Wednesday, December 24, 2025

ဆိုနီယာ နှင့် နာဒီယာ

 

❝ ဆိုနီယာ နှင့် နာဒီယာ ❞
            ( ပုံပြင် )

ဆိုနီယာ ဆိုသော မိန်းကလေး တစ်ယောက်သည် ရုရှားပြည်တွင် နေထိုင်လေ၏ ။ သူမ၏ လက်ရှိ ဖခင်သည် နာဒီယာ ဆိုသူ အမျိုးသမီးတစ်ဦး နှင့် နောက်အိမ်ထောင် ပြုလေ၏ ။ နာဒီယာ သည် မိထွေး ဆိုသည့် အတိုင်းပင် ဆိုနီယာကလေး အား အလွန်ပင် ညှဉ်းဆဲလေ၏ ။ ဆိုနီယာလေး၏ ဖခင် အိမ်မှာ မရှိစဉ်တွင် နာဒီယာ သည် ဆိုနီယာလေး အား အိမ်အတွင်း အလုပ် များကို ပင်ပန်းစွာ လုပ်ကိုင်စေပြီး အစားအစာကိုမူ ဝလင်အောင် မကျွေးဘဲ ထားလေ၏ ။ ထို့ကြောင့်ပင် ဆိုနီယာကလေး သည် ၎င်းနေအိမ်မှ ထွက်ပြေးရန် အကြိမ်ကြိမ် ကြံစည်ခဲ့သော် လည်း ဖခင်ကြီးနှင့် မခွဲခွာလို၍ အကြံ အထမမြောက်ခဲ့ပေ ။

တစ်နေ့သော် နာဒီယာ သည် ဆိုနီယာကလေး အားခေါ်၍ အိမ်၌ စားသောက်ပွဲကျင်းပ ပြုလုပ်မည် ဖြစ်သဖြင့် အလှအပ မွမ်းမံ ပြင်ဆင်ရန် အလို့ငှာ လှပသော ပန်းများကို ရှာဖွေခူးဆွတ် ခဲ့ရန် အလုပ် ပေးလိုက်လေ၏ ။ ထိုအချိန် ရာသီသည် ဒီဇင်ဘာလ ဖြစ်သဖြင့် ပန်းများ မပွင့်ကြပေ ။ ရုရှားပြည်သည် အလွန်အေးသော တိုင်းပြည် ဖြစ်၍ နိုဝင်ဘာလမှ မတ်လ အတွင်း မည်သည့် ပန်းပင်မှ ပန်းများ မပွင့်ကြပေ ။ သစ်ပင်ပန်းပင်များမှာ အရွက်များ ကြွေကျကုန်၏ ။ သို့ရာတွင် မတ်လလောက်၌မူ ပူနွေးသော နေရောင်ခြည်ကို ရရှိလာကြသဖြင့် ပန်းများသည် တဖန်ပြန်၍ ပွင့်လန်းလာကြကုန်၏ ။ သစ်ပင်များမှာလည်း ပြန်လည် လန်းဆန်း၍ အရွက်များ ဝေဆာကာ သီးပွင့်လာကြကုန်၏ ။

သို့ရာတွင် နာဒီယာ သည် ဆိုနီယာလေး အား အိမ်တွင်း၌ အလုပ်ပင်ပန်းစွာ ခိုင်းစေပြီး အစားအသောက်ကို ဝလင်အောင် မကျွေးဘဲ ထားသည်ကို အားရတင်းတိမ်ခြင်း မရှိသေးရကား အလွန်အေး၍ ပန်းများ မပွင့်သော ရာသီတွင် ပန်းများကို ခူးရန် ခိုင်းလိုက်လေ၏ ။ ထိုသို့ ပန်းများခူးဆွတ်၍ မရပါက အိမ်သို့ ပြန်မလာရန်ပင် မှာကြားလိုက်လေ၏ ။

