Friday, December 12, 2025

ဥတုမှားတဲ့ နှင်းသစ်ပင်


 

❝ ဥတုမှားတဲ့ နှင်းသစ်ပင် ❞
  ( နတ်စောင်း - ကျိုက်ထို )

၁ ။

“ ချစ်မင်း တစ်ယောက် သူ့မိန်းမခင်လေး သ,တ်လို့ သေပြီတဲ့ဟ ”

ထိုသတင်းက ချက်ချင်းဆိုသလို အနီးအနား ရပ်ကွက်တွေအထိ ပျံ့နှံ့သွားတယ် ။ လက်ဖက်ရည်ဆိုင်တွေမှာ ပြောနေကြတာလည်း ဒီသတင်း ။ ဈေးထဲ ၊ လုပ်ငန်းတွေထဲမှာလည်း တအံ့တသြ ပြောဆိုနေကြတယ် ။ ဆိုက်ကားသမားအစ ရွှေဆိုင်ပိုင်ရှင်အဆုံး ပါးစပ်ဖျားက မချနိုင် ။ ဒီနားဝန်းကျင်ရဲ့ ဒီမနက်ခင်းမှာ ဒီသတင်းဟာ ချက်ချင်း ဆိုသလို ရေပန်းအစားဆုံး စာရင်းဝင်သွားခဲ့တယ် ။ ဘယ်နေရာမှာ မဆို လူသ,တ်မှု တစ်ခုဖြစ်တာ သိပ်ပြီး ဆန်းကြယ်လှတယ်တော့ မဟုတ်ပေမဲ့ ဒီရပ်ကွက် အဖို့ ချစ်မင်းတို့ လင်မယားအကြောင်း သိနေသူတွေ အတွက်ကတော့ ဒီသတင်းဟာ ထူးဆန်းအံ့သြစရာ ဖြစ်လို့ နေတယ် ။ တချို့ဆို မဖြစ်နိုင်ဘူးလို့တောင် တွင်တွင် ငြင်းနေကြသေး ။ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်လာသူက ချက်စေ့လက်စေ့ ပြန်ရှင်းပြတော့မှ ဟုတ်နိုးနိုးနဲ့ ယုံလိုက်ကြတာ ။

“ ခင်လေးက ချစ်မင်းအလောင်း ဘေးမှာ ထိုင်ပြီး ငိုနေတာ ။ သူ သ,တ်တာလို့လည်း ဝန်ခံတယ် ”

လူတစ်ယောက်က လူ တစ်ယောက်ကို သ,တ်ပစ်လိုက်ဖို့အထိဆိုတာ တော်ရုံ တန်ရုံ မုန်းတီးနာကြည်းမှုလောက်နဲ့ မဖြစ်နိုင်ပေမဲ့ အရမ်းချစ်ကြတဲ့ လင်မယား နှစ်ယောက်မှာမှ မယားက လင်ကို သ,တ်လိုက်တယ်ဆိုတော့ ပိုပြီး အံ့သြနေကြတာ ။

“ ကျုပ်ဖြင့် ဘယ်လိုယုံ ရမှန်းတောင် မသိတော့ပါဘူးတော် ။ သူတို့လင်မယား ညားတာ တစ်နှစ် ကျော်ပြီ ၊ ဘုရားအဆူဆူ စူးရစေရဲ့ ရိုက်ကြ ပုတ်ကြ မပြောနဲ့ တစ်ယောက် နဲ့ တစ်ယောက် ဆဲသံဆိုသံတောင် မကြားခဲ့ဖူးပါဘူး ”

သူတို့လင်မယားနဲ့ တစ်လမ်းတည်း အတူနေ အဒေါ်ကြီး ကလည်း ခေါင်းတခါခါနဲ့ အဲဒီလို ဘုရားတ,တယ် ။ အဒေါ်ကြီး တင်မကဘူး သူတို့ ရပ်ကွက်ထဲ နေတဲ့ ဘယ်သူ့ ပါးစပ်က ထွက်ထွက် ဒီအကြောင်းကို စကားလုံး သုံးနှုန်းသွားကြပုံချင်းတွေသာ မတူရင်နေမယ် အဓိပ္ပာယ်ကတော့ တစ်ထပ်တည်းပဲ ။

ဘာပဲဖြစ်ဖြစ် ချစ်မင်း သေသွားတာလည်း အမှန် ။ ခင်လေး ကိုယ်တိုင် ကလည်း သူ သ,တ်တာပါလို့ ဝန်ခံပြီးပြီမို့ အားလုံးက ဒီသတင်း အမှန်ဖြစ်ကြောင်း လက်ခံလိုက်ကြတယ် ။

