❝ ဖားတစ်ပြန် မြွေတစ်ပြန် ❞
( ပုံပြင် )
ရှေးသရောအခါ ရွာတစ်ရွာ၌ မုဆိုးမသားအမိ ရှိလေ၏ ။ သမီးပျိုကလေးသည် မိခင် မုဆိုးမအား ကောင်းစွာ လုပ်ကျွေးလေ၏ ။ နေ့စဉ်အလုပ်မှ ပြန်လာလျှင် မီးဖိုသို့ ဝင်၍ မိခင် အတွက် ဆန်ပြုတ် ကျိုချက်ရသည် ။ တစ်နေ့သ၌ မိန်းမပျိုကလေးသည် မီးဖိုချောင်ထဲ၌ ဆန်ပြုတ် ကျိုနေစဉ် ဖားပြုပ် တစ်ကောင် တွား၍ ဝင်လာနေသည်ကို မြင်ရလေ၏ ။ ဖားပြုပ်သည် မီးဖိုချောင် အပြင်ဘက် ရေသွန် ရှိရာသို့ သွားကာ ဆန်ပြုတ် အစအနကလေးများကို ကောက်စား နေလေ၏ ။ မိန်းမပျိုကလေးသည် ဖားပြုပ်ကို မြင်ရသောအခါ သနားလာသဖြင့် အိမ်ထဲမှ ထမင်းကြမ်းကို ယူ၍ ပစ်ကျွေးလိုက်လေ၏ ။ ဖားပြုပ်ကလည်း ပစ်ကျွေးလိုက်သော ထမင်းကြမ်းစေ့များကို ဝမ်းသာအားရ ကောက်စားပြီးနောက် ... မပြန်တော့ဘဲ မိန်းမပျို၏ အိမ်မှာပင် နေလေ၏ ။ မိန်းမပျိုကလည်း လူနှင့် နီးကပ်စွာ ယဉ်ပါးနေသော ဖားပြုပ်အား ခင်မင်နေလေ၏ ။ နေ့စဉ် မိန်းမပျိုက မိခင်ကြီး အတွက် ဆန်ပြုတ် ကျိုပြီးလျှင် ဖားပြုပ် အတွက် ထမင်းကြမ်းစေ့များ ကျွေးလေ့ရှိလေသည် ။ ဖားပြုပ်သည် နေ့စဉ် အစာမှန်မှန် စားနေရသောအခါ ရိုးရိုးဖားပြုပ်တို့နှင့် မတူတော့ဘဲ သန်မာထွားကျိုင်းလာလေ၏ ။ မိန်းမပျို အလုပ် ထွက်သွားလျှင် သူက အိမ်စောင့်ဖော် ရလေသည် ။ လူကဲ့သို့ စကား မပြောတတ်သော်လည်း လူစကားကို နားလည် နေလေ၏ ။ ထိုအခိုက်မှာ ရွာတစ်ဝိုက်၌ မြွေတစ်ကောင် သောင်းကျန်းလာလေ၏ ။ မြွေသည် အကောင်အထည် အလွန်ကြီးသဖြင့် ဘယ်သူကမျှ မနိုင်ချေ ။ အချိန်မှန်မှန် ရောက်လာတတ်၍ ရွာထဲမှ ဟင်းရွက်ခင်းများနှင့် ကလေးငယ်များကို ကိုက်ချီ ဖျက်ဆီးသွားတတ်သည် ။ ရွာသူရွာသားတို့သည် ထိုမြွေဆိုး ရောက်လာမည်ကို စိတ်တထင့်ထင့်နှင့်ပင် နေထိုင်ကြရလေသည် ။ ဤသို့ဖြင့် တစ်နှစ်ကျော် သွားလေ၏ ။ ရွာရှိလူများသည် ကြာသော် မခံနိုင်ကြတော့ဘဲ မြွေပြန် သွားရာသို့ နောက်ယောင်ခံ လိုက်ကြည့်ကြသောအခါ အလွန်နက်သော တောထဲ၌ ကျောက်ဂူကြီးမှာ နေ၍ ညအခါမှသာ ရွာထဲသို့ ရောက်လာ၍ နှောင့်ယှက်လေ့ ရှိကြောင်းကို