Saturday, December 13, 2025

သစ်ခုတ်သမား နှင့် ဖိနပ်ဆန်းကလေး

 

❝ သစ်ခုတ်သမား နှင့် ဖိနပ်ဆန်းကလေး ❞
               ( ပုံပြင် )

တရံရောအခါ ရွာကလေး တစ်ရွာတွင် ရွာသူကြီး တစ်ဦးက အုပ်ချုပ်၍ နေထိုင်ကြ၏ ။ ရွာသူကြီး၏ ဇနီးမှာ သေဆုံးပြီဖြစ်ရာ ရွာသူကြီးသည် နောက်ထပ် အိမ်ထောင် မပြုတော့ဘဲ ကျန်ရစ်သော သမီးချောလေးနှင့်အတူ နေထိုင်၍ ရွာသူရွာသားများအား အုပ်ချုပ် နေထိုင်လေ၏ ။ သူကြီးအုပ်ချုပ်သော ရွာကလေးတွင် မိဘမဲ့ လုလင်ပျိုလေးတစ်ဦး ရှိရာ ၎င်းအား သူကြီးက ခေါ်ယူ၍ အိမ်တွင် ထင်းခွေ ၊ ရေခပ် ၊ နွားကျောင်း စသည့် အလုပ်များကို လုပ်စေလေ၏ ။ နွားကျောင်းသား လုလင်ပျိုလေးနှင့် သူကြီးသမီးချောလေးတို့သည် တစ်ဦးနှင့်တစ်ဦး ချစ်ကြိုက်နေကြသော်လည်း ရွာသူကြီးအား ကြောက်ရွံ့သဖြင့် တစ်ယောက်နှင့် တစ်ယောက် တစ်ခါမျှ စကားမပြောဖူးကြပေ ။

တစ်နေ့သ၌ ရွာသူကြီးသည် လုလင်ပျိုလေးအား တောသို့သွား၍ ထင်းခုတ်ရန် စေ ခိုင်းလိုက်လေ၏ ။ လုလင်ပျိုလေးသည်လည်း ထင်းခုတ်ရန်အတွက် ပုဆိန်တစ်ချောင်းနှင့် ဓားတစ်ချောင်းကို ယူ၍ တောသို့ ထွက်လာခဲ့ရာ လမ်းတွင် ဟောင်းနွမ်းသော ဖိနပ်တစ်ရံကို တွေ့ရှိရလေ၏ ။ လုလင်ပျိုလေးသည် ပိုင်ရှင်မဲ့ ဖြစ်နေသော ဖိနပ်ကို ခြေထောက်တွင် စွပ်၍ တောသို့ ထွက်၍ ထင်းများကို ခုတ်လှဲပြီး ညနေစောင်းတွင် ပြန်လာခဲ့လေ၏ ။

ထင်းခုတ်သမားလေးသည် ထင်းစည်းကို ထမ်း၍ လာရသဖြင့် မောပန်းလှသော ကြောင့် လမ်းဘေး သစ်ပင်တစ်ပင် အောက်တွင် ထင်းစည်းနှင့် ပုဆိန် ၊ ဓားတို့ကို ချကာ အမောအပန်း ဖြေနေလေ၏ ။ ထိုသို့ အမောအပန်း ဖြေနေစဉ်မှာပင် ၎င်း၏ ရှေ့တူရူမှ မြင်းများကို ကဆုန်စိုင်း၍ မောင်းနှင်လာကြသော လူတစ်သိုက်ကို လှမ်းမြင်ရလေ၏ ။ မြင်းများမှာ အကောင် ၂ဝ ခန့် ရှိလေ၏ ။ မြင်းစီးလာသူများသည် ထင်းခုတ်သမားလေး အပန်းဖြေရာ အနီးသို့ ရောက်သော် မြင်းများပေါ်မှ အသီးသီး ခုန်ဆင်းလိုက်ကြ၏ ။ မြင်းစီးသမားများမှာ ဓားပြများဖြစ်၍ ဓားကိုယ်စီ လွယ်ထားကြပြီး မျက်နှာများမှာလည်း ခက်ထန်ကြမ်းကြုတ်သဖြင့် ထင်းခုတ်သမားလေးသည် ကြောက်ရွံ့ထိတ်လန့်ကာ သစ်ပင်ကိုကွယ်၍ တစေ့တစောင်း ကြည့်ရှုနေလေ၏ ။