••••• ••••• •••••

၂ ။

ချစ်မင်းဟာ ဒီရပ်ကွက်မှာ မွေး ၊ ဒီရပ်ကွက်မှာ ကြီးပြင်းလာတဲ့ လူငယ်တစ်ယောက် ။ ဒီတော့ သူ့အကြောင်း မှန်သမျှ အားလုံးက အကုန်သိကြတယ် ။ ငယ်ငယ်ကတည်းက လိမ္မာရေးခြား ရှိပြီး ရိုးသားတာတွေ ။ မိဘတွေအပေါ် လည်း ဘယ်တုန်းကမှ စိတ် ညစ်အောင် မလုပ်တတ်တာ တွေ ။ သူ့မိဘတွေ နောက်ဆုံး မြေမကျခင်အထိ ရိုရိုသေသေ လုပ်ကျွေးပြုစုခဲ့တာတွေ ။ သူ့အကြောင်းတွေထဲက မကောင်းသတင်း တစ်ခုတလေတောင် ဘယ်သူကမှ ကြားဖူးတယ် မပြောကြဘူး ။

သူ့မိဘတွေ သေသွားတော့ အဲ့ဒီ အိမ်မှာပဲ ချစ်နှင်း ဆိုတဲ့ သူ့ညီမလေးနဲ့ အတူနေတယ် ။ သူ့ညီမလေးက အပျို ရွယ် ဖြစ်လာခဲ့ပေမဲ့ စိတ်တော့ သိပ်မနှံ့ဘူး ။ ဒါပေမဲ့ သူ့ညီမလေးကို တုန်နေအောင် သူချစ် တယ် ။ သူ့ညီမလေး စိတ်ချမ်းသာဖို့ အစစအရာရာ ဂရုစိုက်တယ် ။ သွေးရင်းသားရင်းဆိုလို့ သူ့မှာ ဒီညီမလေးပဲ ရှိတာပါဆိုပြီး ဘာမဆို အလိုလိုက်တယ် ။ စိတ်မနှံ့တဲ့ သူ့ ညီမ ချစ်နှင်း ခိုင်းသမျှ ၊ ချစ်နှင်း အလိုကျ ဘာပဲဖြစ်ဖြစ် လုပ်ပေးတယ် ။ သီချင်း ဆို,ပြဆို ဆိုပြတယ် ။ က,ပြဆို က,ပြတယ် ။ သနပ်ခါးကအစ လူးပေးတယ် ။ အကြောင်းသိတဲ့ သူတွေကတော့ ချစ်မင်းကို အစ်ကိုပီသလွန်းပါပေ့လို့ ကွယ်ရာရော ရှေ့တင်ပါ ချီးမွမ်းလေ့ရှိတယ် ။ အဲဒီလိုပဲ ခင်လေးကလည်း ချစ်နှင်း ကို ချစ်တယ် ၊ ဂရုစိုက်တယ် ။ ချစ်မင်း နဲ့ ခင်လေး မညားသေး ခင်ကရော ၊ ညားပြီး အတူနေ တဲ့ အထိရော ၊ နောက်ဆုံး ချစ်မင်း မသေခင် ညအထိ ခင်လေးဟာ ချစ်နှင်း အပေါ် ညီမလေးအရင်း တစ်ယောက်လို ပြုစုစောင့်ရှောက်ခဲ့တယ် ဆိုတာ တစ်ရပ်ကွက်လုံးက မြင်သိထားကြတယ် ။

ခင်လေး ဟာ ချစ်မင်း နဲ့ ညားပြီးမှ ဒီရပ်ကွက်ထဲ ရောက်လာတာ ဆိုပေမဲ့ အိမ်နီးနားချင်းတွေရော ၊ သူမနဲ့ ဆက်ဆံဖူးတဲ့ သူတိုင်းကပါ ချီးမွမ်းခန်း ဖွင့်ဖြစ်ကြတာချည်းပဲ ။ ယဉ်ကျေးသိမ်မွေ့တယ် ။ ဘုရား ၊ တရား ရိုသေကိုင်းရှိုင်းတယ် ။ အိမ်မှုကိစ္စ ထိန်း သိမ်းနိုင်တယ် ။ လင်နဲ့ ယောက်မ အပေါ် မငြိုမငြင် ပြုစုယုယပြီး ချစ်နိုင်တယ် ။ ဒါတွေက ရပ်ကွက်ထဲ ပျံ့နေတဲ့ ခင်လေးရဲ့ ကောင်းသတင်းတွေ ။ ဒါကြောင့်လည်း သူတို့ လင်မယားကို လိုက်ဖက်လွန်းတဲ့ စုံတွဲ ဆိုပြီး အားလုံးက သတ်မှတ်ထားကြတာ ။

အဲဒီလိုမျိုး ဘာဆို ဘာမှ မကောင်းသတင်း မထွက်ဖူးတဲ့ လင်မယား ဆီမှာမှ လူသ,တ်မှုကြီး ဖြစ်လာတာဆိုတော့ အားလုံးက သို့လောသို့လော ဖြစ်နေကြတာ ။ ခင်လေး ကလည်း သူ သ,တ်လိုက်တာလို့ ဝန်ခံတယ် ။ မိုးလင်းတာနဲ့ သူကိုယ်တိုင် ရဲစခန်းကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်တာ ။ ဘာကြောင့် သ,တ်တာလဲလို့ မေးတော့ “ သူ့ယောက်ျားကို အရမ်းချစ်လို့ ” တဲ့ ။ ဒီတစ်ခွန်းပဲ ဖြေတယ် ။