သိကြရလေ၏ ။ ထိုအခါ ရွာထဲမှ လူများက စည်းဝေးတိုင်ပင်ကြပြီးလျှင် လက်တည့်သော လေးသမားတို့အား မြွေဆိုးရန်ကို တိုက်ခိုက်ခိုင်းကြရလေ၏ ။ လေးသမားတို့လည်း တောထဲသို့ နောက်ယောင်ခံ၍ လိုက်သွားကြသောအခါ မြွေက လျင်မြန်စွာ သူနေသော ကျောက်ဂူထဲသို့ ဝင်၍ ပျောက်ကွယ်သွားလေ့ ရှိသဖြင့် ကျောက်ဂူထဲသို့ မည်သူမျှ မလိုက်ဝံ့ကြတော့ဘဲ အရင်က ကဲ့သို့ပင် မြွေဆိုး၏ ရန်ကို ဆက်လက်၍ ခံမြဲ ခံနေကြရလေတော့သည် ။
တစ်နေ့သ၌ ထိုရွာထဲမှ မိန်းမပျိုကလေးသည် မိခင် သေဆုံးသွားသဖြင့် ဖားကိုပင် အဖော်ပြုကာ နေထိုင်ရလေ၏ ။ သူသည် ရွာထဲ၌ မြွေဆိုးရန်ကြောင့် လူများ သေကျေပျက်စီး ကုန်ကြသည်ကို သိရလေ၏ ။ နေ့စဉ်ပင် ရွာထဲမှ လူတို့သည် မြွေဆိုးရန်ကြောင့် ငိုကြွေးလျက် ရှိသည်ကို မြင်ရသောအခါ မြွေဆိုးရန်မှ မည်ကဲ့သို့ လွတ်အောင် ပြုလုပ်ရမည်ကို စဉ်းစားလျက် ရှိလေ၏ ။ မိန်းမပျိုကလေးသည် လုပ်ကျွေးစရာ မိခင်လည်း မရှိတော့သဖြင့် သူ့ကိုယ်သူ အနစ်နာခံ၍ ရွာထဲက လူများ အသက်ကို ကယ်တင်မည်ဟု စိတ်နှလုံး ဆုံးဖြတ်လိုက်ပြီးလျှင် မြွေဆိုးရှိရာ ကျောက်ဂူသို့ သွားရန် ပြင်ဆင်လေ၏ ။ သူသည် မသွားခင် ည၌ မိတ်ဆွေဖားပြုပ်ကို ခေါ်ပြီးလျှင်..
“ အသင်ဖားပြုပ် ၊ ယနေ့သည် အသင်နှင့် ကျွန်ုပ် နောက်ဆုံးတွေ့ ကြရခြင်းဖြစ်သည် ။ ကျွန်ုပ် မရှိလျှင် အသင်လည်း ဝမ်းစာအတွက် ရွာထဲသို့ ထွက်၍ ရှာဖွေပါလေတော့ ။ ကျွန်ုပ်မှာ တစ်ရွာလုံး၏ ဒုက္ခကို ကယ်တင်ရန် အတွက် တောထဲမှာ ရှိသော မြွေဆိုး၏ ကျောက်ဂူသို့ ယနေ့ ည သွားရပါမည် ” ဟု ပြောပြပြီးနောက် ထွက်လာခဲ့လေ၏ ။
ဖားပြုပ်လည်း လူစကားကို နားလည် နေသဖြင့် သူ့သခင် မိန်းမပျိုကလေးအား အောက်မေ့လျက် ကျန်ရစ်ခဲ့ရလေ၏ ။ မိန်းမပျိုကလေးလည်း တောထဲသို့ ရောက်သောအခါ မြွေဆိုး ရှိသော ကျောက်ဂူကို လိုက်ရှာလေ၏ ။ မြွေဆိုး၏ ကျောက်ဂူသည် တိတ်ဆိတ်လျက်ရှိလေ၏ ။
