Sunday, December 21, 2025

ပုံရိပ်ယောင်လမ်း


 

❝ ပုံရိပ်ယောင်လမ်း ❞
    ( မြစ်ကျိုးအင်း )

စာရေးနေရင်းနဲ့ နာရီကို မော့ကြည့်တော့ မနက် ဆယ်နာရီကျော်ကျော်ပဲ ရှိသေးတယ် ။ အမေက ဘုရားဆွမ်းတော် ကပ်ပြီး ဘုရားရှိခိုးနေတော့ တစ်အိမ်လုံးက တိတ်တိတ်ဆိတ်ဆိတ်ပဲ ။ ဒီနှုန်းအတိုင်းသာဆို နောက် တစ်နာရီ မကြာခင် သူ့စာမူ ပြီးသွားနိုင်တယ်လို့ စာရေးဆရာ တွေးမိလိုက်တယ် ။ မနေ့ကတည်းက ဇာတ်အိမ်တည်ပြီး တောက်လျှောက် ရေးထားတဲ့ စာမူကို ဒီမနက်ပိုင်း အပြီးသတ် ဆက်ရေးမယ်လို့ ဆုံးဖြတ်ပြီး မနက်ပိုင်း ကတည်းက စာရေးစားပွဲမှာ ထိုင်နေတာ ခုဆို အပြီးသတ်နီးနီးအထိ ရောက်လာတယ် ။ ပြောရရင် ဒီစာမူက သူ ရေးခဲ့တဲ့ သက်တမ်းတစ်လျှောက် အမြန်ဆုံး ပြီးတဲ့ စာမူလို့တောင် တင်စားလို့ ရတယ် ။ ရေးတဲ့အချိန် ဈာန်ဝင် နေတာကလည်း တစ်ကြောင်း ဆိုပေမဲ့ စာမူကိုက ရေးလို့ သွက်တဲ့ ဇာတ်လမ်းမျိုး ဖြစ်နေတော့ ခေါင်းထဲက ထွက်ကျလာတဲ့ စာကြောင်းတွေကိုတောင် လက်က မိအောင် မနည်း လိုက်ရေးနေရတယ် ။

ဇာတ်လမ်းက သွက်တယ် ။ ဇာတ်အရှိန် အနိမ့်အမြင့်တွေ ပါတယ် ။ စာဖတ်သူ စိတ်နှလုံးကို ဆွဲငင်မယ့် အလှည့်အပြောင်းတွေ ပါတယ် ။ ဖတ်ရင်းနဲ့ ကျေနပ်အားရစေမယ့် အခန်းတွေ ပါ တယ် ။ အထူးသဖြင့် ကိုတိုးကြီး ကြိုက်မယ့် ဇာတ်လမ်းမျိုး ။ ဒါ အဓိက အရေးကြီး ဆုံး အချက်ပဲ ။ ကိုတိုးကြီး ဆိုတာ နယ်ကြိုက်ဇာတ်ကားတွေနဲ့ အောင်မြင်စ,ပြုနေတဲ့ ဒါရိုက်တာ တစ်ယောက်ပါ ။ သူ့စာမူ အတိုင်းကို ကိုတိုးကြီး က ဝယ်ပြီး ဇာတ်ကား ရိုက်လေ့ ရှိသလို တစ်ခါတလေ ဇာတ်ကျောရိုးလေးတွေ ပေးပြီးလည်း ရေးခိုင်းတတ် ပြန်တယ် ။ မရှက်တမ်း ဝန်ခံရရင် သူ့စာမူတွေက စာအုပ် အဖြစ်နဲ့ အောင်မြင်မှုတော့ သိပ်မရရှာဘူး ။ ဇာတ်တွေက အတွင်းထဲထိ မရောက်ဘူး ဆိုလား ၊ အပေါ်ယံလောကကို ကိုယ်စားပြုလွန်းတယ် ဆိုလား ဝေဖန်ကြတာတွေတော့ ဖတ်ရဖူးတယ် ။ ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး ။ သူ အခုနောက်ပိုင်း စာရေး ကတည်းက ဇာတ်ညွှန်း ခွဲလို့ ကောင်းအောင် ၊ ဒါရိုက်တာ ရိုက်ကူးလို့ အဆင်ပြေအောင် ရေးဖြစ်နေတယ် ။ ဒါကိုလည်း ကိုတိုးကြီးက သဘောကျတယ် ။ အားပေးတယ် ။