••••• ••••• •••••

၃ ။

ရဲက စစ်မေးပြီ ။ ဘယ်လို သ,တ်လိုက်တာလဲ ။

ခင်လေး က ချက်ချင်း ပြန်မဖြေနိုင်သေးဘဲ အဖြေကို လည်ချောင်းထဲက ခက်ခက်ခဲခဲ ဆွဲထုတ်နေပါသေးတယ် ။

“ ညက သူစားမယ့် ထမင်းပန်းကန်ထဲ ကျွန်မ အဆိပ်ခတ်ထားလိုက်တာ ”

လှုပ်ခတ်တုန်ယင်နေ တဲ့ ခင်လေးရဲ့ ဖြေသံဟာ ချစ်မင်း ကို သတ်ဖို့ အတော်ကလေး အားယူဆုံးဖြတ်ပြီးမှ သ,တ်ခဲ့တယ်ဆိုတာ ငြင်းမရဘူးဖြစ်နေတယ် ။ ဒါပေမဲ့ ခင်လေး ရဲ့ မျက်နှာမှာ နောင်တ နဲ့ တူတဲ့ အမှုန်အမွှား တစ်စွန်း တစ်စလောက်တောင် ကပ်ငြိ မနေဘူး ။ အချိန်ကြာကြာ ငိုကြွေးထားတဲ့ ဒဏ်ကြောင့် မို့မောက်ဖောင်းအစ်နေတဲ့ မျက်ခွံထူထူတွေ အောက်က အရည်လဲ့လဲ့ မျက်လုံးတွေထဲမှာ ဆို့နင့်ကြေကွဲရိပ်လေး သိ သိသာသာ ဖြတ်ပြေးနေတာကိုတော့ အားလုံးက မြင်ကြတယ် ။ မပြယ်လွင့်သေးတဲ့ ချစ်ခြင်းရဲ့ သင်္ကေတကို ခင်လေး ကမှ ဖုံးကွယ်မထားနိုင်ခဲ့တာ ။

မှုခင်းဆရာဝန် ရဲ့ စစ်ဆေးချက်နဲ့ ခင်လေး ရဲ့ ဖြောင့်ချက်ဟာလည်း တစ်ထပ်တည်း ကျခဲ့ပါတယ် ။ ချစ်မင်း ဟာ အဆိပ်မိပြီး သေတာ မှန်ကန်ခဲ့ပါပြီ ။ တချို့က ခင်လေး ကို သွေးအေးအေးနဲ့ ရက်စက်နိုင်သူကြီး ဆိုပြီး စုတ်တသပ်သပ်နဲ့ မှတ်ချက်ပြုကြတယ် ။ ဘာကြောင့် သ,တ်တာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေလွှာကို သိလိုစိတ်ပြင်းပြသူ တချို့ကတော့ ခင်လေးရဲ့ ဖြေပုံ ကို အားရကျေနပ်မှု မရနိုင်သေးဘဲ ပြီးပြည့်စုံသော အကြောင်းပြချက်အတွက် ထင်ကြေး အမျိုးမျိုးနဲ့ ဖြည့်စွက် ဖြေဆိုကြည့်ကြတယ် ။

“ ချစ်မင်း လောင်းကစား တစ်ခုခု လုပ်ထားလို့ အကြွေးတွေ ပတ်လည်ဝိုင်းနေလို့များလား ”

“ မဖြစ်နိုင်တာကွာ ။ ဟို တစ်လောကမှ သူတို့လင်မယားနဲ့ ဈေးရှေ့မှာ တစ်ခါ ဆုံသေးတယ် ။ သူ့မိန်းမအတွက် ဆွဲကြိုးလာလုပ်ပေးတာတဲ့ ။ နေဦးကွ ငါ့အထင် ပြောရရင် ချစ်မင်း တစ်ယောက် ခင်လေး ကွယ်ရာမှာ မယားငယ် ထားနေလို့များလား ”

“ အဲဒါလည်း မဖြစ်နိုင်ပါဘူးရှင် ။ ကျောင်းတုန်းက ချစ်မင်း နဲ့ ကျွန်မက တစ်တန်း တည်း သူငယ်ချင်းတွေ ။ ကျွန်မရဲ့ ချောပေ့ထောပေ့ ဆိုတဲ့ သူငယ်ချင်းမ တစ်ယောက် ချစ်မင်း ကို ကြွေတာ အသည်းအသန်ပဲ ။ ချစ်မင်း က အရေးတောင် မလုပ်ခဲ့ဘူး ။ သူ မိန်းမကိစ္စ ကင်းရှင်းတာများ သူ့ သူငယ်ချင်းယောက်ျားလေး အချင်းချင်းတောင် အောချထားရသတဲ့ ”