မြင်းစီးဓားပြများမှာလည်း မိမိတို့ မြင်းများပေါ်မှ အသီးသီး ခုန်ဆင်းကြကာ လူစုခွဲ၍ ထင်းခုတ်သမားလေး၏ ပတ်ပတ်လည်တွင် တစ်စုံတစ်ခုကို လိုက်လံ ရှာဖွေနေကြ၏ ။ ၎င်းတို့ အနီးတွင် ထင်းခုတ်သမားလေး ရှိနေသည်ကိုပင် သတိမထားမိကြဟန်ဖြင့် မည်သည့် ဓားပြ တစ်ယောက်မျှ လှည့်မကြည့်မိကြပေ ။ ၎င်းတို့ အထဲမှ အကြီးအကဲ ဖြစ်ဟန် တူသော နှုတ်ခမ်းမွေးနှင့် ဓားပြဗိုလ်ကြီးကမူ ထင်းခုတ်သမားလေး ချထားခဲ့သော ထင်းစည်း ၊ ပုဆိန်နှင့် ဓားတို့ကို တွေ့ရှိသွားလေ၏ ။ ထိုသို့တွေ့လျှင်ပင် ၎င်းတို့ လည်ပင်းတွင် ချိတ်ဆွဲထားသော အချက်ပေး ဝီစီလေးကို မှုတ်လိုက်ရာ တစ်စုံတစ်ခုကို လိုက်လံ ရှာဖွေနေကြသော မြင်းစီးဓားပြများသည် ဓားပြဗိုလ်ကြီး အနီးသို့ စုပြုံရောက်ရှိလာကြ၏ ။

ဤတွင် ဓားပြဗိုလ်ကြီးက ထင်းခုတ်သမားလေး၏ ထင်းစည်း ၊ ပုဆိန်နှင့် ဓားတို့ကို လက်ညှိုး ညွှန်ပြ၍ “ ဒီအနီးအနား တဝိုက်မှာ သစ်ခုတ်သမား တစ်ယောက်ယောက်တော့ ပုန်း နေဟန်တူတယ် ၊ လူခွဲပြီး တွေ့အောင် ရှာကြစမ်းဟေ့ ” ဟု အမိန့်ပေးလိုက်ရာ မြင်းစီးဓားပြများသည် သစ်ခုတ်သမားလေးကို အနီးတွင် ထားပြီး လိုက်လံရှာဖွေကြ၏ ။