“ သိပ်ရှုပ်ရှုပ်ယှက်ယှက် မလုပ်နဲ့ဗျာ ။ မြန်မြန်ရိုက်လို့ ရပြီး နေရာ အနေအထား တကူးတက ရှာရိုက်စရာမလိုဘဲ ခပ်သွက်သွက် ရိုက်လို့ရမယ့် ဇာတ်မျိုးပဲ ရေးဗျာ ” တဲ့လေ ။ ဆိုတော့ကာ သူကလည်း ခပ်သွက်သွက် ရေးတယ် ။ ကိုတိုးကြီး ကလည်း ခပ်သွက်သွက် ရိုက်တယ် ။ ဒီတော့ သူတို့နှစ်ယောက် အဆင်ပြေတယ် ဆိုပါစို့ ။

အခု ဒီဇာတ်လမ်းလည်း ကိုတိုးကြီး ကြိုက်မယ်ဆိုတာ မြေကြီး လက်ခတ်မလွဲ သိနေတယ် ။ စာရေးနေရင်းနဲ့တောင် ဘယ်အခန်းဆို ကိုတိုးကြီး ဘယ်လိုရိုက်မယ် အထိပါ သူ တွေးမိနေတဲ့အထိပဲ ။ ဇာတ်လမ်းက အချစ်ဇာတ်လမ်း ။ ဖတ်ကောင်း ကြည့်ကောင်းအောင် လောကဓံ အနိမ့် အမြင့်တွေနဲ့ ရောမွှေထားတဲ့ အချစ်ဇာတ်လမ်းလေးပါ ။ သူ အခု ရေးနေတဲ့ ဇာတ်ဝင်ခန်းက မင်းသား ကျောက်တူးရာက ပြန်လာတဲ့ အခန်းပဲ ။ သိပ်ကို ရေးလို့ ကောင်းလွန်းတဲ့ အခန်း ဆိုတော့ သူ ပီတိဖြစ်ရ တယ် ။ ပီတိဖြစ်ဆို ဒီအခန်းထိ ရောက်လာအောင် ရှေ့မှာ အနိမ့်အမြင့်တွေ လောကဓံ တွေကို တောက်လျှောက် ဖွဲ့ခဲ့ရတာလေ ။ အခုကစပြီးတော့ ဇာတ်အဆုံးသတ်အထိ အေးဆေး ရေးသွားလို့ ရပြီ ။ သက်သောင့်သက်သာစိတ်နဲ့ ခါးကြောလျှော့တယ် ။ ရေထ, သောက်တယ် ။ ဆေးပေါ့လိပ်လေး သုံးလေးဖွာ ရှိုက်ရင်း ရေးပြီးသမျှ ဘာလိုဦးမလဲ ပြန်တွေးကြည့်မိတယ် ။