တိကျသေချာလောက်တဲ့ အဖြေ တစ်ခုမှ ဝေဖန်ထင်ကြေးပေးသူတွေ ကြား ထွက်မလာခဲ့ဘူး ။ သပွတ်အူ အစရှာ မရသလို ဝေ့လည်ဝေ့လည် ။ ဒါပေမဲ့ သူတို့ ကြားမှာ လမ်းစရှာဖို့ အတွက် ထည့်သွင်းစဉ်းစားရမယ့် အချက် တစ်ချက် ပေါ်လာတယ် ။

ရပ်ဝေးမှာ အလုပ်သွား လုပ်နေပြီး တစ်ခါတလေမှ မိဘတွေ အိမ် ပြန်လာတတ်တဲ့ ချစ်မင်းတို့ နောက်ဖေးအိမ်က ကောင်လေး ပြန်ရောက်လာတယ် ။

“ အဲဒီနေ့က မေဒေးနေ့ ဆိုတော့ အလုပ်နားရက် ရလို့ အိမ်ပြန်နေတာပေါ့ ။ နောက်နေ့ မနက် ဝေလီဝေလင်းအချိန်မှာ ကျွန်တော် ဗိုက်နာတာနဲ့ အိမ်သာထ,သွားတယ် ။ အိမ်သာ တက်နေတုန်း သူတို့ အိမ်ထဲက ထွက်လာတဲ့ စကားသံတွေ ကျွန်တော် အတိုင်းသား ကြားနေရတယ် ။ သူတို့က အသံမကျယ်အောင် ထိန်းထိန်းသိမ်းသိမ်း ပြောနေကြတယ်ဆိုပေမဲ့ ဝေလီဇာလင်း အချိန်ကြီး ဗျာ တော်ရုံတန်ရုံ ထ,ကြ သေးတာမဟုတ်ဘူး ။ အားလုံးလိုလိုက တိတ်ဆိတ်နေတော့ ကျွန်တော်မကြားဘဲ ဘယ်ရှိပါ့မလဲ ”

“ ပြောစမ်းပါဦး မင်း ဘာတွေ ကြားလိုက်သလဲ ”

သိလိုဇောပြင်းပြသူ တစ်ယောက်က ကြားဖြတ်ဝင်မေးတယ် ။

“ လာမယ်လေ ဖြည်းဖြည်းပေါ့ ။ ဒီလိုဗျ ၊ အရင်ဆုံး ကျွန်တော် သတိထားမိလိုက် တာက ငါ အကြီးကြီးမှား သွားပြီ ၊ ငါသေချင်တယ် ၊ ငါ့ကို သေခွင့်ပေးကြပါဆိုတဲ့ ကိုချစ်မင်း ရဲ့ ငိုသံကြီးနဲ့ အတူ တစ်ထပ်တည်း ထွက်လာတဲ့ ဒုန်းခနဲအသံပဲ ။ နောက်ဆက်တွဲ ထပ်ကြားရတဲ့ စကားသံ တွေအရ ဆိုရင် အဲဒီ ဒုန်းခနဲ အသံဟာ ကိုချစ်မင်း က အိမ်နံရံကို လက်သီးနဲ့ ဒါမှမဟုတ် ခေါင်းနဲ့ ပြေးဆောင့်လိုက်တဲ့ အသံပဲ ။ မခင်လေး က တားပုံရတယ် ။ အဲဒီလို မလုပ်ပါနဲ့ ၊ စိတ်ကို ထိန်းမှပေါ့တဲ့ ။ အသား နာတာပဲ ရှိမယ် ၊ ခေါင်းအေးအေး ထားပါဦးတဲ့ ။ နောက်တော့ စကားသံတွေ ထပ် ထွက်မလာတော့ဘဲ ရှိုက်ငိုသံ သဲ့သဲ့ပဲ ကြားရတော့တယ် ။ အဲဒီ ရှိုက်ငို သံတွေ ကတော့ ကျွန်တော့် အထင် နှစ်ယောက်စလုံး ဆီကပဲ ဖြစ်မယ်ထင်တယ် ”

တိတ်ဆိတ်သွားတဲ့ သူတို့ စကားဝိုင်းမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လို့ ငြိမ်သက်သွားတယ် ။ ခဏကြာတော့ တစ်ယောက်က လက်ဖျောက်တစ်ချက် ထ,တီးတယ် ။

“ ငါ စဉ်းစားမိတာ တစ်ခု ရှိတယ် ။ အဲဒါကတော့ ဖြစ်နိုင်ခြေ တော်တော်များတယ် ”

အားလုံးရဲ့ အကြည့်တွေက သူ့ဆီ စုဝေးသွားကြတယ် ။

“ ဘာကိုလဲ ”

ရှင်က ဘာတွေးမိလို့လဲ ”