ဆိုနီယာကလေး မှာလည်း မိထွေးနာဒီယာ ၏ နှိပ်စက်မှုဒုက္ခကြောင့် ဝမ်းနည်းငိုကြွေးရန်မှ အပ ဘာမျှ မတတ်နိုင်ရှာဘဲ နေအိမ်မှ ပန်းရှာ ထွက်ခွာ လာခဲ့ရရှာလေတော့၏ ။ များမကြာမီမှာပင် ဆိုနီယာကလေး သည် တောစပ်အနီးတွင် မီးလှုံနေကြသော လူ တစ်စုကို တွေ့ရလေ၏ ။ ဆိုနီယာကလေး မှာလည်း အလွန်ပင် အေးလှသဖြင့် မီးလှုံခွင့် ပေးပါရန် ခွင့်တောင်းလေ၏ ။ အဆိုပါ မီးလှုံနေကြသော သူများမှာ စုစုပေါင်း ( ၁၂ ) ယောက် ရှိရာ ၎င်းတို့ အထဲမှ အသက်ကြီးပုံ ရသော ဆံပင်ဖြူနှင့် လူကြီးသည် ဆိုနီယာလေး အား မည်သူမည်ဝါ ဖြစ်၍ မည်သည့် အရပ်က မည့်သည့် အကြောင်းကြောင့် အလွန် အေးလှသော ရာသီတွင် နေအိမ်မှ ထွက်ခွာလာရကြောင်းကို မေးမြန်းစုံစမ်းလေ၏ ။ ဆိုနီယာ ကလည်း ၎င်း၏ ဖြစ်ကြောင်း ကုန်စင်များကို ပြန်လည် ပြောကြားလိုက်၏ ။

ထိုအခါ ဆံပင်ဖြူနှင့် လူကြီးသည် ဆိုနီယာလေး အား သနားကြင်နာစွာ ကြည့်၍ ၎င်း ၏ အေးစက်လှသော လက်ဖြင့် ဆိုနီယာလေး ၏ ဦးခေါင်းကို ပွတ်သပ်ပြီးလျှင် ၎င်း၏ အမည်မှာ မစ္စတာဒီဇင်ဘာ ဖြစ်ကြောင်း ၊ ကျန်သူများမှာ ညီအစ်ကိုတော်များ ဖြစ်၍ ၎င်းတို့၏ အမည်မှာ မစ္စတာဇန်နဝါရီ ၊ မစ္စတာဖေဖော်ဝါရီ ၊ မစ္စတာမတ် ၊ မစ္စတာဧပြီ ၊ မစ္စတာမေ ၊ မစ္စတာဇွန် ၊ မစ္စတာဇူလိုင် ၊ မစ္စတာဩဂုတ် ၊ မစ္စတာစက်တင်ဘာ ၊ မစ္စတာအောက်တိုဘာ နှင့် မစ္စတာနိုဝင်ဘာ တို့ဖြစ်ကြောင်း မိတ်ဆက် ပေးလေ၏ ။ ၎င်းတို့ ညီအစ်ကိုများသည် ဆိုနီယာလေး၏ လိုအင်ဆန္ဒကို ဖြည့်စွမ်းပေးမည် ဖြစ်ကြောင်း ပြောကြားလေ၏ ။

ထို့နောက် မစ္စတာဒီဇင်ဘာသည် ဆံပင်နက်နှင့် မစ္စတာမတ် ဘက်သို့ လှည့်ကာ မိမိ တို့ နေရာချင်း လဲလျက် ရွှေ့ပြောင်း ထိုင်ကြရန် ပြောကြားပြီးနောက် မစ္စတာမတ် သည် မစ္စတာဒီဇင်ဘာ၏ နေရာသို့ ရွှေ့ပြောင်း ထိုင်လိုက်ရာ အလွန် အေးလှသောရာသီမှာ ပူနွေးသောရာသီ သို့ တမုဟုတ်ချင်း ပြောင်းလဲ သွားသည်ကို ဆိုနီယာကလေး အံ့ဩစွာ ခံစားသိရှိရလေ၏ ။