ဇာတ်လမ်းက အချစ် ဇာတ်လမ်း ။ ချစ်သူနှစ်ယောက်မှာ ကောင်မလေးက ချမ်းသာတယ် ။ ကောင်လေးက ဆင်းရဲတယ် ။ ချမ်းသာတဲ့ ကောင်မလေး အမေကိုတော့ မာနခပ်ကြီးကြီးပုံစံ သူ့သမီးနဲ့ ဘယ်သူမှ မတူမတန်သလို ဆက်ဆံတတ်တဲ့စရိုက်မျိုး ဖန်တီး ပေးထားတယ် ။ ဒါမှ ဇာတ်နာမှာလေ ။ ဒါတွေက အမြဲ မြင်နေရတာ ဆိုတော့ ဒီလို စရိုက်မျိုး ဖန်တီးဖို့က သိပ်မခက်ပါဘူး ။ ပိုသေချာ အောင်လို့ မင်းသားကို မင်းသမီးအမေက လူကြားထဲမှာ ပါးတစ်ချက်လောက် ရိုက်ခိုင်းထားသေးတယ် ။ ဒါနဲ့တင် အားမရသေးလို့ မင်းသမီးရဲ့အစ်ကိုဝမ်းကွဲတွေက ထိုးကြကြိတ်ကြတယ် ။ မင်းသားက လက်တုံ့ပြန်ချင်ပေမဲ့ သူ့ချစ်သူကောင်မလေးရဲ့ဆွေမျိုးတွေ ဆိုတဲ့ အသိနဲ့ သည်းခံပြီး ထွက်သွားပေးလိုက်တယ် ။ အဲဒီမှာ ဇာတ်က စ , နာတော့တာပဲ ။ ဇာတ်လမ်းကို ဗီဒီယို အဖြစ် ရိုက်ကူးပြီးရင် ကြည့်သူတွေ စာဖတ်သူတွေလည်း မင်းသားကို သနားစိတ်တွေ ဝင်သွားပြီ ။ ဒါ အဓိကအချက်ပဲ ။ ဇာတ်ကောင်နဲ့ ပရိသတ် တစ်သားတည်း ဖြစ်သွားပြီ ဆိုရင် ဇာတ်လမ်းထဲ အားလုံး ဈာန်ဝင်စားသွားပြီ ။

အခန်းထဲ အပိတ်ခံထားရတဲ့ မင်းသမီးကလည်း အပြင်ကို ထွက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားတာကိုပါ ထည့်ရေးထားတယ်ဆိုတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ခိုင်မြဲပုံက တော်တော်ပေါ်လွင် သွားပြီး ဇာတ်အရှိန်ကို ထပ်တင်ချင်လို့ မင်းသမီးကို အိမ်က ခိုး ထွက်လာတဲ့ အခန်းလေးပါ ထည့်ရေးထားတယ် ။ မင်းသားကို မင်းသမီးရဲ့အိမ်နားမှာ စောင့်နေခိုင်းပြီး မင်းသမီးက ညသန်းခေါင်မှာ ခိုးထွက်လာတာ ။ ခိုးထွက်လာမယ့် မင်းသမီးကို စောင့်မျှော်နေတဲ့ မင်းသားရဲ့ စိတ်လှုပ်ရှားနေတဲ့ အဖြစ်ကို မြင်စေပြီး ပရိသတ်ကို ရင်ခုန်စေမယ် ။ ဒါပေမဲ့ မင်းသမီးထွက်လာ တာကို သူ့အိမ်က သိသွားပြီး မင်းသားကို ရန်ရှာခံရတာ ဖန်တီးထားလိုက်တယ် ။ အခုမှ ဇာတ်က အစပဲ ရှိသေးတာ ဆိုတော့ ပေးပေါင်းလို့မှ မဖြစ်တာ ။ ဒီတစ်ခါလည်း မင်းသားက အထိုးအကြိတ် ခံရ ၊ မတူမတန်သလို အပြောအဆို ခံလိုက်ရပြန်တယ် ။ ဒီလောက်ဆို လုံလောက်ပြီပေါ့ ။ တကယ့် အခန်းက အဲဒီ နောက်ပိုင်းမှ လာမှာ ။ နောက်တစ်နေ့က စ , ပြီး မင်းသားက ရပ်ကွက်ထဲ ကနေ ပျောက်သွားတယ် ။ သူ ထွက်သွားတာက ဖားကန့်ရတနာမြေ ကို ။ သူ့ကို ကျောက်သွားတူးခိုင်းလိုက်တယ် ။ မြန်မြန် ချမ်းသာမယ့် အကွက်က ဒါပဲ ရှိတာ မဟုတ်လား ။ ဘိန်းဖြူ ရောင်းခိုင်းရင်တောင် ရဲဖမ်းတဲ့အခန်းနဲ့ ပြန်ပိတ်ပေးနေရမှာ
ဆိုတော့ ကျောက်သွားတူးခိုင်းတာထက် ကောင်းတဲ့ ဇာတ်ကွက်မျိုး မရှိဘူးလေ ။ ကျောက်တူးတာတွေကိုလည်း မေးထားမြန်းထားပြီးပြီဆိုတော့ ဇာတ်လမ်းထဲ ဆီလျော်အောင် ထည့်ရေးထားလိုက်တယ် ။ အစပိုင်းတော့ မင်းသားကို နည်းနည်း ဒုက္ခခံ ခိုင်းထားတယ် ။ ငတ်တာ ပြတ်တာတွေ ၊ အထင်လွဲရန်ရှာခံရတာတွေ ဖန်တီးထားတယ် ။ ရေးရင်းနဲ့ စိတ်ကူးရလို့ ကျောက်တွင်းပိုင်ရှင်မှာ သမီးတစ်ယောက်ရှိတယ်ဆိုတဲ့ အကြောင်းကို ထပ်ဖြည့်လိုက်နိုင်တာကို ပိုပြီး ကျေနပ်သွားမိတယ် ။

