဉ်ပေး၏ ။
လူတွေ မူးလိုက်သည့် ဖြစ်ခြင်း ။ စပြီး ဝယ်ကတည်းက လောဘကြီးပြီး တစ်ယောက် တစ်လုံးနှုန်းနှင့် ဝယ်တာ ။ အမြည်းကလည်း ကောင်းသလား မမေးနှင့် ။ ကြက်သားဟင်းချက် ။ မူးလိုက်တာ မှ ကျွမ်းထိုးမှောက်ခုံ ။
လူကြီးတွေ သိတော့ ဆူသည် ။ ရိုက်မောင်းပုတ် မောင်းတော့ မဟုတ် ။ တောအရပ် အရက်သောက်တာ မဆန်း ။ ကျွန်တော့်အဖေနှင့် သားကို့ အဖေက အဲဒီလို မဟုတ်ဘူး ၊ ဒီလိုကွ ဆိုပြီး လက်တွေ့ဆန်ဆန် အရက် သောက်နည်းသောက်ပုံ အယူအဆတွေကို ပွင့်ပွင့်လင်းလင်း ရှင်းပြသည် ။ ဒီလို စမ်းသပ်ရတယ် ဆိုပြီး အယူအဆ အသိအမြင်တွေ ကိုလည်း ရှင်းပြသည် ။ သူတို့ကတောင် အရက်သောက်တာ ကောင်းလား ၊ မကောင်းဘူးလား မေးသေး၏ ။
“ အရက်သောက်တာ မကောင်းဘူး ဆိုတာ သိရင် မသောက်နဲ့ ။ ဒါပေမဲ့ မှတ်ထား အရက်ဆိုတာ သောက်တတ်စားတတ်ရင် ဘယ်တော့ မှ အရက်သမား မဖြစ်ဘူး ။ သောက်တတ်ရင် ဆေး ၊ မသောက်တတ်ရင် ဘေးတဲ့ ။ အကောင်းဆုံးကတော့ မသောက်တာ အကောင်းဆုံးပဲ ။ အရက်သောက်ခြင်းမှာ ကောင်းကျိုး မရှိဘူး ၊ ဆိုးကျိုး တွေချည်းပဲ ။ အခုပဲ ကြည့် ၊ မင်းတို့ အရက်သောက်လို့ လေးလံထိုင်းမှိုင်းပြီး ခေါင်းတွေ ကိုက်နေတယ်မို့လား ထပ်သောက်ရင် ပျောက်သွားရော ။ နောက်မသောက်ဘဲ မနေနိုင်တော့ဘူး ။ မင်းတို့ ဦးလေးကိုပေါက် ကို ကြည့် အရက်စွဲနေတာ တွေ့လား အရက်သမားပဲ ။ အဲဒါအရက်ရဲ့ မကောင်းခြင်းတွေ ထဲက တစ်ခု ”
ကျွန်တော့် အဖေက ကျွန်တော်တို့ ညီအစ်ကို တစ်သိုက်ကို ထိုကဲ့သို့ ဆုံးမ၏ ။ သားကို့ အဖေကလည်း ဥပမာ ၊ ဥပမေယျတွေနှင့် ဗာရာဏသီချဲ့နေသည် ။ နိဒါန်း တွေကို တော်စမ်းပါဟု ပြော ယူရ၏ ။ ဦးလေးကိုပေါက်က ကျွန်တော်တို့ အတွက် ပြယုဂ် ဖြစ်နေသည် ။ အစ်ကိုကြီးတွေ ကို ကြောက်လို့သာ ငြိမ်နေသည် လျှိုနေသည် ။ စိတ်ထဲ ထဲကတော့ ကျေနပ်ပုံမရ ။ ယခု အနေကတော့ အရက်က သူ့အတွက် ကောင်းနေတာကို ။
ဦးလေးကို ပေါက်က အရက်သာ သောက်သည် ။ သူ့ကို ဇိုးသမား အရက်စွဲနေ သူဟု ပြောလျှင် မကြိုက် ။ ကျွန်တော့်အဖေ ၊ သားကို့ အဖေ သူ့အစ်ကိုတွေ ကြောက် လို့သာ ခံနေတာ ။ သူက ဒီအထဲမှာ အကြီးဆုံး ၊ အပြစ်က လည်း ရှိနေ၏ ။ ကျွန်တော်တို့ ကို အရက်သောက်ဖို့ စီစဉ်ပေးတာကြောင့် အပြစ်က ကြီးနေသည် ။ အဘွား နှင့်အဒေါ် က ဆူ၏ ။