ထိုသူက အောင်နိုင်သူ တစ်ယောက်ရဲ့ အပြုံးမျိုးကို သူ့မျက်နှာမှာ ဆွဲတပ်လိုက်တယ် ။

“ ဟိုတစ်လောက ခင်လေးရဲ့ ညီမ ခင်မေ သူတို့ အိမ်မှာ လေး,ငါးရက်လောက် လာနေသွားတာ မှတ်မိကြလား ”

“ ဟင် ”

“ ဟာ ”

“ အဲ ”

နားထောင်နေသူ အားလုံးက အာမေဍိတ်သံ တန်းလန်းနဲ့ ဟောင်းလောင်း ပွင့်သွားတဲ့ သူတို့ရဲ့ ပါးစပ်ပေါက်တွေကို ချက်ချင်း ပြန် မပိတ်လိုက်နိုင်ကြဘူး ။ ပထမ ပြောသူက သူ့ရဲ့ မျက်လုံးပေါက်တွေကို မှေးချပစ်လိုက်ပြီး တွေးဆဆဟန်နဲ့ စကားလုံးတွေကို ဖြည်းဖြည်းလေးလေး ဆက်ပြောတယ် ။

“ ခင်လေးညီမ ခင်မေနဲ့ ချစ်မင်းတို့ အဲဒီ လေး,ငါးရက် အတွင်းမှာ တစ်ခုခု ငြိခဲ့တာဖြစ်မယ် ။ အဲဒီအကြောင်းတွေ ခင်လေး သိသွားလို့များ ... ”

ထိုသူက သူ့စကားကို ဆက်မပြောဘဲ ကျန်တဲ့သူတွေရဲ့မျက်နှာကို အကဲခတ် သလို လိုက်ကြည့်တယ် ။ အားလုံးက သူပြောတာကို ဘာတစ်ခွန်းမှ ပြန်မကန့်ကွက်ဘဲ စိတ်ဝင်တစား နားထောင်နေတာ တွေ့မှ ဖြည်းဖြည်းချင်း ထပ်ဆက်တယ် ။

“ မင်းတို့ အားလုံး စဉ်းစားကြည့်ကြစမ်း ။ ရပ်ကွက်ထဲက လူတွေကို အသိပေးထားတာက ခင်မေဟာ အနီးကပ်သင်တန်း တစ်ခု တက်စရာရှိလို့ သူတို့အိမ်မှာ လာနေတယ်လည်း ပြောသေး ၊ ဘာလို့ လေး,ငါးရက်လောက်ပဲ နေပြီး ပြန်သွားတာလဲ ”

“ ခင်မေ ဆိုတာ ကျွန်တော် မေဒေးနေ့ အိမ်ပြန်လာတုန်းက ကိုချစ်မင်းတို့ အိမ်မှာ တစ်ချက် တွေ့မိလိုက်တဲ့ ကောင်မလေးလား ။ သူ့ကို အဲဒီ တစ်ရက်ပဲ တွေ့လိုက်ရတာနော် ။ နောက်နေ့ မတွေ့မိတော့ဘူး ”

“ ဟာ ဟုတ်တယ်ကွ ။ မင်း ပြန်လာပြီး နောက်ပိုင်းမှ ခင်မေ ကို မတွေ့ရတော့တာ ။ မင်း ကြားလိုက်တဲ့ အသံတွေနဲ့ ခင်မေ ပြန်သွားတာကို ဆက်စပ်ကြည့်မယ် ဆိုရင် ဟိုကောင် ပြောတဲ့ ကိစ္စ ဖြစ်နိုင်သလိုပဲ ”

“ ဟုတ်တယ် ၊ ရှင်တို့ ပြောတာ ဖြစ်နိုင်တယ် ။ ခုမှ ကျွန်မလည်း သေချာပြန်စဉ်း စားမိတယ် ။ အဲဒီ နောက်ပိုင်း သူတို့ မိသားစုကြည့် ရတာ တစ်ခုခုတော့ တစ်ခုခုပဲ ။ ဟိုအရင်တုန်းကလို ရွှင်ရွှင်ပျပျ မရှိကြတော့ဘဲ တမှိုင်မှိုင် တတွေတွေ ဖြစ်နေကြသလားလို့ ။ ချစ်မင်းက ပိုသိသာတယ် ”

သူတို့ရဲ့ တစ်ယောက် တစ်ခု အတွေးစတွေကို ကိုယ်စီ ချခင်းလိုက်ကြပြီး ဒိုးဇက် ဆက်သလိုမျိုး ချိတ်ဆက် ကြည့်နေလိုက်ကြတာ စားပွဲဝိုင်းပတ်လည်မှာ အချိန် အတော်ကြာတဲ့ အထိပဲ ။