ထုံးစံအတိုင်း ကျောက်တွင်းပိုင်ရှင်သမီးက မင်းသားကို တစ်ဖတ်သတ် သံယောဇဉ်တွေ ဖြစ် ၊ ဂရုစိုက် အလေးအနက်ထားတာတွေ ထည့်ရေးပေးလိုက်တော့ သုံးပွင့် ဆိုင် အချစ်ဇာတ်လမ်းပုံစံ အထိပါ ဖြစ်သွားစေတယ်လေ ။ ဒါတွေက ဇာတ်အရှိန် မြင့်တဲ့ အခန်းတွေလို့ စာရေးဆရာ သတ်မှတ်ထားမိတယ် ။ သူ့ကို သံယောဇဉ် ကြီးတဲ့ ကျောက်တွင်းပိုင်ရှင်သမီးကို မင်းသားက အဲဒီ သံယောဇဉ်တွေကို မသိချင်ယောင်ဆောင်ပြီး အလုပ်ကိုပဲ ကြိုးစားလုပ်ရင်း ၆ လ ဒါမှမဟုတ် ၁ နှစ်လောက်မှာ ကျောက်အောင်သွားတယ် ။ အဲဒီအခန်းက ပရိသတ်တွေကို တက်ကြွစေမယ့် အခန်းမျိုးပဲ ။ မင်းသားနဲ့ အတူ တောက်လျှောက် စိတ်မောခဲ့ ရသမျှ သူတို့လည်း ပျော်ကြပေါ့ ။ ပရိသတ်တွေကလည်း သိပ်မညံ့ပါဘူး ။ ဗီဒီယိုဇာတ်လမ်းတွေထဲမှာ မင်းသားက ကျောက်သွားတူးတာကို ဖော်ပြထားရင် နောက်ပိုင်းမှာ ကျောက်အောင်မှာကို အလိုလို သိနေပြီးသားပဲ ဆိုတော့ ကိုယ့်ဇာတ်လမ်းက ထွေထွေထူးထူး ထောက်ပြစရာ မရှိ ဘူးလို့လည်း ထင်ပါတယ် ။

ပြီးရင် ကားအကောင်းစား စီး ၊ ငွေထုပ် ပိုက်ပြီး ပြန်လာမယ့် မင်းသားက မင်းသမီး အိမ်ရှေ့ကို ရောက်လာတယ် ။ သူဌေး ဆိုတာ သိသာ အောင်လို့ မျက်မှန်အနက် တပ်ထားပေးတယ် ။ မျက်မှန်

အနက် တပ်ပြီး Coke ဘူး ကို ဖောင်းခနဲ မြည်အောင် ဖွင့်ပြရင် သူဌေး ဆိုတာ ပရိသတ် က သိနေကြပြီ ။ မင်းသား မျက်နှာကိုတော့ ခပ်တည်တည်မျက်နှာထားပုံစံ ဖန်တီးတယ် ။ ပရိသတ်က မင်းသား ဘက်က ရှိတာ ဆိုတော့ ဒီလို ခပ်တည်တည် လုပ်နေလည်း အားရကြမှာပဲ မဟုတ်လား ။ ဒီအထိက ရေးပြီးသွားတဲ့ အခန်းတွေပဲ ။ ရေးပြီး သမျှ ပြန်တွေးကြည့်တော့ ထွေထွေထူးထူး ထပ်ဖြည့်စရာတော့ မရှိပါဘူး ။ ဒါနဲ့ ဖွာလက်စ ဆေးပေါ့လိပ်ကို ထပ်ဖွာရင်း ရှေ့ဆက်ရမယ့် ဇာတ်ဝင်ခန်းတွေကို အတွေးနဲ့ ကြိုဖွဲ့နေ ကြည့်လိုက်တယ် ။