ယခင်က အရွက်များ ကြွေကျကုန်သော သစ်ပင် ၊ ပန်းပင်များမှာ ယခုသော် စိမ်းလန်းစိုပြေစွာ ဖူးပွင့်ကုန်ကြ၏ ။ ထိုအခါ မစ္စတာမတ် သည် ပန်းပွင့်များကို ခူးဆွတ်၍ ဆိုနီယာကလေး အား လက်ဆောင် အဖြစ် ပေးလိုက်လေ၏ ။ ဆိုနီယာကလေးသည် ပန်းများကို ပွေ့ပိုက်၍ ညီအစ်ကို ( ၁၂ ) ယောက်ကို နှုတ်ဆက်ကာ ၊ ဝမ်းသာအားရစွာ နေအိမ်သို့ ပြန်လာခဲ့လေတော့၏ ။ မိထွေး နာဒီယာ မှာလည်း နေအိမ်မှ နေ၍ ဆိုနီယာကလေး ပန်းများ ပွေ့ပိုက်ခူးဆွတ်လာသည်ကို တွေ့ရလျှင် စိတ်ထဲမှ အခဲမကျေဘဲ ဖြစ်နေလေ၏ ။

နောက်တစ်နေ့တွင်လည်း မိထွေးနာဒီယာ သည် ဆိုနီယာကလေးအား ခေါ်၍ ၎င်း အတွက် ပန်းသီးများ ခူး၍ ပေးရန် ထပ်မံ ခိုင်းလိုက် ပြန်လေ၏ ။ ပန်းသီးများ မရမချင်း အိမ်ပြန် မလာရန် မှာကြားလိုက်လေ၏ ။ ဒီဇင်ဘာလတွင် ပန်းသီးများ မရကြောင်းကို ဆိုနီယာကလေး သိသော်လည်း တစ်ခါက ကူညီလိုက်ဖူးသော ညီအစ်ကိုတော်များ ရှိရာသို့ အကူအညီ တောင်းရန် ထွက်ခွာခဲ့ရှာလေ၏ ။

အတန်ကြာ သွားလတ်သော် ဆိုနီယာကလေးသည် ညီအစ်ကို ၁၂ - ယောက် နှင့် တွေ့ဆုံ၍ ၎င်းမှာ ပန်းသီးများ အလိုရှိကြောင်း ပြောကြားရာ မစ္စတာဒီဇင်ဘာသည် မျက်လုံးပြာ နှင့် မစ္စတာဇွန်အား နေရာရွေ့ပြောင်း ထိုင်ပေးရန် ပြောကြားလေ၏ ။ မစ္စတာဇွန်သည်လည်း မစ္စတာဒီဇင်ဘာ နှင့် နေရာရွှေ့ပြောင်းထိုင်ရာ ဆိုနီယာကလေး သည် အေးရာမှ ပူနွေးလာသော ရာသီဥတုဒဏ်ကို အံ့ဩစွာ ခံစား သိရှိရလေတော့၏ ။ ပန်းပင်တိုင်း တွင်လည်း သစ်သီးများ ဝေဆာစွာ သီးနေကြသည်ကို ဝမ်းမြောက်စွာ တွေ့ရလေ၏ ။ ငှက်ကလေးများမှာ စိမ်းလန်းစိုပြေသော သစ်ပင်ပန်းပင်များ၏ အကိုင်းများ ပေါ်တွင် နား၍ တစ်ကိုင်းမှ တစ်ကိုင်းသို့ မြူးတူးပျော်ပါးစွာ ခုန်ပျံကြရင်း ဘာသာဘာဝ တေးသီချင်းများ သီဆိုနေကြကုန်၏ ။ ဆိုနီယာကလေးလည်း ဝမ်းသာအားရစွာပင် သစ်သီးများကို ဆွတ်ခူး၍ နေအိမ်သို့ ပြန်လာခဲ့လေ၏ ။ မစ္စတာဒီဇင်ဘာ နှင့် မစ္စတာဇွန် တို့သည်လည်း ၎င်းတို့ မူလနေရာ အသီးသီးသို့ ပြောင်းလဲ ပြန်ထိုင်ကြရာ ရာသီဥတုမှာလည်း ယခင်အတိုင်းပင် အေးသွားလေ၏ ။