••••• ••••• ••••• 

၄ ။

ချစ်မင်းရဲ့ညီမ ချစ်နှင်း ကိုတော့ ရပ်ကွက်ထဲက အိမ် တစ်အိမ်က ခေါ်ယူစောင့် ရှောက်ထားပေးတယ် ။ သူ့ခမျာ စိတ်မနှံ့ရှာလေတော့ သူ့အစ်ကို သေသွားတာလည်း ရိပ်စားမိပုံမရ ။ လွမ်းဆွတ် ငိုကြွေးရမှန်းလည်း ထူးထူးခြားခြား သိမနေ ။ ယောက်မ သ,တ်လိုက်တာရယ်လို့လည်း မသိ ။ သူ့စိတ်နဲ့ သူ ရယ်ချင် ရယ်ပြီး ငိုချင် ငိုနေတာပါပဲ ။ လူနေသူ မရှိတဲ့ ချစ်မင်းတို့ အိမ်ကလေးဟာ ခြောက်ကပ်ကပ်နဲ့ တိတ်ဆိတ်ငြိမ်သက်လို့ပေါ့ ။ ခြံဝင်းလေးထဲက ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေနဲ့ အိမ်ကလေးဟာ ရှုပ်ပွပြီး အထီးကျန်နေတယ် ။ ဖြတ်သွားဖြတ်လာ လူတွေကတော့ သူတို့ ခြံရှေ့ကဖြတ် သွားကြတိုင်း အိမ်ကလေးထဲ ငေးမျှော်ကြည့်လို့ ရင်ဘတ်ကလေးဖိ ၊ သက်ပြင်းချသွားခဲ့ကြတယ် ။ စိတ်ခိုင်လှပါတယ် ဆိုတဲ့ ယောက်ျားရင့်မာကြီးတွေတောင် အိမ်ထဲ လှမ်းကြည့်မိရင် အနည်းဆုံးလောက်တော့ မျက်စိမျက်နှာ ပျက်သွားကြတာချည်း ။

တစ်နေ့ ချစ်မင်းတို့ ဘေးအိမ်ကို မီတာဖတ်သမားတစ်ယောက် မီတာ လာဖတ်တယ် ။

“ အဒေါ်လေး ဟိုဘက် ဘေးအိမ်မှာ ဘယ်သူ့ကိုမှ မတွေ့မိသလိုပဲနော် ”

“ ဪ ချစ်မင်းတို့ လား ။ အေးကွယ် ပြောပြရမှာတောင် စိတ်ထဲမကောင်းရှိ လိုက်တာ ။ အခုပြန်ပြော အခု မျက်ရည်ကျမလားပဲ ”

မီတာဖတ်သမားဟာ အဒေါ်ကြီး ပြောပြတဲ့ ချစ်မင်းတို့ အကြောင်းတွေကို စုတ်တသပ်သပ်နဲ့ နားထောင်တယ် ။

“ အဲဒီလိုတွေတောင် ဖြစ်ကုန်ကြတာလား ။ အေးဗျာ ၊ ကြားရတာ စိတ်မကောင်းလိုက်တာ ။ ဟိုအရင်လတွေတုန်းကဆို သူတို့ မိသားစု ကြည့်ရတာ စိတ်ချမ်းသာစရာပဲ ၊ ဟင်း ... ”

မီတာဖတ်သမားဟာ သူ့အလုပ် ပြီးလို့ ပြန်ထွက်မလို လုပ်ပြီးမှ ပြန်လှည့်ပြောတယ် ။

“ အဲဗျ ။ ကျွန်တော် မှတ်မိတာကလေး တစ်ခုရှိတယ် ။ ပြီးခဲ့တဲ့လက သူတို့ အိမ်ကို ထုံးစံအတိုင်း မီတာလာဖတ်တယ် ဆိုပါတော့ ။ အဲဒီ အစ်ကိုက အိမ်ပေါ်မှာ ထိုင်နေရင်းနဲ့ ကျွန်တော့်ကို လှမ်းမေးတယ် ။ လောကမှာ အမှောင်မိုက်ဆုံးက ဘယ်အရာလဲတဲ့ ။ ကျွန်တော်လည်း နောက်နေတယ် ထင်ပြီး ရွှတ်နောက်နောက်နဲ့ ပြန်ဖြေလိုက်တယ် ။ လမိုက်ည မီးပျက်နေတဲ့ အချိန်ပေါ့ လို့ ။ သူက ပြန်ပြောတယ်ဗျ ။ မဟုတ်ဘူးတဲ့ ။ ပြောလည်းပြီးရော သူက တဟားဟားနဲ့ အော်ရယ်နေပါလေရော ။ ကျွန်တော်လည်း နည်းနည်း ထူးဆန်းနေသလားလို့ သူ့ကို သေချာကြည့်လိုက်တော့ သူ့ ပုံစံက တစ်မျိုးကြီးပဲ ။ မျက်လုံးတွေကလည်း ဂနာမငြိမ် တောင်ကြည့်လိုက် ၊ မြောက်ကြည့်လိုက်နဲ့ ။ ပြီး တော့ ရယ်နေတာကို ရပ်လိုက်ပြီး ချက်ချင်းပဲ ငိုချလိုက်ပြန် တယ် ။ ကျွန်တော့် အထင် သူ ဟိုအရင်တုန်းကလို မဟုတ်တော့ဘူး ။ သူ့ ကြည့်ရတာ စိတ်မမှန်တော့သလိုပဲဗျ ”