အခြေအနေ ပြောင်းပြီး ချမ်းသာလာတော့ မင်းသမီး အမေက ပျာပျာသလဲ ဆက်ဆံ ပုံတွေ ၊ တစ်ချိန်လုံး သား ၊ သား လို့ ခေါ်ပုံတွေ ထည့်ရေးရမယ် ။ ပရိသတ်ကတော့ ဒီမိန်းမကြီး အခုမှ ပျာယာခတ်ပြနေတယ် ၊ အမြင်ကတ်စရာလို့ တွေးကြမှာပဲ ။ ဒီလို တွေးမှ ဇာတ်လမ်းက အောင်မြင်တာ မဟုတ်လား ။ နေဦး ၊ ပိုပြီး ဇာတ်နာသွားအောင် မင်းသား ကျောက် သွားတူးနေချိန် မင်းသမီးအိမ်ကို မီးလောင်တာ ဒါမှ မဟုတ် ဓားပြတိုက်တာ ဖန်တီးပြီး သူတို့ ဆင်းရဲသွားတယ်လို့ ဖန်တီးရင် ကောင်းမယ် ။ ဒါက ပရိသတ်တွေ အတွက်လည်း သံဝေဂ ရစရာ အခန်းတွေပဲ ။ စာအုပ်တွေ ၊ ရုပ်ရှင်တွေထဲမှာ မီးလောင်တာ ၊ ဓားပြတိုက်တာက သိပ်လွယ်တော့ ပရိသတ်က ဒီအနေအထားကို လက်ခံမှာ သေချာပါတယ် ။ ဒီအခန်းကို ထောက်ပြစရာ မရှိအောင် မင်းသမီးအိမ်ကို ဈေးတစ်ခုခုနားမှာ ရှိတဲ့ပုံစံ လုပ်ထားရင် ဈေးမီးလောင်ရင်း ပါသွားတယ်လို့ အကြောင်းပြရတာ ပိုလက်ခံနိုင်စရာ ဖြစ်မှာပဲ ။

အခြေအနေတွေက ပြောင်းပြန် ဖြစ်ကုန်ပြီဆိုတော့ မင်းသမီးအမေ နဲ့ အစ်ကိုတွေက မင်းသားကို ဝိုင်းဖားကြတာတွေ ၊ သူတို့ညီမနဲ့ သဘောတူတာတွေ ဖြစ်ကုန်မယ် ။ ပရိသတ်ကို နည်းနည်းအသည်းယားစေချင်ရင် အားလုံး အဆင်ပြေနေမှ မင်းသမီးက လက်ထပ်ဖို့ ငြင်းတာ ဖြည့်ပေးလိုက်မယ် ။ သူတို့ ချမ်းသာတုန်းက မိဘ မောင်ဖားတွေက မင်းသား အပေါ် ဆက်ဆံခဲ့တာတွေ အတွက် သူက စိတ်မကောင်း ဖြစ်ပြီး လက်ထပ်ဖို့ ငြင်းဆန်တာမျိုး ဖန်တီးပေါ့ ။ မင်းသား အပေါ် မတရားလုပ်သလို ခံစားရလို့ ငြင်းရတဲ့သဘောမျိုး ။ ဒါကို မင်းသားက လိုက်ချော့ ၊ နားလည်အောင် ရှင်းပြ ၊ နောက်ဆုံးတော့ သဘောတူပြီး လက်ထပ်လိုက်ကြမယ် ။ ဒါပဲ ။ ဇာတ်လမ်းက အဲဒါပဲ ။ ဒီလောက်ဆို သူ့အတွက်လည်း ရေးလို့ ကောင်းသလို ကိုတိုးကြီး အကြိုက် ဗီဒီယို ရိုက်လို့ ကောင်းတဲ့ ဇာတ်လမ်း တစ်ပုဒ်ဖြ စ်ပြီပေါ့ ။ ဒီလို ပုံစံ ဆင်တဲ့ ဝတ္ထုတွေ ၊ ဗီဒီယို တွေလည်း အများကြီး ရှိတာပဲ မဟုတ်လား ။