ဆူပူပြီး သုံးလေးရက်ပဲကြာသည် ။ သားကိုက အဆို တစ်ခု တင်သွင်းလာ၏ ။
“ အောင်သူထက်ရေ ၊ အရက်သောက်တာ မင်းဘယ်လို ခံစားရလဲ ”
“ ဟာ သားကို ငါမရဘူး ။ လုံးဝလန်ထွက်နေအောင် ခံစားရတယ်ကွာ ။ သေလုမြောပါးပဲ ။ ဒီကြားထဲ ဘိုးတော်ကြီးတွေ တော်ကီကို နားထောင်ရတာလဲ မချောင်ဘူး ။ တော်စမ်းပါဆိုတဲ့ လေက ရှည်သေးတယ် ။ နားကို ပူရော ။ အဲဒီအချိန် တံတွေးနဲ့ နားကို ဆွတ်ကြည့်ရင်တောင် ရှဲခနဲမြည်သွားမယ် ”
“ ဟုတ်တယ်ကွ ။ ငါ လည်း အဲဒါ စဉ်းစားနေတာ ”
“ မင်းက ဘာကိုစဉ်းစားတာလဲ ”
“ ဒီလိုကွာ အရက် မသောက်ဘဲ ထန်းရည်သောက်ရင် ကောင်းမလားလို့ ”
ကျွန်တော် နည်းနည်း စဉ်းစားသွားသည် ။ ကျွန်တော်က တောသားပဲ ထန်းရည်တော့ လေး ၊ ငါး ၊ ခြောက်တန်းကတည်းက သောက်ဖူးတာ ။ မူးတယ်ကို မရှိပါဘူး ။ ကျွန်တော်တို့မြို့ ပတ်ဝန်းကျင်ကလည်း ထန် တောချည်းပဲ ။
“ အေး ထန်းရည်ဆို မဆိုးဘူး ။ လူကြီးတွေလည်း မာန်မယ်မထင်ဘူး ။ သူတို့ လည်း တစ်ခါတလေ သောက်နေတာပဲ ။ ဦးလေးကိုပေါက် မေးကြည့်လေ ”
သားကိုက အေးဟုတ်တယ် ဆိုပြီး ဦးလေးကိုပေါက် ကို သွား တိုင်ပင်၏ ။ ဒီတစ် ခေါက်တော့ ဦးလေးကိုပေါက် လက်လွှတ်စပယ် မလုပ် လူကြီးတွေကို အသိပေးသည် ။ လူကြီးတွေက ထန်းရည်ဆိုတော့ ခွင့်ပြု၏ ။ ဦးလေးကိုပေါက်ကို ပိုက်ဆံ ပေး၍ သွား ဝယ်ခိုင်းသည် ။ ထန်းရည်နှင့် ကြွက်ကြော် ၊ ပဲလှော်သုပ် ၊ ငါးပိဖုတ် စုံ၏ ။ အဖေက သူ ကိုယ်တိုင် ကြက်သွန်ဖြင့် အာပဲ့ခြောက် ငါးနီတူ တို့ကိုပါ ထပ်သုပ်ပေးသည် ။ ကျွန်တော် အဖေ့နှင့် သားကို့ အဖေတောင် တစ်ခွက်တစ်ဖလား ဆိုပြီး ဝင်သောက်သွားသေးသည် ။
သူတို့ ထွက်သွားမှ ကျွန်တော်တို့ ညီအစ်ကိုတွေ လွတ်လပ်စွာ စကားပြောရတော့၏ ။ ဦးလေးကိုပေါက် ကတော့ ကျွန်တော်တို့နှင့်အတူ တူရှိနေသည် ။ လူကြီးတွေက စောင့်ခိုင်းတာပဲ ဖြစ်လိမ့်မည် ။ ထန်းရည်မူး ကျွဲခိုးပေါ် ဆိုသလို ကွယ်လွန်သွားပြီ ဖြစ် သော ဘိုးဘွားတွေ အကြောင်း ရောက်သွားသည် ။ ထန်းရည်မူးပြီး ရီဝေလာတာနှင့်အမျှ သားကို နှင့် ကျော်လေး က တစ်စခန်းထလာသည် ။