မီတာဖတ်သမားဟာ သူ မှတ်မိသမျှ ပြန်ပြောပြပြီး အိမ်ထဲကနေ ထွက်ခွာသွားတယ် ။

••••• ••••• ••••• 

၅ ။

ဘာလိုလိုနဲ့ ချစ်မင်း သေဆုံးခဲ့တာ အချိန်နည်းနည်း ပိုကြာလာတာက လွဲပြီး ဘာမှတော့ သိပ်ပြီး ထူးထူးဆန်းဆန်း မရှိခဲ့ဘူး ။ ထူးဆန်းလာတာဆိုလို့ နောက်ထပ် တိုးလာတဲ့ ခင်လေးရဲ့ ထွက်ဆိုစကားပဲ ။

“ ကျွန်မ သူ့ကို ဘာကြောင့် သ,တ်ပစ်ခဲ့တာလဲဆို တော့ ကျွန်မ သူ့ကို အရမ်း ချစ်လို့ပဲ ။ အရင်တုန်းကလည်း ချစ်တယ် ၊ အခုလည်း ချစ်တယ် ၊ နောင်လည်း မေ့သွားနိုင်မှာ မဟုတ်ဘူး ။ သူ ခံစားနေရတာတွေ ကြည့်ပြီး ကျွန်မ ရင်ထဲမှာ အရမ်းကို နာကျင်ရပါတယ်ရှင် ။ ဒါကြောင့်မို့ သူ့ကို လွတ်မြောက်ခွင့် ပေးလိုက်တာပါ ။ ကျွန်မ ဒီလောက်ပဲ ဖြေပါရစေတော့ ” 

ခင်လေးကို ရုံးတင်စစ်ဆေးတဲ့ ရက်ချိန်းတွေတိုင်းမှာ သူတို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီး သား အသိမိတ်ဆွေတွေ ၊ သူတို့ အမှုကို စိတ်ဝင်စားလို့ လာရောက်နားထောင်ကြတဲ့ သူတွေဟာ တရားရုံးမှာ လာရောက်စုဝေးလေ့ရှိကြတယ် ။ နားထောင်ပြီးကြပြီဆိုလည်း သက်ပြင်း ချသူချ ၊ ဝေဖန်ငြင်းခုံကြနဲ့ အဲဒီ သတင်း ဖွဲမီးဟာ သူတို့ ပါးစပ်ဖျားမှာ ရုံးချိန်းပြီး နောက် နှစ်ရက်လောက် အထိတော့ တငွေ့ငွေ့နဲ့ လောင်နေလေ့ရှိတယ် ။

ဒီနေ့လည်း ရုံးချိန်းနေ့ ပေါ့ ။ ထုံးစံအတိုင်း လာရောက် နားထောင်ကြသူတွေရဲ့ အပြန်လမ်းဟာ တွတ်ထိုး ငြင်းခုံကြရင်းနဲ့ပေါ့ ။ တရားရုံး ကနေ တစ်ယောက်တည်း လမ်းလျှောက် ပြန်လာတဲ့ လူတစ်ယောက်ရဲ့ ဘေးကို ရုတ်တရက် ကားတစ်စီး ထိုးရပ်လာတယ် ။

“ ကိုငြိမ်းမောင် ဘယ်လဲ ”

“ ဟာ ကိုတင်အေးပါလား ၊ မတွေ့တာတောင် ကြာလှပေါ့ ။ ချစ်မင်းအမှု နားထောင်ပြီး ပြန်လာတာ ”

“ လာဗျာ ၊ ကားပေါ် တက် ။ ကျွန်တော် အိမ်လိုက်ပို့မယ် ”

ကိုငြိမ်းမောင် ဆိုသူ ကားပေါ် တက်ပြီးတာနဲ့ ကားဘီးတွေက လှိမ့်ထွက်သွားပါတယ် ။

“ အေးဗျာ ကျွန်တော်လည်း မနေ့ကမှ ပြန်ရောက်တာ ။ ကျွန်တော် နိုင်ငံခြားရောက်နေပေမဲ့ ချစ်မင်းတို့ သတင်းတော့ ကြားမိပါ တယ် ။ ကျွန်တော် ဒီကောင်ကြီးအတွက် တော်တော်လေး စိတ်မကောင်းဖြစ်မိတယ် ။ သူနဲ့ ကျွန်တော်နဲ့က ညီအစ်ကို အရင်းလို ခင်တာဗျ ” 

“ ဒီလိုပါပဲဗျာ ”