ဇာတ်လမ်းအဆုံးသတ် အထိ ဖြူးနေအောင် အကွက်ချ တွေးပြီးပြီ ဆိုတော့ သူ ကျေနပ်သွားတယ် ။ အလွန်ဆုံး နောက် နှစ်နာရီထက် ပိုမကြာဘဲ ဒီ စာမူ ပြီးမှာ သိနေပြီ ။ တစ်နေ့လုံး အချောသပ် ပြန်စစ်ပြီးရင် ညနေတော့ ကိုတိုးကြီးကို ဖုန်းဆက်ပြီး ဘီယာဆိုင်မှာ စာမူ တစ်ခါတည်း ပေးလိုက်ရင်တောင် ရနေပြီ ။ ဗီဒီယိုရိုက်လို့ကောင်းမယ့် ဒီဇာတ်လမ်းကို ဖတ်ပြီးချိန် ကိုတိုးကြီး မျက်နှာ ပြုံးနေမှာ မြင်ယောင် နေမိသေးတယ် ။

သူ စာရေးစားပွဲမှာ ပြန်ထိုင်ချိန် အမေက ဘုရားရှိခိုးလို့ ပြီးသွားတယ် ။

“ အမေ ဒီနေ့ ဘာချက်လဲ ”

“ ငါးဟင်း ချက်တယ်သား ၊ ဘာစားချင်လို့လဲ ”

“ မစားချင်ဘူး အမေ ၊ ရတယ် ။ ကျွန်တော် စာဆက် ရေးလိုက်ဦးမယ် ” 

“ အေး အေး ”

ရေးလက်စ စာမူကို ကောက်ကိုင်ပြီး နောက်ဆုံး နှစ်ပိုဒ်လောက် ပြန်ဖတ်ပြီး စာပြန်ကောက်တယ် ။

          အိမ်ရှေ့ကို ထိုးဆိုက်လာသည့် အနက်ရောင်ပါဂျဲရိုးကားသံကြောင့် ဒေါ်သန်း စိန် ဆန်ပြာနေရာမှ လှမ်းကြည့်လိုက်သည် ။ ကားမောင်းသူဘက်အခြမ်းမှ ပြတင်းမှန် လျှောကျလာပြီး သူ့ကို လှမ်းကြည့်နေသည့် မျက်မှန်တပ်ထားသော လူရွယ် ကို ကြည့်ရင်း ဒေါ်သန်းစိန် ထိုလူငယ်ကို မြင်ဖူးသလိုလိုဟု ဇဝေဇဝါ ဖြစ်မိ သွားသည် ။ သမီး၏ သူငယ်ချင်းများလား မသိဘူး ဟု တွေးသဖြင့် ထိုးဆိုက်လာ သောကားထံသို့ ထ,သွားလိုက်သည် ။

          “ ဘယ်သူနဲ့ တွေ့ချင်လို့ ပါလဲရှင် ... ဟင် နင် နင် ” 

          မျက်မှန် ချွတ်လိုက်သည့် လူငယ်၏ မျက်နှာကို မြင်တော့ ဒေါ်သန်းစိန် သရဲ ခြောက်ခံလိုက်ရသကဲ့သို့ တုန်လှုပ်သွား၏ ။

လက်ရှိ ရေးပြီးတဲ့ နောက်ဆုံးစာပိုဒ်တွေကို ပြန်ဖတ်ရင်း ဆက်ရေးဖို့ အရှိန်ရသွားတဲ့ စာရေးဆရာက ဘောပင်ကို ကောက်ကိုင် လိုက်တယ် ။ ကြိုတွေးထားတဲ့ဇာတ်သိမ်းပိုင်းကို ခပ်သွက်သွက် ချရေးနေရင်း လောကကြီးကို မေ့သွားတော့တယ် ။ ဇာတ်သိမ်းပိုင်းအတွက် စာရေးတာ အရှိန်ရနေချိန်မှာပဲ ခြေရင်းတစ်အိမ်ကျော်ဆီက ငိုသံတွေ ၊ ထွက်လာတာ ကြားလိုက်ရတယ် ။ ဘောပင်ကို ချပြီး နားစွင့်ကြည့်တော့ ငိုနေသံတွေ ဟုတ်မှန်း သေချာသွားတယ် ။ ဒါနဲ့ပဲ မီးဖိုချောင်ထဲ ရောက်နေတဲ့ အမေ့ကို လှမ်းခေါ်ပြီး -