သစ်ခုတ်သမားလေးမှာလည်း အလွန်ပင် ကြောက်လန့်တုန်လှုပ်၍ နေ၏ ။ မြင်းစီး ဓားပြများသည် ၎င်းတို့ အနီးတွင် မိမိ ရှိနေပါလျက် ဘာကြောင့်များ မမြင်ချင်ယောင် ဆောင်နေကြပါလိမ့်ဟုစဉ်းစားနေမိလေ၏ ။ အမှန်မှာ မြင်းစီးဓားပြများသည်အကယ်ပင် ထင်းခုတ်သမား လေးအား မမြင်ကြခြင်းဖြစ်၏ ။ ထင်းခုတ်သမားလေး စီးထားသော ဖိနပ်ကလေးမှာ အလွန် အံ့ဩဖွယ်ကောင်းသော တန်ခိုးရှိ၏ ။ ၎င်းဖိနပ်ကို စီးသူအား မည်သူမျှ မမြင်ရဘဲ ကိုယ်ပျောက်နိုင်သော တန်ခိုးရှိလေသည် ။ ယခုလည်း မြင်းစီးဓားပြများ၏ ရှေ့မှောက်တွင် သစ်ခုတ်သမားလေး ရှိနေသော်လည်း တန်ခိုးရှင်ဖိနပ်အား စီးထားသဖြင့် သစ်ခုတ်သမားလေးမှာ ကိုယ် ပျောက်ပြီး ဓားပြများက မတွေ့ရခြင်းဖြစ်၏ ။ သို့ရာတွင် ဓားပြများကိုမူ သစ်ခုတ်သမားလေးက မြင်တွေ့နေရ၏ ။ အတန်ကြာလတ်သော် ဓားပြများသည် သစ်ခုတ်သမားလေးအား ရှာဖွေတွေ့ ရှိခြင်း မရှိကြောင်းကို ဓားပြဗိုလ်ကြီးအား ပြောကြားရာ ဓားပြဗိုလ်ကြီးကလည်း “ ရှာမတွေ့ချင်ရင်လည်း နေပါစေဟေ့ ၊ နက်ဖြန် ရွာတစ်ရွာကို ဝင်ရောက်တိုက်ခိုက်ဖို့ တိုင်ပင်စရာ ရှိသေးတယ် ၊ တို့စခန်းကို သွားကြစို့ ” ဟု ပြန်ပြောပြီး လမ်းဘေးတွင် ရှိသော ကြီးမားသော ကုက္ကိုပင်ကြီး တစ်ပင်အား လက်ဖြင့် ( ၇ ) ချက်တိတိ ခေါက်လိုက်လေ၏ ။ ထိုသို့ ဓားပြဗိုလ်ကြီး လက်ဖြင့် ခေါက်လျှင် ကုက္ကိုပင်ကြီးမှာ ထူးဆန်းစွာ နံဘေးသို့ ရွေ့သွားပြီး ၎င်းကုက္ကိုပင်ကြီး၏ ခြေရင်းတွင် လိုဏ်ဂူ အပေါက်ဝကြီး တစ်ခု ပေါ်ပေါက်လာရာ ဓားပြများသည် မြင်များကို ဆွဲ၍ လိုဏ်ဂူတွင်းသို့ ဝင်သွားကြ၏ ။ ဓားပြများနှင့် မြင်းများ လိုဏ်ဂူ အတွင်းသို့ ရောက်သော် ၎င်းကုက္ကိုပင်ကြီးမှာ မူလ နေရာအတိုင်း ပြန်လည် ရွေ့လျားလာပြီး လိုဏ်ဂူ အပေါက်ကြီးကို ပိတ်လိုက်လေ၏ ။

၎င်းအဖြစ်အပျက်များကို ချောင်း၍ ကြည့်ရှုနေသော သစ်ခုတ်သမားလေးသည် ၎င်း ကုက္ကိုပင်ကြီးကို လက်ဖြင့် ( ၇ ) ချက်တိတိ ခေါက်၍ ဖွင့်ပြီး လိုဏ်ဂူကြီး အတွင်းသို့ ဝင်လိုက်သွားလေ၏ ။ အခန်းတစ်ခုသို့ ရောက်သော် အဖိုးတန် စိန်ရွှေရတနာ လက်ဝတ်လက်စားများနှင့် ဓားပြများ စားသောက်ရန် ဆန်အိတ်များ ၊ ဆီပုံး ၊ ငံပြာရည်ပုံးစသည့် ရိက္ခာများ စုပုံထားသည်ကို တွေ့ရ၏ ။ ထို့ပြင် စားပွဲဝိုင်း ပတ်ပတ်လည်တွင် ဓားပြများစုထိုင်၍ တိုင်ပင်နေကြသည်ကိုပါ တွေ့ ရှိရလေ၏ ။ ဓားပြများကမူ သစ်ခုတ်သမားလေး ၎င်းတို့ လိုဏ်ဂူတွင်းသို့ ဝင်ရောက်လာသည်ကို မသိရှိကြပေ ။