ဤကဲ့သို့ အချိန်အခါ မဟုတ်ပါပဲလျက် ပန်းပွင့်များ ၊ ပန်းသီးများကို ဆိုနီယာလေး ဆွတ်ခူး ပြန်လာခဲ့သည်ချည်းဖြစ်၍ နာဒီယာ မှာ အံ့ဩလျက်ပင် ရှိနေ၏ ။ မည်သည့် အရပ်က ဆွတ်ခူးလာကြောင်းကို မေးမြန်း၍ နာဒီယာသည် ၎င်းကိုယ်တိုင် သွားရောက် ဆွတ်ခူးရန် ကြံစည်လေတော့၏ ။

နောက်တစ်နေ့ နံနက်တွင် မိထွေးနာဒီယာ သည် ပန်းသီး ရှာဖွေရန် နေအိမ်မှ ထွက်ခွာလာခဲ့ရာ ဆိုနီယာလေး ကို ကူညီလိုက်ကြသော မစ္စတာဒီဇင်ဘာတို့ ညီအစ်ကို ၁၂ - ယောက် နှင့် တွေ့ဆုံလေ၏ ။ မစ္စတာဒီဇင်ဘာ သည် ရှေးဦးစွာ ထ၍ နာဒီယာ အား ခရီးဦးကြို ပြုပြီးလျှင် မည်သည့် အကြောင်းကြောင့် အေးလှသောရာသီမှာ နေအိမ်က ထွက်ခွာလာခဲ့ကြောင်းကို မေး မြန်း၍ ၎င်းတို့ ညီအစ်ကိုများနှင့် မိတ်ဆက် ပေးလေ၏ ။

နာဒီယာကမူ သစ်သီးများကို ရှာဖွေဆွတ်ခူးရန်သာ စိတ်စော နေမိ၍ မစ္စတာဒီဇင်ဘာ အား ကောင်းမွန်စွာ မဆက်ဆံဘဲ ၎င်းသွားမည့်လမ်း နှောင့်နှေးအောင် အနှောင့်အယှက်ပေး သည် အထင်ဖြင့် မချေမငံ ဆက်ဆံပြောဆိုလိုက်၏ ။ ထိုအခါ မစ္စတာဒီဇင်ဘာ သည် ၎င်း၏ အေးမြသော လက်ဖြင့် နာဒီယာ ၏ ဦးခေါင်းပေါ်သို့ တင်လိုက်ရာ နာဒီယာမှာ အအေးမိပြီး လဲကျ သေဆုံးသွားတော့၏ ။

ဆိုနီယာ နှင့် ၎င်း၏ ဖခင်သည် နာဒီယာ အား လိုက်လံရှာဖွေသော်လည်း မတွေ့ရတော့ပေ ။ ဆိုနီယာကလေးသည် ၎င်းအား အကူအညီ ပေးလိုက်ကြသော ညီအစ်ကိုများကို ရှာဖွေရာ ယခင်နေရာ၌ တစ်စုတဝေး မတွေ့ရှိရတော့သဖြင့် ဝမ်းနည်းမိလေ၏ ။ သို့ရာတွင် ဆိုနီယာ ကလေးအား ညီအစ်ကို တစ်ဦးစီ အဖြစ် မစ္စတာဇန်နဝါရီ ကစ၍ တစ်လလျှင် တစ်ခါ တွေ့ဆုံမိကြ သဖြင့် ဆိုနီယာကလေး မှာ ဝမ်းသာ၍ မဆုံးတော့ပေ ။

( ဘာသာပြန် )

〇 မခင်ဆန်းမေ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၆ ၊ဧပြီ

No comments:

Post a Comment