“ အမေ အမေ ဒေါ်အေးမူတို့ အိမ်က ဘာဖြစ်ကြတာလဲ မသိဘူး ။ ငိုသံတွေ ကြားနေရတယ် ။ ရန်ဖြစ်ကြတာများလား ”

“ ငါ သွားကြည့်လိုက်ဦးမယ် ”

ပြောပြောဆိုဆိုနဲ့ အမေ အိမ်ပေါ်က ဆင်းသွားတယ် ။ သူလည်း စာဆက်ရေးနေပေမဲ့ ငိုသံတွေ ထွက်လာနေတာကို ကြားနေရတုန်းပဲ ။ သူတို့တစ်တွေက ဒီလမ်းထဲမှာ ငယ်စဉ်ကတည်းက နေလာကြတာဆိုတော့ အားလုံးက ရပ်ဆွေရပ်မျိုးလို ဖြစ်နေကြတယ် ။ ဒါကြောင့်လည်း ဘာများဖြစ်ကြသလဲ ဆိုပြီး စိတ်က အဲဒီဆီကို ရောက်နေမိပေမဲ့ သူ့စာကလည်း ပြီးတော့မှာဆိုတော့ ထ,မနေတော့ဘဲ အဆုံးသတ်ထိ စိတ်နှစ်ရေးနေရတယ် ။ မင်းသမီးက ရှောင်နေလို့ မင်းသား လိုက်ချော့ရတဲ့ အခန်းထိတောင် ရောက်နေပြီ ဆိုတော့ စာမူကလည်း ပြီးလုပြီးခင်ပါပဲ ။ အဲဒီအချိန်မှာ အမေ ပြန်ရောက်လာတယ် ။ အိမ်ပေါ်တက်လာတဲ့ အမေ့မျက်နှာက မကောင်းဘူး ။ စိတ်ထိခိုက် ဝမ်းနည်းနေဟန်ပါပဲ ။

“ အမေ သူတို့ ဘာဖြစ်ကြတာလဲ ”

“ စိတ်မကောင်းလိုက်တာ သားရယ် ၊ ကျော်မိုး ဆုံးသွားရှာပြီတဲ့ ”

“ ဗျာ ကျော်မိုး ဆုံးပြီဟုတ်လား ”

“ ဟုတ်တယ် ၊ ခုနကပဲ လာအကြောင်းကြားသွားတာတဲ့ ။ အခု သူ့အိမ်က လိုက် သွားကြမလို့ ပြင်ဆင်နေကြတယ် ”

ကြားရတဲ့ သတင်းကြောင့် သူ စိတ်ထိခိုက်သွားရတယ် ။ ကျော်မိုး ဆိုတာ သူ့ လက်ပေါ်မှာတင် ကြီးလာတဲ့ ကောင်လေးလို့ ပြောရင်တောင် ရတဲ့ လူငယ်လေးပါပဲ ။

“ ဘယ်မှာ ဆုံးတာတဲ့လဲ အမေ ”

“ ဖားကန့် မှာပဲလေ ။ ငှက်ဖျားလို့တော့ ပြောတာပဲတဲ့ ။ ကောင်လေးကလည်း အပေါင်းအသင်းစုံတော့ ဆေးတွေဘာတွေ စွဲတာများလားလို့လည်း သူ့အစ်မတွေက ထင်ကြတယ် ”