မိန်းမပျိုကလေးက ကျောက်ဂူ အပေါက်ဝသို့ မကြောက်မရွံ့ သွား၍ ရပ်ကာ “ အသင်မြွေကြီး ၊ ကျွန်ုပ်ကို မျိုပါ ၊ ကျွန်ုပ်တို့ ရွာသားများကို ချမ်းသာပေးပါ ” ဟု ပြောလေ၏ ။ ကျောက်ဂူ ထဲမှ ဘာသံကိုမျှ မကြားရဘဲ တိတ်ဆိတ်လျက် ရှိလေ၏ ။ ညအတော် မှောင်လာသောအခါ ကျောက်ဂူကြီးသည် တုန်လှုပ်ကာ အထဲမှ အလင်းရောင် ပေါ်လာလေ၏ ။ ထိုအရောင်ကား မြွေဆိုးကြီး၏ ပါးပျဉ်းမှ ထွက်လာသော အရောင် ဖြစ်သဖြင့် မိန်းမပျိုကလေးက ကြည့်လိုက်သောအခါ၌ ဂူထဲမှ ထွက်လာနေသော ပါးပျဉ်းနီနီနှင့် မြွေဆိုးကြီးအား မြင်ရလျှင် သတိမေ့ကာ လဲကျသွားလေ၏ ။ မြွေဆိုးကြီးသည် ပါးစပ်ထဲမှ အရောင် တလက်လက်ဖြင့် မိန်းမပျိုကလေး ရှိရာသို့ တိုးလာစဉ် ရုတ်တရက် သူကဲ့သို့ပင် ဝင်းလက်သော အရောင်ကြီး တစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရလေ၏ ။ မြွေကြီးလည်း သူ့အနားသို့ ရောက်လာနေသော ရန်သူအား တိုက်ခိုက်ရန် ပိုမို၍ အရောင်ကို လွှတ်လေ၏ ။ သူ့ထံသို့ ရောက်လာနေသူကား မိန်းမပျိုကလေး အိမ်မှာ နေသော ဖားပြုပ် ဖြစ်လေ၏ ။ ဖားပြုပ်သည် မိန်းမပျိုကလေး နောက်သို့ တိတ်တဆိတ် လိုက်လာရာ မြွေကြီး၏ ကျောက်ဂူသို့ ရောက်လာလေ၏ ။ မိန်းမပျိုကလေး လဲကျနေသည်ကို မြင်ရသော အခါ၌ မြွေကြီးနှင့် တိုက်ခိုက်ရန် အသင့်ပြင်လိုက်လေ၏ ။ ဖားနှင့် မြွေတို့သည် အချိန်အတန် ကြာမျှ တိုက်ခိုက်ရင်း နောက်ဆုံး၌ မြွေကြီး ရှုံးသွားလေတော့သည် ။ မြွေကြီး လဲကျသေဆုံး သွားပြီးနောက် မကြာခင်မှာပင် ဖားလည်း အားကုန်ကာ လဲကျသွားလေတော့သည် ။
နောက်မနက်၌ ရွာထဲမှ လူများသည် မိန်းမပျိုကလေး ပျောက်၍ လိုက်ရှာကြရာ မြွေကြီးနှင့် ဖားတို့ အနီး၌ သတိမေ့ကာ လဲကျနေသော မိန်းမပျိုကလေးအား မြင်ကြရလေ၏ ။ သူတို့သည် မိန်းမပျိုကလေးအား အိမ်သို့ ယူဆောင်ကာ ဆေးကုသကြလေ၏ ။ မကြာခင်မှာပင် မိန်းမပျိုကလေး ကျန်းမာလာလေ၏ ။ ထိုအခါမှစ၍ မိန်းမပျိုကလေး၏ ရဲရင့်သော သတ္တိနှင့် သူတစ်ပါးအား အနစ်နာခံ၍ ကူညီလိုက်သောအကြောင်းကြောင့် တစ်ရွာလုံးသည် မြွေဆိုးကြီး ဘေးရန်မှ လွတ်ကာ အေးချမ်းသာယာစွာ နေနိုင်ကြလေတော့သည် ။
( ဘာသာပြန် )
〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၄ ၊ ဧပြီ
No comments:
Post a Comment