ဓားပြဗိုလ်ကြီးသည် စားပွဲထိပ်မှ ထ၍ ၎င်းတို့၏ အကြံအစည်ကို ပြောပြနေသေး၏ ။ ဓားပြဗိုလ်ကြီးက ပြောကြားရာတွင် “ ရွာသူကြီးက ချမ်းသာတယ်လို့ သတင်းရတယ် ၊ နောက်ပြီး သူ့မှာ သမီးချောလေး တစ်ယောက်လည်း ရှိသတဲ့ ၊ ဒီနေ့ည အဲဒီ ရွာကို ဝင်စီးပြီး မင်းတို့ လိုချင်တာ ကြိုက်တာယူကြပေတော့ ၊ ငါ့အဖို့တော့ သူကြီးသမီး အချောအလှကလေးကို ရရင် တော်ပြီဟေ့ ” လို့ ဓားပြငယ်သားများကို ပြောသံ ကြားရသော ထင်းခုတ်သမားလေးသည် လိုဏ်ဂူတွင်းမှ ထွက်၍ ရွာဆီသို့ သုတ်ခြေတင် ပြေးလေတော့၏ ။ ဤသို့ မနားတမ်း ပြေးလေလတ်သော် ရွာအဝင်ပေါက်သို့ အရောက်တွင် သစ်ခုတ်သမားလေး၏ ဖိနပ်ကြိုးမှာ ပြတ်သွားသဖြင့် ဖိနပ်နှစ်ဖက်ကို ခါးကြား ထိုးကာ ရွာတွင်းသို့ ဝင်ခဲ့လေ၏ ။ ရွာသူကြီး အိမ်သို့ ရောက်သော် ၎င်း မြင်တွေ့ခဲ့ရသော အဖြစ်အပျက်များနှင့် ဓားပြများ၏ အကြံအစည်ကို သတိပေး ပြောကြားရာ ရွာသူကြီးက မယုံကြည်ဘဲရှိလေ၏ ။

ထိုနေ့ညမှာပင် ဓားပြများသည် သစ်ခုတ်သမားလေးတို့ ရွာအား ဝင်ရောက် တိုက်ခိုက်ပြီး ရွာသူရွာသားများ၏ ပစ္စည်းများနှင့် ရွာသူကြီး၏ သမီးလေးကို ခေါ်ဆောင်သွားလေတော့၏ ။ သစ်ခုတ်သမားကလေး လည်း ရွာသူကြီးအား မည်သို့မျှ ပူပင်စိုးရိမ်စရာ မရှိကြောင်း ၊ မိမိကိုယ်တိုင် လိုက်၍ ကယ်တင်မည်ဖြစ်ကြောင်းများကို အားပေးစကား ပြောကြားကာ မနေ့က ပြတ်သွားသော ဖိနပ်သဲကြိုးကို ဆက်၍ စီးပြီးလျှင် ပုဆိန်ကို ဆွဲ၍ ညတွင်းချင်းပင် တောဘက်သို့ အလျင်အမြန် ပြေးခဲ့လေတော့၏ ။

သစ်ခုတ်သမားလေးသည် ကုက္ကိုပင်ကြီး အနီးသို့ ရောက်လတ်သော် လက်ဖြင့် ( ၇ ) ချက်ခေါက်၍ လိုဏ်ဂူကြီး အတွင်းသို့ ဝင်ရောက်ခဲ့လေ၏ ။ လိုဏ်ဂူကြီးအတွင်း၌မူကား ဓားပြများသည် အရက်များသောက်စားမူးယစ်ကာ အောင်ပွဲခံလျက် ပျော်မြူးနေကြ၏ ။ ရွာသူကြီး၏ သမီးလေးကိုမူ လက်ခြေများကို ကြိုးဖြင့်တုပ်လျက် မျက်နှာကိုလည်း ပုဝါဖြင့် အုပ်ကာ ချုပ်နှောင်ထားသည်ကို တွေ့ရှိရလေ၏ ။ သစ်ခုတ်သမားလေးလည်း ၎င်း တိတ်တိတ်ခိုး ချစ်နေသော ရွာသူကြီး၏ သမီးပျိုကလေး၏ အဖြစ်ကို မြင်ရသော် အလွန်ဒေါပွလျက် ပုဆိန်ကို ဝင့်လျက် ဓားပြများရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားလေ၏ ။

အကယ်၍ ဓားပြများသည် သစ်ခုတ်သမားလေးအား မြင်နိုင်တွေ့နိုင်မည်ဆိုပါက ခုခံဖမ်းဆီးသ,တ်ဖြတ်ရန် လွယ်ကူလှသော်လည်း ယခုမူ သစ်ခုတ်သမားလေးကို မတွေ့ကြရဘဲ ပုဆိန်ကြီးက လေထဲတွင် ဝင့်ဝင့်ပြီး ၎င်းတို့ဆီသို့ ဦးတည် ပြေးလာနေသည်ကို တွေ့ကြရလေရာ မကောင်းဆိုးဝါး တစ်ကောင်ကောင်က ၎င်းတို့အား လာရောက် သ,တ်ဖြတ်စားသောက်သည် ထင်၍ ကစဉ့်ကလျား ဂူအပြင်ဘက်သို့ ထွက်ပြေးကြကုန်၏ ။ ဓားပြဗိုလ်ကြီး တစ်ဦးသာ လျှင် ကျန်ရစ်ပြီး လူကို မမြင်ရဘဲ ၎င်းထံသို့ ဝင့်ဝင့်လာသော ပုဆိန်ကြီးကို ခုခံရင်း ပုဆိန်ကြီးသည် ဓားပြဗိုလ်ကြီး၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားကာ ဓားပြဗိုလ်ကြီး ကျဆုံးသွားလေတော့၏ ။

သစ်ခုတ်သမားလေးလည်း ဓားပြဗိုလ်ကြီးနှင့် တိုက်ရင်းခိုက်ရင်း ၎င်းဆက်၍ စီးလာသော ဖိနပ်သဲကြိုးမှာ တဖန် ပြတ်သွားပြန်သဖြင့် ခါးကြားတွင် ထိုးကာ ရွာသူကြီးသမီးကို ကြိုးဖြေပေး၍ ကယ်တင်ခဲ့လေ၏ ။ ရွာသို့ ရောက်လတ်သော် ရွာသူကြီးနှင့် ရွာသူရွာသားများသည် သစ်ခုတ်သမားလေး၏ အစွမ်းသတ္တိကို ချီးကျူးကြလေ၏ ။ များမကြာမီမှာပင် ရွာသူကြီးသည် သတ္တိရှင် သစ်ခုတ်သမားလေးနှင့် ၎င်း၏ သမီးအား လက်ထပ် ပေးစားလိုက်လေ၏ ။ သစ်ခုတ်သမားလေးသည် ရွာသူကြီး၏ သမီးနှင့်  အကြောင်းဆက် ပေါင်းဖက်ရအောင် အကြောင်းဖန်လာသော ၎င်း၏ ဖိနပ်ဟောင်းကလေးကို အမှတ်တရ သဘောဖြင့် သိမ်းဆည်းထားလေ၏ ။ တစ်နေ့တွင် ရွာသူကြီး၏ သမီးသည် ၎င်း ဖိနပ်အဟောင်းလေးအား တွေ့ရှိ သွားကာ ၎င်း၏ ယောက်ျားအား ဖိနပ်အဟောင်း မဝတ်စေလို၍ အဝေးသို့ လွှင့်ပစ်လိုက်လေ၏ ။ ထို့နောက် ဖိနပ်အသစ် တစ်ရံကို ၎င်း၏ လင်ယောက်ျား သစ်ခုတ်သမားလေးအား ဝယ်ပေး၏ ။ သစ်ခုတ်သမားလေး မှာလည်း ဖိနပ်အဟောင်းလေး၏ တန်ခိုးကို မသိရှာသဖြင့် ဖိနပ်အသစ် ရရှိ၍ ရွှင်လန်းဝမ်းမြောက်နေတော့၏ ။

( ဘာသာပြန် )

〇 မောင်သိန်းလှိုင် 
📖ရှုမဝ မဂ္ဂဇင်း
      ၁၉၆၄ ၊ ဇူလိုင်

No comments:

Post a Comment