“ ဦးလေးကိုပေါက် ဘိုးဘွားအုတ်ဂူကို သိလား ”
“ သိတာပေါ့ကွ ”
“ သေချာတယ်နော် ”
“ သေချာတယ် ။ ဂူတွေ တန်းထားတာ တို့အမျိုးတွေ ချည်းပဲ သီးသန့် ”
သားကို က ဘာလုပ်မှာ လဲလို့ ကျော်လေး ကို မေးသည် ။ ထိုအခါ ကျော်လေးက ကန် တော့ချင်လို့ဟု ဆို၏ ။ ကျန်သည့် ကလေးတွေက နား ထောင်သူ သက်သက် ။ အဲဒီ မှာ ကိုပေါက် က -
“ ကောင်းတယ် ။ ဒါပေမဲ့ သင်္ချိုင်းကုန်းကို သွားရမှာဆိုတော့ ငါ မသွားရဲဘူး ။ မင်းတို့ပဲ အောင်သူထက်နဲ့ သွား ။ နာမည်တွေနဲ့ နေရာ ငါ ညွှန်လိုက်မယ် ။ တချို့ ဒီကောင်လည်း သိတယ် ”
ဦးလေးကိုပေါက်က အရက်သာ သောက်သည် ၊ သရဲတစ္ဆေ ကျ ကြောက်၏ ။ ကျွန်တော်တို့က ဘိုးဘွားတွေ အုတ်ဂူကို တစ်နှစ် တစ်ခါ ဝါ ဝင်သည်နှင့် မြက်ရှင်းရင် လိုက်ပြီး ကူရ၏ ။ အမေတို့ အဖေတို့ ဒေါ်လေးတို့နှင့် ဖြစ်သည် ။ ဦးလေးကိုပေါက်က ဘယ်တော့မှ မလိုက် ။ သရဲကြောက်၍ အကြောင်းအမျိုးမျိုးဖြင့် ကျန်နေခြင်းဖြစ်သည် ။ ရဲဆေး ဘယ်လောက်တင်တင် ကိုပေါက် ကြောက်တတ်သည် ။
“ အောင်သူထက် မင်း သိတာ သေချာတယ်နော် ”
“ သေချာပါတယ်ကွာ ။ ငါက နှစ်တိုင်း မြက်ရှင်းလိုက်နေကျ ။ သန့်ရှင်းရေး အမြဲ လုပ်ရတယ် ။ ဒါဆို ယုံပြီလား ”
ရီဝေမှုတန်ခိုးဖြင့် သွားရန်အတွက် စိုင်းပြင်းနေ သည် ။ ငယ်သည့် သူတွေကလည်း လိုက်မည်ဟုဆို၏ ။ ထိုစဉ်မှာပဲ ကျွန်တော်က -
“ ဒီအတိုင်း လက်ချည်း သွားလို့ မကောင်းဘူး ။ ဝိညာဉ်တွေက ငါတို့ကို ငြို ငြင်နေလိမ့်မယ် ။ အဲဒီတော့ တရုတ်ကားတွေထဲက တရုတ်တွေလို အမွှေးတိုင် ၊ ဖယောင်းတိုင်ထွန်း ကန်တော့မှ ဖြစ်မှာ ”
သားကို နှင့် ကျော်လေး ထောက်ခံသည် ။ ဦးလေးကိုပေါက်က မျက်ရည်ဝဲလျက် -
“ ငါကွာ တာဝန်မကျေဘူး ။ ဒါပေမဲ့ သိတတ်တဲ့ မင်းတို့ ဦးလေး ဖြစ်လို့ ကျေနပ်တယ် ”
“ ဘာကြောင့် ”
“ ဘိုးဘွားတွေကို ရိုသေသိတတ်တဲ့ မင်းတို့ရဲ့ ဦးလေး ဖြစ်လို့ ။ အောင်သူထက် ပြော သလို ဘိုးဘွားတွေရဲ့ဝိညာဉ် တွေက မင်းတို့ကို ချီးကျူးကျေနပ်နေမှာပါ ”