ကျော်မိုး သတင်းကြား မှ ဖားကန့်ဘက် တက်သွားခါနီး ပြောဖြစ်တာလေးတွေ ပြန်မှတ်မိသွားမိတယ် ။ ကျော်မိုး ဖားကန့်ဘက်မှာ ကျောက်သွားတူးမယ် ဆိုတော့ သူ တားခဲ့သေးတယ် ။ ငှက်ဖျား ပေါတာတွေ ၊ မူးယစ်ဆေးဝါးတွေ လက်တစ်ကမ်းမှာ ရနိုင်တာတွေကို သိလို့ ဒီမှာပဲ ရရာ လုပ်ရင်း နေဖို့ ဖျောင်းဖျမိသေးတယ် ။

“ ဒီအတိုင်းဆို ကြီးပွားဖို့ မလွယ်ပါဘူး အစ်ကိုရာ ။ ကျွန်တော် ချမ်းသာချင်တယ်ဗျာ ။ ကံအလှည့်အပြောင်းနဲ့ တိုးသွားရင် တစ်ချက်တည်း ပွမှာ အစ်ကိုရ ။ ပြီးတော့ ဗီဒီယိုတွေ ၊ စာအုပ်တွေထဲကလို ကျောက်အောင်သွားတာမျိုးလည်း သေသေချာချာ ဖြစ်နိုင်တာပဲလေ ။ ကံကြမ္မာ ဆိုတာ ပြောလို့မရပါဘူး ။ နှစ်နှစ်လောက် လုပ်ပြီးရင် တော့ ပြန်လာမှာပါ ။ စမ်းကြည့်တာပေါ့ အစ်ကိုရာ ” 

ကျောက်သွားတူးခါနီး ကျော်မိုး ပြောခဲ့တာလေးတွေ ပြန်ကြားယောင်မိတယ် ။ ခု တော့ ပွပေါက်မတိုးဘဲ ငှက်ဖျားနဲ့ ဆုံးရှာပေါ့ ညီလေး ရယ် ။ အရိပ်အယောင် ဇာတ် လမ်းတွေနဲ့ တကယ့်ဘဝ ထပ်တူမကျတာကို သူ ပြောလိုက်ဖို့ ပျက်ကွက်ခဲ့မိတာ နောင်တရနေမိတယ် ။ ပြောလည်း နားဝင်မယ်တော့ မထင်ပါဘူးလေလို့သာပဲ စိတ်ဖြေလိုက်ရတယ် ။ ရေးလက်စ, ပြီးခါနီး ဇာတ်လမ်းကို ဆက်ရေးဖို့တော့ စိတ်မပါတော့ဘူး ဖြစ်သွားရပြီ ။

ကျော်မိုး သတင်း သွားမေးဖို့ ထ,ရပ်ရင်းနဲ့ အတွေး တစ်ခု သူ တွေးမိတော့ တုန်လှုပ်သွားရတယ် ။ အဲဒီ အတွေးက မရင့်ကျက်သေးတဲ့ လူငယ်တွေ အတွက် အထင်တကြီး ဖြစ်စေမယ့် ဇာတ်လမ်းမျိုးကို သူ ဆက်ရေးသင့် မသင့် ဆိုတာပါပဲ ။ ဝတ္ထုတွေ ၊ ဗီဒီယိုတွေထဲက ကျောက်အောင်တဲ့ ဇာတ်ကွက်တွေ ကြည့်ပြီး မရင့်ကျက်သေးတဲ့ ကျော်မိုး လို လူငယ်တွေ ဘယ်နှယောက်များ ဖြတ်လမ်းနည်း ချမ်းသာဖို့ ကြိုးစားခဲ့ကြ မလဲ ဆိုပြီး ဆက်တွေးမိတော့ သူ ထိတ်လန့်သလို ဖြစ်သွားမိတယ် ။ စာမူခအတွက် ရလာမယ့် ငွေက ဖြူစင်ရဲ့လား ဆိုတာ သူ့ဘဝမှာ ပထမဆုံး တွေးဖြစ်သွားတယ် ။ သေချာတာက ဒီနေ့တော့ ကိုတိုးကြီး ဆီကို သူ ဖုန်းဆက်ပြီး စာမူ ပေးဖြစ်တော့မယ် မထင်တော့ ။

▢  မြစ်ကျိုးအင်း
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      ဇူလိုင် ၊ ၂၀၁၅

No comments:

Post a Comment