“ အရင်တစ်ခေါက် ပြန်လာတုန်းက သူတို့မိသားစုနဲ့ ဆုံဖြစ်သေးတယ်ဗျ ။ သူတို့ တစ်မိသားစုလုံးကို ဆိုင် တစ်ဆိုင်မှာ ခေါ်ကျွေးဖြစ်တာ ။ ခင်လေး ရယ် ၊ ခင်လေး ညီမဆိုတဲ့ ကောင်မလေးရယ် ၊ ချစ်မင်းတို့ မောင်နှမရယ် ၊ ပြီးတော့ ကျွန်တော်ရယ် ဆိုပါ တော့ ။ ချစ်မင်းနဲ့ ကျွန်တော် ကတော့ သောက်သောက်စားစားပေါ့ ။ ဒီကောင်ကြီးက တော်ရုံတန်ရုံ သောက်တာ မဟုတ်ဘူး ။ အရမ်းအူရိုင်းတာ ။ နည်းနည်း သောက်ပြီး များများ မူးတဲ့ကောင် ။ ကျွန်တော် အတင်းတိုက်လို့သာ ငြင်းမရလို့ သူ သောက်တာ ။ အဲဒီနေ့က ညဉ့်နက်လောက်မှ ပြန်ပို့ဖြစ်တယ်ဗျ ။ မှတ်မှတ်ရရ မေဒေးနေ့ကြီးပေါ့ ဗျာ ။ ဒီကောင်ကြီး မူးနေလိုက်တာများ လူမှန်းသူမှန်းတောင် ကောင်းကောင်း မသိဘူး ။ ကားပေါ်မှာလည်း တစ်လမ်းလုံး အန်လာတယ် ။ အဲ .. သူတို့အိမ် ရောက်ခါနီးမှ ခင်လေးရဲ့ အမေ ဆိုလား ဖုန်းဆက်လာတယ် ။ ခင်လေးအဖေ အသည်းအသန် ဖြစ်လို့ ချက်ချင်း လာခဲ့ပါတဲ့ ။ ဒါနဲ့ ခင်လေး နဲ့ သူ့ညီမ ဟာ သူတို့ မိဘတွေအိမ် ပြန်စရာ အကြောင်း ပေါ်လာတာပေါ့  ။ ဖြစ်ချင်တော့ ကျွန်တော်ကလည်း တောင်ဒဂုံဘက် သွားမှာ ဆိုတော့ သူတို့ညီအစ်မတွေ အတွက် လမ်းကြုံလိုက်ဖို့ အဆင်ပြေသွားပါလေ ရော ။ ဟိုကောင် ချစ်မင်း ကတော့ မူးနေတာ ဘာမှ မသိဘူး ။ အိပ်ရာထဲ ရောက်အောင်တောင် မနည်းပို့ထားခဲ့ရတယ် ။ ဒီလိုနဲ့ သူတို့ မောင်နှမကို ထားခဲ့ပြီး ကျွန်တော်တို့ တောင်ဒဂုံဘက် သွားကြတာပေါ့ ။ ခင်လေးတို့ အိမ်ရောက်တော့ အဘိုးကြီးက ရုတ်တရက် သတိလစ်သွားခဲ့တာ အခု သက်သာသွားပြီတဲ့ ။ မလိုတော့ဘူး ၊ ပြန်ချင် ပြန်တော့တဲ့ ။ အဲဒါနဲ့ပဲ ကျွန်တော့်မှာ ခင်လေးကို ပြန်ပို့ရ ပြန်ရောဗျာ ။ ခင်လေး ညီမကတော့ သူ့အဖေနားမှာ နေချင်သေးတယ် ဆိုပြီး ကျန်နေခဲ့ တယ် ။ ချစ်မင်းတို့ အိမ်ကို ပြန်ရောက်တော့ မိုးတောင် လင်းတော့မယ်ဗျ ။ ကျွန်တော်လည်း သူတို့ အိမ်ရှေ့မှာတင် ခင်လေးကို ချထားပေးခဲ့ပြီး ပြန်ထွက်လာခဲ့တယ် ။ အလုပ်ကိစ္စ စီစဉ်စရာတွေ ရှိသေးတာကိုး ။ အဲဒီနောက်ပိုင်း ကျွန်တော်လည်း နိုင်ငံခြား ထွက်သွားတာ မနေ့ကမှ ပြန်ရောက်လာတယ် ဆိုပါတော့ဗျာ ”

ကိုတင်အေး ဆိုသူက စကားကို အရှည်ကြီး ပြောပြီး ကားမှန်လျှောချ ဆေးလိပ် သောက်နေလိုက်တယ် ။

“ ကိုတင်အေးရေ ၊ ကျွန်တော့်ကို ဒီနားမှာပဲ ချပေးခဲ့တော့ ။ ဝင်စရာလေး ရှိသေးလို့ ”

“ အိုကေ ကိုငြိမ်းမောင် ။ နောက်မှပဲ အေးအေးဆေးဆေး ထပ်တွေ့ကြတာပေါ့ ”

ကိုငြိမ်းမောင် ဆိုသူ ကားပေါ်က ဆင်းပြီးတာနဲ့ ကားဘီးတွေက လှိမ့်ထွက်သွားတယ် ။

▢  နတ်စောင်း ၊ ကျိုက်ထို ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      နိုဝင်ဘာ ၂၀၁၇

No comments:

Post a Comment