ဦးလေးကိုပေါက်က ကျွန်တော်တို့ကို မကြည့်ဘဲ အဝေးကို ငေးရီပြီး တကယ့် ခံစားချက်ဖြင့် ပြောနေသည် ။ ကျွန်တော့် ရင်ထဲ၌ သိတတ်သော ငါကွ ဆိုသော အား တွေဖြစ်လာကာ မြောက်ကြွမြောက်ကြွ ဖြစ်သွား၏ ။
“ လာသွားကြမယ် ။ ငါ လိုက်ပို့မယ် ။ သင်္ချိုင်းကုန်း ထိတော့ မဟုတ်ဘူး ။ ဘုန်း ကြီးကျောင်းထိပ်က စောင့်နေမယ် ”
ကျွန်တော်တို့ ညီအစ်ကိုတူဝရီးတစ်သိုက် ဘိုးဘွားတွေ ကန်တော့ဖို့ ရီဝေသော ခြေလှမ်းများဖြင့် သွားကြသည် ။ ဦးလေးကိုပေါက် က သူ့စကားအတိုင်း ဘုန်းကြီးကျောင်းနားတွင် ကျန်ခဲ့၏ ။ ကျွန်တော်တို့ ညီအစ်ကိုတွေ သင်္ချိုင်းကုန်းဆီ ဆက်သွားကြသည် ။ ဟိုရောက်တော့ ညီအစ်ကို တစ်သိုက် အမွှေးတိုင် ဖယောင်းတိုင်ထွန်း ၊ ကန်တော့ကြသည် ။ ကန်တော့ကြပြီး ခေါင်းပြန်မော့တော့ ဟာခနဲ ဖြစ်သွား၏ ။ အငယ်ကောင်လေး ကပဲ -
“ ဟာ ကိုကြီးအောင်သူထက် ၊ ကိုကြီးသားကို မီးတွေ ”
နွေမို့ ဖယောင်းတိုင်က လဲပြီး ဂူဘေးရှိ မြက်ခြောက် ကို စွဲလောင်သွားသည် ။ ကျွန်တော်တို့ ငြှိမ်းသတ်သေးသည် ။ မရ ။ ဆောင်းအကုန် နွေအကူး နေ၏ သွေ့ခြောက် မှုဖြင့် ခြောက်သွေ့နေသော မြက်ခြောက်များက တကယ်ကို မီးက လောင်ချင်စရာ ။
သားကို က -
“ ထားတော့ အောင်သူထက် ။ မြက်တွေ မီးလောင်သွားတော့ တို့ဘိုးဘွားတွေ ချုံတွေ ထဲမှာ မနေရတော့ဘူး ပေါ့ကွာ ။ မြက်တွေ ချုံတွေ ရှင်းရတာတောင် သက်သာသေးတယ် ”
သားကို့ အတွေးကို ကျွန်တော် လက်ခံလိုက်သည် ။ တကယ်ကို ချွန်မြ ကြည်လင်သန့်စင်သော အတွေးအခေါ်ပင် ဖြစ်သည် ။ ဒါကြောင့်လည်း ကျွန်တော့် တို့ညီအစ်ကိုတစ်တွေထဲမှာ သားကို က ဆေးကျောင်း ရောက်တာ ။
အေးဆေးစွာပဲ သင်္ချိုင်း ကုန်းကို ကျောခိုင်းပြီး ပြန်လာကြသည် ။ ဘုန်းကြီး ကျောင်းထိပ်ကို ရောက်တော့ ဦးလေးကိုပေါက် မရှိတော့ ။ မီးက မြက်ပင်ခြောက်တွေကို တဝကြီး ဝါးမျိုနေတာကို ဘုန်းကြီးကျောင်းထိပ်က ကျွန်တော်တို့ ညီအစ်ကိုတွေ တစ်ချက်လောက် လွမ်းဆွတ်ဂုဏ်ယူစွာ ငေးကြည့်ခဲ့သေးသည် ။
••••• ••••• •••••
အိမ် ရောက်တော့ ညီအစ်ကိုတွေထဲက တချို့ အိပ်သူ အိပ်နေကြသည် ။ ကျွန်တော်ကတော့ မအိပ်ချင်တာနဲ့ ဆိုင်ကယ်ဆွဲ၍ ပိုက်ကျော်ခြင်းခတ်ဖို့ ပြင်နေသည် ။ ထိုစဉ်မှာပဲ မီးသတ်ကားသံ ကြားရ၏ ။ ဘယ်မှာ လောင်တာလဲလို့ မေးကြည့်လိုက်တော့ သင်္ချိုင်းကုန်းက ဇရပ် မီးလောင် တာတဲ့ ။ ထိုအခါ အိပ်ရာက နိုးလာတဲ့ ညီအစ်ကိုတွေ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ရုံမှ လွဲပြီး ဘာမှ မတတ်နိုင်တော့ဘူး ။ ဦးလေးကိုပေါက်က ရေချိုးနေရင်း ကျွန်တော်တို့ ညီအစ်ကိုတွေကို ကြောက်ရွံထိတ်လန့်စွာ လှမ်းကြည့်သည် ။ ထိတ်ပျာလန့်ဖျပ်သော အကြည့် ။
သူ့အကြည့်က အဓိပ္ပာယ်တစ်ခုကို ညွှန်ကြားပြောပြနေသလို ။
••••• ••••• •••••
“ ကိုအောင်သူထက် စခန်းကို လိုက်ခဲ့ပါဦး ”
ရဲတပ်ဖွဲ့ဝင် တချို့နှင့် မီးသတ်တပ်ဖွဲ့ဝင် တချို့ ။ ပြီးတော့ ရပ်ကွက်လူကြီးတွေ လည်း ပါလာသည် ။ ဇရပ် မီး ရှို့တဲ့ အမှု ။ ငြင်းမရတော့ ။ ကျွန်တော် ကိုယ်တိုင်ပင် ဘိုး ဘွားတွေ အုတ်ဂူ ကန်တော့ ရင်း မတော်တဆ မီးလောင် သွားကြောင်း ဝန်ခံလိုက်ရ၏ ။ စခန်းရောက်သောအခါ စခန်းမှူးနဲ့ ဒုရဲအုပ်က သားကို အဖေ ၊ ကျွန်တော်တို့ဦးလေး တပည့် ဖြစ်ဖူးတော့ တော်သေးသည် ။
ကျွန်တော့် အဖေက ဇရပ်ကို အသစ်ပြန်ဆောက်ပေးပါမည်ဟု ဝန်ခံကတိ လက်မှတ်ထိုးပေးခဲ့ရသည် ။ သားကို့ အဖေကလည်း သူပါ ပါဝင်လှူဒါန်းပေးမည်ဟု ဆို၏ ။ သူတို့ ညီအစ်ကိုချင်းက ညီညွတ်သည် ။ ကျွန်တော့် အဖေကလည်း “ ရပါတယ်ကွာ ။ ကုသိုလ်ရတာပဲ ။ ငါပဲ ဘိုးဘွားတွေ အတွက် လှူလိုက်မယ် ” ဟု ဆိုသည် ။ ဒါကို ကျွန်တော်က ငြိမ်မနေဘဲ “ ဟုတ်တယ် ။ ဘိုးဘွားတွေ က အဖေတို့ အလှူအတွက် ဂုဏ်ယူနေမှာပါ ” လို့ ဝင်ပြော လိုက်မိတော့ မိုးမွှန်အောင် ကျွန်တော့်ကို ဆဲတော့သည် ။ ဦးလေးကိုပေါက်က ထိုနေ့ ညနေမှာပဲ ပျောက်သွားကာ ရွာဘက်ရှိ ဘုန်းကြီး ကျောင်းတစ် ကျောင်း၌ ရဟန်းခံ သွားသည် ။ ဘာပဲ ပြောပြော ကျွန်တော်တို့ ဇရပ် မီးရှို့မှုမှာ ဦးလေးကိုပေါက် ဇိုးသမားက ကျွတ်ပြီး ဘုန်းကြီးဝတ်သွားတာက အမြတ် ။ ဇရပ်ကို မီးရှို့တာ ကျွန်တော်တို့ကြောင့် ဆိုတာ ဘယ်သူမှ မသိကြဘူး ။ ဂရုမပြုမိကြဘူး ။ တောမီးလို့ပဲ ထင်ကြတာ ။ဒါပေမဲ့ သိသည့်သူ တစ်ဦးက ရှိနေ၏ ။ ထိုသူက ဘုန်းကြီးကျောင်းက ကပ္ပိယကြီး ။ ကျွန်တော်တို့ အားလုံးထဲက ကျွန်တော် တစ်ယောက်ကိုပဲ သူက သိနေတာ ။ ကပ္ပိယကြီးက ကျွန်တော့်ကို သိနေသည် ။ TV မှာ သီချင်းဆိုတဲ့ ကောင်လေး ပါတယ်လို့ သူက ဝင်ပြောသောကြောင့် သဲလွန်စ ရသွားခြင်းလည်း ဖြစ်သည် ။
TV မှာ သီချင်းဆိုသည့် ကောင်လေး ဆိုတော့ တစ်မျိုး ဖြစ်သွား၏ ။ နောက်တော့မှ ပွဲတော်မှာ သီချင်းဆိုသည့် ကျွန်တော် ဆိုတာ သဘောပေါက်သွား၏ ။ ပုံစံနှင့်အနေအထားကို ပြောတော့ ဒီမြို့မှာ TV သီချင်းဆို တာဆိုလို့ ကျွန်တော် တစ်ယောက်တည်းပဲ ရှိတာကိုး ။
ဒါကြောင့် ကျွန်တော့်ကို တန်းပြီး လာဖမ်းခြင်းဖြစ်သည် ။
ထိုနေ့မှစပြီး ကျွန်တော့် နာမည် “ အောင်သူထက် ” ထက် “ ဇရပ်ဒကာ ” ဆို လူတိုင်း သိ၏ ။ အခုတော့ အဖေက ကုသိုလ်ရတာကိုတောင် ဒေါသက ထွက်နေသေးသည် ။ ဘိုးဘွားဝိညာဉ်တွေက သူတို့အတွက် ရည်စူးပြီး ဇရပ် အသစ်ကလေး ရေစက်ချ အလှူဒါနကို ဘယ်လောက်တောင် ကျေနပ်နေလိမ့်မလဲ ။ အဖေ အခုလို ဒေါသထွက်ပြီး တရှူးရှူး လုပ်နေတာကို သူတို့က မြင်တွေ့နေရလျှင် စိတ်ကောင်းမည်မဟုတ် ။ စိတ်သောက ရောက်နေမည်မှာအမှန် ။
ကျွန်တော်ကတော့ ဘိုးဘွားတွေ အတွက် ရည်စူးပြီး တည်ဆောက်ထားသော သွပ်တပြောင်ပြောင်ဖြင့် သစ်လွင်နေသော ဇရပ်အသစ်ကြီးကို ကြည့်လျက် သူငယ်ချင်း ဘော်ဒါ အပေါင်းဖြင့် ကမ္ပည်းစာတန်းကို ချိတ်လိုက်သည် ။ စတီးဘုတ်ကြီးဖြင့် ခံ့ညားလျက် ။
“ ဘိုးဘွားများအား ရည်စူး၍ တစ်မျိုးလုံး ဝိုင်းလှူကြသည့် အောင်သူထက် ကောင်းမှု ” ဆိုသော စာတန်းကြီးသာ မျက်လုံးထဲက တခြားစာသားများကို ပြောင်းပြီး အစားသွင်းဖတ်နေမိပါ သည် ။ ဇရပ်ဒကာ အောင်သူထက် လို့သာ ကမ္ပည်းတင်လိုက်လျှင် အဖေ ကျွန်တော့်ကို ဘယ်လောက်များ ဆဲဆို ကြိမ်းမောင်းလိုက်မလဲဟု တွေးရင်း ဘုန်းကြီးကျောင်း နား ရောက်နေပြီ ဖြစ်သော အဖေ့ကို လှမ်းကြည့်ကာ ကြောက်ဒူးတုန်ရင်း ပြုံးနေမိ ပါတော့သည် ။
▢ တိုးနှောင်မိုး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၄ ၊ ဩဂုတ်

No comments:
Post a Comment